အပိုင်း ၄
Viewers 8k

The Moon Is Coming To Me 


Chapter 4


ပြောစရာပင် မလိုအောင် ကျန်သည့်အတန်းများတွင်လည်း ဆရာများက ခွေးလိုက်ဆွဲသည့်ပမာ အလွန်မြန်ဆန်စွာ သင်သွားကြသည်။ တစ်ချို့အပိုင်းများဆိုလျှင် ဆရာများက ဤကဲ့သို့ပင် ဆိုကြသေး၏။


" မင်းတို့ နွေရာသီကျောင်းပိတ်ရက်တုန်းက လေ့လာပြီးသားတွေဆိုတော့ ငါအများကြီးပြောပြနေဖို့ မလိုတော့ပါဘူး..."


ထောင်ရှီး၏ခေါင်းတစ်ခုလုံး " ? " များဖြင့်သာ ပြည့်နှက်နေတော့သည်။


ထို့အပြင် ဝမ်းဟွာ အ.ထ.က(၁) ကျောင်းနှင့် အီလက်ထရောနစ်ပစ္စည်းများက ခွဲခြားထား၍မရကြောင်းကိုလည်း သူ သိလိုက်ရသည်။ ကျောင်းသားအများစုက သူတို့၏ဖုန်း သို့မဟုတ် တက်ပလပ်များထုတ်ကာ စာသင်ချိန်အတွင်း၌ ကျောက်သင်ပုန်းပေါ်မှ စာများကိုဓာတ်ပုံရိုက်ကူးခြင်း၊ တက်ပလပ်ထဲတွင် တိုက်ရိုက်မှတ်စုရေးသားခြင်းများ ပြုလုပ်ကြသည်။


ရပ်ဝေးတိုက်ရိုက်ထုတ်လွှင့်ကာ သင်ကြားခဲ့သည့် တစ်နှစ်အတွင်း၌ ထောင်ရှီးတွင် အလွန်ကျွမ်းကျင်သော မှတ်စုမှတ်သားနိုင်သည့် စွမ်းရည်ရှိခဲ့သော်လည်း ယခုတွင်မူ အလုပ်မဖြစ်တော့ချေ။ ဤနှုန်းထားကို သူလုံးဝလိုက်မမှီပေ။


သူ နားရောလည်နိုင်ပါ့မည်လား၊ မှတ်ရောမှတ်မိနိုင်ပါ့မည်လား...။


သူ့အား ပို၍အံ့အားသင့်သွားစေသည်က လင်ချင်းဟယ်ကလည်း မှတ်စုချရေးနေခြင်းကိုပင်။


ထိုသူက မိုဘိုင်းဖုန်းရော တက်ပလက်ပါ မသုံးဘဲ ဘောပင်တစ်ချောင်းထုတ်ကာ မနှေးမမြန်လက်ရေးဖြင့် အမည်းရောင်မှတ်စုစာအုပ်ပေါ်တွင် ချရေးနေသည်။ သူက စိတ်ရှိရာ လျှောက်ခြစ်ရေးနေသည့်အလား ကျောက်သင်ပုန်းကိုတောင် မော့မကြည့်ခဲ့ပါချေ။


သို့သော် ထောင်ရှီးက သူ၏ 5.0 အမြင်အာရုံဖြင့် သူ့ဘေးခုံကို အကြိမ်ပေါင်းမနည်း ခိုးကြည့်လိုက်သောအခါ မှတ်စုစာအုပ်ထဲက စာများကို အကြမ်းဖျင်းမြင်လိုက်ရသည်။ ၎င်းတို့က အမှန်တကယ်ကို အတန်းထဲတွင် သင်ကြားနေသော အကြောင်းအရာများသာဖြစ်ပြီး စနစ်တကျ စုစည်းရေးသားထားသောကြောင့် သင်ကြားရေးအထောက်ပြု မှတ်စုနှင့် ပိုတူနေသည်။ ဤအရာမျိုးက အပြင်မှာတောင် ဝယ်လို့မရပါချေ။


လင်ချင်းဟယ်က စာသင်ခန်းနှင့် စာမေးပွဲခန်းထဲတွင် အိပ်နေလည်း အမှတ်အပြည့်ရနေသည့် လူမဟုတ်သော သတ္တဝါတစ်ယောက်ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။


ပါရမီရှင်များလည်း ကြိုးစားဖို့လိုအပ်ပုံပေါ်၏၊ ထောင်ရှီး အနည်းငယ် မျှတသွားသလို ခံစားလိုက်ရသည်။


ဓာတုဗေဒအတန်းချိန်တစ်ချိန်လုံးတွင် ထောင်ရှီးမှာ မျက်လုံးထောင့်ကနေ လင်ချင်းဟယ်၏ မှတ်စုစာအုပ်ကို အဆာငတ်နေသည့်လူတစ်ယောက်က အဖိုးတန်အသားတစ်ကို စိုက်ကြည့်နေသည့်အလား အာသာငမ်းငမ်းကြည့်နေသည်မှာ သွားရည်မကျရုံ တမည်ပင်။


သို့သော် အတန်းဆင်းခေါင်းလောင်းတီးသည်နှင့်တစ်ပြိုင်နက် မှတ်စုစာအုပ်ပိုင်ရှင်က ဘောပင်နှင့်စာအုပ်ကို သေသေသပ်သပ် ပြန်ပိတ်ကာ ဖုန်းထုတ်လျက် ဂိမ်းဆော့နေတော့သည်။


အင်မတန် ပျင်းရိဖွယ်ကောင်း၏။


ထောင်ရှီးမှာ အင်တင်တင်နှင့် သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ရသည်။ သူ့ခဗျာ “ငါ့ကိုမှတ်စုစာအုပ်ငှားပါလား" ဟု ပါးစပ်ကပြောမထွက်သွားအောင် အတော်ပင် ရုန်းကန်လိုက်ရသည်။


သူက မျက်နှာအပျက်မခံနိုင်သည့်လူမျိုးဖြစ်ပြီး အရှက်အကြောက်လည်း ကြီးသည်။ လင်ချင်းဟယ်က သူ့ကို “မရဘူး” ထပ်ငြင်းမည့်ပုံပေါ်နေ၏။ ထိုခံစားချက်က ဆိုးဝါးလွန်းမှာ သူကြောက်ရွံ့မိသည်။


ကံကောင်းထောက်မ၍ ပိချန်ဖေးက သဘောကောင်းသော မြို့ကြီးသားပီပီ နွေရာသီကျောင်းပိတ်စဉ်က စာအုပ်များကို ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ထောင်ရှီးအား အကုန်ငှားပေးလိုက်သည်။


ထောင်ရှီး၏ တစ်နေ့တာစာသင်ချိန်က ဤသို့ပင် ကုန်ဆုံးသွား၏။ သူ့ဘေးခုံတွင်လည်း လေအေးများ အလိုအလျောက်ထုတ်လွှတ်နေသော သဘာဝရေခဲသေတ္တာကြီးရှိနေရာ ထောင်ရှီးမှာ ညအချိန် ကျောင်းဆောင်ကြီးထဲက ထွက်လာချိန်မှ ပုံရိပ်ယောင်မြေအောက်ကမ္ဘာထဲကနေ နေရောင်အောက်သို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရလေသည်။


အတန်းထဲရှိ ကျောင်းသားအများစုက နေ့ကျောင်းသားများသာဖြစ်ကြသဖြင့် ထောင်ရှီးက အဆောင်ကို တစ်ကိုယ်တည်းသား ပြန်လာခဲ့သည်။ သူ အဆောင်အခန်းတံခါးကို ဖွင့်လိုက်သောအခါ အနည်းငယ် ဝဝဖိုင့်ဖိုင့်လူတစ်ယောက်က လက်တစ်ဆုပ်စာ အာလူးကြော်များကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုသူက သူ့ထိုင်ခုံမှ ထရပ်လာကာ ပလုတ်ပလောင်းဖြင့် နှုတ်ဆက်သည်။


" မင်္ဂလာပါ..."


ထောင်ရှီးလည်း ယဉ်ကျေးစွာပြန်ပြုံးလိုက်၏။ သူ လက်ထဲက ပစ္စည်းပစ္စယများကို စားပွဲပေါ်သို့ချလိုက်ရင်း မိမိကိုယ်မိမိ အတိုချုံး၍ မိတ်ဆက်လိုက်သည်။


သိသာစွာပင် ဤဖက်တီးလေးက အခန်းဖော်အသစ်အကြောင်းကို စုံစမ်းစပ်စုထားပြီးသားဖြစ်သဖြင့် အသေးစိတ် ဆက်မေးမလာခဲ့ချေ။ သူက အာလူးကြော်များကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး အာလူးကြော်ထုပ်ကို ထောင်ရှီးထံ လက်ကမ်းပေးလျက် တက်ကြွစွာ ဆိုလာသည်။


" ငါ့နာမည်က ဖန်းယန့်၊ ငါ့ကို အခန်းဖော်သစ်အဖြစ် လိုတာအကူညီတောင်းလို့ရတယ်။ ငါနဲ့လောင်ရွှီ နှစ်ယောက်တည်းဆို အရမ်းပျင်းဖို့ကောင်းတာ..."


ထောင်ရှီး ဖန်းယန့်၏လက်ချောင်းတွင် ပေနေသည့် ဆေးစက်များကို တစ်ချက်ကြည့်လိုက်သည်။ သူ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် မုန့်ထုပ်ထဲမှ အာလူးကြော်တစ်ချပ်ကို လှမ်းယူလိုက်သည်။ သူ မလှမ်းမကမ်းရှိ ပန်းချီဆွဲရာတွင်သုံးသည့် ဘုတ်ပြားကို လှမ်းကြည့်ကာ မေးလိုက်သည်။


" မင်းက ပန်းချီမေဂျာကလား..."


ပုံဆွဲဘုတ်ပြားပေါ်တွင် မပြီးစီးသေးသည့် ရေဆေးပန်းချီကားရှိနေသည်။ ၎င်းက ပန်းချီကျောင်းသားများအတွက် ဖရဲသီးနှင့် အခြားသစ်သီးများပုံများကို လေ့ကျင့်ဆွဲသားရန် အိမ်စာများဖြစ်၏။ ဘေးဘက်က စားပွဲပေါ်တွင်မူ ခပ်နွမ်းနွမ်း သစ်သီးဝလံတစ်ချို့ရှိနေသည်။


ဖန်းယန့်က သက်ပြင်းချကာ ဆေးရောင်စပ်သည့် ဘုတ်ပြားနှင့် စုတ်တံကိုကောက်ကိုင်၍ ပုံဆွဲဘုတ်ပြားရှေ့တွင် ထိုင်ချလိုက်သည်။ သူက ညည်းညူမြည်တမ်းသလို ပြောတော့၏။


" သူငယ်ချင်းလေးရာ မင်းမသိပါဘူး၊ ငါ့အဖိုးက ပန်းချီဆရာတစ်ယောက်လေ။ သူက ငါ့ကို ပန်းချီမေဂျာအတင်းယူခိုင်းခဲ့တာ။ ပြီးတော့ ငါ့ကို ချင်းဟွာတက္ကသိုလ်က ပန်းချီမေဂျာကိုလည်း ယူခိုင်းဦးမယ်တဲ့။ ငါ ပန်းချီဆွဲမှ မတော်ပါဘူးဆိုနေ..."


သူ့ အိပ်မက်က ကြက်သားကြော်ဆိုင်လေး ဖွင့်ဖို့ပင်။ သို့သော်လည်း နေ့တိုင်း အပြေးအလွှားကျောင်းသွားကာ ပန်းချီပဲဆွဲနေရသည်။


ထောင်ရှီးက ဖန်းယန့်ဆီသို့ လျှောက်သွားကာ သူအရောင်ချိန်ညှိနေပုံကို ခဏတာစောင့်ကြည့်နေလိုက်သည်။ ဤလူက ထောင်လွှားမာနကြီးသူ မဟုတ်လောက်ဟု သူ တွေးလိုက်ကာ မနေနိုင်စွာ ဝင်ပြောလိုက်သည်။


" အဝါဖျော့ရောင်က ပမာဏများနေတယ်..."


ဖန်းယန့်က အံ့သြသွားပြီး ထောင်ရှီးကို သင်္ကာမကင်းကြည့်လာ၏။


" မင်း ပန်းချီဆွဲတတ်တာလား။ ငါ့အတွက် အရောင်ညှိပေးလို့ရမလား..."


ထောင်ရှီးလည်း ယဉ်ကျေးမနေတော့ဘဲ ဆေးရောင်စပ်သည့် ဘုတ်ပြားနှင့် စုတ်တံကိုယူကာ အရောင်များကို ကျွမ်းကျွမ်းကျင်ကျင် ခြယ်သပေးလိုက်သည်။


ဖန်းယန့်မှာ ယခု သူ့ကို ပေါ့သေးသေးမတွက်ရဲတော့ချေ။ သူက ထိုင်ခုံကိုတောင် ရိုရိုသေသေဖယ်ပေးလိုက်ကာ မျက်နှာပေါတွင်မူ ဝမ်းမြောက်ဝမ်းသာသည့် အပြုံးလေး ဖြစ်ထွန်းသွားသည်။


" အခန်းဖော်လေး၊ ငါ့အတွက် ဒီသစ်သီးလေးကိုရော အရောင်ခြယ်ပေးလို့ရမလားဟင်..."


ထောင်ရှီးက မျက်ခုံးများပင့်ကာ ဆိုလိုက်သည်။


" ဒီတစ်ခုပဲရမယ်။ ငါ့မှာ အိမ်စာလုပ်စရာတွေရှိသေးတယ်..."


" ဟုတ်ပါတယ်လေ။ ဒီမှာ တစ်ဆိတ်လောက် သုံးဆောင်ပါဦး..."


ဖန်းယန့်က သူ့စားပွဲအောက်မှ ကိုလာဘူးကို ဆွဲထုတ်ကာ ထောင်ရှီးအတွက် စားပွဲပေါ်တင်ပေးလိုက်သည်။


ထောင်ရှီးမှာ ဖန်းယန့်၏ပုံဆွဲစွမ်းရည်ကြောင့် ခေါင်းပင်ကိုက်လာသည်။ ဖန်းယန့်က အမှန်တကယ်ကို ပန်းချီမေဂျာနှင့် မသင့်လျော်ပါချေ။ သူ့ပုံနေရာအထားအသိုကိုက မှားယွင်းနေကာ နောက်ခံအရောင်ကလည်း ဆိုးဝါးလှသည်။ သစ်သီး၏အရောင်က မည်မျှပင်ကောင်းနေပါစေ၊ သစ်သားပြားအဟောင်းကြီးကို ဆေးသုတ်နေရသည်နှင့် ဘာမှမထူးခြားနားချေ။


သူ အောင့်အည်းသည်းခံ၍ သစ်သီးပုံကို အစပ်အဟပ်တည့်တည့် ဆေးရောင်ခြယ်ပေးကာ အသက်မဲ့နေသည့် ပန်းချီကားကို အသက်ပြန်ဝင်လာအောင် လုပ်ပေးလိုက်သည်။


ဖန်းယန့်မှာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူ ပန်းချီကားကို ချီးကျူးပြောဆိုမည်ပြုစဉ် အိပ်ခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး အခြားအခန်းဖော်တစ်ယောက် ဝင်လာသည်။


" လောင်ရွှီ၊ ဒါငါတို့ အခန်းဖော်အသစ် ထောင်ရှီးတဲ့။ သူက ပန်းချီဆွဲ အရမ်းတော်တယ်..."


ထောင်ရှီး စုတ်တံကို ဖန်းယန့်ထံ ပြန်ပေးလိုက်ကာ ထရပ်ပြီးလှည့်ကြည့်လိုက်သည်။ ဝင်ရောက်လာသူက ပိန်ပိန်ရှည်ရှည်၊ အသားမည်းမည်းနှင့်ဖြစ်ပြီး အနက်ရောင်ကိုင်းမျက်မှန်ကို တပ်ထားသည်။ ထိုသူက သူ့ကို တစ်ချက်စိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြော၏။


" ငါ့နာမည် ရွှီကျီးချီ..."


ထောင်ရှီးက မျက်လုံးများကွေးညွှတ်၍ နှုတ်ခမ်းစွန်းများပင့်ကာ ပြုံးပြလိုက်သည်။ ဤလူထံမှ ရန်လိုမရှုစိမ့်နေမှုများကို သူရှာတွေ့လိုက်ရ၏။


ဖန်းယန့်က ထောင်ရှီးကို သက်ပြင်းတချချနှင့် ပြောလာသည်။


" မင်းသာ တစ်နှစ်စောပြီးလာလို့ရခဲ့ရင် သိပ်ကောင်းမှာ။ အဲ့ဒီတုန်းကဆို လောင်ရွှီက တန်းခွဲ(၁)မှာပဲ ရှိသေးတယ်လေ။ မင်းနဲ့ အတန်းဖော်လုပ်လို့ရဦးမှာ။ ပန်းချီအတန်းကို အဝေးကြီးသွားရတဲ့ ငါနဲ့မတူဘူး။ မင်းငါ့နဲ့အတူ ကစားချင်ရင်တောင် ငါ့ဆီ သေလုမတတ် ပြေးလာရမှရောက်မှာ..."


ရွှီကျီးချီ၏မျက်နှာက ချက်ချင်းမည်းမှောင်သွားသည်။ " ငါရေချိုးခန်း အရင်ဝင်လိုက်ဦးမယ်..."


" လောင်ရွှီက ဒီနေ့စိတ်အခြေနေမကောင်းဘူးထင်တယ်၊ သူ့ကို ဗွေမယူပါနဲ့။ ခါတိုင်းဆို သူအဲ့လိုမဟုတ်ပါဘူး..."


ဖန်းယန့်က ဖာဖာထေးထေး ပြောလာ၏။


ထောင်ရှီးက နှုတ်ခမ်းရဲရဲ၊ သွားဖွေးဖွေးနှင့် ဖက်တီးလေးကို ကြည့်လိုက်သည်။ သူ နှုတ်ခမ်းစွန်းများပင့်ကာ ပြုံးပြလိုက်သည်။


ဟေး၊ ဒီအိပ်ဆောင်က သိပ်တော့ အခြေနေမကောင်းဘူးကွ...။


သို့ပေမယ့် ထောင်ရှီးက သိပ်စိတ်မပူပါချေ။ ဖန်းယန့် သူ့ကို ပန်းချီဆေးခြယ်ပေးဖို့ ခွင့်တောင်းသည့်ကိစ္စကိုလည်း သူ တဲ့တိုးပင်ငြင်းဆိုလိုက်သည်။ ရေမိုးချိုးပြီးသည်နှင့် သူ စာအုပ်များထုတ်ကာ စာစကျက်တော့သည်။


တစ်လစာ နွေရာသီကိုယ်ပိုင်လေ့ကျင့်မှု သင်ခန်းစာများကို တစ်ပတ်အတွင်း အပြတ်ဖြတ်ချင်သည်။


" စကားမစပ်၊ ရှောင်းရှီးကော ငါမင်းကို ပြောဖို့မေ့သွားလို့...အဆောင်က ၁၁ နာရီထိုးတာနဲ့ မီးတွေအကုန်မှိတ်မှာ..."


ဖန်းယန့်က ၁၀:၅၉ မိနစ်အချိန်၌ အိပ်ယာပေါ်တွင်လှဲနေလျက် ပြောလာသည်။

စကားဆုံးဆုံးချင်းပင် ထောင်ရှီး၏ အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားသည်။ ကောင်းလေစွ...။


"........"


ကိစ္စမရှိ၊ သူ လက်နှိပ်မီးကို အထူးတလည် ယူလာသည်။


ချင်းရွှေ အ.ထ.က(၁) ကျောင်းတုန်းက သူ ဆယ်ယောက်တစ်ခန်း၌ နေခဲ့ရသည်။ ညရောက်လျှင် သူ လက်နှိပ်မီးတစ်လက်နှင့် ခွေးခြေခုံလေးကို လသာဆောင်ရှေ့ထုတ်ကာ စာကျက်လေ့ရှိခဲ့သည်။ ခြင်များကိုက်ကာ လေအေးများတိုက်သော်လည်း သူမမှုခဲ့ပါချေ။


သူ လက်နှိပ်မီးကိုယူကာ ခွေးခြေခုံလေးကို လသာဆောင်ဘက်ထုတ်မည်ပြင်လိုက်စဉ် ဖန်းယန့်ထံမှ စကားထပ်ဆိုလာသံကို ကြားလိုက်ရသည်။


" အဆောင်က အသေစည်းကမ်းကြပ်တာကွ၊ စစ်ဆေးရေးတွေဆို အိပ်ဆောင်ကို အမြဲတမ်း ဝင်ချည်ထွက်ချည်နဲ့ ကင်းလှည့်နေကြတာ။ မီးအလင်းရောင်မြင်တာနဲ့ ဖိုင်းကြေးတန်းကောက်ပစ်တာနော်။ ဖိုင်းကြေးတွေများလာရင် ကော်ရစ်တာနဲ့ ဝရန်တာကို သန့်ရှင်းရေးလုပ်ပေရော့ပဲ။ ငါဆို မနှစ်က နှစ်ဝက်ကြီးများတောင် လုပ်ခဲ့ရတာ..."


ထောင်ရှီးမှ တစ်ခဏကြာ ပြောစရာစကားမဲ့သွားပြီး မေးလိုက်သည်။


" ဒါဆို မင်း အိမ်စာတွေ ဘယ်လိုပြီးအောင်လုပ်လဲ..."


တစ်ချိန်လုံး စကားသိပ်မပြောသည့် ရွှီကျီးချီက ရုတ်တရက်ဝင်ပြောလာသည်။


" လူမှန်ရင် အိပ်ယာမဝင်ခင် အိမ်စာပြီးအောင် လုပ်နိုင်ကြတယ်..."


သူ့လေသံက မောက်မာမှုအပြည့်ဖြင့်။


ဖန်းယန့်က အေးအေးဆေးဆေး ပြောလာသည်။


" အဲ့တာ တန်းခွဲ(၁)က ကျောင်းသားတွေမှလေ။ မင်းတောင်မှ စောင်ကြီးခေါင်းမြှီးခြုံ၊ လက်နှိပ်မီးကြီးထွန်းပြီး အိမ်စာလုပ်ခဲ့ဖူးတာပဲမလား..."


" ငါ ဘယ်တုန်းကလုပ်လို့လဲ..."


ရွှီကျီးချီက အလောင်းကောင်ပမာ အိပ်နေရာကနေ ချက်ချင်းထထိုင်လာသည်။


" ဟမ် မဟုတ်ဘူးလား။ ငါ မနှစ်တုန်းက ညလယ်ခေါင်ကြီး အိပ်မက်ဆိုးမက်လို့ လန့်နိုးလာတော့ မင်း စောင်ထဲမှာ မီးရောင်မြင်လိုက်ရတယ်လေ။ ငါပဲ အိပ်မက်မက်နေများတာလား..."


ဖန်းယန့်က အပြစ်ကင်းစင်စွာ ပြောလိုက်သည်။


ကျစ်၊ ထောင်ရှီး နားလည်လိုက်ပြီ။


ရွှီကျီးချီက တန်းခွဲ(၁) မှ ထွက်လာခဲ့ရသောကြောင့် တန်းခွဲ(၁)မှ ကျောင်းသားကို မြင်လိုက်ရသောအခါ အလိုလိုအမြင်မကြည်နေခြင်းဖြစ်သည်။ ဖန်းယန့်ကလည်း ရွှီကျီးချီကို စိတ်ပျက်လက်ပျက်ဖြစ်နေသည်မှာ သူပါ ဘာမှမဆိုင်ဘဲ အမြင်စောင်းခံနေရသောကြောင့် ဖြစ်လေသည်။


သို့တိုင် စောင်ထဲတွင်ပုန်း၍ လက်နှိပ်မီးနှင့် စာကြည့်ခြင်းက ကောင်းသောအကြံပင်။


ထောင်ရှီး ရန်စောင်နေကြသည့် အခန်းဖော်နှစ်ယောက်ကို ဥပေက္ခာပြုထားလိုက်သည်။ သူ လက်နှိပ်မီးနှင့် စာအုပ်များယူကာ စောင်ထဲဝင်လျက် စာကျက်တော့သည်။


ကံကောင်းထောက်မ၍ အိပ်ခန်းတွင်းရှိ လေအေးပေးစက်က ကောင်းမွန်နေ၍ တော်သေးသည်။ မဟုတ်လျှင် ပူအိုက်ပြီးမသေခင် အသက်ရှူကြပ်ပြီး ကိစ္စတုံးသွားမှာတောင် စိုးရသည်။


သူ စာအနည်းငယ်ကျက်ပြီးနောက်တွင် အိပ်ပျော်သွားသည်။ နောက်တစ်နေ့ မနက် ၆ နာရီထိုးသည်နှင့် နှိုးစက်မမြည်ခင် သူနိုးလာသည်။ ဤဇီဝနာရီက သူ ချင်းရွှေတွင်ရှိစဉ်က တစ်နှစ်ပတ်လုံး အလေ့အထလုပ်ခဲ့သည့်အရာပင် ဖြစ်သည်။


မည်သို့ဆိုစေ ရန်သူများက လမ်းကျဉ်းထဲတွင် ဆုံတွေ့မြဲဟု ဆိုရိုးရှိသည်မဟုတ်လော။ သူ ရေချိုးခန်းထဲသို့ ဝင်မည်ပြုစဉ် ရွှီကျီးချီနှင့် ထိပ်တိုက်ဆုံလေသည်။ ဖန်းယန့်ကမူ အိပ်ယာပေါ်တွင် ကုလားသေကုလားမော အိပ်မောကျနေဆဲပင်။ ခေါင်းလောင်းမတီးမချင်း နိုးမည့်သူ မဟုတ်မှန်း သိသာသည်။


နှစ်ယောက်သားက တံခါးတွင် မတိုးသာမဆုတ်သာ အခြေနေဖြစ်နေကြပြီး တစ်ယောက်မှ အလျော့မပေးကြပါချေ။


" ငါ သေးပေါက်ချင်လို့ ဒီနေ့ စောစောထတာ..."


ရွှီကျီးချီက ထောင်ရှီးကို စူးစူးရဲရဲကြည့်လျက် စကားအကာအကွယ်ယူသည်။


ငါ့ဖင်ကြီးပဲ...။


ထောင်ရှီးကလည်း ပြောလိုက်သည်။ " အဲ့တော့၊ မင်းက ငါ့ကို မင်းအစားသေးပေါက်ပေးစေချင်လို့လား..."


"..........."


ရွှီကျီးချီက ချောင်းဟန့်၍ ထောင်ရှီးကို ရှက်ရွံ့သလို၊ စိတ်ကုန်သလို ကြည့်ပြီး ရေချိုးခန်းထဲဝင်သွားသည်။


ထောင်ရှီး သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ ဝရန်တာဘက်ထွက်ကာ အပြင်ဘက်က နေအလင်းရောင်ဖြင့် ရှေးကဗျာများကို ဖတ်ရှုနေလိုက်သည်။ ရွှီကျီးချီက အိပ်ယာပေါ်ပြန်တက်ကာ အိပ်ချင်ယောင်ဆောင်နေသော်လည်း စင်စစ်တွင် အင်္ဂလိပ်အကြားစွမ်းရည်ကို လေ့ကျင့်နေခြင်းသာဖြစ်သည်။


ထောင်ရှီး အတန်းကို စောစောသွားလိုက်သောအခါ စာသင်ခန်းထဲတွင် သူတစ်ယောက်တည်း စောရောက်နေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ အတန်းထဲတွင် မိန်းကလေးတစ်ယောက်က တစ်ကိုယ်တည်းထိုင်နေပြီး အင်္ဂလိပ်စာလေ့ကျင့်နေသည်။ သူမတွင် ထိုင်ခုံဖော်မရှိချေ။ သူမ၏မျက်နှာကမူ စက္ကူကဲ့သို့ ဖြူဆုတ်နေပြီး သူ ဝင်လာသည်ကို မြင်တာတောင်မှ ခေါင်းမော့မလာပေ။


ထောင်ရှီး ဤမိန်းကလေး၏အမည်ကို သိသည်။ သူမအမည်က ဟွမ်းချင်ဖြစ်ပြီး သူတို့အတန်း၏ စာပေလေ့လာရေးအသင်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။


သိသာစွာပင် ထောင်ရှီးကလည်း အရင်စ၍ “မင်္ဂလာပါ” ဟု သွားနှုတ်ဆက်မည့်လူမဟုတ်သောကြောင့် သူ့ထိုင်ခုံသို့ သာ သွားထိုင်လိုက်သည်။ သူ မှတ်စုများကို ဆက်ဖတ်နေရင်း အငွေ့တထောင်းထောင်းထနေသည့် ပေါက်စီကို နွားနို့နှင့်မျောချကာ သောက်လိုက်သည်။


မကြာမီ တစ်ယောက်ပြီးတစ်ယောက် စာသင်ခန်းထဲသို့ ဝင်လာကြသည်။ ပိချန်ဖေးတစ်ယောက်သာလျှင် ထောင်ရှီးအရှေ့တွင် ပိုးဖလံကဲ့သို့ ဖျတ်ဖျတ်လူးကာ တက်ကြွနေသည်။


" ဂွတ်မောနင်း ၊ မင်းရဲ့ အခန်းဖော်က ရွှီကျီးချီလို့ ငါကြားတယ်..."


သတင်းက မြန်သည်။ ထောင်ရှီး ခေါင်းညိတ်ပြလိုက်ကာ မှတ်စုကိုဆက်ဖတ်နေသည်။


ပိချန်ဖေးက ခဏကြာ စောင့်နေသော်လည်း သူ့ကြားချင်သည့်စကားကို မကြားရသောအခါ မနေနိုင်စွာ ထပ်မေးလိုက်သည်။


" မင်း သူ့ကိုဘယ်လိုထင်လဲ..."


သူ့လေသံက အတန်းထဲတွင် ညီမငယ်လေးနှင့် အတင်းအဖျင်းပြောတတ်သော ပြဿနာကောင်လေးတစ်ယောက်လိုပင်။


ညီမငယ်လေး ထောင်ရှီးက နွားနို့ကို တစ်ငုံမော့သောက်လိုက်ပြီး ဘူးကိုပြန်ချလိုက်သည်။ ထို့နောက် စာလုံးလေးကို ပြောချလိုက်၏။


" ဖင်ခေါင်းကျယ်တယ်..."


" ဖြောင်း...! "


ပိချန်ဖေးက စားပွဲခုံကို အားရပါးရရိုက်ချလိုက်သည်။ နွားနို့ဘူးပင် မှောက်တော့မတတ်ဖြစ်သွားရ၏။ သူက အားရဝမ်းသာဆိုလာသည်။


" အေး ဟုတ်တယ်။ ငါလည်း အဲ့လိုပဲထင်တယ်..."


အထက်တန်းပထမနှစ်တုန်းက စာသင်ခန်းထဲတွင် အမှတ်မြင့်မြင့်ရသည့် ရွှီကျီးချီက အလွန်ဟိတ်ကြီးဟန်ကြီး များလွန်းသည်။ ပိချန်ဖေး သူနှင့်မတည့်တာ ကြာလှပြီ။ ယခု ရွှီကျီးချီက တန်းခွဲ(၂) သို့ ကျသွားသောအခါ သူ့ခဗျာ မီးရှူးမီးပန်းများပင် ဖောက်ပစ်ချင်လာသည်။


ထောင်ရှီးက စားပွဲခုံကို တဖြောင်းဖြောင်းရိုက်ကာ ရွှီကျီးချီကိုဆဲဆိုနေသော ပိချန်ဖေးကို ကြည့်နေရင်း နွားနို့ဘူးကို ဘေးက စားပွဲခုံပေါ်သို့ ရွေ့ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။


" ငါကြားတာ မင်းတို့တွေ ညဆယ့်တစ်နာရီမထိုးခင် အိမ်စာအပြီးလုပ်နိုင်ကြတယ်ဆို..."


" ဘယ်အရူးက အဲ့လိုသတင်းမျိုး လွှင့်လိုက်ပြန်တာတုန်း..."


ပိချန်ဖေးမှာ စိတ်တိုသွားပြီး ရွှီကျီးချီအကြောင်းကိုပင် ခဏမေ့သွားသည်။ သူက ခတ်ဆတ်ဆတ်ပြောလာ၏။


" ဖြစ်နိုင်မလားကွ။ ငါဆို နေ့တိုင်း ညတစ်နာရီ၊ နှစ်နာရီထိတောင် အိမ်စာရေးလို့ မပြီးဘူး။ ဟိုပုံမှန်မဟုတ်တဲ့ လူတစ်ယောက်ကလွဲလို့ ငါတို့အတန်းထဲ ဘယ်သူ့မှ ညဆယ့်နှစ်နာရီမတိုင်ခင် အိပ်ယာမဝင်ကြဘူးကွ..."


ထိုစကားဆုံးဆုံးချင်းပင် ပုံမှန်မဟုတ်သည့်သူကြီးက အနောက်တံခါးကနေ အတန်းထဲ ဝင်လာခဲ့လေသည်။


ပိချန်ဖေးမှာ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းလိုက်သလို ဟုတ်ခနဲ ချက်ချင်း ငြိမ်ကျသွားပြီး ပြုံးဖြီးဖြီးနှင့်ပြောလိုက်သည်။


" နတ်ဘုရားလင်၊ ဒီနေ့ကျမှ ဘာလို့ အစောကြီးရောက်နေတာလဲ..."


လင်ချင်းဟယ်က ပိချန်ဖေးကို လျစ်လျူရှုလိုက်သည်။ သို့သော် နေရာကိုသွားမထိုင်သေးဘဲ မီတာဝက်အကွာရှိ သူ့စာရေးခုံပေါ်က တစ်စုံတစ်ခုကို မျက်မှောင်များကြုတ်လျက် စိုက်ကြည့်နေသည်။


ထောင်ရှီး သူ ကြည့်ရာအတိုင်း လိုက်ကြည့်လိုက်သည့်အခါ “နေရာကျူး‌ကျော်"  မိနေသော  သူ၏တစ်ဝက်ခန့်သောက်ပြီးသား နွားနို့ဘူးကိုမြင်လိုက်ရသည်။


ဟ! ဇီဇာကြောင်လိုက်တာ။


သူ နွားနို့ဘူးကို သူ့ခုံပေါ် အမြန်ပြန်ရွေ့ပေးလိုက်ပြီး လင်ချင်းဟယ်ကို မော့ကြည့်ကာ ပြောလိုက်သည်။


" ဆောရီး၊ ငါ မင်းရဲ့စာရေးခုံကို သုတ်ပေးဖို့လိုသေးလား..."


၎င်းက တကယ်လုပ်ပေးလို၍ပြောလိုက်ခြင်းဖြစ်သော်လည်း ထောင်ရှီးက မျက်လွှာပင့်ကာ သူ့ကို မော့ကြည့်လိုက်ချိန်၌ မျက်လုံးထဲတွင် အပြစ်ရှိစိတ်တို့ အနည်းငယ်ခိုတွဲနေရာ အကြည့်ခံရသူအဖို့ မိမိကိုယ်မိမိ ရက်စက်သူအဖြစ် ခံစားသွားရမည်မှာ အသေအချာပင်။


လင်ချင်းဟယ်က သူ့ကိုတစ်ချက်ကြည့်လာကာ “မလိုဘူး” ဟု ခပ်ပြတ်ပြတ်ပြောပြီး ထိုင်ခုံကိုဆွဲကာ ထိုင်လိုက်သည်။


ပိချန်ဖေးက သူတို့နှစ်ယောက်ကို လူးလာခေါက်ပြန်ကြည့်ရင်း ဆိုလိုက်၏။


" ထိုင်ခုံဖော်အချင်းချင်းပဲကွာ၊ တစ်ယောက်ခုံတစ်ယောက် ပစ္စည်းတွေတင်မိကြတာ ပုံမှန်ပါပဲ။ ငါ့စာရွက်တွေဆို ငါ့ထိုင်ခုံဖော်ရဲ့ စားပွဲပေါ်မှာ ခုထိ တစ်ပုံတစ်ခေါင်းကြီးတင်ထားတတ်တုန်း..."


သူပြောလို့ပြီးပြီးချင်း သူ့ဘေးခုံရှိ ဟူထုံဟုခေါ်သော မိန်းကလေးက သူ့စာရေးခုံပေါ်က စာရွက်တစ်ထပ်လိုက်ကြီးကို လက်ဖြင့်ရိုက်ချကာ ဆဲဆိုလာသည်။


‌“ ဟောဒီဟာကို ဒီမှာ လာထားရဲထားကြည့်စမ်း၊ ငါနင့်လက်ကို ဖြတ်ပစ်မယ်..."


ပိချန်ဖေး အလျင်အမြန်လှည့်ကာ သူ့ထိုင်ခုံဖော်လေးကို ပြန်ချော့လိုက်ရသည်။


ထောင်ရှီး စိတ်ရွှင်သွားသည်၊ သို့သော် ရယ်တော့မရယ်လိုက်ပါချေ။ ထို့အစား နွားနို့ကိုသာ ပြီးပြတ်အောင် သောက်လိုက်သည်။ သူ ဘူးအခွံလေးကို အခန်းထောင့်ရှိ အမှိုက်ပုံးထဲသို့ ချိန်ပစ်လိုက်ရာ မချော်ဘဲ တန်းတန်းမတ်မတ်ဝင်သွားသည်။


သူ ဘေးခုံကိုလှည့်ကြည့်လိုက်သောအခါ လင်ချင်းဟယ်က နားကြပ်တပ်ထားပြန်ကြောင်း တွေ့လိုက်ရသည်။ ထိုသူက ရူပဗေဒဉာဏ်စမ်းစာအုပ်ကို ဖတ်နေပြီး သူမျက်စိကျရသော အမည်းရောင် မှတ်စုစာအုပ်လေးကိုမူ စားပွဲခုံပေါ် တင်ထားသည်။


ဒီလူက ဉာဏ်စမ်းပြိုင်ပွဲတွေကို တစ်ခုထက်မက ဝင်ပြိုင်တတ်တာလား...။


ထောင်ရှီး သိရသလောက် တက္ကသိုလ်အဆင့် ဉာဏ်စမ်းဘာသာရပ်ငါးခုတွင် ဘာသာရပ်နှစ်ခုကို တစ်ပြိုင်တည်း ပြိုင်ပွဲဝင်နိုင်သူက ရှားလှသည်။ အကယ်၍ သိပ်မခက်သည့် ဘာသာရပ်နှစ်ခုဝင်ပြိုင်လျှင်တောင် အလွန်ဆုံးရှိ ပြည်နယ်အဆင့်လောက်သာ ရောက်နိုင်ကြသည်။ ထို့ကြောင့် ကျောင်းက မိမိအားသာရာဘာသာရပ်ကိုသာ အားစိုက်လုပ်ရန် တိုက်တွန်းလေ့ရှိလေသည်။


[ တက္ကသိုလ်အဆင့် ဉာဏ်စမ်းဘာသာရပ်ငါးခု = သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် သတင်းသုသေသန ]


ထို့အပြင် ဘာသာရပ်ငါးခုထဲတွင် သင်္ချာနှင့် ရူပဗေဒက အခက်ဆုံးဖြစ်ပြီး လူစိတ်အဝင်စားဆုံးလည်းဖြစ်သည်။


ပိချန်ဖေးစကားက မှန်လေ၏၊ လင်ချင်းဟယ်က လုံးဝကိုပုံမှန်လူတစ်ယောက် မဟုတ်ပါချေ။


သို့သော် ထိုသို့ပုံမှန်မဟုတ်သူတစ်ယောက်က စာသင်ခန်းထဲတွင် မခိုမကပ်ဘဲ မှတ်စုကိုအသေးစိတ် လိုက်လံမှတ်သားနေသည်က ထောင်ရှီးအား ဇဝေဇဝါဖြစ်စေသည်။


များမကြာမီ နေ့သစ်၏ အတန်းသစ်များစတင်တော့သည်။ ထောင်ရှီးမှာ သူ့ဘေးခုံရှိ ပုံမှန်မဟုတ်သည့် ရေခဲရုပ်တုကြီးအကြောင်းကို မတွေးအားတော့ဘဲ အတန်းချိန်တိုင်းကို စိတ်နှစ်၍သာ နားထောင်နေခဲ့သည်။


သို့သည့်တိုင် ကွာဟချက်က ရှိသေး၏။ သူက ပါရမီရှင်ကြီးတစ်ယောက်ဖြစ်နေလျှင်တောင် တစ်ညတည်းကြိုးစားရုံဖြင့် အောင်မြင်နိုင်မည်မဟုတ်ပေ။


တတိယမြောက် စာသင်ချိန်အပြီးတွင် ထောင်ရှီးမှာ ဘယ်လိုမှဆက်မလိုက်နိုင်တော့ချေ။ သူ့တွင် သင်ပုန်းပေါ်ကစာများကို ဓာတ်ပုံရိုက်ကူးထားရန် မိုဘိုင်းဖုန်းလည်း မရှိသလို၊ မှတ်စုချရေးရန်လည်း ဆရာ၏စာသင်နှုန်းကို လိုက်မမှီနိုင်ဖြစ်နေ၏။ သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မတတ်ပင် ခံစားနေရသည်။


ထောင်ရှီး ပင်ပန်းနေသောမျက်လုံးများဖြင့် လင်ချင်းဟယ်၏အမည်းရောင် မှတ်စုစာအုပ်ကို အကြိမ်ပေါင်းမနည်း လှည့်ကြည့်လိုက်သည်။ လင်ချင်းဟယ်က စာအုပ်ကို ပိတ်ထားပြီး သူ့မိုဘိုင်းဖုန်းနှင့် ဂိမ်းဆော့နေသည်။


ထောင်ရှီးမှာ ပညာရေးနှင့် မျက်နှာမပျက်ရရေးတွင် ဘယ်အရာက ပိုအရေးကြီးသလဲဟူ၍ အတွေးများလွန်ဆွဲနေသည်။


သူက ထပ်လျက်ခွေထားသော လက်နှစ်ဖက်ပေါ်တွင် မေးစေ့ချွန်ချွန်လေးတင်ကာ စာရေးခုံပေါ် မှောက်ခုံအိပ်နေသည်။ သူ ခေါင်းအနည်းငယ်စောင်း၍ သူ့ဘေးခုံကလူဆီ အကြည့်ပို့လိုက်ပြီး မျက်တောင်ရှည်ရှည်များကိုပင့်ကာ အလွန်နူးညံ့သော အသံဖြင့် မေးမြန်းလိုက်သည်။


" အတန်းဖော်လင်၊ မင်းရဲ့ မှတ်စုစာအုပ်ကို ငါကူးချင်လို့ ငှားလို့ရမလားဟင်..."


ဟိုယခင်က သူ သင်ကြားရေးသင်ထောက်ကူပစ္စည်းများဝယ်ရန် သူ၏ထိုင်ခုံဖော်လေး လျိုရွေ့ထံမှ ပိုက်ဆံချေးငှားခဲ့တုန်းကတောင် ဤမျှလောက် နှိမ့်ချပြီး မပြောခဲ့ဖူးပါချေ။


အရှေ့တန်းမှ ပိချန်ဖေးက နားများစွင့်ထားလျက် အနောက်တန်းကို ခန္ဓာကိုယ်ယို့လိုက်သည်။


လင်ချင်းဟယ်က လက်မသုံး၍ ဖုန်းစခရင်ကို ရွေ့လိုက်သောအခါ ရှောင်းရှောင်းလဲ့ဂိမ်း၏ နောက်ဆုံးလယ်ဗယ်ကို ကျော်ဖြတ်နိုင်သွားသည်။ ရတနာသေတ္တာကြီးတစ်ခုကျလာပြီး “ဂုဏ်ယူပါတယ်” ဟူသော စာတန်းက စခရင်ပေါ် ပေါ်လာသည်။


မဆိုးပါဘူး...။


[ ရှောင်းရှောင်းလဲ့ - anipop game ပါ။ candy crush လိုမျိုးပါပဲ ]


လယ်ဗယ်တက်သွားသဖြင့် လင်ချင်းဟယ်က ပျော်နေလောက်မည်။ သူသာ စိတ်အခြေနေကောင်းလျှင် ထောင်ရှီးကို စာအုပ်ငှားပေးချင် ငှားပေးလောက်သည်။ ထောင်ရှီး၏နှုတ်ခမ်းလေးက အပြုံးလေးအဖြစ် ကွေးတက်သွားသည်။


" မရဘူး "


လင်ချင်းဟယ်က သူ့ကိုပင်လှည့်မကြည့်ဘဲ စကားတစ်ခွန်းကိုသာ အေးစက်စက်ဆိုလိုက်သည်။


"......"


ငါလူး...။


ထောင်ရှီး၏နှုတ်ခမ်းစွန်းရှိ အပြုံးများ အေးခဲသွားတော့၏။


အရှေ့တန်းမှ ပိချန်ဖေးမှာ ဆက်နားထောင်နိုင်စွမ်းမရှိတော့သဖြင့် သူ့ခန္ဓာကိုယ်ကို ရှေ့ပြန်တိုးသွားသည်။


ထောင်ရှီးအတွက်က အဆင်ပြေပါ၏။ အနည်းငယ်မျှ စိတ်ကသိကအောက်ဖြစ်ရုံသာ ခံစားရသည်။ လင်ချင်းဟယ် သူ့ကိုစကားပြောဖူးသည်က အားလုံးပေါင်းမှ " မထင်ဘူး " " မလိုဘူး" " မရဘူး " ဟူသော စကားသုံးခွန်းသာရှိသည်။


ဒီလူက ဘာလို့ သူ့နာမည်ကို "လင်စန်းပု" လို့ ပြောင်းမမည့်လိုက်ရသလဲ...။


[ လင်စန်းပု - ဘူးသုံးလုံးလင်]


ထောင်ရှီးမှာ သူ့နှင့်တွေ့မှ အရှက်အကြောက်ကြီးသည့် ရောဂါကလည်း အရေပင်ထူလာသလို ခံစားလိုက်ရ၏။ ယခုကိစ္စလေးက ကျောင်းပထမဆုံးဖွင့်သည့်ရက်က တစ်တန်းလုံးရှေ့တွင် လင်ချင်းဟယ် သူ့ကို ထိုင်ခုံဖော်ဖြစ်ရန် ငြင်းခဲ့စဉ်ကလောက် ဘယ်ရှက်စရာကောင်းလိမ့်မည်နည်း။


သူ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်စကားဆိုလိုက်မည်ပြုစဉ် အခန်းတံခါးဝမှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။


" ဒိန်ချဉ်၊ မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့။ ငါ မင်းကို အရမ်းလွမ်းနေတာကွာ..."


ပထမဆုံးအတန်းမှ ကောင်လေးတစ်ယောက်က ပြုံးရင်း အော်ပြောလိုက်လေသည်။