အပိုင်း ၂
Viewers 8k

နောက်ဆုံးစာမေးပွဲဖြေပြီး ဆယ်ရက်ခန့်အတန်းတက်ပြီးနောက်တွင် ကျောင်းကြီးလည်း ပိတ်သွားခဲ့သည်။ မက်မွန်ပွင့်စမ်းချောင်းက ခရိုင် အ.ထ.က(၁) ကျောင်းနှင့် အလွန်ဝေးလံသောကြောင့် ထောင်ရှီးမှာ ကျောင်းအဆောင်တွင်သာ နေလေ့ရှိပြီး အိမ်ကိုတစ်လတစ်ကြိမ်မှသာ ပြန်ဖြစ်လေ့ရှိသည်။
သူ စာရေးကိရိယာများနှင့် အဝတ်အစားများကို ပလတ်စတစ်ခရီးဆောင်အိတ်ကြီးထဲထည့်ပြီး မက်မွန်ပွင့်စမ်းချောင်းသို့ ကားနှစ်ဆင့်စီး၍ ပြန်လာခဲ့သည်။
မက်မွန်ပွင့်စမ်းချောင်းက ချင်းရွှေခရိုင်တွင် အစွန်အဖျားအကျဆုံး ကျေးရွာငယ်လေးဖြစ်၏။ တောတောင်ရှုမျှော်ခင်းများက သာယာလှပသလောက် ရွာကလေးကမူ ဆင်းရဲလှသည်။ လှေကားထစ်စိုက်ခင်းထဲရှိ လက်ဖက်စိမ်းပင်လေးများမှာ တစ်ပင်ပေါ်တစ်ပင်ဆင့်၍ အရိပ်ကျနေကြသည်။ နွေအကြိုမိုးလေး တစ်ဖျောက်နှစ်ဖျောက် ကျလာပြီဆိုလျှင် တောင်တန်းကြီးများတစ်ဝိုက်တွင် မြူခိုးများဝေ့လာကာ ချင်းရွှေမြစ်ကမ်းပါးတစ်လျှောက်တွင်လည်း မက်မွန်ပွင့်များ ရာနှင့်ချီအောင် လှိုင်လှိုင်ဖူးပွင့်လို့နေတတ်သည်။
သို့တိုင် ရွာသူ၊ ရွာသားများမှာ တောတောင်သဘာဝရှုခင်းများကို ရှုမြင်ခံစားဖို့ရာ မအားလပ်ကြပါချေ။ များမကြာမီနှစ်များက ရွာကလေးသည် အင်တာနက်မှတစ်ဆင့် အလုပ်မရှိအကိုင်မရှိ ပန်းချီဆွဲသူ၊ နယ်လှည့်ဓာတ်ပုံရိုက်သူတစ်ချို့၏ စိတ်ဝင်စားမှုကို ရရှိသွားခဲ့သည်။ သို့နှင့် ကြွယ်ဝချမ်းသာသော လယ်သမားအချို့က လယ်တောအိမ်လေးများကို ဖွင့်လှစ်လိုက်ကြသည်။ ခရိုင်တွင်းလမ်းမကြီးများ တည်ဆောက်ပြီးစီးသွားချိန်တွင် လာရောက်လည်ပတ်သူ ပိုမိုများပြားလာလေသည်။
ထောင်ရှီးတို့မိသားစုက ချင်းရွှေမြစ်ကမ်းနဖူးရှိ တောင်စောင်းပေါ်တွင် နေထိုင်ကြသည်။ အိမ်က အုတ်အိမ်ကလေးဖြစ်ကာ အဖြူရောင်ဆေးသုတ်ထားပြီး မီးခိုးရောင်သွပ်ပြားမိုးထား၏။ မိခင်ဖြစ်သူ ကောဖျင်နှင့် ဖခင်ဖြစ်သူထောင်ကျန်းတို့ နှစ်ဦးစလုံးမှာ မက်မွန်ပွင့်စမ်းချောင်း ဇာတိသူ၊ ဇာတိသားများဖြစ်ကြသည်။ ထောင်ကျန်းက အခြားတစ်နေရာတွင် တစ်နှစ်ပတ်လုံးအလုပ် သွားလုပ်နေလေ့ရှိပြီး ကောဖျင်က ရံဖန်ရံခါ ရွာ၏လယ်တောအိမ်ကို သွားလေ့ရှိကာ အလုပ်အားချိန်များ၌ လက်ဖက်စက်ရုံတွင် တောက်တိုမည်ရလုပ်လေ့ရှိသည်။ သူ၏ညီမလေး ထောင်လဲ့က ဆယ်သုံးနှစ်ရှိပြီဖြစ်ပြီး အလယ်တန်းကျောင်း၏ နွေရာသီအားလပ်ရက်ပထမဆုံးနေ့ရက်ကို ဖြတ်သန်းနေသည်။
နားအလွန်ပါးသည့် ထောင်လဲ့က စင်္ကြံတွင် လှုပ်လှုပ်ရှားရှားအသံများကြားသည်နှင့်တစ်ပြိုင်နက် ထောင်ရှီးကို အပြေးအလွှားထွက်ကြိုရှာသည်။ သူမမှာ ပျော်လွန်းသဖြင့် မြေကြီးပေါ်ချထားသည့် မြေသြဇာထုပ်ကြီးကိုတောင် ခလုတ်တိုက်လဲမိတော့မတတ် ဖြစ်သွား၏။
ထောင်လဲ့ ပြေးထွက်လာသည်ကို မြင်လိုက်လျှင် ထောင်ရှီးက သူမလက်ကို ဆွဲကာ အထဲကို အလျင်အမြန် ပြန်ဆွဲသွင်းလိုက်သည်။
" အပြင်ထွက်မလာခဲ့နဲ့၊ ဒီနေ့ နေအရမ်းပြင်းတယ်..."
သူက ခရီးဆောင်အိတ်ကြီးကိုချလိုက်ရင်း သစ်သားတံခါးကိုပိတ်လိုက်ကာ ထောင်လဲ့၏မျက်နှာကို ငုံ့ကြည့်လိုက်သည်။
ကလေးမလေးက အနည်းငယ် ဝဝဖြိုးဖြိုးရှိကာ ကိုယ်ကျပ်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်များက သဘာဝအတိုင်း ကောက်ကွေးနေကာ မက်မွန်သီးသဏ္ဌာန် မျက်ဝန်းတစ်စုံကမူ သွက်လက်ချက်ချာမည့်ပုံရှိ၏။ သို့သော် သူမ၏မျက်နှာပေါ်တွင် နှာရိုးကနေ ဘယ်ဘက်မျက်နှာအထိ ပြန့်ကားနေသော လိပ်ပြာပုံသဏ္ဌာန် အနီရောင်အဖုအပိန့်များ ရှိနေသည်။
ထောင်လဲ့က အရေပြားလေးဖက်နာ (SLE) ရောဂါဝေဒနာကို ခံစားနေရသောကြောင့် ဆေးဝါးများမပြတ်မှီဝဲနေရသူဖြစ်ပေသည်။
[ အရေပြားလေးဖက်နာရောဂါ - Systemic Lupus Erythematosus (SLE) ]
" ကိုကို၊ ညီမလေးရဲ့ အအတန်းဖော်ပြောတာကြားခဲ့တာ ကိုကိုက တစ်ခရိုင်လုံးမှာ ပထမရတာဆို။ ကျောင်းဖွင့်တာနဲ့ ကိုကို ဝမ်းဟွာမြို့ကြီးကို သွားရတော့မှာပေါ့နော်..."
မတိုင်ခင်က ထောင်လဲ့မှာ ကောဖျင်ကို လယ်အလုပ်များကူညီပေးရင်း နွေကျောင်းပိတ်ရက်ကိုဖြတ်သန်းနေသော်ငြား ထောင်ရှီးပြန်လာမည်ကို အမြဲတမ်း လည်တဆန့်ဆန့်နှင့်မျှော်နေခဲ့သည်။
သတင်းအပျံ့မြန်ပုံအရ ကျိန်းသေပေါက် ကောဖျင်၏နားထဲလည်း ရောက်ပြီးသားဖြစ်လောက်တော့မည်။ ၎င်းကြောင့် သူ ကောဖျင်ကို ထိုအကြောင်းစကားစရန် ခွန်အားကုန်ဖို့ မလိုတော့ချေ။
ထောင်ရှီးက ခေါင်းညိတ်၏။ ထိုသတင်းကို စသိစဉ်ကအတိုင်းပင် သူ့မျက်နှာပေါ်တွင် မည်သည့်စိတ်လှုပ်ရှားမှုမျိုးမှ ရှိမနေ။ ထောင်လဲ့ကြောင့်သာ မဟုတ်လျှင် သူ ဤအိမ်ကိုတောင် ပြန်မလာချင်ပေ။
နေရောင်ကျသွားချိန်၌ မောင်နှမနှစ်ယောက်သည် လက်ဖက်ခြောက်ရွက်များကို အိတ်ကြီးထဲသို့ တစ်ပွေ့တစ်ပိုက် ထည့်လိုက်ကြသည်။ အတန်ငယ်ကြာ၍ ကောဖျင် လက်ဖက်စက်ရုံမှ ပြန်လာသောအခါ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသော ထောင်ရှီးကို တွေ့လိုက်ရ၏။
သူမ စဉ်းတီတုံးပေါ်ရှိ ကြွေခွက်ကိုကောက်ကိုင်လိုက်ကာ ဆေးလက်ဖက်ရည်ကို နှစ်ငုံသုံးငုံမျှသောက်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။ ကောဖျင် ငယ်ရွယ်စဉ်က ဒေါသကြီးသူအဖြစ် မက်မွန်ပွင့်စမ်းချောင်းတွင် နာမည်ကျော်ခဲ့ဖူး၏။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကျော်ကြာ အလုပ်ထဲတွင် နှစ်မြှုပ်အချိန်ကုန်ခဲ့ပြီးနောက်ပိုင်း သူမ၏အသားအရေမှာ မွဲခြောက်ဝါကြင်ကာ အရေးအကြောင်းများပေါ်လာပြီး တစ်ခါက လှပခဲ့ဖူးသော တရုတ်ဆီးသီးသဖွယ် မျက်လုံးဝိုင်းများမှာလည်း မှေးမှိန်လျော့ရဲလာသည်။ ထို့အတူ သူမက နှုတ်ဆိတ်ကာ တိတ်တဆိတ်နေတတ်လာ၏။
ကောဖျင် သူမရှေ့က သားဖြစ်သူကို ကြည့်လိုက်သည်။ ဤကလေးက မွေးလာကတည်းက ဖြူဖွေးနူးညံ့သော အသားအရေနှင့် မွေးလာခဲ့သူ ဖြစ်သည်။ သူက အစွန်အဖျားကျေးရွာလေး၌ ကြီးပြင်းခဲ့ရပြီး လယ်ယာလုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့ရသည့်တိုင် အသားအရေကမူ မက်မွန်ပွင့်စမ်းချောင်းကို ပုံဆွဲ၊ ပန်းချီဆွဲရန် လာလည်ကြသော အနုပညာကျောင်းသားများကဲ့သို့ ဖြူဖွေးကာ ကြည်ရှင်းနေဆဲပင်။
" ငါ အစ်မကျန်းရဲ့သားပြောတာကြားမိတယ်၊ မင်း နောက်နှစ်ကို ဝမ်းဟွာမြို့မှာ ကျောင်းသွားတတ်ရမှာဆို..."
ကောဖျင်က မီးဖိုနှင့်မျက်နှာချင်းဆိုင်ရှိ ခွေးခြေခုံပေါ်တွင် ထိုင်ချလိုက်သည်။ သူမ၏လေသံက ထူးဆန်းနေပြီး ထောင်ရှီး၏မိခင်နှင့်ပင် မတူပါချေ။
ထောင်ရှီးက ယောက်မကို ကိုင်ထားပြီး ကောဖျင်ဘက်သို့ လှည့်မကြည့်ချေ။ ကောဖျင် သူ့ကိုကြည့်လာမည့် အကြည့်ကို သူ မနှစ်သက်။ ထိုအကြည့်က သူ၏ဆိုးဝါးလှသည့် ကံကြမ္မာကို ပြန်ပြောင်းသတိရမိစေသည်။
" ဝမ်းဟွာ အ.ထ.က(၁) ကျောင်းက ကျွန်တော့်ရဲ့ နေစရိတ်စားစရိတ်အားလုံးကို ထောက်ပံ့ပေးမှာ။ တစ်လကို ယွမ် ၁၅၀၀။ ယွမ် ၈၀၀ ကို လဲ့လဲ့အတွက် ဆရာဝန်ပြဖို့နဲ့ ဆေးပစ္စည်းတွေဝယ်ဖို့ ကျွန်တော် ပို့ပေးမယ်..."
ထောင်ရှီးက မျက်လွှာချလျက် ဆိုလာ၏။ လေသံကမူ အတက်အကျမရှိ တည်တည်ငြိမ်ငြိမ်ပင်။
ကောဖျင်က ဆိတ်ဆိတ်သာနေပြီး မီးညှပ်ဖြင့် ထင်းတစ်ချောင်းကိုညှပ်ကာ မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
ထောင်ရှီး၏ နှလုံးအိမ်ထဲဝယ် ခံပြင်းမှု၊ ဒေါသထွက်မှုများက ထင်းမီးဖြည့်လိုက်သော မီးပြင်းဖိုပမာ တဟုန်းဟုန်း တောက်လောင်လာသည်။ သူ အမုန်းဆုံးက ကောဖျင်၏ ထိုကဲ့သို့ သည်းညည်းခံနေရသလို တိတ်ဆိတ်နေသော အမူအရာကိုပင်။ သူ မနေနိုင်ဘဲ အကန်စကားတစ်ချို့ကို ပြောထွက်လိုက်မိသည်။
" စိတ်မပူပါနဲ့၊ ကျွန်တော် ခင်ဗျားရဲ့ သားကိုသွားရှာပြီး သူ့ဘဝကို ဖျက်ဆီးပစ်ဖို့ မကြံထားပါဘူး။ ဝမ်းဟွာမြို့က ဒီလောက်ကျယ်တာ ကျွန်တော် ရှာချင်ရင်တောင် သူ့ကိုဘယ်မှာသွားရှာရမှာတဲ့လဲ..."
" ငါ ပြောတာ အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူး..."
အဲ့ဒီအဓိပ္ပာယ်ပဲလေ...။
ထောင်ရှီးက တိုးတိတ်စွာ လှောင်ရယ်လိုက်သည်။ ထို့နောက်တွင် သူလည်း ဘာစကားမှ ထပ်မပြောဖြစ်တော့ချေ။
ထောင်ရှီးမှာ နွေရာသီကျောင်းပိတ်ရက်၊ ရက်သုံးဆယ်လုံး အားလပ်ချိန်ဟူ၍ မရှိခဲ့ပေ။ လယ်ယာအလုပ်များအပြင် ဝမ်းဟွာ အ.ထ.က(၁)ကျောင်းမှ ဆရာများသင်ကြားသော သင်ခန်းစာအချို့ကို နေ့စဉ်နေ့တိုင်း အချိန်တစ်ခုပေး၍ အစမ်းလေ့ကျင့်ခဲ့သည်။ သူ ထောင်လဲ့ကိုလည်း အိမ်စာများကူညီပေးရသေးသည်။ ဤကောင်မလေးက ကျောင်းတွင် အနည်းငယ်အပယ်ခံရသဖြင့် စာသိပ်မလိုက်နိုင်ပေ။
ထို့အပြင် သူ အခွင့်ရချိန်တိုင်း အနုပညာကျောင်းသားများထံတွင် လုပ်ခ ယွမ် ၁၀၀ နှင့် မော်ဒယ်ထိုင်ပေးလေ့ရှိ၏။ သူ၏ရွှန်းရွှန်းဝေသော အပြောများနှင့် ရုပ်ရည်ကြည့်ကောင်းမှုကြောင့် အနုပညာကျောင်းသားများက တစ်ခါတစ်ရံ ဘောနပ်များပါ ပေးသွားတတ်လေ့ရှိသည်။
သူက ဓာတ်ပုံဆရာများအတွက်လည်း မော်ဒယ်လုပ်ပေးရပြီး ကြေးကိုမူ များများပိုတောင်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုဓာတ်ပုံဆရာများက သူ့မိသားစုဘဝကိုပါ စူးစမ်းစပ်စုလိုကြကာ မတူကွဲပြားသော လူနေမှုပုံစံအကြောင်း ဓာတ်ပုံရိုက် မှတ်တမ်းတင်လိုကြသောကြောင့် ဖြစ်လေ၏။ ထောင်ရှီးလည်း ဝမ်းနည်းဖွယ် ဇာတ်လမ်းများကို သူတို့သဘောကျ ချက်ချင်းဖန်တီးပေးရသည်။ ဥပမာ ဖခင်ဆုံးပါးသွားတာမျိုး၊ သို့မဟုတ် မိခင်မရှိတော့တာမျိုး စသဖြင့်ပင်။
ရံဖန်ရံခါ၌ သူက အနုပညာကျောင်းသားများနှင့်အတူ ပန်းချီဆွဲလေ့ရှိသည်။ ကျောင်းသားများက သူ့ကို ပန်းချီစုတ်တံများ ငှားပေးသဖြင့် သူလည်း အားပါးတရ ဆွဲရလေသည်။
" ဝါး… မောင်လေး တစ်ခါမှပန်းချီသင်တန်း မတက်ဖူးတာ သေချာရဲ့လား။ အစ်မတို့သင်ထားတာထက်တောင် ပိုပြီးကောင်းကောင်းဆွဲနိုင်နေတယ်ရော်..."
အစကနဦး၌ ပန်းချီမေဂျာမှ မိန်းကလေးများက ရှုခင်းများကို ကိုယ်စီကိုယ်ငှ ရေးဆွဲနေကြသော်ငြား ယခုတွင်မူ ထောင်ရှီးဘက်သို့ ကိုင်းလျက် သူ့ပန်းချီကားကို ဝိုင်းကြည့်လာကြသည်။
ထောင်ရှီးလက်ထဲရှိ ပန်းချီစုတ်တံလေးက တုန့်ခနဲရပ်တန့်သွားသည်။ အမှန်စင်စစ်တွင် သူ လင်ချင်းဟယ်၏ပုံကို ဆွဲနေခြင်းဖြစ်သောကြောင့် မည်သူ့ကိုမှ မမြင်စေချင်ပါချေ။
ပန်းချီကားထဲတွင် ရှပ်အင်္ကျီအဖြူရောင်နှင့် လူငယ်လေးတစ်ယောက်၏ မျက်လွှာချထားသော ဘေးတစ်စောင်းပုံရိပ်ဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက်တွင် ပွင့်လန်းနေသော မက်မွန်ပန်းပွင့်များသည် လမင်းကြီး၏ တောက်ပသောအလင်းရောင်ကြောင့် မှေးမှိန်ဖျော့တော့နေ၏။
သူ မည်သည့်လင်ချင်းဟယ်ကို ဆွဲနေမိသလဲ မသိပါချေ။ သူ့ပုံကြမ်းစာအုပ်ထဲတွင်လည်း လင်ချင်းဟယ်၏ ထိုင်နေပုံ၊ မတ်တပ်ရပ်နေပုံ၊ စာဖတ်နေပုံ၊ စာရေးနေပုံများဖြင့်သာ ပြည့်နှက်နေသည်။ စင်စစ်တွင် သူမြင်နေရသည့် လင်ချင်းဟယ်မှာ အကန့်အသတ်တစ်ခုစာမျှသာ ရှိ၏။ ဤပန်းချီကားများအားလုံးက သူ စိတ်ကူးယဉ်ရေးဆွဲထားသော သူ၏လမင်းကြီးသာ ဖြစ်ပေသည်။
" အရမ်းချောတာပဲရော်၊ သူက ဘယ်သူလဲ..."
မိန်းကလေးတစ်ယောက်က တအံ့တသြရေရွတ်လာသည်။
ထောင်ရှီးမှာ ဝတ်ကျေတမ်းကျေသာပြုံးပြလိုက်ပြီး ပန်းချီဆွဲပြီးသည်နှင့် ကျေးဇူးတင်စကားဆို၍ ပန်းချီကားကိုယူကာ ထွက်ပြေးလာခဲ့တော့သည်။
အမှန်တကယ်တွင် သူက ငယ်စဉ်ကတည်းက ပန်းချီပညာကို နှစ်သက်ခဲ့သူဖြစ်ပြီး အခြားသူများထက်လည်း ပါရမီပိုပါခဲ့သည်။ သို့သော် ကောဖျင်က သူ ပန်းချီဆွဲတာမြင်သည်နှင့် အရူးတစ်ယောက်လိုဖြစ်သွားပြီး ပန်းချီကားများကို မီးဖိုထဲသို့ပစ်ထည့်ကာ အားလုံးကိုမီးရှို့ပစ်ခဲ့သည်။ ထိုအချိန်က သူ အလွန်တရာမှ တိတ်လန့်ခဲ့ရပြီး ခိုးဝှက်၍သာ ပန်းချီဆွဲရဲခဲ့သည်။
နောက်ပိုင်းတွင် ကောဖျင် အဘယ်ကြောင့် ဒေါသထွက်ရသနည်းဟူသည်ကို သူသိရှိသွားခဲ့ရသည်။
နွေရာသီကျောင်းပိတ်ရက်က များမကြာမီပင် ကုန်ဆုံးသွားသည်။ ထောင်ရှီးက စုဆောင်းမိထားသည့် ယွမ်နှစ်ထောင်ကို ထောင်လဲ့အတွက် ဆေးဝယ်ရန်သုံးလိုက်ရာ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းကိုသွားရန် စရိတ်စကအဖြစ် ယွမ်ငါးရာသာ ကျန်ရစ်ခဲ့သည်။
သြဂုတ်လကုန်လျှင် ထောင်ရှီးက ခရီးဆောင်အိတ်ကိုထုပ်ပိုးကာ ခရီးထွက်ရန် ပြင်ဆင်သည်။ ထောင်လဲ့ကမူ သူ့ကိုလိုက်ပို့ပေးချင်ကြောင်း အတင်းပူဆာ၏။ သူ ညီမဖြစ်သူလေး၏ ဆံနွယ်ခွေလေးများကို ပွတ်သပ်ကာ ယတိပြတ်ငြင်းဆိုလိုက်သည်။
ကောဖျင်ကိုမူ ထောင်ရှီး စကားတစ်ခွန်းသော်မျှမဆိုခဲ့ပါချေ။ သူ ခရီးဆောင်အိတ်ကြီးကိုသယ်ပြီး ချင်းရွှေ အ.ထ.က(၁) ကျောင်းဆီသို့ ဘတ်စ်စကားစီးကာ သွားလိုက်သည်။ ကျောင်းမှ အကြီးအကဲများနှင့် ဆရာ၊ဆရာမများက သူ့ကို ထွက်ကြိုနေကြသည်။
ဆရာ၊ ဆရာမများက သူ့အား ဝိုင်းလာကာ အတန်းထဲတွင် စာမလိုက်နိုင်လျှင်လည်း ပုံမှန်ပဲဖြစ်ကြောင်း၊ စိတ်ဓာတ်မကျဖို့နှင့် ဆရာဆရာမများ၊ အတန်းဖော်များနှင့်လည်း သဟဇာတဖြစ်အောင်နေရမည်ဖြစ်ကြောင်း တစ်ယောက်တစ်ပေါက် မှာတမ်းခြွေနေကြသည်မှာ သားဖြစ်သူကို စစ်မြေပြင်လွှတ်လိုက်ရတော့မည့် အမေအိုများပမာပင်။
တရုတ်သာဘာသင်ကြားသည့် ဆရာအိုကြီးက ထောင်ရှီးကို အစဉ်အမြဲ ချစ်ခင်ခဲ့သူဖြစ်၏။ ဆရာအိုကြီးက အိမ်လုပ် သကြားလုံးထုပ်ကြီးကို ထောင်ရှီးလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူ့ကို အားပေးစကားပြော၏။
" ငါ့သား၊ မင်းက အရမ်းတော်တဲ့ကလေးပါ။ ဝမ်းဟွာ အ.က.က(၁)က ကျောင်းသားတွေကိုလည်း မင်းလိုက်မမှီနိုင်စရာမရှိပါဘူး။ အရမ်းနှိမ့်ချဖို့လည်း မလိုသလို၊ ထောင်လွှားဖို့လည်းမလိုဘူး၊ ဒါကြောင့် နည်းနည်းပိုပြီး ယုံကြည်မှုရှိလိုက် ဟုတ်ပြီလား..."
ထောင်ရှီးက ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ သူ သကြားလုံးစားရသည်ကို ကြိုက်နှစ်သက်သော်လည်း သူအိမ်ပြန်တိုင်း ထောင်လဲ့ကိုသာ အကုန်ပေးပစ်လေ့ရှိခဲ့၏။ ဆရာကြီး၏ အရမ်းနှိမ့်ချဖို့မလိုသလို၊ ထောင်လွှားဖို့လည်း မလိုဟူသည့်စကား အမှန်တကယ်တွင် သူ့ကိုသိမ်ငယ်စိတ်မဝင်အောင် အားပေးသည့်စကားမှန်း သူ သိပါ၏။
အမှန်စင်စစ်တွင်မူ ငယ်စဉ်ကတည်းက ယခုတိုင် သူ တစ်ခါမှသိမ်ငယ်စိတ်မဝင်ခဲ့ဖူးပေ။ သူ လင်ချင်းဟယ်ကို မြင်လိုက်ရသည့်တစ်ဒင်္ဂတွင်တောင် ထိုသူနှင့် ရူးရူးမူးမူး နီးစပ်လိုစိတ်သာရှိခဲ့ပြီး သိမ်ငယ်စိတ်ဝင်ရမည့်အစား အကြင်လူ၏နံဘေးတွင်ရပ်ကာ အကြင်လူကဲ့သို့ လူတော်လူချွန်တစ်ယောက်သာ ဖြစ်လိုခဲ့သည်။
တစ်လျှောက်လုံး နှုတ်ဆိတ်နေသည့် ဖုန်းယွမ်က ရုတ်တရက် စကားဆိုလာသည်။
" မင်းရဲ့ အတန်းဖော်တွေနဲ့ အခန့်မသင့်တာမျိုးရှိရင် ရန်မဖြစ်နဲ့။ အဲ့ဒီမှာ မင်းကို ကာကွယ်ပေးမယ့်လူ မရှိဘူး..."
ထောင်ရှီး ရုတ်တရက် မျက်လုံးများပြူးကျယ်သွားကာ ဖုန်းယွမ်ကို ကြည့်လိုက်သည်။
သူ ချင်းရွှေ အ.ထ.က(၁) ကျောင်းတွင် တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးပါချေ။ ယုတ်စွအဆုံး ဆရာ၊ ဆရာမများ၏ရှေ့တွင် သူ အမြဲတမ်း လူလိမ္မာကျောင်းသားလေးအဖြစ် ရိုရိုကျိုးကျိုးနေထိုင်ခဲ့သည်။
ဖုန်းယွမ်က ချောင်းဟန့်ကာ ခပ်တိုးတိုးဆိုလာ၏။
" မင်းညီမလေးအတွက် စိတ်မပူနဲ့၊ သူ့ကို ဆရာမတင်းရဲ့ အတန်းဆီ ချက်ချင်းပြောင်းပေးလိုက်မယ်။ နောက်နောင် ဘယ်သူမှ သူ့ကို အနိုင်မကျင့်စေရဘူး..."
တင်းဖန်က ဖုန်းယွမ်၏ဇနီးသည်ဖြစ်ပြီး ခရိုင်အလယ်တန်းကျောင်းတွင် တရုတ်ဘာသာသင် ဆရာမဖြစ်ကာ အတန်းပိုင်ဆရာမလည်းဖြစ်၏။
ထောင်ရှီးက ဖုန်းယွမ်ကို ခဏကြာစိုက်ကြည့်နေပြီးနောက် ရုတ်တရက် ဆရာ၊ဆရာများအားလုံးကို အလေးအနက်ထား၍ ခါးညွှတ်ဂါရဝပြုလိုက်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
" ချင်းရွှေခရိုင်မှာ ပထမဆုံး စာမေးပွဲအောင်တဲ့လူက ကျွန်တော် ဖြစ်စေရပါမယ်..."
ဤတစ်ကြိမ်တွင်မူ ဝတ်ကျေတမ်းကျေသဘောမျိုး မဟုတ်ခဲ့ပါချေ။
ဆရာ၊ ဆရာမများက သူ့ကို ကျောင်းဂိတ်ပေါက်ဝထိ လိုက်ပို့ကြသည်။ ဖုန်းယွမ်က ထောင်ရှီးနှင့်အတူ အိတ်ကြီးအိတ်ငယ်များသယ်၍ အနီးဆုံး ခရိုင်စီရင်စုမြို့ကိုသွားသည့် ဘတ်စကားပေါ်ကို တက်လိုက်သည်။ နှစ်ယောက်သား ရထားဘူတာတွင် အသင့်စားခေါက်ဆွဲနှစ်ဘူးကို ဝယ်စားလိုက်ကြပြီး ရထားဆိုက်ချိန် ညသန်းခေါင်ယံထိစောင့်ကာ အမြန်ရထားပေါ် တက်သွားလိုက်ကြသည်။ တစ်ညလုံး ရထားပေါ်ထိုင်နေခဲ့ရပြီးနောက်၊ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် ဝမ်းဟွာမြို့ကြီးကို ဆိုက်ရောက်သွားလေသည်။
ထောင်ရှီးမှာ တစ်ခါမှ ခရီးဝေးမသွားခဲ့ဖူးသူဖြစ်ကာ ဖုန်းယွမ်ကလည်း ခရီးထွက်ခဲသူဖြစ်၏။ နှစ်ဦးသားမှာ ရထားဘူတာတွင် တဝဲလည်လည်ဖြစ်နေခဲ့ကြပြီး မြေအောက်ရထားနှင့် ဘတ်စ်စကားယာဉ်ကြောအကြောင်းကိုလည်း မသိခဲ့ကြပါချေ။ အဆုံးတွင် ဖုန်းယွမ်က အံကြိတ်လိုက်ကာ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းကိုသွားရန် တက္ကစီးတစ်စီးငှားလိုက်သည်။ ထောင်ရှီးမှာ တက္ကစီခကို ပေးချေမည်ပြုသော်လည်း ဖုန်းယွမ်က လက်မခံချေ။
ထောင်ရှီး ကားပေါ်မှဆင်းဆင်းချင်း ဝမ်းဟွာ အ.ထ.က(၁) ကျောင်း၏ ဂိတ်ပေါက်ဝကို လှမ်းမြင်လိုက်ရသည်။ ထောင်ရှီးမှာ အိပ်မက်မက်နေသလို ခံစားလိုက်ရပြီး ခြေထောက်များပင် ပျော့ခွေချင်လာသည်။
ကျောင်းဂိတ်ဝတွင် အိတ်ကြီးအိတ်ငယ်များ တစ်ပွေ့တစ်ပိုက်နှင့် လူကြီးလူငယ်နှစ်ယောက်သားမှာ ဤနေရာနှင့် အနည်းငယ် မလိုက်မဖက်ဖြစ်နေသည်။ ဖုန်းယွမ်မှာ ခဏကြာ ကြောင်အမ်းအမ်းဖြစ်နေပြီးသကာလ မိုဘိုင်းဖုန်းကိုထုတ်ကာ ဖုန်းခေါ်လိုက်သည်။
ထောင်ရှီးမှာမူ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းဂိတ်ဝကြီးကို အံ့အားသင့်တကြီး မော့ကြည့်နေသည်။
ခပ်မြင့်မြင့်အဆောက်အဦးကြီးကို ရိုးရှင်းစွာ တည်ဆောက်ထားသည်။ အဖြူရောင်စကျောက်ပြားပေါ်တွင်မူ “ဝမ်းဟွာမြို့၊ အမှတ်(၁) အထက်တန်းကျောင်း” ဟူ၍ စာလုံးခုနစ်လုံးကို ထွင်းထုထား၏။ အနောက်ဘက်တွင် အလိုအလျောက်စနစ်ဖြင့်ပွင့်သော သတ္တုတံခါးကြီးရှိပြီး ကျယ်ပြန့်သည့်နိုင်လွန်ကတ္တရာလမ်းကြီးလည်း ရှိသည်။ လမ်းတစ်ဖက်တစ်ချက်ရှိ စိမ်းစိုနေသောသစ်ရွက်များက ပုစဉ်းရင်ကွဲသံများနှင့် သံပြိုင် တရှဲရှဲမြည်ကာ လှုပ်ယိမ်းနေသောကြောင့် လမ်းအဆုံးရှိ ကြက်သွေးရောင်ကျောင်းဆောင်ကြီးကိုပင် မမြင်နိုင်တော့ချေ။
ထောင်ရှီး ရင်တွင်း၌ သက်ပြင်းခိုးချလိုက်သည်။ ဤသတ္တုတံခါးကြီးက ချင်းရွှေ အ.ထ.က(၁) ကျောင်းရှိ သံချေးအလိမ်းလိမ်းတက်ကာ ပျက်စီးနေသော သံတံခါးကြီးထက် အဆပေါင်းများစွာ ပိုသားနားနေသည်။
မကြာလိုက်ခင် ဝဝဖိုင့်ဖိုင့်ဆရာတစ်ယောက် ထိုကတ္တရာလမ်းပေါ်မှ ခပ်သွက်သွက်လျှောက်လာသည်။ ထောင်ရှီး ဤဆရာကို ဖန်သားပြင်ပေါ်တွင် တစ်နှစ်နီးပါး မြင်ခဲ့ဖူး၏။ ပထမနှစ်အတန်း၏ အတန်းပိုင်ဆရာနှင့် သင်္ချာဆရာ ကျိုးချန်ပင်ဖြစ်လေ၏။ သူ သင်္ချာဆရာ၏ခပ်ပြောင်ပြောင်နဖူးကို မျက်မြင်ကိုယ်တွေ့ မြင်ခွင့်ရခဲ့လေပြီ။
ဖန်သားပြင်ပေါ်တွင်သာ မြင်ခဲ့ဖူးသူများကို ရုတ်တရက် ကိုယ်တွေ့မြင်လိုက်ရသည့် ခံစားချက်က ထူးဆန်းနေ၏။ ကျိုးချန်ရောက်လာသောအခါ ထောင်ရှီး မျက်ဝန်းများကွေးညွှတ်၍ နှုတ်ခမ်းစွန်းများကိုပင့်ကာ ရှိုးတိုးရှိုးတန့်ပြုံးပြလိုက်သည်။
• • •
" သတင်းပို့၊ ချင်းရွှေခရိုင်မှာ ပထမရတဲ့သူက ငါတို့အတန်းကိုလာနေပြီ။ စာသင်ခန်းနဲ့ မီတာ ၅၀၀ လောက်တော့လိုသေးတယ်..."
ကျောင်းဖွင့်သည့်ပထမဆုံးနေ့၊ မနက်စောစောစီးစီးတွင် ကောင်လေးတစ်ယောက်သည် ကော်ရစ်တာကနေ ဝမ်းဟွာ အ.ထ.က(၁) ကျောင်း၏ တတိယထပ်အစွန်ရှိ စာသင်ခန်းဆီ တရှိန်ထိုးပြေးဝင်လာသည်။ စာသင်ခန်းထဲရှိ ခေါင်းငုံ့ထားကြသောကျောင်းသားများအားလုံး ရုတ်ခြည်းဆိုသလို ခေါင်းမော့လိုက်ကြသည်။
" ရှောင်ဖေး၊ ယောက်ျားလေးလား မိန်းကလေးလား..."
" ယောက်ျားလေးဟ..."
သတင်းပို့သူ ကောင်လေး၏အမည်မှာ ပိချန်ဖေးဖြစ်၏။ သူက စာရေးခုံဆီသို့ လေအလျင်နှင့် ပြန်သွားထိုင်ပြီး အင်္ဂလိပ်အိမ်စာကို ဆက်ကူးရေးနေသည်။
တစ်ဆက်တည်းပင် ယောက်ျားလေးများထံမှ စိတ်ဓာတ်ကျသွားသလို အသံများ အစီစီအရီရီ ထွက်လာသည်။ သူတို့စာသင်ခန်းကြီးက အလွန်ပျင်းရိဖွယ်ကောင်းလှ၏။ အစပထမက ချောချောလှလှ၊ ဖြူဖြူစင်စင် လယ်သူမလေးတစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့အားလုံး မျှော်လင့်ထားခဲ့ကြခြင်းပင်။
" ဟဲ့ ချောလား..."
ကျင်းကျင်းက အမေးစကားဆိုလာ၏။ ကျင်းကျင်းဆိုသည်မှာ အင်္ဂလိပ်စာအတန်း၏ ကိုယ်စားပြုသူဖြစ်ပြီး သူ့ကို အင်္ဂလိပ်အိမ်စာထပ်ဖို့ ဆော်သြနေသည်။ သူမက အသည်းအသန် စာကုန်းရေးနေသည့် ပိချန်ဖေးထံမှ အင်္ဂလိပ်အိမ်စာ စာအုပ်ကို ညှာတာမှုကင်းစွာ ဆွဲလုလိုက်သည်။
" နေဦး၊ နောက်ဆုံးအကြောင်း ရောက်ခါနီးပြီလို့..."
ပိချန်ဖေးမှာ အလျင်အမြန် ပြန်ဆွဲလုလိုက်ပြီး အဆုံးသတ်စာကြောင်းကို ရေးပြီးခါမှ စိတ်သက်သာရာရသွားသဖွယ် သက်ပြင်းချလျက် ဆိုလာ၏။
" ငါ ရှင်းရှင်းလင်းလင်းမမြင်ရဘူးဟ၊ ခန္ဓာကိုယ်ပိန်ပိန်နဲ့ အသားခပ်ဖြူဖြူလေးဖြစ်မယ်ထင်တယ်..."
ကျင်းကျင်းက ပိချန်ဖေးနောက်ရှိ လွတ်နေသော စာရေးခုံကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
ပိချန်ဖေးက သူမအတွေးကိုသိသည့်အလား ခပ်ချဉ်ချဉ်ဆိုလာ၏။
" သူဘယ်လောက်ချောချော ငါတို့ နတ်ဘုရားလင်ကိုတော့ မှီမှာမဟုတ်ဘူးကွ..."
ကျင်းကျင်းမှာ မျက်စေ့သာ လန်ပြလိုက်တော့သည်။
" နင့်ထက်တော့ ချောမှာသေချာတယ်..."
လယ်သူမလေးအဖြစ် ထင်ခံခဲ့ရသည့် ထောင်ရှီးက ကျောင်းယူနီဖောင်းအသစ်လေးကို ဝတ်ဆင်ထားသည်။ ကံကောင်းထောက်မ၍ မနေ့ညက လျှော်လိုက်သော ကျောင်းယူနီဖောင်းမှာ ယနေ့မနက်ပြန်ခြောက်သွားသည်။ ယခုတွင်မူ သူက ကျိုးချန်နောက်မှလိုက်၍ စာသင်ခန်းဆီသို့ ဦးတည်သွားနေသည်။
ဖုန်းယွမ်က သူ့ကို အဆောင်တွင် နေရာချပေးပြီးသည်နှင့် တစ်ချက်ပင်မနားပင် ချက်ချင်းပြန်သွားလေသည်။
ကျောင်းက ယနေ့မှစဖွင့်သဖြင့် အတန်းဖော်များလည်း မလာသေးပေ။ ထောင်ရှီးမှာ လေးယောက်ခန်းကြီးထဲတွင် တစ်ယောက်တည်း အိပ်စက်ခဲ့ရသည်။ မနက်ရောက်သော် ကျိုးချန်က ကန်တင်းတွင် မနက်စာစားရန် သူ့ကိုလာခေါ်သည်။
ကျိုးချန်က ကျောင်း၏အခြေအနေနှင့် အတန်းအကြောင်းကို သူ့အား တစ်လမ်းလုံး မမောနိုင်မပန်းနိုင် မိတ်ဆက်ပေးနေသည်။ “စိတ်မလှုပ်ရှားနဲ့” ၊ “အေးအေးဆေးဆေးသာနေ” ၊ “မင်းလုပ်နိုင်တယ်” စသဖြင့်လည်း မကြာခဏဆိုသလို အားပေးစကားများပြောနေသည်။
ထောင်ရှီးက အချိန်အခါကိုကြည့်ကာ လိုက်လျောညီထွေနေတတ်သည့် ကောင်လေးဖြစ်၏။ အစပိုင်းတွင် သူက အင်မတန်မှ စိတ်အားထက်သန်စွာ ပြန်တုံ့ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသို့မလုပ်တော့ချေ။
သူ့ခဗျာ အခြားသူထံမှ ဤကဲ့သို့ အသေးစိတ် ဂရုစိုက်ခံရသည်ကို အသားမကျနိုင်သေးချေ။ သို့ပေသည့် ကျိုးချန်၏နာမည်ပြောင်က အဘယ်ကြောင့် အန်တီကျိုးဖြစ်နေရသလဲကိုတော့ နားလည်သွားခဲ့ရ၏။
စာသင်ဆောင်၏ ပထမအထပ် ဟောလ်ခန်းကိုဖြတ်လာခဲ့ပြီးနောက်တွင် အန်တီကျိုး အဲလေ...ကျိုးချန်က ထောင်ရှီးကိုခေါ်ကာ ခပ်မြင့်မြင့် ဖန်သားနံရံပေါ်ရှိ ဂုဏ်ပြုထိုက်သူများစာရင်းရှေ့တွင် ရပ်စေလိုက်သည်။
" မင်းမြင်လား၊ ဒီထဲမှာ ငါတို့တန်းခွဲ(၁)က ကျောင်းသားတွေ အများကြီးပါတယ်။ သူတို့အားလုံးက နောက်နောင်မှာ မင်းရဲ့အတန်းဖော်တွေ ဖြစ်လာကြတော့မှာ..."
ကျိုးချန်က သူ့တန်းခွဲမှ ကျောင်းသားများ၏ဓာတ်ပုံနှင့် နာမည်များကို ဝမ်းသာဂုဏ်ယူစွာ ဝေ့ကြည့်လိုက်သည်။ ဓာတ်ပုံတစ်ပုံစီ၏အောက်ခြေတွင် “တွေးခေါ်ခြင်းမရှိ၊ သင်ယူခြင်းက အချည်းနှီးသာ။ သင်ယူခြင်းမရှိ၊ တွေးခေါ်ခြင်းက ပျက်စီးခြင်းအတိ” စသော ဆောင်ပုဒ်များကို ရေးသားထားသည်။
ထောင်ရှီးက လင်ချင်းဟယ်၏ဓာတ်ပုံကို တစ်ချက်တည်းကြည့်ရုံဖြင့် မြင်သွားသည်။ ထိုသူက ဖန်သားပြင်ပေါ်တွင် မကြာခဏပေါ်လာတတ်၍လည်း ဖြစ်ကောင်းဖြစ်နိုင်သလို၊ အချောဆုံးဖြစ်နေ၍လည်း ဖြစ်နိုင်၏၊ သို့တိုင် သူ့ဓာတ်ပုံအောက်တွင်မူ အမည်နာမမှလွဲ၍ အခြားမည်သည့်စာကြောင်းမှ ရှိမနေခဲ့ပါချေ။
ထောင်ရှီးက ဓာတ်ပုံကိုအငေးသားဖြင့် စိုက်ကြည့်နေသည်ကို မြင်လျှင် ကျိုးချန်မှာ တိုးတိတ်စွာ အော်လိုက်မိသည်။ ဤတောင်တန်းဒေသမှ ကျောင်းသားလေးက ထူးချွန်သည့်အတန်းဖော်များကို မြင်ပြီး သိမ်ငယ်သွားတာ ဖြစ်မည်ဟု သူ အတွေးဝင်သွားသည်။ သူ ရုတ်ခနဲ ထောင်ရှီးကို အပေါ်ထပ်ခေါ်သွားကာ ကြင်နာစွာ ဆိုလိုက်သည်။
" အတန်းထဲက ကျောင်းသားတွေက တက်ကြွတယ်၊ စိတ်ထားထက်သန်တယ်၊ ရိုးသားတယ်၊ ပြီးတော့ ပျော်ပျော်နေတတ်တယ်။ မင်းနဲ့ သေချာပေါက် အဆင်ပြေမှာပါ..."
ကျိုးချန်ထံမှ တက်ကြွသည်၊ စိတ်အားထက်သန်သည်ဟူသောစကားကို ကြားရခြင်းက ထောင်ရှီးအတွက် တတိယအကြိမ်မြောက်ပင်ဖြစ်လေ၏။
ထောင်ရှီးလည်း နှုတ်ခမ်းစွန်းလေးများကို ကွေးညွှတ်ကာ ပြုံးလိုက်ရင်း တတိယအကြိမ်မြောက်ထပ်ပြောလိုက်၏။
" ကျွန်တော် အတန်းဖော်တွေနဲ့ အဆင်ပြေအောင် နေမှာပါ..."
မှန်၏၊ သူ အစက အနည်းငယ်စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ သို့သော် ကျိုးချန်က ယခုကဲ့သို့ လှိုက်လှိုက်လှဲလှဲကြိုဆိုလာသောအခါ ထိုစိုးရိမ်ပူပန်မှုများအားလုံး ပျောက်ရှသွားတော့သည်။
သူ စာသင်ခန်းတံခါးနား ရောက်ချိန်တွင် စိတ်သက်သာရာရသွားသလိုတောင် ခံစားလိုက်ရသည်။
ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သောကြောင့် စာသင်ခန်းထဲမှ ကျောင်းသားများအားလုံး အင်္ဂလိပ်စာအကြားစွမ်းရည်ကို လေ့ကျင့်နေကြသည်။ ကျိုးချန်နှင့် ထောင်ရှီးတို့ အတန်းထဲဝင်လာချိန်တွင်မူ အသံသွင်းတိတ်ခွေကို ရပ်လိုက်ကြရာ အသံများတိတ်ဆိတ်သွားသည်။
အကြည့်ပေါင်းများစွာက ထောင်ရှီးထံသို့ စုပြုံလျက် ကျရောက်လာ၏။ ထိုအကြည့်များကို သူ အဓိပ္ပာယ်မဖော်လိုသောကြောင့် စတိတ်စင်အောက်ကိုငုံ့ကာ ချက်ချင်းအကြည့်လွှဲလိုက်ရသည်။
သူ ဒီမှာမရှိဘူးပဲ...။
ထောင်ရှီးမှာ ရင်ထဲရှိ သံသယနှင့် စိတ်ပျက်အားလျော့သွားမှုကို မနည်းဖုံးဖိလိုက်ရသည်။ ကျိုးချန်က အဖွင့်မှာစကားကို အားပါးတရပြောကြားပြီးနောက်တွင် သူ့ကို အတန်းသားများနှင့် မိတ်ဆက်စေသည်။
" အားလုံးပဲ မင်္ဂလာပါ။ ငါ့နာမည်က ထောင်ရှီး၊ ချင်းရွှေခရိုင် အ.ထ.က(၁) ကျောင်းကနေ လာခဲ့တာ။ ဝမ်းဟွာ အ.ထ.က(၁)ကျောင်း မှာ ပညာသင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်..."
အမှန်တကယ်တွင် မိမိကိုယ်မိမိ မိတ်ဆက်ခြင်းကို သူလမ်းတစ်လျှောက်လုံး အကြိမ်ပေါင်းမနည်း လေ့ကျင့်ထားခဲ့သော်ငြား ယခုမူ ရုတ်တရက်ကြီး စိတ်မပါတော့ချေ။
• • •
ကျိုးချန်မှာ ကြောင်အမ်းအမ်းဖြစ်သွားရ၏။ ပြီးသွားပြီတဲ့လား...။
မတတ်နိုင်။ ယနေ့ခေတ်လူငယ်များက တယ်လဲ အေးစက်ချင်ယောင်ဆောင်တတ်ကြသည်။ မဟုတ်လျှင်လည်း စိတ်လှုပ်ရှားနေတာ ဖြစ်လောက်ပါမည်။ ကျိုးချန်လည်း တွေးတွေးဆဆဖြင့် ထောင်ရှီးကို ခွင့်လွှတ်ပေးလိုက်ပြီး စာသင်ခန်း၏နောက်ဆုံးအတန်းရှိ ထိုင်ခုံကို လက်ညှိုးထိုးပြကာ ကြင်နာစွာဆိုလိုက်သည်။
" ငါးတန်းမြောက်ရဲ့ နောက်ဆုံးခုံက မင်းရဲ့ခုံပဲ။ ဟုတ်တယ်...မနေ့က သေချာသန့်ရှင်းရေးလုပ်ထားပြီးပြီ..."
တစ်တန်းလုံး တစ်ပြိုင်တည်းလိုလို နောက်ဆုံးအတန်းကို လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ဘေးချင်းကပ်လျက် ထိုင်ခုံလွတ်နှစ်ခုရှိနေ၏။ တစ်ခုံက မနေ့ကမှ ထည့်ထားခြင်းဖြစ်ကာ ကျန်တစ်ခုံကတော့.....
ထောင်ရှီး ခေါင်းညိတ်ပြလိုက်သည်။ သူ စတိတ်စင်ပေါ်မှ ဆင်းရန်ခြေလှမ်းပြင်နေစဉ် ရုတ်တရက် အရပ်ရှည်ရှည်ပုံရိပ်လေးတစ်ခုက စာသင်ခန်း၏အခန်းတံခါးဝမှဖြတ်ကာ ဝင်လာသည်။
သူ မသိလိုက်ဘာသာဖြင့် လှည့်ကြည့်လိုက်မိသည့်အခါ ရုတ်တရက် သံနှင့်စိုက်ထားသလို နေရာတွင် တောင့်ခဲနေမိတော့သည်။
" လင်ချင်းဟယ်၊ ကျောင်းပထမဆုံးနေ့မှာတောင် ကျောင်းနောက်ကျရသလား..."
ကျိုးချန်က တံခါးမှဝင်လာသော ကောင်လေးကို မကောင်းမှုကျူးလွန်နေသည့် ဝမ်းမနာသားလေးပမာ ကြည့်လျက် ဝမ်းပန်းတနည်းဆိုလိုက်သည်။
ဝမ်းမနာသားလေးက ကျောတွင်အမည်းရောင်လွယ်အိတ်ကို လွယ်လျက် လက်တစ်ဖက်က လွယ်အိတ်ကြိုးသိုင်းကို သာမန်ကာလျှံကာကိုင်ထားကာ ကျန်တစ်ဖက်ကမူ ရေခဲစိမ် ဓာတ်ဆားရည်ဘူးကို ကိုင်ထားသည်။ သူ၏ တည်ငြိမ်နေသောမျက်နှာတွင် မည်သည့်ခံစားချက်မျှ ရှိမနေပေ။ သူက အေးတိအေးစက်ပြောလာသည်။
" လမ်းမှာ ကားအက်စီးဒန့်တစ်ခုနဲ့ ကြုံခဲ့လို့..."
ထောင်ရှီး သက်ပြင်းခိုးချလိုက်မိသည်။ သို့သော် မျက်နှာတွင်တော့ ဘာအမူအရာမှ မပြောင်းလဲသွားချေ။ သူ လင်ချင်းဟယ်ကို ခပ်တည်တည်ကြည့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်က မည်မျှပင် ကြည်ရှင်းသည်ဆိုပါစေ၊ ပုံရိပ်ယောင်က ပုံရိပ်ယောင်သာဖြစ်လေ၏။ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးနောက်တွင် သူ့ပန်းချီကားများက လိုအပ်ချက်များစွာ ရှိနေကြောင်း သူ သိလိုက်ရသည်။ ထိုပန်းချီကားများက အကြင်လူ၏တစ်ဝက်တောင်မှ ကြည့်ကောင်းခြင်းမရှိခဲ့ပါချေ။
ကျိုးချန်မှာ ထိတ်လန့်တကြားဖြစ်သွားပြီး ထိုစကားကိုတကယ်ယုံသွားပုံရကာ လင်ချင်းဟယ်ကို စုန်ချီဆန်ချီ စစ်ဆေးကြည့်ရှုလိုက်သည်။ ဘာမှထိခိုက်မလာသည်ကို တွေ့သောအခါမှ ကျေနပ်သွားသလို ပြုံးလိုက်၏။ သူက ထောင်ရှီးကို ဆွဲခေါ်လိုက်ကာ စူပါမားကတ်တွင် ပစ္စည်းအသစ်ကြော်ငြာသည့် အရောင်းဝန်ထမ်းပမာ လင်ချင်းဟယ်ကို ကရားရေလွှတ် တတွတ်တွတ် မိတ်ဆက်ပေးလိုက်သည်။
" ဟုတ်ပါပြီကွာ။ ဒါပေမဲ့ မင်းက အတန်းဖော်အသစ်လေးရဲ့ မိတ်ဆက်စကားပြောတာကို လွတ်သွားတယ်။ ဒီအတန်းဖော်အသစ်လေးရဲ့နာမည်က ထောင်ရှီးတဲ့၊ ချင်းရွှေတစ်ခရိုင်လုံးမှာ ပထမရတဲ့သူ။ သူက ရှေ့လျှောက် မင်းရဲ့ထိုင်ခုံဖော်ထိုင်ခုံဖက် ဖြစ်လာနိုင်မယ်လို့ထင်လား..."
ကျိုးချန်က သူ့သဘောထားကို မေးလိုက်ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင် ယခင်ကတည်းက စာရေးခုံကို လင်ချင်းဟယ်၏ဘေး၌ နေရာချထားပြီးသားဖြစ်သည်။ လင်ချင်းဟယ်က ဤအသေးအဖွဲကိစ္စလေးလောက်ကို မငြင်းလောက်ဟု သူ ယုံကြည်သည်။
" မထင်ဘူး..."
လင်ချင်းဟယ်က ထောင်ရှီးကို တစ်ချက်သာကြည့်ကာ ခံစားချက်မဲ့စွာ အေးစက်စက်ဆိုလိုက်သည်။
တစ်တန်းလုံး ရုတ်ခြည်း တိတ်ဆိတ်သွားသည်။
ထောင်ရှီး၏နှုတ်ခမ်းစွန်းမှ အပြုံးသည်လည်း အေးခဲသွားတော့၏။
....................