အပိုင်း ၂၆
Viewers 676

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၂၆

 

 

 

 

ထန်ယီသည် ထိုညက သိပ်ပြီး အနားမယူခဲ့ပေ။

 

 

လက်ဝှေ့လေ့ကျင့်တုန်းကတော့ အိပ်မပျော်ဖြစ်နေသည်။ ဇာတ်ညွှန်းစာကြောင်းများကိုကျက်လိုက်သောအခါ နာရီဝက်အကြာမှာ အိပ်ငိုက်လာခဲ့သည်။ ရုံးခန်းထဲကဆိုဖာပေါ်မှာ နှစ်နာရီကြာအောင်တောင် မအိပ်ခဲ့ပဲ လေဆိပ်ကို အပြေးအလွှားသွားခဲ့ရပြန်သည်။

 

 

လေယာဉ်ပေါ်မှာ အနားယူပြီးသည်နှင့် ရိုက်ကူးရေးအဖွဲ့သားများနှင့် ရိုက်ကွင်းထဲကို ရောက်သောအခါ ချက်ချင်း မိတ်ကပ်လိမ်းခံခဲ့ရသည်။

 

 

ထန်ယီ၏ အခြေအနေမှာ သိပ်မကောင်းကြောင်း ဒါရိုက်တာက မြင်နေသည်။ မိတ်ကပ်လိမ်းထားသော်လည်း သူ့မျက်လုံးများ ရောင်နေသည်ကို မဖုံးနိုင်ဖြစ်နေသည်။ ထို့ကြောင့် ဒါရိုက်တာက မနက်ခင်းမှာ အကြာကြီးရိုက်ပြီး နေ့လည်ခင်းမှာ ရိုက်မည့် ဇာတ်ဝင်ခန်းကိုပြောင်းလိုက်ပြီး ထန်ယီ၏အငို ဇာတ်ဝင်ခန်းကို တိုက်ရိုက်ရိုက်ကူးခဲ့သည်။

 

 

ဤဇာတ်ဝင်ခန်းတွင် ထန်ယီမှသရုပ်ဆောင်ထားသော ဇာတ်ကောင်သည် ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ တခြားပြိုင်ပွဲဝင်များက သူ့ကို ပံ့ပိုးပေးဖို့ လူအင်အားရှိခဲ့သည်။ သူ့မှာ အိပ်မက်များသာရှိခဲ့ပြီး ကံမကောင်းစွာနှင့် နောက်ဆုံးမှာ ထိုနေရာ၌ပင် ရှုံးနိမ့်သွားခဲ့သည်။

 

 

မညှိနှိုင်းချင်တော့ပဲ ထန်ယီသည် လေ့ကျင့်ရေးအခန်းကို ပြန်သွားခဲ့ပြီး တိတ်တိတ်လေး ငိုနေသည်။ ဇာတ်ဆောင်မင်းသမီးက ရောက်လာခဲ့ပြီး သူ့ကို စိတ်ပူသောကြောင့် လာနှစ်သိမ့်ပေးခဲ့သည်။ ဤဇာတ်ဝင်ခန်းတွင် လူနှစ်ဦးကြား ဆက်ဆံရေးသည် ရေရာလာခဲ့သည်။

 

 

ပြည်တွင်း ထုတ်လုပ်ရေးသမားများ အများစုဟာ ရိုက်ကူးရေးကို အာရုံစိုက်ထားသောကြောင့် လုပ်အား အသက်သာဆုံးဖြစ်ရန် ဘာမဆို ရိုက်ကူးခဲ့သည်။

 

 

တစ်ချက်မှာ လုပ်ရသည့်အခက်အခဲကို လျှော့ချဖို့ဖြစ်ပြီး နောက်တစ်ချက်ကတော့ ပိုက်ဆံချွေတာနိုင်ဖို့ဖြစ်သည်။

 

 

ဤအရာက မင်းသား၏ သရုပ်ဆောင်စွမ်းရည်အား စမ်းသပ်မှုတစ်ခုဖြစ်သည်။ ဇာတ်ဝင်ခန်းတစ်ခုတွင် ဝတ်စုံနှင့် စတိုင်များကို အဆက်မပြတ်ပြောင်းလဲရန် လိုအပ်ပြီး တစ်ခါတစ်ရံတွင် အလွန်အကျွံဖြစ်သော ခံစားချက်များဖြင့် ဤဇာတ်ဝင်ခန်း၏ ရိုက်ကွက်အားလုံးကို ရိုက်ကူးပြီးစီးရန် လိုအပ်သည်။

 

 

ယနေ့ ထန်ယီ၏ ဤဇာတ်ဝင်ခန်းများသည် အလွန်ကြီးမားလှသည်။ လေ့ကျင့်ရေးအခန်းမှာ ထန်ယီက သူ့အသင်းဖော်များနှင့် လေ့ကျင့်နေသည်ကနေ ပွဲမစခင် ဒဏ်ရာရနေသော အသင်းဖော်များဆီသွားခဲ့သည်အထိ ရိုက်ကွက်များကို ရိုက်ကူးဖို့ အာရုံစိုက်ထားကြသည်။

 

 

ထန်ယီသည် နောက်ဆုံးတွင် ရဲစွမ်းသတ္တိဖြင့် ပြိုင်ပွဲဝင်ရန် ကြံစည်ခဲ့ပြီး စိန်ခေါ်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

ထန်ယီ၏ စိတ်အခြေအနေသည် ရှုံးနိမ့်သွားသော ဇာတ်ကွက်ကို ရိုက်ရန် အလွန်သင့်လျော်သောကြောင့် သူသည် ရှုံးနိမ့်သွားသည့်နေရာကနေ သရုပ်ဆောင်ခဲ့ရသည်။

 

 

 အဓိကအားဖြင့် ထန်ယီ၏ အသင်းဖော်အဖြစ် သရုပ်ဆောင်ရမည့် အနုပညာရှင်သည် ရောက်ရှိလာပြီး မိတ်ကပ်လိမ်းပြီး စတင်ရန် အဆင်သင့်ဖြစ်ခဲ့သော်လည်း ယနေ့တွင် သူ့ဇာတ်ဝင်ခန်း မရှိတော့ကြောင်း အသိပေးခဲ့ပြီး ထိုနေရာ၌ သူ့တွင် သဘောထားအမြင်များစွာရှိခဲ့ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။

 

 

အဆုံးမှာတော့ ခန်းမထဲက ဝန်ထမ်းများက ထိုအနုပညာရှင်ကို ဒေါသပြေလျော့သွားအောင် လုပ်နိုင်ခဲ့သည်။

ထိုအနုပညာရှင်က သူ့ကို လက်မခံဘူးဆိုသည်ကို ထန်ယီသိနေသည်။

 

 

သူတို့နှစ်ဦးဟာ တစ်ချိန်တည်းမှာပင် ပွဲဦးထွက်ကို လုပ်ခဲ့ကြသည်။ ထန်ယီသည် ယွင်ကျန့်၏ တီဗွီစီးရီးဖြင့် အနုပညာအသိုင်းအဝိုင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် အနုပညာ ဖျော်ဖြေရေးကုမ္ပဏီမှ သူ့ကိုမျက်နှာသာပေးခဲ့ကာ စာချုပ်ချုပ်ခဲ့လေသည်။ သို့သော် နှစ်အနည်းငယ်အတွင်း ထူးခြားပြောင်မြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

 

 

ဟန်ကျဲသည် သူနှင့်အတူ တစ်ချိန်တည်းတွင် ကုမ္ပဏီတစ်ခုထဲ၌ ရှိနေခဲ့ပြီး ထန်ယီ အောင်မြင်မည်ဟု မထင်ထားခဲ့သည့် နှစ်အနည်းငယ်အတွင်း ထန်ယီထက် အနည်းငယ် ပိုအောင်မြင်ခဲ့သည်။ ထိုအချိန်တွင် Weibo ရှိ ပရိသတ်အရေအတွက်သည် ထန်ယီထက် ဂဏန်းနှစ်လုံးစာတောင် တိုက်ရိုက်ကျော်လွန်သွားခဲ့သည်။

ထန်ယီသည် ‘variety show’ များကို အားကိုးအားထားပြုခဲ့ရသည်။

 

 

“အကောင်းဆုံး ဆုံးရှုံးခဲ့ရသော သူငယ်ချင်းများ” တွင် သူပါဝင်နိုင်ခဲ့သည်မှာ သေချာပေါက် မတော်တဆတစ်ခုပင်ဖြစ်သွားခဲ့သည်။

 

 

အစတုန်းက အဖွဲ့သားများသည် ကျန့်လီအား ပုံမှန်ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့သော်လည်း ကျန့်လီသည် ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ရှိသေးသောကြောင့် ထို‘variety show’ ကို ငြင်းပယ်ခဲ့သည်။

 

 

ယခုအချိန်တွင် ပရိုဂရမ်အဖွဲ့သည် Weibo တွင် အံ့အားသင့်ဖွယ် ဇာတ်ပို့သရုပ်ဆောင်များ၏ အခန်းကဏ္ဍများကို အကျဉ်းချုပ်ဖော်ပြသည့် ဓာတ်ပုံဂရုတစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။ အာရုံစိုက်မှုအခံရဆုံးနှင့် ချီးကျူးအခံရဆုံးမှာ “Only You” ဇာတ်ကားမှ ထန်ယီ၏ အပြုံးဖြစ်သည်။

 

 

ငယ်ငယ်ရွယ်ရွယ်နှင့် ချောမောလှပြီး အရပ်ရှည်ကာ အသံမှာနားထောင်ကောင်းသောကြောင့် ယောက်ျားလေးတစ်ယောက်အနေဖြင့် ဘောနပ်စ်အမှတ်များရရှိခဲသည်။

 

 

ပရိုဂရမ်အဖွဲ့သည် ထန်ယီကိုဆက်သွယ်ရန်ကြိုးစားခဲ့ပြီး သူ့ကိုဆက်သွယ်ပြီးနောက် ထန်ယီမှာ သူ့ကိုယ်ပိုင် အရည်အချင်းများရှိနေပြီး “သူငယ်ချင်းများကို စိတ်ထိခိုက်စေမည်” ဟူသော ဇာတ်ရုပ်နှင့် အံဝင်ခွင်ကျဖြစ်ကြောင်း တွေ့ရှိသဖြင့် ထန်ယီကို ဖိတ်ကြားခဲ့သည်။

 

 

တစ်ချိန်တည်းမှာပင် ချောမောသော နီဇွန်နှင့် တုရှန့်ယန်တို့သည် ဝါရင့်ကြီးများ၏ သရုပ်ဆောင်မှုစွမ်းရည်ကို အားလုံးဆုံးဖြတ်ထားပြီးဖြစ်ကာ ဟာသသရုပ်ဆောင်တစ်ဦးကိုလည်း ငှားရမ်းချင်သေးသည်။

 

 

ထိုနေရာတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ကျန့်လီနှင့် အဖွဲ့သားများဟာ စာချုပ်ကို ရုတ်တရက် ရပ်စဲလိုက်ပြီး ဤ variety show မှာ ပါဝင်ဖို့ သဘောတူခဲ့သည်။

 

 

ထန်ယီ၏ စာချုပ်သည် ထိုအချိန်က လက်မှတ် ရေးထိုးထားပြီးသား ဖြစ်နေသည်။

 

 

ထိုအချိန်တွင် ထန်ယီသည် အချိန်အတော်ကြာ စိတ်လှုပ်ရှားကာ တုန်လှုပ်သွားပြီး ပရိုဂရမ်အဖွဲ့၏ လိုအပ်သော နေရာအနေအထားကြောင့် သူနှင့် ကျန့်လီတို့သည် တူညီကြပြီး နှစ်ယောက်လုံးမှာ ဂျစ်ကန်ကန်စိတ်နေစိတ်ထားရှိသည်။

 

 

ရှိုးအဖွဲ့သည် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် ထန်ယီသည် ထိုရှိုးပွဲတွင် ဆက်ရှိနေခဲ့သည်။ အကြောင်းမှာ သူသည် အနုပညာကြေး သက်သာခဲ့သောကြောင့် ဖြစ်သော်လည်း ထန်ယီသည် အတတ်နိုင်ဆုံး “တက်သစ်စ” ဟူ၍ နာမည်ကြီးလာမည်ဟုသာ မျှော်လင့်ခဲ့သောကြောင့်ဖြစ်သည်။

 

 

ရလဒ်အနေနှင့် ရှိုးပွဲကို အမှန်တကယ် ထိပ်တန်းစာရင်းဝင်ခဲ့ပြီးနောက် ထန်ယီက မကောင်းမှုများကို ရှင်းလင်းဖို့ တာဝန်ယူခဲ့ပြီး ကျန့်လီက သူ့အရိုးထဲကနေ မကောင်းမှုများလုပ်နေခဲ့ကာ နီဇွန်က လှည့်စားခြင်းကိုလည်း တာဝန်ယူခဲ့ပြီး “ဝင်လာသူများ” ၏တာဝန်အားလုံးကို ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဝါရင့် တုရှန့်ယန်သည် ပေါင်းသင်းဆက်ဆံရေးကို ထိန်းညှိရာတွင် အလွန်ကောင်းမွန်ပြီး အမျိုးမျိုးသော ခံစားသိမြင်မှုများလည်း ရှိသည်။

 

 

ဤလှည့်ကွက်၏အဆုံးတွင် ပေါင်းစပ်မှုသည်အထူးသဟဇာတဖြစ်ခဲ့သည်။

 

 

ဤ reality show မှတစ်ဆင့် ထန်ယီသည် နေ့ချင်းညချင်း လူသိများလာပြီး ညီအစ်ကိုကောင်းအချို့ကိုလည်း မတော်တဆ ရရှိခဲ့သည်။

 

 

ထိုအချိန်က ကျန့်လီမှာ ဇာတ်ကားတစ်ကားနှင့် ရုတ်တရက် စာချုပ်မှ ရပ်စဲလိုက်ခြင်းမှာ တကယ်ပင်ထိုက်တန်သည်ဟု ပြောရမည်ဖြစ်သော်လည်း နောက်ဆုံးပြသမှုကို အတည်မပြုသည့်အပြင် တိုက်ရိုက်ပိတ်ပင်ခြင်းကိုလည်း ခံခဲ့ရသည်။

 

 

အကြောင်းပြချက်မှာ- ချစ်ကြိုက်သည့်ဇာတ်ဝင်ခန်းများနှင့် အဖော်အချွတ်အခန်းများ များပြားလွန်းလှသည်။ ထို့ကြောင့် ကျန့်လီက ဒီရှိုးပွဲမှာ ရှိနေသည်ကို မအံ့သြတော့ပေ။ နောက်ဆုံး ဇာတ်ညွှန်းကိုပြောင်းလဲပြီးသည်နှင့် ချက်ချင်းစာချုပ်ကိုရပ်စဲလိမ့်မည်။

 

 

ဟန်ဇီသည် ယနေ့အောင်မြင်ရလဒ်များရရှိရန် တစ်ကြိမ်လျှင် ဇာတ်ကားတစ်ကားရိုက်တိုင်း ၎င်း၏ကိုယ်ပိုင်အားထုတ်မှုကို အားကိုးခဲ့သည်။

 

 

ရလဒ်အနေနှင့် ထန်ယီသည် reality show ကို အားကိုးပြီး သူ့ထက်သာလွန်ခဲ့ကာ ဟန်ဇီသည် တတိယမြောက် အမျိုးသားဇာတ်ဆောင်ဖြစ်လာခဲ့သည်။

 

 

တကယ်ကို ကမောက်ကမဖြစ်သွားခဲ့သည်။

 

 

ဟန်ဇီသည် ယနေ့တွင် သူ့ဇာတ်ဝင်ခန်း မရှိခဲ့သလို မိတ်ကပ်ကိုလည်း မဖယ်ရှားခဲ့ပေ။ သူသည် ထန်ယီ၏ သရုပ်ဆောင်မှုကို ကြည့်ရန် အနားသို့ တိုက်ရိုက်သွားကာ ဤချောမောလှပသော ဇာတ်ဆောင်မင်းသားသည် ယနေ့ သူ၏ မျက်လုံးများဖောင်းနေသည်ကို အခွင့်ကောင်းယူပြီး အငိုခန်းရိုက်နိုင်မလား သိချင်နေသည်။

 

 

ဟန်ဇီက အားအင်အပြည့်နှင့် လှောင်ပြောင်ချင်နေသည်။

 

 

အတန်ကြာအောင်ကြည့်ပြီးနောက် ဟန်ဇီသည် မျက်လုံးပြူးကာ ထွက်သွားသည်။

 

 

ထန်ယီသည် ဆိုးရွားစွာ သရုပ်ဆောင်ခဲ့ခြင်းကြောင့် မဟုတ်ပဲ သူသည် အမှန်တကယ် ကောင်းမွန်စွာ သရုပ်ဆောင်နိုင်ခဲ့သောကြောင့် ဟန်ဇီသည် သူ၏ စိတ်နှလုံးမှာ ပို၍ မသက်မသာ ဖြစ်ခဲ့ရသည်။ ဤမျက်လုံးများ မျက်တောင်ခတ်၍ ကြည့်လိုက်ခြင်းမှာ သူ၏နောက်ဆုံးသော ခေါင်းမာမှုပင်ဖြစ်သည်။

 

 

ထန်ယီသည် ရှိုက်ကြီးတငင် မငိုပဲ မာနကြီးစွာဖြင့် ငိုဖို့ဇွတ်ငြင်းနေကာ ရှားရှားပါးပါး အားနည်းမှုဖြင့် ရိုက်ကွင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။

 

 

ဆုထုံယုနှင့် ရင်ဆိုင်ရသောအခါတွင် သူက အမျိုးသားဇာတ်ဆောင်တွင် ရှိသင့်သည့် စရိုက်လက္ခဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အမျိုးသမီးဇာတ်ဆောင်အား စကားပြောဆိုရန်နှင့် တုံ့ပြန်ရန် အမျိုးသားဇာတ်ဆောင်၏ နည်းလမ်းကို အသုံးပြုခဲ့သည်။

 

 

သူမျက်ရည်အများကြီးမကျခဲ့ပဲ ကြေကွဲနေသောလေသံဖြင့် စာကြောင်းများကိုပြောလိုက်ရုံဖြင့် ထိုဇာတ်ဝင်ခန်းကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့သည်။ ဤဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် ထန်ယီသည် အနားယူရန် ရိုက်ကွင်းအပြင်သို့ လမ်းလျှောက်ထွက်သွားခဲ့သည်။

 

 

ဆုထုံယုသည် ပြေးလာကာ ထန်ယီကို တစ်ရှူးပေးပြီး သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေသည် “အိုး ရှင့်ရဲ့ ငိုသံကြားရတော့ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်မိတယ်”

 

 

ထန်ယီသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပုံစံနှင့် ပြန်တုံ့ပြန်လိုက်ပြီး တစ်ရှူးမယူတော့ပဲ ထွက်သွားခဲ့သည်။

 

 

ဟိုလျှောက်သွား သည်လျှောက်သွားလိုက်ရာ အော်သံများကို ကြားလိုက်ရပြီး သူ့ပရိသတ်များ ဖြစ်နေမည်ဟု မထင်ခဲ့ပေ။

 

 

ထိုပရိသတ်များဆီ လျှောက်သွားလိုက်ပြီး ခြံစည်းရိုးနားမှာ ရပ်လိုက်ကာ နာမည်ကြီးသော စာတန်းကတ်ကို ကိုင်ထားသည့် ပရိသတ်များကို ကြည့်၍ မေးလိုက်သည် “မင်းတို့တွေ စောင့်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ”

 

 

ပရိသတ်များက သူလျှောက်လာနေသည်ကို မြင်လိုက်ရာ အလွန်စိတ်လှုပ်ရှားသွား၍ အော်ဟစ်ပြီး ပြန်ဖြေလိုက်သည်။ “မနက်ကတည်းက ရောက်နေတာ!”

 

 

“ထန်ထန်ရေ ကျွန်မ ရှင့်ကိုချစ်တယ်!”

 

 

“ရှင် ငိုနေတာလား ထန်ထန်”

 

 

“ဟင့်အင်း၊ စောနက အငိုခန်း ရိုက်နေတာ” ထန်ယီသည် ဤတစ်ကြိမ်တွင် ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေလိုက်သည်။ သူသည် ပြတ်တောက်သွားသော ဆက်ဆံရေးကြောင့် ငိုနေတာမဟုတ်ပေမယ့် ဇာတ်လမ်းရိုက်နေသောကြောင့် ငိုနေခဲ့သည်။ သူ့စိတ်အခြေအနေကောင်းနေပြီး အရမ်းကြံ့ခိုင်နေသည်။

 

 

“ထန်ထန်ရေ ဒီခန္ဓာကိုယ်ကြီးကို ကာကွယ်ရမယ်နော်”

“ရှင် အဲ့လိုဖြစ်နေတာ မြင်ရတော့ ကျွန်မ စိတ်မကောင်းဖြစ်ရတယ်!”

 

 

“ထပ်အော်ပြောကြပါဦး”

 

 

“ထန်ထန်ရေ အရမ်းချစ်တယ်”

 

 

ထန်ယီသည် ပရိသတ်များကို ခေါင်းညိမ့်ပြပြီး တစ်စုံတစ်ယောက်က ပေးလာသော စာရွက်နှင့် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး လက်မှတ်ထိုးရင်း သူတို့နှင့် စကားပြောနေသည်။

 

 

ဤပရိသတ်များသည် တစ်ယောက်နှင့်တစ်ယောက် မသိကြပေမယ့် ထန်ယီကို အတူတူ ကြိုက်ကြသောကြောင့် ထန်ယီကို တောက်လျှောက်ရှာဖို့ ဤနေရာအထိလာခဲ့ကြသည်။ ထန်ယီက သူတို့ကို လက်မှတ်ထိုးပေးနေချိန်တွင် ထိုပရိသတ်များက ထန်ယီကို အရမ်းအပင်ပန်းမခံဖို့ ပြောနေကြတုန်းပဲဖြစ်သည်။ “ထန်ထန်၊ အရမ်းမတုံးအစမ်းပါနဲ့၊ အနာဂတ်မှာ သစ္စာမဖောက်ကြေးနော်”

 

 

“အဆင်ပြေသွားမှာပါ ထန်ထန်၊ ရှင်ပုံစံအတိုင်းသာ ဆက်လုပ်သွား၊ ပြီးတော့ ရှင့်မှာကိစ္စတစ်ခုခုရှိနေမယ်ဆိုရင် ကျွန်မတို့လုပ်ပေးမယ်!”

 

 

“ဟုတ်တယ်၊ ကျွန်မတို့က ရှင့်ရဲ့ပရိသတ်တွေပဲ၊ ကိုယ့်ကိုယ်ကိုသာ သစ္စာရှိပါ ပြီးတော့ ရှင့်ကို ထာဝရချစ်တယ်နော်”

 

 

ထန်ယီသည် လက်မှတ်ထိုးသည့်ကတ်ကို ပြန်ပေးလိုက်ပြီး အချစ်ကိုဆုံးရှုံးခဲ့ရသော မကျေနပ်ချက်သည် တစ်ဖန် ပြန်ဖြစ်လာခဲ့သည်။

 

 

သူကိုယ်တိုင် မှားနေသလို ခံစားလိုက်ရသည်။ မိသားစုရှေ့ရောက်သောအခါ ခံစားချက်များကို မထိန်းနိုင်တော့ပဲ စိတ်နူးညံ့သွားသလိုမျိုး ဖြစ်ခဲ့သည်။ ရုတ်တရက် မျက်လုံးများ နီရဲလာပြီး ပရိသတ်များကို “ငါ့ကို သဘောပေးကျတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်သည်။

 

 

လေသံက ကလေးတစ်ယောက်လို နူးညံ့သိမ်မွေ့နေသည်။

 

 

ပရိသတ်များက ချက်ချင်းထအော်လိုက်သည်။

ကျန့်ကျင်းယုသည် ထန်ယီမှာ ငိုတော့မည်ကို သတိပြုမိပြီး “အစ်ကိုထန်” ဟုအော်ကာ ပြေးလာပြီး ထန်ယီ၏မျက်နှာကို လက်နှင့်အုပ်ကာ ခေါင်းကိုလှည့်လိုက်၍ ပရိသတ်များကို ရှင်းပြနေသည် - “တောင်းပန်ပါတယ် အစ်ကိုထန်က ခုနက ဇာတ်ဝင်ခန်းမှာ အရမ်းစိတ်ပါသွားလို့ပါ”

 

 

“ဘယ်လိုဒရာမာ မလို့လဲ!?” ပရိသတ်များက မေးလိုက်သည်။

 

 

“ဇာတ်ကွက်က အစ်ကိုထန်က အမှားလုပ်မိတဲ့ဟာ၊ အခု မင်းတို့ကို တွေ့လိုက်ရတော့ အရမ်းဝမ်းသာသွားတာ။ ဒါပေမဲ့ ငါတို့တွေ ဆက်ပြီး ရိုက်ကူးရေး ဆက်လုပ်သွားမှာပါ” ကျန့်ကျင်းယုက အကုန်ရှင်းပြပြီး ထန်ယီကို သူတို့ကားဆီ ပြန်ခေါ်သွားခဲ့သည်။

 

 

ထန်ယီသည် ကားထဲတွင်ထိုင်နေကာ ဇာတ်ညွှန်းကိုကြည့်ပြီး မထိန်းနိုင်တော့ပဲ ငိုနေပြန်သည်။

 

 

ထန်ယီ၏ ငိုကြွေးနေသည့် ဗီဒီယိုကို ပရိသတ်များက အင်တာနက်မှာ တင်ခဲ့ပြီး Weiboတွင် ပြင်းပြင်းထန်ထန် ရှာဖွေမှုစာရင်းတွင် ပါသွားသည်။

 

 

ထန်ယီသည် အမြဲတမ်း ယုံကြည်မှုရှိပြီး ဟန်ဆောင်ကောင်းခဲ့သည်။ ပရိသတ်များက သူ့၏ အကျင့်ဆိုးများကို ကျင့်သားရနေတာ ကြာနေခဲ့ပါပြီ။ ထန်ယီ၏ နူးညံ့ပြီး ချစ်စရာကောင်းသော အသွင်အပြင်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသည်နှင့် ချက်ချင်း ဆန့်ကျင်ဖက်ဖြစ်သွားခဲ့ပြီး ပရိသတ်များကိုလည်း ထပ်ပြီးဆွဲဆောင်နိုင်ခဲ့သည်။

 

 

ထန်ယီသည် ထိုဗီဒီယိုကိုကြည့်ပြီး လဲကျလုနီးပါးဖြစ်ခဲ့သည်။

 

 

ဤဗီဒီယိုထဲက သူ့ပုံမှာ ဘယ်လိုလုပ်ပြီး အဆင်ပြေနေသည့်ပုံပေါက်နိုင်တော့မှာလဲ? သူဆုတောင်းရုံပဲရှိတော့သည်၊ သူ့ညီအစ်ကိုများနှင့် ယွင်ကျန့်တို့ မြင်သွား၍လုံးဝမဖြစ်ပေ။

 

 

ထို့ကြောင့် ဤအချိန်တွင် နီဇွန်က ဂရုချတ်တွင် တန်းပြီး မက်ဆေ့ချ် ပို့လိုက်သည်။

 

 

သူဖွင့်မကြည့်ခဲ့သော်လည်း နီဇွန်က သူ့ပုံပန်းသွင်ပြင်နှင့် ငိုနေသည့် ပုံကိုပို့လိုက်ပြီး လုံးဝသည်းမခံနိုင်သည့် စာသားကို ထည့်ရေးလိုက်သေးသည်- ခေါင်းမာတဲ့လူသားကြီးက ဘယ်တော့မှ ဝန်မခံဘူး။

 

 

အဲ့လိုမပြောပါနဲ့၊ သူမျက်ရည်များ ထိန်းရင်း နည်းနည်းခေါင်းမာနေခဲ့သည်။

 

 

ကျန့်လီ- ချစ်စရာလေး။

 

 

ထန်ယီ- မင်း ချီးမွှမ်းတာကို ငါလုံးဝ မပျော်ပေးနိုင်ဘူး။

 

 

တုရှန့်ယန်- အိုး ဘာဖြစ်နေတာလဲ။

 

 

ထန်ယီ- ကြည့်ရတာ အရမ်းပျော်စရာကောင်းနေတယ်ထင်တာ။

 

 

နီဇွန်- ကောင်းကောင်းနေစမ်းပါ မငိုနဲ့ ဒီကအစ်ကိုကြီးက မင်းကို ကားအကြီးကြီးဝယ်ပေးမယ်။

 

 

ထန်ယီ- Rolls Royce လား။

 

 

နီဇွန်- ငါ အလုပ်များနေတယ်၊ ဘိုင်ဘိုင်။

 

 

ထန်ယီမှာ ပြောစရာစကားလုံးများ ပျောက်ဆုံးနေပြီး ကောင်းကင်ကို ကြည့်နေသည်၊ သူ၏ အသည်းကွဲခြင်းက ဘာကြောင့် ဒီလောက် ရယ်စရာကောင်းနေရတာလဲ။

 

 

ယွင်ကျန့်က မွန်းတည့်ချိန်တွင် ထန်ယီကို ဖုန်းခေါ်ရန် ကြိုးစားနေသော်လည်း ကျန့်ကျင်းယုက ထန်ယီမှာ ရိုက်ကူးရေးတွင် ရှိနေသေးပြောခဲ့သောကြောင့် သူမသည် ဖုန်းချလိုက်ရုံကလွဲပြီး မတတ်နိုင်တော့ပေ။

 

 

ထို့နောက် ထန်ယီထံ မက်ဆေ့ချ်အနည်းငယ် ပေးပို့ခဲ့သော်လည်း ထန်ယီက အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

ဤသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့ဖူးသော အခြေအနေတစ်ခုကြောင့်ဖြစ်သည်။ ထန်ယီသည် သူမကို ဖုန်းခေါ်လေ့ရှိခဲ့ပြီး သတင်းရပါက တတ်နိုင်သမျှ အမြန်ဆုံး ဖုန်းပြန်ဆက်ပေးတတ်သည်။

 

 

 သူမသည် တစ်နေကုန် ခံစားရုန်းကန်ခဲ့ရပြီး အလုပ်လုပ်ရသည်မှာလည်း စိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည်။ သူမသည် ဖုန်းဖြင့် Weibo ကို ကြည့်နေချိန်တွင် ထန်ယီ၏နာမည်ကို မြင်လိုက်ရပြီး ထန်ယီ၏ နောက်ဆုံးပေါ်ဗီဒီယိုကို နှိပ်ပြီး ကြည့်လိုက်သည်။

 

 

သူမသည် ၂ မိနစ်စာ ဗီဒီယိုကို အကြိမ်ပေါင်းများစွာ ကြည့်ရှုပြီးနောက် စိတ်ထဲအဆင်မပြေစပြုလာခဲ့သည်။

ထန်ယီ၏ အခြေအနေသည် အလွန်ဆိုးရွားနေသည်ကို သူမ မြင်လိုက်ရသည်။

 

 

အပြစ်ရှိသလို ခံစားချက်များ ထပ်ပြီး ပေါ်လာကာ သူမ ခေါင်းကို ဆတ်ဆတ်ခါကာ တုန်လှုပ်သွားစေခဲ့သည်။

သူမကိုယ်သူမ ပြန်မေးလိုက်သည် “နင် ထန်ယီကို သဘောကျနေတာလား”

 

 

သဘောကျတယ်။

 

 

ထန်ယီကို ချစ်နေတာလား။

 

 

သတိရတယ်။

 

 

နင်ဘာတွေကို အဲ့လောက်ထိ ရုန်းကန်နေရတာလဲ။

မောင်နှမအချစ်ကို ကြောက်နေတာလား။ ထန်ယီကို ထိခိုက်မှာ ကြောက်နေတာလား။ နောက်ပြီး…

 

 

သို့သော် သူမဒီလိုအချိန်ဆွဲနေတော့ ထန်ယီကို ပို၍နာကျင်စေမှာကို ကြောက်နေမိသည်။

 

 

သူမ ဖုန်းကိုယူကာ ထန်ယီထံ မက်ဆေ့ချ်အနည်းငယ် ပို့ပြန်သည်။

 

 

ယွင်ကျန့်- ကောင်းပြီ ကျွန်မရှင့်ကို ပွင့်ပွင့်လင်းလင်းပြောလို့ရမလား ရှင့်ကိုသဘောကျတယ်။

 

 

ယွင်ကျန့်- ရှင့်ကို ပထမဆုံးတွေ့ပြီး အစမ်းသရုပ်ဆောင်စေချင်ခဲ့တာကတည်းက ကျွန်မတစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ ဘာလို့ဆို ရှင့်ကို ကျွန်မအပိုင်ဆိုပြီး ထင်မှတ်ခဲ့တယ်၊ ရှင့်ရဲ့သရုပ်ဆောင်စွမ်းရည်က ရှက်စရာလို့ ခံစားမိပြီး လေ့ကျင့်ပေးဖို့ ဆန္ဒရှိခဲ့တယ်။

 

 

ယွင်ကျန့်- ကျွန်မကို လျစ်လျူရှုလို့ ရပါတယ်၊ ရှင့်ကို ကျွန်မပြန်လိုက်လို့ရနိုင်မလား။ ကျွန်မကို အခွင့်အရေးပေးနိုင်မလား။

 

 

 ခဏကြာသောအခါ ထန်ယီမှ အကြောင်းပြန်ခဲ့သည်။

 

 

ထန်ယီ- တောင်းပန်ပါတယ်။

 

 

သူမသည် ဤစကားလုံးနှစ်လုံးကို ကြည့်ပြီး အငြင်းခံရလား မခံရလားကို တွေးတောရင်း စိတ်ထဲတွင် တုန်လှုပ်သွားကာ ထန်ယီထံမှ နောက်ထပ်မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။

 

 

ထန်ယီ- ငါက ပြေးတမ်းလိုက်တမ်း မကျွမ်းဘူး။

 

 

သူမက ခပ်သွက်သွက် စာရိုက်ပြီး ပြန်ဖြေလိုက်သည် - ကျွန်မလည်း လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူ မဟုတ်ဘူး။

 

 

ထန်ယီ- အိုး။