အပိုင်း ၂၄
Viewers 690

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၂၄

 

 

 

 

ထန်ယီ ၁၆၊ လူတွေက သူတို့နာမည်အတိုင်းပင် ဖြစ်သည်။

 

 

နောက်တစ်နေ့မနက်စောစောတွင် Weibo မှာ ပိုစ့်တစ်ခုတင်ခဲ့သည်။ ၎င်းမှာ ရှင်းလင်းချက် တစ်ခုဖြစ်ပေမယ့် ယုံမှားသံသယရှိဖွယ် ဖြစ်နေသည်။

 

 

ထန်ယီ - တကယ်တော့ ငါက သကြားမကြိုက်တတ်ဘူး။

 

 

မည်သို့ပင်ဖြစ်စေ ယွင်ကျန့်က ၎င်းကို သတိမထားမိပေ။ ထန်ယီသည် ဆုထုံယုနှင့် ရှင်းရှင်းလင်းလင်း ဆက်ဆံရေးဖြစ်ကြောင်း ဖော်ထုတ်နေသည်မှာ ဤအနှောင်အဖွဲ့နှင့် ထပ်ပြီး မငြိတွယ်ချင်သောကြောင့်ဖြစ်သည်။

 

 

မှတ်ချက်များကို ကြည့်ရင်း ထိုလူများသည် လုရွှင်း၏ စာပေများကို ဖတ်ရှုနားလည်ပြီး ရိုးရှင်းသောစာကြောင်းများဖြင့် အဖြေအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာနေကြသည်။

 

 

ယေဘူယျအငြင်းအခုံမှာ- ထန်ယီသည် သကြားမကြိုက်သလို ဆုထုံယုကလည်း မကြိုက်ကြောင်း ရှင်းပြနေသည်။ သူတို့နှစ်ယောက်မှာ ရုပ်ရှင်တစ်ခုထဲ၌ တွဲရိုက်နေတုန်းဖြစ်ပြီး တစ်ဖက်သားက မိန်းကလေးဖြစ်သောကြောင့် ငြင်းလိုက်ဖို့ရာ အလွန်ရုပ်ဆိုးသွားမည်ဖြစ်ပေသည်။

 

 

ယွင်ကျန့်က ဤလူအုပ်စုကို တကယ်ယုံကြည်အောင် လုပ်ခဲ့ပြီး ဤသို့အဓိပ္ပာယ်ရှိနေသည်ကို ဘာကြောင့် သူမ မမြင်ခဲ့ရတာလဲ။

 

 

လာမည့်ရက်ပိုင်းအတွင်း ယွင်ကျန့်သည် ညှိနှိုင်းရေးမှူး၊ လက်ထောက်ဒါရိုက်တာ၊ အခြားသူများနှင့် ရိုက်ကူးရေးအစီအစဉ်များကို ဆွေးနွေးနေပြီး ထုတ်လုပ်သူသည် သူတို့ဆွေးနွေးနေပုံကို ကြည့်ရှုရန် အခါအားလျော်စွာ လာရောက်မည်ဖြစ်သည်။

 

 

ယေဘုယျအားဖြင့် သူတို့သည် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်မဟုတ်ပဲ နောက်ဆုံးရလဒ်ကိုသာ လာကြည့်တတ်ကြသည်။ နောက်ဆုံးတွင် သူတို့သည် တီဗွီစီးရီးကို ၃ လအတွင်း ရိုက်ကူးသင့်ကြောင်း၊ ဖြစ်နိုင်လျှင် နှစ်လခွဲအတွင်း ရိုက်ကူးရန် ဆွေးနွေးခဲ့ကြသည်။

 

 

ဤရိုက်ကူးရေးအဖွဲ့တွင် ရန်ပုံငွေကန့်သတ်ချက်ရှိပြီး ယွင်ကျန့်သည် အနည်းငယ် ကပ်စီးနည်းတတ်သည်။ သူမသည် ထုတ်လုပ်မှုနောက်ပိုင်း သို့မဟုတ် ဇာတ်ဝင်ခန်းများနှင့် ဝတ်စုံများအတွက် ပိုက်ဆံသုံးရန် ဆန္ဒရှိသော်လည်း အပိုကုန်ကျငွေ သို့မဟုတ် နေရာထိုင်ခင်းတို့အတွက် အကုန်အကျမခံချင်ပေ။

 

 

ယွင်ကျန့် မျက်နှာရရန်အတွက် တကယ်ကြိုးစားပေးချင်သူ သို့မဟုတ် ဘာကိုမှဂရုမစိုက်တတ်သော၊ အခက်အခဲများကို ခံနိုင်ရည်ရှိသည့် အနုပညာရှင်မျိုးကသာ သူမနှင့် တွဲဖက်လုပ်ကိုင်နိုင်လိမ့်မည်။

 

 

ထိုသို့သော စုဆောင်းငွေဖြင့်ပင် တစ်နေ့လျှင် ရာထောင်ချီ၍ ဆုံးရှုံးရမည်ဖြစ်ပြီး ထိုအခါ ယွင်ကျန့်သည် ခက်ခဲကြမ်းတမ်းသော ရိုက်ကူးရေးသာ ပြင်ဆင်ရပါတော့မည်။

 

 

ယွင်ကျန့်သည် မနက် ၇ နာရီတွင် စတင်ရိုက်ကူးခဲ့ကာ ည ၁၁ နာရီတွင် ရိုက်ကူးပြီးစီးခဲ့ပြီး ဤအစီအစဉ်ကို လည်ပတ်စေရန် ပုံစံသေချာဆွဲထားကာ သူမသည် ညှိနှိုင်းရေးမှူးအား “ဒါကို ရှင် ဘယ်နှစ်ရက်တည်းနဲ့ မြန်မြန်ပြီးအောင် လုပ်ပေးနိုင်လဲ” ဟုမေးခဲ့သည်။

 

 

“ဆရာမယွင်၊ မင်းရဲ့ရိုက်ကူးရေး အဆင့်အတန်းပေါ်မူတည်သေးတယ်ဆိုတာ မင်းသိထားသင့်တယ်၊ အဲ့ဒါကြောင့် အဲ့လိုမျိုး တွက်ကြည့်လို့မရဘူး။ ငါတို့ရဲ့ဇာတ်ဝင်ခန်း အစီအစဉ်တော်တော်များများကို ရုံတင်ပြီးမှ ဆုံးဖြတ်လို့ရမယ်” ညှိနှိုင်းရေးမှူးက အချိန်ကိုကြည့်ကာ ရှက်ရွံ့စွာပြောနေသည်။

 

 

ယွင်ကျန့်က ပေါ့ပေါ့တန်တန် တုံ့ပြန်ပြီး စာရင်းဇယားကိုကြည့်ကာ ပြန်မဖြေချေ။

 

 

အရင်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသော ညှိနှိုင်းရေးမှူးများသည် ယွင်ကျန့်၏ အလေ့အထ၊ သူမ၏ တသမတ်တည်းပုံစံနှင့် ရုပ်ရှင်ရိုက်ကူးရန် လိုအပ်သည့်အချိန်ကို သိကြသည်။ ရိုက်ကူးရေး မစတင်မီ သူမသည် အကြမ်းဖျင်း အချိန်အတိုင်းအတာကိုသာ ပေးနိုင်သည်။

 

 

ယခုတစ်ခေါက်တွင် ရိုက်ကူးရေးအဖွဲ့သားများ၊ ဝန်ထမ်းများ အားလုံး ပထမဆုံးအကြိမ် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသည်၊ အရာအားလုံးမှာ မရေမရာဖြစ်နေသေးပြီး ၎င်းကို သေချာလုပ်ဆောင်ရန် လိုအပ်သည်။

 

 

လူတစ်ယောက်မှာ ထူးချွန်ထက်မြက်သော အရည်အချင်းများရှိသည့်အခါ အခြားသူများက အနည်းငယ်နှေးကွေးသွားတတ်သည်။ ယွင်ကျန့်၏ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးသည် သိပ်ပြီး မမြင့်မားသော်လည်း သူမသည် ဒါရိုက်တာလုပ်ရာ၌ အလွန်ထူးချွန်ပြီး ကျူတာဆရာတစ်ယောက်၏ အဓိက လေ့ကျင့်ပေးရေးဆိုင်ရာများထဲမှ တစ်ခုဖြစ်သည်။

 

 

အလုပ်နှင့်ပတ်သက်လျှင် ယွင်ကျန့်၏ အလုပ်စွမ်းရည်နှင့် အရည်အချင်းကို ဘယ်သောအခါမှ မကောင်းဘူးဟူ၍ ငြင်း၍မရပေ။ ရလဒ်အနေဖြင့် ဤအဖွဲ့ရှိလူအများအပြားသည် သူတို့တွင် မေးခွန်းများရှိပါက ထုတ်လုပ်သူ သို့မဟုတ် ညှိနှိုင်းရေးမှူးမဟုတ်ပဲ ယွင်ကျန့်၏ ထင်မြင်ယူဆချက်များကို ဦးစွာမေးလေ့ရှိကြသည်။

 

 

ဖုန်းတုန်ခါသွားသည်။ ယွင်ကျန့်သည် ဖုန်းကိုယူ၍ ထန်ယီထံမှ မက်ဆေ့ချ်ကို မြင်ပြီး ဖုန်းကို သိမ်းထားလိုက်ပြန်သည်။

 

 

ယခုတလော ထန်ယီကို သူမ သိပ်ဂရုမစိုက်တော့ချေ။

အလုပ်များသောနေ့၌ သူမသည် ပင်ပန်းနွမ်းနယ်စွာ အိမ်သို့ပြန်လာခဲ့ပြီး လက်ထဲတွင် အိတ်ကို သယ်ရန် ခွန်အားမရှိတော့သဖြင့် လည်ပင်းတွင် တိုက်ရိုက်ချိတ်ဆွဲကာ အိမ်သို့ အရုပ်ကြိုးပျက်ဖြစ်သည့်ပုံစံဖြင့်  လျှောက်ကာ ပြန်လာလေ့ရှိသည်။

 

 

နောက်ဆုံးတော့ လျှောက်လမ်းထဲကို လျှောက်လာရာ လှမ်းကြည့်လိုက်သောအခါ အိမ်ရှေ့မှာ လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

 

 

ထိုအမျိုးသားသည် လျှာထိုးဦးထုပ်၊ နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို ၀တ်ထားသော်လည်း ခေါင်းအနောက်ဖက်ရှိ ရေလှိုင်းသဖွယ် ကွေးနေသောဆံပင်ပုံစံနှင့် လည်ပင်းပေါ်ရှိ တက်တူးအနည်းငယ်ကိုသာ ထုတ်ပြထားနိုင်သည်။

 

 

ထို့ပြင် နောက်ထပ်များစွာသော…

 

 

တက်တူး ? !

 

 

သူမက လမ်းလျှောက်လာရင်း ထန်ယီကိုကြည့်ကာ မေးလိုက်သည်။ “ရှင်က တက်တူးတွေနဲ့ ဘယ်လိုဖြစ်တာလဲ”

 

 

“မင်း တက်တူးစတစ်ကာဆိုတာ မကြားဖူးဘူးလား” ထန်ယီက မတ်တပ်ထရပ်ပြီး သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်ကာ ခြေထောက်များ ထုံကျင်နေသောကြောင့် ယွင်ကျန့်ကို တန်းပွေ့ဖက်လိုက်ပြီး “မင်းဘာလို့ အခုမှပြန်လာတာလဲ၊ ငါစောင့်နေတာ တော်တော်ကြာပြီ၊ နာရီပေါင်းများစွာ” ဟုပြုံးပြီးပြောလိုက်သည်။

 

 

“ရှင် မနက်ဖြန် ရိုက်ကူးရေး ရှိသေးတယ်မလား” ယွင်ကျန့်က အိတ်ကပ်ထဲကသော့ကို ထုတ်ပြီး အိမ်တံခါးကိုဖွင့်လိုက်သည်။ နှစ်ယောက်သား အိမ်ထဲဝင်သွားပြီးနောက် ယွင်ကျန့်က တံခါးကို သော့ပြန်ခတ်လိုက်သည်။

 

 

 “အင်း၊ မနက်ဖြန်မနက်အစောဆုံး လေယာဉ်နဲ့ သွားမလို့” ထန်ယီက ပြန်ဖြေပြီးနောက် ဖိနပ်ပြောင်းစီးပြီး အိမ်ထဲကို လျှောက်သွားကာ ရေချိုးခန်းထဲ ဝင်သွားသည်။

 

 

 ထို့နောက် သူ့ပစ္စည်းများကို ချွတ်ကာ ယွင်ကျန့်ကို “မိတ်ကပ်ဖျက်ဆေးရှိလား” ဟုမေးလိုက်သည်။

 

 

ယွင်ကျန့်က ရေချိုးခန်းတံခါးနားကို လိုက်သွားပြီး သူ့ကိုကြည့်ကာ “အဲ့ဒါကို ဒီအတိုင်း ရေဆေးချလို့ ဖြစ်ပါ့မလား”

 

 

"မနက်ဖြန် ငါပြန်လုပ်လိုက်မယ် မဟုတ်ရင် မင်း ဒေါသထွက်လာရင် ဘယ်လိုလုပ်ရမလဲ။ မင်းကို ငါကြောက်တယ်” ထန်ယီက အလွန်တရာမှ အပြစ်ကင်းစင်စွာပြောနေသည်။

 

 

“ဒီဆံပင်ကို ပြန်မပြင်သေးဘူးလား”

 

 

ထန်ယီက သူ့ပါးစပ်ထောင့်ကနေ ပြုံးယောင်သမ်းလာပြီး သူ့ဂျာကင်အကျီကို ခေါင်းကနေ ဆွဲချွတ်လိုက်ပြီး ဘေးသို့ ပစ်ချလိုက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်း အင်္ကျီမဝတ်ထားသည့်ပုံစံကို မှန်ထဲတွင် ကြည့်နေပြီးနောက်  ယွင်ကျန့်အား သူ့တက်တူးကို ပြပြီး “ငါချောတယ်မလား”

 

 

တက်တူးစတစ်ကာများကို လည်ပင်းမှ ရင်ဘတ်အထိ ဆက်တိုက်ကပ်ထားသည်။ သူမသည် မည်သို့သော ပုံစံဖြစ်သည်ကို မပြောနိုင်ဖြစ်ကာ ထန်ယီရိုက်နေသည့် ဒရာမာအသစ်၏ Stylist၏ အလှအပခံစားတတ်မှုကိုတောင် သံသယဖြစ်မိသည်။

 

 

မည်သို့ပင်ဖြစ်စေ ထန်ယီ၏ လက်ရှိပုံစံသည် လူကောင်းတစ်ယောက်လို မဟုတ်ချေ။

 

 

ကောင်မလေးများ အကြိုက်ဖြစ်နေမလား။

 

 

“ကျွန်မလေ ရှင့်ရဲ့တက်တူးကိုမြင်တော့ "Social Shake" သီချင်းကို ဆိုချင်မိတယ်” ယွင်ကျန့်က လက်ပိုက်ကြည့်ရင်း မထီမဲ့မြင် ပြောလိုက်သည်။

“ရှင့်ဇာတိ အရှေ့မြောက်ဖက်ခြမ်းက စတိုင်လ်မျိုး ရှင့်မှာ မရှိဘူးလား”

 

 

“အင်းပါ၊ မသိရင် နောက်စက္ကန့်ပိုင်းလောက်မှာ မင်းငါနဲ့အတူ ကန်ပေါ်မှာထိုင်ပြီး ကြွားလုံးထုတ်တော့မဲ့ပုံပဲ” ထန်ယီက ယွင်ကျန့်၏ ဘေစင်ထဲက ပစ္စည်းများကို တစ်ခုချင်းစီ ကောက်ယူပြီး တက်တူးဖျက်ဖို့ တစ်ခုခုကို လိုက်ရှာနေသည့်ပုံစံဖြင့် ထိုပစ္စည်းများကို သေချာလိုက်ကြည့်နေသည်။

 

 

(ကန်ဆိုသည်မှာ တရုတ်နိုင်ငံ မြောက်ပိုင်း သို့မဟုတ် မန်ချူးရီးယားရှိ အိမ်တစ်အိမ်၏ နေရာတစ်နေရာ သို့မဟုတ် ထောင့်တစ်ဖက်စွန်းတွင် တည်ဆောက်ထားသော အုတ်ပလပ်ဖောင်းတစ်ခုဖြစ်ပြီး အောက်ဘက်တွင် မီးထည့်၍ နွေးစေပြီး အိပ်ရန်အတွက် အသုံးပြုသည်)

 

 

“ရှင် ကျွန်မကို လာရှာတာလား” ယွင်ကျန့်က သူ့ကို မေးလိုက်သည်။

 

 

“မင်း ငါ့ကိုအမြဲတမ်း ပစ်ထားတယ်၊ ငါ့မှာ မနေနိုင်မထိုင် ခံစားနေရတာ၊ အဲ့ဒါနဲ့ လေယာဉ်လက်မှတ်ဝယ်ပြီး မင်းကို ရှာတွေ့ဖို့ အပြေးလေး လာခဲ့လိုက်တယ်” ထန်ယီက အလွန်ယုံကြည်စိတ်ချစွာ ပြန်ပြောလိုက်သည်။ သူသည် သူ့ကောင်မလေးနှင့် အေးတိအေးစက် တိုက်ပွဲကို တိုက်မည့်လူစားမျိုး မဟုတ်ပေ။

 

 

“အဲ့တော့?”

 

 

“ဘာလို့ မင်းဆီကို မလာရမှာလဲ?!”

 

 

“အစ်ကိုကြီးထန်က ကျွန်မဆီ ဒီလိုလာတယ်ပေါ့ ဒါက ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား”

 

 

ထန်ယီက ထိုစကားကို နားထောင်ပြီးနောက် ရယ်မောလိုက်ပြီး လက်ထဲက ပစ္စည်းများကို စင်ပေါ်ပြန်တင်ကာ ယွင်ကျန့်ဆီသို့ လျှောက်လာပြီး သူမကို စိုက်ကြည့်ကာ “ဘာလို့လဲ မနာလိုဖြစ်နေတာလား” ဟုမေးလိုက်သည်။

 

 

ယွင်ကျန့်သည် ချက်ချင်းဆိုသလိုပင် ဘာပြန်ပြောရမှန်းမသိဖြစ်သွားကာ အပြစ်မကင်းသည့်စိတ်ဖြင့် ငြင်းဆိုနေရင်း အခြားတစ်နေရာကို အကြည့်လွှဲထားကာ “ဘာမှမဟုတ်ပါဘူး”

 

 

“ငါသူ့ကို ငြင်းလိုက်တယ်၊ ဒါပေမယ့် သူ့ကြည့်ရတာ ဘယ်တော့မှ အရှုံးမပေးမဲ့ပုံပဲ”

 

 

ဤစကားသည် တကယ်ကို မှတ်သားဖွယ်ရာ ဖြစ်နေသည်။ ဆုထုံယုသည် ထန်ယီကို သဘောကျသော်လည်း ထန်ယီက ငြင်းခဲ့သည်။

 

 

ဤသတင်းကို Weibo မှာ တင်မည်ဆိုလျှင် Weibo မှာ ခေါင်းစဉ်ကြီးဖြစ်သွားမည်ဟု ခန့်မှန်းမိသည်။ ထို့အပြင် နှစ်ဖက်စလုံးမှ ပရိသတ်များသည် နေ့ရောညပါ မအိပ်ပဲ တစ်ယောက်ကိုတစ်ယောက် ရူးသွပ်စွာ စုတ်ဖြဲ တိုက်ခိုက်ကြမည်ဖြစ်သည်။ “သူ ...တကယ်ပဲ ရှင့်ကို ဖွင့်ပြောခဲ့တာပဲ...” ယွင်ကျန့်က အလွန်အံ့သြသွားသည်။

 

 

“အင်း၊ ငါက ဆွဲဆောင်မှုရှိတာကိုး” ထန်ယီက သူမကို ပွေ့ဖက်ဖို့ သူ့လက်ကို ဆန့်ထုတ်ပြီး ဝမ်းသာအားရနှင့် “အဲ့တော့ ဒီရက်ပိုင်း ငါ့ကို ပစ်ထားတာက မင်းမနာလိုဖြစ်နေလို့မလား”

 

 

သူမသည် ထန်ယီကို ချက်ချင်း တွန်းထုတ်လိုက်သော်လည်း ထန်ယီက လုံးဝ ရွေ့မသွားပဲ ခေါင်းငုံ့ကာ နမ်းလိုက်သည်။

 

 

ပုံမှန်အားဖြင့် ထန်ယီကို အဝေးသို့ တွန်းပို့ခြင်းသည် ဖြစ်သင့်သည်ဟု ယူဆ၍ရနိုင်သည်။ သို့သော် ယနေ့တွင် အခါအခွင့်သင့်တုန်း အခွင့်အရေးယူချင်သလိုမျိုးဖြစ်ကာ လက်များက အနည်းငယ် ရွှေ့ဖို့ မတတ်နိုင်ဖြစ်နေသည်။ လက်များကိုဆန့်ထုတ်ရလောက်သည့်အထိ ဤမျှလှပသော ကြွက်သားများဖြစ်နေသည်။ ကိုင်ကြည့်ချင်လား ဒါမှမဟုတ် မကိုင်မိအောင် နေရမလား။

အခွင့်ကောင်းယူပြီး ထန်ယီရင်ဘတ်ပေါ် သူမလက်ကို ဖိထားမိသွားပြီးနောက် လက်ကို အမြန်ပြန်ရုတ်လိုက်သည်။

 

 

ထိုသို့လုပ်လိုက်မိသည့် ရလဒ်အနေနှင့် ထန်ယီက သူမကို ဆက်နမ်းခဲ့ပြီး အနမ်းက အလွန်ပြင်းထန်လာခဲ့သည်။

ဒါဟာ နောက်ထပ် စွဲမက် ရှည်ကြာသော အနမ်းတစ်ခုဖြစ်ပြီး ယွင်ကျန့် ကိုယ်တိုင်တောင် ဘယ်လောက်ကြာကြာနမ်းမိသွားမှန်း မပြောတတ်တော့ပေ။

 

 

အသက်ရှုကြပ်ပြီး သူမ၏မျက်နှာတစ်ဝိုက်တွင် နွေးထွေးသော အသက်ရှုသံထုတ်သည့်လေများ ပျံ့နှံ့သွားကာ သူမသည် ဖော်မပြနိုင်သော မူးဝေခြင်းကို ခံစားလိုက်ရသည်။

 

 

ထန်ယီမှာ နမ်းရသည်ကို ကျင့်သားရနေပုံရသော်လည်း အနမ်းတိုင်းသည် ထူးခြားသော အတွေ့အကြုံတစ်ခုနှင့်တူသည်၊ နမ်းသည့်အချိန်တိုင်းလည်း အနည်းငယ် ကွဲပြားခြားနားသည်။

 

 

ထန်ယီကို သဘောကျနေသောကြောင့် ထန်ယီကို သူမ ငြင်းမည်မဟုတ်ပေ။

 

 

ဤသို့ဖြစ်နေခြင်းသည် အနည်းငယ်မှားယွင်းနေသည်ဟု သူမအမြဲခံစားမိပေမယ့်လည်း သူမ ထိုအရာကို စွဲလန်းနေမိသည်။ ထန်ယီက သူမကို ပွေ့ဖက်ပြီး ဆိုဖာပေါ် မတင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို သူမအပေါ် မိုးလိုက်သည့်အခါ ယွင်ကျန့်မှာ အသိစိတ်များ ပြန်ဝင်လာပြီး အနမ်းကိုရပ်တန့်ရန် ထန်ယီ၏ ရင်ဘတ်ကို ဆက်တိုက်တွန်းနေကာ “မဖြစ်ဘူး! ရှင် လွန်လွန်းနေပြီ!”

 

 

ထန်ယီက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ့မျက်လုံးများက ရမ္မက်များ ပြည့်နှက်နေသည်။ အသား အနံ့ရထားသော အသားစားသတ္တဝါသည် မည်သို့ အလွယ်တကူ ရပ်တန့် နိုင်မည်နည်း။

 

 

“ဘာဖြစ်တာလဲ?” သူကမေးလိုက်သည်။

 

 

“ဒီ့ထက်ပိုပြီး မလုပ်နဲ့တော့”

 

 

“ဘာလို့ ဒီ့ထက်ပိုပြီး မလုပ်ရမှာလဲ”

 

 

“ရှင်...ဒီည ဘာလုပ်မှာလဲ၊ ရှင် အိမ်ပြန်မှာမလား”

 

 

“ဟာ?!” ထန်ယီက ယွင်ကျန့်ကို စိုက်ကြည့်ရင်း "ဒါဆို ငါတို့က Plato ထိုင်ကစားရမှာလား”

 

 

(Plato သည် အချိန်နှင့်တပြေးညီ ကစားသူအများအပြား ဝင်ရောက်ကစားနိုင်သည့် ဂိမ်းများအတွက် ဖန်တီးထားသည့် ပထမဆုံး messenger appအဖြစ် အလင်း၏အမြန်နှုန်းဖြင့် chatနှင့်ဂိမ်းများကို ပေါင်းစပ်ထားသည်)

 

 

“ရှင် ကျွန်မနဲ့ နေချင်တာ ဖြစ်နိုင်ပါ့မလား” ယွင်ကျန့်က အံ့သြစွာမေးလိုက်သည်။ သူမလိုမျိုး အပျိုကြီးနှင့် နှစ်ယောက်တည်းနေဖို့ မသင့်တော်ဖြစ်မှာကို စိုးရိမ်နေတာလား။

 

 

“အဝေးကြီးကနေ လေယာဉ်နဲ့ ပြန်လာခဲ့တာ မင်းကို တွေ့ချင်လွန်းလို့၊ ဒါပေမယ့် မင်းကတော့ ငါ့ကို အိမ်ပြန်ခိုင်းနေတယ်။ မင်းရည်းစားကို ဒီလိုလုပ်စရာလား” ထန်ယီက အနည်းငယ် မကျေမနပ်ဖြစ်ကာ တိုက်ရိုက်မေးလိုက်သည်။

 

 

ယွင်ကျန့် အံ့အားသင့်သွားပြီး “ရည်းစား?”

ယွင်ကျန့်၏ အမူအရာကို ကြည့်ရင်း ထန်ယီက မျက်မှောင်မကြုတ်ပဲ မနေနိုင်ပေ။

 

 

 “ဘာ?” “ရှင့်ရည်းစားဆိုတာ ကျွန်မကို ပြောတာလား”

 

 

ထန်ယီသည် နောက်ဆုံးတော့ တစ်စုံတစ်ခုကို နားလည်သွားပြီး “ဒါဆို မင်း ငါ့ကို မင်းရဲ့ ချစ်သူရည်းစားအဖြစ် မသတ်မှတ်ဘူးမလား”