အပိုင်း၆
Viewers 2k

👾Chapter 6: 

အင်ပါယာကြီး တကယ်ပဲ ပျက်စီးတော့မယ်ထင်ပါတယ်




"ဘော့စ်...မဟုတ်ပါဘူး ဗိုလ်ချုပ်..."


ခုန ဖြစ်ပျက်သွားသမျှကို မြင်လိုက်ရသော လုအန်းဟယ်တစ်ယောက် မယုံနိုင်ဖြစ်ကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။


ဗိုလ်ချုပ်ဟယ့်ကတော့ ဂရုမစိုက်ပဲ ဤမလိုင်ပူတင်း၏ရနံ့က သူခုနက ရခဲ့သော ရနံ့နှင့် တူနေသည်ကို သေချာစေရန် ထိုမလိုင်ပူတင်းကို သေသေချာချာဝါးနေလေသည်။ ထို့နောက်တွင်မှ ဇွန်းကိုချ၍ လုအန်းဟယ်ကို သူ၏ပုံမှန်အတိုင်း မျက်နှာတည်တည်ဖြင့် လှည့်ကြည့်လိုက်သည်။


လုအန်းဟယ်ကတော့ သေတော့မလို အံ့ဩနေသည့်ပုံဖြင့် ပြန်ကြည့်နေသည်။

"မလိုင်ပူတင်းက တော်တော်ကောင်းလို့လား ဗိုလ်ချုပ်..."


သူ၏‌ဘော့စ်သည် ပူတင်းက ကောင်းလွန်း၍ သူ၏ အေးစက်စက်အပြုအမူများကို ခွာချ၍ ရာထူးကိုစွန့်ကာ သာမာန်လူအတိုင်း ပျော်ပျော်ရွှင်ရွှင်နေတော့မည်လားဟု လုအန်းဟယ် တွေးလိုက်မိသည်။


"မဆိုးပါဘူး..."

ဟယ့်ယွင်ထင်က ခုနကပင် မလိုင်ပူတင်း အပိုနှစ်ခု ထပ်‌တောင်းထားသူက သူမဟုတ်သကဲ့သို့ အေးစက်စက်ပြန်ဖြေလိုက်သည်။


ဗိုလ်ချုပ်ဟယ့်သည် နောက်တစ်ခုထပ်တောင်းထားသော မလိုင်ပူတင်းအား အပေါ်မှ အုပ်ထားသည့် ကရယ်မယ်သကြား* ကိုသာ ခွဲ၍ စားနေသည်ကို မြင်၍ လုအန်းဟယ်က ထိုသကြားအလွှာကို လက်ညှိုးထိုးကာ ထပ်မေးလိုက်သည်။

"ဒီတစ်ခုကရော ကောင်းလား ဗိုလ်ချုပ်..."


[*ကရယ်မယ်သကြား - caramel (မီးသင်းထားသော သကြား)]


"မဆိုးပါဘူး..."


ဗိုလ်ချုပ်ဟယ့်က သူ့ထုံးစံအတိုင်း အေးစက်စက်နှင့်သာ ထပ်ဖြေလိုက်သည်။ သို့သော် သူ့မျက်လုံးများက လုအန်းဟယ် လက်ညှိုးထိုးထားသည့် သကြားအလွှာကို အချိန်အနည်းငယ် စိုက်ကြည့်ကာ မေးလိုက်သည်။


"ဒါက ဘာလဲ..."


"..."


လုအန်းဟယ်သည် အချိန်တော်တော်ကြာ ဘာပြောရမည်မသိဖြစ်သွားပြီးမှ ဖြေလိုက်သည်။

"ကရယ်မယ်သကြားပါ..."


ဆယ်လ်နာစံအိမ်ကြီးကို ပိုင်ဆိုင်သော၊ အင်ပါယာ၏အမျိုးအစားအမြင့်ဆုံး မက်ခါကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်သော၊ မရေတွက်နိုင်သော တိုက်ပွဲများ၌ တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်ဟယ့်သည် သူ့အတွက် ရည်ရွယ်ကျင်းပပေးသော ပါတီပွဲမှပင် ကရယ်မယ်သကြားအကြောင်းကို ကြားဖူးတော့သည်တဲ့လား။ ဤအကြောင်းအား အခြားလူများကို ပြောလျှင် လူအယောက်တစ်ထောင်၌ တစ်ယောက်ယုံလျှင်ပင် တော်တော်ကံကောင်း ဟု လုအန်းဟယ် တွေးလိုက်မိသည်။


"မဆိုးပါဘူး..."

လုအန်းဟယ်ထံမှ သူသိချင်တာ သိရပြီးသောအခါ ခုနက ပြောသည့်အတိုင်းပင် ထပ်ပြောလိုက်ပြန်သည်။


လုအန်းဟယ်လည်း ထိုအခါမှပင် "ဪ..." ဟုပြောကာ သူ့ဘော့စ်သည် မပြောင်းလဲသေးပဲ နေ့တိုင်း အစားအစာတစ်မျိုးတည်းကိုသာစားသော ပျင်းစရာလူတစ်ယောက်သာ ဖြစ်နေဆဲဟု တွေးလိုက်သည်။


"ငါ့အတွက် နောက်တစ်ခု ထပ်ယူပေး..."

ခုနကပင် မုန့်က မဆိုးပါဘူး ဟု ပြောထားသော ဟယ့်ယွင်ထင်က ပြောလိုက်သည်။


လုအန်းဟယ်: "..."


ခုနက သူပဲ ကောင်းတယ်မပြောဘဲ မဆိုးပါဘူး လို့ပဲပြောထားတာမဟုတ်ဘူးလား...


လုအန်းဟယ်လည်း သူ့ဘော့စ်အတွက် မလိုင်ပူတင်းထပ်သွားယူရန် ဗန်းကိုကိုင်၍ ထရင်း တစ်ခါတည်း သူ့အတွက် အချိုမုန့်များပါ ထပ်ယူလိုက်သည်။


မုန့်များယူပြီး ပြန်လာသည့်လမ်းတွင် လုအန်းဟယ်သည် ခေါင်း၌ ဆံပင်များက တစ်ဝက်ခန့်ဖြူနေကာ အကောင်းစားအဝတ်အစားများကို သပ်ရပ်စွာ ဝတ်စားထားသောလူတစ်ယောက်က သူ၏ဖန်ခွက်ကိုကိုင်၍ ဟယ့်ယွင်ထင်နားသွားနေသည်ကို မြင်လိုက်ရသည်။


လုအန်းဟယ်သည် ဟယ့်ယွင်ထင်နား၌ ထိုလူကို မြင်လိုက်ရသည်ကို မအံ့ဩဘဲ ကောင်းကောင်းမွန်မွန်ပင် နှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ မစ္စတာကျန်း..."


မစ္စတာကျန်းဟု အခေါ်ခံလိုက်သူက လုအန်းဟယ်အား ပြုံး၍ ခေါင်းဆတ်ပြလိုက်ကာ ဟယ့်ယွင်ထင်နားသို့ ဆက်သွားနေလေသည်။


"ခုနကမှ ကျွန်တော် ရောက်လာတာ ဗိုလ်ချုပ်...ဗိုလ်ချုပ်ရဲ့ ကြီးမားတဲ့ အနိုင်ရမှုကို အောင်ပွဲခံနေ‌တာဆိုတော့ ကျွန်တော်လည်း မရောက်ရောက်အောင်လာရတာပေါ့ဗျာ..."


ဟယ့်ယွင်ထင်ကတော့ မျက်နှာက တည်မြဲတည်ဆဲနှင့် မေးကိုသာ အနည်းငယ် ဆတ်ပြလိုက်သည်။


မစ္စတာကျန်းသည် ချီးကျူးခံရသည့်အခါတိုင်း တုံ့ပြန်တတ်သည့် ဟယ့်ယွင်ထင်၏ အေးစက်စက်အပြုအမူကို အသားကျနေသည့်ပုံပေါ်ကာ ဘာမှမဖြစ်ပဲ စိတ်အားထက်သန်စွာ ဆက်ပြောနေလေသည်။


"ဒီတစ်ခေါက် ကြယ်တာရာဓားပြတွေကို အနိုင်ရလိုက်တဲ့ တိုက်ပွဲက တကယ်ကို ဂုဏ်ယူစရာနိုင်ပွဲပဲလို့ ကျွန်တော်ကြားတယ်...ဗိုလ်ချုပ်သာ ဝင်မပါဘူးဆိုရင် ဘေးနားက ဂြိုလ်အသေးလေးတွေက အခုချိန်အထိ ငြိမ်းငြိမ်းချမ်းချမ်းနေရဦးမှာ မဟုတ်ဘူး..."


ဤအခေါက်တွင်တော့ ဟယ့်ယွင်ထင်က မစ္စတာကျန်းအား လှည့်၍ပင်မကြည့်တော့ချေ။


ဤကဲ့သို့အချိန်များတွင် အခြေအနေကို ဝင်ထိန်းရာ၌ ကျွမ်းကျင်နေပြီဖြစ်သော လုအန်းဟယ်က ချက်ချင်းပင် ဖန်ခွက်ကိုမြှောက်ကာ ပြောလိုက်သည်။


"အခုလို ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် မစ္စတာကျန်း...ဗိုလ်ချုပ်ကိုယ်စား ကျွန်တော်ကပဲ အောင်ပွဲခံအရက်သောက်ပေးပါ့မယ်..."


"ဒုဗိုလ်မှူးလု က သဘောကောင်းလိုက်တာ..."


လုအန်းဟယ်၏ အရိပ်အကဲကိုကြည့်၍ မစ္စတာကျန်းကလည်း နားလည်စွာနှင့် ဟယ့်ယွင်ထင်အား နားပူမနေတော့ပဲ လုအန်းဟယ်နှင့်အတူ အရက်ကို သောက်လိုက်ကာ လုအန်းဟယ်အား ချီးကျူးလိုက်သည်။


"ဒုဗိုလ်မှူးက ငယ်ငယ်လေးနဲ့ တော်လည်းတော် ရုပ်ရည်ကလည်း ချောနေတော့ ဗိုလ်မှူးလို လူ‌မျိုးတွေ ရှိနေတာ အင်ပါယာကြီးအတွက် အရမ်းကောင်းတာပေါ့ဗျာ...ဗိုလ်မှူးတို့ကြောင့်သာ ကျွန်တော်တို့လည်း အိမ်မှာ အေးအေးဆေးဆေးနေနိုင်ပြီး ဗိုလ်ချုပ်တို့လည်း အားကိုးစရာရနေတာပေါ့..."


မစ္စတာကျန်း၏စကားမဆုံးမှီ အနည်းငယ် ရွဲ့သည့်လေသံပါသည့် အသံတစ်သံက ဘေးမှ ထွက်လာလေသည်။

"ဪ မစ္စတာကျန်းကလည်း ဒီကို ရောက်နေတာကိုး..."


လုအန်းဟယ်က လှည့်ကြည့်၍ ဤကဲ့သို့ ဖြစ်မည်ကို မျှော်လင့်ထားသလို အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"အား မစ္စတာလောလည်း ရောက်နေတာကိုး..."


မစ္စတာလောဆိုသူကလည်း ဟယ့်ယွင်ထင်အား ချီးကျူးစကားပြောရန် အရက်ခွက်ကိုင်၍ ရောက်လာသော်လည်း ဟယ့်ယွင်ထင်၏အခြေအနေကို မြင်သောအခါ သူ့ကိုယ်သူ အရှက်ကွဲအောင် မလုပ်တော့ပဲ လုအန်းဟယ်ဘက်သို့သာ လှည့်၍ ပြောလိုက်သည်။


"ဒီအရက်ခွက်ကို ကျွန်တော့်ဘာသာ ကျွန်တော်ပဲ သောက်လိုက်ပါတော့မယ်...ဗိုလ်ချုပ်ကိုရော ဒုဗိုလ်မှူးလု ကိုရော အနှောင့်အယှက်မပေးတော့ပါဘူး..."


အရက်ခွက်နှင့် ချီးကျူးစကားဆိုရန် အရင်ရောက်လာသော ကျန်းလျန်က သိသိသာသာပင် မျက်နှာပျက်သွားသည်။


"အစတည်းက ကိုယ့်ဘာသာကိုယ် သောက်မယ်ဆိုလည်း ဘာဖြစ်လို့ ဒီနားကို ရောက်လာသေးတာလဲ..."


တစ်ဖက်မှလည်း အနိုင်မခံ ပြန်ပြောလိုက်သည်။

"မင်းရဲ့ခေါင်းထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ လူတိုင်းသိတယ်...အဲဒီတော့ မင်းရဲ့ ဘာမှအဓိပ္ပာယ်မရှိတဲ့စကားတွေကို ပါးစပ်ကနေ ထုတ်ပြောမနေပါနဲ့..."


သူ့ရှေ့မှ လူနှစ်‌ယောက်က ရန်ဖြစ်ရန် တာစူနေသည်ကို မြင်သောအခါ လုအန်းဟယ်သည် မျက်နှာကို ဆက်ပြုံးထား၍ သူတို့၏ရန်ပွဲကိုလည်း မတားပဲ အနောက်သို့သာ ခြေတစ်လှမ်းဆုတ်ပေးလိုက်သည်။


ဟယ့်ယွင်ထင်ကတော့ သူ့ရှေ့မှ လူနှစ်ယောက်ကို ရှိသည်ဟုပင် မထင်ပဲ လုအန်းဟယ်ယူလာပေးသော မလိုင်ပူတင်းနှစ်ခုကိုသာ စိုက်ကြည့်၍ မကျေနပ်သလို မျက်မှောင်ကြုတ်လိုက်သည်။


ဟယ့်ယွင်ထင်၏မျက်နှာက အချိုးအဆစ်ကျကာ မျက်ခုံးများကလည်း ထင်ရှား၍ အမြဲ စိတ်တိုနေသည့်ပုံပေါက်နေရာ စစ်တပ်ယူနီဖောင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဟယ့်ယွင်ထင်သည် အလွန်အေးစက်သော ကျောက်ဆစ်ရုပ်တစ်ရုပ်ကဲ့သို့ ကြောက်စရာကောင်းနေတော့သည်။


ဟယ့်ယွင်ထင်သည် အင်ပါယာတစ်ခုလုံး၌ အားအကောင်းဆုံးအယ်လ်ဖာတစ်ယောက်ဖြစ်၍ သူ၏ ကြံ့ခိုင်သော စိတ်စွမ်းအားနှင့် ဖယ်ရိုမုန်းတို့ကြောင့် အခြားလူများအတွက် မတွန်းလှန်နိုင်သော ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့သည်။ ယခုကဲ့သို့ တကယ် အလိုမကျဖြစ်သည့်အခါမျိုးတွင်တော့ သူ့ပုံစံက အခြားလူများအတွက် မြင်လိုက်ရရုံနှင့် မေ့လဲကျမတတ် ကြောက်စရာကောင်းစွာ အေးစက်နေတော့သည်။


အရှေ့မှ ရန်ဖြစ်ခါနီးဆဲဆဲလူနှစ်ယောက်သည်လည်း ဟယ့်ယွင်ထင်၏ အေးစက်သောမျက်နှာကို မြင်လိုက်ရသောအခါ သူတို့၏ဒေါသများက ချက်ချင်းပင် ပျောက်သွားကြသည်။


"ဗိုလ်ချုပ်ဟယ့်..."


ကျန်းလျန်က အခြေအနေကို ထိန်းရန် ကြိုးစားလိုက်သော်လည်း ဟယ့်ယွင်ထင်က မတ်တပ်ထရပ်ကာ သူ၏ အေးစက်သောမျက်လုံးများဖြင့် သူ့ရှေ့မှ နှစ်ယောက်အား တစ်ချက် ဝေ့ကြည့်၍ ထွက်သွားလေတော့သည်။


လုအန်းဟယ်လည်း အနောက်မှ ပြေးလိုက်သွားသည်။

"အဲဒီနှစ်ယောက်က နောက်ရက်နည်းနည်းကြာရင် စံအိမ်ဆီကို လိုက်လာရင်လာကြဦးမှာ...ဒါပေမယ့် သူတို့တွေကို ခေါင်းထဲထားမနေပါနဲ့...ကျွန်တော် ကြည့်ရှင်းလိုက်ပါ့မယ်..."


အင်ပါယာတွင် ဧကရာဇ်က တိုင်းပြည်ကို အုပ်ချုပ်ရသော အင်အားအကြီးဆုံးလူဖြစ်သောကြောင့် တော်ဝင်မိသားစုသည်လည်း အင်ပါယာ၌ အားအကြီးဆုံး ဂုဏ်အရှိဆုံး လူများဖြစ်သည်။


သို့သော် ပါလီမန်သည်လည်း အရေးကြီးသောနေရာမှ ပါဝင်လေသည်။ ပါလီမန်ရှိပြီဆိုသည်နှင့် ဂိုဏ်းကွဲခြင်းများ၊ အဆင့်အတန်းခွဲခြားခြင်းများက အလိုလိုရှိလာပြီဖြစ်သည်။ ထိုအထဲတွင်မှ စေ့စပ်ပြေလည်ခြင်းကိုလိုလားသော ငြိမ်းချမ်းရေးအုပ်စုနှင့် ရန်သူများကို တိုက်ခိုက်ရန် အားသန်သော စစ်တပ်အုပ်စုတို့က ဂိုဏ်းကွဲကာ အမြဲပင် ရန်သတ်နေကြသည်။


ဟယ့်ယွင်ထင်ကတော့ သူ့အင်အားနှင့်သူ ရှိပြီးဖြစ်ရာ ထိုဂိုဏ်းနှစ်ဂိုဏ်းအနက် မည်သည့်ဘက်ကိုမှ မပါသောကြောင့် အုပ်စုနှစ်စုသည် ‌နေ့စဉ်လိုလို ဟယ့်ယွင်ထင်အား သူတို့ဘက်ပါလာစေရန် ဆွဲဆောင်နေကြလေသည်။


ငြိမ်းချမ်းရေးအုပ်စုမှ ကျန်းလျန်နှင့် စစ်တပ်အုပ်စုမှ လောချီတို့သည် ဟယ့်ယွင်ထင်အား သူတို့ဘက်ပါလာစေရန် နေ့စဉ် မနားမနေကြိုးစားနေကြသော်လည်း ဟယ့်ယွင်ထင်သည် အလွန် မာနကြီး၍ မည်သူ၏စကားကိုမှလည်း နားမဝင်ပဲ သူလုပ်ချင်ရာလုပ်နေသောကြောင့် မည်သည့်ဘက်ကမှ မဆွဲဆောင်နိုင်ဖြစ်နေသည်။


လုအန်းဟယ်သည် ဟယ့်ယွင်ထင်နောက်မှလိုက်၍ ခန်းမမှထွက်သွားရင်း မနေနိုင်ပဲ မေးလိုက်သည်။

"ဘော့စ်...သူတို့ ဒီနေ့ ရန်တောင်မဖြစ်လိုက်တာကို ဘာဖြစ်လို့ ‌ဒေါသတွေ အရမ်းကြီးနေတာလဲ..."


ထို အုပ်စုနှစ်စုမှ လူများရန်ဖြစ်ကြသည်ကို ဟယ့်ယွင်ထင်သည်လည်း အသားကျနေပြီဖြစ်၍ ပုံမှန်ဆိုလျှင် လျစ်လျူသာရှုထားလိုက်ကာ ဘာမှမဖြစ်သော်လည်း ယနေ့တွင်တော့ ဟယ့်ယွင်ထင်သည် အလွန်ပင် ဒေါသတွေထွက်နေသည်မဟုတ်လား။


ဟယ့်ယွင်ထင်က ဘာမှပြန်မပြောသော်လည်း နှုတ်ခမ်းထောင့်စွန်းများက ပို၍ တင်းတင်းစေ့သွားကြသည်။


"ဘော့စ်?..."


ဘော့စ်က ဘာတွေစိတ်ဆိုးနေတာလဲ...


လုအန်းဟယ်သည် ဟယ့်ယွင်ထင်နှင့်အတူ ယာဉ်ပျံပေါ်သို့တက်ရင်း ဤည၌ အခြားဘာများဖြစ်ခဲ့သေးသည်ကို စဉ်းစားနေမိသည်။ သို့သော် နောက်ဆုံး၌ ဘာကိုမှ မစဉ်းစားမိတော့သောကြောင့် ယာဉ်မောင်းစနစ်ကို ဖွင့်ကာ သွားမည့်နေရာကို ချိန်၍ အိတ်ထဲမှ သကြားလုံးတစ်လုံးကို နှိုက်ကာ စားရင်း ထပ်စဉ်းစားနေလိုက်သည်။ သကြားလုံးစား၍ မကုန်ခင်မှာပင် လုအန်းဟယ်ဘေး၌ တိတ်ဆိတ်စွာထိုင်နေသော ဟယ့်ယွင်ထင်က ရုတ်တရက် လုအန်းဟယ်အား ခေါ်လိုက်သည်။


လုအန်းဟယ်က ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့..."


ဟယ့်ယွင်ထင်၏ မျက်နှာက မကြည်သာသေးပေ။ သူသည် စစ်တပ်ဦးထုပ်ကို ဆွဲချွတ်လိုက်ရာ ငွေရောင်ဆံပင်များက အနည်းငယ်ပွသွားသည်။

"ခုနက မုန့်ပေါ်ကဟာက...ကရယ်မယ်သကြား လို့ခေါ်တာလား..."


လုအန်းဟယ်သည် သူ့ဘော့စ် ပြောသည့်အကြောင်းအရာက ရုတ်တရက်ကြီးပြောင်းသွားလိမ့်မည်ဟု မမျှော်လင့်ထား‌သောကြောင့် ကြောင်အအနှင့် အမြန်ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ဘော့စ်..."


"မနက်ဖြန်ကစပြီး အဲဒီကရယ်မယ်သကြားကို ငါစားနေကျ အစားအစာတွေထဲ ထည့်လိုက်..."


လုအန်းဟယ်: "?..."


ထိုအချိန်မှာပင် လျှပ်စီးလက်သွားသကဲ့သို့ ဒုဗိုလ်မှူး လုအန်းဟယ်သည် ဗိုလ်ချုပ်ဟယ့်တစ်ယောက် အဘယ်ကြောင့် အလွန်တရာ ဒေါသထွက်နေရသည်ကို နားလည်သွားတော့သည်။


"ဘော့စ်..."


"?..."


"မထွက်လာခင် ကျွန်တော် နှစ်ခုလောက် ထပ်ယူရခဲ့ရမှာ..."


"နှစ်ခု" က ဘာလဲဆိုသည်ကို လုအန်းဟယ်က မပြောလိုက်သော်လည်း လုအန်းဟယ်ဆိုလိုချင်သည်ကို ဟယ့်ယွင်ထင် နားလည်သွားကာ မျက်ခုံးများကို ပိုကြုတ်လိုက်၍ ပို၍လည်း မကျေမနပ်ဖြစ်သွားကာ ဘာမှပြန်မဖြေတော့ချေ။


လုအန်းဟယ်က စဉ်းစားလိုက်သည်။

အဲဒါကြောင့်ပဲဖြစ်မှာ...ဘော့စ်က ဟိုအမတ်နှစ်ယောက်ကြောင့် သူစားချင်တဲ့ မလိုင်ပူတင်းကို အေးအေးဆေးဆေးမစားရလို့ စိတ်တိုပြီး ထထွက်လာတာပဲနေမှာ...


ယာဉ်ပျံက အခုထိ မထွက်သေးသောကြောင့် မကျေနပ်‌သည့်အသံ လုပ်လိုက်သည်။

"ဟင်း..."


"ဟုတ် ဟုတ် အခုပဲ ထွက်ပါတော့မယ်..."

လုအန်းဟယ်လည်း အမြန်ပြော၍ ယာဉ်ပျံကို စထွက်လိုက်သည်။


တကယ်ပဲ အင်ပါယာကြီး ပျက်စီးတော့မယ်ထင်ပါတယ်...


*


မကြာမီကပင် တားဆေးသုံးထားသော လင်းဟန်ကတော့ ဗိုလ်ချုပ်ဟယ့်တစ်ယောက် ရုတ်တရက် ကရယ်မယ်သကြား စားချင်နေသည့်အကြောင်းကိုမသိချေ။ ထို့အပြင် ထို အင်ပါယာ၏နတ်ဘုရားကို ယခုလောလောတယ် လင်းဟန် မတွေ့ချင်သေးပေ။


အိုမီဂါတို့၏ ခန္ဓာကိုယ်များသည် estrus အချိန်များတွင် စားချင်သောက်ချင်စိတ်များ သိသိသာသာပျောက်ဆုံးတတ်လေ့ရှိရာ အသက်ရှင်နိုင်ရန် အာဟာရဓာတ်စာများကိုသာ မှီခိုရတတ်သည်။


လင်းဟန်အတွက်ကတော့ ထိုကိစ္စက ပြဿနာမရှိပေ။ သူ့အတွက်က တားဆေး ထိုးပြီးသည့်အချိန်များတွင်ပင် စားချိန်သောက်ချင်စိတ်မရှိ၍ ပုံမှန်ထက်ပင် အားနည်းနေတတ်သည်။ သို့သော် လင်းဟန်၏ ခန္ဓာကိုယ်ကလည်း အစတည်းက ချည့်နဲ့နေသောကြောင့် ပုံမှန်အခြေအနေနှင့် estrus အချိန် အားနည်းတတ်သည့်အခြေအနေက ဘာမှသိပ်မကွာပေ။ ထို့ကြောင့် ထိုအချိန်များတွင်လည်း လင်းဟန်သည် ပုံမှန်ကဲ့သို့ပင် နေထိုင်၍ အလုပ်လုပ်နိုင်လေသည်။


တားဆေးထိုးပြီးသောအခါ လင်းဟန်သည် ရေချိုး၍ ပျင်းပျင်းနှင့် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ထိုင်တွေးနေမိသည်။


လင်းဟန်သည် ဟယ့်ယွင်ထင်ကို မသိသည်တော့မဟုတ်။ တကယ်တမ်းတွင်လည်း အင်ပါယာတစ်ခုလုံး၌ ဟယ့်ယွင်ထင်ကို မသိသူ မရှိပေ။


သို့သော် ထိုအကြောင်းများကို လင်းဟန် ဘယ်တုန်းကမှ စိတ်ဝင်တစားမရှိခဲ့ပေ။ တက္ကသိုလ်တက်စဉ်တုန်းကလည်း သူသည် ရှုပ်ထွေး၍ ခက်ခဲသော မက်ခါထုတ်လုပ်ရေးမေဂျာကို ယူခဲ့၍ ပြင်ပ၌ ဖြစ်ပျက်နေသည်များကိုဂရုမစိုက်ပဲ စာကိုသာ ကိုယ်ရော စိတ်ပါ နှစ်၍ သင်ယူခဲ့သည်မှာ ဘွဲ့ရ၍ သုတေသနဌာန၌ အလုပ်ဝင်သည့်အချိန်အထိပင် ဖြစ်သည်။


ဟယ့်ယွင်ထင်ဆိုသောနာမည်က ဘယ်တုန်းက စ၍ နာမည်ကျော်ကြားလာခဲ့သနည်း။


P ကြယ်တာရာနှင့် တစ်ဦးချင်း တိုက်ခိုက်ခဲ့သော လွန်ခဲ့သည့် နှစ်နှစ်ကလား။ သို့မဟုတ် လွန်ခဲ့သော ငါးနှစ်က ဇာ့ဂ်မျိုးနွယ်စုအား တစ်ခါတည်းနှင့် အပြတ်ရှင်းခဲ့စဉ်ကလား။


ထိုအဖြေကို အင်ပါယာရှိ မည်သူမဆို အလွယ်တကူဖြေနိုင်မည်ဖြစ်သော်လည်း ထိုလူများထဲ၌ လင်းဟန် မပါပါချေ။


ထိုအဖြေကို လင်းဟန်မသိပါ။


သို့သော် ယနေ့ဖြစ်သွားခဲ့သော အဖြစ်အပျက်ကြောင့် လင်းဟန်သည် ထိုကောလဟလများကိုပင် မယုံချင်ဖြစ်သွားသည်။


ထိုဗိုလ်ချုပ်သည် တကယ်ပဲ လူသန်းပေါင်းများစွာက ချစ်ခင်လေးစားနေကြသော ဗိုလ်ချုပ်ပဲလား။


လင်းဟန်ကြားဖူးသည်ကတော့ ဟယ့်ဟွင်ထင်သည် မည်သူမှမသွားရဲသော အလွန်နက်ရှိုင်းသည့် အာကာသထဲသို့ သွား၍ မည်သူမျှ နိုင်အောင်မတိုက်နိုင်သော တိုက်ပွဲကို နိုင်အောင် တိုက်ခဲ့သောကြောင့် လူအများက အားကျလေးစားကုန်ကြကာ ဧကရာဇ်က သူ့အား ဘွဲ့ရာထူးတစ်ခုပေးလိုက်သည်ဟူ၍ ဖြစ်သည်။ ထိုကိစ္စဖြစ်ပြီးသောအခါတွင်တော့ ဟယ့်ယွင်ထင်သည်လည်း ဒဏ္ဍာရီတစ်ပုဒ်ကဲ့သို့ နာမည်ကျော်ကြားလာတော့သည်။


လင်းဟန်သည် ထိုကဲ့သို့ ပြင်ပကိစ္စများကို ဂရုမစိုက်ပဲ ကိုယ့်အလုပ်၌ပဲ ခေါင်းစိုက်‌မနေသင့်သည်ကို သိသော်လည်း သူကိုယ်တိုင်ကိုက ထိုကိစ္စများကို စိတ်ဝင်စားမနေပေ။


 ထိုည၌ လင်းဟန်သည် တားဆေးထိုးပြီးသော်လည်း အိပ်မရဖြစ်နေသည်။ သူ့အခန်း၌ ကြမ်းပြင်မှ မျက်နှာကျက်အထိရှည်သော ပြတင်းပေါက်တစ်ခုရှိ၍ လိုက်ကာကိုလည်း အပြည့်မဆွဲထားရာ အပြင်မှ ကောင်းကင်ကို တစ်ဝက်တစ်ပျက်မြင်နေရသည်။


လင်းဟန်သည် ကြယ်များကို ကြည့်ရသည်ကို ကြိုက်သည်။ ဤည၌လည်း ကြယ်များကို ငေးကြည့်နေရင်းဖြင့် သူသည် ဤဂြိုလ်လေးပေါ်၌သာနေ၍ မက်ခါများစွာကို ပြုပြင်တီထွင်ထားသော်လည်း အာကာသထဲသို့ တစ်ခါမှမရောက်ဖူးသည်ကို တွေးနေမိသည်။ အာကာသထဲ၌ မက်ခါကိုစီးနင်းနေချိန် ဟယ့်ယွင်ထင်မြင်နေရသော ကြယ်များသည် ယခု ဂြိုလ်ပေါ်မှ လင်းဟန်မြင်နေရသော ကြယ်များနှင့် အတူတူပေပဲလား။


ညက တဖြည်းဖြည်းနက်လာသည်။


အရုဏ်တက်ခါနီးကောင်းကင်က ပုံမှန်ညဉ့်ကောင်းကင်ထက် ပိုမှောင်၏။


လိုက်ကာ တစ်ဝက်တစ်ပျက်ဆွဲထားသော ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသော ကောင်းကင်သည် တဖြည်းဖြည်း အမှောင်ထုက သိပ်သည်းလာ၍ ကြယ်များကိုပင် မမြင်ရတော့ပေ။


ထိုအခါမှပင် လင်းဟန်လည်း တဖြည်းဖြည်းအိပ်ချင်လာကာ ကျိန်းစပ်နေသော မျက်လုံးများကို ပိတ်လိုက်၍ တဖြည်းဖြည်း အိပ်ပျော်သည့်အဆင့်သို့ရောက်သွားလေသည်။


သူ မျက်လုံးကိုမှိတ်လိုက်ချိန်တွင် စိတ်က ညနေက ပါတီပွဲဆီသို့ ပြန်ရောက်သွား၍ ဟယ့်ယွင်ထင်၏မျက်လုံးများထဲ၌ သူ့အရိပ်ကိုသူ ပြန်မြင်လိုက်ရသည့်အချိန်ကို ပြန်စဉ်းစားလိုက်မိသည်။


ဗိုလ်ချုပ်ရဲ့မျက်လုံးတွေကတော့..ကြည့်လို့ကောင်းသားပဲ...



👾