👾Chapter -2
[ စိတ်ဖတ်နိုင်သည့်စွမ်းရည်ဟုခေါ်ဆိုသော ]
ထိုအသံသည် အခြားအသံတစ်ခု၏ နှောင့်ယှက်မှုအောက်တွင် သာမန်ထက်လွန်ကဲစွာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။
လင်းဟန်သည် ခေတ္တမျှ တောင့်တင်းသွားသော်လည်း လျင်မြန်စွာပင် ပြန်လည်စိတ်တည်ငြိမ်သွားပြီး တစ်ဖက်လူ၏ ထိုစဉ်က မှတ်တမ်းများကို ဆက်လက်နားထောင်လိုက်သည်။
ထိုနေရာ၌ အန္တရာယ်တစ်ချို့ ရှိနေခဲ့ပုံပေါ်လေသည်။
သူ့နာမည်ကို ပြောပြပြီးသည်နှင့်တစ်ပြိုင်နက် မက်ခါအဖြတ်တောက်ခံလိုက်ရသည့် နားကွဲလုမတတ်အသံများကို ကြားလိုက်ရသော်လည်း ဟယ့်ယွင်ထင်၏ အသံကမူ အနည်းငယ်မျှ တုန်ယင်သွားခြင်းမရှိခဲ့ချေ။ ထိုအသံများမှာ လင်းဟန်တစ်ယောက်ထဲရှိနေသည့် ယာဥ်၏မောင်းနှင်ခန်းထဲတွင် အရိုးများကိုပင် ကွဲအက်စေမည့် လေအေးများနှင့်အတူ ပဲ့တင်သံထပ်နေသည်။
ဤမှတ်တမ်းကို နားထောင်မိသူသည် အခြေအနေကို ပြန်လည်မွမ်းမံရန် ရည်ရွယ်ချက်မရှိသူလည်းဖြစ်နေနိုင်သဖြင့် ထိုသူက အသေးစိတ်အချက်အလက်များကို မပြောလာခဲ့ချေ။ ထိုအစား အဓိကအရေးကြီးသည့် အစိတ်အပိုင်းများကိုသာလျှင် လိုရင်းတိုရှင်း ပြောလာသည်။
" ဒါက သာမန်ကြယ်တာရာဓားပြတွေ ရဲ့ ချောင်းမြောင်းတိုက်ခိုက်တာမျိုးမဟုတ်ဘူး။ သာမန်အတိုင်းသာဆိုရင် တိုက်ပွဲ၀င်သံချပ်ကာ၀တ်စုံတွေရဲ့ နောက်ကျောမှာ ပေါက်ကွဲအားပြင်းတဲ့ဗုံးတွေ တပ်ဆင်ထားပြီး သူတို့ကိုယ်သူတို့ ဖောက်ခွဲ၊ အသေခံမှာမဟုတ်ဘူး ။ သူတို့ရဲ့ပစ်မှတ်က ငါပဲ "
ထိုအခါ လင်းဟန်မှာ လုံးလုံး အံ့ဩသွားရတော့သည်။ ဤသည်က သူ ထင်ထားခဲ့သည်နှင့် လုံးလုံး ကွာခြားနေခဲ့သည်။
ကြယ်တာရာဓားပြများမှာ ဆင်းရဲသားပြစ်မှုကျူးလွန်သူများဖြင့် ဖွဲ့စည်းထားသည့် အုပ်စုတစ်စုဖြစ်ပြီး ဆိုးယုတ်သည့်အရာများကို ခြေဦးတည့်ရာ သွားကြရင်း ပြုလုပ်တတ်ကြသည်။ ၎င်းတို့၏လက်နက်များမှာလည်း တခြားဂြိုလ်ငယ်များဆီမှ ဓားပြတိုက်၍ ရရှိလာသည့်အရာများပင်ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့၏ တိုက်ပွဲဝင်သံချပ်ကာများနောက်ကျောတွင် ပေါက်ကွဲစေသည့်အရာများရှိနေခဲ့လျှင် ထိုသံချပ်ကာအရှေ့ဘက်၌မူ အင်အားကောင်းသည့် အမြှောက်များ တပ်ဆင်ထားရပေမည်။ ထိုအခါမှသာ ၎င်းတို့သည် သုညအကွာအဝေးတွင်ပင်လျှင် အခြားသူများကို လျင်မြန်စွာ ချဉ်းကပ်၍ သတ်ဖြတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းအား ထုတ်လွှတ်လိုက်အခါ မိမိကိုယ်ကိုယ် ထိခိုက်စေလျှင်တောင်မှ နောက်ဆုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။
၎င်းတို့သည် အဘယ့်ကြောင့် ဤကဲ့သို့ လုပ်ရပ်မျိုး ပြုလုပ်ကြသနည်း။
ကြယ်တာရာဓားပြများသည် များသောအားဖြင့် ပုံမှန်အင်ပါယာစစ်တပ်ကို ကျူးကျော်လိုခြင်းမရှိကြသဖြင့် ဟယ့်ယွင်ထင်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မည်မှာ မဖြစ်နိုင်ချေ။ ၎င်းတို့သည် စစ်တပ်ကို ရှောင်ရှားရန်အတွက် သူတို့၌ရှိသမျှစွမ်းအားကို အသုံးချကာ အခြားလမ်းကြောင်းကို သေချာပေါက် ရွေးချယ်ကြမည်ပင်။
ယခုအခါ မှတ်တမ်းမှ ပြောလာခဲ့သည် မှာ ၎င်းတို့သည် အသေခံတိုက်ပွဲ၀င်ကာ ဟယ့်ယွင်ထင်အား ပစ်မှတ်ထားခဲ့ကြသည်ဟူ၍ပင်။
သို့သော် လင်းဟန်တွင် ထိုကိစ္စကိုစဉ်းစားနေရန် အချိန်မရှိပေ။ နောက်ဆုံးတွင် ဤအရာက အပြင်းစားထိတွေ့ပေါက်ကွဲရေးပစ္စည်းတစ်ခုဖြစ်သည်။ အကယ်၍ ဟယ့်ယွင်ထင်သာ အနည်းငယ်မျှ သတိမမူမိခဲ့လျှင် ဖြစ်နိုင်သည်က သူ...
သို့သော် မကြာခင်မှာပင် မက်ခါ၏ ညာဘက်လက်မောင်းပြုတ်ထွက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ရုတ်ချည်း သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားတော့သည်။
ထို့နောက် ဟယ့်ယွင်ထင်၏ စကားလုံးများက သူ၏ သံသယကို အတည်ပြုပေးလိုက်သည်။
"... ငါ ကိုယ်တိုင်ဖြတ်ပစ်လိုက်တာ "
ထင်သည့်အတိုင်း လင်းဟန်၏အတွေးက မှန်ကန်နေခဲ့သည်။
M2742၏ ညာဘက်စက်ရုပ်လက်မောင်းကို ဤကဲ့သို့ ဖြစ်စေသူမှာ တခြားသူ မဟုတ်သလို တခြားသူဆိုလျှင်လည်း လုပ်ဆောင်နိုင်မည့်ကိစ္စမဟုတ်ပေ။ ပေါက်ကွဲမှုဖြင့် ထိတွေ့သွားသည့်အချိန်တွင် ဟယ့်ယွင်ထင်ကိုယ်တိုင် ဘယ်ဘက်လက်မောင်းရှိအလင်းတန်းဓားရှည်ဖြင့် ညာဘက်လက်အား ဖြတ်ထုတ်ပစ်ခဲ့လိုက်ခြင်းဖြစ်သည်။
လင်းဟန်က ဤစနစ်တစ်ခုလုံးအား လွန်စွာ ရင်းနှီးနေသည့် အကြောင်းအရင်းမှာ ယခင်က သူ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသောကြောင့်ဖြစ်ပြီး သူ၏ လက်ဖမိုးကဲ့သို့ ကောင်းကောင်းသိပေသည်။
မှတ်တမ်းတင်ဒေတာဘောက်ထဲမှ ထွက်ပေါ်နေသည့်အသံမှာ အနည်းငယ်မျှပင် ခံစားချက် တစ်စုံတစ်ရာ ရှိမနေချေ။ သူကိုယ်တိုင်နှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိသောကိစ္စတစ်ခုကို ပြန်ပြောပြနေသည့်အလား တည်ငြိမ်၍ လျစ်လျူရှုဟန်ဖြစ်နေသည့်အပြင် ရှင်းမပြနိုင်သည့် စိတ်ကြီးဝင်မှုတစ်ချို့ကိုလည်း ဖော်ပြနေပေသည်။
" အရှိန်နှုန်းက တော်တော်မြန်လို့ အသေးစားဒဏ်ရာတွေပဲ ရသွားတယ် "
သူက ထိုကဲ့သို့ ပြောနေလျှင်တောင်မှ ယင်းအခိုက်အတန့်မှာ မည်မျှခန့် အန္တရာယ်များခဲ့မည်မှန်း လင်းဟန်တွေးကြည့်နိုင်ပေသည်။
မက်ခါတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်စနစ်ပါဝင်ပြီး အထူးသဖြင့် မက်ခါကို မောင်းနှင်သည့်ဗိုလ်ချုပ်မှာ ဤအပိုင်းတွင် အလွန်ကောင်းမွန်စွာ ဆုံးဖြတ်နိုင်ခဲ့သည်။ မက်ခါသည် ၎င်း ၏ အစိတ်အပိုင်းတစ်ခု ပျက်စီးသွားသည်ကို အာရုံခံမိသည်နှင့် တင်းကြပ်သည့် မောင်းနှင်သူကာကွယ်ရေးလုပ် ဆောင်ချက်များကို ဦးစွာအသက်သွင်းပြီးနောက် တချို့လုပ်ဆောင်ချက်များကို
ဖြတ်တောက်ပစ်မည်ဖြစ်သည်။
ဟယ့်ယွင်ထင်သည် စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏ စိတ်စွမ်းအားမှတစ်ဆင့် မက်ခါတစ်ခုလုံးကိုထိန်းချုပ်မှု ပြန်လည်ရရှိနိုင်သည့်အတွက် တွေဝေခြင်းမရှိစွာ ညာဘက်လက်မောင်းကို အလင်းတန်းဓားရှည်ဖြင့် ဖြတ်ချပစ်ခဲ့ပြီး အန္တရာယ်များသည့် ပေါက်ကွဲမှုကိုကာကွယ်နိုင်ခဲ့သည်။
မောင်းနှင်ခန်းထဲတွင် သွေးအချို့ တွေ့နေရသဖြင့် ဒဏ်ရာရသွားသည်မှာ မလွဲမသွေပင် ဖြစ်သည်။
ဒဏ်ရာ၏တည်နေရာနှင့် ပြင်းထန်မှုအပြင် သွေးဆုံးရှုံးမှုပမာဏနှင့်ပတ်သက်၍ တစ်ဖက်သူက လုံးလုံး ပြောဆိုထားခြင်း မရှိပေ။
လင်းဟန်က ဤလက်နက်၏စွမ်းအားကို ကောင်းစွာ သဘောပေါက်ပြီး အနည်းငယ်မျှ ကွာခြားမှုရှိခဲ့မည်ဆိုလျှင် မောင်းနှင်သူကို ဒဏ်ရာအပြင်းအထန်ရရှိစေခြင်း သို့မဟုတ် အငြိမ်းစားယူရန် တွန်းအားပေးခံရခြင်းအထိဖြစ်စေမည်ဖြစ်သောကြောင့် လွန်စွာ အန္တရာယ်များပေသည်။ လင်းဟန်သည် တစ်ဖက်သား ကြုံတွေ့ခဲ့ရသည်များကို အာရုံစိုက်ကာ နားထောင်နေရင်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
သို့သော် ထိုစကားလုံးများ ပြီးဆုံးသည့်နောက်တွင် ကျောချမ်းစေသည့် မရပ်မနားဖြစ်နေသောအသံများက ဘလက်ဘောက်ထဲမှ စတင်ထွက်ပေါ်လာတော့သည်။ ထိုအသံများမှာ ဖြတ်တောက်နေသည့်အသံ၊ မာကျောသည့်မှန်များကွဲအက်သွားသံ၊ အရပ်ရပ်အနယ်နယ်မှ ပေါက်ကွဲသံများအပြင် မာ ကျောသည့်တစ်စုံတစ်ခုအား တိုက်မိကာ လဲကျသွားသည့်အသံနှင့် ခန္ဓာကိုယ်ပိုင်ရှင်၏ မသဲမကွဲ ညည်းညူသံများပင်ဖြစ်ကြသည်။
သူက မောင်းနှင်သူနေရာတွင် ရှိနေဆဲဖြစ်သည့် သွေးကွက်များကို ကြည့်လိုက်ပြီး အနည်းငယ် စိုးထိတ်သွားကာ အသက်ရှုနှုန်းများပင် တင်းကြပ်သွားရသည်။
သူ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးသည့် ဤဗိုလ်ချုပ်ဟယ့်အတွက် လင်းဟန်၏ နှလုံးသားထဲတွင် မရှင်းပြနိုင်သည့်စိုးရိမ်မှုနှင့် စိုးထိတ်မှု အနည်းငယ်ဖြစ်ပေါ်လာလေသည်။ ဆူညံသံများ ပြီးဆုံးသွားသည့်အဆုံးတွင် ထိုလူ၏အသံကို နောက်တစ်ကြိမ် ထပ်မံကြားလိုက်ရသည်။ သို့သော် တစ်ဖက်လူမှ ထပ်မံစကားပြောလာသည့်အချိန်တွင် ထွက်ပေါ်လာသည့်စကားများမှာ မတူညီတော့ပေ။
" ငါ ပြန်ရောက်တာနဲ့ ချက်ချင်း မက်ခါကို ပြန်ပြင်ဖို့ အဖွဲ့အစည်းဆီ ပို့လိုက်မယ် "
....
မကြာသေးမီအချိန်ကတင် ဤလူသည် အန္တရာယ်များလှသည့် တိုက်ခိုက်မှုကိုကြုံတွေ့ခဲ့ရသည်။ သို့သော် မက်ခါကို ပြုပြင်ရန်အား သေချာစေရန် မှတ်တမ်းတင်မက်ဆေ့ချ်ကို ပြန်ဖွင့်လာခဲ့သည်။
" ဒီ မက်ခါကို ဂရုတစိုက်ပြန်ပြင်ပေးဖို့ မက်ခါပြုပြင်လူကို ပြောပေးပါ။ ပြီးတော့ ပြုပြင်တာက ငါ ဖြတ်ထားတဲ့ ပုံစံအတိုင်း ပြီးပြည့်စုံတာ သေချာပါစေ "
လေသံသည် အေးစက်ကာ အထက်စီးဆန်လေသည်။
.....
ညင်သာသောခလုတ်တစ်ချက်နှိပ်သံအဆုံးတွင် မှတ်တမ်းက ရုတ်ချည်း ရပ်တန့်သွားတော့သည်။
ဆီနံ့နှင့်သွေးနံ့ရောနေသော မောင်းနှင်ခန်းမှာ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ဟယ့်ယွင်ထင်၏လေသံသည် အေးစက်လွန်းနေ၍ သို့မဟုတ် သူ၏ဒဏ်ရာအကြောင်း တစ်ခွန်းမျှပင် ပြောဆိုခြင်းမရှိကာ တိုက်ရိုက်ခိုင်းစေသွားခြင်း ကြောင့် ဖြစ်ကောင်းဖြစ်နိုင်စွာ လင်းဟန်၏ ပုံမှန်ရှင်းရှင်းလင်းလင်းရှိသည့် တွေးခေါ်ပုံများမှာ လမ်းမပေါ်တွင် အမှတ်အသားများက တစ်ခုပြီးတစ်ခုလမ်းပြနေသော်လည်း လမ်းဆုံလမ်းခွရောက်သည့်အခါ လမ်းခွဲများအားလုံး ပျောက်ဆုံးသွားသည့်အလား ဖြစ်သွားကာ ရှားရှားပါးပါး စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။
' သူ့ဒဏ်ရာအခြေအနေက ဘယ်လိုရှိလဲ။ မောင်းနှင်ခန်းရဲ့ မှန်မျက်နှာပြင်ကလဲ ကွဲနေပြီး အရေးပေါ် ဆောင်ရွက်ချက်တွေကလည်း ဖွင့်ထားခံရတယ်။ စိတ်စွမ်းအား ဆုံးရှုံးမှုတွေရော ရှိသေးလား '
အတွေးများနှင့်စိတ်ရှုပ်နေသော်လည်း သူ သေချာသည့်တစ်ခုတည်းသောအရာမှာ အနည်းဆုံးတော့ ဟယ့်ယွင်ထင် အသက်အန္တရာယ်ထဲ ကျရောက်နေခြင်းမရှိဟူသည်ပင်။ သို့သော် ညာဘက်လက်မောင်းအဖြတ်ခံထားရသည့် လက်ရှိအခြေအနေကို သူ ပြန်လည်တွေးတောမိသွားသည်။ သူသာဆိုလျှင် ဤအရာကို အမှန်တကယ်ပြန်လည်ပြုပြင်ပေးနိုင်ပြီး ' ဖြတ်ထားတဲ့ပုံစံအတိုင်း ပြီးပြည့်စုံတာသေချာပါစေ ' ဟူသည့် ပြင်းထန်သော တောင်းဆိုချက်သည်ပင် သူ့အတွက် အလွန်ခက်ခဲမနေပေ။
လင်းဟန်က မော့ကြည့်လိုက်ပြီး လူနှစ်ယောက်မောင်းနှင်နိုင်သည့် မက်ခါဖြစ်သည်ကို ရှင်းလင်းစွာ တွေ့ရသည်။သို့သော် လူတစ်ယောက်ထဲကသာ မောင်းနှင်နေပုံရပြီး အနောက်မှ ခုံနေရာမှာ လစ်ဟပ်နေကာ အထီးကျန်ဆန်လှသည်။
အင်ပါယာတွင် လူနှစ်ယောက်မောင်းနှင်သည့် မက်ခါမရှိသည်မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်ပေသည်။
နှစ်ယောက်မောင်းမက်ခါသည် တစ်ယောက်မောင်းမက်ခါထက် ထုတ်လုပ်မှုနှင့် ဒီဇိုင်းအပိုင်းတွင် နှစ်ဆပိုမိုခက်ခဲသည်ကို ထည့်မတွက်လျှင်ပင် စိတ်စွမ်းအားချင်းကိုက်ညီသည့် မောင်းနှင်သူနှစ်ယောက်ကို ရှာတွေ့နိုင်ရန်က အင်မတန် ခက်ခဲလွန်းပြီး မောင်းနှင်ရန်အတွက် အလုံးစုံနားလည်မှုရှိရမည်မှာ ထည့်ပြောနေရန်ပင် မလိုအပ်ပေ။
ထို့အပြင် ဤနှစ်များတစ်လျှောက် ပိုမိုတိုးပွားလာသည့် ဟယ့်ယွင်ထင်၏ အောင်ပွဲဝင်တိုက်ပွဲများက အင်ပါယာကို သန်မာနေစေပြီး အင်အားအကြီးဆုံးဖြစ်လာစေသည်။ တဖြည်းဖြည်းနှင့် နှစ်ယောက်မောင်းမက်ခါများမှာ စစ်တပ်တွင် လိုအပ်ခြင်းမရှိတော့ဘဲ အမြောက်အများထုတ်လုပ်လာသည့် တစ်ယောက်မောင်းမက်ခါများသည်သာ ခေတ်ရေစီးကြောင်း ဖြစ်လာတော့သည်။
လင်းဟန်သည် မောင်းနှင်သူနေရာအား အသက်သွင်း၍ ရ၊မရ ကြိုးစားကြည့်ရန် ခလုတ်မှ ခြေနှစ်လှမ်းစာမျှ လိုတော့မည့်အချိန်တွင် မပိတ်ရသေးသော်ငြား စောစောကအထိ ငြိမ်သက်နေခဲ့သည့် မှတ်တမ်းတင်ဘောက်မှ စကားသံများ ပြန်လည်ထွက်ပေါ်လာလေသည်။
" ဟုတ်သား "
မက်ခါ၏ပျက်စီးမှုနှင့်ပတ်သတ်၍ ဗိုလ်ချုပ်ထံတွင် တစ်စုံတစ်ခုပြောရန် ရှိမည်ဟုတွေးလိုက်သောကြောင့် လင်းဟန်က ထိုအသံကိုကြားသည်နှင့် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။
မှတ်တမ်းထဲမှ ဟယ့်ယွင်ထင်က ဆက်ပြောလာသည်။
" မက်ခါကို ပြန်ပြင်တော့မယ်ဆိုရင် တခြားသူမဟုတ်ဘဲ အဖွဲ့အစည်းကအတော်ဆုံးမက်ခါပညာရှင်ကိုပဲသေချာပေါက်ပြင်ခိုင်း၊ တခြားသူ မရဘူး "
အဖွဲ့အစည်းမှ အတော်ဆုံးမက်ခါပညာရှင်လင်းဟန်
"......."
သူ၏ ခံစားချက်များ ရှုပ်ထွေးသွားလေသည်။
လင်းဟန်၏စိတ်ထဲတွင် ထူးဆန်းသလိုခံစားလိုက်ရသော်လည်း မုန်းတီးသည့်ခံစားချက်မျိုး မဟုတ်ချေ။ သူသည် မက်ခါကို အလွန်အမင်း အစွဲအလမ်းကြီးသူဟု သတ်မှတ်ခြင်းခံထားရသူဖြစ်သော်ငြား ထိုအရာသည် သူ ပြုလုပ်ရန်နှစ်သက်သည့်အရာနှင့် ပြုလုပ်မည့်အရာအားလုံးဖြစ်သည်။ သူက အခြားသော သတင်းအချက်အလက်များ ထပ်မံကျန်ရှိ၊မကျန်ရှိသည်ကို သေချာရန်အတွက် ဒေတာဘောက်ကို စစ်ဆေးလိုက်ပြီး သူ ရှာဖွေတွေ့ရှိထားသည်များကို ပြန်လည်မှတ်တမ်းတင်လိုက်သည်။
ညာဘက်လက်ကိုတစ်ဝက်ဖြတ်ထားခြင်းအပြင် မက်ခါ၏အနောက်ဖက်တစ်ပိုင်းလုံးက ပြင်းထန်စွာ တိုက်ခိုက်ခံထားရပြီး ကျန်ရစ်ခဲ့သောအမှတ်အသားနှင့် ပျက်စီးမှုများအရ ထိုစဉ်က ပေါက်ကွဲမှုဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ရှောင်တိမ်းရန် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့သော်လည်း ထုထည်ကြီးမားလှသည့် ပေါက်ကွဲမှုလှိုင်းကြီးက မျက်နှာပြင်နှင့် စက်၏ အစိတ်အပိုင်းတစ်ချို့ကို တစ်စစီဖြစ်သွားစေခဲ့ပြီး မောင်းနှင်သူထိခိုက်ဒဏ်ရာရသွားခြင်းမှာ ၎င်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
အသေးစားအပေါ်ယံထိခိုက်မှုများနှင့် ရိုးရှင်းသောဝိုင်ယာကြိုးဆက်သွယ်မှုများမှာ လျင်မြန်စွာ ပြုပြင်၍ရသော်လည်း အရေးအကြီးဆုံးမှာ အဓိကအလုပ်လုပ်သည့်စနစ်နှင့် စိတ်ဝိညာဉ်စွမ်းအားကြားခံစနစ်၏ အစိတ်အပိုင်းပင် ဖြစ်ကြသည်။
ပြုပြင်ရမည့်ပမာဏမှာ ကြီးမားသော်လည်း လင်းဟန်ကမူ ပျင်းရိဖွယ်ကောင်းသည်ဟု မခံစားရပေ။
တစ်စုံတစ်ယောက်က သူ့ကို မှတ်ချက်ပေးခဲ့ဖူးသည်။
" ဒီလိုစိတ်ဝိညာဉ်စွမ်းအားတွေကိုရထားသူက အိုမီဂါဖြစ်နေတာ နှမြောစရာပဲ "
M ဂလက်စီကိုကြည့်လျှင် အိုမီဂါအရေအတွက်မှာ ရှားပါးနေပြီဖြစ်ကာ အဖွဲ့အစည်းကို ဝင်ရောက်ခွင့်ရသူများမှာလည်း အရေအတွက် အနည်းငယ်မျှသာ ရှိပေသည်။ အင်ပါယာတစ်ခုလုံးရှိ စိတ်စွမ်းအားမြင့်မားသောအိုမီဂါများမှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။
စိတ်စွမ်းအား SSS အဆင့်ရှိသူ အများစုမှာ ထိပ်တန်းအဆင့်အယ်လ်ဖာများဖြစ်ကြပြီး အမြင့်ဆုံးအဆင့်ရှိသည့် မက်ခါများကို ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ သို့သာ်ငြား ထိုကဲ့သို့သော ဘဝမှာ တစ်ခါသာလျှင်ရရှိနိုင်သည့် အခွင့်အရေးကြီးမှာ လင်းဟန်ကဲ့သို့ အိုမီဂါတစ်ဦးထံ ရှိနေခဲ့ပေသည်။
လူတိုင်းသိရှိကြသည့်အတိုင်း စိတ်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်မှာ မတူညီပေ။
အိုမီဂါတစ်ဦး၏ အသွင်အပြင်မှာ မှန်လုံအိမ်ထဲတွင်ရှိသော နူးညံ့သည့်ပန်းလေးတစ်ပွင့်နှင့် ဆင်တူလှသည်။ ၎င်းတို့၏စိတ်ခွန်အားက ရှုပ်ထွေးလွန်းသည့် စိတ်ပိုင်းဆိုင်ရာအလုပ်များကို လုပ်ဆောင်ခွင့်ပေးထားသော်လည်း ရုပ်ပိုင်းဆိုင်ရာအရဆိုလျှင် ၎င်းတို့မှာ အားနည်းလွန်းပြီး အခြေခံအကျဆုံးမက်ခါလေးတစ်ခုကိုပင် ကိုယ်တိုင်မောင်းနှင်နိုင်စွမ်းမရှိကြပေ။
အထူးသဖြင့် လင်းဟန် အဖွဲ့အစည်းကိုစဝင်လာခဲ့စဉ်တွင် သူ၏ရုပ်ပိုင်းဆိုင်ရာသတ်မှတ်ချက်မှာ D- ဖြစ်ခဲ့ပေသည်။သူသည် အာဟာရဖြည့်စွက်စာများကို မကြာခဏ သောက်သုံးခဲ့ရပြီး SSS အတန်းစား အိုမီဂါတွင် အံ့ဩဖွယ် ရုပ်ပိုင်းဆိုင်ရာရှိမရှိနှင့် ပတ်သက်ပြီး လူတိုင်း၏ ထင်ယောင်ထင်မှားဖြစ်မှုများကို ပြိုကွဲစေခဲ့သည်။
လင်းဟန်က အချိန်ကို ကြည့်လိုက်ပြီး နောက် ယခုလေးတင် တစ်စစီဖြုတ်ထားသော သူ့အရှေ့မှ အစိတ်အပိုင်းပုံကြီးကို တစ်ချက်ကြည့်ကာ အိမ်မပြန်တော့ဘဲ ပြုပြင်သည့်အခန်းထဲတွင်နေလိုက်တော့သည်။ ကြီးမားသည့်မက်ခါကြီးက ကျယ်ဝန်းသည့်ဧရိယာကို နေရာယူထားပြီး ယူနီဖောင်းအဖြူဝတ်ဆင်ထားသူက ဓာတ်လှေကားကိုအသုံးပြုကာ အရှေ့ပြေးလိုက်၊အနောက်ပြေးလိုက်လုပ်ရင်း အေးစက်စက်မက်ခါ၏ သတ္ထုမျက်နှာပြင်နှင့် သူ့အသံ၏ရိုက်ခတ်သံများမှာ နေရာကျယ်ကြီး၌ ပဲ့တင်သံထပ်နေသည်။
ဤသည်က သူ့အတွက် စိတ်အတည်ငြိမ်ဆုံး အခိုက်အတန့်ပင်။
လင်းဟန်သည် လူများ၏အသံကိုမနှစ်သက်ချေ။ ထိုအသံများသည် အလွန်ကျယ်လောင်လွန်းပြီး အထူးသဖြင့် သူ၏နားကို ထိခိုက်မှုဖြစ်စေသည်။
**
သူ အဖွဲ့အစည်းသို့ စတင်ဝင်ရောက်စဥ် ၊ အချိန်ကို သေချာမမှတ်မိသော်လည်း ညဘက်ကြီးဖြစ်ကောင်းဖြစ်နိုင်ကာ လင်းဟန်သည် သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့်လူများမှာ အလွန်ဆူညံသည်ဟု ရုတ်တရက် ခံစားခဲ့ရသည်။ သူ့နားထဲတွင် သေးငယ်လွန်းသည့်အသံပေါင်းများစွာကို ကြားနေခဲ့ရပြီး အနောက်ကို လှည့်ကြည့်လိုက်သည့်အခါတွင်မူ မည်သူမှ စကားမပြော နေသည်မှာ သိသာထင်ရှားသည်။ လင်းဟန် စိတ်ရှုပ်ထွေးသွားခဲ့ရပြီး ၎င်းအသံများမှာ ပုရွက်ဆိတ်များက သူ့နားစည်ကို ကုတ်ခြစ်နေသကဲ့သို့ ခံစားရကာ
ညင်သာသည့်နည်းလမ်းဖြင့် သူ့ကိုအဆက်မပြတ် နာကျင်စေခဲ့သည်။
တစ်နေ့တွင် သူက ပုံမှန်အတိုင်း ရှန်ရှိုးနန်နှင့် စကားပြောနေခဲ့ပြီး ရှစ်ရှိုးနန်၏ လက်ကို မတော်တဆထိမိသွားသည့်အခါ သူ၏အတွင်းစိတ်ကို မတော်တဆ ကြားလိုက်ရသည်။
ထိုနေ့က ရှန်ရှိုးနန်သည် သူနှင့်စကားပြောကာ ပြုံးရယ်နေဆဲဖြစ်ပြီး မလှုပ်ရှားခင် သူ၏ လက်နှင့် ခေတ္တ ထိမိသွားခဲ့သည်။ ထိုအချိန်တွင် လင်းဟန်၏နားထဲ၌ တစ်ဖက်လူ၏ ရင်းနှီးနေသည့်အသံကို ကြားလိုက်ရ၏။
[ ငါတို့ ဒီည ခေါက်ဆွဲသွားစားကြမယ် ]
နောက်ပိုင်းတွင် လင်းဟန်သည် အတည်ပြုရန်အတွက် အခြားလုပ်ဖော်ကိုင်ဖက်များအား လိုက်လံစမ်းသပ်ကြည့်သည့်အခါ ရလဒ်မှာ ပြောင်းလဲခြင်းမရှိ အတူတူပင်။
သူ့တွင် ' စိတ်ဖတ်နိုင်သည့်စွမ်းရည် 'ဟုခေါ်သော စွမ်းရည်တစ်မျိုး ရှိနေခဲ့သည်။
တစ်ဖက်လူက မည်သူပင်ဖြစ်ပါစေ၊ ထိုလူ၏လက်ကို လင်းဟန် ထိလိုက်သည်နှင့် ထိုလူ၏လက်ရှိအတွေးများနှင့် တစ်ဖက်လူ၏ စိတ်ထဲမှ အသံများက လင်းဟန်၏နားထဲတွင် သဘာဝကျကျ ပေါ်ထွက်လာတော့သည်။ ကံကောင်းစွာပင် မက်ခါများက ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် သတ္ထုနှင့် စက်ပစ္စည်းများဖြင့်သာ ဖွဲ့စည်းထားသောကြောင့် အေးစက်သည့်သိမ်မွေ့ခြင်းနှင့် တိတ်ဆိတ်မှုသာ ရှိလေသည်။
ထိုနေ့မှစ၍ သူသည် အဖြူရောင်လက်အိတ်များကို စတင်ဝတ်ဆင်ခဲ့ပြီး မလိုအပ်လျှင် ချွတ်ပစ်ခြင်းမရှိခဲ့သဖြင့် လူအများပြောကြသည့် ' မယုံကြည်နိုင်လောက်အောင် အသန့်ကြိုက်သူ ' အဖြစ် ပြောင်းလဲသွားတော့သည်။
**
လင်းဟန်သည် တစ်ညလုံး အလုပ်ရှုပ်နေခဲ့ပြီး အလွန်အမင်း အာရုံစိုက်ခဲ့ရသည့်အတွက် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက အတော်လေး ကုန်ခန်းနေပြီဖြစ်သည်။ ကနဦးပြုပြင်သည့်အစီအစဉ် ပြုလုပ်ပြီးသွားသည့်အချိန်တွင် အချိန်အတန်ကြာ ကုန်လွန်သွားခဲ့ပြီးဖြစ်လေသည်။ သူက စိတ်လျော့လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်စွမ်းအင်ဖြင့် ဖိနှိပ်ထားခြင်း ခံထားရသည့်အိပ်ငိုက်မှုက သူ့ကို အနိုင်ယူသွားတော့သည်။
လင်းဟန် အနားယူရန်အတွက် သူ၏ သုတေသနအခန်းဆီသို့ ပြန်သွားလိုသော်လည်း အလွန်ပင်ပန်းနေပြီဖြစ်သောကြောင့် အဆုံးတွင် လက်အိတ်များကို ချွတ်လိုက်ကာ မောင်းနှင်ခန်းထဲမှ မောင်းသူခုံနေရာတွင် ကျောမှီရင်း ခဏအကြာတွင် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် မောင်းနှင်ခန်းတံခါးကိုလာခေါက်သော ရှန်ရှိုးနန်ကြောင့် သူက နိုးထသွားခဲ့သည်။
ရှန်ရှိုးနန်သည် ဤအလုပ်စွဲလမ်းနေသူကို အသားကျနေပြီး ကူကယ်ရာမဲ့ ကြည့်လိုက်သည်။
" ငါမနေ့က မင်းကိုအာဟာရဓာတ်စာ မပေးခဲ့ဘူးလား။ ဘယ်လောက်တောင် နောက်ကျတဲ့အထိနေခဲ့တာလဲ "
လင်းဟန်က ပြန်မဖြေပေ။ သူက ယူနီဖောင်းကို ပြန်မပြင်ခင် လက်အိတ်များကို အရင်ဝတ်လိုက်ပြီး ရှန်ရှိုးနန်၏ အပြစ်တင်လိုသောမျက်ဝန်းများနှင့် ဆုံ တွေ့သွားသည့်အခါ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် လေသံကို ဖျော့ကာ မေးလိုက်၏။
" ဘာဖြစ်တာလဲ "
" မင်း "
ရှန်ရှိုးနန်ကသက်ပြင်းချသည်။ထို့နောက် သူ့မျက်ဝန်းများထဲမှ အားကျနေသည့်အကြည့်များကို ဖုံးကွယ်မနေဘဲ သူ့လက်ထဲတွင်ရှိနေသော အထူးကောင်းမွန်သည့် စာအိတ်တစ်အိတ်ကိုဝှေ့ယမ်းပြလာသည်။
" ဗိုလ်ချုပ်ရဲ့အောင်ပွဲခံပါတီဖိတ်စာ။ အဖွဲ့အစည်းတစ်ခုလုံးမှာ မင်းတစ်ယောက်ပဲ အဖိတ်ခံရတယ် "
👾