👾Chapter 11:
ဟယ့်ယွင်ထင်မှာသာ ဒီလိုအတွင်းစိတ်တွေမရှိခဲ့ရင်...
ဟယ့်ယွင်ထင် ထွက်လာမည်ကို စောင့်နေသည့်လုအန်းဟယ်မှာ မထင်မှတ်ထားစွာပင် စကားတစ်ခွန်းမှ မပြောလာဘဲ စိတ်စွမ်းအား လည်ပတ်တဲ့စနစ်မှာ ပြဿနာမရှိဘူးမလားဟု သာမေးလာပြီး ဟယ့်ယွင်ထင် ခေါင်းငြိမ့်ပြလိုက်သည်ကို တွေ့လိုက်ရသောအခါ မေးခွန်းများ ဆက်မမေးတော့ပေ။
မက်ခါထဲတွင် ဟယ့်ယွင်ထင်၏ ဖယ်ရိုမုန်းများက အမှန်ပင် အကျိုးသက်ရောက်မှုရှိသည်ကြောင့် ဖြစ်မည်။ လင်းဟန်က မောင်းနှင်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေပြီး အလုပ်ဆက်လုပ်နေခဲ့သည်။
လက်အိတ်များက စိတ်ဖတ်စွမ်းရည်ကို ဟန့်တားပေးသဖြင့် လင်းဟန်လည်း ထိုစဥ်က ဗိုလ်ချုပ် တွေးနေမည့်အရာကို မသိနိုင်ခဲ့ပေ။
သူ့ကိုယ်သူ အလုပ်ထဲတွင် စိတ်နှစ်ထားလိုက်သဖြင့် တဖြည်းဖြည်း စိတ်တည်ငြိမ်လာသည်။
စိတ်ဖတ်နိုင်ခြင်းက စွမ်းရည်ကောင်း မဟုတ်ဟု လင်းဟန် တွေးထားသည်။ သူသာ ထိုညက လက်အိတ်ဝတ်ထားခဲ့ပြီး ဟယ့်ယွင်ထင်၏ အတွေးများကို မကြားခဲ့ရပါက ဗိုလ်ချုပ်နှင့် ရင်းနှီးလာရန် အနည်းငယ် ပို၍ ဆန္ဒရှိပေလိမ့်မည်။
လင်းဟန်က အတွေးနစ်နေရင်း ခြောက်ခုမြောက်အပိုင်းကို ဖယ်လိုက်သည်။
သူအလုပ်များနေချိန်တွင် အချိန်များကို မေ့သွားတတ်သည်။ ကျန်အဖွဲ့အစည်း တစ်ခုလုံးကလည်း ဗိုလ်ချုပ်၏ လာရောက်လည်ပတ်မှုကြောင့် ရှော့ခ်ရနေဆဲ ဖြစ်နေရာ ရှန်ရှိုးနန်တစ်ယောက် သူပြန်လည်ပြုပြင်ခန်းထဲတွင် ညလုံးပေါက် နေနေမည်ကို စိုးရိမ်နေသဖြင့် သူ့ကို လာရှာသည်အထိပင်။
ရှန်ရှိုးနန် ဝင်လာသောအခါ လင်းဟန်က မက်ခါအတွင်းရှိ လည်ပတ်စနစ်ကို ပြန်လည်တည်းဖြတ်နေခြင်း ဖြစ်ပြီး အလိုအလျောက်ပြုပြင်စက်များက တဝီဝီ မြည်နေကာ လူလိုက်ကြည့်စရာ မလိုသော နေရာများတွင် နည်းနည်းချင်း ပြန်လည်ပြင်ဆင်နေသည်။
လင်းဟန် ပြုံးလိုက်ပြီး ဗိုလ်ချုပ်က စိတ်စွမ်းအား စနစ်ကို လာရောက် စစ်ဆေးခြင်းဖြစ်၍ သူ့ဘက်ကလည်း မက်ခါပြုပြင်ရေးလုပ်ငန်းကို တတ်နိုင်သမျှ မြန်မြန်ပြီးသွားစေရန် အလုပ်ကြိုးစားရမည် ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ရှန်ရှိုးနန် ရွေးချယ်စရာ မရှိတော့ဘဲ သူ့ကို အာဟာရဖြည့်စွက်စွာများ တားဆေးများကို အချိန်မှန်မှန် သောက်ရန်သာ သတိပေးလိုက်ပြီး ထွက်သွားတော့မည်အပြုတွင် ဒေတာများ စစ်ဆေးနေသည့် လင်းဟန်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"မင်းဒီနေ့ တော်တော်လေး စိတ်တက်ကြွနေပုံပဲ"
လင်းဟန် ပြောလိုက်သည်။ "ဟုတ်လို့လား"
"ဒါပေါ့... မင်း ပြုပြင်ခန်းထဲမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ တွေးကြည့်လိုက်လေ" ရှန်ရှိုးနန် ပြောလိုက်သည်။
"...မင်း heatဝင်နေတာရော တကယ် ဟုတ်ရဲ့လား... မင်းသုံးထားတာ တားဆေးမဟုတ်ဘဲ စိတ်တက်ကြွဆေး ဖြစ်နေမယ်လို့တောင် သံသယ ဝင်လာပြီ"
လင်းဟန် တစ်ဖက်လူကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ "မဟုတ်ပါဘူး... တကယ်ပါ"
ရှန်ရှိုးနန် တွေးကြည့်လိုက်ပြီးနောက် ဖြစ်နိုင်ချေရှိသည့် အဖြေတစ်ခု ပေါ်လာသည်။
"ဖြစ်နိုင်တာ ဗိုလ်ချုပ် မင်းဆီ ရောက်လာလို့ စိတ်တွေလှုပ်ရှားနေတာနဲ့ ပင်ပန်းနွမ်းနယ်နေတာတွေတောင် အမှုမထားနိုင်တော့ဘဲ ဆက်ပြီး အလုပ်လုပ်နေတော့တာပေါ့လေ"
လင်းဟန် “…”
ဘယ်လို ဖြစ်နိုင်မှာလဲ...
သို့သော်လည်း သူတို့နှစ်ယောက်အကြား တစ်စုံတစ်ခု ဖြစ်ခဲ့ပြီး ထိုအကြောင်းကို ရှန်ရှိုးနန်အား ပြောပြမည် မဟုတ်ပေ။
သူ့အား အမှတ်အသားပေးရန် ကြံနေသည့် အတွေးများကို ဘေးဖယ်ထားလိုက်ပါက ထိုဗိုလ်ချုပ်မှာ အမှန်ပင် လူကောင်းတစ်ယောက် ဖြစ်နိုင်သည်။သို့သော် သူကမူ ပျင်းစရာကောင်းကာ စိတ်ဝင်စားစရာမရှိသည့် လူမျိုး ဖြစ်ပြီး အခြားသူများနှင့် တူညီသော စာမျက်နှာထက်တွင် ရှိနေသည့်ပုံမပေါ်ပေ။
လင်းဟန်က ရှန်ရှိုးနန်အား တံခါးအပြင်သို့ လိုက်ပို့လိုက်ပြီးနောက် အလုပ်ဆက်လုပ်နေလေတော့သည်။
သူက အကယ်ဒမီတွင် အတော်ဆုံး မက်ခါ ဒီဇိုင်နာ ဖြစ်နေရသည့် အကြောင်းမှာလည်း သာလွန်ထူးကဲသော အဆင့်များ ရခဲ့သည့်အပြင် စိတ်စွမ်းအားကလည်း အကြောင်းအရင်းတစ်ခုပင်။ ဤဒီဇိုင်းနှင့် ထုတ်လုပ်ရေး နယ်ပယ်၌ မက်ခါ ကျွမ်းကျင်သူများမှာ စိတ်စွမ်းအား မြင့်လေလေ အရေးပေးခံရလေလေပင်။ မက်ခါများကိုလည်း အဆင့်သတ်မှတ်ထားပြီး သာမန်B သို့မဟုတ် Cအဆင့် မက်ခါများအတွက် ဒီဇိုင်းကို အကယ်ဒမီထံမှ အတည်ပြုချက် ရယူရန်သာ လိုအပ်ပြီး ထို့နောက်တွင် မက်ခါထုတ်လုပ်ရေးဌာနမှ သာမန်စစ်သားများ၏ ရိုးရိုးသာမန် ကင်းလှည့် လုပ်ငန်းစဥ်များအတွက် အသုတ်လိုက် ထုတ်လုပ်ပေးသည်။
အင်ပါယာတွင် မက်ခါများက ယေဘုယျအားဖြင့် စိတ်စွမ်းအားများအပေါ် မူတည်နေသည်။ လိင်သုံးမျိုးလုံးကလည်း စိတ်စွမ်းအားအဆင့်အမျိုးမျိုး ကွဲပြားနေသဖြင့် အသုတ်လိုက်အများအပြား ထုတ်လုပ်ထားသော မက်ခါတစ်ခုက လိင်အမျိုးအစား အားလုံးနီးပါး အသုံးပြုနိုင်ပြီး စိတ်စွမ်းအား အနည်းဆုံးပင်။
ထိုနည်းတူစွာပင် အဆင့်မြင့် မက်ခါတစ်ခုကို မောင်းနှင်ရန်အတွက်လည်း စိတ်စွမ်းအားနှင့် ထိန်းချုပ်နိုင်စွမ်းတို့ ပိုမြင့်ရန် လိုအပ်ပေသည်။ သို့မဟုတ်လျှင် စက်မနှိုးနိုင်ခြင်းမျိုး နောက်ပိုင်းတွင် ပြဿနာရှိလာခြင်းမျိုး ဖြစ်ပေါ်လာပေမည်။
လင်းဟန်က မက်ခါ မော်ဒယ်များစွာ၏ ဒီဇိုင်းများ၌ ပါဝင်ခဲ့သည်။ ရှေ့တန်းစစ်သားများအတွက် အစုလိုက် ထုတ်လုပ်မှုများမှသည် ဟယ့်ယွင်ထင်နှင့် လုအန်းဟယ်တို့၏ မက်ခါများကဲ့သို့ အထူးအသေးစိတ် လေ့လာမှုနှင့် ဒီဇိုင်းတို့ လိုအပ်သည့် အသုံးမပြုခင် မရေတွက်နိုင်သော စစ်ဆေးမှုများ ချိန်ညှိမှုများ လုပ်ဆောင်ရသော သီးသန့်မက်ခါများအထိပင်။
ဟယ့်ယွင်ထင်၏ M2742မှာ လင်းဟန်တစ်ယောက် မက်ခါအစည်းအရုံးသို့ ဝင်သည့်အချိန်ထက် စောစီးစွာ အသုံးပြုခဲ့ခြင်းဖြစ်သည်။သူ ဒီဇိုင်းပိုင်းသို့ တရားဝင်မဝင်ရောက်ခင်ကပင် နှစ်ဦးမောင်းမက်ခါများမှာ အင်ပါယာတစ်ဝိုက်ပျံ့နှံ့ပြီးဖြစ်ပြီးနောက် ရပ်ဆိုင်းလုနီးပါးပင် ဖြစ်ခဲ့ရသည်။
မက်ခါ၏ အဆင့်ပိုမြင့်လေလေ မက်ခါမောင်းသူမှာလည်း ပို၍ စိတ်စွမ်းအား မြင့်မားရလေလေလေပင်။ ဟယ့်ယွင်ထင်မှာလည်း သူမောင်းနှင်သည့် မက်ခါကို အမှန်ပင် ဂရုစိုက်ပေသည်။ ထိုအကြောင်းကြောင့်လည်း မက်ခါကို ပြင်ဆင်ရန် စိတ်အားထက်သန်နေရခြင်းသာ။
ကြည့်ရတာ တရားနည်းလမ်းကျနေပုံပဲ... ဟယ့်ယွင်ထင်မှာသာ ဟိုလို အတွင်းစိတ်တွေ မရှိခဲ့ရင်ပေါ့...
*****
လင်းဟန်တစ်ယောက် အလုပ်ကြိုးစားနေချိန်တွင် လုအန်းဟယ်မှာလည်း အလုပ်များနေရပေသည်။
ဗိုလ်ချုပ်၏ မက်ခါကို ပြင်ဆင်၍ မပြီးသေးသည့်အတွက် နေ့စဥ်လေ့ကျင့်မှုများတွင် ပါဝင်ရန် အကြောင်းမရှိလေရာ နှစ်ရက်လုံးလုံး အိမ်ထဲမှ မထွက်သဖြင့် အဓိက အုပ်စုနှင့် အုပ်စုခွဲများအား အခွင့်အရေးရှာဖွေရန် ခွင့်ပြုထားသလိုပါပင်။
ရိုးရိုးရှင်းရှင်းပြောရလျှင် အုပ်စုတစ်စုစီက အခြားတစ်ဖက်ကို ဆက်လက် နိုင့်ထက်စီးနင်း လုပ်နေကြပြီး တစ်နေ့ကျလျှင် ဗိုလ်ချုပ်တစ်ယောက် သူတို့၏အဖွဲ့သို့ ဝင်ရောက် အခြေချရန် မျှော်လင့်နေကြသည်။
အဓိကငြိမ်းချမ်းရေးအုပ်စုမှာကား ဧကရာဇ် အား မက်ခါ ထုတ်လုပ်မှု နှင့် စစ်တပ်အထောက်အပံ့များ လျှော့ချရန် မတောင်းဆိုခင်ကပင် ဟယ့်ယွင်ထင်အား သူတို့ဘက်သို့ ပူးပေါင်းစေချင်နေခဲ့ကြသည်။ မြေပြင်မှာကား လက်ရှိအခြေအနေက ရံဖန်ရံခါထကြွတတ်သည့် ကြယ်ဓါးပြများကလွဲ၍ တည်ငြိမ်နေပြီး ဇာဂ့်များကလည်း အလွန်ငြိမ်သက်နေသည်ပင်။ အမြောက်ဆံများ ဝယ်ယူရာ၌ ငွေသုံးမည့်အစား လူများ၏ နေထိုင်မှုပုံစံမှာသာ သုံးစွဲပါက ပိုကောင်းမည် ဖြစ်ပြီး အင်ပါယာကို အခြားသော နယ်ပယ်များ၌ ပို၍ သန်မာလာစေမည် ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်အုပ်စုက ကြယ်တာရာဓါးပြများမှာ ဒုတိယကျသော အရေးကြီးကိစ္စ ဖြစ်ပြီး ဇာဂ့်များမှာလည်း လွှတ်ထား၍ မရဟု ယုံကြည်နေကြသည်။
ဟယ့်ယွင်ထင်က မည်သည့်ဘက်ကိုမှ မပါဝင်ခဲ့သော်ငြား မည်သည့်ဘက်ကိုမှလည်း မငြင်းဆန်ခဲ့လေရာ လုအန်းဟယ်ကပင် အလုပ်များသူ ဖြစ်လာရသည်။
သနားစရာ ကောင်းလှသော ဒုတိယဗိုလ်မှူးလုခမျာ နှစ်ဖက်လုံးမှ လက်ဆောင်များ၊ စာလွှာများကို ပေးပို့လာသူများအား ကိုင်တွယ်ဖြေရှင်းနေရချိန်တွင် ဧည့်ခံပွဲအတွင်း နမူနာခိုးယူသွားခဲ့သော စားပွဲထိုးကိုလည်း တိတ်တဆိတ်ထောက်လှမ်းနေရသည်။
စတုတ္ထမြောက်လူစုကို ပြန်လည်ပို့ဆောင်ပြီးနောက် လုအန်းဟယ်မှာ တစ်ခဏမျှ အနားယူချိန် ရခဲ့ပြီး ဟယ့်ယွင်ထင်ကို သူရရှိလာသောအချက်အလက်များအား သတင်းပို့ရန် ထွက်လာခဲ့သည်။
“အရမ်း ရှင်းလွန်းနေတယ်... အဲ့ဒီလူကို ရှာဖို့ နည်းလမ်း မရှိဘူး" လုအန်းဟယ် ခါးသက်သက် ပြောလိုက်သည်။
"အရင်တစ်ခေါက် ဝိုင်လာပို့သလို ဟန်ဆောင်တဲ့ စားပွဲထိုးကို ကျွန်တော် စစ်ဆေးကြည့်ပြီးသွားပြီ... ဒါပေမယ့် အမှန်တကယ်တော့ သူက ဗိုလ်ချုပ်ရဲ့ ဒဏ်ရာကို တမင်သက်သက် ဝင်တိုက်မိသလို လုပ်ပြီး ဗိုလ်ချုပ်ကို တိုက်ပြီးသွားတော့ တစ်နေ့လုံး ကြောက်လန့်နေတဲ့ပုံပဲတဲ့... နောက်တစ်နေ့ကျတော့ သူ့မိသားစု တွေ့လိုက်ရတာ...အဲ့ဒီလူ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တယ် ဆိုတာပဲ"
ဟယ့်ယွင်ထင် အံ့အားသင့်သွားလေသည်။
"သေသွားပြီလား"
လုအန်းဟယ်က အလေးအနက် အမူအယာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "သေတဲ့လူကို ဘယ်လိုသွားမေးလို့ ရတော့မှာလဲ... သူ့မိသားစုနောက်ခံက အရပ်သားတွေပဲ... သူကလည်း မကြာသေးခင်ကမှ စားပွဲထိုးဖြစ်လာတာ... ဘာမူမမှန်မှုမျိုးမှ မရှိဘူး"
အရပ်သား စားပွဲထိုးလေးက အလွန်ကြောက်ရွံ့သွားသဖြင့် သူ့အိမ်မှာပင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ အကြောင်းမှာ မလဲပြိုနိုင်သော အင်ပါယာဗိုလ်ချုပ်တစ်ယောက်အား ဝင်တိုက်မိသွား၍ ဖြစ်သည်။ သတင်းများက အမြဲတမ်း ထိုကဲ့သို့ပင်။ ကြားမိသူများက သေချာပေါက် မယုံမကြည် ဖြစ်ကြမည် ဖြစ်သော်လည်း ထိုစကားများ ပျံ့နှံ့သွားသည်နှင့် ယုံကြည်မည့်သူများလည်း ရှိလာနိုင်ပေသည်။
သာမန်လူထုက ထိုလူမှာ စိတ်ဓါတ် ပျော့ညံ့နိမ့်ချလွန်းသူ သို့မဟုတ် ဗိုလ်ချုပ်မှာ ကြောက်စရာကောင်းလွန်းပြီး ရက်စက်တတ်လွန်းသူဟု မှတ်ချက် ပြုကြမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ပို၍ နက်ရှိုင်းသော သဲလွန်စများအား တူးဖော်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
“ဘောစ့်” လုအန်းဟယ်က အားထုတ်မှုတစ်ရပ် ပြုခဲ့ပုံရပြီး အဆုံးတွင် မေးရန် ဆုံးဖြတ်ချက် ချလိုက်သည်။ "ဒီတစ်ခေါက် ကိစ္စကလေ... 'အဲ့ဒီလူတွေ' ဇာတ်တိုက်ထားတာများ ဖြစ်နေမလား"
ထိုစကားများကို ပြောချိန်တွင် လုအန်းဟယ်မှာ သိသိသာသာပင် အချိန်အတော်ကြာ တုန့်ဆိုင်းနေပုံရပြီး အမူအယာများကလည်း လေးနက်နေပေသည်။ သို့သော်လည်း ဟယ့်ယွင်ထင်ကမူ အထင်သေးဟန်ဖြင့် ကျိတ်ရယ်လိုက်လေသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက အပြုံးယဲ့ယဲ့ ထင်နေသော်လည်း မျက်နှာထက်တွင်မူ လှောင်ပြောင်သရော်လိုဟန်များ ပြည့်နေခဲ့သည်။
"မဟုတ်ဘူး"
"သူတို့တွေ တိုးတက်မှုတစ်ခုခု လုပ်နိုင်ခဲ့တာများ ဖြစ်နေမလား"
"မဖြစ်နိုင်ဘူး" ဟယ့်ယွင်ထင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"သူတို့မှာ လမ်းကြောင်း မရှိဘူး"
"ဒါပေမယ့် အခုပြဿနာက ငါတို့ဘက်က ဆက်ပြီး တက်တက်ကြွကြွ မစုံစမ်းနိုင်တော့ဘူး ဆိုတာပဲ... တစ်ဖက်က လှုပ်ရှားလာမှာကိုပဲ မတုန်မလှုပ်စောင့်ကြည့်ထားဖို့ ပြင်ဆင်ရမယ်... သူတို့တွေ ဘယ်လို လှည့်ကွက်တွေ လုပ်လာမလဲ ဆိုတာပဲ ကြည့်လိုက်ရအောင်"
လုအန်းဟယ်မှာ ထိုကိစ္စအပေါ် ဆက်ပြီး လေးတွဲမနေတော့ပေ။
"နမူနာကို ဖျက်ဆီး ပြီးသွားပြီဆိုတော့ တစ်ဖက်က စိတ်စွမ်းအား နမူနာအတုကို သုံးပြီး M2742မက်ခါရဲ့ AIထိန်းချုပ်ဌာနကို ဖျက်ဆီးဖို့ ကြံစည်ထားတယ်လို့ ခန့်မှန်းထားတယ်... ဒီလိုဆို မက်ခါကို ပြင်ပြီးသွားလို့ ဘောစ့်ဆီ ရောက်လာရင် ဘောစ့်ရဲ့ မက်ခါက ဘောစ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတော့မှာ မဟုတ်ဘူး..."
"ကံကောင်းလို့ အဲ့နေ့တုန်းက ဘောစ့်ကိုယ်တိုင် ရှိနေလို့ ဘာမှ မဖြစ်ခဲ့တာ"
လုအန်းဟယ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဟယ့်ယွင်ထင်၏ ရေခဲရိုက်မျက်နှာမှာ အရည်ပျော်ကျလာလေသည်။
"ဒါပေမယ့် တကယ်လည်း ကိစ္စမရှိပါဘူး"
လုအန်းဟယ်မှာ အစပိုင်းတွင် နားမလည်လိုက်ပေ။ "ဘာလို့များ..."
"ငါပြောချင်တာ" ဟယ့်ယွင်ထင်က ပြတင်းပေါက် အပြင်ဘက်မှ အပြည့်အဝ မပွင့်သေးသော ကျူးလစ်ပန်းခင်းကြီးကို ကြည့်လိုက်သည်။
"တကယ်လို့ ငါမရှိရင်တောင်...ဒါမှမဟုတ် နမူနာအတုကို သုံးလိုက်မိရင်တောင် သူကတော့ သတိပြုမိလိမ့်မယ်"
ထို 'သူ'ဟူသည်မှာ မည်သည်ကို ရည်ညွှန်းကြောင်း မသိရသော်လည်း လုအန်းဟယ်မှာ သူ့ဘောစ့်၏ အသံအနေအထားက ယုံကြည်မှုအချို့ ရှိနေသည်ထက် ပိုသည်ဟု ခံစားလိုက်ရသည်။
နှစ်ယောက်သား စကားပြောနေစဥ် အိမ်တော်ထိန်းက တယဥ်တကျေး တံခါးခေါက်လာသည်။ "ဗိုလ်ချုပ်... ဧည့်သည်ရောက်နေပါတယ်"
ထိုစကားကို ကြားသောအခါ လုအန်းဟယ်၏ ခေါင်းတစ်ခုလုံး တဝီဝီ မြည်သွားပြီး တံခါးရှိရာသို့ အော်လိုက်သည်။
"ဒီတစ်ခေါက်ကရော ဘယ်သူ့ဘက်ကလဲ... ကျန်းဘက်ကလား လော်ဘက်ကလား"
“တစ်ယောက်မှ မဟုတ်ပါဘူး" အိမ်တော်ထိန်း၏ အသံက ပို၍ သတိကြီးကြီး ဖြစ်သွားသည်။ "လာလည်သူက အရှင်မင်းသားပါ"
ဟယ့်ယွင်ထင် အဝတ်အစားလဲပြီး ဧည့်ခန်းထဲသို့ ထွက်လာသောအခါ အိမ်တော်ထိန်း ပြောသည့် အရှင်မင်းသားမှာ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် ဝင်လာခဲ့သည်။
အင်ပါယာ၏ တစ်ဦးတည်းသော တော်ဝင်မင်းသား ဖြစ်သည့် ဝမ်ထျန်းယောင်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မကြာခဏဆိုသလို ထွက်ပေါ်လာလေ့ရှိသည်။ အထူးသဖြင့် ပြည်သူများ၏ ခံစားချက်နှင့် ရင်ဆိုင်ရသော အခက်အခဲများကို အတူတူ မျှဝေ ခံစားလိုပါသည်ဟု ဆိုကာ မိမိ၏ အထောက်အထားကို ဖုံးကွယ်၍ Nခရိုင်ရှိ စုပေါင်းအိမ်တစ်လုံးတွင် အရပ်သားများနှင့်အတူ အခန်းမျှကာ နေထိုင်ခဲ့သည်။ စစ်တပ်ကိုလည်း အချိန်နှင့်အမျှ ရောက်လာပြီး ဟယ့်ယွင်ထင်ထံမှ မက်ခါမောင်းနည်း သင်ယူချင်သည်ဟု ဆိုကာ သူကိုယ်တိုင်ပင် ဇာဂ့် တိုက်ဖျက်ရေး ကမ်ပိန်းများ၌ ပါဝင်ခဲ့သည်။
အဆုံးတွင် သူက ထီးနန်းကို တဖြည်းဖြည်း ဆက်ခံရမည် ဖြစ်သဖြင့် ကျော်ကြားမှုအချို့ ရယူထားရပေမည်။ သူက အလုပ်ကောင်းကောင်း လုပ်ခဲ့ပြီး အမှန်ပင် ချဥ်းကပ်ရလွယ်ကူသဖြင့် ပြည်သူများစွာက သူ့ကို လက်ခံထားကြပြီး ဖြစ်ကာ သူ့ကို တော်ဝင်မင်းသားကောင်းတစ်ယောက်အဖြစ် ချီးကျူး အမွှမ်းတင်ကြပြီး အင်ပါယာ၏ အနာဂတ်အဖြစ် ဖော်ကျူးကြသည်။
ဝမ်ထျန်းယောင်က ဟယ့်ယွင်ထင် ထွက်လာသည်ကို တွေ့သောအခါ ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ "ကောင်းသောနေ့ပါ ဗိုလ်ချုပ်' ဟု နှုတ်ဆက်လာခဲ့သည်။
ယခင်က 'သီးသန့်လည်ပတ်မှုများ'မှ လွဲ၍ ဝမ်ထျန်းယောင်က ထသွားထလာ ဝတ်စုံများ ဝတ်ရသည်ကို မနှစ်သက်လှဘဲ သူ၏ ရာထူးဂုဏ်သိမ်၊ ခေတ်ဟောင်းဆန်ဆန် ကျော့မော့မှုများကို ပြသရန် ပွင့်လွှာအထပ်ထပ် အင်္ကျီလက်အနားစများနှင့် ချည်ထိုးထားသည့် မိသားစု အမှတ်တံဆိပ်နှင့် ကော်လံအနားသတ်တို့ ပါဝင်သည့် အထူးချုပ်လုပ်ထားသော တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်နှာအစိတ်အပိုင်းများမှာ ရန်မူလိုခြင်းမျိုး မရှိဘဲ အထူးသဖြင့် သူပြုံးလိုက်သည့်အခါ ပြည်သူများ ချစ်ခင်နှစ်သက်ကြသည့် ဖော်ရွေသော မင်းသားတစ်ပါး ပုံစံသာ ဖြစ်သည်။
ဟယ့်ယွင်ထင် အနားရောက်လာသောအခါ ညာလက်ကို ရင်ဘတ်သို့ ထိကပ်ကာ အရိုအသေပေးလိုက်သည်။ အရိုအသေ ပေးပြီးသွားသောအခါ ထူးမခြားနားဟန်ဖြင့် ခပ်မတ်မတ် ရပ်လိုက်ရာ တစ်ဖက်ရှိ လုအန်းဟယ်က အလျင်အမြန် ရောက်လာပြီး နားထဲသို့ တီးတိုးပြောလိုက်သည်။
"ဘောစ့်... အခုလေးတင် သုတေသန အဖွဲ့အစည်းက လင်းဟန်ဆီကနေ အကြောင်းကြားလာပါတယ်... M2742 ကို ပြင်ပြီးသွားပြီမို့ ဘယ်အချိန် လာယူချင်ပါသလဲတဲ့"
👾