အပိုင်း ၄
Viewers 2k

👾Chapter - 4 


[ခင်ဗျားတစ်ခုခုလိုချင်လို့လား]




နောက်ဆုံးတွင် တစ်ဖက်လူသည် အင်ပါယာ၏ဗိုလ်ချုပ်ဖြစ်သည့်အတွက် ထိုသူနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၌ လက်အိတ်ဝတ်ဆင်ထား၍ မရနိုင်ပေ။




သို့သော် သူ့ထံတွင်လည်း ဗိုလ်ချုပ်၏ အတွင်းစိတ်ကိုဖတ်ရန်အတွက်  ရည်ရွယ်ချက်မရှိချေ။




လုအန်းဟယ်က သူ့ကို စိုက်ကြည့်နေဆဲပင်။




လင်းဟန်သည် တစ်ခဏမျှတောင့်တင်းသွားရပြီး ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ပါဘဲ ၎င်းတို့အား လှမ်းကြည့်နေကြသည့်အနီးပတ်ဝန်းကျင်ရှိ အထင်ကြီးလေးစားဖွယ် နာမည်ကျော်ကြားသူများ၏အကြည့်များကို အသာဝှေ့ယမ်းကြည့်လိုက်သည်။




' ဘာမှသိပ်မဟုတ်ပါဘူး။ ဒီတိုင်း လက်ဆွဲနှုတ်ဆက်ရုံပါပဲ ' သူက ခေတ္တတုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူ့လက်အိတ်ကို ချွတ်ကာ လက်ကို ထပ်မံဆန့်တန်းလိုက်သည်။




ဟယ့်ယွင်ထင်က တိတ်ဆိတ်နေပေသည်။




တစ်ဖက်လူ၏ နတ်ဘုရားကဲ့သို့ ချောမောကာ ပြိုင်ဘက်ကင်းသော မျက်နှာနှင့်အကြည့်သည် သူ၏အကြည့်နှင့် ဆုံတွေ့ရန် အနည်းငယ်မျှ သက်ဆင်းလာသည်။ လင်းဟန်သည် ထိုသူ၏အပြာရောင်မျက်ဝန်းများကိုကြည့်လိုက်ရင်း ယမန် နေ့ညက မော့ကြည့်ခဲ့သော အင်ပါယာ၏ကြယ်ရောင်စုံကောင်းကင်ကြီးကို ရုတ်တရက် တွေးမိသွားလေသည်။




' ဧကန္တ ကြယ်တွေစုံတဲ့ကောင်းကင်ကတော့ မပြောင်းလဲလောက်ပါဘူး '




လင်းဟန်သည် အကြောင်းပြချက်ရှင်းရှင်းလင်းလင်းမရှိ ထိုကဲ့သို့ တွေးမိသွားသည်။




လင်းဟန်၏လက်ချောင်းများမှာ ရှည်လျားသွယ်လျပြီး ဟယ့်ယွင်ထင်၏လက်ပေါ်တွင် ယဉ်ယဉ်ကျေးကျေး  တည်တည်ငြိမ်ငြိမ်ဖြင့် တင်လိုက်ကာ သူ၏လက်မက တစ်ဖက်လူ၏လက်ဖဝါးကို အသာအယာ ပွတ်တိုက်လိုက်သွားမိသည်။




"မင်္ဂလာပါ" 




သူက စကားဝိုင်းကိုအစပြုလိုက်သည်။ လင်းဟန်မှာ ဘယ် သောအခါကမှ ကျန်းမာရေးကောင်းသည်ဟူ၍ မရှိခဲ့သောကြောင့် သူ့လက်‌ ချောင်းများမှာ အမြဲလိုလို အေးစက်နေတတ်သည်။




တစ်ဖက်လူ၏ လက်ဖဝါးမှာ နွေးထွေးနေပြီး ထိုလူ၏လက်ကို ထိလိုက်သည့်အခိုက်အတန့်၌ လင်းဟန်၏ လက်ချောင်းများသည် တစ်ဖက်လူ၏ အေးစက်ကာ မာကျောသည့် အသွင်အပြင်နှင့် မကိုက်ညီသည့်နူးညံ့နွေးထွေးမှုကို ခံစားလိုက်ရသည်။




ဟယ့်ယွင်ထင်မှာ တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ၏နှုတ်ခမ်းပါးက  မျဉ်းကြောင်းတစ်ခုအလားဖြစ်ကာ ကွဲပြားမှုရှိ၊ မာနကြီးကာ မောက်မာနေဆဲဖြစ်သော်လည်း လွန်ခဲ့သည့်တစ်ရက်ကလင်းဟန် မျှော်မှန်းထားခဲ့သည့်နှင့် ကွာခြားမှုမရှိပေ။




လင်းဟန်သည် မျက်နှာထက်တွင် ယဉ်ကျေးသောအပြုံးတစ်ပွင့်ကိုဆင်မြန်းထားဆဲဖြစ်သော်လည်း သူ့မျက်တောင်များကမူ သတိမထားမိစွာ အောက်သို့ အနည်းငယ် မှေးစင်းသွားကြသည်။ သူသည် နောက်တစ်ကြိမ် ထပ်မံ မကြားလိုသည့် အတွင်းစိတ်ထဲမှအသံကို ကြားရတော့မည်ကို သိနေလေသည်။




ဗိုလ်ချုပ်၏အသံသည် ယခင်ကဒေတာဘောက်ထဲမှ လင်းဟန်ကြားခဲ့ရသည့်အသံနှင့် မတူညီတော့ချေ။ သို့သော် အေးစက်နေဆဲဖြစ်ကာ လက်ရှိဆူညံသံများ၏ နှောင့်ယှက်ခြင်းမရှိလျှင်ပို၍အေးစက်ကာ ပို၍ကြည်လင်ပေလိမ့်မည်။




ထိုအေးစက်စက်အသံသည် သူတို့နှစ်‌ယောက်၏လက်များ ဆုပ်ကိုင်လိုက်သည့်အချိန်တွင် သူ၏နားထဲ ပေါ်ထွက်လာလေသည်.....




[ အရမ်းမွှေးတယ်]




[မာနေပြီ]




[အမှတ်အသားပေးချင်တယ်]




လင်းဟန် : "..….."




လင်းဟန် သတိလက်လွတ်ဖြင့် သူ့လက်ကို လျပ်တပြက် ပြန်ရုတ်လိုက်မိသည်။သူက သူနားကြားမှားသွားခဲ့သည်လားဟူ၍ပင် ‌တွေးမိသွားသည်။သို့သော် ထိုစကားများ မှန်သည်၊မမှန်သည်ကို အတည်ပြုရန်အတွက် တစ်ဖက်သူ၏ လက်တစ်ဖက်ကို သူက ထပ်ထိ၍မရနိုင်ပေ။ ဟယ့်ယွင်ထင်၏ပုံသဏ္ဍာန်မှာ မာနကြီးကာ စာနာစိတ်မရှိပုံပေါ်ပေသည်။




လင်းဟန်သည် ထိုသူမှာ အင်ပါယာ၏ ထိပ်တန်းအယ်လ်ဖာတစ်ဦးဖြစ်ပြီး သူ့ကိုချစ်ခင်ကြောင်း ပြသသည့် အိုမီဂါများစွာရှိသော်လည်း သူက ထိုသူတို့ကို လျစ်လျူရှုကာ တစ်ခါတစ်ရံ အကြည့်တစ်ချက်ပင် မပေးတတ်ဟူ၍ ကြားခဲ့ဖူးသည်။ ထို့အပြင် သူသည် တစ်ဖက်လူ၏အသံသွင်းဖိုင်ကို တစ်ကြိမ်နားထောင်ခဲ့ပြီးနောက်တွင် ဤထင်မြင်ချက်သည် သူ့စိတ်ထဲတွင် ပို၍ပင် ပုံသေကားကျရှိနေခဲ့သည်။




သို့သော် ယခုကြားလိုက်ရသည်များမှာ လင်းဟန်၏ ဟယ့်ယွင်ထင်အပေါ်ထားရှိသည့်ခံယူချက်များအားလုံးကို လုံးလုံးလျားလျား ပြောင်းပြန်လှန်သွားစေသည်။ အချိန်တိုလေးအတွင်း၌ သူ က ပြန်စဉ်းစားကြည့်လိုက်ပြီး အကယ်၍  သူ နားကြားမမှားခဲ့လျှင်  ဟယ့်ယွင်ထင်က ထိုကဲ့သို့ အတိအကျ ပြောဆိုခဲ့သည်ပင်။




သူ၏ကိုယ်ပိုင် rut ကာလမှာ မရောက်ရှိသေးချေ။ တားဆေးများမှာလည်း အချိန်တိုင်းလိုလို အသုံးပြုခဲ့သောကြောင့် သူ၏ဖယ်ရိုမုန်းကို အနံ့ခံရန် မဖြစ်နိုင်ဘူးဟု ပြောဆိုမည်ဆိုလျှင်ပင် ကျိုးကြောင်းဆီလျော်သည်။




' ဗိုလ်ချုပ်ရဲ့အနံ့ခံဆဲလ်တွေက သူ့လက်တွေထဲ ရှိနေတာများလား '




' ပြီးတော့ သူက 'အမှတ်အသားပေးချင်တယ်' ဒါမှမဟုတ် တစ်ခုခု... '




ထိုသည်ကို တွေးမိသွားသည့်နှင့် စိတ်ကောင်းရှိသည့် လင်းဟန်၏ မျက်နှာမှာ အေးစက်သွားတော့သည်။




" တဆိတ်လောက်ပါ " လင်းဟန် က လက်အိတ်အဖြူကို ပြန်ဝတ်လိုက်ပြီး‌နောက် ခြေတစ်လှမ်းနောက်ဆုတ်ကာ တစ်ဖက်လူ၏ ပြီးပြည့်စုံသော မျက်နှာထံမှ အကြည့်လွှဲလိုက်သည်။




သို့သော် ဗိုလ်ချုပ်၏စိတ်ထဲမှ စကားများသည် သူ့နားထဲတွင် တဝဲလည်လည်ရှိကာ မထွက်သွားကြ‌သေးချေ။ အဖွဲ့အစည်းတွင် အယ်လ်ဖာများစွာရှိပြီး ပထမဆုံး စွမ်းရည်နိုးထလာစဥ်က ထိုသူတို့၏ ထူးဆန်းသည့် အတွင်းစကားသံများစွာကို ကြားခဲ့ဖူးသော်လည်း ဤမျှလောက် တည့်တိုးမဟုတ်ခဲ့ကြပေ။




အကယ်၍  သူ့အနံ့ကကောင်းမွန်ပြီး  တစ်ဖက်လူက မာလာလျှင်...... လင်းဟန် ဆွံ့အသွားမိတော့လေသည်။




အချိန်ခဏတာမျှ လင်းဟန်သည် သူ့မျက်လုံးများကို အောက်ဘက်သို့ ရွေ့လိုက်လိုက်မိသည်။




ဗိုလ်ချုပ်၏ ယူနီဖောင်းအောက်တွင် မည်သည့်အရာ ရှိနေသည်ကို သူ အမှန်တကယ် ကြည့်ရှုလိုလေသည်။




လုအန်းဟယ်သည် နှစ်ယောက်ကြားမှလေထုကို ထိတ်လန့်စွာဖြင့် ဆန်းစစ်နေပြီး သူက လင်းဟန်မှာ ယဉ်ကျေးသည့်သူတစ်ယောက်ဟု ထင်မြင်ခဲ့သော်လည်း နှစ်ယောက်လက်တွဲနှုတ်ဆက်ကြသည့်အခါ  တစ်ဖက်လူမှ ဦးစွာ လက်ပြန်ရုတ်သိမ်းလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။




သို့သော် ပတ်ပတ်လည်တွင် အခြားလူများစွာရှိနေဆဲဖြစ်သောကြောင့် လုအန်း‌ဟယ်မှာ ကြားဝင်‌နှောင့်ယှက်ရန် သာတတ်နိုင်တော့သည်။




 " ဗိုလ်ချုပ်၊ မစ္စတာလင်း၊ ကျွန်တော်တို့စကားပြောဖို့  အပြင်ထွက်ကြမလား။ လူတွေကြည့်နေတာ ကောင်းတာမရှိဘူးလေ "




မည်သည်များဖြစ်ပျက်နေသည်ကို သဘောမပေါက်သည့် ဟယ့်ယွင်ထင်သည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်ကာ  တစ်ခုခုဆွေးနွေးလျှင်ပင် မက်ခါအကြောင်းသာဖြစ်မည်ကို အဘယ့်ကြောင့် နေရာပြောင်းရွှေ့ရမည်နည်းဟု ဆိုလိုသည့် အကြည့်တစ်ချက်ပေးလိုက်သည်။




လင်းဟန်မှာ အမူအရာမပြောင်းလဲသော်လည်း ဤနေရာသို့ လာရောက်ရန် ဖိတ်ကြားချက်ကို သဘောတူခဲ့ခြင်းအတွက် သတ္တမအကြိမ်မြောက် ပင် စတင်နောင်တရနေပြီဖြစ်သည်။




လုအန်းဟယ်သည် ဟယ့်ယွင်ထင်၏အကြည့်ကြောင့် ခေတ္တ တွန့်ဆုတ်သွားသကဲ့သို့ ဟန်ဆောင်လိုက်သည်။ ထို့နောက် ချောင်းအသာဟန့်လိုက်ရင်း လင်းဟန်ကိုပြောလိုက်သည်။




 " ဒါဆို မစ္စတာလင်း ဒီဘက်ကိုကြွပါ "




လင်းဟန်သည် ဟယ့်ယွင်ထင်နှင့် ယှဉ်လျှင် ဤလက်ထောက်ဗိုလ်အပေါ်၌ ပိုမို ကောင်းမွန်သည့် အမြင်ရှိသောကြောင့်  လုအန်းဟယ်၏ စကားကိုချက်ချင်း မပယ်ပေ။ သူက သူအရှေ့တွင် ရပ်နေသည့်ရုပ်ထုထံမှ အကြည့်ကိုလွှဲလိုက်ပြီး ခေါင်းညိမ့်ပြကာ နောက်မှလိုက်သွားသည်။




လုအန်းဟယ်သည် ထိုနှစ်ယောက်ကို ခြေလှမ်းအနည်းငယ်မျှ ကွာဝေးသည့် ဘေးဘက်ခန်းမဆီသို့ ခေါ်သွားသည်။ " ခဏလောက်စောင့်နေပေးပါ၊ ကျွန်တော် ရှန်ပိန်တစ်ခွက် သွားယူပေးပါမယ် "




လင်းဟန်က ခေါင်းညိမ့်လိုက်သည်။




အနောက်ဘက်တွင် ထိုင်ခုံရှည်တစ်ခုရှိသော်လည်း ဟယ့်ယွင်ထင်ကမူ မတ်မတ်ရပ်နေဆဲပင်ဖြစ်သည်။




လုအန်းဟယ် ထွက်ခွာသွားသည်နှင့် နှစ်ယောက်ကြားရှိ နေရခက်သည့်လေထုမှာ ထပ်မံမြင့်တက်လာပြန်သည်။ ၎င်းတို့နှစ်ယောက်ကဲ့သို့ ငြိမ်သက်စွာတည်ရှိရင်း အချိန်ကုန်ဆုံးသွားပုံကို ညွှန်ပြနေသည့် စက်ယန္တားရားအသံထွက်ပေါ်နေသည့်နာရီကြီးတစ်ခုသာ ဘေးဘက်ခန်းမထဲတွင် ရှိလေသည်။




သို့သော် လင်းဟန်သည် ကြာကြာနေရန်  စိတ်ကူးမရှိပေ။




ဤဖိတ်ကြားချက်အား ကောင်းပြီဟုသဘောတူခဲ့ခြင်းအတွက် အဌမအကြိမ်မြောက် နောင်တရလာချိန်တွင် ဤသက်တောင့်သက်သာ မဖြစ်လှသည့်နေရာမှ စတင်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူက အဖွဲ့အစည်း၏ ၀ရန်တာမှ မြင်တွေ့ရသည့် ကြယ်ရောင်စုံကောင်းကင်ကြီးနှင့် အသက်မရှိ သော်လည်း ငြိမ်းချမ်းသည့်သတ္ထုများကို စတင်၍ သတိရစပြုလာ‌သည်။ မကြာသေးမီအချိန်က ဗိုလ်ချုပ်၏မျက်လုံးအရောင်က ထိုကြယ်ပင်လယ်ထက် ပိုသာသည်ဟု သူ ထင်ခဲ့မိသော်လည်း..။




" ဗိုလ်ချုပ်ဟယ့် "သူက ပြုံးလိုက်သည်။




"....."




ဟယ့်ယွင်ထင်သည် သူ့နာမည်ကိုကြားလိုက်သဖြင့် ခေါင်းစောင်းကာ မျက်လုံးပြာများဖြင့် သူ့ကိုစိုက်ကြည့်လာသည်။




' ငါသာ သူ့စိတ်ကိုဘယ်လိုဖတ်ရမလဲဆိုတာမသိခဲ့ရင် သူ့မျက်ဝန်းတွေကို အကြိမ်အနည်းငယ် ထပ်ကြည့်ချင်တဲ့စိတ်ကို တွန်းလှန်နိုင်မှာမဟုတ်လောက်ဘူး 'ဟု လင်းဟန် တွေးလိုက်သည်။




ကံမကောင်းစွာ သူက လူများ၏စိတ်ကို ဖတ်နိုင်နေခဲ့သည်။ 




လင်းဟန်သည် မပျော်မရွှင်ဖြစ်နေသည့်မျက်နှာထားမျိုးကို မကြာခဏ မပြသခဲ့ဖူး‌ချေ။ သူက အေးစက်စွာဖြင့် မျက်နှာကို ငုံ့လာလိုက်သည့်အခါ သူ့မျက်နှာထားမှာ တောင့်တင်းလုနီးနီးဖြစ်နေသည်ကိုပင် ခံစားလိုက်မိသည်။ သူက မေးလိုက်သည်။




" ခင်ဗျားတစ်ခုခုလိုချင်လား "




"...."




ဟယ့်ယွင်ထင်သည် မကြာသေးခင်အချိန်ကပင် ညင်သာစွာ ပြုံးပြနေသည့်လူငယ်လေးက ရုတ်တရက် မျက်နှာအမူအရာပြောင်းလဲသွားခြင်းကို နားမလည်နိုင်သကဲ့သို့ ခဏကြာ မျက်မှောင်ကြုတ်သွားသည်။ သို့သော်ထိုလူငယ်လေးက သူ့လက်ကိုပြန်ရုတ်သွားခဲ့ပြီး အေးစက်စက် အထိအတွေ့မှာ တဒင်္ဂမျှသာဖြစ်ကာ ရှားပါးလှသည့် အားမလိုအားမရဖြစ်မှုနှင့် မရေရာမှုတစ်ချို့ ခံစားလိုက်ရသည်။




ဟယ့်ယွင်ထင်မှာ ခဏကြာ တုံ့ဆိုင်းသွားပြီးနောက် သူ၏နှုတ်ကို ဖွင့်ဟလာသည်။




" တစ်ခုခုမှားနေတယ် "




သူ့အသံက မြင့်မားခြင်းမရှိသလို ‌နိမ့်ကျခြင်းလည်း မရှိသော်လည်း အေးစက်မှုတချို့ကမူ ရှိနေဆဲပင်။




 " ဒီတစ်ခါ ငါမင်းကို လာဖို့ခေါ်လိုက်တာက မက်ခါM2742ရဲ့အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးဖို့ပဲ "




လင်းဟန် "....."




သူ ထိုအရာကိုမမျှော်လင့်ခဲ့ပေ။




သို့သော် ၎င်းမေးခွန်းတွင် မက်ခါအကြောင်းပါဝင်လာသောကြောင့် သူ၏ အမေးအား ပြန်မဖြေရခင် ဦးစွာဗိုလ်ချုပ်၏ သဘောပေါက်နားလည်နိုင်စွမ်းကို တစ်ခဏကြာ မေးခွန်းထုတ်လိုက်သည်။ 




" ဗိုလ်ချုပ်ရဲ့မက်ခါက ပြုပြင်ဖို့ ကျွန်တော့်လက်ထဲ ရောက်နေပါတယ်။တစ်ခုခုမေးစရာရှိလို့လား "




လင်းဟန်၏ အသံမှာ အဆင်ပြေနေဟန် မပေါ်သော်လည်း ဗိုလ်ချုပ်ကမူ ထိုသည်ကို အမှန်တကယ် မကြားနိုင်ခဲ့သည့်အလား ဆက်ပြောလာလေသည်။




 " ပြဿနာတစ်ခုရှိနေတယ် "




လင်းဟန် : "....ပြောပါ "




" အဲ့ဒါကနှစ်ယောက်မောင်းမက်ခါ "




" ကျွန်တော်သိတယ် ဒါပေမဲ့ အဲ့ဒါကို ဗိုလ်ချုပ်တစ်ယောက်ထဲ မောင်းနေတာမဟုတ်ဘူးလား "




"ငါ ညာဘက်လက်မောင်းကိုဖြတ်ပစ်ခဲ့တာ "




" ကျွန်တော် ဒေတာဘောက်ကိုဖယ်ထုတ်လိုက်တုန်းက ဗိုလ်ချုပ်ရဲ့မက်ဆေ့ဂ်ျကို ကြားခဲ့ရပါတယ် "




" အဲ့ဒါ တော်တော်ပျက်စီးသွားခဲ့တာ "




" ကျေးဇူးပြုပြီး‌စိတ်ချလက်ချနေပါ။  ကျွန်တော် အကောင်းဆုံးကြိုးစားပြုပြင်ပေးပါ့မယ် "




လုအန်းဟယ်က စားပွဲထိုးထံမှ ရှန်ပိန်နှစ်ခွက် ယူလာချိန်တွင် နှစ်ယောက်သား၏ ဆက်လက်ပြောဆိုနေသည့်စကားဝိုင်းကို ကြားလိုက်ရသည်။ 




" ဒီမက်ခါကအရမ်းအရေးကြီးတယ် "




" ဗိုလ်ချုပ်က ကျွန်တော်တို့ အဖွဲ့အစည်းကို မယုံကြည်တာလား "




" အခုအမြောက်အမြားထုတ်လုပ်တာတဲ့ဟာ‌တွေအကုန်လုံးက တစ်ယောက်မောင်းမက်ခါတွေဖြစ်နေလို့ စိတ်ပူမိရုံပါ "




"...မောင်းနှင်သူနှစ်ယောက်ပါတဲ့ဟာကလဲ ပြန်ပြင်လို့ရပါတယ် "




ဟယ့်ယွင်ထင်က မျက်ခုံးများကိုပင့်လိုက်ပြီး မိုးပြာရောင်မျက်ဝန်းများဖြင့် ပေါ့ပါးစွာ ကြည့်လာသည်။




လင်းဟန်သည် ထပ်ပြီး မတောင့်ခံနိုင်တော့သည့်အတွက် သူ ပြောခဲ့သည့်စကားကို နောက်ထပ်တစ်ခါ ပြောလိုက်သည်။ 




"  ဗိုလ်ချုပ်၊ အခြားတစ်ခုခုပြောချင်တာ ရှိသေးလား "




ဟယ့်ယွင်ထင်၏မျက်နှာအမူအရာမှာ နောက်ဆုံး၌ အနည်းငယ် ပျော့ပြောင်းသွားကယ လင်းဟန်က အဘယ့်ကြောင့် ဒုတိယအကြိမ် ထပ်မေးလာသနည်းဆိုသည်ကို နားမလည်သော်ငြား စိတ်ရှည်ရန် ဆုံးဖြတ်လိုက်ရင်းမောက်မာစွာဖြင့် ထပ်မံဖြေ‌ဆိုလိုက်သည်။




" ရှိတယ် "




လင်းဟန် : "....."




" ဘော့စ် "




လုအန်းဟယ်သည် ရှန်ပိန်ခွက်များတင်ထားသည့် ဗန်းကိုပင် လွတ်ကျလုမတတ်ဖြစ်သွားကာ သူ၏အမြင်အာရုံများမှောင်မိုက်သွားတော့သည်။ စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေကြောင့် ယဉ်ကျေးသည့်အသုံးနှုန်းများကို မေ့လျော်သွားပြီး နှုတ်မှ စကားလုံးများလွတ်ထွက်သွားသည့်အချိန်မှာသာ  သဘောပေါက်သွားသည်။ 




"......ဗိုလ်ချုပ်၊ ရှန်ပိန်ပါ "




ဟယ့်ယွင်ထင်က ရှန်ပိန်ခွက်ကို လှမ်းယူလိုက်သည့်အခါ လုအန်းဟယ်က နောက်တစ်ခွက်အား လင်းဟန်ဆီသို့လျင်မြန်စွာ ကမ်းပေးလိုက်ပြီး လူအများနှင့် ဆက်‌ဆံသည့်နေရာတွင် သူ၏ဘော့စ်မှာ အမှန်တကယ် တုံးအကြောင်း လင်းဟန်နားလည်စေရန် ကြိုးပမ်းလိုက်သည်။  




" မစ္စတာလင်း၊ ရှန်ပိန် "




လုအန်းဟယ်သည် အပေါက်များကို စတင်ဖာထေးတော့သည်။ 




" ဒါကဒီလိုပါ မစ္စတာလင်း၊ ဗိုလ်ချုပ်က ခင်များကို ဒီခေါ်ခဲ့တာက  တကယ်ပဲ M2742ကြောင့်ပါ။ ကျွန်တော်တို့က ခင်များရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး သေချာပေါက် မေးခွန်းမထုတ်ပါဘူး။ ဒါပေမဲ့ ဒေတာဘောက်ထဲမှာ ထည့်ပြောလို့မဖြစ်တဲ့ တချို့အသေးစိတ် ကိစ္စလေးတွင် ရှိနေခဲ့လို့..."




လုအန်းဟယ်သည် အချက်အလက်များအား မည်သည်ကပြောသင့်သည်၊ မည်သည်က မပြောသင့်သည်ကို ချင့်ချိန်ဆုံးဖြတ်နေရသကဲ့သို့  စကားများကိုပြတ်တိပြတ်တောင်း ပြောလာသည်။




" ပိုပြီးအရေးကြီးတာက ဒီမက်ခါရဲ့ပြုပြင်မှုက စိတ်စွမ်းအားအပေါ် ပိုပြီးမူတည်နေတယ်ဆိုတာပါ။ ဆက်သွယ်တဲ့စနစ်ကို ပြန်ပြီးတည်ဆောက်တဲ့အခါ တခြားဘာဆုံးရှုံးမှုမှ မရှိတာသေချာဖို့အတွက် SSS အဆင့်ရှိတဲ့စိတ်စွမ်းအား အတည်ပြုမှုကို လိုအပ်ပါတယ်  ကျွန်တော်တို့ ခင်များကို ဒီကိုခေါ်လိုက်ခဲ့တာက ဒီအချက်ကို အဓိကပြောပြချင်လို့ပါ "




လုအန်းဟယ်သည် သူ့၏စစ်ဝတ်စုံယူနီဖောင်းထဲမှ M2742၏သော့နှင့်စမ်းသပ်သေတ္တာလေးတစ်ခုကို ထုတ်ယူကာ ပြောလာသည်။ 




" ကျွန်တော်တို့ ခင်များအတွက် SSS အဆင့်ရှိတဲ့စိတ်ဝိညာဉ်စွမ်းအားနမူနာကို ပြင်ဆင်ထားခဲ့တာမို့ ခင်ဗျားကို အဲ့ဒါပေးချင်လို့ပါ "




လင်းဟန် နောက်ဆုံးတွင် နားလည်သွားတော့သည်။




ဟယ့်ယွင်ထင်သည် နာမည်လေးတစ်ခုမျှပင်မရှိသည့် ဤမက်ခါကို အမှန်တကယ် ဂရုစိုက်ပုံပေါ်ပြီး ပြုပြင်မှုမှားယွင်းသွားမည်ကို စိုးရိမ်‌ခဲ့သည်။ ထို့ကြောင့် မက်ခါပညာရှင်မှ အတည်ပြုခြင်းနှင့် ပြုပြင်ခြင်းအဆင့်တွင် အသုံးပြုရန် စိတ်ဝိညာဉ်စွမ်းအားကို သူ့နည်းသူ့ဟန်ဖြင့် ထုတ်ယူလာခြင်းပင်။ ဖယ်ရိုမုန်းများမှာ ဒုတိယလိင်အမျိုးအစားအား ကိုယ်စားပြု၍ အခြားသူအား အမှတ်အသားပြုရန် ခန္ဓာကိုယ်ရှိ ဂလင်းများထဲတွင် တည်ရှိနေသည့် အသုံးမ၀င်သည့်အရာဖြစ်လျှင် စိတ်၀ိညာဥ်စွမ်းအားမှာ အမှန်တကယ်  အသုံး၀င်သည့် လက်နက်ဖြစ်ပြီး  လိုအပ်သလို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်သည်။




ခေတ်‌ရှေ့ပြေးသောမက်ခါများ၌ အသေးစိတ်သက်‌သေခံစနစ်ပါရှိကာ အထူးသီးသန့်မက်ခါတွင် ပိုင်ရှင်၏စိတ်ဝိညာဉ်စွမ်းအားများကိုပင် ခွဲခြားသတ်မှတ်နိုင်စွမ်းရှိပေသည်။ အကယ်၍ ထိုအရာ လစ်လပ်နေလျှင် မက်ခါအား စတင်၍ပင် မရနိုင်ချေ။




ယခုအခါ လုအန်းဟယ်၏ လက်ထဲ၌ တစ်ခါထဲ ထည့်သွင်းနိုင်ရန်ရှိနေပြီး အကယ်၍ အသုံးပြုရန် ရည်ရွယ်ချက်ရှိသည့် တစ်စုံတစ်ယောက်သာ ခိုးယူသွားခဲ့နိုင်လျှင် မက်ခါ၏သော့နှင့် စိတ်ဝိညာဉ်စွမ်းအားနမူနာများဖြင့် ထိုလူသည် ဗိုလ်ချုပ်နေရာအား အစား၀င်ကာ  အထူးသီးသန့်မက်ခါကို မောင်းနှင်သွားနိုင်မည်ဖြစ်သည်။




ထိုသူသည် သူက D- အိုမီဂါတစ်ယောက်ဖြစ်သည်ကို သိရှိထားသောကြောင့်သာ သော့ကိုသာမက စိတ်စွမ်းအားနမူနာကိုပါ ယုံကြည်ချက်ရှိရှိ ပေးအပ်လာခြင်းဖြစ်ပေသည်။ သူ ဖိတ်ကြားခံရသည့်အကြောင်းအရင်းမှာ ဗိုလ်ချုပ်၏ အောင်ပွဲခံအခမ်းအနားတွင်ပါ၀င်ရန် မဟုတ်ဘဲ မက်ခါပြုပြင်ရာတွင် ‌ညွှန်ကြားချက်‌များပေးရန်အတွက်သာ ဖြစ်ပေသည်။




သတိရှိရှိဖြင့် နိုးနိုးကြားကြားရှိခြင်းက မှားယွင်းသည်မဟုတ်သဖြင့် လင်းဟန်စိတ်မဆိုးပေ။




၎င်းတို့သည် ဤပစ္စည်းကို သူ့အား ပေးလိုသည်ဆိုကတည်းက သူ့အပေါ်တွင် ထားရှိသည့် တစ်ဖက်သူ၏ယုံကြည်မှုမှာ မြင့်မားနေပြီဖြစ်ကြောင်းပြသနေလေသည်။ ထို့ကဲ့သို့ သဘောပေါက်မှုများကြောင့် ဟယ့်ယွင်ထင်နှင့်ပတ်သတ်သည့် သူ၏စိတ်မကျေနပ်မှုအချို့မှာ အနည်းငယ် ပြေလျော့သွားခဲ့ပြီး လုအန်းဟယ်၏လက်ထဲမှပစ္စည်းကို ယူလိုက်သည့်အချိန်၌ လင်းဟန်၏မျက်နှာထားမှာ အနည်းငယ်ကြည်လင်နေပြီဖြစ်လေသည်။




" ကျွန်တော်သိပြီ "




နောက်ဆုံးမှာတော့ လုအန်းဟယ်သည် စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းစွာဖြင့် သူ ရောက်လာသည်မှာ နောက်ကျမသွားခဲ့ပေ။ လင်းဟန်သည် ဟယ့်ယွင်ထင်နှင့် ဆက်လက်အတူမရှိလိုသည်ကို တွေ့လိုက်ရသည့်အခါ ဦးစွာပြောလိုက်သည်။ 




" မစ္စတာလင်း၊ စောစောက ထိုင်ခုံနေရာကို ပြန်သွားချင်လား၊ အောင်ပွဲခံပါတီက မကြာခင် စတော့မှာ "




" ဟင့်အင်း " လင်းဟန်ငြင်းဆိုလိုက်သည်။




 " ဗိုလ်ချုပ်က ကျွန်တော့်ကို နမူနာပေးဖို့ ဒီမှာရှိနေတာလေ။ အခုကျွန်တော်လည်းရပြီးပြီဆိုတော့ ကြာကြာမနေတော့ပါဘူး "




" ကောင်းပါပြီ "လုအန်းဟယ်တုံ့ပြန်လိုက်၏။ " ဒါဆိုမစ္စတာလင်းကို တစ်ယောက်ယောက် ပြန်..."




သူက စကားကို ပြီးဆုံးအောင် မပြောရသေးခင်မှာပင် ဟယ့်ယွင်ထင်ကရုတ်တရက် ဝင်ပြောလာသည်။ 




" မင်းလိုက်ပို့ပေးလိုက် "




လုအန်းဟယ်သည် သူ့စကားလုံးများကိုချက်ချင်းပင်  ပြောင်းလဲပစ်လိုက်သည်။ " ဒါဆိုမစ္စတာလင်း၊ ကျွန်တော်နဲ့လိုက်ခဲ့ပါ  ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးပါ့မယ် "




လင်းဟန်သည် ဟယ့်ယွင်ထင်က သူ၏ လက်ထောက်ဗိုလ်အား ကိုယ်တိုင်လိုက်ပို့ခိုင်းသဖြင့် အနည်းငယ် အံ့ဩမိ‌သော်လည်း မငြင်းဆန်လိုက်ပေ။




" ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်၊ ဗိုလ်ချုပ် "




ဟယ့်ယွင်ထင်သည် စကားပြောနေရာမှ ရပ်သွားကာ လင်းဟန်ကို ငြိမ်သက်စွာ‌ဖြင့် ကြည့်လာသည်။




လင်းဟန်သည် ထရပ်ကာ လုအန်းဟယ်နှင့်အတူ အပြင်ဘက််ထွက်ရန် ပြင်လိုက်ပြီး တံခါးနားသို့ ရောက်သည့်အခါ ဘေးဘက်ခန်းမ၏တံခါးမှာ ရုတ်တရက်ကြီးတွန်းဖွင့်ခံလိုက်ရပြီး ရှန်ပိန်ခွက်များသယ်လာသည့် စားပွဲထိုးတစ်ယောက်က အသည်းအသန်ဖြစ်လျက် ၀င်ရောက်လာလေသည်။ 




" ဗိုလ်ချုပ်၊ ဧည့်ခံပွဲက မကြာခင်စတော့...."




လင်းဟန်သည် မသိစိတ်က ရှောင်လိုက်မိပြီး တိုက်ဆိုင်စွာဖြင့် ဟယ့်ယွင်ထင်က တံခါးနားတွင် မတ်တပ်ရပ်နေသည်။ ထိုလူ တံခါးကို တွန်းဖွင့်လိုက်သည့်အခါ အထဲသို့ဝင်လာသည့် သစ်သားတံခါးသည် ဟယ့်ယွင်ထင်၏ညာဘက်ပုခုံးကို အရှိန်ဖြင့် တိုက်ရိုက် ရိုက်နှက်မိသွားတော့သည်။




" ဘော့စ် " လုအန်းဟယ် အလန့်တကြားအော်လိုက်မိပြီး တစ်ချိန်ထဲမှာပင် လင်းဟန်သည်လည်း မကြားနိုင်ရ‌လောက်သည်အထိ တိုးညင်းလွန်းလှသည့် နာကျင်မှုကြောင့် ညည်းတွားသံကို ကြားလိုက်ရသည်။




အကြောင်းကြားရန် ရောက်လာသော စားပွဲထိုးလေးမှာ ဗိုလ်ချုပ်ကို ခိုက်မိ‌စေရန် မမျှော်လင့်ထားသည့်အတွက် တောင်းပန်စကားပြောဆိုရင်း ခြေထောက်များပင် ပျော့ခွေကာ ကြောက်လန့်နေလေသည်။




" ကျွန်‌တော် တောင်းပန်ပါတယ်။ကျွန်တော် တောင်းပန်ပါတယ်။ အကြောင်းကြားဖို့ အလျင်စလိုဖြစ်သွားခဲ့မိလို့ပါ။ ကျွန်တော် မမျှော်လင့်...."




လုအန်းဟယ်သည် စားပွဲထိုးလေးအား စကားအနည်းငယ်ပြောကာ ပြန်လွှတ်လိုက်ပြီး ဟယ့်ယွင်ထင်ကိုစိုးရိမ်စွာဖြင့် အလျင်စလို ကြည့်လိုက်သည်။




" အဆင်ပြေရဲ့လား "




လင်းဟန်သည်လည်း မော့ကြည့်လာပြီး  ခန့်ညားသည့်ဗိုလ်ချုပ်မှာ သူစောစောကမြင်ခဲ့သည့် အေးစက်ကာ မာနကြီးသည့် ဗိုလ်ချုပ်ပုံစံနှင့် ကွဲပြားမှုမရှိ၊ အမူအရာကင်းမဲ့နေဆဲပင် ။ သို့သော် သူမျက်တောင်တစ်ချက်ခတ်လိုက်သည့်အခါ ဟယ့်ယွင်ထင်၏ ဦးထုပ်အနားပြန့် အောက်မှ ချွေး‌စေးတစ်စက် စီးကျလာသည်ကို တွေ့လိုက်ရသည်။




ဟယ့်ယွင်ထင်က ခေါင်းယမ်းလိုက်ပြီး သူ၏နှုတ်ခမ်းများ‌မှာလည်း အေးစက် တောင့်တင်းကာ မည်သည့်စကားတစ်ခွန်းကိုမှ မပြောလာပေ။




လင်းဟန်သည် ယမန်နေ့က ဒေတာ ဘောက်ထဲမှ ကြားခဲ့ရသည့် ညည်းတွားသံတစ်ချို့ကို ပြန်လည်သတိရသွားသည်။




ဗိုလ်ချုပ်၏စကားလုံးများမှာ  အနည်းငယ် စိတ်တိုစရာကောင်းသော်လည်း လင်းဟန်သည် ဤအခြေအနေကို လင်းဟန် လက်လွတ်စပယ် မကျော်သွားနိုင်သောကြောင့် ပြောလိုက်သည်။ 




" ဗိုလ်ချုပ် ဒဏ်ရာရထားတာလား။ ကြယ်တာရာဓားပြတွေကြောင့်လား "




👾