အပိုင်း ၅
Viewers 2k

👾Chapter - 5


[အနံ့‌ကမွှေးကြိုင်ရုံတင်မကဘူး၊ ချိုလဲချိုတယ်]




လုအန်းဟယ်သည် လင်းဟန်က ထိုမျှ အသေးစိတ်ကျကျ သိရှိ‌နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် သူက လင်းဟန်သည် အသံသွင်းဖိုင်ကို ကြားခဲ့ပြီးမှန်းသိသည့်အတွက် ဖုံးကွယ်လိုစိတ်မရှိ‌နေတော့ပေ။




" ဟုတ်တယ်...အဲ့အချိန်တုန်းက တခြားအဖွဲ့နောက်ကိုလိုက်သွားမိတဲ့ ကျွန်တော့်အပြစ်ပါ ။ ကျွန်တော်တို့အပေါ်ကို အမြတ်ယူလို့ရအောင် အဲ့ဒီဓားပြကောင်တွေကို အခွင့်အရေးပေးသလိုဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ဗိုလ်ချုပ်ရဲ့အလင်းတန်းဓားသွားက မြန်မြန်ဖြတ်ပစ်လိုက်နိုင်လို့၊ မဟုတ်ရင် တကယ်..."




" ထိခိုက်မှုအသေးစားလေးပါ " ဟယ့်ယွင်ထင်က စကားဖြတ်ပြောလိုက်သည်။




လုအန်းဟယ်မှာ ဆက်လက်ပြောဆိုလိုနေပြီး " ဗိုလ်ချုပ်က  သိသိသာ..."




" ငါကပဲ မင်းကို အဖွဲ့ D ကို သွားဖို့အမိန့်ပေးခဲ့တာ၊ အဲ့ကိစ္စ မင်းနဲ့မဆိုင်ဘူး "




လင်းဟန်သည် ဟယ့်ယွင်ထင်ကစကားပြောနေရင်း တစ်ခုခုကိုရှာနေဟန်ဖြင့် ဘေးနားသို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။




"ကောင်းပါပြီ၊ကောင်းပါပြီ၊ကောင်းပါပြီ၊ ကောင်းပါပြီ " လုအန်းဟယ်က ပြီးစလွယ် သဘောတူလိုက်ရင်း လင်းဟန်ဘက်သို့ ခေါင်းပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ " ဒါဆိုသွားကြရအောင် "




" ခဏ "




လုအန်းဟယ်သည် သူက တခြား မည်သည့်အမိန့်ရရှိထားသည်ကို မသိပေ။




" ဘာဖြစ်လို့လဲ "




ဟယ့်ယွင်ထင်က ပြန်မဖြေ။ သူက ထိုနှစ်ယောက်နားသို့သာ လမ်းလျှောက်လာလေသည်။




လင်းဟန်သည် ထိုသူက လုအန်းဟယ်အား တစ်ခုခုအမိန့်ပေးမည်ဟု တွေးလိုက်မိသဖြင့် အရပ်ရှည်ရှည်ပုံသဏ္ဍာန်တစ်ခုက သူ့အရှေ့တွင် လာရပ်ချိန်တွင် သံသယဖြစ်ပွားမှုကို ရှောင်ကျဉ်ရန် နောက်သို့ ခြေတစ်လှမ်းဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူ ဘာမှမပြောနိုင်ခင်တွင် သူ့လက်ထဲသို့ တစ်စုံတစ်ခုရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။




" ညစ်ပတ်တယ် " ဟယ့်ယွင်ထင်က သူရှာတွေ့သည့်  သန့်ရှင်းသောလက်ကိုင်ပဝါတစ်ထည်ကို လင်းဟန်၏ လက်ပေါ်သို့  ဖိလိုက်ရင်း ပြောလာသည်။




ထိုအခါမှ စောစောက ၀င်လာခဲ့သည့် စားပွဲထိုးသည် ဖန်ခွက်ထဲရှိ ရှန်ပိန်များအားလုံးကို သူ့လက်အပေါ် တမင်တကာ မှောက်ချခဲ့သည်ကို လင်းဟန်သဘောပေါက်သွားတော့လေသည်။




" ကျွန်တော်ဘာသာလုပ်လိုက်ပါ့မယ်..." လင်းဟန်က လက်ကိုင်ပဝါကိုလျင်မြန်စွာ လှမ်းယူလိုက်ပြီး လက်ကို သုတ်ရန်အတွက် လက်အိတ်တစ်ဖက် ချွတ်လိုက်သည်။ သို့သော် လက်အိတ်ချွတ်လိုက်သည့် အချိန်လေး၌ လင်းဟန်၏လက်ဖျားလေးများနှင့် ဟယ့်ယွင်ထင်၏ လက်တစ်ဖက်မှာ အနည်းငယ် ထိမိသွား‌တော့သည်။




[သူ့အနံ့ကအရမ်းကောင်းလွန်းတယ်]




လင်းဟန် : "....."




သူ မှားယွင်းခဲ့ခြင်းပင်။ ထင်ယောင်ထင်မှားများဖြစ်သည်ဟု အစကတည်းက မတွေးခဲ့သင့်ချေ။




ပထမတစ်ကြိမ်မှာ  နားကြားမှားခြင်းဖြစ်နိုင်‌သော်လည်း ဒုတိယအကြိမ်တွင်မူ ထိုကဲ့သို့ မဖြစ်နိုင်တော့ချေ။




လင်းဟန်၏ လက်အိတ်များပေါ်တွင် ရှန်ပိန်များ ရှိနေဆဲဖြစ်သဖြင့် ဟယ့်ယွင်ထင်ကမ်းပေးလာသည့်လက်ကိုင်ပဝါဖြင့် သာမန်ကာလျှံကာ ဆက်သုတ်လိုက်သည်။ လင်းဟန်လက်ကိုင်ပဝါကိုယူလိုက်စဉ် သူ့အရှေ့မှ အရပ်ရှည်ရှည်နှင့် ဖိအားများသည့်လူက ဘေးသို့အနည်းငယ် ရွေ့သွားပေးသည်ကို ခံစားမိလိုက်သည်။ လူကြီးလူကောင်းဆန်သည့်အပြုအမူဖြင့် ခြေတစ်လှမ်း နောက်ဆုတ်သွားခြင်းပင်။




သို့ရာတွင် တစ်ဖက်လူ၏စိတ်ထဲမှအတွေးစကားများကမူ သူ၏နားထဲတွင် တဝဲလည်လည်ဖြစ်နေကာ ထိုလူကြီးလူကောင်းဆန်လှသည့်အပြုအမူက လင်းဟန်၏စိတ်ကို လုံးလုံး မလှုပ်ရှားစေနိုင်ပေ။




သို့သော် ဤအကြောင်းကို ဟယ့်ယွင်ထင်က မသိရှိချေ။ သူက လင်းဟန်ကိုအလေးအနက် ငုံ့ကြည့်လိုက်ပြီး ထိုသူ၏လက်ပေါ်တွင် ရှန်ပိန်စက်များ မကျန်ရှိတော့သည့်အခါမှ အဝေးသို့  အနည်းငယ် အကြည့်လွှဲလိုက်သည်။




လင်းဟန် ခေါင်းမော့လိုက်သည့်အခါ အကြည့်လွှဲသွားသည့် ဟယ့်ယွင်ထင်ကို တွေ့လိုက်ရသည်။ ထိုသူ၏ မျက်ခုံးရိုးများမှာ အေးစက်ကာ စစ်ဦးထုပ်၏ဖုံးအုပ်ခြင်းကို မခံထားရသည့် ငွေဖြူရောင်ဆံချည်မျှင်တစ်ခုက လွတ်ထွက်နေပေသည်။




ထိုသူသည် ယခုလေးတင် ဒဏ်ရာကိုထိခိုက်မိကာ သူ့အား လက်ကိုင်ပဝါကမ်းလာသူ၊ထို့အပြင် သူ့အနံ့ကောင်းမွန်ကြောင်းကို စိတ်ထဲ၌ ပြောနေခဲ့သူ မဟုတ်သည့်အလားပင်။




" ဗိုလ်ချုပ် "




သူ တွေးနေသည်မှာ ထိုအရာမှန်းသေချာသွားသည့်အခါ လင်းဟန်၏ ထိတ်လန့်မှုနှင့် ဒေါသထွက်မှုများ  ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် သူစကားပြန်ပြောလာသည့်အခါ သူ့ပုံစံမှာ ဒေါသထွက်မနေရုံသာမက မျက်နှာကိုလည်း မော့လာရင်း နှုတ်ခမ်းထောင့်များက အဓိပ္ပာယ်ရှိရှိ ကွေးညွတ်နေသည်။




' ခင်ဗျားမှာ ဘာမှပြောစရာမရှိတော့ဘူးလား ' 




' ခင်ဗျားကျွန်တော့်ကိုသိတာလား။ ခင်ဗျားက ဘာလို့ကျွန်တော့်အနံ့ကိုရနိုင်နေရတာလဲ '




လင်းဟန်သည် မေးမြန်းလိုသဖြင့် မော့ကြည့်လိုက်သည့်အချိန် ဟယ့်ယွင်ထင်၏မျက်နှာတစ်ဖက်ခြမ်းတွင် နာကျင်မှု‌ကြောင့် စီးကျလာသည့် ချွေးစက်အချို့ကို တွေ့လိုက်ရပြီး မေးမြန်းလိုသည့်စကားလုံးများမှာ ပါးစပ်ထဲတွင်သာ ပြန်ကွေ့သွားရကာ အဆုံး၌ မျိုချလိုက်ရတော့သည်။




' ထားလိုက်‌ပါတော့ ' သူက တွေးလိုက်သည်။




သူနှင့်ဟယ့်ယွင်ထင်တို့မှာ အကြိမ်အနည်းငယ် ထပ်မံတွေ့ဆုံရန် မဖြစ်နိုင်သည်ကို ထည့်သွင်းမပြောဆိုလျှင်ပင်  မေးမြန်းရန် ရှက်စရာကောင်းလွန်းပေသည်။ လင်းဟန်သည် ထိုကဲ့သို့တွေးလိုက်မိသောကြောင့် မေးမြန်းမည့်မေးခွန်းအားအချိန်တစ်ခုကြာ နောက်ဆုတ်ထားလိုက်သည်။




ဟယ့်ယွင်ထင်သည် လင်းဟန်ခေါ်သည်ကိုကြားလိုက်‌သဖြင့် လှည့်ကြည့်လိုက်ပြီး လင်းဟန်အား မျက်နှာအမူအရာကင်းမဲ့၍ ငြိမ်သက်စွာဖြင့် ကြည့်နေကာ  သူ့ကို အဘယ့်ကြောင့်ခေါ်လိုက်သည်ကို သိလိုသည့်အလားပင်။




သို့သော် လင်းဟန်ကမူ ၎င်းကို နားမလည်ချေ။ ဟယ့်ယွင်ထင်က မည်သည့်စကားကိုမှ ပြောဆိုလာခြင်းမရှိသကဲ့သို့ သူသည်လည်း မလိုအပ်သည့် လှုပ်ရှား‌မှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ချေ။




သို့သော်ငြား  ထိုသူ၏မျက်လုံးများနှင့်ဆံချည်မျှင်များမှာ အလွန်တရာထူးခြားလှသဖြင့် လင်းဟန်က တစ်ဖက်လူ၏မျက်ဝန်းပြာများအား မကြည့်မိရန် တောင့်ခံနိုင်ခြင်းမရှိသည့်အပြင် ထိုသူ၏မျက်လုံးထဲ၌ သူ့ကိုယ်သူ ပြန်မြင်နေရသည်။ 




ဟယ့်ယွင်ထင်ဘက်မှစ၍ အကြည့်မလွှဲသွားခင်အချိန်အထိ နှစ်ယောက်သည် ခဏမျှ ငြိမ်သက်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။




သူသည် လင်းဟန်အား စိုက်ကြည့်နေခြင်းကိုရပ်တန့်လိုက်ပြီး‌ အဓိကခန်းမထဲသို့ တည့်တည့်မတ်မတ် လမ်းလျှောက်သွားကာ မည်သည့်ကိစ္စမှ မဖြစ်ခဲ့သည့်အလားပင်။ ထိုသူသည် မည်သည့်အရာကိုမှ ဂရုမစိုက်သည့် မာနကြီးသူတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး အင်ပါယာ၏ အအေးစက်ဆုံးသောလက်နက်တစ်ခု ဖြစ်ပေသည်။




လုအန်းဟယ်မှာ သူ့ ဘော့စ်ဖြစ်သူ အရင်ထွက်သွားသည်ကို တွေ့လိုက်ရသည့်အခါ လင်းဟန်ဆီသို့ လျှောက်လာသည်။ " မစ္စတာလင်း၊ ကျွန်တော် ခင်များကို ပြန်ပို့ပေးပါ့မယ် "




လင်းဟန်သည် အရပ်ရှည်‌ရှည်နှင့် အစိမ်းရောင်ပုံသဏ္ဌာန်တစ်ခု တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဂုဏ်သတင်းနှင့်‌ကျော်ဇောမှုတို့ဖြင့် စု ဝေးနေသော ပွဲခင်းအတွင်းသို့ ၀င်ရောက်သွားသည်ကို ကြည့်နေသည်။




အဓိကခန်းမထဲမှ လူများမှာ ဟယ့်ယွင်ထင်ပြန်လည်ရောက်ရှိလာသည်ကိုမြင်သည်နှင့် နေရာပေါင်းစုံမှ ဆူညံ‌သောဂုဏ်ပြုသံများနှင့် အားပေးသံများမှာ ကျယ်လောင်စွာဖြင့် တစ်ဖန်ထွက်ပေါ်လာပြန်သည်။ လင်းဟန်က လူအန်းဟယ်နှင့်အတူ ဆန့်ကျင်ရာအရပ်ဆီသို့ လိုက်သွားခဲ့ရာ ဆူညံသံများကို တဖြည်းဖြည်း မကြားရတော့ချေ။




' သူလဲ ဒီလိုပွဲတွေကို မကြိုက်တာလား ' လင်းဟန်သည် မက်ခါ၏သော့နှင့် ဟယ့်ယွင်ထင်၏ SSS နမူနာကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်ပြီး အကြောင်းရင်းမရှိ ထိုသို့တွေးလိုက်သည်။




**




နောက်ဆုံးတွင် လုအန်းဟယ်မှာ ဟယ့်ယွင်ထင်၏ အယုံကြည်ရ‌ဆုံးသောလက်အောက်ငယ်သားဖြစ်ကာ ဟယ့်ယွင်ထင်၏ ကိုယ်ပိုင်လေယာဉ်ကိုပင် မောင်းခွင့်ရှိလေသည်။ လင်းဟန်သည် ထိုသူ့ကို ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်ရင်း လိပ်စာပေးလိုက်သည်။




လုအန်းဟယ်က လင်းဟန် သူ့အား ပေးလာသော လိပ်စာကို အတည်ပြုလိုက်ရင်း " မစ္စတာလင်းက အင်ပါယာစစ်တက္ကသိုလ်နားမှာနေတာလား။ ကျွန်တော်လိပ်စာအတည်ပြုပါရစေ "




လင်းဟန်သည် သူ့ကို 'အင်း'ဟူ၍အသံပြုလိုက်ကာ ပေါ့ပေါ့ပါးပါးပြောသည်ယ




" ကျွန်တော် အဲ့ဒီမှာ အကြာကြီးလေ့လာခဲ့တာလေ။ အဲ့ဒါနဲ့ တာဝန်ကျတော့ အဲ့ဒီနားမှာပဲနေဖို့ဆုံးဖြတ်လိုက်ခဲ့တာ "




လုအန်းဟယ်က လေယာဉ်ကိုစတင်ထွက်ခွာ‌လိုက်ပြီး မောင်းနှင်ခုံနေရာ၏ ဘေးဘက်ရှိ ဘူးထဲမှ သရေစာမုန့်ထုပ်‌များပါသည့် အထုပ်ကြီးကိုပေါ့ပါးစွာ ဆွဲထုတ်လိုက်ပြီး စတင်စားတော့သည်။ သူက လင်းဟန်ဘက်ကိုခေါင်းလှည့်၍ ကြည့်လိုက်ပြီး မုန့်ထုပ်တစ်ထုပ် ကမ်းပေးသည်။ 




" မစ္စတာလင်း ၊ မုန့်စားဦးမလားဗျ  "




လင်းဟန်မှာ မူလကငြင်းဆိုချင်သော်လည်း အာဟာရဓာတ်စာမစားရသေးသည်ကို တွေးမိသွားခဲ့သည်။ ဟယ့်ယွင်ထင်က သူ့ကို လာခေါ်သည့်အချိန်တွင် ပါတီမစသေးသဖြင့် သူက ဘာကိုမှ မစားခဲ့ရချေ။ ထို့ကြောင့် သူက လှမ်းယူကာ ပြောလိုက်သည်။ " ကျေးဇူးတင်ပါတယ် "




လုအန်းဟယ်က ပြုံးလိုက်ရင်း သရေစာမုန့်များထားသည့်နေရာသို့ လက်ညိုးထိုးပြလိုက်သည်။ " မလောက်ရင် အဲဒီမှာ အများကြီးရှိသေးတယ်နော် "




လင်းဟန်သည် သိချင်စိတ်အချို့ဖြင့်မေးမြန်းလိုက်သည်။"‌ ဒါက ဗိုလ်ချုပ်ရဲ့လေယာဉ်မဟုတ်ဘူးလား " 




မမျှော်လင့်စွာပင် သူကသရေစာမုန့်များကို စုဆောင်းတတ်သည့်ရှဉ့်‌တစ်ကောင်ဖြစ်နေသည်။




 " ဟုတ်ပါတယ် " ဘော့စ်ဖြစ်သူမရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်စွာ လုအန်းဟယ်က ပို၍ စိတ်အေးလက်အေးဖြစ်နေလေသည်။  " အဲဒါတွေက ကျွန်တော် ခိုးပြီး ဖွက်ထားတာလေ "




လင်းဟန်က စိတ်ဝင်စားမိသွားလေသည်။" သူ့လေယာဉ်ပေါ်မှာ ခင်ဗျားရဲ့သရေစာမုန့်တွေကို ဖွက်ထားတာပေါ့ "




လုအန်းဟယ်တွင် ကောင်းမွန်သည့်ပင်ကိုယ်စရိုက်ရှိပြီး ပြုံးလိုက်သည့်အခါတိုင်း သွားစွယ်များက ပေါ်လာကာ ပေါင်းသင်းရလွယ်ကူသူဖြစ်ပေသည်။အကယ်၍ သူသာ မသိခဲ့လျှင်  ထိုသူမှာအေးစက်လွန်းလှသည့်ဗိုလ်ချုပ်၏ လက်ထောက်တစ်ယောက်ဖြစ်သည်ကို တွေးကြည့်မိရန်မှာ မဖြစ်နိုင်လုနီးပါးပင်။ 




" မကြာခဏ ကျွန်တော်က သူ့လေယာဉ်ကိုကူမောင်းပေးရတယ်လေ ။ အကြိမ်ရေနည်းနည်းများတာမို့ နည်းနည်းလောက်ဖွက်ထားလိုက်တာ "




လင်းဟန် : " ဗိုလ်ချုပ်ရော သရေစာတွေစားတာလား "




လုအန်းဟယ်သည် အလိုအလျောက်မောင်းနှင်သည့်စနစ်သို့ပြောင်းလဲလိုက် လင်းဟန်ဘက်သို့ လှည့်ကာ လက် ဝှေ့ယမ်းသည်။ " မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူက ဘယ်တော့မှမစားဘူး။ အရမ်းပျင်းဖို့ကောင်းလွန်းတယ် "




လုအန်းဟယ်က ပြန်‌တွေးလိုက်ရင်းနှာခေါင်းရှုံ့လိုက်သည်။ သူက ဘော့စ်ဖြစ်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို အပြစ်ရှိစိတ် တစိုးတစိ မရှိစွာထုတ်ဖော်ပြောလာတော့သည်။ 




" သရေစာမုန့်တွေမပြောနဲ့ သူက စစ်တပ်က စံအနေနဲ့ကျွေးတဲ့ဟာတွေကိုပဲစားတာ။ အာဟာရတော့ရှိပေမဲ့ အရသာဘယ်တော့မှမပြောင်းလဲတာမျိုးလေ။ ကျွန်တော်ဆို အဲ့ဒါတွေ စားမိတာများရင် အန်ချင်လာရောပဲ "




လင်းဟန်သည် အင်ပါယာစစ်တက္ကသိုလ်တွင် လေ့လာစဉ်က ထိုသည်ကို မြင်ခဲ့ဖူးသည်။ အာဟာရမျှတစွာ ချက်ပြုတ်ထားသည့် အစားအစာများသည် စား‌သုံးရန် အမှန်တကယ် ခက်ခဲလွန်းလှသည်။




လုအန်းဟယ်က သူနှင့် အချိန်အနည်းငယ် စကားပြောနေခဲ့ပြီး ပန်းတိုင်သို့ ရောက်သည့်အခါ လေယာဉ်က ရပ်သွားတော့သည်။




လင်းဟန်က သူ့ကိုကျေးဇူးတင်လိုက်သည်။" မက်ခါအတွက်ကတော့ အဖွဲ့အစည်းဘက်ကနေ တတ်နိုင်သမျှ မြန်မြန်ပြင်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ "




"ကောင်းပါပြီ " လုအန်းဟယ်က သူ့အား ဆက်သွယ်နိုင်ရန် အ‌ချက်အလက်များ ပေးလာသည်။ " ကိစ္စတစ်ခုခုရှိရင် ဆက်သွယ်ရေးကိရိယာကနေ ကျွန်တော့်ကို တိုက်ရိုက်လှမ်းခေါ်လိုက်ပါ။ ဒါဆို ကျွန်တော်ပြန်တော့မယ်။ ဘော့စ်ကကျွန်တော့်ကို စောင့်နေတုန်းပဲမို့ "




လင်းဟန်က အိမ်သို့ ပြန်လာခဲ့ပြီးနောက် အာဟာရဓာတ်စာများအား ဦးဆုံး ရှာဖွေရန် တွေးလိုက်သည်။ သို့သော် ကိုယ်လက်သန့်စင်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ အားနည်းသည့် လက္ခဏာများကို ခံစားလိုက်ရသည်။ သူက ခြေနှစ်လှမ်း  လှမ်းလိုက်ကာ မျက်မှောင်ကြုတ်လိုက်ရင်း သူ၏ မျက်နှာပြင်မှ ပြက္ခဒိန်ကိုဖွင့်လိုက်သည်။


[T/N - အနာဂတ်ကားတွေထဲကလို မျက်နှာပြင်ဖြစ်မယ်]




ဤခံစားချက်က သူ့အတွက် မရင်းနှီးသည် မဟုတ်ပေ။




အဖျား၊ အားနည်းမှု၊ ခြောက်သွေ့မှုနှင့် စိတ်ဓာတ်ကျမှု ။




သို့သော် အချိန်ကမူ ရှင်းလင်းစွာဖြင့် ရက်ပေါင်းများစွာ ဝေးကွာနေဆဲပင်။ 




လင်းဟန်က သက်ပြင်းချလိုက်ရင်း ရေခဲသေတ္တာထဲမှ တားဆေးကိုထုတ်လိုက်ကာ ကျွမ်းကျင်စွာ ထိုးသွင်းလိုက်ပြီးနောက် ခံစားရမှုများ တဖြည်းဖြည်း ငြိမ်သက်သွားမည့်အချိန်ကို စောင့်နေလိုက်သည်။ သူသည် ရုတ်ချည်း ယနေ့၌  ဟယ့်ယွင်ထင်၏လက်နှင့် နှစ်ကြိမ် ထိမိခဲ့သည်ကို သတိရမိသွားသည်။ သူက အစောပိုင်း heat ကာလအချိန်ကို ရောက်ရှိနေသောကြောင့် တစ်ဖက်သူက သူ၏ ဖယ်ရိုမုန်းရနံ့ကို ရသွားခဲ့ခြင်းဖြစ်သည်လား။




**




တခြားတစ်ဖက်တွင်တော့ လုအန်းဟယ်သည် လေယာဉ်ကို ရပ်နားလိုက်ပြီး ဧည့်ခံပွဲကျင်းပရာနေရာဆီသို့ ပြန်ဝင်သွားသည်။




ဧည့်ခံပွဲက လူများစွာဖြင့်စည်ကားနေဆဲဖြစ်ကာ ဧကရာဇ်ကလာရောက်ခဲ့ပြီး  လူအုပ်ကြီးက ညစာ စားသောက်နေကြဆဲဖြစ်သည်။ လူအုပ်ကြီး၏ အာရုံစူးစိုက်ရာ ဆုံချက်ဗဟိုဆီသို့ လိုက်လံကြည့်လိုက်လျှင် ဟယ့်ယွင်ထင်ကိုရှာဖွေရန်  မခက်ခဲလှပေ။ လူတိုင်းသည်  ဗိုလ်ချုပ်၏အကောင်းမြင်ခြင်းကို ခံယူလိုကြသော်လည်း အနီးနားသို့လာကာ ‌အရက်ခွက်မြှောက်၍ ဆုတောင်းမင်္ဂလာ မပြုဝံ့ကြပေ။




" ဗိုလ်ချုပ် " ပတ်ပတ်လည်တွင် လူအများအပြားရှိနေသောကြောင့် လုအန်းဟယ်သည် ဟယ့်ယွင်ထင်ထံ လျှောက်သွားရင်း လေးစားရိုသေသည့်အသုံးအနှုန်းကိုသာ သုံးနှုန်းလိုက်သည်။ " ကျွန်တော် သူ့ကို ပြန်ပို့ခဲ့ပြီးပါပြီ "




ဟယ့်ယွင်ထင်မှာ သူ့စကားကိုခေါင်းညိမ့်ပြလိုက်ပြီး စက္ကန့်အနည်းငယ် ကြာသည့်အခါ မသက်သာစွာ မေးလာသည်။ " သူ့ကို မက်ခါနဲ့ပတ်သက်ပြီး အလေးပေး ပြောလိုက်သေးလား။ တတ်နိုင်သမျှ မြန်မြန် ပြင်ဖို့လေ "




လုအန်းဟယ်၏ မျက်ခွံများ တုန်ယင်သွားတော့သည်။ "....ကျွန်တော် ပြောခဲ့ပါတယ် "




" အင်း " နောက်ဆုံးတွင် ဟယ့်ယွင်ထင်သည် စိတ်ကျေနပ်သွားမှုနှင့်အတူ နက်ရှိုင်းသည့်အသံဖြင့် ပြောလာသည်။




လုအန်းဟယ်၏နေရာမှာ ဟယ့်ယွင်ထင်၏နံဘေးမှာတင်ဖြစ်ပြီး ညစာစားပွဲမှာ အချိန်အတော်ကြာ စတင်ခဲ့ပြီးဖြစ်သည့်အတွက် သူ့အရှေ့ရှိ စားပွဲ ပေါ်တွင် နူးညံ့သည့်ပန်းကန်ခွက်ယောက်ပစ္စည်းများ၊ အရသာရှိလှသည့်အစားအသောက်များဖြင့် ပြည့်နှက်နေ‌ ပေသည်။ ဟယ့်ယွင်ထင်မှာ အခြေခံအဓိကကျသည့် ဟင်းပွဲများကိုသာ စားသုံးပြီး အခြားဟင်းလျာများကို ထိမည်မဟုတ်သည်ကို သူက သိလေသည်။သို့သော် သူကမူ မတူ‌ပေ။ အစားအသောက်ကို ငြင်းပယ်ခြင်းသည် ကြီးလေးသောအပြစ်ဖြစ်သည်ဟု သူက ခံစားရသည်။




အဓိကဟင်းပွဲများစားပြီး ခဏအကြာတွင် ခေတ်ဆန်ကြောမော့သောအချိုပွဲမျိုးစုံအား တည်ခင်းသည့်အချိန်သို့ရောက်ရှိလာသည်။




လုအန်းဟယ်မှာ အချိုကြိုက်သူဖြစ်သောကြောင့် သူ၏ပန်းကန်ထက်တွင် ကိတ်မုန့်၊ မလိုင်၊ ချောကလက်စသည့်များပြားလှသောအချိုပွဲမျိုးစုံဖြင့် ပြည့်နှက်နေပြီး မည်သည့်အချိုပွဲကိုမှ မချန်ရစ်ခဲ့ပေ။ သူက စိတ်ကျေနပ်စွာ ထိုင်ခုံဆီသို့ ပြန်ရောက်လာပြီး ပန်းကန်ပြားကိုချလိုက်ပြီးနောက် မျက်စိပဒါသအဖြစ်ဆုံးတစ်ခုကို ရွေးချယ်စား‌သုံးရန် အဆင်သင့်ပြင်လိုက်သည်။ ထိုအချိန်တွင် သူ့ဘေးနားတွင် ထိုင်နေလျက်ဖြစ်သော ဟယ့်ယွင်ထင်က ရုတ်တရက် အေးစက်စွာဖြင့် ပြောလာသည်။ 




" ခဏနေအုံး "




လုအန်းဟယ်က လက်ထဲတွင် တစ်စုံတစ်ခု ကိုင်ထားလျက်ဖြစ်ပေသည်။ 




" ဘာဖြစ်လို့လဲ ဘော့စ် "




အကယ်၍ အရေးကြီးသည့် ကိစ္စတစ်စုံတစ်ရာ မဟုတ်လျှင် ဘော့စ်က သူ အစားစားမည်ကို မနှောင့်ယှက်သင့်‌  ပေ။




ဟယ့်ယွင်ထင်သည် ရှားရှားပါးပါး ကသိကအောက်နိုင်ခြင်းကို ခံစားလိုက်ရပြီး သူ့မျက်နှာထက်၌ ဒွိဟဖြစ်သည့်အရိပ်အယောင်များရှိနေကာ လုအန်းဟယ်ကိုင်ထားသည့် တစ်စုံတစ်ရာကို လက်ညှိုးထိုးပြလိုက်သည်။




" အဲ့ဒါ ဘာလဲ "




လုအန်းဟယ်မှာ စိတ်ရှုပ်သွားလေသည်။ " ဒါလား၊ ဒါက မလိုင်ပူတင်းလေ။ ဘာဖြစ်လို့လဲ "




ဟယ့်ယွင်ထင်၏မျက်နှာက အလေးအနက်ဖြစ်သွားသည်။ " အဲ့ဒါငါ့ကိုပေး "




" ဟမ် " လုအန်းဟယ်က သူ့အား ပြောသည့်အတိုင်း ပေးလိုက်သော်လည်း စိတ်ရှုပ်နေဆဲပင်။ 




ဟယ့်ယွင်ထင်က သူ့လက်ထဲမှ ပူတင်းအား ယူဆောင်သွားပြီးနောက် ခေတ္တ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် အေးစက်စက်မျက်နှာထားဖြင့် ခပ်တောင့်တောင့် ခေါင်းငုံ့ရင်း အနံ့ခံလိုက်သည်။




"......" လုအန်းဟယ်၏ အမူအရာမှာတဖြည်းဖြည်းနှင့် ထိတ်လန့်သွားတော့သည်။  အဆိပ်ရှိနေတာများလား။




သို့သော် ပို၍ပင်ထိတ်လန့်စရာကောင်းလှသော ကိစ္စတစ်ခု ဖြစ်ပျက်သွားတော့လေသည်။




သူသည် ဟယ့်ယွင်ထင်က ထိပင်မထိရသေးသောဇွန်းကို လှမ်းယူလိုက်ပြီးနောက် မျက်ခုံးများကို ကြုတ်လိုက်ရင်း တင်းမာသည့်မျက်နှာထားဖြင့် သူ့လက်ထဲရှိ တရုတ်ဖန် ပန်းကန်လုံးလေးထဲမှ ပူတင်းမျက်နှာပြင်အား ရန်သူ၏ လျှို့ဝှက်များပါ၀င်နေသည့်အလား မညှာမတာ ခေါက်လိုက်သည်ကို မြင်လိုက်ရသည်။




နောက်တစ်စက္ကန့်အကြာ၌ ဟယ့်ယွင်ထင်သည် ရုတ်တရက် ဇွန်းဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သဖြင့် မီးဖုတ်ထားသည့်ပူတင်းမှာ အက်ကွဲ၍ ပွင့်ထွက်သွား‌တော့သည်။




ထို့နောက် ဗိုလ်ချုပ်သည် မလိုင်ပူတင်းအား ဇွန်းအပြည့် ခပ်လိုက်ရင်း အလွန်လေးနက်စွာ စားလိုက်သည်ကို တွေ့မြင်လိုက်ရသည်။




"......"




လုအန်းဟယ်မှာ သူ၏ တိုက်ရိုက်ခေါင်းဆောင်ဖြစ်သူအား ကြောက်ရွံ့ထိတ်လန့်သည့်မျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။




' ဘော့စ်က အဲ့ဒါကို ဘာလို့ ရုတ်တရက်ကြီးထစားနေရတာလဲ '




' ဘာတွေဖြစ်ကုန်တာလဲ '




သို့သော် သူ အဖြေမရသေးခင်မှာပင် ဟယ့်ယွင်ထင်က သူ့ပါးစပ်ကို ထပ်မံဖွင့်ဟပြောလာသည်ကို ကြားလိုက်ရသည်။ 




" ငါ့ကို ဒါမျိုး နောက်တစ်ခုထပ်ပေး "




လုအန်းဟယ်က အခြားမလိုင်ပူတင်းတစ်ခုအား လျင်မြန်စွာ ကမ်းပေးလိုက်သည်။




ထို့ကြောင့် ဤတစ်ခါတွင်မူ ဗိုလ်ချုပ်သည် မီးသေနတ်ဖြင့် အပူပေးခဲ့ပြီးနောက် ဆွဲဆောင်မှုရှိနေသော သကြားအညိုရောင် ပူတင်းမျက်နှာပြင်ကို  အသံမြည်ရန် ရွှေဇွန်းဖြင့် ခေါက်နေသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် ကျွမ်းကျင်မှု မရှိလှသော လှုပ်ရှားမှုများဖြင့် တစ်ဖန်ပြန်၍ မြည်းစမ်းကြည့်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဟယ့်ယွင်ထင်သည် ပူတင်းကိုမစားချေ။ ယင်းအစား ဇွန်းပေါ်တွင်




ရှိနေသည့်သကြားလွှာလေးများကိုသာ လျှာဖြင့်လှိမ့်လိုက်ရင်း အရည်ပျော်သွားစေရန် လျှာဖျားပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်သည်။




" ဒီဟာပဲ "




လုအန်းဟယ်မှာမူ သူ့အား သရဲတစ်ကောင်ကို မြင်နေရသကဲ့သို့ မျက်လုံးများဖြင့် ကြည့်လိုက်သည်။




' ဘာတွေဖြစ်ကုန်တာလဲ။ အင်ပါယာကျဆုံးတော့မှာလား '




' ဒါမှမဟုတ် ဇာ့ဂ်မျိုးဆက်တွေက ဂလက်စီကို နောက်ဆုံးတော့ သိမ်းပိုက်နိုင်သွားတာလား '




ဟယ့်ယွင်ထင်မှာ လုအန်းဟယ်၏ သရဲတစ္ဆေသဖွယ်မျက်နှာအား သတိပြုမိရန် အချိန်မရှိချေ။




သူ့ပါးစပ်ထဲတွင် အပူပေးထားရသည့် ကရယ်မယ်အရသာအနည်းငယ်နှင့်အတူ ချိုမြိန်မှုက အပြည့်ဖြစ်နေပြီး သူ့ရှေ့မှာ ရှိနေသည့်အစားအသောက်များထဲမှ စားကောင်းသောက်ဖွယ်မဟုတ်သည့် ဤအရာကို နှစ်သက်သည်ဟုပို၍ခံစားမိနေသည်။ သူသည် တိုက်ပွဲဝင်ရန်အတွက် အံဝင်ဂွင်ကျဖြစ်စွာ မွေးဖွားလာခဲ့ပြီး သူ၏ အစောပိုင်းကလေးဘဝသည် မရေတွက်နိုင်သောမျှော်လင့်ချက်များကို သယ်ဆောင်ထားခဲ့ရသည်။ ကြမ်းတန်းကာ ပြင်းထန်ရက်စက်သောလေ့ကျင့်ရေးများထဲတွင် ပါ၀င်ခဲ့ဖူးပြီး တစ်ခါတစ်ရံ သူ့ကိုယ်သူ စက်ပစ္စည်းတစ်ခုကဲ့သို့ပင် ခံစားမိခဲ့သည်။ သူ့အတွက် အခြားအသုံးမဝင်သည့်အရာများ မလိုအပ်ပေ။ သူက အင်ပါယာကိုသာလျှင် သစ္စာစောင့်သိရမည်ဖြစ်သည်။




လူတိုင်းက သူသည် အင်ပါယာ၏အမာကြောဆုံးဒိုင်းကာ ၊ အချွန်ထက်ဆုံးသောလှံနှင့် မျှော်လင့်ချက်ဟု ပြောဆိုကြသည်။ ဟယ့်ယွင်ထင်သည် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပြီး သူ့အတွက် အပြင်းထန်ဆုံးအချိန်မှာ  သူနှင့်လုအန်းဟယ် အာဟာရဓာတ်စာတစ်မျိုးတည်းဖြင့်သာ အောင်ပွဲမရမီ တစ်ပတ်နီးပါးကြာမြင့်သည့်အထိ တောင့်ခံရခဲ့သည့်အချိန်ဖြစ်သည်။ ယခုချိန် ပြန်လည်တွေးကြည့်သည့်အခါ ချီးကျူးထိုက်သည့်အရာဟူ၍ မခံစားရချေ။




သူ့အရည်အချင်းများက သူ့ကို မြောက်များစွာသောသူများက အားကျရသည့် စံအိမ်နှင့် ချမ်းသာကြွယ်ဝမှုများကို ပေးအပ်ထားသော်လည်း သူကမူ ရုပ်ဝတ္ထုပစ္စည်းများ၌ စိတ်ဝင်စားမှု မရှိသလောက်ဖြစ်သည့်အပြင် သူ၏ တစ်နေ့သုံးနပ်စားသည့် အစားအသောက်များမှာလည်း ပြောင်းလဲခြင်းမရှိသည့် စစ်တပ်မှ ပုံမှန်အစားအစာများသာ ဖြစ်ပေသည်။ သို့ရာတွင် ယခု၌ ပထမဆုံးအကြိမ်အဖြစ် စံသတ်မှတ်ထားသည့်အစားအစာမဟုတ်သည့် တခြားအစားအစာတစ်ခုကို သူက စိတ်ဝင်စားသွားမိခဲ့သည်။




သူ့ပါးစပ်ထဲ၌ သူ တစ်ခါမှ အရသာမခံခဲ့ဖူးသော ချိုမြိန်သည့်ကရယ်မယ်ရနံ့တို့နှင့် ပြည့်နှက်နေသည်။




ဤအရသာသည် သူနှင့် ယခုလေးတင်  လက်ဆွဲနှုတ်ဆက်သွားခဲ့သော မက်ခါပညာရှင်၏ အရသာဖြစ်ပုံပင်။




အနံ့မှာ မွှေးကြိုင်ရုံတင်မက ချိုလည်းချိုမြိန်နေပေသည်။




👾