အပိုင်း၉
Viewers 2k

👾Chapter 9: 

"သက်သာရဲ့လား"



အခန်းက တိတ်ဆိတ်နေသည်။


သူ၏ ဘော့စ်တစ်ယောက် အခန်းထဲ၌ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံနေရမည်ဟုသာ သိလျှင် လုအန်းဟယ်သည် တမင်သက်သက် အပြင်၌ နေခဲ့မည်မဟုတ်ချေ။ ထိုအခြေအနေမျိုးက လုအန်းဟယ်၏ ကြား‌ဝင်ပေးမှု လိုနေသည်။ သို့သော်လည်း ကံမကောင်းစွာပင် အခန်းထဲ၌ လုအန်းဟယ် ရှိမနေပေ။


အခြေအနေကို ဝင်ညှိပေးမည့် လုအန်းဟယ်မရှိသောကြောင့် ဗိုလ်ချုပ်ဟယ့်နှင့် လင်းဟန်တို့သည် အချိန်တော်တော်ကြာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၍ နောက်ဆုံးတွင်မှ "ဟင်..." ဆိုသော အသံတစ်သံသာ ထွက်လာသည်။


လင်းဟန်သည် ထိုကဲ့သို့ပြုမူလိုက်ခြင်းက မသင့်တော်မှန်းသိပါသည်။


သို့သော် ဗိုလ်ချုပ်ဟယ့်၏လက်ကို ထိလိုက်စဉ်က သူကြားခဲ့ရသော အတွေးများက လင်းဟန်အား နှစ်ဆပို၍ လန့်နေစေသည်။ ဗိုလ်ချုပ်၌သာ ထိုကဲ့သို့ အတွေးများ တကယ်ရှိနေပါက အိုမီဂါတစ်ယောက်ဖြစ်သော လင်းဟန်သည် ဤအချိန်၌ ပုံမှန်ထက်လည်း အားနည်းနေသောကြောင့် တစ်ခုခုသာဖြစ်ခဲ့ပါက လင်းဟန် ဘာမှလုပ်နိုင်မည်မဟုတ်ချေ။


လင်းဟန်သည် ဗိုလ်ချုပ်ဟယ့်နှင့် ခွာမြဲခွာ၍ အလုပ်အကြောင်း ဆက်ပြောလိုက်သည်။ 

"ဗိုလ်ချုပ်ရဲ့ စိတ်စွမ်းအားနမူနာကို ချက်ချင်း ဖျက်ဆီးဖို့ ဒုဗိုလ်မှူးလုက ပြောလို့ ကျွန်တော်ဖျက်ဆီးလိုက်ပါတယ်...နောက် ရက်နည်းနည်းကြာရင် နမူနာအသစ်ကို ဗိုလ်ချုပ်ဆီ ကျွန်တော်ကိုယ်တိုင် လာယူမလို့ပါ..."


ဟယ့်ယွင်ထင်သည် ဤမျှမြန်မြန် ဌာနသို့ ရောက်လာလိမ့်မည်ဟု လင်းဟန် မထင်ထားမိချေ။ ထို့ကြောင့် အနည်းငယ်အံ့ဩကာ နည်းနည်းလည်း အပြစ်ရှိသလိုခံစားနေရသည်။ တကယ်တော့ သူသည် သာမာန် မက်ခါ ပြုပြင်သူ တစ်ယောက်သာ ဖြစ်သည်မဟုတ်လား။ ဗိုလ်ချုပ်က သူ့အား တကူးတက လာတွေ့ရန် အကြောင်းမရှိချေ။


"ငါ အဲဒီလောက် ကြာကြာ မစောင့်နိုင်လို့..."

ဟယ့်ယွင်ထင်က ပြောလိုက်သည်


"ငါကိုယ်တိုင် ကူညီဖို့ လာခဲ့တာ..."


"ဪ ဟုတ်ကဲ့..."

လင်းဟန်က ပြော၍ ဓာတ်လှေကားကို ဟယ့်ယွင်ထင်အရှေ့သို့ ရွှေ့ပေးလိုက်သည်။


"ဒါဆိုရင် ဗိုလ်ချုပ် အရှေ့က သွားလိုက်ပါ...ကျွန်တော် နောက်ကပဲ လိုက်ခဲ့ပါ့မယ်..."


လင်းဟန်သည် ဟယ့်ယွင်ထင်၏ နှုတ်ခမ်းများက တစ်ခုခုကို ပြောလိုက်သလို အနည်းငယ် ပွင့်သွားကြသည်ကို မြင်လိုက်သော်လည်း နေရာက တော်တော်ဝေးနေသောကြောင့် ဟယ့်ယွင်ထင် ပြောသည်ကို မကြားလိုက်ပေ။


"ဗိုလ်ချုပ် ဘာပြောလိုက်တာလဲ...ကျွန်တော် မကြားလိုက်လို့..."


လင်းဟန်က ပြန်မေးလိုက်ချိန်တွင် ဗိုလ်ချုပ်ကို ကြည့်မနေလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က ဗိုလ်ချုပ်ဟယ့်အား အဝေး၌ နေခိုင်းပြီး ယခုလည်း ဗိုလ်ချုပ်ပြောသည်ကို မကြားပဲ ပြန်မေးနေရသည်ကို အားနာသောကြောင့်ဖြစ်သည်။


တကယ်တော့လည်း ဗိုလ်ချုပ်ဟယ့်သည် သူ့အား ကူညီရန် ဤအထိ ရောက်လာခဲ့ခြင်းမဟုတ်ပါလား။


ထို့ကြောင့် လင်းဟန်သည် ‌နောက်ဆုံးတွင်တော့ သူ့ဘက်ကပင် စ၍ ရှေ့သို့ နှစ်လှမ်းတိုးလိုက်သည်။


"ဗိုလ်ချုပ်က ဒီအထိ လူကိုယ်တိုင်ရောက်လာပေးတာကို ကျွန်တော့်ဘက်က ဧည့်ဝတ်မကျေမိတာ ခွင့်လွှတ်ပါနော်..."


ဟယ့်ယွင်ထင်၏ မျက်နှာက ပျော်နေလား စိတ်ဆိုးနေသည်လား မသိနိုင်အောင် အေးစက်စွာ တည်ငြိမ်နေသော်လည်း သူ၏ အပြာရောင်မျက်လုံးများကတော့ လင်းဟန်အား စိုက်ကြည့်နေကြသည်။


"ဗိုလ်ချုပ် ခုနက ဘာပြောလိုက်တာပါလဲ...'

လင်းဟန်က ထပ်မေးလိုက်သည်။


ဤတစ်ခေါက်တော့ ဟယ့်ယွင်ထင်၏အသံက တိုးမနေတော့ချေ။ မတိုးနေသည့်အပြင် မာဆတ်ဆတ်ပင် ဖြစ်နေသေးဟည်။

"မင်း heat အချိန် ရောက်နေတာလား..."


လင်းဟန်သည် ခုနက ဗိုလ်ချုပ်ဟယ့်အား အားနာပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံရန် စဉ်းစားမိသည်ကို ပင်နောင်တရသွား‌လေသည်။


"..."


"ဟုတ်ကဲ့..."


လင်းဟန်သည် ဗိုလ်ချုပ်အား သူ ဒီလို ခပ်ခွာခွာနေနေရသည့် အကြောင်းကို မသိစေချင်သော်လည်း ဗိုလ်ချုပ်က တဲ့တိုးကြီးပင် မေးချရက်လေသည်။


အင်း...


ဒီဗိုလ်ချုပ်ရဲ့ အနံ့ခံဆဲလ်တွေက ဘာဖြစ်လို့များ ဒီလောက်တောင် အားကောင်းနေရတာပါလိမ့်...

လင်းဟန် တွေးလိုက်မိသည်။


လင်းဟန်သည် ဗိုလ်ချုပ်၏မေးခွန်းကို မည်သို့‌ပြန်ဖြေရမည် တွေးနေစဉ်မှာပဲ ဟယ့်ယွင်ထင်က ထပ်မေးလိုက်သည်။


"ငါ ပြန်သွားပေးရမလား..."


ဟယ့်ယွင်ထင်က ထိုသို့ပြောရင်း တစ်ခုခုမလုပ်မိစေရန် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အနောက်သို့လည်း တစ်လှမ်း ဆုတ်ပေးလိုက်သည်။


လင်းဟန် အံ့ဩသွားသည်။


ဗိုလ်ချုပ်ဟယ့်နှင့် လင်းဟန်တို့ စတွေ့သည့်နေ့က ဗိုလ်ချုပ်၏ အတွေးများကြောင့် လင်းဟန် အံ့အားသင့်ခဲ့ရသည်။ ထိုအတွေးများသည်  ဗိုလ်ချုပ်က တမင်တွေးသည်မဟုတ်ပဲ စိတ်ထဲမှ အလိုလိုတွေးမိသည့်အတွေးများဖြစ်သည်။ အပြင်ပန်း၌လည်း ထိုသို့တွေးနေကြောင်းကို ထုတ်မပြခဲ့သော်လည်း ဗိုလ်ချုပ်ဟယ့်သည် လင်းဟန်အား သဘောကျနှစ်သက်နေသည်ကတော့ ထိုအတွေးများ သက်သေပင်ဖြစ်သည်။


 ထိုကဲ့သို့အတွေးများရှိသော အယ်လ်ဖာ တစ်ယောက်က estrus အချိန်ရောက်နေသော သူသဘောကျသည့် အိုမီဂါတစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွေ့နေရချိန် ဖယ်ရိုမုန်းများကိုလည်း အနံ့ရပြီးဖြစ်တာတောင်မှ မျက်နှာထားမပျက်ပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်၍ အနောက်သို့ပင်ဆုတ်ပေးလိုက်သည်တဲ့လား။


လင်းဟန်သည် သူ၏စိတ်ဖတ်နိုင်စွမ်းကိုပင် သံသယဝင်ရမည်လား၊ သို့မဟုတ် ဗိုလ်ချုပ်၏ ထိန်းချုပ်နိုင်စွမ်းကိုပင် ချီးကျူးရမည်လား ဝေခွဲမရဖြစ်နေတော့သည်။


 သို့သော် ဘာပဲဖြစ်ဖြစ် သူစိတ်ပူနေရသော အရာတစ်ခုကတော့ ဖြေရှင်းပြီးသားဖြစ်သွားလေပြီ။ ဟယ့်ယွင်ထင်သည် ဤနေရာသို့ တကယ်ပင် လင်းဟန်အား ကူညီရန် ရောက်လာခဲ့ခြင်းဖြစ်သည်။


"ကျွန်တော် တားဆေးသုံးထားတာမို့လို့ အဆင်ပြေပါတယ်..."


လင်းဟန်က လေသံကိုတင်းထားရာမှ အနည်းငယ်လျှော့လိုက်သော်လည်း သတိကတော့ ထားနေဆဲဖြစ်သည်။

"ဗိုလ်ချုပ် တခြားမေးချင်တာတွေ ရှိသေးလားခင်ဗျာ..."


ထို စတွေ့သည့်ညကအကြောင်းကို ဟယ့်ယွင်ထင်ဘက်မှစပြောလာလျှင် လင်းဟန်သည် ဟယ့်ယွင်ထင်အား သူ့ကို ယခင်တုန်းက တွေ့ဖူးသည်လား၊ သို့မဟုတ် တွေ့တွေ့ချင်းမှာပင် လင်းဟန်အပေါ် ဘာကြောင့် ထိုကဲ့သို့အတွေးများတွေးနေသည်လဲ ဟု မေးလိုက်မည်ဟု လင်းဟန် စဉ်းစားထားမိသည်။


ထိုသို့မေးလိုက်မှသာ လင်းဟန်ဘက်မှ အထင်လွဲနေသည်ဆိုလျှင်လည်း ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။


သို့သော် လင်းဟန်ဘက်မှ အထင်လွဲနေခြင်း မဟုတ်ပါက...


ဗိုလ်ချုပ်ဟယ့်သည် တကယ်ပင် လင်းဟန်အား စတွေ့သည့်အချိန်တည်းက သဘောကျသွားခြင်းမှာ ဖြစ်နိုင်နေသည်လား...?


ထိုဖြစ်နိုင်ချေကို တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် လင်းဟန်သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။ ထိုကဲ့သို့ အတွေးများမတွေးမီ တစ်ဖက်မှ အဖြေအမှန်ကို အရင်စောင့်သင့်သည်မဟုတ်လား။


လင်းဟန်၏မေးခွန်းသည် တိုက်ပွဲပေါင်းများစွာ၌ မဆိုင်းမတွပဲ တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်အား အချိန်အနည်းငယ် တုံ့ဆိုင်းသွားစေသည်။ 


ပြုပြင်ရေးအခန်းထဲ၌ စက်နှိုးထားသော M2742 မှ မြည်ဟည်းသံသာထွက်ပေါ်နေသည်။ ထိုအခန်းထဲတွင် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေသော အမျိုးသားနှစ်ဦးနှင့် တိုက်ပွဲပေါင်းများစွာ၊ နေရာပေါင်းများစွာကို သွားခဲ့ကာ ဗိုလ်ချုပ်အား မရေတွက်နိုင်သော ဂုဏ်ပုဒ်များ ဆောင်ယူပေးခဲ့သော မက်ခါကြီးသာလျှင် အဖော်အဖြစ်ရှိနေလေသည်။


လင်းဟန်သည် တိတ်ဆိတ်သွားသော ဟယ့်ယွင်ထင်အား ကြည့်၍ သူပြောလိုက်သည်မှာ မှားများမှားသွားပြီလား ဟု တွေးလိုက်မိသည်။


ဗိုလ်ချုပ်က သူ့အား မြင်မြင်ချင်း ချစ်သွားသည်ဟူသော အတွေးက မဖြစ်နိုင်မှန်းသိသော်လည်း လင်းဟန်၏နှလုံးသားက တဒုတ်ဒုတ်နှင့် ခုန်နေဆဲပင်။ တကယ်တော့ စတွေ့သည့်အချိန်တည်းက ထိုကဲ့သို့စကားများ ပြောသူမည်သူကိုမဆို ဒေါသထွက်သည်ဖြစ်စေ၊ သို့မဟုတ် ဘာအကြောင်းကြောင်းကြောင့် ထိုသို့ ပြောရသည်လဲကို မေးသည် ဖြစ်စေ လုပ်ရမည်ဖြစ်သည်။ 


သို့သော်လည်း လင်းဟန်ကဲ့သို့ အိုမီဂါတစ်ယောက်အနေနှင့် ဟယ့်ယွင်ထင်သည် သာမာန်လူတစ်ယောက် မဟုတ်ပေ။


ပြောပြီးသည့်စကားကိုတော့ ပြန်ရုတ်သိမ်း၍ မရတော့ပေ။


ဤကြောင်တောင်တောင်နိုင်သော အခြေအနေကို ကျော်လွန်ရန် စကားလွှဲရမည့် ခေါင်းစဉ်ကို လင်းဟန် အသည်းအသန်စဉ်းစားနေချိန်တွင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သော ဗိုလ်ချုပ်ထံမှ စကားသံထွက်လာလေ‌သည်။


ဟယ့်ယွင်ထင်က သူ၏ ဘယ်ဘက်လက်ကို အောက်သို့ ချလိုက်သည့်အခါမှ ဟယ့်ယွင်ထင်၌ ဒဏ်ရာရထားကြောင်းကို လင်းဟန် သတိရသွားသည်။ ထို့နောက် ဗိုလ်ချုပ်ဟယ့်၏နှုတ်ခမ်းများက ပွင့်ဟလာ၍ ဤအခြေအနေအတွက် အသင့်တော်ဆုံး ဟု လင်းဟန်ထင်သော စကားကို ပြောလိုက်သည်။


"ရေနွေးများများသောက်..."


"...?


ထိုကဲ့သို့ ကြင်နာနွေးထွေး၍ ဟန်ဆောင်မှုကင်းသော စကားမျိူးကို မကြားရသည်မှာ အလွန်ကြာပြီဖြစ်သော လင်းဟန်သည် ရုတ်တရက် ကြောင်သွားမိပြီးမှ ပြုံးချင်စိတ်ကို ထိန်းကာ ပြန်ဖြေလိုက်သည်။


"ကျေးဇူးတင်ပါတယ်...ကျွန်တော်သောက်လိုက်ပါ့မယ်..."


ဗိုလ်ချုပ်ဟယ့်သည် တကယ်ပင် ကြင်နာဂရုစိုက်တတ်သည့်လူလား...သို့မဟုတ် လင်းဟန်ကပဲ အတွေးလွန်နေမိသည်လား...


ဟယ့်ယွင်ထင်ပြောလိုက်သည်က လုံးဝမထင်မှတ်ထားသော စကား‌ဖြစ်သောကြောင့် လင်းဟန်သည် သူ့အပေါ်ရှိနေသော ဟယ့်ယွင်ထင်၏ခံစားချက်ကို သေချာသိရရန် လက်အိတ်များကိုချွတ်၍ အကြောင်းတစ်ခုခုရှာကာ ဟယ့်ယွင်ထင်၏လက်ကို ထိလိုက်ရမည်လားဟုပင် စဉ်းစားလိုက်မိသည်။


သို့သော်လည်း ထိုအတွေးကို ချက်ချင်းပင် ဖယ်ထုတ်၍ ဟယ့်ယွင်ထင်ကို လှမ်းပြောလိုက်သည်။


"ဒါဆို အလုပ်စလိုက်ကြတာပေါ့..."


ဟယ့်ယွင်ထင်လည်း သူတို့အကြောင်းပြောသည်ကိုရပ်၍ မက်ခါထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လိုက်ကြသည်။ ဟယ့်ယွင်ထင်သည် သူ၏မက်ခါထိန်းချုပ်ရေးကို ရင်းနှီးသော်လည်း မက်ခါပြုပြင်ရေးကိုတော့ မရင်းနှီးပေ။ ထို့ကြောင့် မောင်းနှင်ခန်းထဲသို့ လင်းဟန်ဝင်လာသည်ကိုစောင့်ကာ မေးလိုက်သည်။


"ငါတို့ ဘယ်လို အလုပ်တူတူလုပ်ကြမလဲ..."


သူ၏အလုပ်နဲ့ ပတ်သက်လာသောအခါတွင်တော့ လင်းဟန်သည် သူ၏မဟုတ်တရုတ်အတွေးများကို ဖျောက်ပစ်ကာ မောင်းနှင်ခန်းတံခါးကိုပိတ်၍ ဟယ့်ယွင်ထင်နားသို့ လျှောက်လာလိုက်သည်။


"ကျွန်တော် သော့နဲ့ စက်တော့နှိုးထားပြီးပြီ...ဗိုလ်ချုပ်က ပုံမှန်လုပ်နေကျအတိုင်း စိတ်စွမ်းအားသုံးပြီး AI စနစ်နဲ့ ဆက်သွယ်လိုက်ပါ...ပတ်ဝန်းကျင်ကို ကျွန်တော် ကြည့်ထားလိုက်ပါမယ်...ပြီးတော့ ဒီပြုပြင်ရေးအခန်းမှာလည်း ကင်မရာတွေနေရာအပြည့်တပ်ထားပြီး အချိန်ပြည့် မှတ်တမ်းတင်နေတာပါ..."


"အိုခေ..."

ဟယ့်ယွင်ထင်က ယာဉ်မောင်းနေရာသို့ လျှောက်သွား၍ ထိုင်လိုက်ကာ ယာဉ်မောင်းဦးထုပ်ကို ကျွမ်းကျင်စွာ ဝတ်လိုက်သည်။


လင်းဟန်က လက်အိတ်စွပ်ထားသော လက်ဖြင့် မက်ခါထိန်းချုပ်သည့်မျက်နှာပြင်ကို နှစ်ချက်ထိကာ ဖွင့်ပေးလိုက်သည်။


ထို့နောက် အနောက်သို့ နှစ်လှမ်းပြန်ဆုတ်ကာ ရပ်နေလိုက်သည်။ ထိုအခိုက်တွင် ဟယ့်ယွင်ထင်၏ ညာဘက်လက်က ထိန်းချုပ်တံကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၍ မသိမသာတုန်နေသည်ကိုမြင်လိုက်ရသည်။ သူ၏နှုတ်ခမ်းများကလည်း တစ်စုံတစ်ခုကို တောင့်ခံထားရသည့်ပုံနှင့် ခပ်တင်းတင်းစေ့ပိတ်နေကြသည်။


ညစာစားပွဲနေ့ကလည်း ဟယ့်ယွင်ထင်သည် နဖူး၌ ချွေးစေးများပြန်နေသည်ကို လင်းဟန်သတိရမိသွားသည်။

"ဗိုလ်ချုပ်...ဗိုလ်ချုပ်ရဲ့ဒဏ်ရာက..."


ဟယ့်ယွင်ထင်က ဘာမှပြန်မပြောသော်လည်း သူ့မျက်နှာကိုကြည့်ရုံနှင့်ပင် အဖြေကို သိနိုင်ပေသည်။


"ကျွန်တော်ကူပေးရမလား..."

လင်းဟန်က မေးသာမေးလိုက်ရသော်လည်း ဗိုလ်ချုပ်အား မည်ကဲ့သို့ ကူပေးရမည်ကို သူမသိပေ။


"မင်း မက်ခါ မောင်းနိုင်လား..."

ဟယ့်ယွင်ထင်က ရုတ်တရက် မေးလိုက်သည်။


လင်းဟန်က ပထမတော့ ရုတ်တရက် အံ့ဩသွားပြီးမှ ခါးသီးစွာ ပြုံးလိုက်သည်။

"ဗိုလ်ချုပ် ကျွန်တော်က D အဆင့်ပဲ ရှိတာမို့လို့ AI စနစ်ကို ဖွင့်လို့မရပါဘူး...ပြိးတော့ နေရာကလည်း မရှိ..."


"ငါ့ရဲ့ စိတ်စွမ်းအားကိုသုံးပြီး စနစ်နဲ့ ချိတ်ပေးလို့ရတယ်လေ..."


ဟယ့်ယွင်ထင်က ဖြတ်ပြောလိုက်သည်။

"ဒီမက်ခါက ငါတစ်ယောက်တည်းမောင်းတာ...ပြီးတော့ ဒုတိယ‌မောင်းနှင်ခန်းကနေလည်း ထိန်းချုပ်လို့ရတယ်လေ..."


"မင်း လုပ်ချင်စိတ်ရှိရင် မောင်းစေချင်တယ်..."


လင်းဟန်က ခဏတိတ်ဆိတ်နေပြီးမှ ခါးသီးသောအပြုံးကို ဆက်ပြုံး၍ ပြောလိုက်သည်။


"ကျွန်တော်မလုပ်နိုင်ပါဘူး ဗိုလ်ချုပ်..."


လင်းဟန်သည် ပုံမှန်ပြုပြင်နေကျဖြစ်သော မက်ခါများကို စမ်းသပ်ရန် အနည်းငယ်စမ်းမောင်းပြီးလျှင်တောင်မှ အချိန်တော်တော်ကြာ အားနည်းနေတတ်သည်။ ယခုမက်ခါက  စွမ်းအားကြီးမက်ခါဖြစ်သောကြောင့် လင်းဟန်သည် သူ၏ စိတ်စွမ်းအားကို သုံး၍ မောင်းနိုင်သည်ဆိုလျှင်တောင်မှ ခြေလှမ်းအနည်းငယ်ရွေ့အောင်သာ လုပ်နိုင်ပေလိမ့်မည်။


"ဒါပေမယ့် ငါတို့ကြိုးစားကြည့်သင့်တယ်မဟုတ်လား..."


ဟယ့်ယွင်ထင်က ညာဘက်လက်ကို ထိန်းချုပ်တံ‌ပေါ်သို့ တင်ရင်းပြောလိုက်သည်။


လင်းဟန်က မျက်လုံးကို ပင့်ကြည့်လိုက်သောအခါ ဗိုလ်ချုပ်၏ညာဘက်ပုခုံးမှဒဏ်ရာက တော်တော်အခြေအနေဆိုးနေပုံရသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် စကားပြောရင်းနှင့်လည်း အသက်ရှူသံက ပြင်းနေသည်။


ဟယ့်ယွင်ထင်က ထို့သို့ပြောပြီးသောအခါ ဘာမှထပ်မပြောတော့ပဲ လင်းဟန်ထံမှ တုံ့ပြန်လာမည်ကိုသာ ‌စောင့်နေလေသည်။


"ကောင်းပြီလေ..."


ဒဏ်ရာမှ နာကျင်နေမှုကို မနည်းတောင့်ခံ၍ အဆင်ပြေနေသည့်ပုံလုပ်နေသော ဟယ့်ယွင်ထင်ကို ကြည့်၍ နောက်ဆုံးတွင်တော့ လင်းဟန်သဘောတူလိုက်တော့သည်။


"ဒါဆိုရင် ကျွန်တော် မောင်းနှင်ခန်းနောက်တစ်ခုဆီ သွားလိုက်မယ်နော်..."


ဟယ့်ယွင်ထင်က ခေါင်းကို မသိမသာ‌ညိတ်လိုက်သည်။


လင်းဟန်သည် ဒုတိယ‌မောင်းနှင်ခန်းသို့ ထွက်သွားပြီးသည့်အချိန်မှသာလျှင် ဟယ့်ယွင်ထင်၏ တင်းမာနေသောမျက်နှာက အနည်းငယ် ပြေလျော့သွားသည်။


ထိုအိုမီဂါနှင့် အလွန်နီးကပ်နေခဲ့သည်မဟုတ်ပါလား...


ဟယ့်ယွင်ထင် မခံနိုင်ဖြစ်နေသည်က ညာဘက်ပုခုံးမှ ဒဏ်ရာတင်မကပဲ လင်းဟန် သူနှင့် နီးနီးကပ်ကပ်နေနေသည့် တစ်ချိန်လုံး၌ သူရနေသော လင်းဟန်ထံမှ ရနံ့ကိုပါ ဖြစ်သည်။ ထိုရနံ့ကြောင့် ဟယ့်ယွင်ထင်သည် စကားပြောရန် ပါးစပ်ဖွင့်လိုက်လျှင်ပင် တစ်ကိုယ်လုံး ပူတက်လာသည်။


လင်းဟန်လည်း ဒုတိယမောင်းနှင်ခန်းသို့ အမြန်လျှောက်သွားလိုက်သည်။ ထိုမောင်းနှင်ခန်းသည် မည်သူမျှမသုံးသော်လည်း သန့်ရှင်း၍ သပ်ရပ်နေသည်။ လင်းဟန် အထဲသို့ဝင်၍ ယာဉ်မောင်းနေရာ၌ထိုင်ကာ ဦးထုပ်ကို ဝတ်လိုက်သည့်အချိန်မှာပဲ ဆက်သွယ်ရေးကိရိယာထဲမှ ဟယ့်ယွင်ထင်၏အသံကို ကြားလိုက်ရသည်။


"အဆင်သင့်ဖြစ်ပြီလား..."


လင်းဟန် ဘာကြောင့်မှန်းမသိပဲ လန့်လာမိသည်။

"ဟုတ်ကဲ့..."


ဒုတိယမောင်းနှင်ခန်းက ပင်မ‌မောင်းနှင်ခန်းထက် အနည်းငယ် မြင့်သောကြောင့် ယာဉ်မောင်းနေရာ၌ လင်းဟန် ဝင်ထိုင်လိုက်သောအခါ သူ့ကို ကျောပေးထားသော ဟယ့်ယွင်ထင်၏ ကျယ်ပြန့်သောပုခုံးများနှင့် သူ၏ အမှတ်အသားဖြစ်သော ငွေရောင်ဆံပင်များကို မြင်နေရသည်။


"ဒါဆိုရင် ငါ စဖွင့်လိုက်တော့မယ်..."


လင်းဟန်သည် နှုတ်ခမ်းကို ကိုက်၍ ထိန်းချုပ်တံကို ကိုင်လိုက်သောအခါ လက်ဖဝါးများ၌ ချွေးများစိုနေသည်ကို သတိထားလိုက်မိသည်။


Heat ဝင်နေသော အိုမီဂါတစ်ယောက်သည် ပုံမှန်ထက် အားနည်းနေလေ့ရှိရာ ယခု၌လည်း လင်းဟန်သည် သာမာန်ထက်ပို၍ လေးလံထိုင်းမှိုင်းနေသည်။ ထို့ကြောင့် မျက်လုံးများကို ခဏမှိတ်ထားလိုက်မိသည်။


လင်းဟန်သည် ယခင်ကလည်း heat ဝင်နေစဉ် မနားဘဲ အလုပ်လုပ်ဖူးသော်လည်း ဤတစ်ခေါက်တွင်တော့ ပို၍ နွမ်းနယ်နေသည်ဟု စဉ်းစားနေမိဆဲမှာပင် ချက်ချင်းဆိုသလို ရုတ်တရက် လင်းဟန်၏ ပင်ပန်းမှုများကို ပျောက်ကွယ်သွားကြသည်။


လင်းဟန် ခဏကြောင်သွားပြီးမှ အကြောင်းရင်းကို သတိထားမိသွားတော့သည်။


ဟယ့်ယွင်ထင်သည် ပင်မ‌မောင်းနှင်ခန်းမှနေ၍ ဖယ်ရိုမုန်းများ ထုတ်လိုက်သောကြောင့်ဖြစ်သည်။


အိုမီဂါတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ရှိနေသည့်အချိန်၌ ဖယ်ရိုမုန်းထုတ်ခြင်းမှာ ထိုအိုမီဂါအား စော်ကားရာရောက်သည်ကို ဟယ့်ယွင်ထင်သိသောကြောင့် လင်းဟန် ဒုတိယ‌မောင်းနှင်ခန်းသို့ရောက်အောင် စောင့်ပြီးမှ လင်းဟန်ကို သက်တောင့်သက်သာဖြစ်စေရန် လိုချင်တပ်မက်စိတ်၊ ရန်လိုစိတ်များမပါသော ဖယ်ရိုမုန်းများကို ဖြည်းဖြည်းချင်း ထုတ်ပေးလိုက်ခြင်းဖြစ်သည်။


လင်းဟန်၏တစ်ကိုယ်လုံးသည် ခါတိုင်းနှင့်မတူပဲ ထူးခြားစွာ ပေါ့ပါးသွားသည်။


ထိုခံစားမှုမှာ heat ဝင်နေချိန်၌ ထိန်းချုပ်မရ‌ဖြစ်နေသော ဆဲလ်များကို တားဆေးများဖြင့် အတင်းဖိနှိပ်ထား‌ရသော ခံစားချက်မဟုတ်ပဲ ဂွမ်း‌မွေ့ယာ‌ပေါ်သို့ ပြုတ်ကျသွားသလို နူးညံ့စွာ ပေါ့‌ပါးသွားသော ခံစားချက်ဖြစ်သည်။


လင်းဟန်သည် ထိုတစ်ခဏတွင်တော့ ထိုခံစားမှု၌သာ တစ်သက်လုံး ပျော်ဝင်သွားချင်စိတ်များ ဖြစ်နေမိသည်။


တကယ်တမ်းတွင်လည်း ထိုခံစားချက်မှာ သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်သော ခံစားချက်ဖြစ်သည်။ 


ဟယ့်ယွင်ထင်၏ဖယ်ရိုမုန်းများသည် လင်းဟန်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းစိမ့်ဝင်၍ တားဆေးများဖြင့် ဖိနှိပ်ထားခြင်းခံထားရသော လင်းဟန်၏ဖယ်ရိုမုန်းများကို နူးညံ့စွာ နှစ်သိမ့်နေသကဲ့သို့ ရှိလေသည်။


"လင်းဟန်..."


ဟယ့်ယွင်ထင်၏အသံက ပြာလွင်နေသော ဆောင်းရာသီ၏ရေခဲကန်ကဲ့သို့ အေးစက်လှ‌ပနေသည်။


"သက်သာရဲ့လား..."



👾