အပိုင်း၇
Viewers 2k

👾Chapter 7:

 စကြာဝဠာကြီးက ငါတို့လူသားတွေရဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းပေးထားမှာပဲ



နောက်တစ်နေ့၌လည်း လင်းဟန်သည် ဌာနသို့ ပုံမှန်အချိန်အတိုင်းရောက်လာခဲ့သည်။ လင်းဟန်၏ estrus အချိန်က ပုံမှန်ထက်စော၍ရောက်လာသော်လည်း လိုရမယ်ရ တားဆေးနှင့် အာဟာရဓာတ်စာများကို နှစ်ဆပို၍ ယူလာလိုက်သည်။


လင်းဟန်က ရှန်ရှိုးနန်၏ရုံးခန်းဘေးမှ ဖြတ်သွားစဉ်တွင် လင်းဟန်ယူလာသော ဆေးများကို မြင်သောအခါ အိုမီဂါတစ်ယောက်ဖြစ်သော ရှန်ရှိုးနန်လည်း ချက်ချင်းတန်းသိ၍ မေးလိုက်သည်။

"မင်း heat အချိန်ရောက်နေတာလား..."


လင်းဟန်က ခေါင်းငြှိမ့်ပြလိုက်သည်။


ရှန်ရှိုးနန်သည်လည်း အိုမီဂါတစ်ယောက်ဖြစ်သော်လည်း လင်းဟန်အား နားမလည်နိုင်ချေ။

"မင်း ဒီနှစ်ရဲ့ ခွင့်ရက်တွေကို တစ်ရက်မှ မသုံးရသေးဘူးမလား...heat ဝင်နေတဲ့ အိုမီဂါတစ်ယောက်က အိမ်မှာ သုံးရက် နားနားနေနေ နေဖို့ကို အမြဲမျှော်နေရမှာမဟုတ်ဘူးလား...မင်းကျမှပဲ အာဟာရဓာတ်စာတွေ တားဆေးတွေယူပြီး အလုပ်လာရတယ်လို့..."


လင်းဟန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

"ငါ့အတွက်က ‌နားနေရလောက်အောင် အခြေအနေဆိုးနေတာမှမဟုတ်တာ..."


ရှန်ရှိုးနန်က တစ်ခုခုထပ်ပြောမည်လုပ်လိုက်သော်လည်း လင်းဟန်က သူစိတ်ပူနေသည်ကို နားလည်သောကြောင့် ထပ်ရှင်းပြလိုက်သည်။

"ပြီးတော့ ဒီနှစ်ရက်အတွင်းမှာ မြန်နိုင်သမျှ အမြန်ဆုံး ပြီးအောင်ပြင်ရမယ့် အလုပ်တစ်ခုလည်း ရှိသေးတယ်လေ..."


"ဘာပြင်ရမယ့်အလုပ်လဲ...မင်းအလုပ်က အကုန်ပြီး..."

ရှန်ရှိုးနန်က ပြောနေရင်းနှင့်မှ ရုတ်တရက် သတိရသွားသည်။


"ဪ ဪ...ဟုတ်သားပဲ...မင်းက ဗိုလ်ချုပ်ဟယ့်ရဲ့ မက်ခါကို ပြင်ရဦးမှာ...ဒါပေမယ့် အခုက ဗိုလ်ချုပ်ကလည်း ဒီကိုပြန်ရောက်နေပြီး မက်ခါကို ပြင်ရမှာဆိုတော့ အရမ်းလည်း အလျင်မလိုပါဘူး..."


ရှန်ရှိုးနန်က ခဏတွေးပြီးမှ ဆက်ပြောလိုက်သည်။

"ဒါမှမဟုတ် မင်း အိမ်ပြန်နားပြီး ဒီနှစ်ရက်မှာ ငါပြီးသလောက် ကူပြီး လုပ်ထားပေးလို့ရတာပဲ...ပြင်ရတာ အရမ်းမခက်ရင် ငါလုပ်နိုင်ပါတယ်..."


လင်းဟန်က ပြောလိုက်သည်။

"အခုလိုပြောပေးတာ ကျေးဇူးတင်ပေမယ့် ဒီအလုပ်က မင်းလုပ်လို့မရဘူး..."


"ဟမ်..."

ရှန်ရှိုးနန်က ရုတ်တရက် အသံကိုမြှင့်၍ အော်လိုက်ပြီးမှ ပြန်ငြိမ်သွားသည်။


"ဪ ငါသိပြီ..."


"ဒါပေမယ့်လည်း မင်းကိုယ်မင်းတော့ ဒီလောက် ဒုက္ခမပေးသင့်ပါဘူး...တစ်ခုခုဖြစ်တာနဲ့ ငါ့ကို ဆက်သွယ်လိုက် ကြားလား..."


ပုံမှန်အားဖြင့် လင်းဟန် ယခုကဲ့သို့ ပြောလျှင် ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။


ပထမတစ်ခုက လင်းဟန်တစ်ယောက်တည်းသာ ပြင်နိုင်လောက်အောင် ပျက်စီးသည့်အပိုင်းက အရမ်းအနုစိပ်လွန်း၍ ဖြစ်ကာ ဒုတိယတစ်ခုကတော့ ပျက်စီးသည်ကိုပြင်ရန် စိတ်စွမ်းအားဆက်သွယ်မှု လိုသောကြောင့် ဖြစ်သည်။


ရှန်ရှိုးနန်သည်လည်း အိုမီဂါများထဲ၌ အဆင့်မြင့် အိုမီဂါတစ်ယောက်အဖြစ် သတ်မှတ်ခံရသူဖြစ်၍ ဤဌာနသို့ အမှတ်များကောင်းသော မက်ခါကျွမ်းကျင်သူအဖြစ် ဝင်ရောက်လာနိုင်သော်လည်း စိတ်စွမ်းအားကတော့ အင်အားမကြီးသည်ဖြစ်ရာ စိတ်စွမ်းအားသုံးရမည့်‌အလုပ်ဆိုလျှင်တော့ မလုပ်နိုင်ပဲ အခြားလူများကိုသာ လွှဲပေးလိုက်ရလေ့ရှိသည်။


ရှန်ရှိုးနန် ထွက်သွားပြီးသောအခါ လင်းဟန်လည်း မတော်တဆမှုများမရှိစေရန် တားဆေးကို အဆင်သင့်ဖြည့်လိုက်၍ မနေ့က ဟယ့်ယွင်‌ထင်ပေးခဲ့သည့် နမူနာများနှင့် သော့ကိုယူကာ မက်ခါပြုပြင်ရေးအခန်းထဲသို့ ဝင်လာလိုက်သည်။


လင်းဟန် အဓိကလုပ်ရသည်က မက်ခါ၏ အဓိကစနစ်ကို သေချာစစ်ဆေး၍ ပြင်သင့်သည်များကို ပြင်ကာ မက်ခါမောင်းနှင်သူက သူ၏စိတ်စွမ်းအားနှင့် မက်ခါကို ဆက်သွယ်ချိတ်ဆက်သည့်အခါ မတော်တဆမှုများမဖြစ်ရစေရန် ကြိုတင်ကာကွယ်မှုများ လုပ်ရန်ဖြစ်သည်။ 


ယခု လင်းဟန်ပြင်ရမည့် ဟယ့်ယွင်ထင်၏မက်ခါက ကိုယ်တိုင်မောင်းစနစ်တစ်ဝက်၊ စိတ်စွမ်းအားနှင့်မောင်းသည့်စနစ်တစ်ဝက် ဖြစ်သည်။ ထိုမက်ခါကို ထိန်းချုပ်မောင်းနှင်ရန် ယာဉ်မှူးက သွားမည့်လမ်းကြောင်းများကို ကိုယ်တိုင်အသေးစိတ်တွက်ချက်ကာ တိုက်ခိုက်ရာတွင်လည်း လှုပ်ရှားမှုတစ်ခုချင်းစီကို ထိန်းချုပ်နိုင်သည် တစ်ချိန်တည်းမှာပင် စိတ်စွမ်းအားနှင့်လည်း ဆက်သွယ်နိုင်သေးသောကြောင့် ကျွမ်းကျင်သူသာမောင်းနှင်မည်ဆိုလျှင် ထိုမက်ခါက အလွန်အစွမ်းထက်သော အကောင်းဆုံးလက်နက်တစ်ခုဖြစ်လာနိုင်သည်။


မက်ခါကို ပြင်ဆင်သူများသည် မက်ခါတစ်ခုကို ထပ်ခါထပ်ခါ စမ်းသပ်မှုများလုပ်၍ သတ်မှတ်ထားသော အခန်းငယ်လေးထဲတွင် မရေတွက်နိုင်လောက်အောင် မောင်းနှင်ကြည့်ပြီး လုံးဝစိတ်ချရပြီဆိုသောအခါမှ ပိုင်ရှင်များလက်ထဲသို့ ပြန်အပ်ကြခြင်းဖြစ်သည်။


ဟယ့်ယွင်ထင်၏ စိတ်စွမ်းအားက အခြားမည်သူမှ မယှဉ်နိုင်အောင် စွမ်းအားကြီးလွန်းသောကြောင့် သူမောင်းနှင်သော မက်ခါကို ပြင်ဆင်ကာ မောင်းနှင်ကြည့်မည့် လင်းဟန်က ထိုမက်ခါအား ထိန်းသိမ်းမရဖြစ်မည်စိုးသောကြောင့် ဟယ့်ယွင်ထင်သည် သူ၏ စိတ်စွမ်းအားနမူနာကို လုအန်းဟယ်နှင့်တစ်ဆင့် လင်းဟန်ထံသို့ ပေးခိုင်းလိုက်ခြင်းဖြစ်သည်။


လမ်းလျှောက်လာရင်းဖြင့် လင်းဟန်လည်း တွေးမိတွေးရာ တွေးနေသည်ကိုရပ်ကာ M2742 နား၌ ပတ်ပတ်လည်ဝိုင်းနေကြသော သူ၏လုပ်ဖော်ကိုင်ဘက်များကိုနှုတ်ဆက်ကာ သူတို့၏အလုပ်များကို အခြားအခန်း၌ ပြောင်းလုပ်ပေးရန် တောင်းဆိုလိုက်သည်။ ထိုလူများထွက်သွားပြီးသောအခါ ကြီးမားကျယ်ဝန်းသောပြုပြင်ရေးအခန်းထဲ၌ လင်းဟန်တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။


မက်ခါ၏ ညာဘက်လက်က ပြင်ပြီးသားဖြစ်သော်လည်း အဓိကထိန်းချုပ်သည့်နေရာက ပျက်စီးနေဆဲဖြစ်သောကြောင့် ပုံမှန်လောက် မကောင်းသေးပေ။ လင်းဟန်သည် ဓာတ်လှေကားဖြင့် မက်ခါ၏ ယာဉ်မောင်းနှင်သည့်နေရာသို့ တက်သွားလိုက်သည်။


လင်းဟန်၏လက်ထဲ၌ မက်ခါ၏ တစ်ခုတည်းသော သီးသန့်သော့နှင့် ယာဉ်မောင်းနှင်သူ၏ စိတ်စွမ်းအားနမူနာကို ကိုင်ထားလေသည်။


လင်းဟန်သည် မက်ခါများစွာကို မောင်းဖူးသော်လည်း သူ မောင်းရသည့်မက်ခါများက သူ့ဆီသို့ ပြင်ဆင်ရန်၊ သို့မဟုတ် စစ်ဆေးရန် ရောက်လာသောမက်ခါများသာဖြစ်သည်။ လင်းဟန်က ထို မက်ခါများကို ပြုပြင် ပြင်ဆင်၍ ဤအခန်းလေးထဲ၌သာ စစ်ဆေးရန် မောင်းနှင်ရခြင်းဖြစ်သည်။


ထို့ကြောင့် လင်းဟန်သည် မက်ခါများကို ဤပြုပြင်ရေးအခန်းလေးထဲမှလွဲ၍ အပြင်၌ ‌မမောင်းဖူးပေ။ တစ်နည်းပြောရလျှင် သူ မက်ခါကို မောင်းနှင်၍ အပြင်သို့ ဘယ်တုန်းကမှ မရောက်ဖူးသေးချေ။


မက်ခါပေါ်သို့ရောက်သောအခါ လင်းဟန် မောင်းနှင်သည့်ခုံနေရာ၌ထိုင်၍ ယာဉ်မောင်းဦးထုပ်ကို ဝတ်လိုက်သည်။ သူ မက်ခါများကို ပြုပြင်ရာ၌ စိတ်ရောကိုယ်ပါ နှစ်၍ သေချာပြုပြင်ပေးသောကြောင့် လင်းဟန်ပြုပြင်လိုက်သော မက်ခါများသည် ကြယ်‌တာရာမြောက်များစွာကို ကျော်၍ အနက်ရှိုင်းဆုံးသော အာကာသများအထိ သွားနိုင်ကြသည်။


သို့သော် ထိုမက်ခါများကို ပြန်လည်မွေးဖွားပေးလိုက်သူ လင်းဟန်ကတော့ ကြယ်များဆီသို့ တစ်ခါမျှပင် မရောက်ဖူးပါချေ။


စကြာဝဠာကြီးက ငါတို့လူသားတွေရဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းပေးထားမှာပဲ...


ထို့နောက် လင်းဟန် သော့ကို သော့ပေါက်ထဲထည့်လိုက်သောအခါ စက်နိုးလာ၍ ယာဉ်မောင်းနေရာရှိ ခလုတ်များလည်း မီးများလင်းလာကာ သေချာမပြင်ရသေးသော ထိန်းချုပ်ကိရိယာ၏မျက်နှာပြင်လည်း ပွင့်လာသည်။ 


လင်းဟန် လက်ထဲရှိ စိတ်စွမ်းအားနမူနာကို ကြည့်၍ စိတ်ကိုပြင်ဆင်ကာ ဖွင့်မည်အလုပ်မှာပင်-သူ၏ဆက်သွယ်ရေးကိရိယာက ပွင့်လာသည်။


ထိုသို့ပွင့်လာခြင်းက လင်းဟန်အတွက် ထူးဆန်းသွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ အလုပ်လုပ်နေသည့်အချိန်များ၌ ဆက်သွယ်ရေးကိရိယာကို ပိတ်ထားလေ့ရှိရာ သာမာန်သူငယ်ချင်း မိတ်ဆွေများထံမှဆိုလျှင် မဝင်လာတတ်ပေ။ အထက်လူကြီးများ၏ ဆက်သွယ်မှု၊ သို့မဟုတ် အရေးတကြီးလိုအပ်သောအခြေအနေများတွင်သာ လင်းဟန်၏ ဆက်သွယ်ရေးကိရိယာဆီသို့ ဝင်လာတတ်သည်။


တစ်ခုခုဖြစ်လို့များလား...


လင်းဟန်က ယာဉ်‌မောင်းဦးထုပ်ကို ချွတ်လိုက်ရာ ဆက်သွယ်ရေးကိရိယာပေါ်၌ပေါ်နေသော စာကိုမြင်လိုက်ရသည်။


"ဖုန်းကိုင်ပါ လင်းဟန်..."


လင်းဟန်က ဝင်လာနေသောဆက်သွယ်မှုကို လက်ခံလိုက်ရာ အမှတ်အသားတစ်ခုပေါ်လာသည်။


ထိုအမှတ်အသားမှာ ဗိုလ်ချုပ်ဟယ့်၏အမှတ်အသားဖြစ်၍ ဤဆက်သွယ်မှုလိုင်းကလည်း သာမာန်လိုင်းများနှင့်မတူပဲ  ကိရိယာပိတ်ထားလျှင်တောင် သူဆက်သွယ်ချင်သည့်လူနှင့် တိုက်ရိုက်ဆက်သွယ်လို့ရသည့် ဗိုလ်ချုပ်၏ ကိုယ်ပိုင်ဆက်သွယ်ရေးလိုင်းဖြစ်သည်။


 လင်းဟန်က မက်ခါကို စက်နှိုးထားပြီးဖြစ်သောကြောင့် မက်ခါ၏တစ်ကိုယ်လုံးထံမှ မြည်ဟည်းသံတစ်ခု ထွက်ပေါ်နေသည်။


လင်းဟန်သည် သံသယဖြစ်စွာနှင့် ဆက်သွယ်မှုကို လက်ခံလိုက်သည်။


"ဟယ်လို..."


တစ်ဖက်မှ မနေ့ညက ကြားခဲ့ရသော အေးစက်သောအသံကို လင်းဟန် ထပ်ကြားလိုက်ရသည်။


"လင်းဟန်..."


လင်းဟန် ဘာမှပြန်မပြောနိုင်ခင်မှာပင် တစ်ဖက်မှ လုအန်းဟယ်၏အသံ ထပ်ပေါ်လာသည်။

"မစ္စတာလင်း!..."


"စိတ်စွမ်းအား နမူနာကို မဖွင့်လိုက်နဲ့...ပြီးတော့ မက်ခါရဲ့ ပင်မနေရာနဲ့လည်း မဆက်သွယ်နဲ့..."


"အဲဒါ အတုကြီး!..."


*


ဆယ်လ်နာစံအိမ်၊ ဇုံ A


"ဘော့စ်ပြောတဲ့အတိုင်း ကျွန်တော်လုပ်လိုက်ပြီ...အချိန်မှီဆက်သွယ်လိုက်နိုင်လို့ တော်သေးတာပေါ့...ကျွန်တော် ဆက်လိုက်တဲ့အချိန်မှာ မစ္စတာလင်းက မက်ခါကို စက်နှိုးပြီးကာစပဲရှိသေးတယ်...စိတ်စွမ်းအားနမူနာကို မတပ်ရသေးဘူး..."


ဟယ့်ယွင်ထင်သည် သူ၏ အေးစက်နေသော နှုတ်ခမ်းပါးများကို တင်းတင်းစေ့၍ မျက်လုံးပြာများက အောက်သို့ စိုက်နေကာ တစ်စုံတစ်ခုကို တွေးတောနေဟန်ပေါက်နေသည်။


လုအန်းဟယ်က ခေါင်းကိုမော့၍ ဆက်ပြောလိုက်သည်။

"ဒါပေမယ့် အဲဒါက အဓိပ္ပာယ်မရှိဘူး...နမူနာက ကျွန်တော်ကိုယ်တိုင် မစ္စတာလင်းရဲ့ လက်ထဲကို ထည့်ပေးလိုက်တာလေ...အဲဒီအချိန်မှာတော့ ဘယ်သူကမှ မလဲလိုက်နိုင်ဘူး...ဒါနဲ့ ဘော့စ်ရဲ့အခြေအနေရော သက်သာရဲ့လား..."


"စိတ်ပူစရာမရှိပါဘူး..."


ဟယ့်ယွင်ထင်က သူ့ဒဏ်ရာအကြောင်းကို ဆက်မပြောတော့ပဲ လက်ရှိအခြေအနေကိုသာ စကားလမ်းကြောင်း ပြန်လှည့်လိုက်သည်။

"ဟို စားပွဲထိုး..."


လုအန်းဟယ်လည်း ဟယ့်ယွင်ထင်ပြောမှ မနေ့က အဖြစ်အပျက်ကို ပြန်စဉ်းစားမိသွားသည်။ 


"ကျွန်တော့်ကို နမူနာပေးခိုင်းနေတုန်းက သူရောက်လာတာမလား...ပြီးတော့ တမင်သက်သက်ကို ဘော့စ်ရဲ့ ညာဘက်ပုခုံးက ဒဏ်ရာကို ‌တံခါးနဲ့ ဝင်တိုက်လိုက်တာနေမှာ...ကျွန်တော် အခုပဲ သွားစုံစမ်းလိုက်မယ်..."


ဟယ့်ယွင်ထင်က ပြောလိုက်သည်။

"မလိုဘူး..."


ဤကိစ္စကို စီစဉ်သူသည် အစတည်းက သေချာအကွက်ချစီစဉ်ထားမည်ဖြစ်၍ ထိုစားပွဲထိုးသည်လည်း ရိုးရိုးအမြှောက်စာတစ်ယောက်သာဖြစ်လောက်ရာ တစ်ရက်ကြာပြီးသည့်နောက်တွင်တော့ ထိုစားပွဲထိုးကိုလည်း အစရှာလို့ရတော့မည်မဟုတ်ချေ။


ဟယ့်ယွင်ထင်သည် ခဏမျှ စဉ်းစားနေပြီးမှ နောက်မေးခွန်းတစ်ခုမေးလိုက်သည်။

"သူ နောက်ထပ် ဘာပြောသေးလဲ..."


"ဟမ်...?"

လုအန်းဟယ်က တစ်ချက်ကြောင်သွားပြီးမှ နားလည်သွားသည်။


"မစ္စတာလင်းက အဲဒီ စိတ်စွမ်းအားနမူနာကို အတုမှန်းသိသိချင်း ဖျက်ဆီးလိုက်တယ်လို့ပြောပါတယ်...ဒါပေမယ့် အသစ်တစ်ခုကို ဘယ်တော့လာယူရမလဲတော့ မမေးသွားဘူး..."


"ဘော့စ်...ဒီကိစ္စက ဘယ်သူလုပ်တာလဲဆိုတာ စဉ်းစားမိလား..."


လုအန်းဟယ်က ပြောရင်းနှင့် ဟယ့်ယွင်ထင်အား လှမ်းကြည့်လိုက်ရာ လန့်သွားသည်။


"ဟာ ဒုက္ခပဲ...ဘော့စ်ရဲ့ဒဏ်ရာက အခုထိ သွေးတွေထွက်နေသေးတာလား..."


ဟယ့်ယွင်ထင်သည် အရိုးရှင်းဆုံး ရှပ်အင်္ကျီကိုသာ ဝတ်ထားသော်လည်း အရောင်မှိုင်းမှိုင်း အင်္ကျီအောက်၌ ကြွက်သားအမြှောင်းများကို မြင်နေရကာ ညာဘက်ပုခုံးနား၌ အင်္ကျီအရောင်က တခြားနေရာများထက် ပို၍ ရင့်နေသည်။


"ဘာမှမဖြစ်ပါဘူး..."

ဟယ့်ယွင်ထင်က ဒဏ်ရာအကြောင်းကို ဆက်ပြောချင်ပုံမရပေ။


"ဟုတ်ကဲ့..."

လုအန်းဟယ်က ခေါင်းငြှိမ့်လိုက်သည်။


"စစ်တပ်အုပ်စုက အဖိုးကြီးကလည်း နည်းနည်း မသင်္ကာစရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်...ဘော့စ် အရင်တစ်ခေါက်တုန်းက ကြယ်တာရာဓားပြတွေကို ရှင်းလင်းဖို့ လူလိုတယ်ပြောတုန်းက သူက မက်ခါအသစ်တွေ ထပ်ထည့်ချင်နေတာလေ...ဒါပေမယ့် ဘော့စ်က ငြင်းလိုက်တော့ သူနည်းနည်း စိတ်ခုသွားပုံရတယ်..."


ဟယ့်ယွင်ထင်က ဘာမှပြန်မပြောချေ။


ထို့ကြောင့် လုအန်းဟယ်လည်း ဘာမှဆက်မပြောတော့ပဲ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။


နေ့လယ်စာစားချိန်ရောက်သောအခါ ဟယ့်ယွင်ထင်က ထိုကိစ္စအကြောင်းဆွေးနွေးနေသည်ကိုရပ်လိုက်သည်။

"သွားကြရအောင်..."


သူတို့နှစ်ယောက်သည် စင်္ကြန်လမ်း၌ ဘေးချင်းကပ်လျှောက်နေကြစဉ် လုအန်းဟယ်က တစ်စုံတစ်ခုကို တွေးမိ၍ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဒါနဲ့ ဘော့စ် မစ္စတာလင်းနဲ့ အရင်က တွေ့ဖူးလား..."


ဟယ့်ယွင်ထင်က လမ်းလျှောက်နေသည်ကို ရပ်လိုက်ကာ တစ်စုံတစ်ခုကို တွေးနေသည့်ပုံနှင့် အပြာရောင်မျက်လုံးများကို တစ်ချက်ခတ်လိုက်သည်။ ခဏအကြာမှ ပြန်ဖြေလိုက်သည်။

"မတွေ့ဖူးပါဘူး..."


သို့သော် ဟယ့်ယွင်ထင်သည်လည်း လင်းဟန်နှင့် ပထမဆုံးတွေ့ပြီးတည်းက တစ်မျိုး ထူးဆန်းသလို ခံစားနေရသည်။


"ဪ..."

လုအန်းဟယ်က ပြောလိုက်သည်။


ဟယ့်ယွင်ထင်သည် အမျိုးသားစစ်တက္ကသိုလ်၌ တက်နေစဉ်တည်းက ပါရမီရှင်အဖြစ် သတ်မှတ်ခြင်းခံရ၍ အင်ပါယာ၏ မျှော်လင့်ချက်ရောင်ခြည်ဟု တင်စားခံခဲ့ရကာ အရာရာ၌လည်း ပထမချည်းသာ ရခဲ့သည်။ ဟယ့်ယွင်ထင်၏ မှတ်ဉာဏ်ကလည်း အလွန်ကောင်းကာ တစ်ခါတွေ့ဖူးသည့်အရာကို ဘယ်တော့မှ‌မမေ့တော့ ဟု တွေ့ဖူးသမျှ ဆရာများက ချီးကျူးကြသည်။


သူ မြင်တွေ့ခဲ့ရသော မည်သည့်အရာဖြစ်စေ မည်သူဖြစ်စေ ဟယ့်ယွင်ထင်သည် အကုန်မှတ်မိနေ၍ သူ့မှတ်ဉာဏ်ထဲမှ သိမ်းဆည်းထားသမျှ အကုန်လုံးကိုလည်း ဆက်စပ်စဉ်းစားနိုင်သည်။ ထို့ကြောင့် မနေ့က စိတ်ခွန်အားနမူနာကို ပြောင်းလိုက်သူမှာလည်း စားပွဲထိုးဖြစ်ကြောင်းကို ချက်ချင်းစဉ်းစားမိသွားခြင်းဖြစ်သည်။


ထို့အပြင် လင်းဟန်၏ ရုပ်ရည်ကလည်း ချောမော၍ လူကြားထဲ ပျောက်မသွားနိုင်သည့် ရုပ်မျိုးဖြစ်ရာ ဟယ့်ယွင်ထင်၏ မှတ်ဉာဏ်နှင့်ဆိုလျှင် ယခင်က တွေ့ဖူးသည်ဆိုပါက လုံးဝ မေ့နိုင်စရာအကြောင်းမရှိချေ။ ထို့ကြောင့် လင်းဟန်အား ဟယ့်ယွင်ထင် ယခင်က တွေ့ဖူးသည်မှာ ဖြစ်နိုင်စရာအကြောင်းမရှိချေ။


"ဘော့စ်..."


ယခင်ရက်များက စိတ်အားလူအား ရှိနေသောကြောင့် လုအန်းဟယ်သည် စိတ်ပျော်ရွှင်နေကာ သူ့ဘော့စ်ရှေ့မှာပင် ဘော့စ်၏ အတွင်းရေးကိစ္စများကို ပြောရဲဆိုရဲဖြစ်နေသည်။


"ဘော့စ်က လင်းဟန်ကို..."


ဟယ့်ယွင်ထင်က မကြိုက်သည့်ပုံနှင့် လုအန်းဟယ်ကို လှမ်းကြည့်လိုက်သည်။

"မင်း ခုတလော တော်တော်စကားများနေပါလား..."


ဒုဗိုလ်မှူးလု လည်း ထိုအခါမှပင် အနည်းငယ်လန့်သွားပုံပေါ်ကာ ပါးစပ်ပိတ်သွားသည်။


ထိုအချိန်မှာပင် ဝတ်စုံပြည့်နှင့် အိမ်တော်ထိန်းက အခန်းထဲဝင်လာ၍ ဟယ့်ယွင်ထင်တို့ နှစ်ယောက်ကိုတွေ့သောအခါ ရိုသေစွာ ဦးညွှတ်၍ စားပွဲပေါ်၌ စားစရာများကို စတင်တည်ခင်းတော့သည်။


လုအန်းဟယ်သည်လည်း ဤစံအိမ်၌ နေနေကျဖြစ်သောကြောင့် မီးဖိုထဲမှ စီမံသူများပင် လုအန်းဟယ်၏အကြိုက်ကိုသိနေ၍ လုအန်းဟယ် လာသည့်ရက်များဆိုလျှင် ဆီများများနှင့် အရသာလေးလေးပင်ပင် စား၍ကောင်းသော စားစရာများကို စီစဉ်ပေးတတ်သည်။ ဟယ့်ယွင်ထင်၏အစားအသောက်ကတော့ ဘာမှ ထွေထွေထူးထူးမရှိချေ။ စစ်တပ်မှကျွေးသည့်ပုံစံအတိုင်း စီစဉ်ပေးရုံသာဖြစ်သည်။


သို့သော် ယနေ့တွင်တော့ ဗိုလ်ချုပ်ဟယ့်ယွင်ထင်၏ စားစရာများထဲ၌ တစ်ခု ပိုလာလေသည်။


ဟယ့်ယွင်ထင်၏ တစ်နေ့ ‌တစ်နေ့ မပြောင်းလဲသော ငြီးငွေ့ဖွယ်အစားအသောက်များဘေး၌ ကြွပ်ရွနေသည်အထိ ဖုတ်ထားသော အညိုရောင်မုန့်ခွက်လေးတစ်ခု ရှိနေလေသည်။


အိမ်တော်ထိန်းက လုအန်းဟယ်အား မသေချာသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ အိမ်တော်ထိန်း၏ အကြည့်၌ 

"ဗိုလ်ချုပ်က မလိုင်ပူတင်းကို မစားချင်ပဲ ကရယ်မယ်သကြားပဲ စားချင်တာ သေချာရဲ့လား..." ဟူသော မေးခွန်းကပေါ်လွင်နေသည်။


လုအန်းဟယ်ကလည်း ဟယ့်ယွင်ထင်မမြင်သည့်အချိန်၌ အိမ်တော်ထိန်းအား မေးဆတ်ပြလိုက်သည်။

ဘာမှမဖြစ်ဘူး...စိတ်မပူနေပါနဲ့...


ထိုအခါမှပင် အိမ်တော်ထိန်းကြီးလည်း သက်ပြင်းချနိုင်ကာ ထမင်းစားပွဲကို ပြင်ဆင်ပေးပြီးသောအခါ အခန်းထဲမှ ထွက်သွားတော့သည်။


လုအန်းဟယ်သည် အလွန်စိတ်ပျော်ရွှင်နေသောကြောင့် ခုနက အဆူခံထားရသည်ကိုပင် မမှုပဲ ကရယ်မယ်သကြားကိုစားနေသော ဟယ့်ယွင်ထင်က လက်ထဲမှ ဇွန်းကို ပြန်ချလိုက်သည့်အချိန်တွင် ခုနက ပြောလက်စစကားကို ဆက်ပြောရန် ကြိုးစားလိုက်ပြန်သည်။


"ဘော့စ်...မစ္စတာလင်းကို ချစ်သွားတာလား...မြင်မြင်ချင်း ချစ်သွားမိတာလား..."


ဟယ့်ယွင်ထင်သည် မရည်ရွယ်ပဲ သူ၏နှုတ်ခမ်းများကို သပ်လိုက်ပြီးမှ သူ့အပြုအမူကိုသူ ပြန်သတိထားမိသွားကာ အရှိန်ထိန်းလိုက်ရသည်။ ထို့နောက် သူ၏ထုံးစံအတိုင်း အေးစက်သောမျက်နှာနှင့် မျက်မှောင်ကြုတ်ကာ လုအန်းဟယ်၏မေးခွန်းကို ပြန်ဖြေလိုက်သည်။


"မချစ်ပါဘူး..."



👾