အပိုင်း ၁
Viewers 2k

👾Chapter -1 


[ နံပါတ် M2742 ]




" ဗိုလ်ချုပ် ပြန်လာပြီ "




သူ့ဘေးနားတွင် ထိုင်‌နေသည့်လူက ထိုသို့ပြောလာချိန်တွင် လင်းဟန်က စက်ပစ္စည်းများအနားတွင် ပုံမှန်စစ်ဆေးခြင်းကို ပြုလုပ်ရင်း ထိုင်နေသည်။ 




သူက ဖုန်ဒဏ်ခံနိုင်သောမျက်မှန်ကို ဝတ်ဆင်ထားပြီး ဒက်ရှ်ဘုတ်ကို သေသေချာချာကြည့်ကာ ရံဖန်ရံခါ မှတ်စုများကို ရေးသားနေသည်။ အခြားသူများ၏ပါးစပ်ဖျားမှ ကြယ်အစုအဝေးများကဲ့သို့ ပဲ့တင်သံထပ်လာသော စကားခေါင်းစဉ်မှာ သူ့အပေါ်ကို အနည်း‌ငယ်မျှ သက်ရောက်သည့်ပုံမပေါ်ပေ။




အလုပ်သင်ဆင်းနေဆဲဖြစ်သည့်  ဆယ်ကျော်သက်အချို့က အကြောင်းအရာတစ်ခုကို စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။ သူကဂရုတစိုက် နားမထောင်မိသော်လည်း ယင်းအကြောင်းအရာမှာ လာမည့်ပွဲအခမ်းအနားနှင့် ပတ်သက်နေသည်ဟု တွေးမိလိုက်သည်။




M ဂလက်စီကို အင်ပါယာမှ ပြီးပြည့်စုံစွာ အုပ်စိုးချိန်မှစတင်၍ အစမှ အဆုံးထိ အမည်နာမတစ်ခုက ထပ်ခါတလဲလဲ ရေပန်းစားလာခဲ့သည်။ ထိုသူမှာ အင်ပါယာ၏ အသက်အငယ်ဆုံး စစ်ဗိုလ်ချုပ်ဖြစ်ကာ အချွန်ထက်ဆုံးလှံ၊ မဖြိုဖျက်နိုင်သောဓား၊ အမာကြောဆုံး ချပ်၀တ်တန်ဆာ၊ ဆူးချုံပင်များကို ရှင်းထုတ်နိုင်သည့်ဓားသွားနှင့် အောင်ပွဲများ၏ သင်္ကေတပင်ဖြစ်ပေသည်။




တခြားသော နက်‌ဗျူလာအာကာသများသို့ လှည့်လည်သွားလာသူများဆိုကြသည်မှာ ဟယ့်ယွင်ထင် မတ်တပ်ရပ်နေရုံနှင့် M ဂလက်စီကို အပြည့်အဝကာကွယ်မှုပေးနိုင်သည်ဟူ၍ပင်ဖြစ်ပြီး တစ်ခုရှိသည်မှာ သူ့တစ်ယောက်အား ရင်ဆိုင်ရန်အတွက် ဂြိုလ်တစ်ခုလုံးကိုပိတ်ဆို့ပစ်ရန် ဆန္ဒမရှိဘူးဆိုလျှင်သာဖြစ်ပေသည်။




ရလဒ်အနေနှင့် ပြောရလျှင် သူ့အားချေမှုန်းရန်အတွက် ကြယ်တာရာဓားပြများနှင့်ပေါင်းစည်းကာ ကြိုးစားခဲ့သော  ဂြိုလ်ငယ်လေးတစ်ခု အမှန်တကယ် ရှိခဲ့ဖူးလေသည်။ သို့သော် ကံမကောင်းစွာဖြင့်  နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မစတင်ခင်အချိန်တွင်ပင် ဗိုလ်ချုပ်ဟယ့်သည် သူ့ဘေးနားရှိ ထိပ်တန်းတိုက်ပွဲအုပ်စုတစ်ခုနှင့်အစပြုကာ ၎င်းတို့ကို တစ်ကြိမ်တည်းဖြင့် ရှင်းလင်းသုတ်သင်ပစ်ခဲ့၏။




စက်ဆုပ်ဖွယ်ကောင်းလှသော ကြယ်တာရာဓားပြများ၏ လက်ချက်ကြောင့် အနည်းငယ် ထိခိုက်ပျက်စီးသွားရသော ဗိုလ်ချုပ်၏ကိုယ်ပိုင်မက်ခါများမှလွဲ၍ တခြားသော ဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။




ထို့ကြောင့် ယနေ့သည် ထိုသူ၏ အောင်ပွဲနေ့ပင် ဖြစ်လေသည်။




**




လင်းဟန် မျက်လွှာချလိုက်ရင်း လက်ထဲမှအချက်အလက်မှတ်တမ်းစာအုပ်ကို ချကာ မျက်မှန်ကိုချွတ်လိုက်ပြီးနောက် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။




တစ်စုံတစ်ရာအား အချိန်ကြာမြင့်စွာ ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်း၏ နောက်ဆက်တွဲမှာ တစ်နေ့တာ ကုန်လွန်သွားပြီးနောက် အလွန်ပင်ပန်းသည်ဟု ခံစားရခြင်းပင်။ သူက မျက်ခုံးရိုးများကို လက်ဖြင့် အသာအယာ နှိပ်နယ်လိုက်ပြီး  မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှု၏ အရိပ်အယောင်တစ်ချို့ ထင်ဟပ်နေသည်။




အနီးနားရှိ သင်တန်းသားသုတေသီများသည်  ၎င်းတို့၏ဗိုလ်ချုပ်က မက်ခါယာဥ်ကို မောင်းနှင်ပြီး အဖွဲ့ထဲမှ အယုံကြည်ရဆုံး လူယုံများကို အတူတကွခေါ်ဆောင်သွား၍ ရန်သူ့တပ်စခန်းကို အမြစ်ပြတ်ချေမှုန်းလိုက်ပုံများက မည်မျှ အံ့သြစရာကောင်းလှကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။




လင်းဟန် ၎င်းတို့အနားသို့ ရောက်ရှိသွားသည့်အခါမှသာ စကားဝိုင်းက ရပ်တန့်သွားတော့သည်။




လင်းဟန်သည် မက်ခါဒီဇိုင်းရေးဆွဲခြင်းနှင့် ပြုပြင်မှုများမှတစ်ပါး တခြားမည်သည့်အရာကိုမျှ စိတ်မဝင်စားကြောင်းကို သူတို့သိရှိထားကြသည်။




လူတို့၏မျက်နှာအမူအရာနှင့် ခန္ဓာဗေဒအကြောင်း နားလည်နိုင်သည့် ဆယ်ကျော်သက်တစ်ယောက်က မဝံ့မရဲစကားဆိုလာ၏။




 " လင်းလောင်ရှီး၊ ဒီနေ့လဲမပြန်သေးဘူးလား။ အရင်ဆုံး ခဏလောက် အနားယူချင်လား။ ဒါနဲ့ ဒီမှာ လောင်ရှီးရဲ့လက်အိတ်တွေပါ "




လင်းဟန်က ခေါင်းညိတ်လိုက်ရင်း "အင်း" ဟု ဆိုကာ ထိုဆယ်ကျော်သက်၏ လက်များကို မထိမိစေရန်အတွက် အလွန်သတိထားလျက် ခလုတ်ခုံပေါ်ရှိ အဖြူရောင်လက်အိတ်များကိုယူရင်း မေးလိုက်သည်။




 " ပျက်စီးသွားတဲ့မက််ခါတွေ ဘယ်အချိန်ရောက်မှာလဲ "




" နောက် နာရီဝက်လောက်နေရင်ပါ "




လင်းဟန်က အဖြူရောင်လက်အိတ်များကို ဝတ်လိုက်ရင်း အချိန်ကို တစ်ချက်မော့ကြည့်လိုက်သည်။




လူတိုင်းသည် သူ၏ ပိုးမွှားများအားအလွန်အမင်းကြောက်ရွံ့သည့်‌ရောဂါကို  အတော်လေး နားလည်နေကြပုံရပြီး ဆယ်ကျော်သက်များထဲမှ တစ်ဦးသည်  မျက်လုံးထဲတွင် အကြံအစည်များသည့် အရိပ်အရောင် တစ်ချက်လင်းလက်သွားကာ ယဉ်ကျေးစွာ ဦးညွတ်လာသည်။ 




" ဒါဆို လင်းလောင်ရှီး၊ ကျွန်တော်တို့ အခု..."




လင်းဟန်သည် ထိုဆယ်ကျော်သက်၏ ဆိုလိုရင်းကို သိရှိပြီးဖြစ်သည့်အတွက် တစ်ဖက်သားကိုခက်ခဲအောင် မပြုလုပ်ဘဲ ညင်သာစွာ ပြုံးလိုက်ရင်း  " ငါ သိတယ်။ မင်းတို့လည်း ဒီနေ့အလုပ်တွေ အရမ်းကြိုးစားထားပြီး နောက်အလုပ်က မင်းတို့ လုပ်နိုင်မဲ့အရာမဟုတ်ဘူး။ စောစောပြန်ကြ၊ ငါ မင်းတို့ကို ဆွဲမထားဘူး "




ထိုစကားများကို ကြားလိုက်သည့်အခါ ဆယ်ကျော်သက်အများစု၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလို အရိပ် တချို့တောက်ပလာပြီး မျက်နှာထက်ရှိစိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ကြချေ။ 




" ဟုတ်ကဲ့ပါ လင်းလောင်ရှီး...လင်းလောင်ရှီးလဲ အရမ်းနောက်ကျတဲ့အထိ မနေပါနဲ့ "




လင်းဟန်၏ မျက်ဝန်းထောင့်များက ခေတ္တမျှ တွန့်ကွေးသွားပြီး အဖြူရောင်လက်အိတ်ဝတ်ဆင်ထားသည့် ရှည်လျားသွယ်လျသော လက်ချောင်းများဖြင့် ဆယ်ကျော်သက်လူငယ်များထဲမှ တစ်ဦး၏ပုခုံးကို အသာပုတ်လိုက်သည်။ 




" ကောင်းပါပြီ၊ လမ်းခရီးမှာ အန္တရာယ်ကင်းပါစေ "




သုတေသနအဆောက်အအုံ၏ တတိယထပ်သည် ဆယ်ကျော်သက်များ၏ တတွတ်တွတ် စကားပြောဆိုသံများဖြင့် ချက်ချင်းဆိုသလို ပြည့်နက်သွားပြီး ယခု တစ်ကြိမ်မှာတော့ လင်းဟန်သည် ထိုဆယ်ကျော်သက်လေးများ၏ စကားခေါင်းစဥ်မှာ အင်ပါယာ၏ဓားသွားဟုသိကြသည့် စစ်ဗိုလ်ချုပ်၏အ‌ကြောင်းဖြစ်နေမှန်း ရှင်းလင်းစွာ ကြားလိုက်ရသည်။




လင်းဟန်တွင် ကောင်းမွန်သည့်ပင်ကိုယ်စရိုက်ရှိပြီး ထိုဆယ်ကျော်သက်များကို တစ်လကြာ သင်ကြားပြသပေးပြီးသည့်နောက် ယခင်ကတည်းက သူ့အပေါ် ထားရှိကြသည့် ၎င်းတို့၏ လေးစားအားကျမှုများသည် အနည်းငယ်မျှ လျော့ကျမသွားရုံသာမက အချိန်ကြာလာသည်နှင့် ပိုပြီး ရဲဝံ့လာကြလေသည်။ သူတို့သည် ယခုအခါ လင်းဟန်၏ရှေ့မှောက်တွင်ပင် အကြောင်းအရာ အတော်များများကို ပြောဆိုနိုင်နေကြပေပြီ။




ဆယ်ကျော်သက်အချို့သည် သူတို့စိတ်လှုပ်ရှားလာချိန်တွင် လက်ဟန်ခြေဟန်များပင် ပါဝင်လာပြီး ဗိုလ်ချုပ်က မည်မျှ သတ္တိရှိကာ ကိုယ်ခံပညာ မည်မျှတတ်ကျွမ်းသူဖြစ်သည်ကို နားထောင်နေသူအား သိရှိစေရန် စိတ်အားထက်သန်စွာ ပြောဆိုနေကြသည်။တစ်ဖက်မှ နားထောင်သူသည်လည်း  လေးစားမှုအပြည့်ဖြင့်‌ ထပ်တလဲလဲ ခေါင်းညိတ်ကာ ထောက်ခံနေပြန်သည်။ ၎င်းတို့သည် စကားစမြည်ပြောကြရင်း ဂိတ်မှထွက်ခွာသွားကြကာ အများပိုင်အယာဉ်ရပ်နား‌ရာနေရာဆီသို့ အတူတကွ လမ်းလျှောက်သွားကြပြီး ထိုအခါမှ လင်းဟန်က သူ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ ထွက်ခွာခဲ့သည့် မူလနေရာသို့  ပြန်သွားလိုက်သည်။




သူသည် ဗိုလ်ချုပ်ထက်စာလျှင် ပို့ဆောင်လာတော့မည့် ပျက်စီးယိုယွင်းနေသည့်မက်ခါများအား ပို၍ စိုးရိမ်သည်။




အချိန် နောက်ကျနေပြီဖြစ်ပြီး ဤရက်ပိုင်းတွင် ညအချိန်များသည် အသိမပေးဘဲ ရောက်ရှိလာကြသည်။




လင်းဟန်သည် အမှတ်တစ်ချို့အထိ နိမ့်ကျသွားသော အမိုးအကာကို အသာ မော့ကြည့်လိုက်မိသည်။




အင်ပါယာ၏ကြယ်စုံလင်သောကောင်းကင်သည် ထာဝရ တည်မြဲနေသည့်အလားပင်။ သူသည် M ဂလက်စီတွင် ရှိသော အချမ်းသာဆုံးသောဂြိုဟ်များထဲမှ တစ်ခုတွင် နေထိုင်လျက်ရှိမှန်း သိသာထင်ရှားပါသော်လည်း ကြယ်များကိုမူ မော့ကြည့်လို‌ဆဲ ဖြစ်လေသည်။




ကောင်းကင်သည် မီးခိုးရောင်သန်းကာ မှုန်မှိုင်းနေပြီး နံနက်ခင်း မတိုင်မီအထိ ကြယ်များလင်းလက်နေပေလိမ့်မည်။




သူ့ထံတွင် သန့်ရှင်းမှုနှင့်ပတ်သက်သည့် ပြဿနာအနည်းငယ်ရှိသော်လည်း ချဲ့ကားပြောဆိုထားကြသည့် ကောလဟာလများကဲ့သို့ မဟုတ်ပေ။ အနီးအနားတွင် မည်သူမျှ မရှိသည့်အခါ သူက လက်အိတ်များကိုချွတ်လိုက်ရင်း လက်များကို တစ်ချက်ငုံ့ကြည့်သည်။




လက်ဖမိုးများရှိ အရေပြားများမှာ အလွန်ပါးလွှာကာ အရိုးအဆစ်များက ကောင်းမွန်စွာ ဖွဲ့စည်းထားပြီး လက်ချောင်းများမှာ cooltone အရောင်အစင်းရှိလေသည်။




ဤလက်များသည် တခြားသူများ၏ လက်များနှင့် ကွဲပြားမနေချေ။




သို့သော် ဤလက်များ၌  လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားလျက်ရှိသည်ကို သူသည်သာလျှင် သိရှိသည်။




***




ထိုအခိုက်အတန့်တွင် အခန်းငယ်၏တံခါးက ပွင့်လာပြီး လင်းဟန်ကဲဲ့သို့ အဖွဲ့အစည်းယူနီ‌ဖောင်း ဝတ်ဆင်ထားသည့် တခြားလူတစ်ယောက်ဝင်လာပြီး လင်းဟန်အတွက် အာဟာရဓာတ်စာတစ်ချို့ ယူဆောင်လာပေးသည်။




 " မပြီးသေးဘူးလား "




" ကျေးဇူး " 




လင်းဟန် ထိုသူရောက်လာသည်ကိုမြင်သည်နှင့် လက်အိတ်များကို ပြန်၍ဝတ်လိုက်သည်။ ထို့နောက် ဓာတ်စာဘူးကို လှမ်းယူလိုက်ရင်း " ပြုပြင်ဖို့လိုတဲ့ မက်ခါတွေ ခဏနေ ဒီကို ရောက်လာကြတော့မှာမို့ ငါ တစ်ချက်ကြည့်ပေးရအုံးမယ် "




ရှန်ရှိုးနန်က ပြောလိုက်သည်။ " ဗိုလ်ချုပ်ပြန်ရောက်နေပြီမို့ ငါတို့အလျင်စလို လုပ်ဖို့မလို...ထားပါတော့ ။ မင်းကို ပြောနေလို့လဲ အသုံးမှမဝင်တာ၊မင်းက အလုပ်ဂျိုးတစ်‌‌ယောက်လေ "




လင်းဟန်က အာဟာရဓာတ်စာဘူးကိုဖွင့်ကာ တစ်ငုံသောက်လိုက်ရင်း တုံ့ပြန်လိုက်သည်။ ရှန်ရှိုးနန်သည် သူ့အတွက် အရသာမပြင်းသည့်ဘူးကို အထူးတလည် ရွေးချယ်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဤအရာကို မနှစ်သက်ဆဲဖြစ်ပေသည်။ လင်းဟန်က မသက်သာစွာ မျက်မှောင်ကြုတ်လိုက်ရင်း အာဟာရဓာတ်စာကို ကုန်စင်အောင် သောက်လိုက်သည်။ " မင်းအရင်သွားလို့ရတယ် "




ရှန်ရှိုးနန်က သူ့ကို စိုးရိမ်နေသည့်အကြည့်ဖြင့် ကြည့်လာကာ တစ်ခုခုပြောလိုနေပုံပေါ်လေသည်။




လင်းဟန်သည်လည်း သူ ဆိုလိုချင်သည် ကိုသိရှိသည့်အတွက် သူ၏သူငယ်ချင်းလည်း ဖြစ်ကာ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သူ ရှန်ရှိုးနန်ကို ဖျောင်းဖျသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။




 " မင်းအလုပ်စောစောဆင်းလို့ရပါတယ်။ ငါ အကုန်လုံး စစ်ဆေးထားလိုက်မယ်။ အိမ်ပြန်သွားရင်လဲ ငါ့မှာ ဘာမှလုပ်စရာရှိနေတာ မဟုတ်ဘူးလေ "




" တစ်ခါတစ်လေ မင်းကို တကယ့်စက်ရုပ်လို့တောင် ထင်မိတယ် " 


ရှန်ရှိုးနန်သည် သံသယစိတ်နှင့် မကျေနပ်ချက်များအချို့ ရောယှက်နေသည့်အသံဖြင့် ဖြည်းညင်းစွာ ပြောလာသည်။




" မင်းက အဖွဲ့အစည်းကို တကယ့် ကိုယ့်အိမ်ကိုယ့်ယာလို နေနေတာလေ....အိမ်ပြန်တယ်ဆိုရင်တောင် မင်းရဲ့ မက်ခါအစိတ်အပိုင်းတွေနဲ့ ပညာရေးဆိုင်ရာပစ္စည်းတွေကို စောင့်ရှောက်ဖို့သက်သက်ပဲ‌ဆိုတာ ပြောဖို့တောင်မလိုဘူး။ အဲ့ဒါက အဖွဲ့အစည်းမှာ ရှိနေတာနဲ့ဘာတွေများ ကွာခြားသွားလို့လဲ "




သူက ခေတ္တရပ်လိုက်ပြီး ထပ်မံပြောသည်။ " ဒါပေမယ့် အခုက ဗိုလ်ချုပ်ရဲ့ မက်ခါကို လွှဲပေးလိုက်တာဆိုတော့... ရိုးရိုးသားသားပြောရရင် အဲ့ဒါကိုပြုပြင်နိုင်တဲ့ အရည်အချင်းသာရှိရင် ငါလဲ အနီးကပ်တော့ ကြည့်ချင်မိသား "




လင်းဟန်က ပြန်မဖြေချေ။ သူက  မျက်လွှာအနည်းငယ်ချကာ ဒေါသနှင့်ရန်စခြင်းကဲ့သို့သော စိတ်ခံစားချက် တစ်စုံတစ်ရာကို ထုတ်ပြလာခြင်းမရှိပေ။ သူသည် မတ်မတ်ထရပ်လိုက်ပြီး အဖွဲ့အစည်း၏ယူနီဖောင်းဖြစ်သည့် အဖြူရောင်ဝတ်စုံကို ပိန်ပါးပါးခန္ဓာကိုယ်‌ပေါ်တွင် ဝတ်ဆင်ထားကာ ဆံပင်နှင့် မျက်ခုံး‌မွှေးများမှာ ပြုပြင်ထားခြင်းမျိုးမရှိဘဲ  အတော်လေး နက်မှောင်ထူထဲလှပေသည်။ ဘယ်ဘက် ရင်ဘက်အပေါ်ရှိ ကတ်ပြားတွင်မူ သူ၏အ‌ထောက်အထားများဖြစ်သည့် ရာထူး၊ လိင်အမျိုးအစားနှင့် စိတ်ပိုင်းဆိုင်ရာခွန်အားတို့ကို ရေးထွင်းထားသည်။




. မက်ခါအင်ပါယာအဖွဲ့အစည်း အဓိက မက်ခါဒီဇိုင်းပညာရှင်


.အိုမီဂါ


. စိတ်စွမ်းအား : SSS




သူနှင့်တွဲကာ မြင်နိုင်သည့် တခြားဂုဏ်ပုဒ်များစွာရှိ‌သေးပြီး ၎င်းတို့မှာ မဖြစ်နိုင်လောက်သည့် စိတ်စွမ်းအားများပိုင်ဆိုင်ထားသည့်အိုမီဂါ၊ လွန်ခဲ့သည့်နှစ်များ၌ အဖွဲ့အစည်းမှ ငှားရမ်းခဲ့သည့်အမှတ်အများဆုံးရရှိသူ၊ သိမ်မွေ့လှပကာ မိမိကိုယ်ကိုယ် နှိမ့်ချတတ်‌သောအကျင့်စရိုက်ရှိပြီး လက်အိတ်အဖြူများကို အချိန်တိုင်းလိုလို ဝတ်ဆင်ထားတတ်သည့် အသန့်အရှင်း အလွန်ကြိုက်နှစ်သက်သူ စသည်ဖြင့် ရှိကြသည်။




" ဒါနဲ့  ဗိုလ်ချုပ်ရဲ့သီးသန့်မက်ခါက တကယ်ကြီး နာမည်တောင်မရှိဘူးတဲ့ "




ရှန်ရှိုးနန်သည် အစီအရင်ခံစာကို လှန်လှောကြည့်လိုက်သည်။ " ဒီတိုင်း...နံပါတ် M2742လို့ခေါ်တယ်။ မသိရင် အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားတဲ့ပစ္စည်းကျနေတာပဲ "




လူတော်တော်များများသည် ၎င်းတို့၏ ကိုယ်ပိုင်ယာဉ်များကို အမည်တစ်ခုပေးလေ့ရှိကြသည်။ ဒုဗိုလ်မှုးတစ်ဦးသည် ၎င်း၏ယာဉ်မှာ အလွန်သန်မာသည့် ခုခံကာကွယ်နိုင်စွမ်းရှိသည့်အတွက် ထိုပိုင်ရှင်ဖြစ်သူက ၎င်းကို ' ဇုစ်နတ်ဘုရားဒိုင်းကာ 'ဟူ၍ အမည်ပေးထားသည်။




လင်းဟန်က ပြန်မဖြေလာပေ။ သူက အချိန်ကို ကြည့်ရန် လက်အနည်းငယ်မြှောက်လိုက်ရင်း ရှန်ရှိုးနန်ကို အပြုံးလေးဖြင့် မေးလိုက်သည်။ 




" မင်းဂျူတီမပြီးသေးဘူးလား "




" ခဏနေရင်။  ငါ အိမ်ကို မြန်မြန်ပြန်ချင်နေပြီ " ရှန်ရှိုးနန်ကပြောသည်။ " ငါက မပြန်သေးခင်လေး မင်းဖို့ အာဟာရဓာတ်စာပို့ဖို့လာခဲ့တာ..ပင်ပန်းရင် ခဏနားပြီးမှ ဆက်လုပ်။ မင်းကိုယ်မင်း အရမ်းကြီး တွန်းအားပေးဖို့ မလိုပါဘူး "




လင်းဟန်ကသူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ရင်း အနည်းငယ် ပြုံးလိုက်သည်။ " အင်း၊ ငါသိပါတယ် "




ရှန်ရှိုးနန်၏စိတ်ထဲတွင်မူ လင်းဟန်မှ ငါသိသည်ဟု အခါတစ်ရာလောက်ပြောလာလျှင်တောင် ထိုသည်က ဘာမှ အသုံးမဝင်ဟု တွေးလိုက်သည်။ 




" ငါတကယ်ပြောနေတာ၊ အခြေအနေတွေက တည်ငြိမ်နေတုန်းပဲ။ မင်းမှာ ဘယ်လိုရုပ်ပိုင်းဆိုင်ရာခွန်အားရှိတယ်ဆိုတာ မင်းကိုယ်မင်းသိပါတယ်။  ဗိုလ်ချုပ်ဟယ့် ဒီနေ့ပြန်လာတာကို ဘာစိုးရိမ်စရာရှိမှာလဲ။ ဧကရာဇ်က ဗိုလ်ချုပ်ရဲ့ အောင်ပွဲအတွက် တစ်ကိုယ်တော်စားပွဲသောက်ပွဲကိုတောင် ကျင်းပပေးနေလောက်ပြီ "




' ဗိုလ်ချုပ်ဟယ့် ' ဟူသည့် စကားလုံးကို ယနေ့တွင် ကြိမ်ဖန်များစွာ ပြောဆိုခဲ့ကြသည်။ " အင်း၊ အဲ့အကြောင်းကို ပြောနေကြတာ စောစောက ကြားလိုက်တယ် "




နောက်ဆုံးတွင် ရှန်ရှိုးနန်သည် လင်းဟန်နှင့် သက်တူရွယ်တူဖြစ်ပြီး စောစောကဆယ်ကျော်သက်များထက်စာလျှင် များစွာ တည်ငြိမ်သူဖြစ်သော်ငြား ထိုနာမည်ကို ကြားလိုက်သည့်အခါ သူသည်လည်း စိတ်လှုပ်ရှားကို မဖုံးကွယ်နိုင်တော့ပေ။




 " သူတို့ပြောကြတာတော့ ဗိုလ်ချုပ်အတွက် စားသောက်ပွဲကျင်းပပေးတာတဲ့။ ဗိုလ်ချုပ်လာတာ၊ မလာတာကတော့ သက်သက်တစ်ပိုင်းပေါ့ကွာ။ ဒီနှစ်တွေထဲမှာ ငါ ဗိုလ်ချုပ်ကို တစ်ခါလားပဲ တွေ့ဖူးတယ်။ အဝေးကြီးကနေ လှမ်းတွေ့ခဲ့ရတယ်ဆိုပေမဲ့လည်းပေါ့... "




သူ့အသံက တိုးလျသွားကာ နောင်တတစ်ချို့ရှိနေပုံ‌ပင်ပေါ်‌နေသည်။ ပြီးမှ  လင်းဟန်ဘက်ကိုလှည့်လာပြီး မေးသည်။ " ဒါနဲ့ မင်းရော သူ့ကိုတွေ့ဖူးလား "




" ဗိုလ်ချုပ်ကိုလား " 




လင်းဟန်သည် သူ့နှုတ်ဖျားကို ညင်သာစွာဖွင့်ဟလိုက်ပြီး သူ့အသံက အေးစက်ကာ ထိုစကားလုံးများမှာ သာမန်ပင်ဖြစ်လင့်ကစား သူ့နှုတ်ခမ်းမှ ထွက်လာသည့်အခါ မထင်မှတ်စွာ နားထောင်၍ကောင်းပေသည်။




သူ၏အနက်ရောင်မျက်ဝန်းတစ်စုံသည်   ခေါင်းမခါပြသည့်အချိန်အထိ တစ်ခဏကြာ လှုပ်ရှားသွားခဲ့သည်။ ထို့နောက် သူက ပြောလာသည်။ " ငါ သူ့ကို မမြင်ဖူးဘူး "




ရှန်ရှိုးနန်က ခေါင်းငြိမ့်ပြသည်။ " ထားလိုက်ပါတော့။ ဒါဆို ငါ ပြန်တော့မယ် "




သုတေသန‌အဆောက်အအုံထဲတွင် တစ်နေကုန် နစ်မြုပ်နေသည့် အလုပ်ဂျိုးတစ်‌ယောက်နှင့် အင်ပါယာ၏ချွန်ထက်သည့်ဓားသွားဟု သတ်မှတ်ကြသည့် ဗိုလ်ချုပ်တို့ တွေ့ဆုံဖူးပါက ပို၍ပင် ထူးဆန်းနေလိမ့်မည်။




ရှန်ရှိုးနန်ထွက်သွားသည်နှင့်တစ်ပြိုင်နက် လင်းဟန်၏ဆက်သွယ်ရေးကိရိယာက အသံမြည်လာသည်။နောက်ဆုံးတွင် သူ့မျက်နှာထက် မတူညီသည့်အသွင်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ 




 " ပြင်ဆင်ရေးအခန်းနံပါတ်၆ကိုပို့ထားလိုက်ပါ။ ကျွန်တော် အခုလာနေပြီ "




ငါးမိနစ်ကြာပြီးသည့်နောက်တွင် သူသည် နက်ပြာရောင်မက်ခါယာဉ်ကြီး၏ အရှေ့၌ မတ်တပ်ရပ်နေသည်။




လင်းဟန် တောင့်ခဲသွားလေသည်။




ဤအရာမှာ အမှန်တကယ်‌တွင်.... လူနှစ်ယောက်မောင်းမက်ခါ ဖြစ်နေသည်။




သူက ဓာတ်လှေကား‌ပေါ် တက်လိုက်ပြီးနောက် ထိုထုထည်ကြီးမားသည့်အရာဝတ္ထုထံ ချဉ်းကပ်သွားလိုက်သည်။




နံပါတ်M2742သည် တခြားသာမန်မက်ခါများနှင့်ယှဉ်လျှင် အနည်းငယ်ကြီး‌လွန်းနေပေသည်။ ကိုယ်ထည်ကို သန့်ရှင်းရေးပြုလုပ်ထားပြီး အေးစက်ကာ ဆွဲဆောင်မှုရှိသည့် သတ္တုအရောင် ရှိလေသည်။ ဘယ်‌ဘက်လက်မောင်းမှာ အကောင်းပကတိ ရှိသော်လည်း ညာဘက် လက်မောင်းကမူ တစ်ဝက်ပျောက်ဆုံးနေပြီး ပြတ်ရှထားသည့် အနားစောင်းမှာ ထက်ရှကာ  လျှပ်စီးပတ်လမ်းသည်ပင် ရှင်းလင်းစွာပျက်စီးနေသည်။ ၎င်းကိုကြည့်ရသည်မှာ ခုတ်ဖြတ်ခံထားရပုံပေါ်ပေသည်။




လင်းဟန်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။




ဤသည်ကို 'အနည်းငယ်ပျက်စီးရုံလေး'ဟု ယူဆ၍ရနိုင်ပါသနည်း။




‌အသေးစိတ်အချက်အလက်များအားမေးမြန်းလိုပါသော်လည်း တခြားလုပ်ဖော်ကိုင်ဖက်များမှာ အလုပ်ဆင်းသွားပြီးဖြစ်သဖြင့် ယခု ကြည့်ရသည်မှာ သူ့ဘာသာသူသာလျှင် လုပ်ရမည့်ပုံဖြစ်ပေသည်။ လင်းဟန်သည် ဓာတ်လှေကားကို အထက်သို့ ဖြည်းညင်းစွာ ရွှေ့လျားစေလိုက်သည်။




မက်ခါ၏ဘယ်ဘက်လက်ဖဝါးမှာအထက်သို့ မျက်နှာမူနေပြီး လင်းဟန်က ထိုအပေါ်တွင် မတ်တပ်ရပ်လိုက်သည်။နက်ပြာရောင် သတ္ထုလက်ဖဝါးကြီးသည် အဖြူရောင်ယူနီဖောင်းဝတ်ထားသည့်သူကို သယ်ဆောင်ထားပြီး ထိုခံစားချက်မရှိသည့် မက်ခါကြီးက  သူ့ကို ဂရုတစိုက် ကိုင်ဆောင်ထားပုံပေါ်နေလေသည်။




လင်းဟန်က အာရုံခံကိရိယာ‌သော့ကိုအသုံးပြုကာ မက်ခါ၏ ဘယ်ဘက်အခြမ်းတွင်ရှိသော စက်အခန်းကို ဖွင့်လိုက်သည်။ သို့သော် သူ မဝင်ရသေးခင်မှာပင် သွေးနံ့နှင့်ရောနှောနေသည့်စက်ဆီအနံ့တစ်ချို့ ရလိုက်ရသည်။ သူက ခေါင်းကို ငုံ့ကြည့်လိုက်ပြီး မောင်းသူနေရာတွင် ခြောက်သွေ့နေ‌သော သွေးကွက်များကို တွေ့လိုက်ရသည့်အခါ မအံ့ဩမိပေ။




ထိုအရာသည် မက်ခါပျက်စီးသွားရုံတင်မက မောင်းနှင်သူသည်လည်း ထိခိုက်သွားကြောင်း ညွှန်ပြနေပေသည်။




တခြားသူများပြောဆိုနေကြသည့် ' မက်ခါပဲ နည်းနည်း ပျက်စီးသွားရုံလေး'ဟူသည့် စကားမှအပ မည်သူမှ ဤအခြေအနေကို အသေးစိတ်ပြောကြားကြခြင်း မရှိခဲ့ပေ။ ထို့အပြင် ဧကရာဇ်သည်ပင် ထိုသူအတွက် ‌အောင်ပွဲခံရန် ပြင်ဆင်‌နေသည်။ မက်ခါ၏အတွင်း၌ ဘလက်ဘောက်ကဲ့သို့  ဒေတာများကို မှတ်တမ်းတင်သည့်အရာတစ်ခုရှိပြီး တိကျသည့်ပျက်စီးမှုပမာဏသို့ မရောက်ရှိမီ ထိုအရာကို ဖယ်ထုတ်၍ ရနိုင်သည်။




လင်းဟန်သည် ဤအရာ၌ အထူးကျွမ်းကျင်သူဖြစ်ရာ လူနှစ်ယောက်စာမက်ခါစက်ကြီး၏ မှတ်တမ်းတင်ပစ္စည်းအား လျင်မြန်သည့်အမြန်နှုန်းဖြင့်ဖယ်ထုတ်ပစ်လိုက်သည်။




မက်ခါသည် ပြင်းထန်စွာ ပျက်စီးသွားခြင်း သို့မဟုတ် သေစေလောက်သည်အထိ တိုက်ခိုက်ခြင်းခံရလျှင်ပင် ထိုပစ္စည်းသည် မှတ်တမ်းတစ်ခုလုံးကို အလုံးစုံ သိမ်းဆည်းထားနိုင်သည်။  အရေးကြီးဖြစ်စဉ်ဖြစ်သည့် မမျှော်လင့်ထားသည့်အခြေအနေတွင်မူ မောင်းနှင်သူသည် မက်ခါအား ပြန်လည်ပြင်ဆင်မည့်လူကို မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ ပြန်ပြောနိုင်ရန် မှတ်တမ်းချန်ရစ်ထားခဲ့နိုင်သည်။




လင်းဟန်က ထိုမှတ်တမ်းကို ဆွဲထုတ်လိုက်ပြီးနောက် ပြန်လည်ပြုပြင်နိုင်မည့်ပမာဏထက် ကျော်လွန်စွာ ကွဲအက်နေသည့် ဖန်သားပြင်ရှိရာ မောင်းနှင်ခန်းထဲသို့ ပြန်လည်ဝင်လိုက်သည်။ မှတ်တမ်းတင်ထားသည့် ဘလက်ဘောက်အား ဖွင့်လိုက်ရုံမျှ ရှိသေးသည့်အချိန်တွင် မက်ခါကိုပြုလုပ်သည့် သတ္ထုထက်ပင် ပို၍အေးစက်နေသော အသံတစ်သံကို  ကြားလိုက်ရလေသည်။




" ငါက ဟယ့်ယွင်ထင် "