The Moon Is Coming To Me
Chapter - 3
ကျိုးချန်မှာ လင်ချင်းဟယ်က တဲ့တိုးဆန်စွာ ငြင်းဆန်လာလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ခဏကြာကြောင်အမ်းနေပြီးနောက် အလွန်ရှက်ရွံ့သွားသည်။ သူ မျက်နှာလွှဲလိုက်သောအခါ အငြင်းခံလိုက်ရသော ထောင်ရှီးက ထိတ်လန့်စိတ်ဓာတ်ကျသွားသည့်ပမာ မျက်လွှာချလျက် နေရာတွင်တောင့်တောင့်ကြီး ရပ်နေသည်ကို တွေ့လိုက်ရသည်။
လူလိမ္မာလေးတစ်ယောက် အခက်ကြုံနေရသည်ကို သူ မမြင်ရက်သောကြောင့် လင်ချင်းဟယ်အား စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
" ဘာကိုမထင်တာတုန်း၊ စာသင်ခန်းက ဒီလောက်အကျယ်ကြီးကို..."
အမှန်တကယ်တွင် စာသင်ခန်းထဲ၌ နေရာလွတ် တစ်နေရာစာကျန်သေးသည်။ ထိုနေရာက နေမကောင်း၍ ဆေးခွင့်ယူထားသော ကျောင်းသား၏ထိုင်ခုံဖြစ်၏။
လူလိမ္မာလေး ထောင်ရှီးမှာ ချီးထုပ်လိုပဲဟုပင် ဆဲရေးမိတော့၏။ ၎င်းသာ ချင်းရွှေ အ.ထ.က(၁) ကျောင်းတွင်ဖြစ်ပါက သူ ခေါင်းကိုချာခနဲလှည့်ကာ ချက်ချင်း ထွက်သွားလောက်မည်။ မည်သူ၏သဘောထားကို ဂရုစိုက်နေရမည်နည်း။ သူ ဤနေရာတွင် ထိုင်ခွင့်မရှိပါက ထွက်သွားလိုက်ရုံသာ။
သို့သော် တစ်ဖက်လူက လင်ချင်းဟယ်ဖြစ်နေသောအခါ မတူတော့ပါချေ။
သူ ခေါင်းကို အနည်းငယ်မျှ ငုံ့ချကာ မျက်လွှာပင့်လျက် လင်ချင်းဟယ်ကို မော်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများက တင်းတင်းစေ့ထားသော်ငြား မျက်တောင်ရှည်များကမူ တသိမ့်သိမ့်တုန်ယင်နေသည်။
သူက ဤနေရာတွင် အတော်ဆုံးပင်။ သူ့အမူအရာလေးက အပြစ်လုပ်ထား၍ ခွင့်လွှတ်သက်ညှာပေးရန် ဆရာထံ အသနားခံနေသည့် ကျောင်းသားလေးနှင့်တူ၏။ သူ ထိုအမူအရာမျိုးကို ဓာတ်ပုံဆရာများအား လုပ်ကြံဇာတ်လမ်းများပြောပြရာ၌ ထုတ်သုံးလေ့ရှိခဲ့သည်။ ထိုအခါမှသာ သူ ဘောနပ်များများရနိုင်မည်ပင်။
တစ်ဖက်တွင်မူ ကျိုးချန်က လင်ချင်းဟယ်ကို ချိုချိုသာသာ နားချနေပြန်သည်။
" တစ်ပတ်လောက် အတူထိုင်ကြည့်လိုက်ပါဦး။ ဘာပဲဖြစ်ဖြစ် နောက်ကျရင်လည်း နေရာတွေ ပြန်ပြောင်းရမှာ အတူတူပဲကို…မင်း အဆင်မပြေရင် ငါပြန်ပြောင်းပေးမယ် ဟုတ်ပြီလား..."
သူ လင်ချင်းဟယ်ကို မျက်လုံးတစ်ဖက်မှိတ်ကာ အချက်ပြလိုက်သည်။
လင်ချင်းဟယ်က မျက်မှောင်ကြုတ်သွားကာ ကျိုးချန်၏တောင်းဆိုနေဟန်မျက်လုံးများမှ သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက နံဘေးရှိ ထောင်ရှီးကိုလည်း တစ်ချက်လှည့်ကြည့်လိုက်၏။ ခဏကြာသော် ချာခနဲလှည့်သွားကာ နောက်ဆုံးအတန်းဆီသို့ ထွက်သွားသည်။
ကျိုးချန်မှာ စိတ်သက်သာရာရသွားသဖွယ် သက်ပြင်းချလိုက်သည်။ ၎င်းက အသံတိတ်လက်ခံလိုက်ခြင်းဖြစ်မည်ဟု သူ ယူဆကာ ထောင်ရှီးကို အလျင်အမြန် တွန်းပို့လိုက်ပြီး တိုးတိုးကြိတ်ကြိတ်ပြောလိုက်၏။
" မြန်မြန်သွားထိုင်ချည်တော့ အတန်းစတော့မယ်..."
ထောင်ရှီး လင်ချင်းဟယ်၏နောက်ကျောကို လှမ်းကြည့်လိုက်သည်။ သူ့နှုတ်ခမ်းစွန်းများ ကော့တက်သွားကာ ယောင်ယောင်လေးပြုံးလျက်သားဖြင့် အတန်းသားများ၏ အကြည့်များအောက်ဝယ် လင်ချင်းဟယ်၏နံဘေးရှိ ထိုင်ခုံလွတ်ဆီသို့ လျှောက်သွားလိုက်သည်။
လင်ချင်းဟယ်က ကြိုးမဲ့နားကြပ်တစ်စုံကိုထုတ်ကာ နားထဲထိုးထည့်လိုက်ပြီး အံဆွဲကိုဖွင့်၍ စာအုပ်တစ်အုပ်ထုတ်ကာ စာဖတ်နေသည်။ ၎င်းက သင်္ချာပုစ္ဆာများဖြစ်ဟန်တူ၏။ အစမှအဆုံးထိ သူက သူ့ဘေးတစ်ဝိုက်ရှိ မည်သူ့ကိုမျှ အရေးစိုက်ခြင်းမရှိခဲ့ပါချေ။ စာရေးခုံပေါ်တွင်မူ ဓာတ်ဆားရည်ဘူးကို ဖြစ်သလို ထောင်ထားသည်။ ရေခဲရေ၏ ရေငွေ့များက တစ်နေရာတွင်စုကာ ရေစက်ရေပေါက်များအဖြစ် အငွေ့ပျံ၍ စားပွဲမျက်နှာပြင်ပေါ်သို့ စီးကျနေသည်။
ထောင်ရှီးက ကျောင်းလွယ်အိတ်ကို အံဆွဲထဲထည့်လိုက်ပြီး ခုံပေါ်ထိုင်ချလိုက်သည်။
ကျိုးချန်ထွက်သွားသည်နှင့်တစ်ပြိုင်နက် စာသင်ခန်းကြီးက ဆူဆူညံညံပြန်ဖြစ်လာသည်။ မတိုင်ခင် အင်္ဂလိပ်အကြားစွမ်းရည်လေ့ကျင့်နေကြသည့် မြင်ကွင်းက ပုံရိပ်ယောင်တစ်ခုအလားပင်။ ကျောင်းသားအများစုက နောက်ဆုံးအတန်းကို မသိမသာလှည့်လှည့်ကြည့်နေကြပြီး တိုးတိုးတိတ်တိတ်နှင့် ပြောဆိုဆွေးနွေးနေကြ၏။
ထောင်ရှီး၏အရှေ့ခုံက ကျောင်းသားလေးတစ်ယောက်က စပရင်ပမာ ခေါင်းလှည့်လာကာ သွားတန်းဖြူဖြူများပေါ်အောင် ပြုံးပြလာသည်။
" အတန်းဖော်ထောင်၊ ငါ့နာမည်က ပိချိန်ဖေးပါ။ တန်းခွဲ(၁)၊ အားကစားအသင်းခေါင်းဆောင်တစ်ယောက်။ မင်းငါ့ကို သာ့ဖေးကောလို့ ခေါ်လို့ရတယ်..."
【သာ့ဖေးကော = အစ်ကိုကြီးဖေး】
သူ့ဘေးတွင် ထိုင်နေသည့် မိန်းကလေးက ပြုံးကာ ရှက်ရွံ့ခြင်းအလျဉ်းမရှိ ဆဲရေးလိုက်သည်။ သို့တိုင် ပိချန်ဖေးကလည်း ရှက်သွားခြင်းမရှိပါချေ။ သူက အတန်းဖော်အသစ်လေးကို ရင်းရင်းနှီးနှီးပြုံးပြလျက် မျက်လုံးများတွင်မူ စပ်စုလိုစိတ်အပြည့်ဖြင့် ဆက်ကြည့်နေသည်။
ထောင်ရှီးက အံ့အားသင့်သွားသဖွယ် မျက်ဝန်းများ ကွေးညွှတ်သွားအောင်ပြုံးလျက် ပြန်ပြောလိုက်သည်။
" ငါမင်းကို သိတယ်..."
ပိချန်ဖေးမှာ ငေးမောမိသွား၏။ အတန်းဖော်အသစ်လေးက ရယ်လိုက်လျှင်ပိုကြည့်ကောင်းသည်။ သူ ခေါင်းတကုတ်ကုတ်ဖြင့် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
" ငါက မင်းတို့ ချင်းရွှေ အ.ထ.က(၁) ကျောင်းမှာ နာမည်ကြီးလား။ ဒါဆို ဘာဖြစ်လို့ တစ်ယောက်မှ ငါ့ဆီစာမရေးကြတာလဲ..."
သူက ဘေးရှိ လင်ချင်းဟယ်ကို ဖျတ်ခနဲကြည့်ကာ လေသံတိုးတိုးဖြင့်ပြောလာ၏။
" နတ်ဘုရားလင်ဆိုရင် မင်းတို့ကျောင်းက ကောင်မလေးတွေဆီကနေ အချစ်စာစောင်တွေအများကြီး ရတာကွ..."
တိုက်ရိုက်ထုတ်လွှင့်သင်ကြားရေးစနစ်ကြောင့် ဝမ်းဟွာ အ.ထ.က(၁) ကျောင်းတွင် အနည်းငယ်ကြည့်ကောင်းကာ အဆင့်ကောင်းသည့်လူများဆိုလျှင် ချင်းရွှေ အ.ထ.က(၁) ကျောင်း၌ နာမည်ကြီးကြလေသည်။ ချင်းရွှေကျောင်းမှ ကျောင်းသူလေးများသည် မိမိတို့သဘောကျနှစ်သက်သည့်ကောင်လေးများကို အချစ်ဝန်ခံဖို့ တိုးတိုးတိတ်တိတ် စာစောင်များပို့ကြသည်။ အဓိကပစ်မှတ်က လင်ချင်းဟယ်ပင်။
ထောင်ရှီး၏ အသားအရောင်က တစ်ခဏချင်း ဖြူဖျော့သွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း လင်ချင်းဟယ်ကို စာပို့ဖူးသည့် “ကျောင်းသူများ”ထဲမှ တစ်ယောက်ဖြစ်ခဲ့လို့ပင်။ သူ စာစောင်ပေါင်း မြောက်မြားစွာ ပို့ခဲ့ဖူးသည်။
သို့သော်လည်း အချစ်ဝန်ခံခြင်းတော့ မဟုတ်ခဲ့ချေ။ သူ လင်ချင်းဟယ်ကို သူငယ်ချင်းအဖြစ် တစ်ဖက်သတ် သတ်မှတ်ကာ ရင်းနှီးကျွမ်းဝင်သော အနေဝေးကွာသည့်သူငယ်ချင်းများပမာ သူ့အကြောင်းမှန်သမျှကို ပြောပြခဲ့ခြင်းသာ ရှိခဲ့သည်။
ကြည့်လိုက်သည်နှင့် ယောက်ျားလေးလက်ရေးမှန်းမသိသာအောင် သူ စာအိတ်ပန်းရောင်များ၊ ငွေရောင်ဘောလ်ပင်များဝယ်ကာ ပန်းပွင့်ပုံလေးများပင်ဆွဲခဲ့ရပြီး မိန်းကလေးလေသံနှင့်မတူတူအောင်လည်း တုပခဲ့ရသည်။ စာထဲ၌ လင်ချင်းဟယ်ကို အင်္ဂလိပ်စာအတန်းတွင် စာဖတ်ပြချိန်ကတည်းက လေးစားအားကျခဲ့ရကြောင်း၊ သူ့ကြောင့် စာဘက်တွင် ဘယ်လောက်တောင်တိုးတက်ခဲ့ရကြာင်း၊ သူနှင့်အတူ တက္ကသိုလ်အတူတက်နိုင်ရန် မည်မျှကြိုးစားနေကြောင်း၊ သူ ချင်းဟွာတက္ကသိုလ်ကိုတက်မည်လား ပေကျင်းတက္ကသိုလ်ကိုတက်မည်လားကိုလည်း သိချင်ကြောင်း စသဖြင့်... ရေးသားခဲ့သည်။
စာအဆုံးတွင် "မက်မွန်ပွင့်" ဟူသော လက်မှတ်လေးရေးထိုးကာ မက်မွန်ပန်းပုံလေးလည်း ဆွဲလေ့ရှိခဲ့သည်။
[ မက်မွန်ပွင့်ရဲ့ အသံထွက်က "ထောင်" ဆိုတဲ့စာလုံးလေးပါ ]
သို့သည့်တိုင် ချင်းရွှေ အ.ထ.က(၁)ကျောင်းမှ ကျောင်းသူလေးများနှင့် သူကိုယ်တိုင်အပါအဝင် မည်သူမျှ ပြန်စာမရရှိခဲ့ပါချေ။ တဖြည်းဖြည်းဖြင့် စာပို့သူမရှိတော့ချေ။ ထောင်ရှီးတစ်ဦးသာလျှင် ဇွဲနပဲကောင်းကောင်းဖြင့် ဆက်ရေးခဲ့သည်။ နှစ်ဝက်စာမေးပွဲအပြီးတွင် နောက်ဆုံးစာမေးပွဲ၌ တစ်ခရိုင်လုံးပထမရသူသည် ဝမ်းဟွာ အ.ထ.က(၁) ကျောင်းသို့ ပညာသင်ခွင့်ရနိုင်ကြောင်း သိရှိလိုက်ရသဖြင့် သူ စာမေးပွဲအတွက်သာ စတင်ပြင်ဆင်ပြီး စာဆက်မရေးဖြစ်တော့ပေ။
ထောင်ရှီး လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်မိသည်။ ထိုသူက စာဖတ်နေဆဲဖြစ်၏။ နားကြပ်တပ်ထား၍ဖြစ်မည် သူတို့၏စကားသံများကို သူ လုံးဝကြားရပုံမပေါ်ပေ။
သူ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး ပိချန်ဖေးကို အပြုံးတစ်ပွင့်နှင့်ပြောလိုက်သည်။
" မင်းက ကျောက်သင်ပုန်းပေါ်မှာ မေးခွန်းတွေ ခဏခဏထွက်ဖြေရတော့ ငါ မင်းကိုသိနေတာ..."
နောက်ဆုံးအတန်းကို တိုးတိုးသာသာ နားစွင့်နေကြသော ကျောင်းသားများမှာ ရုတ်တရက် ရယ်ချလိုက်ကြသည်။
ပိချန်ဖေးက စာသင်ခန်းထဲတွင် စကားပေါလွန်းသဖြင့် စတိတ်စင်ပေါ် မကြာခဏ မေးခွန်းများထွက်ဖြေရကာ အပြစ်ပေးခံရကြောင်း လူတိုင်းသိကြသည်။ တစ်ခါတစ်ရံတွင် ဆရာ၊ ဆရာမများက စာသင်နေရင်းတန်းလန်း ပိချန်ဖေးကို အော်ငေါက်လေ့ရှိသောကြောင့် ချင်းရွှေစံပြအတန်းမှာ သူ့နာမည်ကို ရင်းနှီးနေကြသည်။
ပိချန်ဖေးက ရှက်ရွံ့သွားခြင်းမရှိဘဲ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
စကားဝိုင်းလေးက နွေးထွေးနေကာ၊ အတန်းဖော်အသစ်လေးကလည်း သဘောကောင်းသောကြောင့် "တက်ကြွကာ စိတ်အားထက်သန်သော" ကျောင်းသားတစ်ချို့က ထောင်ရှီးထံသို့ ဝိုင်းအုံလာကြပြီး သူတို့ကို သိသလား၊ မသိသလားဟူ၍ တစ်ယောက်ပြီးတစ်ယောက်မေးကြတော့သည်။
မမျှော်လင့်ထားစွာ ထောင်ရှီးက သူတို့အားလုံးနီးပါးကို သိနေသည်။
အတန်းခေါင်းဆောင် လီရှောင်ယွမ်၊ တရုတ်စာအတန်းကိုယ်စားပြု ကျန်းမုန့်ထုံ၊ အင်္ဂလိပ်စာအတန်းကိုယ်စားပြု ကျင်းကျင်း၊ စာပေနှင့်အနုပညာအသင်းမှ ကျန်းရှင်းယွင်...
" ချင်းရွှေ အ.ထ.က(၁) ရဲ့ နောက်ကွယ်က တကယ့်ပုံရိပ်အစစ်ကြီးကို ငါတွေ့လိုက်ရပြီ။ ငါသာကြိုသိခဲ့ရင် နည်းနည်းလောက်ဖြစ်ဖြစ် ကိုယ့်ပုံရိပ်လေးကိုယ် ဂရုစိုက်ခဲ့မှာကိုကွာ..."
ပိချန်ဖေးက သက်ပြင်းတချချနှင့် သူ့အိတ်ကပ်ထဲက မိုဘိုင်းဖုန်းကို ဆွဲထုတ်ကာ ဖုန်းကိုအလျင်အမြန် လော့ခ်ဖွင့်လိုက်ရင်း သူ့အမည်အား ခင်မင်ရင်းနှီးစွာပြောင်း၍ ခေါ်လာသည်။
" အတန်းဖော် ရှောင်ရှီး၊ WeChat နဲ့ QQ အကောင့်တွေအပ်ကြရအောင်။ ငါတို့တစ်တန်းလုံးနဲ့ ယောက်ျားလေးအဖွဲ့ရဲ့ကိုယ်စား ငါကပဲ မင်းကို Group ထဲဝင်ဖို့ ဖိတ်ခေါ်ပါရစေ..."
ဘေးမှ ကျောင်းသားများကလည်း မိုဘိုင်းဖုန်းများ ကိုယ်စီထုတ်လာကြသည်။
ထောင်ရှီးမှာ "ရှောင်ရှီး" ဟူသော အမည်နာမကြောင့် ကြက်သီးတဖြန်းဖြန်းထသွားသည်။ သူ ခေါင်းခါပြကာ ပြန်ဖြေလိုက်သည်။
" ဆောရီးပါ၊ ငါ့မှာ ဖုန်းမရှိဘူး..."
အနီးတစ်ဝိုက်မှ ကျောင်းသားများမှာ စက္ကန့်အနည်းငယ်ကြာ အသံများတိတ်ဆိတ်သွားကြသည်။ ပိချန်ဖေးသည်ပင် ပြောစရာစကားပျောက်ရှသွား၏။ ဤခေတ်အခါတွင် ဖုန်းမကိုင်သည့်လူ ရှိလိမ့်ဦးမည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သို့သော် ထောင်ရှီးက နယ်စွန်နယ်ဖျားမှလာသူဖြစ်ကြောင်း ရုတ်တရက်သတိရသွားသောအခါ သူ စကားမှားသွားပြီဟု ခံစားလိုက်ရသည်။ သူ ထောင်ရှီး၏မျက်နှာရိပ်မျက်နှာထားကို ဂရုတစိုက်အကဲခတ်ကြည့်လိုက်၏။ သို့သော် ထောင်ရှီးက အနည်းငယ်မျှပင် ရှက်ရွံ့ပုံမပြဘဲ အလွန်တည်ငြိမ်နေကာ လက်ထဲကဘောပင်ကို ကျွမ်းကျင်စွာလှည့်နေသည်။ မသိလျှင် သူနံနက်စာမစားခဲ့ကြောင်း ပေါ့ပေါ့ပါးပါးပြောနေသည့်အလားပင်။
ပိချန်ဖေး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း အလျင်အမြန်ထပ်ပြောလိုက်သည်။
" ကိစ္စမရှိပါဘူး၊ ဘာသတင်းပဲရှိရှိ ငါမင်းကို လာပြောပြမယ်လေ..."
ထောင်ရှီးက ဘောပင်ကိုချကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
ပိချန်ဖေးက တစ်ခုခုထပ်ပြောရန် ပြင်လိုက်သော်လည်း လင်ချင်းဟယ်ကို ကြည့်လိုက်သောအခါ ထိုသူက စိတ်ရှုပ်စွာဖြင့် မျက်ခုံးများပါတွန့်ချိုးနေသောကြောင့် သူ့ပါးစပ်ကိုပြန်ပိတ်လိုက်ရသည်။
ထိုစဉ် စာရေးခုံပေါ်ရှိ လင်ချင်းဟယ်၏ဖုန်းက ရုတ်တရက်တုန်ခါလာသည်။ သူက ဖုန်းမျက်နှာမြင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်များ ခပ်ယောင်ယောင်ကြုတ်သွားသည်။ သူ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ထရပ်ကာ အနောက်ဘက်တံခါးမှ အပြင်ကိုထွက်သွားသည်။ ဤနေရာတွင် ခဏလေးတောင် ဆက်မနေလိုသည့်အလားပင်။
ပိချန်ဖေးမှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားသလို ထောင်ရှီး၏စာရေးခုံပေါ်သို့ လှဲချလျက် ပါးစပ်ကိုအုပ်ကာ ခပ်တိုးတိုးပြောလာသည်။
" ရှောင်ရှီး၊ နတ်ဘုရားလင် မင်းကို သူ့ဘေးခုံမှာ ပေးမထိုင်တာ စိတ်မဆိုးနဲ့နော်။ သူရဲ့အချစ်ဆုံးသူငယ်ချင်းက နောက်ဆုံးစာမေးပွဲမှာ အယောက်၅၀ ထဲဝင်လို့ ငါတို့အတန်းကို အခုမှ ပြောင်းခွင့်ရခဲ့တာလေ။ သူက မနှစ်ကတည်းက နတ်ဘုရားလင်ရဲ့ဘေးခုံမှာထိုင်ပြီး စာလုပ်မယ်လို့ ပြောခဲ့တာကြောင့်မို့ပါ..."
ဝမ်းဟွာ အ.ထ.က(၁)တွင် နှစ်လတစ်ကြိမ် စာမေးပွဲရှိမည်ဟု ကျိုးချန်က ထောင်ရှီးကို ပြောခဲ့ဖူးသည်။ နှစ်ဝက်စာမေးပွဲနှင့် နောက်ဆုံးစာမေးပွဲ၏ရလဒ်များအရ သက်ဆိုင်ရာ အတန်းများကို ခွဲလေ့ရှိသည်။ သို့သော် တန်းခွဲ(၁)မှ ကျောင်းသားအများစုကမူ တည်မြဲနေတတ်ကြပြီး အနည်းစုကသာ အပြောင်းအလဲရှိကြသည်။
အတန်းခေါင်းဆောင် လီရှောင်ယွမ်က စည်းကမ်းအရ အတန်းကို လူးလာခေါက်ပြန်လှည့်နေသော်လည်း တိုးတိုး တိုးတိုးနှင့် စကားလိုက်ပြောနေသည်။ သူက အမည်းရောင်မျက်မှန်ဝိုင်းကြီးကိုပင့်လျက် ခပ်တိုးတိုးနှင့် ဝင်ပြောလာသည်။
" ဟုတ်တယ်၊ ဒိန်ချဉ်က အတန်းဖော်လင်နဲ့ ဆက်ဆံရေးမတရားကောင်းတာ။ သူက တန်းခွဲ(၂)ကနေ အဆင့်တက်နိုင်ဖို့ အကြာကြီးကြိုးစားခဲ့ရတာ၊ ခုတောင် နေမကောင်းလို့ ဒီနေ့အတန်းကို မတက်နိုင်ဘူး..."
ဒိန်ချဉ်ဟူသည် ထိုလူ၏အမည်ပြောင်ဖြစ်ဟန်တူပြီး အလွန်ရင်းနှီးကြပုံပေါ်သည်။
ဟေး၊ ဒါက ကွဲကွာသွားတဲ့ ညီအစ်ကိုနှစ်ယောက် အဆုံးမှာ ပြန်ဆုံကြလေသတည်းနဲ့ တူနေပြီ။
လင်ချင်းဟယ်က ဤမျှငြင်းဆန်နေသည်မှာ အံ့သြစရာမရှိတော့ချေ။
ထောင်ရှီး အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။
" ဒီလိုကိစ္စမျိုးသာ ရှိမှန်းသိရင် ငါ ကျိုးလောင်ရှီးကို ဒီမှာမထိုင်ခိုင်းဖို့ ပြောလိုက်သင့်တာ..."
သို့သော် သူ့စိတ်ထဲတွင်မူ အလွန်ဝမ်းနည်းသွားသည်။ သူ ချင်းရွှေ အ.ထ.က(၁) ကနေ ဤနေရာထိရောက်လာနိုင်အောင် နေ့ညပေါင်း သုံးရာကျော်လုံးလုံး အပတ်တကုတ်ကြိုးစားအားထုတ်ခဲ့ရသည်။ လင်ချင်းဟယ်နှင့်အတူ ထိုင်ရမည့်အခွင့်အရေးကို အဘယ်မှာ အလွယ်တကူ စွန့်လွှတ်နိုင်ပါ့မည်နည်း။
ထောင်ရှီး မျက်နှာပျက်သွားသည်ကိုမြင်လျှင် ပိချန်ဖေးက ကမန်းကတန်း နှစ်သိမ့်ပေးလာသည်။
" ဘာမှမဖြစ်ပါဘူး၊ ငါတို့အားလုံးက တစ်တန်းထဲ တူတူနေနေကြတာပဲကို…ပြီးတော့ နတ်ဘုရားလင်က အမြဲတမ်းတစ်ယောက်တည်းပဲ ထိုင်ခဲ့တာ။ တကယ်လို့ သူ့ဘေးနားမှာ ငါတို့သွားထိုင်ရင်တောင်မှ သူကြိုက်မှာမဟုတ်ဘူး..."
ယင်းက လင်ချင်းဟယ်က ထောင်ရှီးတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားနေခြင်းမဟုတ်ကြောင်း ဆိုလိုခြင်းမဟုတ်လား…။
လင်ချင်းဟယ်က ဖုန်းကိုင်လျက် အနောက်ဘက်တံခါးမှ ပြန်ဝင်လာသောကြောင့် ထောင်ရှီးမှာ ခေါင်းသာညိတ်ပြလိုက်ပြီး ဘာစကားမှထပ်မပြောတော့ချေ။
ရုတ်တရက် အတန်းဆင်းခေါင်းလောင်းမြည်လာသဖြင့် ဆူညံနေကြသောကျောင်းသားများမှာ သားရဲများပမာ မိမိတို့ထိုင်ခုံသို့ သုတ်သီးသုတ်ပျာပြေးထိုင်ကြသည်။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို အံဆွဲထဲမှ တရုတ်ဖတ်စာအုပ်များ ဆွဲထုတ်လိုက်ကြသည်။
ပထမဆုံးအတန်းက တရုတ်စာအတန်းချိန်ဖြစ်၏။ ထောင်ရှီး ဘေးကိုလှည့်ကြည့်လိုက်သောအခါ လင်ချင်းဟယ်ကလည်း တရုတ်ဖတ်စာအုပ်ကိုထုတ်နေကြောင်းတွေ့လိုက်ရသည်။ သို့သော် သူက စာအုပ်ကိုဖွင့်မထားပါချေ။ ဝတ္တရားအရသာ ထုတ်ထားပုံပေါက်သည်။ ထို့အစား သင်္ချာဉာဏ်စမ်းစာအုပ်ကိုသာ ပြန်ကောက်ကိုင်လျက် ဖတ်နေသည်။
မာနကြီးလွန်းသည်။
ထောင်ရှီးက မာနကြီးတတ်သူမဟုတ်သောကြောင့် တရုတ်ဖတ်စာအုပ်ကို မြန်မြန်ကောက်ဖွင့်လိုက်သည်။ သူ တန်းခွဲ(၁) ၏သင်ကြားစနစ်ကို လိုက်မှီလျှင်တောင်မှ အဆင့်ရလဒ်များကတော့ အတည်တကျရှိနိုင်လိမ့်မည်မဟုတ်ပါချေ။
တရုတ်စာ ဆရာမ၏အမည်က ဟယ့်ဝမ်ကျောင်းဖြစ်ပြီး အသက်သုံးဆယ်စွန်းစွန်းလောက်သာရှိသေးသည်။ သွယ်လျကျစ်လျစ်သော ကိုယ်လုံးကိုယ်ပေါက်နှင့် ဝိုင်းဝိုင်းစက်စက်မျက်နှာကြောင့် သူမက အသက်နှစ်ဆယ်ကျော်လေးပမာသာ ထင်ရသည်။ ကျောင်းသားများက ကျောင်းပရဝုဏ်အပြင်ဘက်တွင် သူမကို မမကျောင်းဟုသာ ခေါ်ကြသည်။
ဟယ့်ဝမ်ကျောင်းက စတိတ်စင်မြင့်ပေါ်သို့ တက်လိုက်ရင်း နူးညံ့ချိုသာသောအသံဖြင့် မေးလိုက်သည်။
" နွေရာသီကျောင်းပိတ်ရက်ပြီးတော့ ဆရာမကို လွမ်းနေကြလား..."
အောက်ရှိ ကျောင်းသူကျောင်းသားများက အသံရှည်ဆွဲလျက် ပြောလာကြသည်။
" လွမ်းပါတယ်....."
" ဟုတ်ပါပြီ၊ ဒီသုံးရက်လေးအတွင်း လိမ်ပြောတဲ့စွမ်းရည်ကတော့ အကုန်လုံး ပိုတိုးတက်လာကြပုံပဲနော်..."
ဟယ့်ဝမ်ကျောင်း၏နှုတ်ခမ်းစွန်းရှိ ပါးချိုင့်လေးများက ပိုမိုနက်ရှိုင်းသွား၏။ သူမက နောက်ဆုံးတန်းဆီသို့ အကြည့်ပို့လိုက်သည်။
" ပထမဆုံးအနေနဲ့ ဆရာမတို့ရဲ့ အတန်းဖော်အသစ်လေးကို ကြိုဆိုချင်တယ်။ ထောင်ရှီး၊ မင်္ဂလာပါ..."
ဟယ့်ဝမ်ကျောင်းက စာသင်ခန်းထဲရှိ စိမ်းသက်နေသည့် တစ်ခုတည်းသောမျက်နှာလေးဆီ ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် စစ်မှန်သောအပြုံးရိပ်များအပြည့်ဖြင့် ပြောလိုက်သည်။
ထောင်ရှီးက ထိုင်ခုံပေါ်မှ ခပ်မြန်မြန်ထရပ်ကာ ဟယ့်ဝမ်ကျောင်းကို 'မင်္ဂလာပါ ဆရာမ' ဟူ၍ ဝမ်းမြောက်ဝမ်းသာ ပြန်နှုတ်ဆက်လိုက်သည်။
ဟယ့်ဝမ်ကျောင်းက ခေါင်းညိတ်ပြကာ သူ့ကို ပြန်ထိုင်ခိုင်းသည်။ ရုတ်တရက်ပင် သူမက အံ့အားသင့်တုန်လှုပ်ဖွယ်ကိစ္စကြီးတစ်ခုကို လျှပ်စီးမိုးကြိုးပမာ ပစ်ခွင်းချလိုက်သည်။
" အထက်တန်းပထနှစ်ရဲ့ နောက်ဆုံးစာမေးပွဲပြီးတော့ ချင်းရွှေ အ.ထ.က(၁) ကျောင်းက အမှတ်ပြည့်ရတဲ့ စာစီစာကုံးတစ်ပုဒ်ကို မင်းတို့အားလုံးဆီ ဆရာမ ပို့ပေးခဲ့တာ မှတ်မိကြလား။ အဲ့ဒီတုန်းက တော်တော်များများတောင် ငိုကြသေးတယ်ဟုတ်...။ စာစီစာကုံး ခေါင်းစဉ်က 'လမင်းထံပြေးလိုက်သောလူတစ်ယောက်' လေ။ ရေးတဲ့သူက အတန်းဖော် ထောင်ရှီးပဲ..."
စာမေးပွဲကြီးတစ်ခုပြီးတိုင်း ဝမ်းဟွာ အ.ထ.က(၁) ကျောင်းရှိ တရုတ်စာပေအသင်းက ပြောင်မြောက်ထူးကဲသည့် စာစီစာကုံးတစ်ချို့ကို ကျောင်းသားများထံ ပို့ပေးလေ့ရှိသည်။ ချင်းရွှေ အ.ထ.က(၁) ၏ နောက်ဆုံးစာမေးပွဲမေးခွန်းများက ဝမ်းဟွာ အ.ထ.(၁)မှ မေးခွန်းများကို ယူသုံးထားခြင်းဖြစ်ပြီး ဟယ့်ဝမ်ကျောင်းကလည်း ချင်းရွှေ အ.ထ.က(၁)၏အဖြေလွှာများကို စာစစ်ရာတွင် ပါဝင်ခဲ့သည်။ သူမက ထောင်ရှီး၏ စာစီကုံးကိုဖတ်ပြီး အလွန်ထိရှသွားသောကြောင့် မိတ္တူကူးကာ ကျောင်းသားများကို ဖြန့်ဝေခဲ့သည်။
ထောင်ရှီးမှာ သူ့ကိုဝိုင်းကြည့်နေကြသည့် အံ့သြခြင်း၊ ဂရုဏာသက်ခြင်း၊ မယုံနိုင်ခြင်းနှင့် စာနာသနားခြင်းစသော အကြည့်စူးစူးများကို ခံစားလိုက်ရပြန်သည်။ သူ့ဘေးရှိ လင်ချင်းဟယ်ကမူ မည်သည့်အမူအရာမှ ပြသလာခြင်းမရှိပါချေ။
သူ့အရှေ့ထိုင်ခုံက ပိချန်ဖေးက ရုတ်တရက်ခေါင်းလှည့်လာကာ မျက်လုံးထဲတွင် စာနာသနားမှုအပြည့်ဖြင့် သူ့ပုခုံးကို ပုတ်ပေးလာသည်။
ငါလူး!
ထောင်ရှီးမှာ ဖြန်းခနဲ မျက်နှာရဲတက်ကာ အလွန်အမင်း ရှက်ရွံ့သွားသည်။ သူ့ခြေချောင်းများကလည်း ကုတ်ကွေးနေသည်မှာ ဘတ်စကတ်ဘောလုံးကွင်း တစ်ကွင်းစာတောင် တူးလို့ရတော့မည်ထင်၏။
အဘယ်ကြောင့်ဆိုသော် ပြောသူနာမ်စားနှင့်ရေးဖွဲ့ထားသော ထိုသရုပ်ဖော်စာစီစာကုံးမှာ သူ စိတ်ကူးယဉ်ရေးသားထားခြင်းသာ ဖြစ်နေသောကြောင့်ပင်။ အဓိကဇာတ်ကောင် "ကျွန်တော်"က ငါးနှစ်အရွယ်တွင် မိခင်ကိုဆုံးရှုံးလိုက်ရပြီး ဆယ်နှစ်အရွယ်တွင် ဖခင်ကိုထပ်ဆုံးရှုံးရပြန်သည်။ သူက ဆင်းရဲနွမ်းပါးသော်လည်း သူ့အိပ်မက်ဆီကို အရောက်သွားဖို့တော့ ကြံ့ခိုင်သန်မာနေခဲ့သည်....
ထောင်ရှီးမှာ " အဲ့တာ အစစ်မဟုတ်ဘူးကွ..." ဟု အော်ပြောလိုက်ချင်သည်။
သူ့အတွင်းစိတ်သန္နာန်ထဲမှ အသံကိုကြားရသည့်အလား ဟယ့်ဝမ်ကျောင်းက ဆက်ပြောလိုက်သည်။
" ဒါပေမဲ့ ချင်းရွှေ အ.ထ.က(၁)က ဆရာတစ်ယောက်ဆီကို သီးသန့်သွားမေးကြည့်လိုက်တဲ့အခါမှ ဒီစာစီစာကုံးလေးက ဇာတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပဲဖြစ်နေမှန်း သိလိုက်ရတယ်..."
ထောင်ရှီးမှာ ထိုအခါမှသက်ပြင်းချနိုင်သည်။ ကျောင်းသားများလည်း စိတ်သက်သာရာရသွားသဖွယ် သက်ပြင်းချလိုက်ကြပြီး သူတို့၏သင်္ကာမကင်းသည့်အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကြ၏။
အကယ်၍ အစစ်အမှန်သာဖြစ်ခဲ့ပါက ဤမျှကံကြမ္မာငင်သော မုန်လာထုပ်လေး*ကို သူတို့ ရှေ့လျှောက်မည်သို့ မျက်နှာချင်းဆိုင်ရမလဲတောင် မသိပါချေ။
[ * မုန်လာထုပ်လေးက တရုတ်ရိုးရာပုံပြင်တစ်ခုပါ။အမေကိုဆုံးရှုံးလိုက်ရပြီး သူများနှိပ်စက်ခံရတဲ့ မိန်းကလေး တစ်ယောက်အကြောင်းပါ။ စင်ဒရဲလားတရုတ်ဗားရှင်းပါပဲ]
" မင်းတို့အတန်းမှာ ကျောင်းသားတော်တော်များများက ကျိုးကြောင်းပြစာစီစာကုံးလောက်ပဲ ရေးတတ်ကြတယ်။ သရုပ်ဖော်စာစီစာကုံးလည်း ရေးလိုက်ရော ခံစားချက်မပါဘဲ တောင့်တောင့်တင်းတင်းကြီးဖြစ်သွားတတ်ကြတယ်။ စာဖတ်သူကို လုံးဝမဆွဲဆောင်နိုင်ဘူး။ ဇာတ်လမ်းက လိုရင်းအဓိပ္ပာယ်မပေါက်ရောက်တာတွေ၊ တစ်ချို့ဆို အမြှီးအမောက်မတည့်တာတွေပါဖြစ်တယ်..."
ဟယ့်ဝမ်ကျောင်းက လေသံခပ်အေးအေးဖြင့် ပြောနေသည်။
အချို့ကျောင်းသားများမှာ မိမိတို့၏စာစီစာကုံးကို ပြန်တွေးမိပြီး ခေါင်းကုတ်သူကကုတ်၊ ဘောပင်လှည့်သူကလှည့်နှင့် ကသိကအောင့်ဖြစ်နေကြသည်။
" တစ်ချို့ကျောင်းသားတွေက ကျိုးကြောင်းပြစာစီစာကုံးရေးတာ အရမ်းကိုတော်ပါတယ်။ ကောက်နုတ်ချက်၊ ကိုးကားချက်တွေ၊ ခရေစေ့တွင်းကျတဲ့အချက်အလက်တွေပါ ထည့်ရေးနိုင်တယ်။ ဒါပေမဲ့ သူ့ကို ခံစားမှုအပြည့်ပါတဲ့ သရုပ်ဖော်စာစီစာကုံး ရေးခိုင်းလိုက်တဲ့အခါကျ ဘာခံစားချက်၊ ဘာလိုအင်ဆန္ဒမှမရှိတဲ့ သစ်သားချောင်းကြီးလိုပဲ။ ဟိုးနောက်ဆုံးတန်းက သင်္ချာဉာဏ်စမ်းစာအုပ်ဖတ်နေတဲ့ လင်ချင်းဟယ်လိုပေါ့..."
ကျောင်းသားများအားလုံး နောက်ဆုံးတန်းက “သစ်သားချောင်း” ကြီးကို လှည့်ကြည့်လိုက်ကြသည်။ သို့သော် မည်သူမှ အသံထွက်မရယ်ရဲကြပါချေ။
ထောင်ရှီးလည်း ဘေးကိုလှည့်ကြည့်လိုက်သော် စာရွက်လှန်မည်ပြုနေသည့် လင်ချင်းဟယ်၏လက်က တန့်ခနဲရပ်သွားကာ မသိမသာမျက်မှောင်ကြုတ်သွားပြီး သင်္ချာဉာဏ်စမ်းစာအုပ်ကို အံဆွဲထဲဆွဲထည့်လိုက်သည်။
ထောင်ရှီးမှာ မအောင့်နိုင်ဘဲ ရယ်ချလိုက်သည်။ သို့သော် သူ့ရယ်သံက ခြင်သံလောက်တောင်မကျယ်မှန်း သူ ကျိန်ဆိုရဲပါ၏။
သို့တိုင် လင်ချင်းဟယ်က ကြားဖြစ်အောင်ကြားသွားပြီး မျက်နှာအနည်းငယ်လှည့်လာကာ သူ့ကို မှင်သေသေဖြင့် စိုက်ကြည့်လာသည်။ သူက အရပ်ပိုမြင့်သဖြင့် ငုံ့ကြည့်ရသောကြောင့် မျက်တောင်ရှည်ရှည်များက စင်းကျနေသည်။ နက်စွေးနေသည့်မျက်ဝန်းများကမူ စာရေးခုံပေါ်တွင် တင်ထားသည့် ရေခဲရေပမာ အေးစက်ခြင်းတစ်ဝက်၊ စိမ်းကားခြင်းများတစ်ဝက်ဖြင့်။
တစ်စုံတစ်ယောက်က သူ့အား ထိုသို့ စိမ်းစိမ်းကားကားကြည့်လာပါက ထောင်ရှီးကလည်း တန်ပြန်စိုက်ကြည့်ပေးလိုက်မည်။ စိတ်အခန့်မသင့်လျှင် ဆဲပါဆဲပစ်ခဲ့ဦးမည်ပင်။
ယခုမူ ထောင်ရှီးက မျက်လုံးထဲတွင် ငါမင်းကိုမရယ်ပါဘူးဟူသည့် အရိပ်အယောင်များဖြင့် အပြစ်ကင်းစင်စွာ ပြန်ကြည့်လိုက်သည်။
လင်ချင်းဟယ်က အကြည့်များကို ပြန်သွေဖည်သွားပြီး တရုတ်စာအုပ်ကိုကောက်ကိုင်ကာ အလျဉ်းသင့်စာမျက်နှာကိုလှန်လိုက်သည်။
ဟယ့်ဝမ်ကျောင်းကမူ အလွတ်ပေးလိုပုံမပေါ်ဘဲ ခပ်ပြုံးပြုံးနှင့်ဆက်ပြောလာသည်။
" အတန်းဖော်ထောင်ရှီးရဲ့ စာစီစာကုံးက သူ့ရဲ့ရိုးရှင်းတဲ့စာအရေးအသားတွေထက် ပိုကောင်းတယ်။ လင်ချင်းဟယ်၊ ထောင်ရှီးက မင်းဘေးမှာ ထိုင်ဖို့ဖြစ်လာတာဆိုတော့ ရှေ့လျှောက် သူ့ဆီက သရုပ်ဖော်စာစီစာကုံးရေးနည်းကို ပိုပြီးလေ့လာလို့ရတယ်..."
ထိုစကားအဆုံးတွင် ကျောင်းသားအများစုမှာ အံ့သြတုန်လှုပ်ကုန်ကြပြီး ပါးစပ်များပါ အုပ်လိုက်ကြသည်။
အကြင်လူက လင်ချင်းဟယ်ဖြစ်၏။ တစ်နှစ်ပတ်လုံး ပထမနေရာက မဆင်းဘဲ ဒုတိယရသည့်လူနှင့်တောင် အမှတ်နှစ်ဆယ်ကျော်သာနေတတ်သော အဖက်ဖက်ကပြည့်စုံလွန်းသည့်လူ။ သင်္ချာ၊ အင်္ဂလိပ် နှင့် အထွေထွေသိပ္ပံစသည့် ဘာသာရပ်အားလုံး၌ အမှတ်ပြည့်နီးပါးရကာ တရုတ်စာမှာလည်း အမှတ်အမြင့်ဆုံးရသည့်လူပင်။
ထို့အပြင် စာစီစာကုံးများကို မည်သည့်အမျိုးအစားဖြင့်သာ ရေးသားရမည်ဟူ၍ သတ်မှတ်ထားခြင်းမရှိချေ။ ကျိုးကြောင်းပြစာစီစာကုံးကို ကျွမ်းကျွမ်းကျင်ကျင်ရေးနိုင်လျှင်လည်း အမှတ်မြင့်မြင့်ရနိုင်သည်။
ထောင်ရှီးက ဆင်းရဲနွမ်းပါးသည့်ခရိုင်မှ “ရပ်ဝေးပညာတော်သင်” လေးသာဖြစ်သည်။ သူက ချင်းရွှေတစ်ခရိုင်လုံးတွင် ပထမရသည်ဆိုလျှင်တောင် လက်ရှိပစ္စုပ္ပန်တွင် ထောင်ရှီးနှင့် သူတို့ကြားရှိ ကွာဟချက်ကို အားလုံးသိကြသည်။
ထောင်ရှီးမှာ ယနေ့မှ အတန်းလာတက်ရုံရှိသေး ဟယ့်ဝမ်းကျောင်းထံမှ ချီးမွမ်းခံလိုက်ရမည်ဟု မထင်ထားခဲ့ပါချေ။ ၎င်းက လင်ချင်းဟယ်ရှေ့တွင်လည်း ဖြစ်နေသေး၏။
ငယ်ရွယ်ပျိုမြစ်သော လူငယ်ပီပီ ချီးမွမ်းခံလိုက်ရ၍ အနည်းငယ် ဂုဏ်ယူဝမ်းမြောက်သွားခြင်းကို သူ မငြင်းနိုင်ပါချေ။ စာရေးခြင်းနှင့် ပန်းချီဆွဲခြင်းက သူ၏မွေးရာပါ ပါရမီများဖြစ်၏။ သူ တရုတ်စာမေးပွဲတိုင်းတွင် ဘယ်သောအခါမှ စာစီစာကုံးကို ချန်လှပ်ထားခဲ့ခြင်းမျိုးမရှိဖူးပေ။
သို့သော် လင်ချင်းဟယ်၏အမှတ်ပေါင်းများက လူတစ်ယောက်တတ်စွမ်းနိုင်သည်ထက် ကျော်လွန်နေကြောင်း အမှတ်ရသွားသည့်အခါ သူ၏ဂုဏ်ယူဝင့်ကြွားစွာ တနှံ့နှံ့ဖြစ်နေသည့်အမြှီးလေးက ပြန်ပြုတ်ကျသွားရ၏။
ဟယ့်ဝမ်ကျောင်း၏စကားကြောင့် သူ လူမုန်းများရုံသာရှိမည်။
ထောင်ရှီး စိတ်ထဲ၌ ဆဲရေးလိုက်သည်။
လင်ချင်းဟယ်ကမူ ဘာမှပြောလာခြင်းမရှိချေ၊ ဟယ့်ဝမ်းကျောင်း၏စကားများကို လုံးဝစိတ်ထဲမထား၍လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
ထောင်ရှီးမှာ ဆက်ရယ်နိုင်စွမ်းမရှိတော့ကြောင်း သိပ်မကြာခင်၌ သိရှိသွားရ၏။ အဘယ်ကြောင့်ဆိုသော် ဟယ့်ဝမ်ကျောင်းက ရှေးဟောင်းကဗျာစာပေများအကြောင်း စတင်ပြောဆိုလာ၍ပင်။ သူမက ကျောင်းသားတစ်စုဘက်လှည့်လျက် နွေရာသီကျောင်းပိတ်ရက်အတောအတွင်း ကဗျာဘယ်နှပုဒ် လေ့လာဖြစ်ခဲ့သလဲဟု မေးမြန်းနေသည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း သူ ဘာမှမလေ့လာဖြစ်ခဲ့ပါချေ။
ထောင်ရှီးမှာ ခုံတွင် ပင်အပ်နှင့်တွယ်ထားသလို ထိုင်နေရင်း နိမိတ်မကောင်းသောခံစားချက်တစ်ခုကို ကြိုတင်ခံစားလိုက်ရသည်။ အသေအချာကြီးပင် ပိချန်ဖေးက သူ့ကို သတင်းကောင်းတစ်ခုပြောပြလာသည်။
" ငါတို့က နွေရာသီပိတ်ရက်အတွင်းမှာ သင်္ချာနဲ့သိပ္ပံကို အွန်လိုင်းကနေ ကိုယ်ပိုင်လေ့ကျင့်မှုအတန်းတွေ တက်ပြီးသွားပြီ။ အင်္ဂလိပ်စာကတော့ ဖွားဖွားလေးပိရဲ့စိတ်အခြေနေပေါ်မူတည်ပြီးသင်တာ။ ဘာသာစကား သင်ခန်းစာတွေကတော့ ပြီးခါနီးနေပြီ..."
" ???? "
ထောင်ရှီးမှာ တစ်ခဏကြာ အသက်ရှူကြပ်သွားသည်။ သူ အင်တာနက်မရှိဘဲ ဒီအွန်လိုင်းသင်ခန်းစာတွေကို ဘယ်လိုလေ့လာရမှာလဲ…
ပိချန်ဖေးက စကားခဏရပ်သွားကာ အခြားသတင်းကိုပါ ရက်ရက်စက်စက်ပြောပြလာသည်။
" ဒီတစ်ပတ်ပြီးရင် ငါတို့ ကျောင်းတွင်းစာမေးပွဲတွေစဖြေရတော့မှာ။ နွေရာသီကျောင်းပိတ်ရက်တုန်းက ကိုယ်ပိုင်လေ့ကျင့်မှုလုပ်ခဲ့တဲ့ အကြောင်းအရာတွေကို ဖြေရမှာ..."
"....."
ပိချန်ဖေးက ဖြူဖပ်ဖြူရော်ဖြစ်သွားသည့် ထောင်ရှီးကို ဂရုဏာသက်စွာကြည့်လိုက်သည်။
" ဘာမှမဖြစ်ပါဘူး။ မင်း စာမေးပွဲကျရင်တောင် ဆရာ၊ ဆရာမတွေနဲ့ အတန်းဖော်တွေက မင်းကို နားလည်ပေးကြမှာပါ..."
ထောင်ရှီးက ထုံထိုင်းစွာ ပြောလိုက်သည်။
" ငါအခုနေ ခေါင်းလဲလိုက်ရင် အချိန်မှီလောက်သေးလား..."
သူက ခေါင်းငုံ့ကာ ဖုန်းသုံးနေသော လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။ သူနှင့် ခေါင်းချင်းလဲလိုက်ရင်လည်း မဆိုးဘူးဟု တွေးမိလိုက်သေးသည်။
ထောင်ရှီးက လင်ချင်းဟယ်ကို စာကူရှင်းပြရန် အကူအညီတောင်းလို၍ လင်ချင်းဟယ်ဘက်ကို လှည့်ကြည့်လိုက်ခြင်းဖြစ်မည်ဟု ပိချန်ဖေးက ထင်သွားသည်။ ထောင်ရှီးမှာ အားနည်းပျော့ညံ့ပုံပေါက်သော်လည်း သတ္တိတော့မနည်းလှ။ ထို့ကြောင့် သူ့ကိုသာ ရွေးချယ်ရန်ပြောလိုက်သည်။
" ငါမင်းကို ကူညီပေးလို့ရတယ်။ အတန်းထဲက ငါ့ရဲ့လုပ်ဆောင်ချက်တွေကို မင်း မကြိုက်တာမျိုး မဖြစ်မိဘူးဆိုရင်ပေါ့..."
သူ ထောင်ရှီးကို လင်ချင်းဟယ်ထံမှ နှစ်ကြိမ်နှစ်ခါ အငြင်းမခံရစေချင်ပါ။ မဟုတ်လျှင် ရှက်ရွံ့မှုက နှစ်ဆဖြစ်သွားလိမ့်မည်။
ထောင်ရှီးက အလွန်သတ္တိရှိသူဖြစ်သော်လည်း လင်ချင်းဟယ်ကိုတော့ လွန်ဆန်နိုင်ခြင်း မရှိလောက်ပါချေ။ သူ အံကြိတ်ကာ ဖျစ်ညစ်ပြုံးရင်း ဆိုလိုက်သည်။
" စိတ်မပူနဲ့၊ ငါမင်းကို ကူညီပေးမယ်..."
_______________________