👾Chapter - 3
[အရမ်းမွှေးတယ်]
" ငါ မသွားဘူး " လင်းဟန်သည် တုံ့ဆိုင်းမှုအနည်းငယ်ဖြင့် နှုတ်မှပြောလိုက်သည်။
" ဘာလို့လဲ "
လင်းဟန်ငြင်းဆိုနိုင်ချေများသည်ကို သိခဲ့သော်လည်း ရှန်ရှိုးနန်မှာ အံ့အားမသင့်ဘဲ မနေနိုင်ချေ။
"ငါ မသွားချင်ဘူး..သွားစရာအကြောင်းမရှိဘူး "
ဤသို့သောပွဲအမျိုးအစားများကို သူ ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပေ။ လူအများက လေးစားသမှုအများကို ယောင်ဝါးဝါးပြသနေကြပြီး ဆူညံသံများ၊ လူအုပ်ကြီးများနှင့် အချိန်ဖြုန်းနေခြင်းသာဖြစ်ပြီး မည်သည့် အဓိပ္ပာယ်မှ မရှိပေ။
လင်းဟန်က ဦးခေါင်းကို ဖြေးညင်းစွာတိမ်းစောင်းလိုက်ပြီး အနည်းငယ်နာကျင်နေသောလည်ဂုတ်ကို ဖျစ်ညစ်လိုက်သည်။
" ဒါမှမဟုတ် မင်းတို့ထဲကတစ်ယောက်ယောက် ငါ့အစားသွားလို့ရတယ် "
နောက်ဆုံးတွင် မောင်းနှင်သူခုံသည် အိပ်စက်ရန်အတွက် မသင့်တော်သည့်နေရာဖြစ်သဖြင့် တစ်ညတာကုန်လွန်သွားသည့်နောက် သက်တောင့်သက်သာမဖြစ်မှု အနည်းငယ်ကို ခံစားနေရဆဲဖြစ်သည်။
လင်းဟန်သည် မျက်လုံးများနှင့် ထူထဲနက်မှောင်သည့်မျက်တောင်ရှည်များကို ပွတ်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ သတိလက်လွတ်ဖြစ်ကာ လှုပ်ရှားမှုက ရပ်တန့်သွားသည်။ သူ၏ ယကိုယ်တွင်းရှိ သွေးတွင်းသကြားဓာတ်မှာ လျော့နည်းနေပြီး မိန်းမောတွေဝေကာ မတ်တပ်မရပ်နိုင်လုနီးပါးပင်ဖြစ်သွားခဲ့သည်။
ရှန်ရှိုးနန်ကမူ အံတကြိတ်ကြိတ်ဖြစ်နေဆဲပင်။
" မင်းတစ်ယောက်ပဲကွ။ မင်းတစ်ယောက်တည်းပဲ သွားနိုင်တာ။ နာမည်မရေးထားပေမဲ့ ဖိတ်ခံရတဲ့သူက အင်ပါယာမက်ခါအဖွဲ့အစည်းရဲ့အဓိကမက်ခါဒီဇိုင်နာလေ။ အဲ့ဒါ မင်းမဟုတ်ရင် အခြားဘယ်သူဖြစ်နိုင်သေးလို့လဲ "
ထိုသို့ကြားလိုက်ရသည့်အခါ လင်းဟန်သည် ယမန်နေ့ညက ကြားခဲ့ရသည့် အေးစက်ကာ အထက်စီးဆန်သည့်အသံကို အကြောင်းရင်းမရှိ ပြန်တွေးမိသွားသည်။ သူက အခန်းတံခါးဆီသို့ လမ်းလျှောက်သွားလိုက်ကာ ဖိတ်စာကိုယူကြည့်လိုက်ပြီး အောက်ပါအတိုင်းပြောကြားထားသည်။
" အင်ပါယာမက်ခါအဖွဲ့အစည်း၏ အဓိကမက်ခါဒီဇိုင်နာဖြစ်သူအား ဖိတ်ကြားခြင်း....." လင်းဟန်က စကားလုံးတစ်လုံးချင်းစီအား ဖတ်လိုက်သည်။
" ဟုတ်တယ် ၊ ဟုတ်တယ်၊ ဟုတ်တယ်၊အဲ့ဒါမင်းပဲ ၊ အဲ့ဒါမင်းပဲလို့... "
သို့သော် ဤဖိတ်ကြားလွှာက သူ့အပေါ် မည်သည့် သက်ရောက်မှုမှ မရှိသည့်အတွက် သူက ငြင်းဆိုလိုက်သည်။
" မသွားချင်ဘူး "
ရှန်ရှိုးနန်မှာ သူ့အား ဒူးထောက်လုနီးပါးပင်။
" ဗိုလ်ချုပ်ကို တွေ့ချင်နေတဲ့လူတွေ ဘယ်လောက်တောင်ရှိလဲ မင်းသိရဲ့လား။ သူ့အောင်ပွဲခံပွဲတွေက အရမ်းအကျဉ်းချုံးလုပ်တာများတယ်။ ဒီလိုဧည့်ခံပွဲအကြီးကြီး နောက်ဆုံးမှာ ရှိလာတာက လွယ်ကူတာ မဟုတ်ဘူး။ ပြီးတော့ သူတို့က လူအများအပြားဖိတ်ခဲ့တာလဲ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဒါက ဘဝမှာ တစ်ခါပဲရတဲ့ အခွင့်အရေးကြီး...။ ဟေ့ကောင် တစ်ခုခုတော့ပြန်ပြောအုံးလေကွာ။ အနည်းဆုံးတော့ ဖိတ်စာကို ဖွင့်ဖတ်ကြည့်လို့ရတယ်လေ ကွာ "
လင်းဟန်က လိုက်လျောလိုက်ပြီး ဖယောင်းဖြင့် ချိတ်ပိတ်ခံထားရသည့် နူးညံ့သည့်စာအိတ်ကိုဖွင့်ကာ မှင်နံ့ခပ်ဖျော့ဖျော့သင်းနေသော စာတစ်စောင်ကို အထဲမှ ထုတ်ယူလိုက်သည်။
" ကျွန်ုပ်တို့၏ အောင်ပွဲကို ဂုဏ်ပြုရန် လာရောက်ရင်း အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ရန် မျှော်လင့်ပါသည် "
ထိုစာကြောင်းမှာ ပုံနှိပ်ထားခြင်းဖြစ်ပြီး စာ၏ အောက်ဘက်ကို လင်းဟန်ကြည့်လိုက်သည့်အခါ ' ဟယ့် 'ဟု လက်ရေးဖြင့် ရေးထိုးထားသည့် လက်မှတ်အတိုလေးတစ်ခုကို တွေ့လိုက်ရသည်။ အနက်ရောင်လက်ရေးမှာ သန်မာပြီး မှင်ရောင်ကမူ ခပ်ဖျော့ဖျော့ဖြစ်ကာ လက်မှတ်၏အဆုံးသတ်စုတ်ချက်မှာ အနည်းငယ် မှိန်ဖျော့သွားခဲ့ပြီး လင်းဟန်၏ အပြည့်အ၀မနိုးထနေသည့် အမြင်အာရုံတွင် အစက်ငယ်လေးတစ်ခုအဖြစ် မှုန်ဝါးသွားတော့သည်။
လင်းဟန်က မျက်လုံးများကို ပင့်ကာ ရှန်ရှိုးနန်ကို မော့ကြည့်လိုက်ပြီး စာကို ထပ်မံဘေးဖယ်လိုက်ပြန်သည်။
သူ၏ မူလက မြဲမြံနေသည့် အတွေးအမြင်မှာ အနည်းငယ် ယိမ်းယိုင်သွားပြီးနောက် မေးလိုက်သည်။
" ဗိုလ်ချုပ်ကိုယ်တိုင် ငါ့ကို ဖိတ်ခဲ့တာလား "
ရှန်ရှိုးနန်မှာ သွားလိုသော်လည်း မသွားနိုင်သည့်ဝမ်းနည်းမှုအတွင်း၌ နစ်မြုပ်နေဆဲဖြစ်ပြီး သွားရောက်နိုင်သည့်တစ်ဦးတည်းသောသူကမူ ဖိတ်ကြားမှုကို ခိုင်မာစွာဖြင့် ငြင်းဆိုနေသည်။
" မင်းမသွားဘူးဆိုရင် မသွားတဲ့ကိစ္စကိုဘယ်လိုရှင်းပြမှာလဲ။ ပြီးတော့ ဧကရာဇ် အရှင်မင်းမြတ်က.... စောင့်နေမှာ၊ ဟုတ်တယ်။ ဗိုလ်ချုပ်ကိုယ်တိုင်မင်းကို ဖိတ်ခဲ့တာ "
လင်းဟန်သည် စတုရန်းပုံစံ စာအိတ်လေး၏ထောင့် စက္ကူအနားသားကို လက်ညိုးဖြင့် ညင်သာစွာ ပွတ်ဆွဲလိုက်ပြီး လက်အိတ်မှတစ်ဆင့် ခံစားမိသော ယားယံမှုက သူ၏လှုပ်ရှားမှုများကို ငြိမ်သက်ကာ စိတ်သက်သာရာရစေသည်။
ရှန်ရှိုးနန်က ပြောသည်။
" ငါ ကျိန်ဆိုတယ်။ ငါ အလုပ်ကို ရောက်တုန်းက ဗိုလ်ချုပ်ရဲ့လက်ထောက်ဗိုလ်မှူးကိုယ်တိုင် ကောင်းကောင်းမွန်မွန်နဲ့ ငါ့ကို သီးသန့်လာပေးသွားခဲ့တာ။ သူ ပြောတာက သူတို့ရဲ့ဗိုလ်ချုပ်က မင်းကို စိတ်ရင်းနဲ့ ဖိတ်ကြားပါတယ်တဲ့..."
" အိုး "
လင်းဟန်၏နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ ခေါင်းငြိမ့်ပြလိုက်ရင်း တိုတောင်းသည့် တုံ့ပြန်မှုတစ်ခု ပေးလိုက်သည်။ သူ တစ်ညလုံးခေါင်းအုံးလုပ်ကာ အိပ်စက်ခဲ့သည့် မောင်းနှင်သူထိုင်ခုံနေရာ၌ စာအိတ်ကို တင်ထားလိုက်ပြီး စက်ခန်းထဲမှ ထွက်ကာ အပြင်ဘက်သို့ ခြေလှမ်းလိုက်သည်။ ထို့နောက် ဓာတ်လှေကားပေါ်တွင် ရှိနေသည့် ရှန်ရှိုးနန်နှင့်အတူ လိုက်ပါရင်း အောက်သို့ ပြန်ဆင်းသည်။
ရှန်ရှိုးနန်မှာ သူ့ကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားလေသည်။ " လင်းဟန် မင်း ဘယ်သွားမလို့လဲ။ မဟုတ်သေးဘူး။ မင်း တကယ် သွားမှဖြစ်မှာနော်။ မဟုတ်ရင် မင်း ဘယ်လိုရှင်းပြမှာလဲ "
လင်းဟန်သည် ဓာတ်လှေကားအတွင်းမှဆင်းလိုက်သည်။ " ငါ မျက်နှာသစ်ပြီး အာဟာရဓာတ်စာတွေ ယူဖို့ သွားမလို့။ ငါ အားမရှိတော့ဘူး "
" မင်းက အာဟာရဓာတ်စာတွေကို ထမင်းစားသလို စားမလို့လား။ အဲ့ဒါကို တစ်နေ့မှာ တစ်ခါပဲစားခဲ့တာလေ ၊ အခုကျ တစ်နေ့သုံးနပ်စားနေသလို ခံစားနေရပြီ "
လင်းဟန်သည် အနောက်ကို ပြန်လှည့်ကြည့်လိုက်ရင်း ရှန်ရှိုးနန်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
" အာဟာရဓာတ်စာတွေက ဗိုက်ပြည့် စေတယ်ဆိုရင် ဘာပြဿနာမှမရှိဘူး "
သူက တစ်စုံတစ်ရာ ပြောတော့မည့်အချိန်တွင် လင်းဟန်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် သူ၏ လက်ကို အသာဝှေ့ယမ်းပြီး ရှန်ရှိုးနန်၏မေးခွန်းကို နောက်ဆုံး၌ ဖြေလာလေသည်။
" ငါ သွားမယ် "
**
လင်းဟန်အဝတ်အစားလဲပြီးသွားသည့်အခါ အားအင်တချို့ ပြန်ဖြည့်တင်းရန် အာဟာရဓာတ်စာဘူးကို ဖွင့်လိုက်သည်။ ထို့နောက် M2742၏တခြားဒေတာများအတွက် အလုပ်လုပ်ရန် ရောက်လာသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အခြေအနေ မေးမြန်းရင်း ပြုပြင် ခန်းဆီသို့ ပြန်လာလိုက်သည်။
စာအိတ်မှာ မောင်းနှင်သူထိုင်ခုံနေရာတွင် ငြိမ်သက်စွာရှိနေဆဲပင်။ လင်းဟန်က ထိုအရာကို ခေတ္တ ကြည့်လိုက်ပြီးနောက် အဝေးသို့ ထားလိုက်ကာ လုပ်လက်စအလုပ်ကို ဆက်လက်လုပ်ကိုင်သည်။
ရုတ်တရက် ပေါ်လာခဲ့သည့်စိတ်ကူးကြောင့် သွားရောက်မည်ဟု ပြောကြားခဲ့ခြင်းမဟုတ်ချေ။
မောင်းနှင်သူအခန်းမှာ ပြန်လည်သန့်ရှင်းပြီးပြီဖြစ်သောကြောင့် ဆီနံ့နှင့်သွေးအနံ့မှာ မှေးမှိန်သွားခဲ့လေပြီ။ ယခင်က သူ ဆွဲထုတ်ထားခဲ့သည့် ဒေတာမှတ်တမ်းဘောက်ကိုလည်း နေရာတကျ ပြန်လည်ထည့်ထားခဲ့ပြီးဖြစ်၏ ။ သို့သော် မက်ခါ၏ညာဘက်လက်ကမူ လစ်လပ်နေဆဲဖြစ်ကာ အထီးကျန်ဆန်နေသည့် ထိုအစိတ်အပိုင်းက မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို လင်းဟန်အား ပြောပြနေသလိုပင်။
သူသည် မက်ခါများမှလွဲ၍ ကျန်သည့်အရာများကို စိတ်ဝင်စားခြင်းမရှိခဲ့ချေ။သွားရောက်ရန် သူ သဘောတူခဲ့ရသည့် အကြောင်းပြချက်မှာလည်း မက်ခါများနှင့် သက်ဆိုင်နေသောကြောင့်သာဖြစ်ပြီး လင်းဟန်က အနည်းငယ် သိချင်နေမိသည်။ အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသည့် ထိုလူသည် ချပ်၀တ်တန်ဆာ၏ သေးငယ်သည့် အစိတ်အပိုင်းသေးသေးလေးတစ်ခုမျှသာ မတော်တဆ ပျက်စီးသွားခဲ့သည့်အလား မည်သည့်စကားကိုမှ ပြောဆိုလာခြင်းမရှိခဲ့ချေ။
ထိုသူက ဘယ်လိုလူမျိုးဖြစ်သနည်း။ သူ့မှာ မည်သို့သော ဒဏ်ရာများ ရရှိသွားခဲ့လေသနည်း။
**
အင်ပါယာခရိုင်အေ ၊ ဆယ်လ်နာစံအိမ်။
၎င်းသည် ဧကရာဇ်အရှင်ကိုယ်တိုင် အင်ပါယာ၏ အငယ်ဆုံးဗိုလ်ချုပ်ဖြစ်သူအား အထူးတလည် ပေးအပ်ခဲ့သည့် စံအိမ်ဖြစ်သည်။ ဤစံအိမ်ကြီးထဲတွင် အထူးတလည် ခန့်အပ်ထားသည့် အစေခံများစွာနှင့် အင်ပါယာတစ်ခုလုံး၌ ရပ်နားခွင့်နှင့် ပျံသန်းခွင့်ရှိသည့် တစ်ခုတည်းသော အထူးသီးသန့်မက်ခါယာဉ် ဆိုက်ကပ်ရာနေရာလည်း ဖြစ်ပေသည်။
စံအိမ်သည် ဧရိယာအတော်လေးကျယ်ဝန်းကာ ကဏ္ဍပေါင်းစုံမှ ဂရုတစိုက် ထိန်းသိမ်းထားသည်။ သို့သော် မျက်စိပဒါသအဖြစ်ဆုံးအရာမှာ စံအိမ်၏အဝင်ပေါက်မှ တစ်လျှောက် အဆုံးအဆမဲ့ စိုက်ပျိုးထားသည့် နွေးထွေးကာ ကျယ်ပြောလှသော ခရမ်းရောင်ကျူးလစ်ပန်းခင်းကြီးပင်ဖြစ်သည်။
ယခုအခါ ပန်းပွင့်သည့် ရာသီမဟုတ်သေးသောကြောင့် ကျူးလစ်ပန်းခင်းကြီးမှာ အစိမ်းရောင် အရွက်နုနုလေးများသာရှိသေးပြီး ကြည့်ရသည်မှာ မခမ်းနားလှသော်လည်း ရင်သပ်ရှုမောဖွယ်ဖြစ်ဆဲပင်ဖြစ်ပေသည်။
စံအိမ်၏အတွင်းပိုင်း၌ အရပ်ဝတ် ဝတ်ဆင်ထားသည့် ငယ်ရွယ်သည့် တပ်သားအငယ်တစ်ယောက်သည် စင်္ကြလမ်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး ထိုသူ၏မျက်နှာထက်တွင်မူ ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များ ပြည့်နက်လျက်ရှိသည်။
ထိုလူသည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချကာ သူ၏ ခြေလှမ်းများကို ပထမထပ်၏ အတွင်းဘက်အကျဆုံးအခန်းဆီသို့ ခပ်သွက်သွက် ဦးတည်လိုက်ကာ အခန်းရှေ့သို့ ရောက်သွားသည်။ သူက ခေတ္တမျှ ရပ်တန့်သွားပြီးနောက်တွင် အခန်းတံခါးခေါက်လိုက်သည်။
" ဗိုလ်ချုပ်.."
အထဲမှ မည်သည့် တုံ့ပြန့်မှုတစ်စုံတစ်ရာ ထွက်ပေါ်မလာပေ။
သူက လက်မလျှော့ဘဲ နှစ်ချက်မျှ ထပ်မံခေါက်လိုက်သည်။ " ဗိုလ်ချုပ်၊ သွားဖို့အချိန်ကျနေပါပြီ.."
ခဏအကြာတွင် အခန်းထဲ မှအသံတစ်သံ ထွက်ပေါ်လာသည်။
" ဝင်ခဲ့ "
လူငယ်လေးသည် 'အွီ' ဟု အသံပြုလိုက်ပြီးနောက် အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ပုံမှန်အဝတ်အစားများကိုဝတ်ဆင်ထားဆဲဖြစ်သည့်လူအား တွေ့လိုက်ရပြီး သူ့မျက်နှာအမူအရာမှာ နာကျင်သွားတော့သည်။
" အချိန်ကနီးနေပါပြီ..ဘာလို့ အဝတ်အစားတွေ မလဲရသေးတာလဲ။ အနည်းဆုံးတော့ ဒါက ဗိုလ်ချုပ်ရဲ့ အောင်ပွဲခံအခမ်းအနားလေဗျာ "
သူသည် လေးစားသမှုဖြင့်ပြောနေသော်လည်း သူ့အရှေ့မှ လူအား မကြောက်ရွံ့ကြောင်းနှင့် အကျွမ်းတဝင်ဖြစ်နေသည့်အပြုအမူများရှိသည်ကို တပ်အပ်ပြော၍ရနိုင်သည်။
" လုအန်းဟယ် " ပြတင်းတံခါးနားတွင် ရပ်နေသည့်ထိုလူမှာ အနောက်သို့ လှည့်ကြည့်မလာဘဲ လူငယ်လေး၏ နာမည်ကို ခေါ်လိုက်သည်။
" ဖိတ်စာတွေပို့ပြီးသွားပြီလား "
လုအန်းဟယ်သည် သူ့ကိုနှစ်ခါပြန် စိုက်ကြည့်လိုက်ရင်း " ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပို့ပြီးပါပြီ။ ဒီနေ့ ကျွန်တော် ကိုယ်တိုင် အဖွဲ့အစည်းထိသွားပြီး ပို့ခဲ့တာပါ "
" အင်း " ထိုလူက ကျေနပ်သွားပုံရပြီး သူ့အသံကအနည်းငယ် လျော့သွားသည်။
" လာရမဲ့အကြောင်းပြချက်ကို သေသေချာချာရေးဖို့ သတိရခဲ့လား "
"......"
လုအန်းဟယ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
" မရေးခဲ့ဘူး..လာရောက်ဖို့အတွက်ကိုပဲ ကျွန်တော် စာထဲမှာ ယဉ်ယဉ်ကျေးကျေး ရေးခဲ့လိုက်တာ "
ဟယ့်ယွင်ထင် တစ်ခဏကြာ ငြိမ်သက်သွားလေသည်။ " ငါပြောတဲ့အတိုင်း ဘာလို့မရေးလိုက်တာလဲ "
လုအန်းဟယ်သည် ဟယ့်ယွင်ထင်၏ နောက်ကျောကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
" ဖိတ်စာကို ဗိုလ်ချုပ်ပြောတဲ့အတိုင်းသာ တကယ် ရေးခဲ့လိုက်ရင် သူ လာမှာ မဟုတ်တော့ဘူး..."
လုအန်းဟယ်သည် သူ့ခေါင်းဆောင်၏ မူလစကားလုံးများကို မမေ့လျော့ပေ။ " မက်ခါ M2742ကို နဂိုနဲ့ ကွာခြားမှု သေးသေးလေးတောင်မှ မရှိအောင် စနစ်တကျ ပြန်ပြင်ပေးပါ။ မင်းကို ဒီတစ်ကြိမ် ဖိတ်ကြားရတာက မက်ခါနဲ့ အထူးလုပ်ဆောင်ချက်တွေကို ဆွေးနွေးဖို့ဖြစ်တယ် "
သူသည် ထိုအချိန်က သက်ပြင်းမချဘဲမနေနိုင်ပေ။ ထိုစကားကြီးမှာ အမိန့်ပေးနေသကဲ့သို့ဖြစ်နေကာ မည်သူက ထိုကဲ့သို့သောဖိတ်စာကို လက်ခံနိုင်မည်နည်း။
သူက ဟယ့်ယွင်ထင်နှင့် ရှိလာသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် ထိုအကြောင်းကို သွားပြောလျှင်လည်း အသုံးမဝင်ကြောင်း သိရှိပေသည်။ နောက်ဆုံးတွင် လုအန်းဟယ်သည် ဟယ့်ယွင်ထင်အား လက်မှတ်ထိုးခိုင်းလိုက်ပြီးနောက် သူကိုယ်တိုင် ပုံမှန်ဖိတ်စာအဖြစ် ပြုပြင် ရေးသားလိုက်ရသည်။ ဟယ့်ယွင်ထင်၏ အရပ်ရှည်ရှည်ပုံသဏ္ဍာန်က အနည်းငယ် လှုပ်ရှားမှုရပ်တန့်သွားသော်လည်း ပြတင်းပေါက်အရှေ့တွင် ရပ်နေဆဲပင်ဖြစ်ကာ လုအန်းဟယ် ပြောလိုက်သည်ကို ကြားလိုက်သည်၊မကြားလိုက်သည်မှာ မသိနိုင်ပေ။
သူ့အကြည့်က ပြတင်းပေါက်အပြင်ဘက်ရှိ ယခုထိ ဖူးပွင့်ခြင်းမရှိသေးသောကျူးလစ်ပန်းခင်းကြီးဆီသို့ရောက်ရှိနေသည်။ ဗိုလ်ချုပ်ဟယ့်က ထိုပန်းခင်းကြီးအား ငေးကြည့်ရသည်ကို နှစ်သက်ပုံပေါ်ပြီး လုအန်းဟယ်မှာ ထိုသည်ကို နေသားကျနေခဲ့ပြီပင်။
" M2742ကနှစ်ယောက်မောင်းမက်ခါ။ အဲ့ဒါကို ပြန်ပြင်ဖို့ အတော်ဆုံးမက်ခါအင်ဂျင်နီယာကို ငှားရမ်းဖို့လိုအပ်တယ် " ဟယ့်ယွင်ထင်က ပြောလိုက်သည်။
နှစ်ယောက်သား၏ ကြားရှိလေထုမှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သူက ဆက်၍မေးသည်။ " အဲ့ဒီမက်ခါပညာရှင်ရဲ့ နာမည်က ဘာလဲ "
လုအန်းဟယ်သည်ခဏမျှတောင့်ခဲသွားပြီး မှန်မှန်ကန်ကန် ဖြေကြားလိုက်သည်။
" လင်းဟန် "
" အရည်အချင်းက "
" အဓိကမက်ခါဒီဇိုင်နာ "
" အသက် "
" ၂၆ "
"......" ဟယ့်ယွင်ထင်သည် ထိုနံပါတ်ကိုကြားလိုက်ပြီးနောက် ရပ်တန့်သွားသည်။
" အဲ့ဒီလောက်ငယ်တယ်လား "
လုအန်းဟယ်က ဗိုလ်ချုပ်သည် ထိုလူက သူ့မက်ခါကို ပြုပြင်နိုင်ပါ့မလားဆိုသည့် သံသယများ စိတ်ထဲတွင်ဖြစ်လာမည်ကို သိလိုက်၍ လျင်မြန်စွာ ပြောလိုက်သည်။
" ဒါပေမဲ့ အတော်ဆုံးမက်ခါဒီဇိုင်နာဆိုတာ အာမခံပါတယ်။ဗိုလ်ချုပ် စိတ်ချထားလို့ရပါတယ် ။ အဲ့ဒီလူထက် တော်တဲ့လူ တကယ်မရှိတော့ပါဘူး "
" အိုး " တစ်ဖက်လူက အေးစက်နေသည့်အာမေဍိတ်သံဖြင့် တုံ့ပြန်လာသည်။
လုအန်းဟယ်မှာ ထိုအကြောင်းကို ယခုအခါမှ ပြောပြနေရန် အချိန်ရှိမနေချေ။အဓိကမက်ခါဒီဇိုင်နာသည် အဘယ်ကြောင့် လူအိုတစ်ယောက်မဟုတ်သည်ကို ပြောပြရန် ပျင်းရိနေပြီး ရိုသေသည့် အသုံးအနှုန်းများကိုပင် မသုံးနိုင်တော့ချေ။
" ကျွန်တော်တို့ တကယ် အချိန်မရှိတော့ပါဘူး ဘော့စ်။ လေယာဉ်လဲ အပြင်မှာရောက်နေပြီ။ ဗိုလ်ချုပ်အင်္ကျီလဲပြီးဖို့စောင့်နေတာ၊ ဗိုလ်ချုပ် ဒီလိုအခမ်းအနားတွေသွားရတာ မကြိုက်မှန်းသိပေမဲ့ ဧကရာဇ်ရဲ့ဆန္ဒက ဗိုလ်ချုပ်ကို တက်ရောက်စေချင်နေတာလေ..."
တစ်ဖက်လူသည် ခေတ္တ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းညိမ့်ပြလာသည်။ " ကောင်းပြီ "
ဧကရာဇ်အရှင်ကိုယ်တိုင်စီစဉ်ထားသောကြောင့် ပွဲတော်ကျင်းပမည့်နေရာကို နန်းတော်အတွင်း၌ ရွေးချယ်ထား လေသည်။ လင်းဟန်မှာ တစ်နေ့ကုန်အလုပ်ရှုပ်နေခဲ့ပြီး လက်ထဲမှ အခုအလုပ်ကို ရပ်နားလိုက်သည့်အချိန်တွင် နောက်ကျနေပြီဖြစ်လေသည်။ သူက အဝတ်အစားလဲလှယ်ရန် အိမ်မပြန်နိုင်တော့သည့်အတွက် ပွဲတက်ရောက်ရန် အဖွဲ့အစည်း၏ယူနီဖောင်းကိုသာ ရိုးရိုးရှင်းရှင်း ၀တ်ဆင်လိုက်သည်။
ပင်မခန်းမကြီးအတွင်းထဲတွင် လူအများအပြားရောက်ရှိနေကြပြီး အများစုမှာ ထင်ရှားကျော်ကြားသူများ၊ တော်ဝင်မိသားစု၀င်များမှ အစိုးရအဖွဲ့အရာရှိများနှင့် AI TV တွင်သာ ပေါ်လာတတ်ကြသည့် ထင်ရှားကျော်ကြားသည့် အနုပညာရှင်အချို့အထိ ဖြစ်ကြသည်။အခမ်းအနားပွဲမှာ မစတင်သေးသလို ဧကရာဇ်သည်လည်း မရောက်ရှိသေးသဖြင့် လူအများသည် နွေးထွေးစွာ စကားစမြည်ပြောကြရင်း ရောနှောနေကြသည်။
ဤနေရာသို့ ရောက်ရှိလာခြင်းအတွက် လင်းဟန် ပဉ္စမအကြိမ်မြောက် နောင်တရသွားလေသည်။
သူသည် မလိုအပ်ဘဲ ပေါင်းသင်းဆက်ဆံရခြင်းကို မနှစ်သက်ချေ။ထို့ထက်ပိုဆိုးသည်မှာ သူက ဗိုလ်ချုပ်အပါအဝင် ထိုလူအုပ်ထဲရှိ မည်သူ့ကိုမှ မသိရှိခြင်းပင်။
လေထုမှာ ကောင်းမွန်သည်။ လူအများစုသည် သူတို့၏မျက်နှာများကိုလက်ဖြင့် ဖုံးကွယ်ရင်း တစ်စုံတစ်ရာကို တီးတိုးပြောဆိုနေကြသည်ပြီး ကြည့်ရသည်မှာ ဗိုလ်ချုပ်၏အောင်ပွဲနှင့်ပတ်သတ်နေပုံပင်။ သူက လက်အိတ်အဖြူကို၀တ်ထားဆဲဖြစ်ပြီး သူ့အရှေ့မှ အလွန်ထူးကဲကာ အရသာရှိလှသည့် အစားအသောက်များကိုကြည့်ရင်း ဆဌမအကြိမ်မြောက် နောင်တရမိလေသည်။
နောက်တစ်ကြိမ် ထပ်မံ နောင်တရလုနီးပါးအချိန်တွင် လူအုပ်ကြီးထံမှ ရုတ်ရုတ်သဲသဲဖြစ်သွားသံများကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအသံများမှာ လေးစားသမှုဖြင့် ထွက်ပေါ်လာသည့် ချီးမွမ်းသံများနှင့် အာမေဋိတ်သံများပင်ဖြစ်ကြသည်။
" ဗိုလ်ချုပ်ရောက်လာပြီ " တစ်စုံတစ်ယောက်က တဖြည်းဖြည်းတိတ်ဆိတ်ငြိမ်သက်လာသောလေထုကို စိတ်လှုပ်ရှားစွာ ဟစ်အော်ရင်း ဖြိုခွဲလိုက်သည်။
နောက်ဆုံးတွင် လင်းဟန်သည် လူများအားလုံး အာရုံစိုက်နေကြသည့် နေရာသို့လှမ်းကြည့်လိုက်လေသည်။
ထိုအမျိုးသားသည် အရပ်ရှည်ကာ ချောမွတ်စွာ ချုပ်လုပ်ထားသည့် အပြာဖျော့ဖျော့ ယူနီဖောင်းဝတ်စုံပြည့်ကိုဝတ်ဆင်ထားသည်။ ပုခုံးနှစ်ဖက်ရှိ ရွှေချည်ပန်းပွားများမှာ တွဲလောင်းကျနေပြီး ဆုတံဆိပ်များဖြင့် တန်ဆာဆင်ထားသည့်စလွယ်ကို ညာဘက်ပခုံးမှနေ၍ သိုင်းကာ ၀တ်ဆင်ထားပြီး ရှပ်အင်္ကျီကော်လံ၏ ရွှေရောင်အနားသတ်များကို မြင်တွေ့နိုင်ပေသည်။ ခြေတံရှည်များကို ဒူးဆစ်ထိ မြင့်မားသောစစ်ဖိနပ်များက ရစ်ပတ်ထားကာ မြေပြင်ထိတိုင် ရှည်လျားသော၀တ်ရုံရှည်သည် ခက်ထန်မှုဖြင့် ဩဇာအာဏာနှင့် အဆင့်အတန်းကို ဖော်ပြရန်မလိုအပ်သည့် ၀တ်ဆင်သူ၏ခန့်ညားထည်ဝါမှူနှင့်ဂုဏ်သိက္ခာကို ပို၍ပင် ပေါ်လွင်စေနေသည်။
ထိုလူ၏အသွင်အပြင်မှာ အေးစက်၍ ခက်ထန်ကာ မျက်ခုံးတန်းများနှင့် ထင်ရှားသည့်မျက်နာသွင်ပြင်လက္ခဏာများကြောင့် ခန့်ညားချောမောသည့် သူ၏မျက်နှာမှာ ပန်းပုရုပ်တစ်ခုအလား ဖြစ်ပေသည်။ ထိုသူ၏ဦးထုပ်အနားပြန့်မှာ မျက်၀န်းပြာများကို ဖုံးကွယ်ရင်း အရိပ်ကျနေပေသည်။ သူ၏နောက်မှ စစ်၀တ်စုံ ၀တ်ဆင်ထားသည့် လူငယ်တစ်ဦးလိုက်ပါလာပြီး သူ၏ ဩဇာအရှိဆုံး လက်ထောက်ဗိုလ်မှူး လုအန်းဟယ်ပင် ဖြစ်ပေလိမ့်မည်။
ထိုလူသည် ခေါင်းကို အနည်းငယ်လှည့်လိုက်ရင်း သူ့ဘေးနားရှိ လက်ထောက်အား တစ်ခုခုပြောနေသည် တွေ့လိုက်ရသည့်အချိန်တွင် လူအုပ်ကြီးမှာကြောက်ရွံ့ရိုသေနေဆဲပင်ဖြစ်ကြသည်။
လင်းဟန်သည် ထိုလူ၏ပါးလွှာကာ အေးစက်မာကျောနှုတ်ခမ်းများ လှုပ်ရှားသွားခြင်းကိုသာ မြင်လိုက်ရပြီး လုအန်းဟယ်က ဟယ့်ယွင်ထင်ကို ခေါင်းညိတ်ပြပြီးနောက် သူ့ထံသို့ လမ်းလျှောက်လာတော့သည်။
လင်းဟန်သည် မလှမ်းမကမ်း၌ မတ်တပ်ရပ်နေသည့် ဗိုလ်ချုပ်ကို ဆန်းစစ်ကြည့်လိုက်ပြီး ' သူ့ဒဏ်ရာက သိပ်ပြီးမပြင်းထန်ဘူးထင်တယ် ' ဟု တွေးလိုက်သည်။ သူ မည်သည်ကိုမှ ထပ်မံမစဉ်းစားရသေးခင်တွင် ဗိုလ်ချုပ်၏ဘေးနားမှ လက်ထောက်ဖြစ်သူသည် သူ့အရှေ့တွင် ရပ်နေပြီဖြစ်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်အထိ ယဉ်ကျေးသည့် အပြုအမူဖြင့် ပြုံးပြနေသည်။
" လင်းဟန်ဟုတ်တယ်မလား" လုအန်းဟယ်၏အသံမှာတောက်ပပြီးတက်ကြွနေသည်။
"ဗိုလ်ချုပ်က မင်းကိုရှာနေတယ် "
လင်းဟန်မှာခဏလောက် တောင့်ခဲသွားပြီး " ကျွန်တော့်ကိုလား "
" ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ "
လုအန်းဟယ်သည် လင်းဟန်ကို ပထမဦးစွာ အလွန်ကောင်းမွန်သည့် ကနဦး ထင်မြင်ချက်ကို ပေးခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ ပတ်ဝန်းကျင်ရှိလူများ၏ အားကျသော မျက်ဝန်းအကြည့်များအကြားတွင် မတ်တပ်ထရပ်လိုက်ပြီး အင်ပါယာ၏ဓားသွားထံသို့ တည့်မတ်စွာ လျှောက်လှမ်းလိုက်၏။
ပင်မခန်းမရှိ သလင်းကျောက်မီးအိမ်များမှာ အလင်းရောင်များ စီးဆင်းလျက်ရှိလေသည်။ လင်းဟန်သည် လုအန်းဟယ်၏ ခြေလှမ်းများအတိုင်းနောက်က လိုက်ပါလာရင်း ဟယ့်ယွင်ထင်၏ရှေ့သို့ လျှောက်လှမ်းသွားသည်။
လုအန်းဟယ်က သူ့ကို " ကျေးဇူးပြုပြီး " ဟူသည့် အမူအရာလုပ်ပြလာသည့်အချိန်မှသာ လင်းဟန်သည် ခေါင်းကိုမော့လိုက်ရင်း ဗိုလ်ချုပ်ကို ပထမဆုံးအကြိမ် အနီးကပ် ကြည့်လိုက်သည်။
ဟယ့်ယွင်ထင်၏ ပုံမှန်မဟုတ်သော ငွေရောင်ဆံပင်တိုများမှာ စစ်ဦးထုပ်ဖြင့်ဖုံးကွယ်ထားခြင်းခံထားရသည်။ သူ၏ မျက်ခုံးရိုးများမှာ အနည်းငယ် မြင့်မားပြီး မျက်လုံးအိမ်များကို ပို၍နက်ရှိုင်းစေသည်။
" မင်္ဂလာပါ ဗိုလ်ချုပ် " သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားလွန်းခြင်းမရှိသည့် သာမန်နူးညံ့သောအပြုံးတစ်ခုကိုဆင်မြန်းထားသည်။
" ကျွန်တော့်ကို ရှာနေတာပါလား "
ဟယ့်ယွင်ထင်သည် နေရာတွင် မတ်ရပ်လျက်ရှိပြီး နှစ်ယောက်သားကြားတွင် အချိန်တစ်ခုကြာ တိတ်ဆိတ်နေသည်။
လုအန်းဟယ်က လင်းဟန်ကို ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောသည့် သူ၏အထက်လူကြီးကို တစ်ချက် ကြည့်လိုက်သည်။ အနေရခက်စေသည့် လေထုကို ဖျန်ဖြေစေရန်အလို့ငှာ တစ်ခုခုပြောဆိုလိုလေသည်။
" ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဗိုလ်ချုပ်က ခင်များကို ရှာနေတာပါ။ ဘာလို့လဲဆိုတော့...."
သူ မည်သည့်စကားကိုမှ မပြောရသေးခင် ဟယ့်ယွင်ထင်၏ဝတ်ရုံကလှုပ်ရှားသွားကာ အဖြူရောင်ယူနီဖောင်းနှင့် လူငယ်ထံသို့ သူ၏လက်အား ဆန့်ထုတ်လာသည်ကို တွေ့လိုက်ရသည်။
လင်းဟန်က အသာပြုံးလိုက်ရင်း ဗိုလ်ချုပ်၏လက်ကို ယဉ်ကျေးစွာ ဆုပ်ကိုင်ရန် ပြင်လိုက်သည်။
" အဲဒါက.... " လုအန်းဟယ်၏မျက်လုံးများက လင်းဟန်၏လက်အိတ်အဖြူကို စိုက်ကြည့်နေရင်း ရုတ်တရက် ပြောလာသည်။
" တောင်းပန်ပါတယ် " လင်းဟန်က ခဏမျှ ရပ်တန့်သွားသည်။
" တစ်ကိုယ်ရည် အလေ့အကျင့်တွေပါ "
👾