အပိုင်း ၁
Viewers 18k

ရေသူမျိုးနွယ်
*****
မနက်စောစောတွင် ကောင်းကင်က မှောင်ရိပ်သန်းနေဆဲဖြစ်၏။ ရေသူခန်းမတွင် ဆူညံသံတို့ဖြင့် ပြည့်လျက်ရှိသည်။
ကြီးမားသည့်ရေကန်ကြီးထဲရှိရေတို့က ငြိမ်သက်နေလေသည်။ အချိန်တွေကုန်လွန်သွားပြီးနောက် ရေသူလေးအချို့ပေါ်လာပြီး ကမ်းပေါ်ရှိလူတို့ကို ကြည့်နေကြသည်။
ရေကန်၏အခြေတွင် ရွှေရောင်ဖျော့ဖျော့ရေသူလေးတစ်ကောင်က ကျောက်တုံး၏အက်ကွဲကြားထဲတွင် လဲလျောင်းလျက်အနားယူနေ၏။ သူ၏ရွှေရောင်ဖျော့ဖျော့ ဆံပင်ရှည်ကြီးမှာ လှိုင်းတို့ဦးတည်ရာအတိုင်း မျောလွင့်လျက်ရှိကာ ငါးအမြှီးက တွန့်လိမ်နေသည့်အလင်းတို့ကြားတွင် ရောင်ပြန်ဟပ်လျက်ရှိသည်။
"တင် တင်~"
ကမ်းပေါ်ရှိ မွေးမြူရေးသမားက ဘဲလ်ကို တီးလိုက်သည်။
"အစာစားချိန်ရောက်ပြီ"
အသံကိုကြားသည့် ရေသူလေးများက တစ်ကောင်ပြီးတစ်ကောင် ကမ်းစပ်ဆီကူးသွားကြပြီး ရေပြင်နှင့်အမြှီးရိုက်ခတ်သံတို့က အဆုံးမရှိချေ။
အက်ကွဲရာတစ်ခုအတွင်းမှ ရေသူငယ်လေး နိုးထလာသည်။ သူ၏မျက်လုံးများက မှိတ်ထားဆဲရှိကာ ရွှေရောင်ဖျော့ဖျော့မျက်လုံးများက သူနိုးလာချိန်တွင် ငိုက်လျက်ရှိနေသေးသည်။ ရေသူငယ်လေးက ခေါင်းကို လှည့်ပြီး ရေသူကျောင်းကို လှမ်းကြည့်လိုက်သည်။
သိူ့သော်လည်း သူကအခြားသူတွေလုပ်သလို ကမ်းစပ်ကိုကူးသွားရမည့်အစား သူက ကျောက်အက်ကွဲကြောင်းထဲမှထွက်ကာ သူ၏ငါအမြှီးလေးဖြင့် ပူဖောင်းတွေထွက်လာအောင် ယမ်းရင်း ရေကန်၏အနက်ဆုံးနေရာအထိ ကူးခတ်သွား၏။
သူအောက်ကိုရောက်သည့်အခါ ရေသူလေးက ပင်လယ်ရေမှော်တစ်ခုကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။ သူ၏ထက်ရှသည့်လက်သည်းရှည်တို့က ယင်းကို အလွယ်တကူပင် ဖြတ်တောက်လိုက်နိုင်သည်။ ရေမှော်ကိုစားနေချိန်တွင် သူက ပန်းကန်လုံးနှင့်တူသည့် ကျောက်တုံးထဲသို့ ကျောက်တုံးတစ်ခု ပစ်ချလိုက်သည်။
ထိုကျောက်ပန်းကန်လုံးထဲတွင် စုစုပေါင်းကျောက်တုံးအရေအတွက် ၆ခုရှိနေပြီဖြစ်သည်။
ထို့ကြောင့်...
ယနေ့က သူစာအုပ်ထဲကူးပြောင်းလာသည့် ခြောက်ရက်မြောက်နေ့ပင်။
ကျွင်းချင်ယွီသက်ပြင်းချလိုက်သည်။ လွန်ခဲ့သည့်ခြောက်ရက်က သူကတစ်ညလုံးမအိပ်ပဲ ဝတ္ထုတစ်ပုဒ်ကို အပြီးဖတ်ခဲ့သည်။ ပထမတွင် သူက မိတ်ဆက်လေးဖြင့် ဆွဲဆောင်ခံလိုက်ရတာဖြစ်၏။
အစပိုင်းကတော့အဆင်ပြေသေးသည်။ ထိုဝတ္ထုမှာ နောက်ခံမကောင်းသည့် ဖုယွမ်ချွမ်းအမည်ရှိဇာတ်လိုက်၏အကြောင်းပင်။ သူကိုယ်တိုင်၏ကြိုးစားမှုဖြင့် သာမန်အရပ်သားမှစ၍ မာရှယ်တစ်ဦးဖြစ်လာသည်အထိ တစ်လျှောက်လုံးရုန်းကန်ခဲ့ရသည်။ စစ်မြေပြင်တစ်ခုတွင် မတော်တဆ ဒဏ်ရာရပြီးနောက် သူ၏စိတ်ခွန်အား ပြိုလဲသွားပြီး ရှစ်ဟိုင်းသည်လည်း ပြိုလဲလုနီးနီးဖြစ်သွားခဲ့သည်။
စာအုပ်ထဲတွင် ရေသူကသာ ဤဒဏ်ရာမျိုးကို ကုစားနိုင်သည်ဟု သတ်မှတ်ထားသည်။ ရေသူ၏ မွေးရာပါ ဝိညာဉ်စွမ်းအားကသာ ကျိုးပဲ့နေသောဝိညာဉ်စွမ်းအားကို ပြန်လည်စုစည်းကာ အသိစိတ်ပင်လယ်ကို ပြုပြင်ပေးနိုင်သည်ဟူ၍။
သို့သော်လည်း ထိုပြင်းထန်သည့်ဒဏ်ရာကြောင့် အဓိကဇာတ်ဆောင်၏စရိုက်ကမရေမရာဖြစ်သွားရသည်။ ပြင်းထန်သည့်တုန်လှုပ်မှုအောက်တွင် သူ့ကိုယ်သူ ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ပေ။ ရေသူအားလုံးက နာကျင်ရမှာကိုကြောက်ကြသည်။ ရေသူတွေက သူနှင့်ထိတွေ့ဖို့ ငြင်းဆန်ကြ၏။ အတင်းအကြပ်လုပ်ယူလျှင် ရေသူတွေက အာရုံငါးပါးကို တိုက်ရိုက် ပိတ်ဆို့ပစ်ပေလိမ့်မည်။ မည်သူကမျှ အနည်းငယ်သောဝိဥာဥ်စွမ်းအားလေးကိုပင် ထုတ်ယူဖို့ရာ မတတ်နိုင်ချေ။
ဖုယွင်ချွမ်း၏ကျန်းမာရေးက ဆိုးသထက်ဆိုးလာသည်။
သူ့မိသားစုက ထိုအခွင့်အရေးကိုယူကာ သူ၏တပ်မဟာအုပ်ချုပ်ခွင့်ကို ခိုးယူဖို့ ကြိုးစားကြသည်။ ကြယ်စင်စုအချင်းချင်း စစ်ပွဲဖြစ်အောင် လှုံ့ဆော်ပေးပြီး သူ၏ရန်သူဟောင်းများဖြင့်ပူးပေါင်းကာ တွင်းနက်ထဲဆွဲချကြသည်။ အချိန်တစ်ခုအထိ ဖုယွမ်ချွမ်းက လူထု၏ဝေဖန်စရာ ပစ်မှတ်တစ်ခုဖြစ်လာပြီး ကြီးမားစွာ လှည့်စားခံရသည်။
ဤအချိန်မှာ အဓိကဇာတ်ကောင်က မြင့်တက်လာပြီး မျက်နှာတွေကို ဖြတ်ရိုက်ချိန်တန်လာပြီဖြစ်သော်ငြား စာရေးဆရာက ထွက်ပြေးသွားပြီး ဇာတ်လိုက်ကို တိုက်ရိုက်ပင်ရေးခဲ့လိုက်လေသည်။
ဝတ္ထုဖတ်ပြီးနောက်တွင် ကျွင်းချင်ယွီသည် နောက်ဆုံး"ဇာတ်သိမ်း"ကို အတော်ကြာအောင် အသိမကပ်ပဲ စိုက်ကြည့်နေမိတော့၏။
ထိုညက ဖုယွမ်ချွမ်း အိမ်မက်ထဲပါလာသည်အထိ သူ့မှာဖြေချရခက်နေခဲ့သည်။
ရလဒ်အနေနှင့် သူနိုးလာပြီးမျက်လုံးဖွင့်လိုက်သည့်အခါ သူက ရွှရောင်ဖျော့ဖျော့ရေသူတစ်ကောင်ဖြစ်နေတာကို ရှာဖွေတွေ့ရှိလိုက်ရသည်။
ရေသူလေးက လက်တစ်ဖဝါးစာထက်ပိုမကြီးပေ။ ယင်းက ရွှေငါးနှစ်ကောင်စာမျှသာရှိသည်။
ထိုရေသူငယ်လေးက တောထဲမှာဆိုလျှင် နှစ်ရက်ထက်ပိုမရှင်သန်နိုင်ပေ။ ကံကောင်းစွာဖြင့် ယခုကျွင်းချင်ယွီရောက်နေသည့်နေရာမှာ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းတစ်ခုဖြစ်နေ၏။
အင်ပါယာတစ်ခုလုံးတွင် ရေသူတွေမွေးမြူသည့် တစ်ခုတည်းသောနေရာပင်။
ကြယ်တာရာခေတ်တွင် လူသားများက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ခန္ဓာကိုယ်ကဏ္ဍအားလုံးကို အားကောင်းလာစေသည်။ သန်မာမှုအားကောင်းလာလေလေ အညစ်အကြေးများစုပုံလာလေပင်။ ရေသူတွေ၏ဝိဥာဥ်စွမ်းအင်က ထိုအညစ်အကြေးများကို ဖယ်ရှားနိုင်သည့် တစ်ခုတည်းသော စွမ်းအားဖြစ်လာသည်။
မကြာခင်မှာမွေးဖွားတော့မည့် ရေသူလေးတွေကို လူလုပ်ပင်လယ်တုထံပို့ဆောင်ကာ သူတို့ကိုလိုအပ်သူတွေနှင့် တွေ့ဆုံစေပြီး ဝယ်ယူခွင့်ပေးမှာဖြစ်သည်။
သူတို့က ရေသူတွေကို ရွေးချယ်နိုင်သည်ဟု ထင်ရသော်ငြား တကယ်တမ်းမှာမူ ရေသူလေးတွေအနေနှင့် တစ်ဦးနှင့်တစ်ဦး ခွဲခြားသိရှိပြီး သူတို့ဆန္ဒအလျောက် လိုက်ပါလိုခြင်းရှိဖို့လည်း လိုအပ်သည်။
ထပ်ပေါင်းပြောရလျှင် ယင်းတို့က အလွန်စျေးကြီးရုံမျှမက ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းမှ တောင်းဆိုချက်တွေကလည်း များပြားလွန်းလှသည်။
ထိုသို့ဆိုလျှင်ပင် နေ့စဥ်နေ့တိုင်း ရေသူတွေအများကြီးကို ဝယ်ယူနေကြဆဲပင်။
မည်သူမဆို ရေကန်ကိုရွေးချယ်ဖို့ရောက်လာပါစေ ကျွင်းချင်ယွီက အမြဲလိုလို ရေကန်၏အခြေတွင် ပုန်းနေကာ အမျိုးမျိုးသော ကျောက်တုံးအက်ကွဲကြောင်းတွေထဲ၌ လဲလျောင်းနေလိုက်သည်။
သူကဖုယွမ်ချွမ်းကို စောင့်နေခြင်းပင်...
ထိုမျှသာ...
ကျွင်းချင်ယွီက ကျောက်ပန်းကန်လုံးလေးအတွင်းရှိ ကျောက်တုံးလေးခြောက်တုံးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူဘယ်အချိန်မှ ဖုယွမ်ချွမ်းနှင့်တွေ့ရမလဲဆိုတာ မသိချေ။
ကျွင်းချင်ယွီမှတ်မိနိုင်သည်မှာ မူရင်းစာသားတွင် ဖုယွမ်ချွမ်းက ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းကို တစ်ကြိမ်ထက်မကရောက်ဖူးသည်ဆိုတာကိုပင်။ သူ၏ထူးခြားသည့်လက္ခဏာများကြောင့် ဆေးရုံကပင် မကုသပေးနိုင်ပေ။ သူကရေသူ၏ဝိဥာဥ်စွမ်းအားကို မည်သူထက်မဆို လိုအပ်လေသည်။
အကြိမ်တိုင်း ဖုယွမ်ချွမ်းက ရေသူကိုယူဖို့ရာ ကျရှုံးပြီးပြန်သွားရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့အခြေအနေက ပိုဆိုးလာတာကြောင့် ဖုယွမ်ချွမ်း၏မိသားစုက ထိုအခြေအနေကို အခွင့်ကောင်းယူခဲ့သည်။
သို့သော်လည်း သူ အတော်ကြာအောင်စောင့်ပြီးသည်အထိ ဖုယွမ်ချွမ်းက ဘယ်တော့မှ မလာခဲ့ပေ။
တစ်ခါတစ်ရံမှာ ကျွင်းချင်ယွီက သူရောက်လာတာနောက်ကျသွားပြီး ဇာတ်ကွက်ကို လွဲချော်သွားပြီလားဟူ၍ မတွေးဘဲမနေနိုင်ချေ။
ကျွင်းချင်ယွီ သူ့ခေါင်းကို ခါယမ်းလိုက်သည်။ သူလုပ်နိုင်သမျှက စောင့်ဆိုင်းခြင်းသာ။
ရေမှော်ကို စားလို့အပြီးတွင် သူ့အမြှီးကို တဖျတ်ဖျတ်ခတ်ရင်း အိပ်ဖို့ရာ အခြားကျောက်တုံးတစ်ခုကို လှည့်ပတ်ရှာလိုက်သည်။
သို့သော်လည်း သူလှည့်လိုက်သည်နှင့် ကမ်းပေါ်မှလူများက ဖုယွမ်ချွမ်း၏အမည်ကို ပြောနေသည်အား ကျွင်းချင်ယွီ ကြားလိုက်ရသည်။
"အရှင့်သားနိုရယ်ရဲ့ နှစ်လိုဖွယ်ကောင်းပုံကတော့ တကယ်ထူးခြားတာပဲ၊ ကမ်းစပ်မှာ ရပ်နေရုံနဲ့နင် ရေသူတွေအားလုံး ရောက်လာတယ်...ဖုယွမ်ချွမ်းမှာသာ သူ့လိုရင်းနှီးနှစ်လိုဖွယ်ကောင်းမှုရှိရင် ရေသူတစ်ကောင်ပြီးတစ်ကောင် ငြင်းဆန်တာမျိုး ခံရမှာမဟုတ်ဘူး၊ ငါကြားတာတော့ သူ့ကိုယ်သူ သော့ပိတ်ပြီးနေနေတာ ရက်အတော်ကြာပြီတဲ့၊ သူသေလားရှင်လားစစ်ဖို့ ဘယ်သူကမှ မသွားဘူးဆိုပဲ၊ သူ့ရဲ့ကိုယ်က အနံ့ထွက်လာမှ တစ်စုံတစ်ယောက်က ရှာတွေ့တဲ့အထိ မစောင့်ကြပါနဲ့၊ ကျွတ် ကျွတ်..."
ကျွင်းချင်ယွီက အနည်းငယ် ငြီးငွေ့လာကာ ပြန်လာခဲ့သည်။ အချိန်တိုင်း ဤနေရာကို ရေသူလာဝယ်သမျှလူတိုင်းက ဖုယွမ်ချွမ်းကို လှောင်ပြောင်ကြပေလိမ့်မည်။
ဖုယွမ်ချွမ်းက သူတို့၏ထူးခြားမှုကို မီးမောင်းထိုးပြဖို့ရာ နမူနာတစ်ခုကဲ့သို့ပင်။
အရှင့်သားဆိုသည်သူ ပေါ့ပေါ့ပါးပါး ဆိုလာသည်။
"ဘယ်သူက ငါနဲ့နှိုင်းယှဥ်ရတဲ့အထိ ထိုက်တန်လို့လဲ"
ကျွင်းချင်ယွီရပ်သွားသည်။ သူကြည့်လိုက်သော်ငြား တစ်ဖက်လူ၏မျက်နှာကို ရေပြင်ကိုဖြတ်၍ မမြင်ရချေ။ သို့သော်လည်း သူ၏အရှင့်သားဟူသော ဂုဏ်ပုဒ်ကြောင့် သူ၏အဆင့်အတန်းကမနိမ့်ကြောင်းကိုတော့ သိနိုင်ပေသည်။
ဖုယွမ်ချွမ်းသာမကြိုးစားခဲ့ပါက အင်ပါယာကြီးသည်လည်း ဇာ့ဂ်တွေနှင့် စစ်ပွဲဖြစ်ကတည်းက ပျောက်ဆုံးသွားပြီပင်။
ဘယ်လို အာဏာရှင်မျိုးက လုံခြုံနေနိုင်မှာတဲ့လဲ။ ဒီအမှိုက်လိုလူက ဒီလိုစကားမျိုးကို ဘာအရည်အချင်းနှင့် ပြောရဲရတာလဲ။
ကျွင်းချင်ယွီက သူ့စိတ်ထဲမှ ပေါက်ကွဲနေသည့်ဒေါသကို မထိန်းနိုင်တော့ချေ။ ထိုအရှင့်သားနိုရယ်ဆိုသူက နှာခေါင်းရှုံ့ကာ ဖုယွမ်ချွမ်း၏အသွင်အပြင်ကို ရှုံ့ချနေသည်ကိုကြည့်ပြီး သူ၏မျက်လုံးတွေကို မှေးကျဥ်းလိုက်၍ သူတို့ထံ ဖြည်းဖြည်းချင်း ကူးခတ်သွားလိုက်သည်။
သူ့ဘေးမှာလူတစ်ယောက်က ရွှေရောင်ဖျော့ဖျော့ရေသူလေး လာနေတာကို ပထမဆုံးတွေ့သူပင်။
"အရှင့်သား!၊ အဲဒီ့ရွှေရောင်ဖျော့ဖျော့ရေသူလေးကို ကြည့်လိုက်ပါဦး၊ သူက အရှင့်သားကို ကြည့်နေတယ်"
သူက အပြုံးတစ်ခုဖြင့် မှတ်ချက်ပေးလာသည်။
"ကြည့်ရတာ သူက အရှင့်သားရဲ့ရေသူလေး ဖြစ်ချင်နေပုံပဲ"
"ရွှေရောင်ဖျော့ဖျော့ရေသူလေးနဲ့ ငါ့ဆံပင်အရောင်က လိုက်ဖက်တယ်"
နိုရယ်က ထလိုက်ပြီး သူ့ရှေ့ရှိရေသူလေးနားကို လျှောက်သွားလိုက်သည်။ သူ့မေးကိုအသာပင့်ကာ ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် သွားကာ ရပ်တန့်လိုက်ပြီး ရေကန်ရှေ့၌ ထိုင်ချလိုက်သည်။ ရေသူထံ သူ့လက်ကို ဆန့်လိုက်ပြီး
"ဒီကိုလာ"
ကျွင်းချင်ယွီက သူ့မျက်ခုံးတွေကို ပင့်လိုက်သည်။ ဒီကိုလာတဲ့လား။ လာရတာပေါ့လေ။
သူ၏ငါးအမြှီးလေးကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်သော်ငြား နီးကပ်လာသည့်အခါ ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြီး ရေကိုဖြတ်၍ လှိုင်းကြက်ခွပ်တစ်ခုကို ဖြစ်ပေါ်သွားစေသည်။
"ကြည့်လိုက်၊ ရေသူလေးက မစောင့်နိုင်တော့ဘူးထင်တယ်"
"ဝေါင်း~"
ငါးအမြှီးက ပင်လယ်ထဲမှာ ကွေးကောက်သွားပြီး အရှင့်သား၏မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။
ယင်းက "ဖြန်း"ဟူသော အသံကိုပင် ပြတ်ပြတ်သားသား ထွက်သွားစေသည်။
"အား!"
"-ပလုံ!"
ပင်လယ်ရေတွေက သူ၏ပါးစပ်နှင့် နှာခေါင်းထဲကို ဝင်သွားပြီး ရွှေရောင်ဆံပင်တွေနှင့်မျက်နှာကိုပင် စိုရွှဲသွားစေသည်။ နိုရယ်က ထိတ်လန့်သွားပြီး အမြန်ထကာ နောက်ဆုတ်လိုက်သော်လည်း ဘာကိုနင်းမိသွားသလဲဆိုတာကို မသိဘဲ လဲကျသွားတော့သည်ာ
"အရှင့်သား!"
ကျွင်းချင်ယွီက သူ့အမြီးကို လှန်လိုက်ပြီးနောက် ထွက်ပြေးလိုက်သည်။ သူ့အမြီးကို လှန်လိုက်ကာ ရေ၏အောက်ခြေသို့ အလွယ်တကူနစ်မြုပ်သွားပြီး ကျောက်အက်ကြားထဲတွင် ပုန်းအောင်းဖို့ရာ ကူးခတ်သွားခဲ့သည်။
ရုတ်တရက် ဆုတ်ခွာခြင်းအားဖြင့် နိုရယ်၏လက်တုန့်ပြန်ခြင်းမှ ရှောင်ထွက်လိုက်လေသည်။
ကျွင်းချင်ယွီက ကမ်းပေါ်ရှိ ဒေါသထွက်နေသည့် နိုရယ်ထံ ခပ်မိုက်မိုက်အကြည့်တစ်ချက် ပေးလိုက်လေသည်။
ပင်လယ်နံ့က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံနေပြီး သူ၏မျက်နှာတစ်ဖက်ကလည်း နီရဲနေကာ နာကျင်လျက်ရှိသည်။
နိုရယ်၏ရင်ဘတ်က ပြင်းပြင်းထန်ထန် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး အံကြိတ်လျက် ရေမျက်နှာပြင်ကို လက်ညှိုးထိုးကာ...
"မင်း... အဟွတ် အဟွတ်၊ တာဝန်ရှိတဲ့လူဘယ်မှာလဲ၊ ငါ့ကို အဲဒီ့အရိုင်းအစိုင်းငါးကို ပေးစမ်း..."
"အရှင့်သားအတွက် အဲ့ဒါကို ဖမ်းကြ!"
ကျွင်းချင်ယွီက နိုရယ်၏ဒေါသအပြည့်ဖြင့် လူရွှင်တော်ကိုအမူအယာကို အေးအေးလူလူကြည့်နေသည်။ ရေသူတစ်ကောင်ကို သူဘာလုပ်မလဲဆိုတာနှင့်ပတ်သပ်၍ လုံးဝကိုစိတ်ပူမနေပေ။
ကြယ်တာယာခေတ်တွင် ရေသူတွေက ထူးခြားသည့်ဖြစ်တည်မှုတစ်ခုဖြစ်၏။ ယင်းတို့ကို အိမ်မွေးအနေနှင့် သဘောထားကြသော်လည် သူတို့သည် ရေသူ၏ဝိဥာဥ်စွမ်းအားမပါပဲ မရှင်သန်နိုင်ကြပေ။
သူတို့က ထိန်းသိမ်းခံထားရသော်လည်း ရေသူတွေ၏အဆင့်အတန်းက မြင့်သထက်မြင့်မားလာသည်။
ပြောရမယ်ဆိုရင် ဘယ်သူကများ ကြာကြာအသက်မရှင်ပဲနေချင်မှာလဲ။
အခြေစိုက်စခန်း၏ အုပ်ချုပ်သူများက ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်သော်လည်း သူတို့အနေဖြင့် ရေသူကို သေချာပေါက် ရင်ဆိုင်ရပေမည်။
ကျွင်းချင်ယွီက နိုရယ်၏ဒေါသကို ကြာကြာအာရုံစိုက်မနေပေ။ ပြန်လှည့်သွားပြီး ရေအောက်မှာ ပြန်အိပ်ဖို့ စီစဥ်လိုက်သည်။
သူမထွက်သွားရသေးမှီ ရေသူလေးတွေအများအပြားက သူ့ကိုကျော်ဖြတ်ပြီး ကူးခတ်သွားကြသည်ကို တွေ့လိုက်ရ၏။
ဘာတွေဖြစ်နေတာလဲ။
ထိုရေသူတွေသာမက သူတို့၏နောက်တွင်လည်း ရေသူအများအပြား ပါလာသေးသည်။
ရေကန်၏ထောင့်ကို သွားခဲ့သည့် ရေသူတွေအားလုံးက တချိန်တည်း ပြန်ကူးခတ်လာကြပုံရသည်။
ကမ်းခြေကနေအဝေးကို ပြေးတယ်။
တစ်ခုခုကို ရှောင်ချင်နေသလိုမျိုး။
ကမ်းခြေထက်၌လည်း ကြောက်စရာကောင်းအောင် တိတ်ဆိတ်နေသည်။မူလက အသံများစွာ ရောထွေးနေသော်ငြား ယခုမူ ရေသံကလွဲ၍ မည်သည့်စကားသံမှ မကြားရပေ။
ကျွင်းချင်ယွီသည် ထူးဆန်းသည့်ပုံစံဖြင့် ကျောက်အက်ကွဲရာကြားမှ ထွက်လာသည်။ ဖြစ်နိုင်တာ ဖုယွမ်ချွမ်း သူလာတာများလား။
သို့သော်လည်း ဘာဖြစ်နေလဲဆိုတာကို သူမရှာဖွေရသေးမှီ ကမ်းခြေရှိ နိုရယ်၏အသံကို ထပ်ကြားလိုက်ရသည်။
"မင်းကိုဘယ်သူက ဝင်လာခွင့်ပေးတာလဲ၊ ထွက်သွားစမ်း"
ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ အဲ့လူ ရူးနေတာလား။
နိုရယ်၏စကားလုံးများက ကမ်းခြေရှိ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး အခြားလူများက စတင်ပြောလာကြသည်။
"သေစမ်း၊ ဖုယွမ်ချွမ်းလား၊ ဒီမှာ ဘာလုပ်နေတာလဲ၊ ရေသူတွေက သူ့ကြောင့် ကြောက်ပြီးထွက်ပြေးကုန်ပြီ"
"ပြောစရာတောင်မရှိတော့ဘူး၊ သူရေသူအခြေစိုက်စခန်းကနေ ဝေးဝေးမနေနိုင်ဘူးလားဟ"
"ဟွန့် ငါသာသူဆို အိမ်မှာပဲနေပြီး သေဖို့စောင့်နေလိုက်မှာ၊ လျှောက်သွားပြီး လူတွေကို ခြောက်လှန့်မနေဘူး"
စကားလုံးတွေက ထေ့ငေါ့လှောင်ပြောင်မှုတို့နှင့်ပြည့်နေကာ လူတွေကတစ်ချိန်တည်းမှာ တစ်စုတစ်စည်းတည်းဖြစ်သွားကြသည်။
ကျွင်းချင်ယွီ ထိတ်လန့်သွားပြီးနောက် ကမ်းစပ်ပေါ်ရှိလူက ဘယ်သူဆိုတာကို သဘောပေါက်သွားသည်။ သူက သူ၏ခေါင်းကို ရေပေါ်ကို မြန်မြန် ဖော်လိုက်ပြီး ကမ်းခြေပေါ်ကို စိုက်ကြည့်ချိန်တွင် အထီးကျန်ပုံရိပ်တစ်ခုကို ရပ်လျက်သား မြင်လိုက်ရသည်။
Xxxxx