အပိုင်း ၂၅
Viewers 692

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၂၅

 

 

 

 

အခန်းထဲက လေများ ငြိမ်ကျသွားပုံရသည်...

တိတ်ဆိတ်သောညတွင် လိမ္မော်ရောင်မီးရောင်များသာရှိ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လေထုထဲတွင် မျိုသိပ်ထားရသည့်အရာမှာ အချိန်မရွေးပေါက်ကွဲမည့်ဗုံးတစ်လုံးဖြစ်သည်။

 

 

အန္တရာယ်က ချောင်းမြောင်းကာ စောင့်စားနေသည်။

နေရာတိုင်းမှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။

 

 

စိတ်ရှုပ်ထွေးနေသောအကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

 

 

အမူအရာက အနည်းကွဲအက်နေပြီး ဒါဟာ ဒေါသလား ရှက်စရာလား ဒါမှမဟုတ် ဖုံးကွယ်ထားသော နေရခက်သည့် တိတ်ဆိတ်မှုလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရချေ။

 

 

အကွာအဝေးက အလွန်နီးနေသည်မှာ အသိသာကြီးပင်၊ ကိုယ်ဟန်အနေအထားက အဓိပ္ပါယ် မရှင်းမလင်းဖြစ်နေပေမယ့် လေထဲမှာ ပန်းရောင်ပူဖောင်းများ မရှိပေ။

 

 

ယွင်ကျန့်သည် ထန်ယီမှာ မကြာသေးမီကတည်းက ထူးဆန်းနေသည်ဟု သူမထင်ခဲ့နေသည်ကို ရုတ်တရက် နားလည်သွားသည်။ ထန်ယီ၏ အယူအဆအရ သူမသည် ထန်ယီ၏ ချစ်သူဖြစ်နေသည်။

 

 

သို့သော် ဘာကြောင့် ဒီလိုမျိုး နားလည်မှုလွဲနေရတာလဲ။

“မူကျိုက် Pavilion မှာ မင်းအရက်မူးတုန်းက မင်းကိုဘယ်သူပြန်ပို့ခဲ့လဲဆိုတာ မှတ်မိသေးလား” ယွင်ကျန့်နားမလည်မှာ ကြောက်၍ ထန်ယီက သူ့ခံစားချက်များကို မျိုသိပ်လိုက်ပြီး စကားလုံးတိုင်းကို သေချာမေးနေသည်။

 

 

“အဲ့ဒါ မုန့်မုန့် မဟုတ်ဘူးလား” ဟုသံသယစိတ်ဖြင့် မေးလိုက်သည်။

 

 

ထန်ယီ၏အမူအရာသည် ပို၍အန္တရာယ်များလာပြီး နဖူးပေါ်ရှိ အပြာရောင်သွေးပြန်ကြောများ ထောင်လာသည်။

 

 

“ငါတို့နှစ်ယောက် အစ်ကိုတုနဲ့ ညစာစားခဲ့တဲ့ညက အဖြစ်အပျက်ကို မှတ်မိလား” သူ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။

 

 

ယွင်ကျန့်က ရုတ်တရက် သဘောပေါက်သွားပြီး “ကျွန်မ... ရှင့်ကို အဲ့ဒီညက စိတ်အနှောင့်အယှက်ပေးခဲ့ တာလား” နောက်ဆုံးမှာတော့ ထန်ယီ၏ အမူအရာမှာ အက်ကွဲကြောင်းများပေါ်လာပြီး တည်ငြိမ်သော မျက်နှာထားနှင့် ဆိုဖာဘေးမှာ ရုတ်တရတ် ထရပ်လိုက်ပြီး အသံကိုနှိမ့်ပြီး ကြောက်စရာကောင်းသော အသံဖြင့် “မဟုတ်ဘူး” ဟုပြန်ဖြေလိုက်သည်။

 

 

“အဲ့ညက ကျွန်မတို့ ဘာဖြစ်ခဲ့တာလဲ” ယွင်ကျန့်က ဆိုဖာပေါ်ထထိုင်လိုက်ကာ သူ့ကို အရူးတစ်ယောက်လို  ကြည့်နေသည်။

 

 

“ဘာမှမဖြစ်ဘူး၊ ငါကိုက အရူးထနေတာ” ထန်ယီက စကားပြောပြီးသည်နှင့် ယွင်ကျန့်အိမ်၏ ရေချိုးခန်းထဲကို တန်းဝင်သွားပြီး သူ့အဝတ်အစားများကို အမြန်ဝတ်လိုက်ပြီး သူ့ကိုယ်ပိုင်ပစ္စည်းများကို သိမ်းလိုက်ပြီး ဖိနပ်ကို အမြန်ပြောင်းစီးဖို့ တံခါးဆီ ပြေးသွားလိုက်သည်။

 

 

ယွင်ကျန့်က တံခါးဝကို အမြန်ပြေးလာပြီး ထန်ယီ၏ လက်ကောက်ဝတ်ကို ကိုင်ထားကာ ထိတ်လန့်တကြားနှင့် “နားလည်မှုလွဲတာရှိနေလို့လား ကျွန်မတို့ ရှင်းသွားအောင်ပြောကြမလား”

 

 

“အခုတော့ နားလည်မှုလွဲတာက မရှိတော့ဘူး၊ ငါ နားလည်သွားပါပြီ” ထန်ယီ၏ အမူအရာမှာ အေးစက်နေပြီး နွေးထွေးမှု မရှိသည့်အပြင် သူ့အမူအရာမှာလည်း ခါတိုင်းနှင့်မတူပဲ အနည်းငယ် ကွဲပြားသွားသည်။

 

 

“ဒီလိုမလုပ်ပါနဲ့၊ စကားကောင်းကောင်းပြောရအောင်နော်”

 

 

ထန်ယီက သူ့လက်ကို တန်းပြန်ဆွဲလိုက်ပြီး ယွင်ကျန့်ကို အသံကျယ်ကြီးနှင့် ပထမဆုံးအကြိမ် အော်ပြောလိုက်သည်။ “ငါစကားမပြောချင်ဘူး!”

 

 

ယွင်ကျန့်သည် ထန်ယီ၏ဒေါသကြောင့် ညှိုးငယ်သွားပြီး နောက်ထပ်ဘာမှ မလုပ်တော့ပဲ ထန်ယီ ထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။

 

 

တံခါးပိတ်သွားပြီးနောက် ယွင်ကျန့်သည် တံခါးဝတွင်ရပ်နေကာ အချိန်အတော်ကြာအောင် စိတ် မကောင်းဖြစ်နေသည်။

 

 

တစ်ခဏအတွင်းမှာ သူ တော်တော်များများကို နားလည်သွားသည်၊ ဤအတောအတွင်း သူမအပေါ် ထန်ယီ၏ သဘောထားသည် အလွန်ထူးဆန်းနေခဲ့ပြီး သူမ၏ စကားများသည်လည်း  မရှင်းမလင်းဖြစ်နေခဲ့ကာ အလွန်မရေမရာ၊ အထင်အမြင် လွဲနိုင်သောအပြုအမူများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သေးသည်။

 

 

ထန်ယီ၏အမြင်အရဆိုလျှင် သူမသည် သူ့ရည်းစားဖြစ်နေပြီး အရာအားလုံးက အဓိပ္ပာယ်ရှိလှသည်။

သူမ မသိလိုက်ပဲ သူတို့ နှစ်ယောက် “အတူနေ” ခဲ့သည်။

 

 

 ထန်ယီက သူ့ “ရည်းစား” ကသူ့ကို ဂရုမစိုက်ပဲ သူကတောင် အဝေးကနေ လေယာဉ်စီးကာ လာတွေ့ရသည်။ ဒီလို “ချစ်သူကောင်လေး” မျိုးက တကယ်တော့ မဆိုးလှပေ။

 

 

သို့သော် သူမသည် စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ထားသောကြောင့် တစ်စုံတစ်ယောက်နှင့် ရုတ်တရက် ချစ်မိသွားသည်ကို ချက်ချင်း လက်မခံနိုင်ဖြစ်ခဲ့ရသည်။

 

 

သူမသည် ထန်ယီနှင့်မတူချေ။ သူမက ချစ်မိသွားပြီး တစ်ဖက်က အနုပညာသမားဖြစ်နေလျှင် အများကြီးစဉ်းစားရလိမ့်မည်။

 

 

ဥပမာ- အနာဂတ်မှာ အိမ်ထောင်ပြုမှာလား။

ချစ်မိသွားပြီးနောက် သူတို့၏ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ချင်လား။ ပရိသတ်များက သူတို့နှစ်ယောက်တွဲနေသည်ကို မကြိုက်လျှင် ဘယ်လိုလုပ်မလဲ။

 

 

ထန်ယီနှင့် သူမ အတူရှိနေခြင်းသည် ထန်ယီ၏ ကျော်ကြားမှုကို ထိခိုက်စေမည်လား။

 

 

သူတို့နှစ်ယောက်...ဖြစ်သင့်လား။

 

 

သူမသည် ဖုန်းကို ထုတ်ကာ WeChat ကိုဖွင့်ကာ ထန်ယီနှင့် စကားပြောမှတ်တမ်းကို ကြည့်ပြီး ကောင်းကင်သို့ အော်ပြောခဲ့သည် - “ငါ ဘယ်လိုလုပ်ပြီး ဒီလောက်တုံးအ ရတာလဲ”

 

 

ထိုသို့မေးပြီးနောက် သူမသည် စိုးရိမ်တကြီးဖြင့် အိမ်ထဲ လျှောက်သွားနေပြီး ထန်ယီကို ဖုန်းခေါ်ရန် ကြိုးစားသော်လည်း တစ်ဖက်က ဖုန်းချသွားခဲ့သည်။

 

 

သူမနှလုံးသားကို ရေခဲလှိုဏ်ဂူထဲသို့ ရုတ်တရက် ပစ်ချခံလိုက်ရပြီး ကယ်တင်ဖို့ရန်မဖြစ်နိုင်တော့ပေ။

 

 

ဆောင်းဦးရာသီအစောပိုင်းတွင် သူမသည် အနည်းငယ်အေးသွားသလို ခံစားလိုက်ရပြီး နှလုံးသားတစ်ခုလုံး လေထဲတွင် ချိတ်ဆွဲထားခံရသလိုဖြစ်ကာ ထိုင်မရထမရဖြစ်ပြီး စိတ်သောက ရောက်နေသည်။

 

 

အနှောက်အယှက်ပဲ။

 

 

ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း။

 

 

ငိုချင်သလို ခံစားလာရသည်။

 

 

ဒီလိုမျိုး သူမ လုံးဝ မဖြစ်ချင်ခဲ့ပါ။

 

 

သူမသည် ဖိနပ်တစ်ရံဝတ်ကာ သော့ကိုယူပြီး အိမ်အပြင်သို့ တိုက်ရိုက်ထွက်လာခဲ့သည်။ သူမသည် ဓာတ်လှေကားဖြင့် ကားရပ်နားရာနေရာတွင် လိုက်ရှာခဲ့သော်လည်း ထန်ယီက ကားမောင်းထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။

 

 

သူမသည် အနည်းငယ် ကျယ်လောင်စွာ အော်လိုက်သော်လည်း ထန်ယီက မတုံ့ပြန်ခဲ့ပေ။ WeChatကိုဖွင့်ထားလျက် ဖုန်းကိုကိုင်ကာ ထိုနေရာတွင်သာရပ်နေပြီး ထန်ယီထံ မက်ဆေ့ဂျ်တစ်စောင်ပို့ခဲ့သည်- ကျွန်မ တမင်အဲ့လိုလုပ်ခဲ့တာ မဟုတ်ပါဘူး၊ တောင်းပန်ပါတယ်။

 

 

ထန်ယီသည် ကားပေါ်တွင်ထိုင်ကာ နောက်ကြည့်မှန်ထဲမှ ယွင်ကျန့်ကိုကြည့်ကာ အံကြိတ်ရင်း ကားကို ရက်စက်စွာမောင်းထွက်သွားလိုက်သည်။

 

 

ကားသည် ကားပါကင်နှင့် မလှမ်းမကမ်းနေရာသို့ ရောက်သောအခါ  ကားကိုရပ်လိုက်ပြီး ယွင်ကျန့်က နောက်ကနေ လိုက်လာမလားကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ ပြီးနောက် ယွင်ကျန့်ဆီက WeChat မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။

 

 

ဖုန်းကိုလှမ်းကြည့်လိုက်ရာ စာသားက အလွန်ရိုးရှင်းပေမယ့် အကြာကြီးကြည့်ပြီး ဖတ်လိုက်သောအခါ သူ့ရင်ထဲ အပ်တစ်ချောင်း စိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

 

 

 သူတို့ကြားက နားလည်မှုလွဲနေသည်ကို သိလိုက်ရပြီး စိတ်ဆိုးသွားပေမယ့် အရင်ဆုံး တုံ့ပြန်လိုက်သည်မှာ တကယ့်ကို ရှက်စရာကောင်းမှုအပြည့်ဖြင့်ပင်။

 

 

သူတစ်ယောက်တည်း တစ်ဖက်သတ်ဆန်စွာ ဘဝင်ခိုက်နေခဲ့ပြီး ယွင်ကျန့်ကို အမျိုးမျိုး လုပ်မိခဲ့သည်ကို ပြန်သတိရလိုက်ခြင်းသည် ရှက်ဖွယ်ကောင်းသော ပြဇာတ်တစ်ခုလိုဖြစ်နေသည်။

 

 

သူသည် လေးလံသည့် ဝန်ထုပ်ဝန်ပိုးရှိနေသော အိုင်ဒေါတစ်ယောက်ဖြစ်သည်။

 

 

ယွင်ကျန့်ကို မြင်လိုက်ရသောအခါ  သူသည် တမင်တကာ ချောမောသည့်ပုံစံလုပ်ချင်နေသေးပြီး သူမကို သူ၏ အချောဆုံးပုံစံကို မြင်နိုင်စေရန် သူမရှေ့တွင် အတင်းဟန်ဆောင်ချင်မိသည်။

 

 

ဤကဲ့သို့ ထွက်လာမည်ဆိုလျှင် သူသည် ထိုအကြောင်းကို တွေးရုံနှင့်တင် ရှက်မိသွားသည်။

 

 

ကိစ္စများပြီးလျှင်ပြီးချင်း ချက်ချင်းဆိုသလို ဆုံးရှုံးမှုများ ပေါ်လာနိုင်သည်ဟု ခံစားမိသည်။

 

 

ဤခံစားချက်သည် အသည်းကွဲခြင်းနှင့် အတူတူပင်။

ခုနစ်နှစ်ကြာအောင် ချစ်ခဲ့သောသူနှင့် ပျော်ရွှင်စွာ ချစ်မိသွားရသည်မှာ နေ့ရက်တိုင်း ကောင်းကင်မှာ လွင့်နေသလို ခံစားရသည်။

 

 

ရလဒ်အနေနှင့် သူရုတ်တရက် သိလိုက်ရသည်မှာ သူမက သူ့ကိုမချစ်ကြောင်းနှင့် တစ်ဖက်ကလည်း သူ့ကို ချစ်သူရည်းစားအဖြစ် လုံးဝ မမှတ်ယူခဲ့ပေ။ ဤဟာကွက်ကြီးက သူ့ကို စိတ်မသက်မသာဖြစ်စေပြီး ငိုချင်လာအောင် လုပ်နေသည်။

 

 

ထိုခံစားချက်ကြီးကို ခဏလောက် သေချာ မြည်းစမ်းခံစားကြည့်ပြီး အသည်းကွဲခြင်းထက် ဤခံစားချက်က ပိုအဆင်မပြေဘူးဆိုတာ သိလာရသည်။

 

 

သူဘယ်တုန်းကမှ မချစ်ခဲ့ဖူးသလို ချစ်မိသွားသောအခါ ယွင်ကျန့်ကို အရူးအမူး ချစ်သွားသည်။

 

 

ဤနှစ်များအတွင်း သူသည် အနာဂတ်တွင် ရေပန်းစားလာသောအခါ၌ သူမကို ယုံကြည်မှုရှိရှိဖြင့် လိုက်နိုင်မည်ဟု ဦးစွာတွေးခဲ့သည်။

 

 

သူက ယွင်ကျန့်အား သူမမှာ သူ့ကိုကပ်ပြီး နာမည်ထပ်ရလာအောင် လုပ်သည်ဟု မထင်စေချင်ခဲ့ပေ။

 

 

အချစ်ရေးမှာ သောင်တင်နေတာ ၃ နှစ်ကျော်ခဲ့ပြီ။

 

 

သို့သော် လွန်ခဲ့သော သုံးနှစ်က ယွင်ကျန့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူသည် တင်းမာသောအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ဖျော်ဖြေရေးအသိုင်းအဝန်းမှလူများစွာက သူ့ကိုအနှောင့်အယှက်မပေးနိုင်ပါ။

 

 

သူမ၏ အခက်ခဲဆုံးအချိန်များမှာ သူမကို ကူညီဖို့ ပျက်ကွက်ခဲ့သည်။ ရလဒ်အနေနှင့် သူမကို နောက်ပိုင်း မျက်နှာချင်း မဆိုင်ရဲဖြစ်ကာ ဤအဖြစ်အပျက်အတွက် အမြဲတမ်း အပြစ်ရှိသလို ခံစားခဲ့ရပြီး တစ်ယောက်တည်း ကြိတ်မှိတ်ခံစားခဲ့ရသည်။ ယွင်ကျန့်က သူ့ကို အရင်ဆုံး လာရှာတွေ့ခဲ့သည်ကို မြင်ပြီးသည့်နောက်မှာတော့ သူ ချုပ်တည်းထားခဲ့ရသော ခံစားချက်များကို မထိန်းထားနိုင်တော့ပေ။

 

 

သူသည် ပြင်းထန်သော ထိုးစစ်ကို အသုံးပြုခဲ့သည်။

ပထမဆုံးအကြိမ် ချစ်ခဲ့ဖူးသူ၊ ပထမဆုံးအကြိမ် သမီးရည်စားဆက်ဆံရေးဖြစ်ပြီး အခုတော့ ဒါဟာ နောက်ဆုံး ရလဒ်ဖြစ်နေခဲ့သည်။

 

 

သူတစ်ယောက်တည်း ကားထဲမှာ ထိုင်နေရင်း မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာပြီး သူ့ဖုန်းကို ကိုင်ကာ ယွင်ကျန့်ကို ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်နေသည်။

 

 

မျက်ရည်များက အမြင်အာရုံကို မှုန်ဝါးစေကာ လက်ဖမိုးဖြင့် ပြီးစလွယ် သုတ်လိုက်ရင်း ဖုန်းကို စိုက်ကြည့်နေကာ နောက်ဆုံး ဘာမှပြန်မပြောဖြစ်တော့ချေ။

 

 

ယွင်ကျန့်ကို ခုနက အော်ငေါက်ခဲ့သည်ကို တွေးရင်း နောင်တရပေမယ့် သူဘာမှ ထပ်မပြောချင်သေးတော့ပေ။

 

 

သူ့စိတ်များ အရမ်းရှုပ်နေသည်၊ စကားလည်း မပြောချင်၊ ဘယ်သူ့ကိုမှလည်း မတွေ့ချင်ဖြစ်နေပြီး တစ်ယောက်တည်း နေချင်နေသည်။

 

 

သူလှည့်ကြည့်လိုက်ရာ ကားထဲမှာ စက္ကူခွက်တစ်ခွက်ကို တွေ့သွားခဲ့သည်၊ သူသည် ဒါရိုင်ဘာထိုင်ခုံမှာ ထိုင်ရင်း ငိုယိုနေပြီး သူ့ပုခုံးများ တုန်ရီနေကာ မျက်စိထဲ ဘယ်သူ့မှ မမြင်တော့သည်အထိ သူ့ပုံပန်းသဏ္ဍာန်က ဆိုးရွားနေသည်။

 

 

တကယ်တမ်းတော့ ယွင်ကျန့်ဖက်က တောင်းပန်စရာမလိုပေ။

 

 

ယွင်ကျန့်နှင့် ဆက်ဆံရေးကို သေချာအောင် အတည်ပြုခဲ့မည်ဆိုလျှင် သူတို့နှစ်ဦးသည် ဤကဲ့သို့ဖြစ်မည်မဟုတ်ပေ။

 

 

ယွင်ကျန့်က မူးနေချိန်တွင် ဘာမှ မမှတ်မိတတ်ချေ။ အဆုံးတွင် ပြန်သုံးသပ်ကြည့်လျှင် အရူးထနေသူမှာ ထန်ယီ တစ်ယောက်တည်းသာ ဖြစ်နေသည်။

 

 

သူက ကားမောင်းထွက်သွားပြီး အိမ်ကိုလည်း မပြန်ချင်သောကြောင့် စတူဒီယိုဆီသို့ တိုက်ရိုက်မောင်းသွားသည်။

 

 

ရုံးခန်းတံခါးကိုဖွင့်လိုက်ပြီး ဝင်သွားကာ ရုံးခန်းထဲရှိ ဗီရိုထဲတွင် စောင်တစ်ထည်ကို တွေ့သွားသည်။ ထို့နောက် ဆိုဖာပေါ်၌ လဲလျောင်းလိုက်သော်လည်း အိပ်မပျော်နိုင်ဖြစ်နေသည်။

 

 

သူ့စိတ်ထဲ ဆလိုက်ရှိုးပြနေသလိုဖြစ်နေသည်၊ လတ်တလောတုန်းက ပုံရိပ်များကို ပြန်လည်မြင်နေရပြီး ဟိုလှိမ့်သည်လှိမ့်လုပ်နေကာ နောက်ဆုံးမှာ လုံး၀ ထထိုင်လိုက်သည်။ ထို့နောက် ကုမ္ပဏီ၏ လေ့ကျင့်ရေးခန်းကို သွားကာ လက်ဝှေ့ထိုးသည့် လက်အိတ်ကို ဝတ်ပြီး သဲအိတ်ကို ထိုးနေသည်။

 

 

သူသည် နီဇွန်နှင့် လက်ဝှေ့ပညာကို အချိန်အတော်ကြာ သင်ယူခဲ့ပြီး ယခုအခါတွင် ကောင်းစွာကစားနေနိုင်ပြီဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ နီဇွန်ကို အနိုင်မယူနိုင်သော်လည်း ကျန့်လီနှင့် ထိပ်တိုက်တွေ့လျှင် အနိုင်ယူဖို့ မခက်ခဲလှပေ။

 

 

ခဏကြာအောင်လေ့ကျင့်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးဖွင့်ကာ ဝင်လာပြီး သူ့ကို ကြောင်ကြည့်နေပြီး နှုတ်ဆက်လိုက်သည်။

 

 

 “မင်္ဂလာပါ ဆရာထန်...” ထန်ယီက ကျန်းရှင်းချင်ကို ပြန်ကြည့်လိုက်ကာ “ညကြီးမိုးချုပ် စတူဒီယိုမှာ မင်း ဘာလုပ်နေတာလဲ” ဟုမေးသည်။

 

 

“ကျွန်မ...ကျွန်မ ဟိုဖက်ခန်းမှာ အက လေ့ကျင့်နေတာ၊ အဲ့ဒါပြီးရင် အဆောင်ပြန်အိပ်တော့မလို့၊ ဒါပေမယ့် ပြန်ခါနီးမှာ အသံတစ်ခု ကြားလိုက်လို့ လာကြည့်တာ”

 

 

“သေစမ်း” ထန်ယီက မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းလိုက်သည်။

 

 

“ကျွန်မ အမှားတစ်ခုခုလုပ်မိသွားလို့လား”

 

 

“ကျန်းရှန်းယန်ကို ခေါ်လိုက်”

 

 

ကျန်းရှင်းချင်က နာခံတတ်စွာဖြင့် ခေါင်းညိမ့်ပြီး “ကျွန်မ ဘာပြောပေးရမလဲ” ဟုမေးနေစဉ် ဖုန်းကိုထုတ်လိုက်သည်။

 

 

“မင်းအဆောင်ကို ပြန်လိုက်ပို့ခိုင်းလိုက်”

 

 

“အန်…”

 

 

စတူဒီယိုသည် အဆောင်နှင့် မီတာ ၅၀ ခန့်သာ ဝေးသည်။ သို့သော် စတူဒီယိုကနေ ရှစ်မိနစ်လောက် ကားမောင်းရသော ကျန်းရှန်းယန်၏ အိမ်၊ သူမကို လာခေါ်ဖို့ ကျန်းရှန်းယန်အား တကယ်ပဲ တောင်းဆိုသင့်လား။

 

 

သို့ပေမယ့် သူမက ခေါင်းညိမ့်ပြပြီး ထန်ယီစကားကို နားထောင်ကာ ကျန်းရှန်းယန်ကို ခေါ်လိုက်သည်။

 

 

ကျန်းရှန်းယန် မလာသောအခါ ကျန်းရှင်းချင်ကို လာခေါ်ဖို့ အဆောင်ထဲမှာနေသည့် နောက်ထပ်ကောင်လေးတစ်ယောက်ကို စေလွှတ်ခိုင်းလိုက်သည်။

 

 

“ငါ ဒီမှာ ရှိနေတယ်လို့ သူ့ကိုမပြောနဲ့” ထန်ယီက တိုက်တွန်းပြောဆိုခဲ့သည်။

 

 

“အိုး” ကျန်းရှင်းချင်သည် ထန်ယီမှာ သံသယအထင်ခံရခြင်းကို ရှောင်နေမှန်း အကြမ်းဖျင်း နားလည်လိုက်သောကြောင့် သူမသည် စတူဒီယိုအပေါက်ဝသို့ နာခံမှုရှိစွာဖြင့် ပြေးသွားပြီး ကုမ္ပဏီအတူတူမှ အနုပညာရှင်တစ်ယောက် ရောက်လာသည်အထိ စောင့်ကာ ထိုသူနှင့်အတူ အဆောင်သို့ ပြန်သွားခဲ့သည်။

 

 

ထန်ယီသည် လေ့ကျင့်ရေးခန်းတွင် ထိုင်ကာ မကြာမီ သူဘာကြောင့် ဤမျှဂရုစိုက်မိသွားသည်ကို တွေးကာ ငိုနေပြန်သည်။

 

 

အရင်တုန်းကဆိုလျှင် သူသည် ယွင်ကျန့်ကို လိုက်ချင်ခဲ့သောကြောင့် အမြဲတမ်း တစ်ကိုယ်တည်းနေခဲ့သည်။ တစ်ချို့မိန်းကလေးများက သူ့ကိုလိုက်ခဲ့သော်လည်း ငြင်းပစ်လိုက်သည်။

 

 

 ကောလဟာလများကို ချက်ချင်းရှင်းလိုက်သောကြောင့် သူသည် အမြဲတမ်း တစ်ကိုယ်တည်း ဖြစ်နေသည်။ ယွင်ကျန့်က သူ့ဆီလာနေသရွေ့ ယွင်ကျန့်နှင့် သန့်သန့်လေး တွဲနိုင်မည်ဖြစ်သည်။

 

 

ယွင်ကျန့်က သူ့ဆီမလာတော့ဘူးဆိုလျှင် သူသည် ယွင်ကျန့်ဆီကို ချဉ်းကပ်ပြီး ယုံကြည်မှုရှိရှိနှင့် လိုက်ဖို့ အခွင့်အရေးများကို ရှာလိမ့်မည်ဖြစ်သည်။ အခုတော့ သူ အသက်ရှုကြပ်နေရပြီဖြစ်သည်။

 

 

ခဏအကြာ ငိုပြီးနောက် စတူဒီယိုထဲတွင် အခြားလူတစ်ယောက် ရောက်လာခဲ့သည်။ သူ လှမ်းကြည့်လိုက်ရာ ကျန်းရှန်းယန်က လေ့ကျင့်ရေးခန်းထဲကို ပလတ်စတစ်အိတ်တစ်လုံး ကိုင်လျက် သူ့ဘေးမှာ လာထိုင်သည်ကို တွေ့လိုက်ရသည်။

 

 

ထန်ယီ၏ ချစ်လှစွာသော မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး ကျန်းရှန်းယန်ဆီမှ သူ့ခေါင်းကို လွှဲလိုက်သည်။

 

 

“ယွင်ကျန့်က ငါ့ကို ဖုန်းခေါ်ခဲ့တယ်၊ သူက မင်းကို အရမ်းစိတ်ပူနေတာ” ကျန်းရှန်းယန်က ပြောလိုက်သည်။

 

 

“သူ တခြား ဘာပြောသေးလဲ”

 

 

“တစ်ခုခုတော့ ပြောခဲ့တယ်၊ ဒါပေမယ့် သိပ်မပြောဖြစ်ခဲ့ဘူး။ ငါဘာတွေသိထားလဲဆိုတာ သူ မေးကြည့်သေးတယ်၊ သူစကားကို ပါးပါးနပ်နပ် ပြောတတ်တယ်နော်”

 

 

“အဲ့တော့ အစ်ကိုက ကျွန်တော် အသည်းကွဲတာ သိသွားပြီပေါ့”

 

 

ကျန်းရှန်းယန်က ပလတ်စတစ်အိတ်ထဲမှ ဘီယာဘူးများကိုထုတ်ပြီး ထန်ယီရှေ့မှာ တစ်ဘူးပြီးတစ်ဘူး ချထားသည်။ “မင်း ဘယ်လောက်ပဲ သောက်နိုင်တယ်ဆိုတာ ငါသိပါတယ်။ ၄ဘူးပဲ သောက်လို့ရမယ်။ မြေပဲတွေလည်း ဝယ်လာခဲ့သေးတယ်”

 

 

ထန်ယီက ဘီယာဘူးများကို စိုက်ကြည့်ရင်း တစ်ချက်မှမလှုပ်ပဲ မေးလိုက်သည်။ “ယွင်ကျန့်က တခြားဘာမှ ထပ်မပြောဘူးလား”

 

 

“မင်း သူ့ကို ဘာပြောစေချင်လို့လဲ”

 

 

ထန်ယီသည် သူ့စိတ်ထဲတွင် အလွန်ရှင်းလင်းစွာ သိသွားပြီး နောက်ကြောင်း ပြန်မလှည့်ချင်သော်လည်း ယွင်ကျန့်နှင့် အတူရှိနေချင်သေးသည်။

 

 

သို့သော် နှလုံးသားထဲတွင် အသက်ရှုကြပ်သလို ခံစားနေရကာ လေကို မည်သို့ထုတ်ရမည်ကို မသိသဖြင့် ဘာမှ မပြောတော့ပဲ မျက်နှာကြီးဆူပုတ်ကာ ဘီယာဘူးကို ဖွင့်ပြီး သောက်လိုက်သည်။

 

 

ကျန်းရှန်းယန်က ထန်ယီကို ချစ်လှစွာသော ဖခင်တစ်ယောက်လို ကြည့်ပြီး “အိပ်မပျော်ဘူးလား” ဟု မေးလိုက်သည်။

 

 

“အင်း”

 

 

မကြာခင်မှာပဲ ကျန်းရှန်းယန်က အိတ်ထဲကနေ နောက်ထပ် ဇာတ်ညွှန်းတစ်အုပ်ကို ထုတ်လိုက်ပြီး ထန်ယီကို ပေးလိုက်သည်။ “ဒါဆို စာကြောင်းတွေ ထိုင်ကျက်နေ”

 

 

“...”

 

 

“ကျန့်ကျင်းယုက မင်းအတွက် လိုင်းတားပေးပြီးသား”

 

 

“...”

 

 

သူ အသည်းကွဲနေသည်!

 

 

အချစ်မှာ ကျရှုံးသွားခဲသည်!

 

 

ကျန်းရှန်းယန်ဟာ သူနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ပြီး နက်ရှိုင်းသော ညီအကိုဆက်ဆံရေးသာ မရှိခဲ့လျှင် ကျန်းရှန်းယန်နှင့် ဖန့်ရှို့က သူနှင့် အတူသောက်ပေးနေလျှင်တောင် အိပ်မပျော်သည့်အချိန်မှာ စာကြောင်းများကို ရွတ်ဆိုဖို့ ဇာတ်ညွှန်းများကို ထပ်ပေးဦးမည်ဖြစ်သည်!