အပိုင်း၈
Viewers 2k

👾Chapter 8: 

ဟယ့်ယွင်ထင်မျက်နှာပျက်သွားခြင်း



"ဟုတ်ကဲ့...ဒါဆို မချစ်မိသွားဘူးပေါ့နော်..."


လုအန်းဟယ်က ရိုရိုကျိုးကျိုးလေး ပြန်ပြောလိုက်သည်။


"ဟုတ်တယ်..."

ဟယ့်ယွင်ထင်က သူလိုချင်သည့် တုံ့ပြန်မှု ရသွားသောအခါမှ ခေါင်းကို ပြန်လှည့်ကာ သူ့ရှေ့မှ ကြွေပန်းကန်ထဲရှိ ကြွပ်ရွနေအောင် မီးသင်းထားသော ကရယ်မယ်သကြားခဲများကို ဇွန်းသေးသေးလေးနှင့် ထိုးနေသည်။


ဟယ့်ယွင်ထင်၏အမူအရာများကို အကုန်မြင်လိုက်ရသော လုအန်းဟယ်၏ မျက်နှာကဘာတွေးနေသည်ကို အဓိပ္ပာယ်ဖော်မရအောင် တစ်မျိုးဖြစ်နေသည်။ သို့သော်လည်း နောက်ထပ် ဘာမှဆက်မပြောတော့ပဲ နေ့လယ်စာကိုသာ ကုန်အောင်စားကာ သူ့ဘော့စ် ကရယ်မယ်သကြားစားနေသည်ကို ထိုင်ကြည့်၍ အလုပ်ကိစ္စအကြောင်းကိုသာ ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။


"ဘော့စ်..."

လုအန်းဟယ်က ခေါ်လိုက်သည်။

"ဘယ်နေ့လောက် စိတ်စွမ်းအားနမူနာ ထပ်ထုတ်ပြီး မစ္စတာလင်းကို လာယူခိုင်းလိုက်ရမလဲ...ဒါမှမဟုတ် နည်းနည်းကြာမှပဲ သူ့ဆီကို ပို့လိုက်ရမလား..."


စိတ်စွမ်းအားနမူနာထုတ်ရန်မှာ အချိန်ယူရ၍ ယခင် အလဲခံလိုက်ရသည့် စိတ်စွမ်းအားနမူနာကိုလည်း လင်းဟန်က ဖျက်ဆီးလိုက်ပြီဖြစ်သောကြောင့် ထိုပုံစံနှင့် လုံးဝဆင်တူသော နမူနာကို ထုတ်ရန်မှာ နောက် နှစ်ရက် သုံးရက်ခန့် ကြာဦးမည်ဖြစ်သည်။


ဟယ့်ယွင်ထင်က လုအန်းဟယ်၏မေးခွန်းကို တိုက်ရိုက်မဖြေပဲ နောက်မေးခွန်းတစ်ခု ထပ်မေးခိုက်သည်။


"မင်း ဖုန်းဆက်တုန်းက လင်းဟန်က မက်ခါကို စက်နှိုးပြီး စိတ်စွမ်းအားနမူနာကို မက်ခါရဲ့ AI စနစ်နဲ့ တပ်ဖို့ လုပ်နေပြီလို့ ပြောတာလား..."


"ဟုတ်တယ်...ဘာဖြစ်လို့လဲ..."

လုအန်းဟယ်က အမှန်အတိုင်းပင် ပြောလိုက်သည်။

"ဘော့စ် စိတ်မပူပါနဲ့...မစ္စတာလင်းရဲ့ စကားကို ကျွန်တော်ယုံတယ်...သူက အချိန်မှီဖျက်ဆီးလိုက်တယ်လို့ ပြောတော့ ဘာမှ မဖြစ်လောက်ပါဘူး..."


"မဟုတ်ဘူး..."


ဟယ့်ယွင်ထင်က ပြောလိုက်သည်။


"နောက်မှဆိုရင် အချိန်တွေကြာနေလိမ့်မယ်...အခုတောင် သူတို့က ဒီအထိ ထိုးဖောက်လာနိုင်နေပြီဆိုတော့ နောက်ကျရင်လည်း တစ်မျိုးမဟုတ် တစ်မျိုး ကြံစည်ကြဦးမှာပဲ..."


လုအန်းဟယ်လည်း ထိုအခါမှ ဟယ့်ယွင်ထင်ဆိုလိုသည်ကို သဘောပေါက်သွားလေသည်။


"ကျွန်တော် နားလည်ပြီ...ဒါဆိုရင် ဘော့စ် ဒီကြားထဲမှာ ကျွန်တော့်ရဲ့ မက်ခါကို သုံးမလား...စိတ်စွမ်းအားနမူနာ ထပ်ထုတ်ဖို့ကလည်း အချိန်ယူရဦးမှာဆိုတော့..."


ထိုအခိုက်တွင် ဟယ့်ယွင်ထင်က ရုတ်တရက် ထမေးလိုက်သည်။


"မက်ခါကို ပြုပြင်စမ်းသပ်ဖို့ကို ငါကိုယ်တိုင် ဝင်ကူပေးရင်ရော..."


"ဟမ်..."

လုအန်းဟယ်က အလွန်လန့်ဖြန့်သွား၍ ထပင် ခုန်မိသွားသည်။


"ရတော့ရပါတယ်...ဒါပေမယ့် ဘော့စ်ပဲ အရင်တုန်းကတော့ လူကိုယ်တိုင်မသွားရအောင်လို့ စိတ်စွမ်းအားနမူနာပဲ ပေးမယ်လို့ ပြောပြီးတော့..."


"ဒါဆိုရင် အခုပဲ သွားမယ်..."


ဟယ့်ယွင်ထင်သည် ထိုအကြံကို ခုနလေးကမှ တွေးမိသူနှင့်မတူအောင် ချက်ချင်းပင် မဆိုင်းမတွ ပြောလိုက်သည်။


"ဌာနကို သွားမယ်..."


ဟယ့်ယွင်ထင်တစ်ယောက် ယာဉ်ပျံဆီသို့ မရောက်ခင်လေးမှာပင် လုအန်းဟယ်သည် အလျင်အမြန်နှင့် သုတေသနဌာနသို့ ဟယ့်ယွင်ထင်လာမည့်အကြောင်းကို သတင်းပို့လိုက်ရသည်။ သို့သော် တော်တော်လေး စိတ်လှုပ်ရှားနေပုံရသော ဗိုလ်ချုပ်ဟယ့်သည် အိမ်ထဲမှ ထွက်မည်လုပ်ပြီးမှ ပြန်ဝင်ကာ သူ၏ ညာဘက်ပုခုံးကို ဖုံးရန် ယူနီဖောင်းကို ဝတ်လိုက်သည်။ ပြီးမှ အိမ်ထဲမှ ထွက်လိုက်သည်။


လုအန်းဟယ်ကတော့ ဘာပြောရမည်ပင် မသိတော့ချေ။


ထိုအချိန်၌ လုအန်းဟယ်၏သတင်းပို့ချက်ကို ရရှိသော သုတေသနဌာန၌လည်း ကမ္ဘာပျက်မတတ်ဖြစ်နေကြသည်။ လုပ်သက်ရနေပြီဖြစ်သော ပုံမှန်ပညာရှင်များက မျက်နှာကို ထိန်းထားနိုင်သော်လည်း လင်းဟန်၏ လက်အောက်၌ အခုမှ အလုပ်စဝင်လာကြသော ဒီဇိုင်းပညာရှင်ပေါက်စလေးများကတော့ ရူးခါတော့မတတ်ဖြစ်နေကြလေသည်။


ထိုအလုပ်သင်လေးများသည် လင်းဟန် အလုပ်လုပ်နေသော ပြုပြင်ရေးအခန်းခြောက်ကို ဝင်ခွင့်မရသောကြောင့် ဤရက်များတွင် သူတို့ကို ရှန်ရှိုးနန်ကပင် ဦးဆောင်နေရသည်။ ဗိုလ်ချုပ်ဟယ့် လာမည်ဆိုသည်ကို ကြားသောအခါ ကလေးများသည် မထိန်းနိုင်တော့ပဲ ခေါင်မိုးကြီးလွင့်မတတ် စကားဖောင်ဖွဲ့နေကြတော့သည်။


"ဗိုလ်ချုပ်ဟယ့်က ဒီနေရာကို စစ်ဆေးဖို့လာမှာလား...ငါ့ရုပ်က ဘယ်လိုဖြစ်နေလဲ ကြည့်ပေးပါဦး...ငါ့ကို မြင်ရင် သူငါ့ကို အမြင်ကတ်သွားမလားမသိဘူး..."


"မသိဘူးဟဲ့...ငါလည်း ဘယ်လိုလုပ်သိမှာလဲ...ဒါပေမယ့် ငါကြားဖူးတာက ဗိုလ်ချုပ်က လူတိုင်းကို မျက်နှာထားတစ်မျိုးတည်းနဲ့ပဲကြည့်တာတဲ့...သူ လူတစ်ယောက်ကို ကြိုက် မကြိုက်ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူးတဲ့..."


"အို သူ ငါ့ကို မကြိုက်လည်း ရပါတယ်...အဓိက က ငါ့ကိုကြည့်သွားဖို့ပဲ...ဗိုလ်ချုပ်ရေ ကျွန်တော့်ကို ကြည့်ပါ..."


ရှန်ရှိုးနန်လည်း နေ့လယ်စာစားပြီး ပြန်လာချိန်၌ ထိုသတင်းကို ကြားသွားသောအခါ ချက်ချင်းပင် အင်အားများပြည့်ကာ တက်ကြွသွားသည်။

"ဗိုလ်ချုပ်လာမယ်ဟုတ်လား...ဘယ်မှာလဲ ဘယ်မှာလဲ..."


ထိုသတင်းကို လာပြောသော လုပ်ဖော်ကိုင်ဘက်ကတော့ အနည်းငယ် လန့်နေပုံပေါ်သည်။

"ခဏနေရင် ရောက်လာတော့မှာ...သူ့ရဲ့ မက်ခါ M2742 ကို လာကြည့်မလို့တဲ့..."


"အဲဒါ ပြုပြင်ရေးအခန်းထဲမှာ လင်းဟန် ပြင်နေတဲ့ မက်ခါမလား..."


သို့သော် ထိုအကြောင်းကို လင်းဟန်ဆီသို့ ရှန်ရှိုးနန်သွားပြောမည်အလုပ်မှာပင် ဗိုလ်ချုပ်၏ ကိုယ်ပိုင်ယာဉ်ပျံက ဌာနရှေ့သို့ ဆင်းသက်လာသံကို ကြားလိုက်ရသည်။


ထားလိုက်ပါတော့...

ရှန်ရှိုးနန် စဉ်းစားလိုက်သည်။

ဗိုလ်ချုပ်ဟယ့်ကလည်း အစတည်းက စကားပြောရတာတွေ ဘာ‌တွေ မကြိုက်တဲ့လူဆိုတော့ တကယ်ပဲ သူ့ မက်ခါအခြေအနေကို  လာကြည့်တာနေမှာပါ...လင်းဟန်ကလည်း ဒီကိစ္စကို ကြိုမသိလည်း ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ...


ရှန်ရှိုးနန် ထိုသို့ တွေးနေဆဲမှာပင် ဟယ့်ယွင်ထင်က ဌာနထဲသို့ သူ၏ ဒုဗိုလ်မှူး လုအန်းဟယ်နှင့်အတူ ဝင်လာတော့သည်။


ဗိုလ်ချုပ်ဝင်လာသည်နှင့် ဌာနထဲမှ လူတော်တော်များများသည် မျက်နှာထားများကို ထိန်းမရဖြစ်ကုန်ကြကာ အထူးသဖြင့် အလုပ်သင် ပညာရှင်ပေါက်စလေးများဆိုလျှင် မျက်နှာများ၌ စိတ်လှုပ်ရှားမှုများက အတိုင်းသား ပေါ်နေလေသည်။


ဟယ့်ယွင်ထင်သည် လှပသေ‌သပ်သော အပြာနုရောင် စစ်တပ်ယူနီဖောင်းကို ဝတ်ထားကာ စစ်တပ်ဦးထုပ်ကို မဆောင်းထားသောကြောင့် သပ်ရပ်စွာ ဖြီးထားသော ငွေရောင်ဆံပင်များကို မြင်‌နေရ၍ ကြည့်ရသည်မှာ ပို၍ အေးစက်ကာ ကြောက်စရာကောင်းနေသည်။


"ဟဲလို ပြုပြင်ရေးအခန်း ၆ က ဘယ်နားမှာလဲဗျ..."

လုအန်းဟယ်က ပြုံး၍ ရှန်ရှိုးနန်နားသို့လာကာမေးလိုက်သည်။


ရှန်ရှိုးနန်က ပြန်ဖြေရန် ပါးစပ်ဟလိုက်သည့်အခိုက်မှာပင် ဟယ့်ယွင်ထင်ကလည်း လုအန်းဟယ်၏ မေးခွန်းကြောင့် ရှန်ရှိုးနန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ 


ဟယ့်ယွင်ထင်၏ မျက်လုံးများသည် အလွန်လှပသော ပြာလွင်သည့်အရောင်များဖြစ်နေကြသော်လည်း မျက်နှာက အေးစက်လွန်းသောကြောင့် ရှန်ရှိုးနန်သည် ဟယ့်ယွင်ထင်နှင့် အကြည့်ချင်းဆုံသွားသည့်အချိန်တွင် အေးခဲနေသော ရေခဲကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဟယ့်ယွင်ထင်၏မျက်လုံးအောက်၌ မမြင်ရသည့် အရာပေါင်းများစွာ အေးခဲနေကြသည်ဟုလည်း တွေးလိုက်မိသည်။


ထို့နောက် ရှန်ရှိုးနန်က အခန်းနေရာနှင့် လမ်းကိုပြောလိုက်သောအခါ လုအန်းဟယ်က ကျေးဇူးတင်စွာ ခေါင်းငြှိမ့်၍ ဟယ့်ယွင်ထင်နှင့် အတူ ထွက်သွားတော့သည်။


ပြုပြင်ရေးအခန်း ၆ သို့ရောက်သောအခါ လုအန်းဟယ်က တစ်စုံတစ်ခုကို စဉ်းစားကာ ပြောလိုက်သည်။

"ဘော့စ်...ဘော့စ်တစ်ယောက်တည်း ဝင်သွားလိုက်...ကျွန်တော် အပြင်ကပဲ တံခါးကိုစောင့်နေလိုက်မယ်..."


ဟယ့်ယွင်ထင်က ခေါင်းကို မသိမသာငြှိမ့်၍ ပြုပြင်ရေးအခန်း၏တံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းထဲမှ ဟယ့်ယွင်ထင်၏ မက်ခါက မြင်ကွင်းထဲသို့ ဝင်လာသည်။ ဟယ့်ယွင်ထင်ရှေ့၌ ရှိနေသော လူသားတို့၏စစ်ပွဲများအတွက် တည်ဆောက်ထားသော ကြီးမားလွန်းသည့် စက်ရုပ်ကြီးနှင့် ယှဉ်လျှင် လူများသည် သေးငယ်၍ ခွန်အားပျော့ညံ့နေကြသကဲ့သို့ ဖြစ်နေကြမည်သာဖြစ်သည်။


သို့သော်...လူတိုင်းတော့မဟုတ်ပေ။


ဟယ့်ယွင်ထင်သည် မျက်လုံးကိုပင့်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။


ဆံပင်အမည်းရောင်နှင့် မျက်လုံးအမည်းရောင်များရှိသော မက်ခါပညာရှင်သည် ကျစ်လစ်သောခန္ဓာကိုယ်၊ နူးညံ့သောမျက်ခုံးတို့ဖြင့် အဖြူရောင်ယူနီဖောင်းကို ဝတ်ဆင်ကာ မက်ခါ၏ ဘယ်ဘက်လက်ဖဝါးထဲ၌ ရပ်နေသည်။ ထိုအခိုက်အတန့်၌ ကြီးမား၍ အသက်ဝိဉာဉ်ကင်းမဲ့သော မက်ခါကြီးသည် တစ်ခဏတော့ အသက်ဝင်နေသကဲ့သို့ဖြစ်ကာ ထိုပညာရှင်အား ရိုကျိုးစွာဖြင့် သူ၏လက်ဖဝါးထဲ၌ထည့်၍ မြှောက်ပင့်ကာ ပူ‌ဇော်နေသကဲ့သို့ ဖြစ်နေလေသည်။ မက်ခါ၏ ခန္ဓာကိုယ်ကလည်း ငွေရောင်တောက်ပနေကာ သူ၏လက်ဖဝါးထဲရှိ ပညာရှင်လူငယ်က သူ့သွေးဖြင့် မက်ခါ၏ခန္ဓာကိုယ်ထဲသို့ အသက်ဝိဉာဉ် ထည့်သွင်းထားသကဲ့သို့ ရှိလေသည်။


ထိုမြင်ကွင်းကိုကြည့်ရသည်မှာ ခြောက်ခြားဖွယ်ကောင်း၍ တစ်ချိန်တည်းမှာပင် ဟန်ချက်ညီကာ ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေတော့သည်။


ဟယ့်ယွင်ထင်သည် ဤမြင်ကွင်းမှ သူ့အကြည့်များကို မလွှဲနိုင်‌တော့ ဟု ထင်လိုက်မိသည်။


မက်ခါပေါ်မှ လူငယ်က အောက်မှ ဟယ့်ယွင်ထင်အား မြင်လိုက်သောအခါ တစ်ခဏမျှ လှုပ်ရှားမှုများရပ်သွားသည်။ ထို့နောက်တွင်မှ မက်ခါ၏ဘယ်ဘက်လက်မှဆင်း၍ ဓာတ်လှေကားဆီသို့ လျှောက်ကာ အောက်ဆင်းသည့်ခလုတ်ကို နှိပ်၍ ဟယ့်ယွင်ထင်အား ငုံ့ကြည့်ရင်း အောက်သို့ ဆင်းလာလေသည်။


ဟယ့်ယွင်ထင်ကလည်း ဆယ်ပေအထက်မြင့်သော အမြင့်မှ ဆင်းလာကာ သူနှင့် တစ်ဖြည်းဖြည်းချင်း နီးကပ်လာသော လူငယ်အား မော့ကြည့်နေလိုက်သည်။


လူငယ်က တဖြည်းဖြည်းနှင့် သူ့နားဆင်းလာချိန်တွင် ဟယ့်ယွင်ထင်သည် သူ၏အတွေးများကို ပထမဆုံးအကြိမ်အဖြစ် ပြန်ဆန်းစစ်လိုက်မိသည်။ သူသည် ထို လင်းဟန်ဆိုသော လူငယ်လေးကို ညစာစားပွဲ၌ စတွေ့ချိန်.. မဟုတ်ပေ၊ သူ့လက်ကို စကိုင်လိုက်သည့်အချိန်တည်းက ထိုလူငယ်အား အခြားလူများနှင့် မတူပဲ တမူထူးခြားနေသည်ဟု တွေးခဲ့မိသည်လား။


ထိုအချိန်၌ လူငယ့်ထံမှ ထွက်‌နေသော ချိုမြသည့် ရနံ့များက ဟယ့်ယွင်ထင်၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။


ထိုလူငယ်သည် တကယ်ပင် ဟယ့်ယွင်ထင်အတွက် ထူးခြားနေခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း ထိုခံစားချက်အား မြင်မြင်ချင်း ချစ်မိသွားသည့် အချစ်ဟု ဟယ့်ယွင်ထင်မထင်မိပါ။ သို့သော်လည်း ဟယ့်ယွင်ထင် ကိုယ်တိုင်က "အချစ်" ဆိုသောစကားလုံး၏ အဓိပ္ပာယ်ကို မသိချေ။


ဟယ့်ယွင်ထင်၏ဘဝတစ်လျှောက်လုံး၌ စစ်တပ်လေ့ကျင့်ရေးနှင့် စစ်ပွဲများကိုသာ ကြုံတွေ့ခဲ့ရကာ သူနှင့် အချိန်အကြာဆုံး ရှိနေခဲ့သူမှာလည်း သူ့ရှေ့၌ရှိနေသော မက်ခါကြီးသာဖြစ်သည်။ သို့သော် ဟယ့်ယွင်ထင်သည် သူ့ရှေ့မှ အဖြူရောင်ယူနီဖောင်းကို ဝတ်ဆင်ထားသော လူငယ်လေးကို ကြည့်နေရင်းဖြင့် လူငယ်လေးနားသို့ရောက်ရန် မစောင့်နိုင်တော့သလို အရှေ့သို့ ခြေလှမ်းပင် တစ်လှမ်းတိုးရန်လုပ်လိုက်သည်။


သို့သော် ဟယ့်ယွင်ထင်က ရှေ့သို့လှမ်းရန် ခြေထောက်ကြွနေဆဲမှာပင် အပေါ်မှ အော်လိုက်သံ ထွက်လာလေသည်။


"ခဏနေဦး..."

ဓာတ်လှေကားပေါ်မှ လင်းဟန်က လှမ်းအော်လိုက်ခြင်းဖြစ်သည်။


ကျယ်ဝန်းသောပြုပြင်ရေးအခန်းထဲ၌ လင်းဟန်၏အသံက နတ်ဘုရားများ၏အသံကဲ့သို့  ကြည်လင်လှပစွာ ပဲ့တင်သံထပ်သွားသည်။


ဟယ့်ယွင်ထင်သည် အခြားလူများကိုသာ အမိန့်များပေးခဲ့သူဖြစ်၍ တကယ်၍ အခြားလူတစ်ယောက်ယောက်ကသာ သူ့ကို အမိန့်ပေးခဲ့မည်ဆိုလျှင်လည်း ထိုလူအား ကြောက်စရာကောင်းလောက်အောင် အေးစက်စွာ တုံ့ပြန်မည်ဖြစ်သည်။ သို့သော် ယခုတွင်တော့ ဟယ့်ယွင်ထင်သည် ဘာမှပင် မစဉ်းစားတော့ပဲ လင်းဟန်၏စကားအတိုင်း ခြေလှမ်းကို ရပ်လိုက်မိသည်။


လင်းဟန်၏ မျက်နှာက နူးညံ့ကြင်နာပုံပေါက်၍ ချောမောသော်လည်း ယခုတွင်တော့ တစ်ခုခုကို စဉ်းစားနေသလို မျက်မှောင်အနည်းငယ်ကြုတ်နေသည်။


လင်းဟန်သည် သူ့အားမော့ကြည့်နေသော မျက်ဝန်းပြာများကို ရင်ဆိုင်ကြည့်လိုက်သည်။


သူသည် ဌာနသို့ ဟယ့်ယွင်ထင်ကိုယ်တိုင်ရောက်လာလိမ့်မည်ဟု မထင်ထားမိပေ။


အစက လင်းဟန်သည် သူ၏ heat အချိန် ကျော်သွားသည့်အချိန်အထိ စောင့်ပြီးမှ စိတ်စွမ်းအင်နမူနာအား သွားယူမည်၊ သို့မဟုတ် ဗိုလ်ချုပ်က လုအန်းဟယ်အား ပို့ခိုင်းလိုက်မည် ထိုသို့တွေးထားခဲ့ခြင်းဖြစ်သည်။ မည်သည့်နည်းလမ်းပင် သုံးသုံး ဗိုလ်ချုပ်ကိုယ်တိုင်ရောက်လာမည်ဟုတော့ လုံးဝမထင်ထားခဲ့ချေ။


ဗိုလ်ချုပ်ဟယ့်ကိုယ်တိုင်ရောက်လာသည်က မက်ခါကို ပြုပြင်ရာ၌တော့ ပို၍ ကောင်းသွားသည်။ တကယ်တော့လည်း နမူနာက နမူနာပင် ဖြစ်သည်။ စိတ်စွမ်းအားသုံး၍ ပြုပြင်ရသော ကိစ္စ၌ ထိုစိတ်စွမ်းအားကို ထုတ်နိုင်သော လူကိုယ်တိုင်ပါလာပါက ပို၍ အားကောင်းပြီး ရလဒ်များကလည်း ပိုတိကျမည်ဖြစ်သည်။


ထို့ကြောင့် ဗိုလ်ချုပ်ရောက်လာသည်က ကောင်းတော့ကောင်းပါသည်...သို့သော်...


လင်းဟန်အတွက် စိုးရိမ်စရာများရှိနေသည်။


လင်းဟန်၏ heat အချိန်က မကုန်သေးဘူးမဟုတ်လား။


ထို heat အချိန်တွင် တားဆေးများသုံးထားသည့်တိုင်အောင် သူ၏အနံ့မထွက်အောင် ဖုံးဖို့မသေချာပေ။ ထို့အပြင် ဗိုလ်ချုပ်ဟယ့်သည် လင်းဟန်၏ ဖယ်ရိုမုန်းအနံ့ကို ရသွားခဲ့ဖူးသည်။ 


လင်းဟန်သည် သူ ယခုခံစားနေရသော ခံစားချက်ကို မဖော်ပြတတ်သော်လည်း အိုမီဂါတစ်ယောက်အနေနှင့် ပြင်ဆင်ကာကွယ်သင့်သည်ကိုတော့ ကာကွယ်ထားရမည်ဖြစ်သည်။


ထို့အပြင် ယခုလောလောဆယ်၌ ဗိုလ်ချုပ်ဟယ့်၏အတွင်းစိတ်များကို လင်းဟန်မသိချင်သေးပေ။


ထိုအချိန်၌ လင်းဟန်တစ်ယောက် တစ်စုံတစ်ခုကို နက်နက်နဲနဲစဉ်းစား၍ ဓာတ်လှေကားတံခါးကိုဖွင့်ကာ ကြမ်းပြင်ပေါ်သို့ဆင်း၍ လျှောက်လာသည်ကို ဟယ့်ယွင်ထင်က မျက်တောင်မခတ် ကြည့်‌နေလေသည်။


လင်းဟန်သည် အိတ်ထဲမှ အဖြူရောင်လက်အိတ်တစ်စုံကို ထုတ်၍ ဟယ့်ယွင်ထင်ရှိရာသို့ လျှောက်လာသည်။


ဗိုလ်ချုပ်ဟယ့်သည် တစ်စုံတစ်ခုတော့ လွဲနေပြီ ဟု စဉ်းစားမိသော်လည်း သူ့မျက်နှာကတော့ မပြောင်းလဲပဲ ပုံမှန်အတိုင်း အေးစက်စက်သာဖြစ်နေသည်။ ထိုအချိန်၌ သူ့ရှေ့မှ လူငယ်သည် ခြေလှမ်းအနည်းငယ်သာ လှမ်း၍ ရပ်လိုက်သည်ကို မြင်လိုက်ရသည်။


ဗိုလ်ချုပ်ဟယ့်က အဆင့်တက်၍ ဘာမှမလုပ်နိုင်ရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် လင်းဟန်သည် လက်အိတ်များကိုဝတ်လိုက်ကာ ဟယ့်ယွင်ထင်နှင့် ပုံမှန် ရောဂါမကူးစေရန် ခွာရပ်ရသည့် ၆ပေ၏ သုံးဆခန့်ခွာကာရပ်လိုက်သည်။

"ဗိုလ်ချုပ်ပြောစရာရှိရင် အဲဒီနေရာကနေပဲ ပြောပါ..."


"ကျွန်တော်လည်း ဒီကနေပဲ နားထောင်ပါမယ်..."

လင်းဟန်က ထပ်ပြော၍ လက်အိတ်ဝတ်ထားသည့် လက်ကို ထောင်ပြကာ ရှေ့ဆက်မတိုးနှင့် ဟူသော အမူအရာလုပ်ပြလိုက်သည်။

"ဗိုလ်ချုပ် အဲဒီနေရာကနေ မရွှေ့ပဲ အရှေ့ကိုလည်း တိုးမလာပါနဲ့..."


ဤတစ်ခါတွင်တော့ ဟယ့်ယွင်ထင်၏ ဘယ်တော့မှ မပြောင်းလဲသော အေးစက်စက်မျက်နှာသည် အနည်းငယ် ပျက်သွားလေတော့သည်။