အပိုင်း ၁
Viewers 8k

ဇူလိုင်လအစောပိုင်း၏ နေဝင်ချိန် ညနေဆည်းဆာကောင်းကင်ယံတွင် ခရမ်းရောင် တိမ်စိုင်တိမ်လိပ်များက ဝင်လုဆဲဆဲနေမင်းကြီးကို တစ်ဝက်တစ်ပျက် ဖုံးအုပ်နေသည်။ စာသင်ခန်းဟောင်းလေးထဲတွင် ပြင်းထန်သောနွေရာသီအပူဒဏ်ကို တိုက်ထုတ်ပေးနေသည်မှာ တကျွိကျွိမြည်နေသော သံပန်ကာလေးတစ်လက်သာဖြစ်၏။
ဤအချိန်ကာလက ခရိုင်တစ်ဝှမ်းလုံး၌ နောက်ဆုံးစာမေးပွဲဖြေဆိုပြီး၍ သုံးရက်မြောက်နေ့ဖြစ်သည်။ ချင်းရွှေခရိုင်၊ အ.ထ.က (၁) စံပြအတန်းရှိ ကျောင်းသားများမှာ နွေရာသီအားလပ်ရက်ကုန်ဆုံးရန်သာ စိတ်ရောက်နေကြသော်လည်း စင်မြင့်ပေါ်ရှိဆရာက ထိုင်လျက် မလွတ်တမ်းစိုက်ကြည့်နေသဖြင့် သူတို့အားလုံး စင်မြင့်ပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်ကို မမှိတ်မသုန်ကြည့်နေကြရသည်။
ဖန်သားပြင်ပေါ်တွင်မူ ကီလိုမီတာထောင်ချီဝေးသောအရပ်မှ စာသင်ခန်းတစ်ခန်းဖြစ်၏။
ဝမ်းဟွာ အ.ထ.က (၁)၊ ပထမနှစ်အတန်းမှ သင်္ချာဆရာသည် သင်္ချာပုစ္ဆာများကို တက်ကြွစွာရှင်းပြလျက်ရှိနေပြီး ကျောက်သင်ပုန်းကမူ ပုံသေနည်းများဖြင့် ပြည့်နှက်နေသည်။ သင်္ချာဆရာ၏စကားပြောနှုန်းက အလွန်မြန်လှပြီး စာသင်ချိန်တစ်ချိန်လုံးတွင် မည်သည့်ကျောင်းသားမှလည်း မေးခွန်းတစ်လုံးတစ်လေမျှ ထမမေးခဲ့ကြချေ။ သူတို့အတွက် ဤပုစ္ဆာတွေလောက်လွယ်တာ မရှိတော့သည့်အလားပင်။
သို့သည့်တိုင် ချင်းရွှေ အ.ထ.က(၁) မှ ကျောင်းသားများအတွက်မူ ဤပုစ္ဆာများက S-Level အဆင့်ရှိ အခက်တကအခက်ဆုံးမေးခွန်းများပေ။ ၎င်းပုစ္ဆာများကို ဝမ်းဟွာ အ.ထ.က (၁)ရှိ ဉာဏ်ကြီးရှင်ကျောင်းသားများက သင်္ချာစွမ်းရည်တိုးတက်အောင် လေ့ကျင့်သင်ကြားနေကြခြင်းဖြစ်သည်။
ဆင်းရဲနွမ်းပါးသော ခရိုင်ကျောင်းသားများအတွက်မူ ၎င်းပုစ္ဆာများက သူတို့လိုက်မှီနိုင်သည့် အကန့်အသတ်အတွင်းတွင် မရှိသောကြောင့် စာကိုအလေးအနက်ထားပြီး နားမထောင်ကြချေ။
အဘယ်ကြောင့်ဆို သူတို့တစ်လုံးတစ်လေမျှ နားမလည်ကြသောကြောင့်ပင်။
တစ်ဦးတည်းသော ကျောင်းသားလေးတစ်ယောက်သာလျှင် အစမှအဆုံးထိ ဂရုတစိုက်နားထောင်နေခဲ့ပြီး ကျောက်သင်ပုန်းပေါ်မှ တွက်ချက်နည်း၊ ပုံသေနည်းများကို သူ့မှတ်စုစာအုပ်ထဲသို့ သပ်သပ်ရပ်ရပ်ကူးရေးနေသည်။ သူ၏ ပိန်ပိန်ပါးပါး ပုခုံးနောက်ကျောရှိ အဖြူရောင်တီရှပ်မှာ ချွေးများဖြင့် ရွှဲနစ်နေသည်။ ချွေးစက်များ မှတ်စုစာအုပ်ပေါ်သို့ ကျမလာအောင် နဖူးပေါ်ရှိချွေးစများကို သူ့လက်ခုံဖြင့် သုတ်လိုက်သည်။
"ငါကြားလာခဲ့တာတော့ နောက်ဆုံးစာမေးပွဲရလဒ်တွေက မနက်ဖြန်ထွက်မယ်တဲ့…"
လျိုရွေ့က စင်မြင့်ပေါ်တွင် ခေါင်းငုံ့ကာအိမ်စာစစ်နေသော ဆရာ့ထံ တစ်ချက်လှမ်းအကဲခတ်လိုက်ပြီးနောက် သူ့နံဘေးတွင် အသည်းအသန် စာကုန်းရေးနေသည့် ထိုင်ခုံဖော်လေးကို တိုးတိုးတိတ်တိတ် သတင်းစကားပါးလိုက်သည်။
ထောင်ရှီး နောက်ဆုံးစာကြောင်းကို ကူးရေးပြီးသွားချိန်တွင် ဖန်သားပြင်ပေါ်မှဆရာက အတန်းဆင်းသွားလေပြီ။ သူ ဂျယ်လ်ဘောပင်ကိုခုံပေါ်ချလိုက်ပြီး မှတ်စုစာအုပ်ကိုပိတ်လိုက်သည်။ သူ လျိုရွေ့ကိုလှည့်ပင်မကြည့်ဘဲ “သြော်” ဟူ၍သာ ခပ်လေးလေးတုံ့ပြန်လိုက်သည်။
ထောင်ရှီးက ခေါင်းငုံ့ကာ ဘောပင်ကိုပြန်ကောက်ကိုင်လိုက်ပြီး အဖုံးကိုတစ်ဖန်ပြန်ဖွင့်လိုက်၊ ပြန်ပိတ်လိုက်နှင့် ထပ်ကာတလဲလဲလုပ်နေကြောင်း လျိုရွေ့မြင်လိုက်ရ၏။ ဤလူမှာ တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း စင်စစ်တွင် စိတ်လှုပ်ရှားလွန်းသဖြင့် ခြေချောင်းများပါ မြေကြီးထဲကုပ်ဝင်မတတ်ဖြစ်နေမှန်း သူ သိလိုက်သည်။ သို့နှင့် လျိုရွေ့ကပင်ပြောလိုက်လေ၏။
" မင်းက ဉာဏ်တအားကောင်းတာ ၊ ပြီးတော့ တအားလည်း ကြိုးစားတယ်။ ခရိုင်အဆင့်ပထမက သေချာပေါက် မင်းပဲရမှာပါဆိုနေ ငါလောင်းရဲတယ်…"
နောက်ဆုံးစာမေးပွဲတွင် ထောင်ရှီး ပထမနေရာကို မည်မျှအားခဲထားမှန်း တစ်တန်းလုံးသိကြသည်။ ဤတစ်နှစ်လုံးတွင် ထောင်ရှီးက နေ့ရောညပါမပျက် ရူးသွပ်လုနီးပါး စာလေ့လာခဲ့ပြီး သူ့အဆင့်များကလည်း ထိပ်ဆုံးသုံးနေရာ၌သာ အပိုင်စီးထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တစ်ခရိုင်လုံးစာမေးပွဲတွင် ပထမရသူသည် ဝမ်းဟွာ အ.ထ.က(၁) ကျောင်းသို့ “ရပ်ဝေးပညာတော်သင်”အဖြစ် တစ်နှစ်ပညာသင်ကြားခွင့်ရမှာကြောင့်ပဲဖြစ်လေသည်။
လွန်ခဲ့သောတစ်နှစ်က တရုတ်ပြည်တောင်ပိုင်း၊ တောင်တန်းဒေသတွင်တည်ရှိသော ဆင်းရဲနွမ်းပါးသည့် ချင်းရွှေခရိုင်လေးသည် နိုင်ငံအဆင့်နာမည်ကြီးကျောင်း ဝမ်းဟွာ အ.ထ.က(၁) ကျောင်းနှင့် “တိုက်ရိုက်ထုတ်လွှင့်မှု သင်ကြားရေး” စနစ်ကို ပူးပေါင်းချိတ်ဆက်မှုပြုလုပ်ခဲ့သည်။ အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီများ၏ ငွေကြေးထောက်ပံ့မှုဖြင့် ချင်းရွှေ အ.ထ.က(၁) ကျောင်းက စာသင်ခန်းတိုင်းကို တိုက်ရိုက်ထုတ်လွှင့်ရာတွင်လိုအပ်မည့် ကိရိယာတန်ဆာပလာများ တပ်ဆင်စေခဲ့သည်။ ဤသို့ဖြင့် ကျောင်းသားများမှာ ဝမ်းဟွာ အ.ထ.က(၁) မှ ကျောင်းသားများနှင့်အတူ တစ်ပြိုင်တည်း အတန်းတက်ရောက်ခွင့်ရခဲ့ကြသည်။ ခရိုင်ဝန်ကြီးကတော့ ဤပူးပေါင်းချိတ်ဆက်မှုကနေ “ပထမတန်းစားတက္ကသိုလ်ကို ဝင်ခွင့်အောင်သူမရှိခြင်း” ဟူသော ခရိုင်၏မျက်နှာပျက်ရမှုကို ပယ်ဖျက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
သို့သည့်တိုင် ကျောင်းနှစ်ကျောင်း၏ကွာဟချက်က လွန်စွာကြီးမားလွန်းနေ၏။ အပြိုင်စာသင်ခန်းမှ ကျောင်းသားများသည် ဝမ်းဟွာကျောင်းမှ ကျောင်းသားများကို လုံးဝလိုက်မမှီပေ။ များစွာသောကျောင်းသားများမှာ ကြီးမားသည့်ကွာဟချက်ကြီးကြောင့် အပြင်းအထန်စိတ်ဓာတ်ကျကာ အဆင့်များပင်ဆိုးဆိုးဝါးဝါး ထိုးကျကုန်တော့သည်။
နှစ်ဝက်ကုန်ပြီးနောက်တွင် ချင်းရွှေ အ.ထ.က(၁) ကျောင်းသည် ထိပ်ဆုံးအဆင့် ကျောင်းသားတစ်ချို့တစ်ဝက်ကိုသာ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းနှင့် အပြိုင်ဆက်လက်သင်ယူစေတော့သည်။ ကျန်‌ကျောင်းသားများက ကျောင်းမှဆရာ၊ ဆရာမများနှင့် သင်ကြားနေရစဉ် ထိပ်ဆုံးအယောက်ငါးဆယ်ဝင် ကျောင်းသားများကမူ ဝမ်းဟွာ အ.ထ.က(၁)ရှိ အကောင်းဆုံးစာသင်ခန်း၏သင်ကြားရေးသင်ရိုးအတိုင်း သင်ကြားခွင့်ရလေသည်။ ခရိုင်တစ်ဝှမ်းလုံးတွင် ဤစံပြအတန်းမှ ကျောင်းသားများသာလျှင် တက္ကသိုလ်ကောင်းကောင်း၌ ဝင်ခွင့်ရရန် အလားအလာရှိသူများဖြစ်ကြသည်။
ထောင်ရှီးက ဤစံပြအတန်းမှ ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူ ဂျယ်လ်ဘောပင်အဖုံးကို နောက်ဆုံးအကြိမ်အဖြစ်ပိတ်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်ကာ ဘာစကားမှပြောမလာခဲ့ချေ။
ဒီရက်ပိုင်းအတွင်း သူမည်မျှစိတ်ဖိစီးနေခဲ့ရကြောင်း သူသာလျှင်သိသည်။
နောက်အတန်းချိန်က အင်္ဂလိပ်စာအတန်းချိန်ဖြစ်သည်။ အတန်းဆင်းခေါင်းလောင်းတီးသည်နှင့် ပျင်းရိနေကြသော ကျောင်းသားများ ချက်ချင်းဆိုသလို တက်ကြွလာကြသည်။
ထောင်ရှီးလည်း ကျောကိုမတ်မတ်ထားလိုက်ပြီး ဖန်သားပြင်ကို မျက်လုံးလေးအပြူးသားဖြင့် ကြည့်လိုက်သည်။
ဖန်သားပြင်ပေါ်တွင် လှပကြော့ရှင်းသော ခပ်ငယ်ငယ်ဆရာမလေးတစ်ယောက် ဝင်လာသည်။ တစ်ချိန်တည်းဆိုသလို ကျောင်းသားကျောင်းသူများ၏ အချင်းချင်း တွတ်ထိုးစကားသံများ ကျွတ်စီကျွတ်စီထွက်လာလေသည်။ ကျောင်းသူများက ဆရာမ၏ဝတ်စုံအသစ်လေးအကြောင်း အားကျစွာ ပြောနေကြသည်။ ကျောင်းသားများကမူ တစ်ယောက်ကိုတစ်ယောက် မျက်လုံးအကြည့်ဖြင့် အချက်ပေးလိုက်ကြပြီး ပြုံးစိစိလုပ်နေကြသည်။
သူတို့ကျောင်းမှ အင်္ဂလိပ်ဆရာက ချောင်းဟန့်၍ ခပ်မာမာတစ်ချက်ဟောက်လိုက်သည်။
“ စာသင်နေတာကို အာရုံစိုက်ကြစမ်း…”
ရပ်ဝေးသင်ကြားသည့်ဤတစ်နှစ်လုံးတွင် သူတို့စံပြအတန်းက ဝမ်းဟွာတန်းခွဲ (၁)၏ မမြင်ရသော ကိုယ်ပျောက်အတန်းဖော်များကဲ့သို့ ဖြစ်လာခဲ့၏။ သူတို့အားလုံး ဝမ်းဟွာတန်းခွဲ(၁)က ဆရာများနှင့် ကျောင်းသားတော်တော်များများ၏နာမည်ကို သိထားကြသည်။ ဥပမာအားဖြင့် ဖန်သားပြင်ပေါ်တွင် စာသင်ကြားနေသော ခပ်လှလှဆရာမလေး၏အမည်က ပိအောက်ရွှယ်ဖြစ်သည်။ အမည်ပြောင်ကမူ ဖွားဖွားလေးပိဖြစ်လေ၏။
သို့တိုင် ဝမ်းဟွာ အ.ထ.က(၁) ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကမူ သူတို့ကို သိနိုင်မည်မဟုတ်မှန်းလည်း သူတို့သိထားကြပါ၏။
သူတို့အားလုံး အခြားကမ္ဘာကို မျှော်ကြည့်နေရသည့်ပမာ ဖန်သားပြင်ကို ကြည့်နေကြရသည်။
ထောင်ရှီးလည်း ဖန်သားပြင်ကို စူးစိုက်ကာကြည့်နေသည်။ သူက အင်္ဂလိပ်ဆရာမကို ကြည့်နေခြင်းတော့မဟုတ်၊ တစ်စုံတစ်ယောက်ပေါ်လာမည်ကို စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။
" လင်ချင်းဟယ် ၊ ရှင်လေး နောက်ကျရတာကို တအားစွဲလမ်းနေသလားရှင်..."
ဖန်သားပြင်ပေါ်မှ ပိအောက်ရွှယ်က ရုတ်တရက် တံခါးဘက်ကို လှည့်ကြည့်ကာပြောလိုက်သည်။ သူမ၏လေသံက ပြစ်တင်ဆူငေါက်ခြင်းမပါဘဲ စနောက်နေသည့်သဘောမျိုးသာ ဖြစ်သည်။
ထောင်ရှီး၏မျက်တောင်များ တုန်ယင်သွားပြီး လက်ထဲက ဘောပင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ဖန်သားပြင်ကို မလှုပ်မယှက် ကြည့်နေမိသည်။
“ စည်းကမ်းထုံးစံအတိုင်းပဲ ဒီစကားပြေကို အသံထွက်ဖတ်ပြီးမှ ကိုယ့်နေရာကိုယ်သွားထိုင်…”
ပိအောက်ရွှယ်က စာအုပ်တစ်အုပ်ကိုကောက်ကိုင်လိုက်ကာ အလျဉ်းသင့်သည့် စာမျက်နှာကိုလှန်လိုက်ပြီး စတိတ်စင်မြင့်ပေါ် တက်လာနေသော အရပ်မြင့်မြင့်ကျောင်းသားလေးထံ လက်လွှဲပေးလိုက်သည်။
ဒီဘက်ရှိ ချင်းရွှေ အ.ထ.က (၁) စံပြအတန်းမှာ ရုတ်တရက်ကြီး ဆူဆူညံညံဖြစ်သွားသည်။ ကျောင်းသူလေးများက လင်ချင်းဟယ်အမည်ရှိ ကျောင်းသားလေး၏အကြောင်းကို တိုးတိုးတိတ်တိတ်ဆွေးနွေးကုန်ကြသည်။
ဝမ်းဟွာ အ.ထ.က(၁) ၏ ကျောင်းယူနီဖောင်းဖြစ်သည့် ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားသော ရုပ်ချောချောကောင်လေးသည် အင်္ဂလိပ်ဆရာမထံမှ စာအုပ်ကို မျက်နှာသေဖြင့် လှမ်းယူလိုက်ပြီး အင်္ဂလိပ်စာပိုဒ်တစ်ပိုဒ်ကို ခပ်တည်တည်ကောက်ဖတ်လိုက်သည်။
ချင်းရွှေခရိုင်မှ ကျောင်းသူလေးများမှာ သူရွတ်ဖတ်သွားသမျှကို နားလည်းမလည်၊ သူ၏ အင်္ဂလိပ်အသံထွက်က မည်မျှပီသကြောင်းကိုလည်း မသိကြသည့်တိုင် လူငယ်လေး၏မျက်နှာကို အငေးသားကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် အင်မတန်ကြည့်ကောင်းနေ၍ပင်။
ထောင်ရှီးကလည်း ဖန်သားပြင်ကို မျက်နှာမလွှဲစတမ်း စိုက်ကြည့်နေသည်။ သူ့လက်ထဲရှိဘောပင်လေးကမူ ဖန်သားပြင်ပေါ်က ကြားရသမျှအင်္ဂလိပ်စာများကို စာရွက်ပေါ် ခပ်သော့သော့ ကူးရေးနေသည်။ သူနှင့် မရင်းနှီးသည့်စာလုံးများပါလျှင် အနီးစပ်ဆုံး အသံထွက်ကိုသာ အကြမ်းဖျင်းချရေးလိုက်သည်။
သူ့တွင် အလွန်ကောင်းမွန်သော မှတ်ဉာဏ်မျိုးရှိသဖြင့် စာဖတ်နှုန်းက အင်မတန်မြန်နေလျှင်တောင်မှ အနီးစပ်ဆုံးကို ကူးရေးနိုင်စွမ်းရှိလေသည်။
ဖန်သားပြင်ပေါ်ရှိ လူငယ်လေး စာဖတ်၍ပြီးစီးသွားသောအခါ ပိအောက်ရွှယ်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ထိုအခါ လူငယ်လေးလည်း စတိတ်စင်ပေါ်မှ ဆင်းသွားကာ ဖန်သားပြင်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။
“ ရှီးကော၊ မင်းပါလိုက်မှတ်နေတာလား။ မလိုဘူးနော်၊ အဲ့ဒါက ကျောင်းနောက်ကျတဲ့လူတွေအတွက် ဖွားဖွားလေးပိက အပြစ်ပေးတာ…”
လျိုရွေ့က ပိအောက်ရွှယ်၏အမည်ပြောင်အား ခေါ်ရသည်ကို နှစ်သက်လေ့ရှိသည်။ မသိလျှင် ဖန်သားပြင်ပေါ်က စာသင်ခန်းထဲတွင် ကိုယ်တိုင်ကိုယ်ကျ ထိုင်နေရသည့်အလားပင် ထင်မှတ်ရမည်။ ထောင်ရှီးက ဖန်သားပြင်ပေါ်မှ သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး စာရွက်ပေါ်တွင် အကြမ်းခြစ်ထားသည့် မှတ်စုများဆီသို့ အကြည့်ပို့လိုက်သည်။ ပြီးနောက် အလိမ်အညာ စကားတစ်ခွန်းကို‌ ပြောလိုက်၏။
“ ငါအကြားစွမ်းရည်ကို လေ့ကျင့်နေတာ…”
“ မင်းကတော့ တကယ့်အံ့ဖွယ်ပဲ…” လျို့ရွေ့က လက်မထောင်ပြလိုက်သည်။
နောက်ဆုံးအတန်းချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အတန်းဆင်းခေါင်းလောင်းတီးသည်နှင့်တစ်ပြိုင်နက် ညစာတန်းစီးရင်းအချိန်မကုန်ရအောင် ကျောင်းသားများအားလုံး ကန်တင်းကို သုတ်ခြေတင်ပြေးသွားကြသည်။ ထောင်ရှီးလည်း လျှိုရွေ့နှင့်အတူ အတန်းဆင်းမည်ပြုစဉ် အတန်းပိုင်ဆရာ ဖုန်းယွမ်က တံခါးဝတွင် ရုတ်တရက်ပေါ်လာပြီး သူ့ကို လမ်းခုလတ်တွင် ကြားဖြတ်ဝင်တားလိုက်သည်။ လျှိုရွေ့က အရိပ်ပင်မမြင်ရအောင် လှစ်ခနဲထွက်ပြေးသွားသည်။ ထောင်ရှီးက သူ၏အဖိုးတန်အချိန်များ မကုန်ဆုံးစေရန်အလို့ငှာ မျက်နှာကိုပြုံးပြုံးလေးထားလျက် ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။
“ ဖုန်းလောင်ရှီး၊ ဘာကိစ္စရှိလို့လဲဗျ…”
ဖုန်းယွမ်က စံပြအတန်း၏အတန်းပိုင်ဆရာဖြစ်ပြီး ချင်းရွှေ အ.ထ.က(၁)ကျောင်းတွင် ဝါရင့်သမ္ဘာအရင့်ဆုံး ဆရာတစ်ယောက်လည်းဖြစ်သည်။ ကျောင်းသားများမှာ ကျောင်းအုပ်ဆရာကြီးထက်တောင် ဤအတန်းပိုင်ဆရာကို ပိုကြောက်ကြရသည်။ ဆရာက ချွေးများရွှဲနစ်နေသည့် ရှပ်အင်္ကျီနွမ်းနွမ်းတစ်ထည်ကို ဝတ်ဆင်ထားပြီး မျက်နှာက တည်တင်းနေသော်ငြား မျက်ခုံးတန်းများတွင်မူ ပျော်ရွှင်မှုအရိပ်ယောင်လေး ရေးရေးမျှမျှထင်ဟပ်နေသည်။ သူက ချောင်းဖွဖွဟန့်ကာ ပြောလာ၏။
“ မင်းငါနဲ့လိုက်ခဲ့…”
……..
ပုဇွန်ဆီရောင်သန်းနေသော နေဝင်ဆည်းဆာချိန်ကို မြူနှင်းဝေနေသောတောင်တန်းများနှင့် မှောင်ရီပျိုးစ ခရမ်းရင့်ရောင် ကောင်းကင်ကြီးက တဖြည်းဖြည်းဝါးမျိုလို့သွားသည်။ ရွှံ့ဗွက်ထူနေသော ကစားကွင်းထဲတွင် ပြေးလွှားဆော့ကစားနေသော ခြေရာများနှင့် ဘတ်စကတ်ဘောလုံးတို့ကြောင့် ဖုန်တလုံးလုံးထနေသည်။
ထောင်ရှီး ကစားကွင်းတစ်ဝိုက် ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ သူ့နှလုံးအိမ်ကမူ သဲကြီးမဲကြီး ခုန်ပေါက်နေသည်မှာ ပြန်လည်တည်ငြိမ်မည်ပုံတောင် မပေါ်တော့ချေ။ ဘတ်စကတ်ဘောလုံးတစ်လုံးက ရုတ်တရက်ကြီး သူ့ကို လာရောက်ထိမှန်သောအခါမှ ဗိုက်ဆာလွန်း၍ သူ့ဗိုက်ထဲက ဂွီခနဲ အသံမြည်လာသံကို သတိထားမိတော့သည်။
“ယို့၊ အတန်းဖော်လေး မင်းအဆင်ပြေရဲ့လား…”
ဘတ်စကတ်ဘောကစားနေသော ဒုတိယနှစ်ကျောင်းသားတစ်ယောက်က ခပ်ကျယ်ကျယ်အော်လျက် ဘတ်စကတ်ဘောကို ပြန်ကောက်ရန် ပြေးလာသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့မျက်စိရှေ့ကလူက ပထမနှစ် စံပြအတန်းမှ ထောင်ရှီးဖြစ်နေကြောင်း သူ တန်းသိလိုက်သည်။ ဤလူက ပိန်ပိန်ပါးပါးနှင့် ပန်းတစ်ပွင့်အလား နုနယ်ဟန်ရှိကာ မသိလျှင် ဟိတ်ကြီးဟန်ကြီးများသူဟုထင်ရသော်လည်း အမှန်တကယ်တွင်မူ သူ့အဆင့်များက သာမှန်မဟုတ်သလို၊ ဘတ်စကတ်ဘောစွမ်းရည်နှင့် တိုက်ခိုက်သတ်ပုတ်စွမ်းရည်ကလည်း သာမန်မဟုတ်သော ကပ်ဆိုးနတ်ဘုရားဖြစ်နေသည်။
သူ့ အားကစားအသင်းထဲက ညီလေးတစ်ယောက်သည် ထောင်ရှီး၏ညီမ ထောင်လဲ့နှင့် အလယ်တန်းကျောင်းချင်းတူကြသည်။ လွန်ခဲ့သည့်တစ်လက ထောင်လဲ့ကို အနိုင်ကျင့်သောအမှုဖြင့် ထောင်ရှီးက ထိုညီလေးကို ကောင်းကောင်းဆုံးမပေးလိုက်ရာ ထိုညီလေးမှာ ရက်အနည်းငယ်ကြာသည်အထိ ကျောင်းမလာရဲခဲ့ပါချေ။ အလယ်တန်းကျောင်းက ဆရာ၊ဆရာမများကလည်း ကျောင်းသားဟောင်းဖြစ်သည့် ထောင်ရှီးဘက်ကသာ ကာကွယ်ပေးခဲ့ကြသည်။
ဒုတိယနှစ်ကျောင်းသားမှာ တစ်ကျောင်းလုံးက ဆရာ၊ ဆရာမများ၏ အချစ်တော်လေးဖြစ်သည့် ကပ်ဆိုးနတ်ဘုရားကို ရန်သွားမစရဲသောကြောင့် တောင်းပန်စကားသာ ဆိုလိုက်သည်။ သို့တိုင် ထောင်ရှီး၏မျက်နှာက တင်းမာနေဆဲဖြစ်ကာ နက်စွေးနေသော မျက်ဝန်းများကမူ မည်သည့်ခံစားချက်မှပေါ်မနေပေ။ သို့သော် သူ့နှုတ်ခမ်းစွန်းလေးများကကွေးတက်လာပြီး ထူးထူးဆန်းဆန်းပြုံးလိုက်လေသည်။
“ ဒီကောင် ရူးများနေသလားပဲ…”
ဒုတိယနှစ်ကျောင်းသားက ခပ်တိုးတိုးရေရွတ်ပြီး ဘတ်စကတ်ဘောကိုကိုင်လျက် ထွက်ပြေးသွားသည်။
ထောင်ရှီးက လက်ကောက်ဝတ်ပေါ်ရှိ လျှပ်စစ်နာရီလေးကို ငုံ့ကြည့်လိုက်သည်။ ညနေပိုင်း ကိုယ်ပိုင်စာလေ့လာချိန်တောင် နီးနေလေပြီ။ သို့နှင့် သူ ချက်ချင်းလှည့်ထွက်လာကာ စာသင်ခန်းဆီသို့ သုတ်ခြေတင်တော့သည်။ အဆာပြေ ဗိုက်ဖြည့်ရန် ပေါင်မုန့်လေးတစ်ထုပ်တောင် ဝယ်ဖို့အချိန်မရတော့ချေ။
သူစာသင်ခန်းထဲသို့ ရောက်ရောက်ချင်း အတန်းဖော်များက ချီးကျူးသြဘာသံများဖြင့် သူ့ထံ အလောသုံးဆယ်ပြေးလာကြပြီး ကောင်းစားသွားလျှင်လည်း အချင်းချင်းမေ့မသွားကြဖို့ ကျယ်လောင်စွာ အော်ဟစ်ပြောနေကြသည်။
" ငါမမှားဘူးကွ။ ရှီးကောက ပထမမှ ပထမပဲ..."
လျိုရွေ့က ပျော်ရွှင်မြူးတူးစွာ ထောင်ရှီးအား ဖက်လျက်ပြောလာသည်မှာ နောက်ဆုံးစာမေးပွဲတွင် ပထမရသည့်လူက သူဖြစ်နေသည့်အလား။
"ထောင်ရှီး၊ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းရောက်သွားရင် ငါတို့ကိုမမေ့ကြေးနော်..."
" တစ်နှစ်ပဲသွားပြီး၊ နောက်ဆုံးနှစ်ကျပြန်လာခဲ့ကွာ..."
" မနာလိုလိုက်တာကွာ၊ ငါဖြင့် ခရိုင်အပြင်ဘက်တောင် တစ်ခါမှမရောက်ဖူးသေးဘူး..."
" မင်းတော့ ဖိအားတွေများတော့မှာပဲ၊ အဲ့ဝမ်းဟွာ အ.ထ.က(၁)က ဉာဏ်ကြီးရှင်တွေက လူကိုမဟုတ်တာကွ..."
"ဟေး၊ ငါတို့ကျောင်းရဲ့ တစ်ဦးတည်းသော အချောဆုံးကောင်လေးက ဝမ်းဟွာ အ.ထ.က(၁) ကျောင်းမှာလည်း ကျောင်းဂုဏ်ဆောင်ဖြစ်မှာပဲကွ..."
ညနေပိုင်း စာလေ့လာချိန်ဘဲလ်တီးလာသည်အထိ ဆူညံပွက်လောရိုက်နေမှုများက ရပ်တန့်မသွားသောကြောင့် ထောင်ရှီးမှာ တိတ်တိတ်ဆိတ်ဆိတ်စာကျက်ရန် မဖြစ်နိုင်တော့ချေ။ သူ အညှိုရောင်အဖုံးနှင့် မှတ်စုစာအုပ်တစ်အုပ်ကို ဖွင့်လိုက်ပြီး ပထမဆုံး စာမျက်နှာပေါ်တွင် အင်္ဂလိပ်စာကြောင်းတစ်ကြောင်းကို ဘောပင်ဖြင့် ချရေးလိုက်၏။
"I won't try to pick the moon. I want the moon to come to me."
" ကျွန်တော် လမင်းကိုခူးဆွတ်ဖို့ မကြိုးစားလိုပါဘူး။ လမင်းကို ကျွန်တော့်ဆီအရောက်လှမ်းခဲ့စေချင်တာပါ"
လွန်ခဲ့သောနှစ်က နွေဦးရာသီနှောင်ပိုင်းကာလ၊ ညနေဆည်းဆာ ရောက်လုရောက်ခင်အချိန်တွင် လင်ချင်းဟယ်ကို ဖန်သားပြင်ပေါ်၌ ပထမဆုံးမြင်ခဲ့ရသည့်နေ့ကို သူ အမြဲတမ်း အမှတ်ရနေခဲ့သည်။
ထိုစဉ်က မိသားစုပြဿနာများကြောင့် သူ စိတ်ဓာတ်အောက်ဆုံးသို့ ထိုးကျနေခဲ့ရာ တိုက်ရိုက်ထုတ်လွှင့်သင်ကြားရေးဆိုသည်ကိုလည်း စိတ်ဝင်စားခြင်း အလျဉ်းမရှိခဲ့ချေ။ အထက်တန်းပထမနှစ် အစောပိုင်းကာလက သူ စာသင်ခန်း၏ နောက်ဆုံးခုံတွင်သာ ကွယ်၍ အမြဲတမ်းလိုလို အိပ်နေလေ့ရှိခဲ့သည်။
အတန်းပိုင်ဆရာ ဖုန်းယွမ်မှာ အစကနဦးက ထောင်ရှီးကို အဓိကကျောင်းသားအဖြစ် လေ့ကျင့်သင်ကြားပေးလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤကျောင်းသားလေး၏ အလယ်တန်းနှစ်ရလဒ်များက အလွန်ကောင်းခဲ့သောကြောင့်ပင်။ သို့သော် ကျောင်းစဖွင့်ချိန်မှစ၍ ဤကလေးက တစ္ဆေတစ်ကောင်နှင့်တူလာလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပါချေ။
ကျောင်းစဖွင့်ပြီး ရက်အနည်းငယ်ခန့်အကြာတွင် ကျောင်းအုပ်ဆရာကြီးသည် ဝမ်းဟွာမြို့ကြီးမှ အလောတကြီးပြန်လာပြီး ကျောင်းသားအားလုံးကို စုဝေးခေါ်ကာ တိုက်ရိုက်ထုတ်လွှင့်သင်ကြားရေးက သူတို့၏ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲစေလိမ့်မည်ဖြစ်ကြောင်း နေပူကျဲတဲအောက်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
" မင်းတို့အားလုံးမှာ တစ်နိုင်ငံလုံးက အကောင်းဆုံးကျောင်းရဲ့ သင်ရိုးတွေအတိုင်း သင်ကြားခွင့်ရှိလာပြီ။ တစ်နိုင်ငံလုံးက အကောင်းဆုံးဆရာတွေ၊ အကောင်းဆုံး အတန်းဖော်တွေနဲ့လည်း ဆုံခွင့်ရှိလာပြီ။ မင်းတို့အားလုံး ဝမ်းဟွာ အ.ထ.က(၁)ကျောင်းက ဆရာ၊ ဆရာမတွေဆီက ပညာကို ကြိုးစားသင်ယူရင် သင်ယူသလောက် ချင်းဟွာတက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်စတဲ့ ပထမတန်းစား တက္ကသိုလ်တွေကိုတောင် ဝင်ခွင့်ရနိုင်တဲ့အထိ အခွင့်အရေးရှိတယ်..."
ကျောင်းအုပ်ကြီး၏ မိန့်ခွန်းစကားကြောင့် ကျောင်းသားအများစုမှာ စိတ်အားထက်သန်တက်ကြွလာကြပြီး တစ်ချို့မှာ မျက်ရည်များပင် ဝဲတက်လာကြရသည်။
ထိုအချိန်က ထောင်ရှီးမှာ ဖုန်တလုံးလုံးထနေသော ကစားကွင်းထဲတွင် မတ်တပ်ရပ်နေရင်း ကျောင်း၏မျက်နှာချင်းဆိုင်အရပ်ရှိ တောင်တန်းကြီးကို ပျင်းရိစွာကြည့်နေခဲ့သည်။ ထိုတောင်တန်းကြီးအနောက်ဘက်၊ မက်မွန်ပွင့်စမ်းချောင်းဟုခေါ်သော ရွာငယ်လေးတွင် သူ့နေအိမ်ရှိသည်။
[ မက်မွန့်ပွင့်စမ်းချောင်းရဲ့ အသံထွက်က ‘ထောင်ရှီးဝမ်း’ လို့ခေါ်ပါတယ်။ ထောင်ရှီးရဲ့နာမည်နဲ့တော့ စုတ်ချက်ခြင်းမတူပါဘူး ]
ဤတောင်ပေါ်ဒေသဖြစ်သော ခရိုင်လေးမှာ လွန်စွာဆင်းရဲနွမ်းပါးလွန်းသောကြောင့် ငှက်များပင် လာရောက်မနားခိုလိုခြင်းမရှိပေ။ ပညာရေးမှာလည်း ခေတ်နောက်ကျလွန်းသဖြင့် နှစ်အတော်ကြာသည်ထိ စာမေးပွဲအောင်မြင်သည့် ကျောင်းသားမရှိခဲ့ပါချေ။ လူတိုင်းက နောက်ဆုံးမှာတော့ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသည့် ရေတွင်းနက်ကြီးထဲကို အသက်ကယ်ကြိုးတစ်ချောင်းကျရောက်လာပြီး ထိုကြိုးကိုမြဲမြဲမြံမြံဆုပ်ကိုင်ထားပါက ကောင်းကင်ယံသို့ တက်လှမ်းနိုင်မည့်သဖွယ် ထိုတိုက်ရိုက်ထုတ်လွှင့်သင်ကြားရေးအပေါ်ကို မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ကြသည်။
သို့သော် ထောင်ရှီးကမူ ကံတရား၏ကျီစားနောက်ပြောင်မှုဟုသာ သတ်မှတ်ခဲ့သည်။ သူ တောင်တန်းကြီးကို ကြည့်နေရင်းဖြင့် ဤနေရာမှ ဘယ်တော့မှလွတ်မြောက်နိုင်မည်မဟုတ်ဟူ၍ ခံစားခဲ့ရလေသည်။ အတန်းတက်ခေါင်းလောင်းတီးချိန်တွင် ထောင်ရှီးက သစ်သားစာရေးခုံပေါ်၌ အိပ်မြဲအိပ်နေဆဲဖြစ်သည်။ အင်္ဂလိပ်ဆရာက တိုက်ရိုက်ထုတ်လွှင့်မှု ကိရိယာတန်ဆာပလာများနှင့် အကျွမ်းတဝင်မရှိတာကြောင့် သေချာဂရုတစိုက်တပ်ဆင်နေခဲ့သည်။ သူက ရုတ်တရက် ခေါင်းမော့လာကာ ‘ထောင်ရှီး’ဟု အော်လိုက်သည်။
ထောင်ရှီးလည်း ခပ်မတ်မတ်ပြင်ထိုင်လိုက်ရင်း စာရေးခုံကို ကျောမှီလိုက်ကာ ဖွင့်တစ်ဝက်၊ ပိတ်တစ်ဝက်မျက်လုံးများဖြင့် စတိတ်စင်ပေါ်က ဖန်သားပြင်ကို အင်တင်တင်နှင့်ကြည့်လိုက်သည်။ အသစ်စက်စက် ဖန်သားပြင်မှာ ယိုယွင်းအိုဟောင်းနေသည့်စာသင်ခန်းဟောင်းလေးနှင့် လွန်စွာ လိုက်ဖက်မညီဘဲ ရှိနေလေ၏။
ဖန်သားပြင်မြင်ကွင်းထဲကို ဝင်လာသည်က ချောချောလှလှ ဆရာမငယ်ငယ်လေးတစ်ယောက်ဖြစ်ပြီး တစ်မုဟုတ်ချင်းပင် ကျောင်းသားအားလုံး၏အာရုံကို ဖမ်းစားသွားခဲ့သည်။ သူမက ကိုယ်တိုင်းချုပ်လုပ်ထားသည့် ဝတ်စုံကိုဝတ်ဆင်ထားပြီး သူတို့တစ်ခါမှတောင်မကြားခဲ့ဖူးသော ပီသချောမွေ့နေသည့် အင်္ဂလိပ်လေသံဖြင့် အသံသွင်းစက်ပမာ စတိတ်စင်မြင့်ထက်မှ တောက်လျှောက်မနားတမ်း ပြောနေခဲ့သည်။ သူတို့ကျောင်းတွင် တာဝန်ကျသည့် အင်္ဂလိပ်ဆရာများကလည်း အာရုံအပြည့်အဝစိုက်၍ ဖန်သားပြင်ထက်ကို ကြည့်နေခဲ့ကြသည်။
ဤသင်ကြားရေးစနစ်မှာ ဆရာရော၊ ကျောင်းသားများပါ ယခင်က တစ်ခါမှ မကြုံခဲ့ဖူးသော သင်ကြားရေးပုံစံမျိုးဖြစ်၏။ ပိအောက်ရွှယ်က ဖတ်စာအုပ်ပါသင်ခန်းစာများကို သင်ရာ၌ ပြဋ္ဌာန်းစာအုပ်ကြီးအတိုင်း မသင်ဘဲ ကျောင်းသားများနှင့် အင်္ဂလိပ်လို နှုတ်ပြောနှုတ်ဖြေ သင်လေသည်။ ဝမ်းဟွာကျောင်းသားများကလည်း မေးသမျှမေးခွန်းတိုင်းကို စိတ်အားထက်သန်စွာ ပြန်ဖြေကြသည်။ ပတ်ဝန်းကျင်လေထုက နိုင်ငံခြားတက္ကသိုလ်တစ်ခုအလား လန်းဆန်းကာ တက်ကြွနေ၏။
ချင်းရွှေ အ.ထ.က(၁) ကျောင်းရှိ ကျောင်းသားများမှာမူ တိတ်လို့ဆိတ်လို့နေသည်။ သင်ကြားနေသမျှကို သူတို့ ဘာမှနားမလည်ကြပါချေ။ ထိုမရင်းနှီးသည့်စာလုံးများနှင့် စာကြောင်းများက ဝမ်းဟွာ အ.ထ.က(၁) မှဆရာနှင့် ကျောင်းသားများအတွက် ရှင်းပြစရာမလိုအောင် အပြန်အလှန်နားလည်နေကြသော်ငြား သူတို့အတွက်ကမူ ထိုသို့ ဟုတ်မနေပါချေ။
ချင်းရွှေ အ.ထ.က(၁) ကျောင်းရှိ စာသင်ခန်းမှာ တိတ်ဆိတ်ပြီးရင်း တိတ်ဆိတ်လို့လာသည်။ စာသင်ချိန်တစ်ဝက်ခန့်ရောက်သောအခါ ပိအောက်ရွှယ်က ရုတ်တရက် ပြုံးကာဆိုလိုက်သည်။
" ကဲ အခုကတော့ မနေ့က အင်္ဂလိပ်စာအတန်းကို ပျက်ကွက်ခဲ့တဲ့ လင်ချင်းဟယ်ကို စတိတ်စင်ပေါ် ကြွခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ဆရာမတို့ရဲ့ ချင်းရွှေ အ.ထ.က(၁) ကျောင်းက အတန်းဖော်တွေလည်း နားဆင်ရအောင် အင်္ဂလိပ်လို လက်တန်းလေး ပြောကြည့်စမ်းပါဦး..."
ချင်းရွှေကျောင်းသားများမှာ ရုတ်ခြည်းဆိုသလို ကျွက်စီကျွက်စီဖြင့် ဂနာမငြိမ်ဖြစ်ကုန်ကြသည်။ ဖန်သားပြင်ပေါ်ရှိ ဆရာ၊ ဆရာမများနှင့် အတန်းဖော်များက သူတို့၏တည်ရှိမှုကို သိနေကြကြောင်း ပထမဆုံးအကြိမ်အဖြစ် သိရှိလိုက်ရသည့်အတွက် အလွန်အမင်းဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။ ထိုကျွက်စီကျွက်စီစကားသံများက စတိတ်စင်မြင့်ပေါ်တက်လာသော ဆယ်ကျော်သက်အရွယ်ကောင်လေးကို မြင်လိုက်ရသောအခါ ပိုလို့တောင် ဆူညံလာတော့သည်။
အင်္ဂလိပ်စာကို ဘယ်သောအခါမှ သဘောမကျခဲ့သည့် ထောင်ရှီးမှာ ခေါင်းငိုက်စိုက်ကျပြီး ပျင်းသေတော့မတတ်ဖြစ်နေစဉ် အတန်းထဲက ဆူညံသံများကြောင့် ဆတ်ခနဲလန့်နိုးသွားသည်။ သူ ပျင်းရိစွာသမ်းဝေလိုက်ရင်း မျက်လုံးများပွတ်သပ်ကာ ဖန်သားပြင်ကို တစ်ဖန်အကြည့်ပြန်ပို့လိုက်သည်။
ရှပ်အင်္ကျီအဖြူရောင်ဝတ်ထားသည့် အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်ကို သူ စတိတ်စင်မြင့်ပေါ်တွင် မြင်လိုက်ရသည်။ သူ့အရပ်က အရပ်မြင့်နေပြီးသား ပိအောက်ရွှယ်ထက်တောင် များစွာပိုမြင့်နေသည်။ သူ့မျက်နှာတွင် ဘာခံစားချက်မှရှိမနေ၊ ရုတ်တရက် နာမည်ခေါ်ခံလိုက်ရ၍ စိတ်လှုပ်ရှားနေခြင်းလည်းမရှိသလို၊ ရှေ့ထွက်စကားပြောရ၍ ကြောက်ရွံ့နေခြင်းလည်း မရှိပါချေ။ သူ၏မျက်နှာကျက တောက်ပသော နေခြည်အောက်မှ ဆီးနှင်းဖုံးလွှမ်းနေသည့် တောင်ထွဋ်များပမာ ကြည်ရှင်းသန့်ပြန့်နေကာ ကြည့်ကောင်းလှသည်။
" ဟိုးအဝေးကြီးက ကျောင်းသားလေးတွေ စောင့်နေကြပြီ။ အတန်းဖော်လင်ရေ စလိုက်ကြရအောင်လား။ ကိုယ်ကြိုက်တဲ့ ဘယ်အကြောင်းအရာကိုမဆို ပြောလို့ရတယ်..."
လင်ချင်းဟယ်ဟုခေါ်သော ကောင်လေးက မျက်လုံးများပင့်ကာ စာသင်ခန်း၏နောက်ဆုံးရှိ ကင်မရာကို စိုက်ကြည့်လိုက်သည်။ ကြည်လင်နေသော ဖန်သားပြင်ထက်တွင် သူ မျက်လွှာပင့်လိုက်တိုင်း လှုပ်ယိမ်းသွားသော မျက်တောင်အောက်က အရိပ်ကလေးများကိုပင် မြင်နိုင်နေ၏။
စာသင်ခန်းထဲရှိ မိန်းကလေးများမှာ အလိုအလျောက် ပင့်သက်ရှိုက်မိလိုက်ကြသည်။ ထောင်ရှီးလည်း မော့ကြည့်လိုက်ချိန်၌ ဖန်သားပြင်မှတစ်ဆင့် သူ့ထံသို့ ကြည့်လာသော မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအခိုက်အတန့်လေးတွင် ရှင်းပြ၍မရနိုင်လောက်အောင် သူ ရင်တွေတလှပ်လှပ်ခုန်လာသည်။
လင်ချင်းဟယ်က အင်္ဂလိပ်မိန့်ခွန်းစကားကို စတင်ပြောကြားလာသည်။ ချင်းရွှေကျောင်းသားများမှာ သေချာဂရုတစိုက်နားထောင်နေကြသဖြင့် မိန့်ခွန်းအစပိုင်းတွင် နားလည်ကြသေးသည်။ သို့သော် သူတို့ နားထောင်လေ၊ ပို၍ထိတ်လန့်လာရလေပင်။ အဘယ်ကြောင့်ဆိုသော် သူတို့လုံးလုံး နားလည်နိုင်စွမ်းမရှိတော့၍ပင်။ ထို့အပြင် ဤလင်ချင်းဟယ်ဟုခေါ်သော ကောင်လေး၏အင်္ဂလိပ်စာစွမ်းရည်မှာ ပိအောက်ရွှယ်ထက်တောင် မနိမ့်ပေ၊ အမိဘာသာစကားလိုပင် ရေရေလည်လည်ကို ပြောတတ်နေသည်။
အကြင်လူက ဝမ်းဟွာ အ.ထ.က(၁) ကျောင်းက ကျောင်းသားဖြစ်၏။ သူတို့ကြားရှိ ကွာဟချက်က မည်မျှပင် ကြီးမားလိုက်ပါသနည်းဟူ၍ သူတို့အားလုံး နှိုက်နှိုက်ချွတ်ချွတ်သိလိုက်ကြရလေသည်။
သူတို့ မသိရှိခဲ့သည်က လင်ချင်းဟယ်ဆိုသည်မှာ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းတွင် သာမန်နယ်နယ်ရရ ကျောင်းသားတစ်ယောက် ဟုတ်မနေခဲ့ခြင်းကိုပင်။
တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို အလေးအနက်ထား၍ ကြည့်ရှုဖြစ်သည်က ထောင်ရှီးအတွက် ရှားပါးလှ၏။ စင်စစ်တွင် သူလည်း စာကြောင်း အတော်များများကို နားမလည်ခဲ့ပါချေ။ လင်ချင်းဟယ်၏အိပ်မက်နှင့် အနာဂတ်အကြောင်းကိုတောင် သူ တစ်စေ့တစ်စောင်းသာ နားလည်လိုက်သည်။
သို့ပေသည့် သူ အချိန်အကြာကြီးထိ မှတ်မိနေခဲ့သည့် အရိုးရှင်းဆုံး စာကြောင်းလေးတစ်ကြောင်းတော့ ရှိခဲ့လေ၏။
" I won't try to pick the moon. I want the moon to come to me."
ထိုအချိန်မှစ၍ ထောင်ရှီးကို မည်သို့ကိုင်တွယ်ရမလဲဟု ဗျာများနေသည့် ဖုန်းယွမ်မှာ ဤကျောင်းသားလေး၏ နေ့ချင်းညချင်း ရုတ်တရက်ပြောင်းလဲသွားမှုကို မျက်မြင်ထင်ရှားတွေ့လိုက်ရလေ၏။ သူက အတန်းထဲတွင် အိပ်မငိုက်တော့သလို၊ အိပ်စာလည်း မှန်မှန်ထပ်လာသည်။ သူက တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို အပေါက်နှစ်ပေါက်ဖြစ်သွားစေချင်သည့်နှယ် အလွန်အမင်းကို အလေးအနက်ထား၍ ကြည့်ရှုလေ့ရှိတော့သည်။
.......................
စာရေးသူတွင် ပြောစရာစကားရှိ၏။
" I won't try to pick the moon. I want the moon to come to me" ဆိုတဲ့ အင်္ဂလိပ်စာကြောင်းလေးက Hephurn ရဲ့ "Sabrina" ဆိုတဲ့ ဇာတ်ကားထဲက ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။