အပိုင်း၁၀
Viewers 2k

👾Chapter 10: 

"မကြောက်ပါနဲ့"



"လင်းဟန်..."


ဟယ့်ယွင်ထင်၏အသံက ပြာလွင်နေသော ဆောင်းရာသီ၏ရေခဲကန်ကဲ့သို့ အေးစက်လှ‌ပနေသည်။


"သက်သာရဲ့လား..."


လင်းဟန်က ဘာမှမပြောရသေးခင်မှာပင် ဟယ့်ယွင်ထင်က ဆက်ပြောလိုက်သည်။


"မင်းအဆင်‌မပြေဘူး ဒါမှမဟုတ် မင်းကို စော်ကားနေတယ်လို့ ခံစားရရင် အားနာမနေပဲ ချက်ချင်းပြောနော်..."


ဟယ့်ယွင်ထင်၏အသံက ခုနက အသံနှင့် မတူပဲ သတိနှင့် ထိန်းပြောနေရပုံပေါက်ကာ လင်းဟန်စိတ်ထဲ၌ သူ့အား သဘောကျလာအောင် မျက်နှာချိုသွေးနေသည့်လေသံပင် ပါနေသည်ဟု ထင်မိသည်။


အယ်လ်ဖာအများစုသည် heat ဝင်နေသော အိုမီဂါတစ်ယောက်နှင့် တွေ့ပြီဆိုလျှင် ထိုအိုမီဂါကို ဖိနှိပ်ရန်အတွက်သာ ဖယ်ရိုမုန်းများကို သုံးလေ့ရှိကြသည်။ သို့သော် ယခုကတော့ ထိုသို့မဟုတ်ပေ။ သူတို့နှစ်ယောက်သည် သိပ်ဝေးကွာနေသည်မဟုတ်ပဲ တစ်ခန်းတည်း၌သာ နံရံခြားရှိနေကြသော်လည်း ဟယ့်ယွင်ထင်က လှည့်ပင်မကြည့်ပေ။


အယ်လ်ဖာဖယ်ရိုမုန်းများက လေထုထဲပျံ့နှံ့၍ လင်းဟန်၏ ခန္ဓာကိုယ်ထဲသို့ဝင်ကာ လင်းဟန်၏ ဖယ်ရိုမုန်းများကို တည်ငြိမ်အောင် လုပ်ပေးနေကြသည်။ ဟယ့်ယွင်ထင်ကဲ့သို့သော အယ်လ်ဖာမျိုး၌ရှိသော ဖယ်ရိုမုန်းသည် အလွန်အားကြီးကာ ဖိနှိပ်ထိန်းချုပ်နိုင်စွမ်းအလွန်ကြီးနေမည်ဟု လင်းဟန်ထင်ထားခဲ့မိသည်။ လင်းဟန် အထက်တန်းကျောင်းတက်နေစဉ်က လမ်း၌ အယ်လ်ဖာနှစ်ယောက် ရန်ဖြစ်နေကြသည်ကို မြင်ဖူးခဲ့သည်။ တစ်ယောက်၏ဖယ်ရိုမုန်းအနံ့က ယမ်းနံ့ ဖြစ်ကာ တစ်ယောက်၏အနံ့က သံချေးနံ့ဖြစ်၍ ဖိနှိပ်နိုင်စွမ်းများကလည်း အားကောင်းသောကြောင့် ထိုရန်ပွဲနားမှ လင်းဟန်ဖြတ်သောအခါ ခြေထောက်များ ပျော့ခွေ၍ အဆောင်အထိပြန်ရောက်ရန်ပင် မနည်းကြိုးစားအားထုတ်လိုက်ရသည်။


ဟယ့်ယွင်ထင်၏ဖယ်ရိုမုန်းများကတော့ ထိုသို့မဟုတ်ပဲ ထူးခြားနေသည်။


သူ့အနံ့မှာ အရမ်းလည်း မစူးရှပဲ အထက်တန်းဆန်သော သစ်မွှေးကဲ့သို့ အနံ့ဖြစ်ကာ ဟယ့်ယွင်ထင်ကဲ့သို့ လျှို့ဝှက်နက်ရှိုင်းမှုများလည်း ပျော်ဝင်နေသည်။


ဒုတိယမောင်းနှင်ခန်း၌ အနံ့များအရမ်းမဖုံးသွားပဲ လင်းဟန်၏ ချိုမြိန်သော အနံ့နှင့် ပေါင်း၍ နူးညံ့နွေးထွေးသော ရနံ့သာ ဖြစ်စေရန် ဟယ့်ယွင်ထင်သည် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်၍ ဖယ်ရိုမုန်းများကို အနည်းငယ်သာ ထုတ်လိုက်သည်။


"ကျေးဇူးတင်ပါတယ်..."

လင်းဟန်သည် သူ၏ ပင်ပန်းနေမှုများ သိသိသာသာပျောက်သွား‌သောအခါမှပင် အသိစိတ်ပြန်ဝင်လာ၍ စကားပြန်ပြောလိုက်သည်။


"ကျွန်တော် သက်သာသွားပါပြီ..."


လင်းဟန်ပြောလိုက်သည့် အဓိပ္ပာယ်က ရှင်းသည်။


မည်သည့်အခြေအနေ၌ပင်ဖြစ်စေ ကိုယ်နှင့် ခဏတာသာ‌ တွေ့ဆုံရမည့် အယ်လ်ဖာတစ်‌ယောက်၏ ရနံ့ကို တမ်းတစွဲမက်နေ၍ မရပေ။


ဟယ့်ယွင်ထင်လည်း လင်းဟန်၏စကားကိုကြားသောအခါ ဖယ်ရိုမုန်းများ ထုတ်သည်ကို ရပ်ပေးလိုက်သည်။


ထို့နောက် ဟယ့်ယွင်ထင်သည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်သွားစေရန် အချိန်အနည်းငယ် ငြိမ်နေလိုက်သည်။


ဟယ့်ယွင်ထင်သည် သူနှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးသော အိုမီဂါတစ်ယောက်၏ဖယ်ရိုမုန်းများကို အဘယ်ကြောင့် ဤမျှ အရူးအမူးဖြစ်နေရလဲကို သူ့ဘာသာသူ နားမလည်နိုင်ဖြစ်နေသည်။ ခုနက လင်းဟန်က ထိန်းချုပ်မျက်နှာပြင်၌ ဒေတာများလာထည့်ပေးစဉ်ကလည်း လင်းဟန်၏ လည်ပင်းနောက်ဘက်သို့ မကြည့်မိရန် မနည်းပင် ထိန်းထားရသည်။


သို့သော် ကံကောင်းစွာပင် လင်းဟန် ဒုတိယမောင်းနှင်ခန်းထဲ မရောက်မချင်း ဖယ်ရိုမုန်းများကို မထုတ်ပဲ ထိန်းချုပ်ထားနိုင်လိုက်၍ တော်သေးသည်။


လင်းဟန်သည် ဒုတိယ‌မောင်းနှင်ခန်းမှနေ၍ ဟယ့်ယွင်ထင်၏ နောက်ကျောဘက်ကိုသာ မြင်နေရကာ ဟယ့်ယွင်ထင်က သူ၏ ဖယ်ရိုမုန်းများထုတ်သည်ကို ရပ်လိုက်ပြီးသောအခါ နှစ်ဦးသား ခဏမျှ တိတ်ဆိတ်သွားကြသည်။ ခဏကြာသောအခါမှ ဟယ့်ယွင်ထင်က စပြောလိုက်သည်။


"ဒါဆို စလိုက်ကြရ‌အောင်..."


"ခါတိုင်းလိုပဲ ‌ဗိုလ်ချုပ်ရဲ့ စိတ်စွမ်းအားကိုသုံးပြီး AI စနစ်နဲ့ချိတ်လိုက်ပါ..."

လင်းဟန်က ပြောလိုက်သည်။


"ကျွန်တော်...ကျွန်တော် ဘေးကနေ အတတ်နိုင်ဆုံး ကူပေးပါမယ်..."


လင်းဟန်က ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ လန့်နေဆဲဖြစ်သည်။


ဟယ့်ယွင်ထင်၏အသံက ထိန်းချုပ်ခုံရှိ ဆက်သွယ်ရေးကိရိယာထဲမှ ထွက်လာသည်။


"မကြောက်ပါနဲ့...ဒီ ပြုပြင်ရေးအခန်းထဲမှာပဲ နည်းနည်းစမ်းမောင်းကြည့်တာပေါ့...သိပ်မခက်ပါဘူး...ငါပြောတဲ့အတိုင်း လိုက်လုပ်ရင်ရပါတယ်..."


"ဟုတ်ကဲ့..."


ဒုတိယမောင်းနှင်ခန်းထဲမှ သစ်မွှေးရနံ့က တဖြည်းဖြည်း ပျယ်လွင့်သွား၍ လင်းဟန်သည် ဒေတာများ တစ်ခုမှ မလွတ်သွားစေရန် ထိန်းချုပ်မျက်နှာပြင်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။


မကြာခင်မှာပင် ဟယ့်ယွင်ထင်က သူ၏ ဒဏ်ရာမရသောလက်ဖြင့် ကျွမ်းကျင်စွာ ဒေတာများကိုထည့်လိုက်ရာ လင်းဟန်၏မျက်နှာပြင်ပေါ်၌လည်း ဒေတာများ အကုန်ပေါ်လာကြသည်။ ဟယ့်ယွင်ထင်၏ စိတ်စွမ်းအားဖြင့် မက်ခါ၏ အကြီးဆုံးယူနစ်က ပွင့်သွား၍ ညင်သာသော အမျိုးသမီးသံတစ်သံ ထွက်ပေါ်လာသည်။


"နံပါတ် M2742 စက်စတင်လည်ပတ်ခြင်း ပြီးဆုံးပါပြီ...မက်ခါကိုယ်ထည် စတင်အသက်ဝင်ပါပြီ...AI ယူနစ် ပွင့်ပါပြီ...ပထမယာဉ်မောင်းနှင်ခန်း အဆင်သင့်ဖြစ်ပါပြီ...ညွှန်ကြားချက် ထည့်သွင်းပါ..."


"မက်ခါထိန်းချုပ်မှုကို ဒုတိယမောင်းနှင်ခန်းကိုပါ ပြောင်းပေးမယ်..."


ဟယ့်ယွင်ထင်က ဩရှသောအသံဖြင့်ပြောလိုက်သည်။

"မောင်းနှင်ခန်းနှစ်ခုကို ချိတ်ဆက်လိုက်ပါ..."


"ဒုတိယ‌မောင်းနှင်ခန်းကို စတင်ချိတ်ဆက်နေပါပြီ...ယာဉ်မောင်းသူများ အဆင်သင့်ပြင်ထားပါ..."


"လင်းဟန်..."

ဟယ့်ယွင်ထင် ခေါ်လိုက်သည့်အသံက ခုန စနစ်အား အမိန့်ပေးနေစဉ်ကလောက် မမာကျောတော့ပဲ အေးစက်ဆဲဖြစ်သော်လည်း ပေါ့ပါးနူးညံ့မှုလေးပါ မသိမသာပါနေသည်။


"အသက်ကို ပြင်းပြင်းရှူ..."


လင်းဟန်လည်း သူပြောသည့်အတိုင်း လိုက်လုပ်လိုက်သည်။


"ညာဘက်လက်ကို ဒုတိယထိန်းချုပ်တံပေါ်တင်ပြီး ညာဘက်အပေါ်နားကို တွန်းတင်လိုက်..."


"ဘယ်ဘက်ခြေထောက်ကို မတောင့်ထားနဲ့...သေချာမြဲမြဲကိုင်ထား..."


"ငါ့အတွက် မစိုးရိမ်နဲ့...ပြီးတော့ အပေါ်ကိုလည်း မော့မကြည့်နဲ့...ငါ မင်းကို ဒီကနေ ကောင်းကောင်းမြင်နေရတယ်..."


"မင်းရဲ့ခန္ဓာကိုယ် တုန်လာလိမ့်မယ်...ဒါဖြစ်နေကျပဲ...မကြောက်နဲ့နော်..."


လင်းဟန်သည် သူ၏ ခန္ဓာကိုယ်ကို မတုန်အောင် ထိန်းထားလိုက်သော်လည်း လက်များကတော့ ချွေးများစိုနေဆဲဖြစ်သည်။ မက်ခါများအားလုံးအကြောင်းကို ထုံးလိုချေ ရေလိုနှောက်သိသောလင်းဟန်သည် မက်ခါကို ကိုယ်တိုင်မောင်းရသည့်အခါတွင်တော့ တော်တော်လေးလန့်နေမိသည်။ သို့သော် တဖြည်းဖြည်းနှင့် စိတ်ကိုလျှော့ကာ သိပ်စိုးရိမ်မနေတော့ပဲ ဆက်သွယ်ရေးကိရိယာထဲမှ ထွက်နေသော ဟယ့်ယွင်ထင်၏အမိန့်အတိုင်းသာ လိုက်လုပ်နေလိုက်တော့သည်။


သူတို့နှစ်ယောက်၏ ပူးပေါင်းစွမ်းအားကြောင့် M2742 ၏ အင်ဂျင်က စတင်လည်ပတ်ကာ မက်ခါကြီးကလည်း ခပ်ဖြည်းဖြည်း ရှေ့သို့ရွေ့လာသည်။ ပြုပြင်ရေးအခန်းက ကျယ်သောကြောင့် လင်းဟန်၏ အနည်းငယ် ကို့ယို့ကားယားနိုင်သော ထိန်းချုပ်မှုအောက်၌ပင် မက်ခါက လွတ်လွတ်လပ်လပ်သွားလာနိုင်နေသည်။


"စိတ်ကို အေးအေးထား..."

ဟယ့်ယွင်ထင်က ထပ်ပြောလိုက်သည်။

"အခု ငါ့ဆီမှာ ပေါ်နေတဲ့ ‌ဒေတာတွေက အကုန်ပုံမှန်ပဲ..."


"အခု နောက်တစ်ဆင့်ကတော့ နည်းနည်း မသက်မသာဖြစ်လိမ့်မယ်..."


"ဘယ်ဘက်လက်ကကိုင်ထားတဲ့ လီဗာကိုလွှတ်ပြီး ညာဘက်လက်နဲ့ သေချာပြောင်းကိုင်လိုက်..."


"အိုခေ..."

လင်းဟန်က အနည်းငယ်တုန်ယင်နေသောအသံလေးဖြင့် ပြန်ပြောလိုက်သည်။


"အား..."


လင်းဟန်၏စကားမဆုံးခင်မှာပင် မက်ခါကိုယ်ထည်က ပြင်းထန်စွာ ယိမ်းခါလာ၍ ရုတ်တရက် ကြမ်းပြင်ပေါ်မှ မြောက်သွားသည်။ ထိုသို့ ရုတ်တရက် အပေါ်မြောက်သွားမှုကြောင့် လင်းဟန်လည်း လန့်ကာ အော်မိသွားသော်လည်း စိတ်ကို အမြန်ပြန်ထိန်း၍ ဆက်သွယ်ရေးကိရိယာထဲမှ ဗိုလ်ချုပ်၏အသံကိုသာ အာရုံစိုက် နားထောင်နေလိုက်သည်။


"မကြောက်နဲ့..."

ဟယ့်ယွင်ထင်က ထပ်ပြောလိုက်သည်။


မက်ခါကို ထိန်းချုပ်မောင်းနှင်နေသည်က ဒုတိယ‌မောင်းနှင်ခန်းမှဖြစ်သော်လည်း စိတ်စွမ်းအားသုံး၍ မောင်းနှင်ခြင်းကိုတော့ ဟယ့်ယွင်ထင်ကပင် ထိန်းချုပ်ထားခြင်းဖြစ်သည်။


ပြုပြင်ရေးအခန်းထဲ၌ M2742 သည် အပေါ်မြောက်လိုက် အောက်သို့ ပြန်ကျလိုက် ဖြစ်နေသည်။ ယာဉ်မောင်းသူ၏မကျွမ်းကျင်မှုကြောင့် မက်ခါက ကောင်းကောင်းမလှုပ်ရှားနိုင်ပဲ အခုမှ လမ်းလျှောက်သင်စ ကလေးကဲ့သို့ ဒယိမ်းဒယိုင်ဖြစ်နေ၏။


ဟယ့်ယွင်ထင်သည် ပုံမှန်က စကားများစွာ ပြောတတ်သူမဟုတ်ပေ။ သို့သော် ယခုတွင်တော့ သူကိုယ်တိုင်သတိမထားမိသော်လည်း လင်းဟန်အား ‌တောက်လျှောက်ပြောနေသော ညွှန်ကြားမှုများကြားထဲတွင်မှ အများဆုံးပြောသော စကားမှာ "မကြောက်နဲ့၊ စိတ်အေးအေးထား..." ဟူသော စကားဖြစ်နေလေသည်။


"တွေ့လား...မင်းမောင်းနိုင်မယ် လို့ ငါပြောသားပဲ..."


ဟုတ်ကဲ့...ကျွန်တော်မောင်းနိုင်ခဲ့တယ်...ဒီမက်ခါကြီးကို ထိန်းလည်း ထိန်းချုပ်နိုင်ခဲ့တယ်...မောင်းခဲ့တဲ့နေရာက ပြုပြင်ရေးအခန်းဆိုတဲ့ ကျွန်တော့်ရဲ့ ဒီကမ္ဘာသေးသေးလေးထဲမှာပဲ ဖြစ်ပေမယ့်ပေါ့...


****


လင်းဟန်၏ခန္ဓာကိုယ်က အစတည်းက အားနည်းနေသည့်အပြင် heat အချိန်လည်းရောက်နေသောကြောင့် ဟယ့်ယွင်ထင်က ဆက်မမောင်းခိုင်း‌တော့ပဲ စိတ်စွမ်းအားနှင့် ဆက်သွယ်သည့်စနစ် ပျက်စီး မစီးကိုသာ စစ်ခိုင်း၍ လင်းဟန်ကို ရပ်ခိုင်းလိုက်တော့သည်။


လင်းဟန်သည် တစ်ချိန်လုံး ချွေးများပြန်နေ၍ မက်ခါမှ အမျိုးသမီးအသံက အင်ဂျင်ရပ်သွားပြီဟု ပြောလိုက်မှပင် ယာဉ်မောင်းခုံပေါ်၌ ကျောမှီ၍ ပစ်ထိုင်ကာ အသက်ကို မနည်းရှူနေရလေသည်။


ဟယ့်ယွင်ထင်က ဘာမှမပြောပဲ အရှေ့မှ ပင်မယာဉ်‌မောင်းနှင်ခန်း၌သာ ထိုင်၍ လင်းဟန်အားစောင့်နေသည်။ 


ခဏအကြာမှ လင်းဟန်က ယာဉ်မောင်းဦးထုပ်ကို ချွတ်ကာ လီဗာကိုဆွဲ၍ မောင်းနှင်ခန်းတံခါးဆီသို့ လျှောက်လာလိုက်သည်။


ထိုအချိန်၌ ပြုပြင်ရေးအခန်းမှ တံခါးခေါက်သံထွက်လာ၍ လုအန်းဟယ်၏ ပျင်းရိငြီးငွေ့နေပုံပေါက်သော အသံထွက်လာ၏။


"ဘော့စ်...ပြီးပြီလား..."


လုအန်းဟယ်၏ စကားလုံးသုံးနှုန်းလိုက်ပုံက သိမ်မွေ့ကာ "ပြင်ပြီးပြီလား" သို့မဟုတ် "စစ်ပြီးပြီလား" စသည်တို့ကိုမသုံးပဲ "ပြီးပြီလား" ဟုသာသုံးလိုက်သည်။


 သို့သော် သူ့အသံက တစ်ခုခုကို ရည်ညွှန်းနေပုံပေါက်သောကြောင့် ထိုစကားလုံးကို တမင်ပဲသုံးလိုက်သည်လား၊ ဒီတိုင်းပုံမှန်အနေနှင့်ပြောလိုက်သည်လားကို မည်သူကမှ မသိနိုင်ချေ။ ထို့အပြင် လုအန်းဟယ်သည် ထိုသို့မေးလိုက်သော်လည်း အခန်းထဲမဝင်လာပဲ ဟယ့်ယွင်ထင်အား သွားဖို့အချိန်ကျပြီဟု သတိပေးသည့်သဘောဖြင့်သာ ပြောလိုက်ခြင်းဖြစ်သည်။


လုအန်းဟယ်အသံကို ကြားသောအခါ ဟယ့်ယွင်ထင်သည် ခဏငြိမ်သွားပြီးမှ မက်ခါ၏သော့ကို သော့ပေါက်ထဲ၌သာထားလိုက်သည်။ထို့နောက် ယာဉ်မောင်းဦးထုပ်ကို ချွတ်ကာ ယာဉ်မောင်းနှင်ခန်းမှ ထ၍ ဒုတိယအခန်းထဲ၌ရှိနေသော လင်းဟန်ကို လှမ်းကြည့်လိုက်သည်။


လင်းဟန်၏ အမည်းရောင်ဆံပင်တချို့တစ်ဝက်က ချွေးများရွှဲနေကာ အသက်ရှူသံကလည်း ပုံမှန်မဖြစ်သေးပေ။ 

လင်းဟန်ကလည်း ရပ်နေရင်းဖြင့် ဟယ့်ယွင်ထင်အား မော့ကြည့်လိုက်ရာ ဟယ့်ယွင်ထင်သည် မောင်းနှင်ခန်းအဝ၌ရပ်နေ၍ ဓာတ်လှေကားထဲသို့ မဝင်သေးပဲ လင်းဟန်ကို စောင့်နေသည်ကို မြင်လိုက်ရသည်။


ထို့ကြောင့် လင်းဟန်လည်း ဟယ့်ယွင်ထင်အား ခေါင်းငြိမ့်ပြ၍ တံခါးမှထွက်ကာ နှစ်ယောက်တူတူ ဓာတ်လှေကားကို စီးလိုက်ကြသည်။


အောက်သို့ရောက်သောအခါ လင်းဟန်လည်း အနည်းငယ်တည်ငြိမ်နေပြီဖြစ်သည်။ လုအန်းဟယ်က ပြန်ရန် လှုံ့ဆော်နေပြီဖြစ်သောကြောင့် ဗိုလ်ချုပ်အား နှုတ်ဆက်ရန် လှည့်ကြည့်လိုက်သောအခါ ဟယ့်ယွင်ထင်သည် တစ်စုံတစ်ခုကို စဉ်းစားနေသလို ခဏငြိမ်နေပြီးမှ လင်းဟန်ဆီသို့ လက်ကို ဆန့်တန်းပေးလိုက်သည်ကို မြင်လိုက်ရသည်။


ခုနက မက်ခါမောင်းထားရသော ပင်ပန်းမှုကြောင့် လင်းဟန်၏ ဦးနှောက်က အနည်းငယ် အလုပ်မလုပ်ဖြစ်နေကာ လက်အိတ်လည်း မဝတ်ထားသောကြောင့် လင်းဟန် ခဏမျှ ကြောင်သွားမိသည်။


ဟယ့်ယွင်ထင်၏လက်ကလည်း လေထဲ၌ ရပ်သွား၍ ရှေ့ဆက်မတိုးလာတော့ပေ။


လင်းဟန်က စပြောလိုက်သည်။


"‌ဗိုလ်ချုပ်...?"


ဟယ့်ယွင်ထင်က ဘာပြောရမည်ကို စဉ်းစားလိုက်၍ စက္ကန့်အနည်းငယ်ကြာသောအခါမှ နှုတ်ခမ်းများပွင့်လာကာ ပြောလိုက်သည်။


"ဂွတ်ဘိုင်..."


လတ်စသတ်တော့ ဗိုလ်ချုပ်က ငါ့ကို လက်ဆွဲနှုတ်ဆက်ချင်နေတာပါလား...


လင်းဟန်သည် ဒုတိယမောင်းနှင်ခန်းအတွင်း၌ တစ်ယောက်တည်းရှိနေသောကြောင့် လက်အိတ်များကို ချွတ်ထားခဲ့မိ၍ ယခုလည်း လက်များက ချွေးစိုနေသောကြောင့် အားနာကာ ဗိုလ်ချုပ်၏လက်ကို ပြန်မကိုင်လိုက်မိပေ။ ထိုအခိုက်တွင် ဗိုလ်ချုပ်ဟယ့်၏ အပြာရောင်မျက်ဝန်းများက အနည်းငယ် ညှိုးမှိန်သွားကြသည်ကို သတိထားလိုက်မိသည်။


ဗိုလ်ချုပ်၏မျက်လုံးများ၌မြင်လိုက်ရသော ခံစားချက်ကြောင့်လား ဘာလားတော့မသိပေ၊ လင်းဟန်သည် ဘာကြောင့်မှန်းမသိပဲ ဟယ့်ယွင်ထင်က ခပ်ရှက်ရှက်ဖြင့် လက်ကို ပြန်ရုတ်တော့မည်လုပ်တွင် လက်အိတ်ကို ဆွဲထုတ်၍စွပ်ကာ ရှေ့သို့တိုး၍ ဗိုလ်ချုပ်၏လက်ကို လှမ်းကိုင်လိုက်လေသည်။


"နှုတ်ဆက်ပါတယ် ဗိုလ်ချုပ်..."


လင်းဟန်၏မျက်နှာက စတွေ့သည့်နေ့ကလောက် ဗိုလ်ချုပ်အား ကြောက်မနေတော့ပဲ အထိအတွေ့များကလည်း ပို၍ ညင်သာနေသည်။ လင်းဟန်က ရှေ့သို့ အတိုးလွန်သွားသောကြောင့် ခန္ဓာကိုယ်ချင်းကလည်း တော်တော်နီးကပ်သွားကာ နဖူးချင်း ထိတော့မတတ်ပင် ဖြစ်နေသည်။


အစကတော့ လင်းဟန်သည် ဗိုလ်ချုပ်၏ အတွေးများကို သိရမည်ကို ကြောက်နေမိသော်လည်း ဤတစ်ခေါက်တွင်တော့ ဗိုလ်ချုပ်၏လက်ဖဝါးမှ အနွေးဓာတ်နှင့် လက်ချောင်းများပေါ်ရှိ အသားမာများကို လက်အိတ်မှတစ်ဆင့် သေချာခံစားနေမိသည်။


လင်းဟန်က မျက်လုံးပင့်ကြည့်လိုက်သောအခါ ဗိုလ်ချုပ်၏မျက်နှာသည် ခါတိုင်းကဲ့သို့ပင် မပြောင်းလဲဘဲရှိနေသော်လည်း အပြာရောင်မျက်လုံးများကတော့ ခါတိုင်းထက်ပို၍ တောက်ပနေသည်ဟု ခံစားလိုက်မိသည်။


"အင်း..."

ဟယ့်ယွင်ထင်က ပြောလိုက်သည်။

"နောက်တစ်ခေါက်မှ ထပ်တွေ့ကြတာပေါ့..."


ဟယ့်ယွင်ထင်က သူ၏လက်မဖြင့် လင်းဟန်၏အဖြူရောင်လက်အိတ်ကို ပွတ်လိုက်ပြီးမှ လင်းဟန်၏လက်ကို လွှတ်ပေးလိုက်သည်။


လင်းဟန်က ဟယ့်ယွင်ထင်အား ကြည့်လိုက်သောအခါ ခေါင်းထဲ၌ ပုံရိပ်လွှာတစ်ခုကို မြင်လိုက်ရသည်။


ထိုပုံရိပ်မှာ သူအလွန်နှစ်သက်သောပစ္စည်းတစ်ခုခုကို လူကြီးတစ်ယောက်က စသည့်အနေဖြင့် ယူခြင်းခံလိုက်ရသော ကလေးလေးတစ်ယောက်၏ပုံဖြစ်သည်။ ထိုကလေးက ငိုတော့မည်အလုပ်တွင်မှ လူကြီးက ပစ္စည်းကိုပြန်ပေးလိုက်သောအခါ ကလေးသည် ထိုပစ္စည်းကိုဖက်၍ မျက်ရည်များကျလာသည့်ပုံကို လင်းဟန် မြင်လိုက်ရသည်။


သို့သော် ဟယ့်ယွင်ထင်က ထိုကဲ့သို့ ငိုယိုတတ်သော ကလေးမပြောနှင့်၊ သူ၏ဒေါသကိုပင် ထုတ်မပြတတ်သောလူဖြစ်သည်။ ထို့အပြင် လူတိုင်းက လေးစားအားကျသော အင်ပါယာ၏ အတော်ဆုံးဗိုလ်ချုပ်၊ စစ်ပွဲသူရဲကောင်းနှင့် ရန်သူများက ရင်ဆိုင်ရန်ကြောက်ကြသော ချွန်မြသည့် ဓားသွားတစ်လက်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ ထိုဗိုလ်ချုပ်၏ လှပသော အပြာရောင်မျက်ဝန်းများက လင်းဟန်အား စိုက်ကြည့်နေကြလေသည်။


ဟယ့်ယွင်ထင်၏နှုတ်ခမ်းများက ထုံးစံအတိုင်း အေးစက်စက်နှင့် တင်းကြပ်စွာ စေ့ပိတ်နေကြသော်လည်း လင်းဟန်၏နှုတ်ခမ်းများကတော့ အနည်းငယ်ပြုံးနေလေသည်။


အဘယ်ကြောင့်ဆိုသော် လင်းဟန်သည် ပထမဆုံးအကြိမ်အနေဖြင့် လူတစ်ယောက်၏စိတ်ကိုဖတ်နိုင်ခြင်းကို မမုန်းမိတော့သောကြောင့် ဖြစ်သည်။



👾