အပိုင်း ၅
Viewers 8k

The Moon Is Coming To Me 

Chapter 5


" ဟေး၊ မင်း ငါ့ ဒိန်ချဉ်ကိုသောက်ချင်နေတာမလား..."


ဆံပင်ကောက်ကောက်နှင့် ကောင်လေးတစ်ယောက်က ဒိန်ချဉ်ဘူးတစ်ကတ်ကို ကိုင်လျက်ဝင်လာသည်။ သူ့တွင် တရုတ်ဆီးသီးသဖွယ် နက်စွေးစွေး မျက်လုံးဝိုင်းများပိုင်ဆိုင်ထား၏။ သူက ဒိန်ချဉ်ဘူးအနည်းငယ်ကို ထုတ်လျက် သူ့ကိုနှုတ်ဆက်နေကြသော ရှေ့တန်းကကောင်လေးများရှေ့ ချပေးလိုက်သည်။


" ဒိန်ချဉ်၊ မင်း နောက်ဆုံးတော့ ငါတို့ အတန်းကိုရောက်လာပြီပေါ့၊ ဂုဏ်ယူပါတယ်ကွာ..."


အတန်းခေါင်းဆောင် လီရှောင်ယွမ်က ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီး ဘာမပြောညာမပြောနှင့် ဆံပင်ကောက်ကောက် ကောင်လေး၏လက်ထဲက ဒိန်ချဉ်ဘူးတစ်ကတ်လုံးကို ဗြုန်းစားကြီးလှမ်းယူလိုက်သည်။


" အယ်၊ ငါ့ဟာကို မလုနဲ့၊ ကိုယ့်ဟာကိုယ် ဝယ်သောက်..."


ဆံပင်ကောက်ကောက် ကောင်လေးက လက်ထဲရှိ ဒိန်ချဉ်ဘူးများကို တင်းနေအောင်ကိုင်ထားလိုက်ပြီး နောက်ဆုံးတန်းသို့ ပြေးသွားသည်။


" ချင်းဟယ်ကော..."


သူက ဒိန်ချဉ်ဘူးတစ်ကတ်လုံးကို ပူဇော်ပသသည့်ပစ္စည်းသဖွယ် လင်ချင်းဟယ်ရှေ့၌ချလိုက်သည်။ သူ့လွယ်အိတ်ကို လင်ချင်းဟယ်၏စာရေးခုံပေါ် ဝုန်းခနဲပစ်ချကာ အပြုံးတစ်ပွင့်နှင့်ဆိုလိုက်သည်။


" ငါ ဒီနေ့မနက်မထနိုင်လို့ ရူပဗေဒအတန်းကို မလာနိုင်လိုက်ဘူး..."


လင်ချင်းဟယ်က "အင်း"တစ်လုံးသာ ပြန်ဖြေသည်။ ယခင်က သူ၏အေးတိအေးစက်မျက်နှာဟာလည်း လွန်စွာနူးညံ့ပျော့ပျောင်းသွားပြီး အမည်းရောင်မှတ်စုစာအုပ်ကို ဆံပင်ကောက်ကွေးလေးထံ လက်လွှဲပေးလိုက်သည်။


" အာ ကျေးဇူးပါ။ ဒါပေမယ့် မင်း နောက်တစ်ခါကျရင် ငါ့အတွက် ရေးပေးဖို့မလိုပါဘူး။ ဘာဖြစ်ဖြစ် ငါနားလည်တာမှ မဟုတ်တာ။ အိမ်ပြန်ရင် ငါမင်းကို ထပ်မေးရမှာပဲကို..."


ဆံပင်ကောက်ကွေးလေးက နှာခေါင်းတရှုံ့ရှုံ့ဖြင့် မှတ်စုစာအုပ်ကို လှမ်းယူလိုက်ကာ စာအုပ်အဖုံးကိုပိတ်လိုက်သည်။


" ဟေး၊ ငါ ဒီအတန်းဖော်အသစ်လေးကို ဘာလို့မသိရတာလဲ..."


သူ အကြည့်များကိုလွှဲဖယ်လိုက်သည့်အခါ လင်ချင်းဟယ်ဘေးတွင် ထိုင်နေသော ထိုင်ခုံဖော်လေးကို မြင်သွားသည်။


လီရှောင်ယွမ်က ဖောင်လာပေးသည်နှင့်ကြုံကြိုက်ပြီး ဦးစွာ မိတ်ဆက်ပေးလိုက်သည်။


" ဒါက ငါတို့အတန်းကို အသစ်ပြောင်းလာတဲ့ ကျောင်းသား။ သူက ချင်းရွှေတစ်ခရိုင်လုံးမှာ ပထမရတဲ့သူ..."


ဆံပင်ကောက်ကွေးလေးက "သြော်"ဟု ဆိုကာ ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြပြီး ထောင်ရှီးကို ခပ်ပြုံးပြုံး မိတ်ဆက်လာသည်။


" မင်္ဂလာပါ၊ ငါနာမည်က ယန်သောလဲ့။ မင်းလည်း သူတို့လိုပဲ ငါ့ကို ဒိန်ချဉ်လို့ခေါ်လို့ရတယ်..."


ပြောရင်းဆိုရင်းဖြင့် သူက ဒိန်ချဉ်တစ်ဘူးကို ထောင်ရှီး၏စာရေးခုံပေါ် တင်ပေးလိုက်သည်။ ဆန့်တန်းလာသည့် သူ့ညာဘက်လက်ကောက်ဝတ်ပေါ်တွင် ရွှေရောင်ပုတီးစေ့များဖြင့် သီကုံးထားသော အနီရောင်အဆောင်ကြိုးလေးတစ်ခုကို ပတ်ထားသည်။ ထိုကြိုးနီလေး၏အောက်တွင်မူ အလွန်မြင်သာထင်ရှားသည့် ခပ်ဝိုင်းဝိုင်း၊ အနီရောင်မွေးရာပါအမှတ်တစ်ခု ရှိနေသည်။


ထောင်ရှီး ထိုအနီရောင် မွေးရာပါအမှတ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ကောင်လေး၏မျက်နှာကို မော့ကြည့်လိုက်၏။ အချိန်အတော်ကြာသွားကာမှ ယန်သောလဲ့မှာ သူ့ထံမှ စကားဆိုလာသံကို ကြားလိုက်ရသည်။


" ငါ့နာမည်က ထောင်ရှီး..."


သူ့မျက်နှာက မည်မျှအကျည်းတန်နေလိမ့်မလဲ သူမသိချေ။ သူ့အနီးတစ်ဝိုက်မှ လူတိုင်းနီးပါး သူ စိတ်အခြေအနေမဟန်ကြောင်း ရိပ်မိသွားကြသည်အထိပင်။


ယန်သောလဲ့ကမူ ဤအတန်းဖော်လေးက အနည်းငယ်ထူးဆန်းနေသည်ဟုသာ တွေးလိုက်သည်။ သူက သင်္ကာမကင်းစွာ မျက်တောင်များပုတ်ခတ်လိုက်၏။ ထိုအချိန်တွင် အတန်းတက်ခေါင်းလောင်းမြည်လာပြီး ကျောင်းသားများအားလုံး မိမိနေရာမိမိ အဆောတလျင် သွားထိုင်နေကြသည်။ ယန်သောလဲ့လည်း လွယ်အိတ်ကို ပြန်လွယ်ပြီး သူ့နေရာသူ သွားထိုင်တော့သည်။


အတန်းခေါင်းဆောင် လီရှောင်ယွမ်က သူ့လက်ထဲရှိ ဖောင်ကို ထောင်ရှီး၏စာရေးခုံပေါ် တင်ပေးပြီး သူ့နေရာသူပြန်မသွားခင် ထောင်ရှီးကို မမေ့မလျော့စကားဆိုသွားသည်။


" ငါ မနေ့က မင်းကို ဖောင်ဖြည့်ခိုင်းဖို့မေ့သွားတာ။ ဒါက ငါတို့အတန်းထဲက ကျောင်းသားအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ။ မင်းဖြည့်ပြီးရင် ငါ့ကိုပြန်ပေးနော်..."


ပြောပြီးသည်နှင့် သူက ခပ်သုတ်သုတ် ထွက်ပြေးသွားသည်။


ထောင်ရှီး ဖောင်ကိုတွေတွေကြီးငေးကြည့်နေမိစဉ် ဖောင်ပေါ်က အမည်နာမတစ်ခုကို အကြည့်ရောက်သွားသည်။


ယန်သောလဲ့၊ အသက် ၁၆ နှစ်၊ မွေးရက် ဒီဇင်ဘာ ၂၅၊ မိခင် ဖန်းဆွေ့(ကွယ်လွန်)၊ ဖခင် ယန်ကျန်းမင်...


" မင်းအဆင်ပြေရဲ့လား..."


ပိချန်ဖေးက နောက်လှည့်ကာ ထောင်ရှီးအား စိတ်ပူစွာ ကြည့်လိုက်သည်။ ထိုကောင်လေးက မလှုပ်မယှက်ထိုင်နေပြီး မျက်နှာကဖြူဖျော့နေကာ သူအလှပဆုံးဟုယူဆထားသည့် မျက်လုံးများကလည်း ဗလာသက်သက်ဖြစ်နေသည်။


ပိချန်ဖေးမှာ ထောင်ရှီး စိတ်ပျက်အားငယ်နေရသည့် တစ်ခုတည်းသောအကြောင်းအရင်းက လင်ချင်းဟယ် သူ့ကို ထပ်ငြင်းလိုက်ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု ထင်သွားလေသည်။


ပိချန်ဖေး သက်ပြင်းငွေ့ငွေ့ချလျက် လက်သည်တရားခံကို လှည့်ကြည့်လိုက်သည်။ ထိုအခါ လင်ချင်းဟယ်က ဘေးဘက်ကိုလှည့်ကာ ခေါင်းစောင်း၍ ထောင်ရှီးကိုကြည့်နေကြောင်း သူ မြင်လိုက်ရသည်။


သို့သော် မကြာခင် သူ့အကြည့်များကို ပြန်သွေဖည်သွားပြီး အံဆွဲထဲမှ အင်္ဂလိပ်စာအုပ်ကို ထုတ်နေသည်။ သူ့မျက်နှာကမူ ခံစားချက်မဲ့နေဆဲပင်။


ဟူး၊ နတ်ဘုရားလင်က အရာရာပြည့်စုံသော်လည်း အင်မတန် အေးတိအေးစက်နိုင်လွန်းသည်။ ချင်းရွှေခရိုင်က ဤမုန်လာထုပ်လေး၏ နှလုံးသည်းညှာကို နာကျင်အောင် လုပ်လိုက်ပြန်ပြီ။


" ပိချန်ဖေး၊ မင်းရဲ့ အဲ့ခေါင်းက ဘာဖြစ်တာလဲ။ ပြီးခဲ့တဲ့အခေါက်တုန်းက ငါမင်းကို မင်းအဖေဆီမှာ သွားစစ်ဆေးခိုင်းတော့ ဒေါက်တာပိက ဘာပြောလိုက်လဲ..."


ရုတ်တရက် အေးစက်စက်အမျိုးသမီး အသံတစ်သံက စတိတ်စင်မြင့်ပေါ်မှ ထွက်ပေါ်လာ၏။ အနောက်တန်းရှိ ထိုင်ခုံဖော်လေးနှစ်ယောက်ကို စိုးရိမ်နေသော ပိချန်ဖေးမှာ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူ ကုတ်ကုတ်ကလေး အရှေ့ပြန်လှည့်လိုက်သည်။


တစ်တန်းလုံး တဟားဟားရယ်သံများ ညံသွားတော့၏။ ပိချန်ဖေး၏အဖေက ပိအောက်ရွှယ်၏အကြီးဆုံးအစ်ကိုဖြစ်ပြီး ဝမ်းဟွာမြို့၊ ဟာ့နမ်ဆေးရုံက ဦးနှောက်နှင့်အာရုံကြောဌာန၏ ညွှန်ကြားရေးမှူးဖြစ်ကြောင်း မသိသူမည်သူရှိမည်နည်း။


ထို့အပြင် ဖွားဖွားလေးပိဟူသော အမည်ပြောင်ကလည်း ပိချန်ဖေး၏အန်တီလေးဟူသော ဂုဏ်ပုဒ်မှ ဆင်းသက်လာခြင်းဖြစ်လေသည်။


" သြော့် ၊ ဒေါက်တာပိက ပြောတယ်၊ ကျွန်တော့်ခေါင်းက ကုမရတော့ဘူးတဲ့၊ အဲ့ဒါ မိသားစုဆီက မျိုးရိုးလိုက်တာတဲ့..."


အတန်းသားများမှာ ရယ်ရလွန်း၍ ခန္ဓာကိုယ်များပါ လှုပ်ခါသွားကြသည်။ ဤတူဝရီးနှစ်ယောက်၏ဇာတ်လမ်းက ဘယ်တော့မရိုးရပေ။


ပိအောက်ရွှယ်မှာ မချိပြုံးပြုံးလိုက်ပြီး " နင်နေနှင့်ဦး..." ဟူသည့်သဘောမျိုးဖြင့် ပိချန်ဖေးကို လက်ညိုးတည့်တည့်ထိုးလိုက်သည်။


သူမ နောက်ဆုံးတန်းသို့ အကြည့်ရောက်သွားသောအခါ လတ်တလောကျောင်းပြောင်းလာသည့် ထောင်ရှီးကို အရင်ဦးဆုံး တွေ့လိုက်သည်။ ထိုကလေးက ခေါင်းငုံ့ကာ တွေတွေကြီးထိုင်သည်။ သူမ မျက်မှောင်ကြုတ်သွားမိ၏။ ဤကလေးက ပတ်ဝန်းကျင်အသစ်နှင့် အသားမကျသေးတာဖြစ်မည်ဟု သူမဖြည့်တွေးပေးလိုက်သည်။


ထို့နောက် နံဘေးရှိ လင်ချင်းဟယ်ကို ကြည့်လိုက်သည်။


နေအနောက်အရပ်က ထွက်တော့မည်။ ဘိုးဘေးလေးက ဒီနေ့မှ နောက်လည်းမကျသလို၊ အခြားစာအုပ်များလည်း ဖတ်မနေပေ။ ထို့အစား စာရေးခုံပေါ်က အင်္ဂလိပ်ဖတ်စာအုပ်ကိုသာ ကြည့်နေသည်။


ပိအောက်ရွှယ် စာသင်ခန်း၏အခြားနေရာများဆီ တစ်ဖန်ဝေ့ကြည့်လိုက်သည်။ ထိုသို့ဝေ့ကြည့်လိုက်သည့်အခါ ခေါင်းငုံ့ကာ ဒိန်ချဉ်ခိုးသောက်နေသော အခြားကျောင်းသားတစ်ယောက်ကို မိသွားလေသည်။


" ယန်သောလဲ့ ဘာလဲ၊ မင်း လာခဲ့တဲ့နေရာကို ပြန်သွားချင်လို့လား..."


နာမည်အခေါ်ခံလိုက်ရသော ကောင်လေးမှာ ချောင်းပင်ဆိုးတော့မတတ်။ သူက ဒိန်ချဉ်ဘူးကို အံဆွဲထဲမြန်မြန်ထည့်လိုက်ပြီး ခေါင်းခါပြကာ ဆိုလိုက်သည်။


" ကျွန်တော်မှားပါတယ်။ ကျွန်တော်ပြန်မသွားချင်ဘူး..."


ထောင်ရှီး ရုတ်တရက် အသိပြန်ဝင်လာသည်။ ထို ယန်သောလဲ့ ဟူသော စကားသုံးလုံးက သူ၏ယိုင်နှဲ့ပြိုလဲနေသော မှတ်ဉာဏ်များကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်လိုက်သည်။


သူ မျက်တောင်များပင့်ကာ သူ၏ဘယ်ဘက် အရှေ့ခုံရှိ ဆံပင်ကောက်ကောက်နှင့် ကောင်လေးကို လှမ်းကြည့်လိုက်သည်။


နက်မှောင်နေသော သူ့မျက်ဝန်းများထဲမှ ခပ်ထေ့ထေ့ သရော်ရိပ်များကိုမူ မည်သူမျှ မမြင်နိုင်ခဲ့ကြချေ။


ကောဖျင်၏ပူပန်သောကရောက်နေသော မျက်နှာက သူ့စိတ်ထဲပြန်ပေါ်လာပြီး သူအမုန်းတီးဆုံး လေသံဖြင့် ပြောနေခဲ့သည်။


" သူက မွေးကတည်းက ကျန်းမာရေးသိပ်မကောင်းဘူး။ ငါ အရမ်းထိတ်လန့်သွားခဲ့ရတယ်။ မြို့ကြီးမှာဆို ဆေးရုံတွေက ပိုကောင်းမှာပဲလို့ ငါတွေးမိခဲ့တယ်။ ပြီးတော့ သူတို့သာဆိုရင် သူ့ကို ကောင်းကောင်းဂရုစိုက်နိုင်ကြမှာဆိုပြီး..."


လွန်ခဲ့သောနှစ် နွေရာသီက ထောင်ရှီးသည် အထက်တန်းဝင်ခွင့်စာမေးပွဲတွင် ပထမရခဲ့ပြီး မက်မွန်ပွင့်စမ်းချောင်းရှိ သူ့နေအိမ်သို့ ပြန်လာခဲ့သည်။ ထောင်လဲ့ကမူ အဖွားအိမ်ကို ကစားဖို့ထွက်သွားခဲ့သည်။ ထောင်ကျန်းက အချိန်ပိုင်းအလုပ်ပြီးလုပ်သွားသော်လည်း လောင်းကစားကြောင့် သူရှာခဲ့သမျှ ပိုက်ဆံအားလုံး ဆုံးသွားသည်။ သူက ဒေါသတကြီးနှင့် တစ်နေ့လုံး အိမ်ကိုပြဿနာရှာသည်။


ထောင်ရှီး သစ်သားအိမ်လေးထဲပုန်းပြီး ပန်းချီခိုးဆွဲနေစဉ် ထောင်ကျန်းနှင့် ကောဖျင်တို့ ရန်ဖြစ်ငြင်းခုန်နေကြသည့် စကားတစ်ချို့ကို နားစွန်နားဖျားကြားလိုက်ရသည်။


" အဲ့ဒါ ငါမွေးထားတဲ့ ငါ့သား၊ ငါ သူ့ကို သွားရှာတာ ဘာမှားနေလို့လဲ၊ ဖန်းမျိုးရိုးနဲ့ အဲ့ဒီမိန်းမရဲ့ မိသားစုမှာ ပိုက်ဆံတွေရှိမှာပဲလေ။ ငါတို့က သူတို့သားကို ကျွေးမွေးပြုစုလာခဲ့ရတာ၊ ပြောစရာတောင်မလိုအောင် သူတို့တွေ ငါ့ကို ကျေးဇူးတင်ကြေးတောင် ပေးသင့်သေးတာ..."


" မရဘူး၊ ရှင် သူ့ကို သွားရှာလို့မရဘူး၊ သူ့ဘဝကို ဖျက်ဆီးမိလိမ့်မယ်! "


ကောဖျင်က ဤသို့မာမာထန်ထန်လေသံဖြင့် အော်ခဲသည်။


" အမှန်တရားကို အမြဲဖုံးကွယ်ထားလို့ရမယ်များ မင်းထင်နေတာလား။ သူတို့သွေးသားအရင်းက ဒီမှာရှိနေတာကို မကြာခင် သိသွားကြမှာပဲ။ ထောင်ရှီးက ဘာလို့ငါနဲ့ လုံးဝမတူရတာပါလိမ့်လို့။ ငါ့အမေသာမပြောပြရင် သူများသားသမီးကို ကျွေးမွေးနေရမှန်းတောင် ငါ ခုထိသိမှာမဟုတ်ဘူး..."


ထောင်ကျန်းက ဆဲဆိုကာ လှောင်ရယ်နေပြီး ရုတ်တရက် အလောတကြီးလေသံဖြင့် မေး၏။


" အဲ့ဒီ ပန်းချီဆရာမက ငါ့သားကို ဘယ်လိုနာမည်မှည့်ထားသတဲ့လဲ..."


ကောဖျင်က ဆိတ်ဆိတ်သာနေကာ ပြန်ဖြေမလာခဲ့ချေ။


ထောင်ကျန်း၏ကြမ်းကြမ်းတမ်းတမ်းဆဲဆိုသံများက ဆက်တိုက်ထွက်လာပြီး လှုပ်ရှားသံများကလည်း ပိုမိုကျယ်လောင်လာသည်။ ရန်ဖြစ်နေကြခြင်း ဖြစ်မည်။


ထောင်ရှီး သစ်သားအိမ်တံခါးကို တွန်းဖွင့်လိုက်ကာ သူတို့နှစ်ဦးကို ဗလာသက်သက်အကြည့်ဖြင့် ကြည့်လိုက်သည်။


သူ့ကိုမြင်လိုက်ရသည့်အဆုံး ကောဖျင်၏မတုန်မလှုပ်မျက်နှာက ကွဲအက်သွားတော့သည်။ သူမ၏လျော့ရဲဝါကျင်ကျင်နေသော မျက်လုံးများကလည်း ကြောက်ရွံ့မှု၊ နောက်တွန့်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ ထိုမျက်လုံးများထဲတွင် မမြင်နိုင်သော အပြစ်ရှိစိတ်တစ်ချို့လည်း ပါဝင်နေ၏။


ထောင်ကျန်းမှာ ထောင်ရှီးက သစ်သားအိမ်ထဲတွင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက သားသမီးနှစ်ယောက်နှင့် ရင်းနှီးမှုသိပ်ရှိခဲ့သူမျိုး မဟုတ်။ သူ မျက်ခုံးပင့်လျက် ထောင်ရှီးကို ခဏကြာကြည့်နေပြီးနောက် ခေါင်းထိပ်ကရှုပ်ပွနေသော ဆံပင်ကောက်ကောက်များကို ဒေါသတကြီး ဖွကာ ကောဖျင်ကို ဆဲဆိုရင်း ပြောလိုက်သည်။


" အခု ဖုံးကွယ်လို့မရတော့ဘူး၊ အမှန်အတိုင်းပြောလိုက်တာ ပိုကောင်းမယ်..."


ကောဖျင်မှာ အဆုံးတွင် ပြိုလဲသွားပုံရသည်။ သူမက ခုံတန်းလျားပေါ် ဖြည်းညင်းစွာ ထိုင်ချကာ မျက်နှာကို အုပ်ထားပြီး ဘာစကားမှပြောမလာခဲ့ချေ။


အချိန်ခဏခန့်အကြာ၌ သူမက ပုခုံးထက်တွင် နှစ်ပေါင်းများစွာ သယ်ပိုးထားခဲ့ရသည့် ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ပုံပေါ်သည်။ ထို့နောက် သူမကိုနှစ်လကြာရှည် ညှင်းပန်းနှိပ်စက်နေခဲ့သော အတိတ်ဖြစ်ရပ်များကို ပြန်ပြောင်းပြောပြလာခဲ့သည်။


လွန်ခဲ့ပြီးသော တစ်ဆယ့်ခြောက်နှစ်အကြာက ငယ်ရွယ်ကာ လှပကြော့ရှင်းသော အမျိုးသမီးတစ်ယောက်သည် မက်မွန်ပွင့်စမ်းချောင်းသို့ ရောက်လာခဲ့သည်။ ခရီးဆောင်အိတ်နှင့် ပန်းချီပစ္စည်းကိရိယာများမှ လွဲ၍ သူမနှင့်အတူ မည်သူမျှ ပါမလာခဲ့ချေ။ သူမ၏ဝတ်ပုံစားပုံအရ မြို့ကြီးတစ်ခုမှ လာခြင်းဖြစ်မည်။


ရွာသူရွာသားများက အံ့သြမသွားခဲ့ကြချေ။ မက်မွန်ပွင့်စမ်းချောင်းက ဆင်းရဲနွမ်းပါးသော်လည်း တောတောင်ရှုခင်းများကမူ အမှန်တကယ်ကို သာယာလှ၏။ ပြီးခဲ့သည့်နှစ်နှစ်က လူငယ်လေးတစ်ယောက် ဓာတ်ပုံရိုက်ယူပြီး ပြန်သွားချိန်မှာစ၍ နယ်လှည့်ပန်းချီဆွဲသူများ၊ ဓာတ်ပုံရိုက်သူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။


သို့သော်ငြား ယခုအမျိုးသမီးက ကိုယ်ဝန်ရှိနေခဲ့သည်။ ၎င်းက အစပထမ၌ သိပ်မသိသာခဲ့သော်လည်း ရွာတွင် တဖြည်းဖြည်း အနေကြာလာသည့်အခါ ရွာသားများက ဖန်းဆွေ့ဟူသော အမည်နှင့် အမျိုးသမီးအကြောင်းကို ယုန်ထင်ကြောင်ထင် စပြောလာကြသည်။


သူမက တရားမဝင်ကလေးကို ကိုယ်ဝန်လွယ်ထားရခြင်းကြောင့် မိသားစုကသိသွားလျှင် အရှက်ရမည်စိုးသဖြင့် ယခုကဲ့သို့ နွမ်းပါးသောခရိုင်တွင် ပန်းချီဆွဲရန်အကြောင်းပြကာ လာရောက်ပုန်းခိုခြင်း ဖြစ်လိမ့်မည်ဟု အားလုံးက ထင်ကြေးပေးခဲ့ကြသည်။


ထိုအချိန်တွင် ဖန်းဆွေ့က ကောဖျင်၏အိမ်၌ ငှားရမ်းနေထိုင် နေချိန်ဖြစ်သည်။ ကောဖျင်ကလည်း ကိုယ်လေးလက်ဝန်ရှိနေသည်။ သူမခင်ပွန်း ထောင်ကျန်းက အလုပ်လုပ်ရန် ထွက်သွားသောကြောင့် ယောက္ခမဖြစ်သူကသာ ကောဖျင်ကို ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့သည်။


သို့တိုင် ကျေးလက်ရွာသူများက ကိုယ်ဝန်ရှိနေလျှင်တောင် ယာထဲဆင်း၍အလုပ်လုပ်နိုင်ကြသည်။ တစ်ဖက်တွင်မူ ယောက္ခကြီးက ဖန်းဆွေ့ကိုသာ ပိုဂရုစိုက်ပေးသည်။ ထိုအခါမှသာ ဖန်းဆွေ့ဆီက ငွေအမြောက်အမြားရနိုင်လေမည်။


ဖန်းဆွေ့က အင်မတန် လှသည်။ သူမ၏မျက်နှာကို ကောဖျင် ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။ သူမက ငယ်ဘဝကတည်းက ရွှေပေါ်မြတင်အလိုလိုက်ခံခဲ့ရသော ချမ်းသာကြွယ်ဝသည့် အမျိုးသမီးမျိုးဖြစ်သည်။ ခရိုင်တွင် အတော်ကြာနေထိုင်ခဲ့တာတောင်မှ ညိုမည်းမသွားသည့် အသားအရေမျိုး သူမတွင်ရှိသည်။ အထူးသဖြင့် ထိုမျက်ဝန်းများက ချင်းရွှေမြစ်ထဲသို့ တဖြုတ်ဖြုတ်ကြွေကျနေသော မက်မွန်ပွင့်ချပ်များနှင့် ဆင်တူ၏။ အနည်းငယ်ကော့တက်နေသော မျက်တောင်ကော့ကော့များက အရောင်လဲ့လို့နေသည်။ ထိုမျက်လုံးများဖြင့် တစ်စုံတစ်ယောက်ကိုကြည့်ချိန်တိုင်း အပြစ်ကင်းစင်ကာ ကြက်နာရိပ်များ လွှမ်းခြုံနေတတ်သည်။


ရွာထဲက လူပျိုလူလွတ်တစ်ချို့က သူမကိုပိုးပန်းလိုကြသော်လည်း ဒေါသကြီးအပေါက်ဆိုးသော ကောဖျင်၏နှင်လွှတ်မှုကိုသာ ခံခဲ့ကြရသည်။ ဖန်းဆွေ့က လယ်ကွင်းထဲတွင် ပန်းချီဆွဲနေလျှင် ကောဖျင်က အနီးအနား၌ ယာလုပ်ငန်းများလုပ်၍ သူမကိုတစ်ချိန်လုံး စောင့်ရှောက်ပေးလေ့ရှိခဲ့သည်။


နားနေချိန်ရောက်လျှင် ကောဖျင်က လယ်ကန်သင်းရိုးတွင်ထိုင်လျက် မြက်ပင်၊ ကြိမ်၊ ဝါးစသည်တို့ဖြင့် အရာဝတ္ထုပုံသဏ္ဌာန်အမျိုးမျိုးကို ရက်လုပ်၍ ဖန်းဆွေ့အား ပေးလေ့ရှိသည်။ ဖန်းဆွေ့က ရိုးရှင်းသော မူပိုင်အပြုံးလေးဖြင့် ပျော်ရွှင်စွာ လက်ခံတတ်သည်။


ဤကမ္ဘာတွင် အကြင်နာ၊ မေတ္တာတရားတို့ဖြင့် မွေးဖွားလာသူတစ်ချို့ အစဉ်အမြဲ ရှိတတ်သည်။ အမျိုးသမီးရော၊ အမျိုးသားများပါ ထိုလူများကို ကာကွယ်ပေးလိုစိတ်ရှိကြလေသည်။


ဖန်းဆွေ့က အလွန်စကားနည်းသည်။ ကောဖျင်မှာ သူမနှင့်အတူနေတာ ကြာပြီဖြစ်သည့်တိုင် သူမက ဝမ်းဟွာမြို့မှလာသော အလွတ်တမ်းပန်းချီဆရာမလေးဖြစ်ကြောင်းကိုသာ သိရှိခဲ့ရသည်။ သူမက ကလေး၏အဖေနှင့် သူမမိဘအကြောင်းကို ပို၍ပင် လျှို့ဝှက်ထားတတ်ပြီး ထိုအကြောင်း စကားစလိုက်လျှင်လည်း မျက်နှာညိုသွားတတ်သည်။


မိဘသဘောမတူဘဲ သူမချစ်သူနှင့် ခိုးရာလိုက်ပြေးခဲ့ခြင်း ဖြစ်မည်ဟု ကောဖျင် ‌တွေးမိခဲ့သေးသော်လည်း သူမချစ်သူက သူမထံ ရောက်မလာခဲ့ပါချေ။


မိန်းမသားနှစ်ဦး၏ မီးဖွားချိန်နီးကပ်လာသည်နှင့်အမျှ ဆောင်းဦးရာသီကိုလည်း တဖြည်းဖြည်း ချဉ်းကပ်လာကာ ရာသီဥတုက ပိုအေးလာသည်။ ဖန်းဆွေ့က အပြင်ထွက်၍ ပန်းချီဆွဲလေ့မရှိတော့သလို၊ ကောဖျင်ကလည်း ယာလုပ်ငန်းများ ထွက်မလုပ်တော့ဘဲ အိမ်ထဲမှာသာ အချိန်ဖြုန်းဖြစ်ခဲ့ကြသည်။


ကောဖျင်က ဖန်းဆွေ့ကို ချည်ထိုးနည်းသင်ပေးသည်။ ဖန်းဆွေ့မှာ ပန်းချီအရာ၌ ကျွမ်းကျင်လိမ္မာသော်လည်း အနီရောင် အဆောင်ကြိုးလေးတစ်ချောင်းကို ပြီးအောင်ထိုးနိုင်ဖို့တောင် အချိန်အတော်ယူခဲ့ရသည်။


ဖန်းဆွေ့ သူမလက်ထဲက အဆောင်ကြိုးလေးကို နူးညံ့စွာ ကြည့်ရင်း ကလေး၏အမည်အကြောင်းကို စကားစလာသည်။


" ကျွန်မ နာမည်တွေ အများကြီးစဉ်းစားကြည့်ခဲ့တယ်၊ ပြီးတော့ အားလုံးကလည်း သူ့အဓိပ္ပာယ်နဲ့သူ ကောင်းနေတာပဲ။ ဒါပေမယ့် ကျွန်မရဲ့ကလေးလေးကို လုံခြုံစေဖို့နဲ့ အနာရောဂါကင်းဝေးပြီး ဘေးဥပါဒ်မကျရောက်စေဖို့၊ ပျော်ရွှင်ချမ်းသာစေဖို့က ကျွန်မအမျှော်လင့်ဆုံးအရာပဲ။ ဒါကြောင့် ယန်သောလဲ့ဆိုတဲ့ နာမည်က အကောင်းဆုံးဖြစ်မယ်ထင်တယ်။ သားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် မှည့်လို့ရတယ်..."


ထိုအချိန်မှ ကလေးအဖေ၏ မျိုးရိုးနာမည်က ယန်ဖြစ်ကြောင်း ကောဖျင်သိခဲ့ရသည်။ သူတို့ရွာရှိ ကလေးများ၏အမည်မှာ ရိုးရှင်းသည်။ ဖန်းဆွေ့ အဘယ်ကြောင့် ဤမျှအပင်ပန်းခံ စဉ်းစားနေသည်လည်း သူမနားမလည်ပါချေ။ သို့နှင့် သူမက ဆိုလိုက်သည်။


" ကျွန်မကတော့ အဲ့လိုစဉ်းစားရမှာ သိပ်ပျင်းတယ်။ အချိန်ရောက်မှပဲ သင့်တော်တဲ့နာမည် မှည့်လိုက်တာပေါ့။ နာမည်မလှတဲ့ကလေးတွေဆို ကျွေးရမွေးရလွယ်ကူတယ်တဲ့..."


ဖန်းဆွေ့က ပြုံးရုံပြုံးပြီး ဘာမှပြန်ပြောပေ။ သူမက စားပွဲခုံရှေ့ထသွားပြီး ထိုင်ချကာဘောပင်ကိုယူလျက် စာရွက်ပေါ် စာတစ်ချို့ချရေးလိုက်သည်။


ကောဖျင်က စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။


" ရှင် နောက်ဆုံးတော့ ရှင့်မိသားစုကို စာရေးဖို့ ဆန္ဒရှိပြီပေါ့..."


ဖန်းဆွေ့က ခေါင်းခါပြကာ ပြောသည်။


" ကျွန်မက ကျွန်မကလေးအတွက် ရေးမလို့။ သူ ဆယ့်ရှစ်နှစ်ပြည့်တဲ့အခါမှ ကျွန်မ သူ့ကို ပြမယ်..."


ကောဖျင်မှာ မြို့ကြီးမှလူများက အရေးမဟုတ်တာ အရေးစိုက်လွန်းကြသည်ဟု ထင်မိသည်။ ကလေးက ကြီးပြင်းလာလျှင် သူမကို မမြင်နိုင်တော့မှာလည်းမဟုတ်။ သူမအတွက် ထိုအချိန်ထိ ဖုံးကွယ်ထားစရာ ဘာရှိလို့နည်း။


ထိုစကားက အတိအကျကို မှန်ခဲ့ပုံပေါ်သည်။ ဖန်းဆွေ့ ကလေးမီးဖွားသည့်နေ့က အလွန်ခက်ခဲခဲ့သည်။ ကောဖျင်ကလည်း နေ့မစေ့လမစေ့သေးဘဲမီးဖွားချင်လာသောကြောင့် အလွန်ပူပန်ဗျာပါရများခဲ့ရသည်။


ထိုနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့၊ ခရစ်စမတ်နေ့ဖြစ်သည်။ တောင်ပေါ်ရှိလူများမှာ ခရစ်စမတ်နေ့မှန်း သိလည်းမသိကြသလို၊ ဂရုလည်းမစိုက်ကြပေ။ ထိုနေ့က တောင်တန်းများပေါ်တွင် ခါတိုင်းထက် နှင်းစောစောကျပြီး အဖြူရောင် ဆီးနှင်းများက တောင်တစ်ဝက်ထိ ဖုံးလွှမ်းကျဆင်းနေခဲ့သည်။


ယောက္ခမဖြစ်သူက ရွာထဲမှ လက်သည် အဘွားအိုနှစ်ယောက်ကို အပြေးအလွှားသွားခေါ်ခဲ့သည်။ သို့တိုင် အဘွားအိုသုံးယောက်မှာ လက်မလည်နိုင်အောင် အလုပ်များရှုပ်ခဲ့ရသည်။


တစ်ဖက်တွင် ကောဖျင်က ယောက်ျားလေးမွေးသည်။ သို့သော် လမစေ့ဘဲမွေးသဖြင့် ကလေးက ပိန်ကာ ငိုသံလည်း မကျယ်ပေ။ ကလေး၏ညာဘက်လက်ကောက်ဝတ်တွင် မြင်သာထင်ရှားသော အနီရောင် ခပ်ဝိုင်းဝိုင်း မွေးရာပါအမှတ်တစ်ခုပါသည်။


ထိုအချိန်တွင် လက်သည်အမျိုးသမီးက သက်ပြင်းချလျက် ကောဖျင်ယောက္ခမ၏နားထဲသို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ဒီကလေးက ပြုစုရလွယ်ပုံမရှိဘူး..."


ကောဖျင် ထိုစကားကိုကြားလျှင် အံတင်းတင်းကြိတ်မိပြီး ဘာစကားမှ မဆိုနိုင်ခဲ့ချေ။ သူမ နာကျင်လွန်း၍ မူးမေ့လဲမတတ်ဖြစ်နေသည့် ဖန်းဆွေ့ကို ကြည့်လိုက်သည်။


ဖန်းဆွေ့က ညဦးပိုင်း ၈ နာရီကျော်တွင် အောင်အောင်မြင်မြင်မီးဖွားနိုင်ခဲ့သည်။ ကလေးက ယောက်ျားလေးဖြစ်ပြီး ငိုသံက ကျယ်လွန်းသည်။ ဖန်းဆွေ့ ကလေးလေးကို ကြည့်ရင်း ပြုံးလျက် "လဲ့လဲ့" ဟု နူးညံ့စွာခေါ်အပြီး မေ့မြောသွားသည်။


ထို့နောက် ရုတ်တရက်ကြီးပင် ဖန်းဆွေ့က သွေးများ စတင်ယိုစီးလာသည်။ အခန်းထဲရှိလူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ရွာသားတစ်ယောက်က သုံးဘီးတစ်စီးဖြင့် ဖန်းဆွေ့ကို မြို့သို့ အလောတကြီး ပို့ရသည်။ သို့သော် ဆေးခန်းသို့ရောက်ချိန်၌ ဖန်းဆွေ့မှာ အသက်ရှူရပ်သွားခဲ့လေပြီ။


ကောဖျင် ထိုနေ့များကို ဘယ်တော့မှပြန်မတွေးချင်ပေ။ ထို့နေ့က သူမသည်လည်း မီးဖွားပြီးခါစဖြစ်သောကြောင့် လိုက်မသွားဖြစ်ခဲ့ချေ။ သူမ ဖန်းဆွေ့ကို ပြန်တွေ့ခွင့်ရသည့်အချိန်၌ ပြန်သယ်လာသော ရုပ်ကလာပ်အလောင်းသာ ဖြစ်နေခဲ့လေသည်။ ဖန်းဆွေ့က ငြိမ်သက်စွာလှဲလျောင်းလျက် မလှမပ အနီရောင်အဆောင်ကြိုးလေးကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။


ကောဖျင်က ကလေးနှစ်ယောက်လုံးကို နို့ချိုတိုက်ကျွေးခဲ့ရသည်။ သူမ ဖန်းဆွေ့၏ကိုယ်ပိုင်ပစ္စည်းများထဲမှ ဖုန်းနံပါတ်များမှတ်ထားသည့် မှတ်စုစာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့သည်။ သူမ မြို့ထဲက ဖုန်းရှိသည့် အိမ်တစ်အိမ်ဆီ သွား၍ဖုန်းခေါ်ခဲ့သည်။ ဖုန်းဖြေသူက သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်၏။ ဖန်းဆွေ့၏ဖခင်ဖြစ်လိမ့်မည်။


နောက်တွင် ဖန်းဆွေ့၏မိဘများက ချက်ချင်းရောက်လာကြပြီး ဖန်းဆွေ့၏ရုပ်ကလာပ်ကိုတွေ့သောအခါ သည်းထန်းစွာ ငိုကြွေးကြသည်။ ထို့နောက် ရုပ်ရည်ချောမောသည့် လူငယ်လေးတစ်ယောက်လည်း ထပ်ရောက်လာခဲ့သည်။ ထိုလူငယ်က စကားတစ်ခွန်းမှမဟပေ။ သူ့မျက်လုံးများ နီရဲနေကာ မေးစေ့ကလည်း မုတ်ဆိတ်မွှေးများ ပြည့်နေသည်။


ကောဖျင်က ဖန်းဆွေ့၏ကျန်ရစ်ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။ ဖန်းဆွေ့ မက်မွန်ပွင့်စမ်းချောင်းတွင် ရေးဆွဲခဲ့သော ပန်းချီကားပေါင်းရာချီအပါအဝင် သူမ၏ကလေး အသက်ဆယ့်ရှစ်နှစ်ပြည့်မှ ဖွင့်ဖတ်ရမည့်စာတစ်စောင်နှင့် အဆောင်ကြိုးတစ်ထုပ်ကိုပါ ထည့်၍ထုပ်ပိုးလိုက်သည်။


သို့ပေသည့် ကလေးကို ဖန်းဆွေ့၏မိဘများလက်ထဲ လွှဲပြောင်းပေးရာတွင် ယောက္ခမဖြစ်သူ၏ စကားကို သူမ နားထောင်ခဲ့သည်။


" သူက ကလေးကို ယန်သောလဲ့လို့ နာမည်ပေးခဲ့တယ်။ ပြီးတော့ ကလေးကို ဘေးဥပါဒ်အန္တရာယ်ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စေဖို့က သူ့ဆန္ဒပါတဲ့..."


ကောဖျင်က အနီရောင် မွေးရာပါအမှတ်နှင့် သူ့သားကို သူတို့ထံ ရက်ရက်စက်စက် ပေးပစ်ခဲ့သည်။


တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လူငယ်မှာ ထိုစကားကိုကြားသည့်အခါ မျက်ရည်များကျလာကာ ရှိုက်ငိုလေသည်။


သူတို့က မက်မွန်ပွင့်စမ်းချောင်းတွင် အကြာကြီးနေမသွားခဲ့ပေ။ ဖန်းဆွေ့၏ရုပ်ကလာပ်နှင့် ကလေးကိုခေါ်ပြီးသည်နှင့် ပြန်သွားသည်။ မပြန်ခင်တွင် ဖန်းမိသားစုက ကောဖျင်ကို ငွေအမြောက်အမြားပေးခဲ့သည်။ ဒီတစ်လျှောက်လုံးတွင် ဖန်းဆွေ့အား ဂရုစိုက်ပေးခဲ့သည့်အတွက် သူမကို ကျေးဇူးတင်ခြင်းဖြစ်သည်။ သို့သည့်တိုင် နောက်အဓိပ္ပာယ်မျိုးကမူ သူမကို နှုတ်ပိတ်နေစေခြင်းသာဖြစ်သည်။ စင်စစ်တွင် ဤကိစ္စကြီးက လူကြားကောင်းသည့် ကိစ္စလည်းမဟုတ်ချေ။


ကောဖျင် ရင်ထဲတင်းကြပ်သွားသည်။ သူတို့မပြန်ခင်လေး သူမကလေးကို နို့တိုက်ရချိန်၌ သူမသားလေးကို တိတ်တဆိတ်ပွေ့ထားရင်း မျက်ရည်များ ခိုးသုတ်ခဲ့ရသည်။


ထိုအချိန်မှစ၍ ဖန်းမိသားစုက ဘယ်တော့မှ ပြန်မလာတော့ချေ။ ကိစ္စအားလုံးဟာလည်း မက်မွန်ပွင့်စမ်းချောင်းတွင် နှစ်စဉ်ဒီဇင်ဘာလရောက်တိုင်း ကျဆင်းသောဆီးနှင်းများအောက် တိမ်ကောနစ်မြှုပ်သွားခဲ့သည်။


ကျန်ရစ်ခဲ့သော ကလေးငယ်ကို ကောဖျင်က ထောင်ရှီးဟု အမည်ပေးခဲ့သည်။


"ထောင်ရှီး၊ အမေ သားကို တောင်းဆိုချင်တဲ့တစ်ခုတည်းသောအရာက သူ့ကို သွားမရှာပါနဲ့ ဟုတ်ပြီလား။ ဒါမှမဟုတ် သူလူလားမြောက်ပြီး အရွယ်ရောက်တဲ့အချိန်ထိ စောင့်ပြီးမှ သားသူ့ကို သွားရှာပါ၊ ဟုတ်ပြီလား..."


ထောင်ရှီး မြေကြီးပေါ်ထိုင်လျက် သည်းထန်စွာငိုကြွေးနေသော ကောဖျင်ကို ငေးကြည့်နေမိသည်။


အစမှအဆုံးထိ ကောဖျင်က သူ့ကို တောင်းပန်စကားတစ်ခွန်းမှ မပြောခဲ့ပေ။


အဆုံးထိ သူမ အစိုးရိမ်ဆုံး၊ အကြောက်ရွံ့ဆုံးက ထောင်ရှီးက ယန်သောလဲ့ဟူသော အမည်နှင့် သူမ၏သားအရင်းကို သွားရှာပြီး သူမသား၏ကောင်းစားနေသည့်ဘဝလေးကို ဖျက်ဆီးပစ်လိုက်မှာကိုပင်။


တစ်ခါတစ်ရံ သူ ကောဖျင်ကို မေးကြည့်ချင်သည်။ ယန်သောလဲ့က အရွယ်မရောက်သေးဘူးဆိုလျှင် တစ်နေ့တည်းတစ်ချိန်တည်းမွေးခဲ့တုန်းက သူကရော အရွယ်ရောက်နေခဲ့လို့လား...။


ကောဖျင်က သူငယ်စဉ်ကတည်းက ပန်းချီအပါအဝင် အခြားပညာရပ်များတွင်ပါ ထူးချွန်နေသည်ကို ဘာကြောင့်ကြောက်လန့်နေရသလဲ…။ သူ့အဖွားကရော ဘာကြောင့် သူ့ကို လုံးဝအကပ်မခံဘဲ ထောင်လဲ့ကို ပိုချစ်ရသလဲ…။ ရွာထဲက လက်သည်အဖွားအိုကြီးက မဆုံးခင် “ကလေး၊ မင်းက ဒီနေရာမှာရှိမနေသင့်ဘူး”ဟု ဘာကြောင့် သူ့ကို တီးတိုးပြောသွားခဲ့ရသလဲ…စသည့်မေးခွန်းအားလုံး၏အဖြေကို သူအဆုံးမှာတော့ နားလည်သွားခဲ့လေသည်။


အဆုံး၌ သူ့အမည်နှင့် သူ့ညီမလေး၏အမည်ကို အဘယ်ကြောင့် ထောင်ရှီးနှင့် ထောင်လဲ့ဟု မှည့်ပေးခဲ့သနည်းကို သူနားလည်သွားခဲ့သည်။


သူ့ "အမေ"က သူ့ကို မက်မွန်ပွင့်စမ်းချောင်းတွင်သာ တစ်သက်လုံးနေစေလိုပြီး ပျော်ရွှင်ချမ်းသာမှုဖြင့် ကောင်းချီးပေးခံနေရသည့် သူမ၏ကလေးကို အမြဲတမ်း တမ်းတနေလို၍သာ ဖြစ်လေသည်။


သူငယ်ရွယ်စဉ်က သူ့အမေနှင့်အဖွားက ဘာကြောင့်များ ညီမလေးကို ပိုချစ်ကြသလဲ ဟူ၍ သိလိုစိတ်ပြင်းပြခဲ့သည်။


အမှန်တကယ်တွင်မူ အချစ်လျော့ခံခဲ့ရခြင်းမဟုတ်ဘဲ သူက ဘယ်တုန်းကမှ အချစ်မခံခဲ့ရခြင်းပင်။


" ထောင်ရှီး၊ ဆရာမ အခုဖတ်ပြနေတဲ့ စာပိုဒ်ကို အသံထွက်ဖတ်ပြ..."


ပိအောက်ရွှယ်မှာ အချိန်အတော်ကြာ သည်းခံခဲ့သော်လည်း သည်းမခံနိုင်တော့သည့်အဆုံး နောက်ဆုံးတန်းရှိ စာထဲအာရုံရောက်မနေသော ကျောင်းသားသစ်လေးကို မျက်မှောင်ကြုတ်ကာ ခေါ်လိုက်သည်။


ထောင်ရှီး သတိပြန်ဝင်လာသည်။ သူ ဖြည်းညင်းစွာ မတ်တပ်ထရပ်ပြီး ခေါင်းငုံ့ထားရင်း ဘာပြောလို့ပြောရမှန်းမသိချေ။


သူမှ နားမထောင်နေတာ၊ ဘယ်လိုဖြေရမှာလဲ...။


သူ စာကိုနားမထောင်ခဲ့ကြောင်း ရိုးရိုးသားသားဝန်ခံလိုက်တော့မည်ပြုစဉ် ဖွင့်လျက်သား အင်္ဂလိပ်ဖတ်စာအုပ်ကို တွန်းပေးလာသော သွယ်လျလျလက်တစ်ဖက်ကို မြင်လိုက်ရသည်။ သန့်ရှင်းနေသော စာမျက်နှာထက်တွင် မှင်အနက်ရောင်ဖြင့် ခပ်သော့သော့မျဉ်းသားထားသော အင်္ဂလိပ်စာပိုဒ်တစ်ပိုဒ်ရှိနေသည်။


ထောင်ရှီးမှာ အံ့သြသွားပြီး မသိလိုက်ဘာသာဖြင့် ထိုစာပိုဒ်ကို ရွတ်ဖတ်လိုက်သည်။


သို့သော် သူ အသံထွက်ဖတ်လိုက်ချိန်၌ စာသင်ခန်းထဲရှိ ကျောင်းသားတစ်ချို့ထံမှ ကြိတ်ရယ်သံများထွက်လာသည်။


အဘယ်ကြောင့်ဆိုသော် သူ့င်္ဂလိပ်အသံထွက်က အလွန်ညံ့နေသောကြောင့်ပင်။


ပိအောက်ရွှယ်က ကြိတ်ရယ်နေကြသော ကျောင်းသားများကို ခပ်စူးစူးကြည့်လိုက်သည်။ ထောင်ရှီး ဖတ်ပြပြီးသွားချိန်၌ ပိအောက်ရွှယ်က သူ့ကို ထိုင်ခိုင်းလိုက်ပြီး ကသိကအောက် အခြေနေမှ ကယ်တင်ပေးလိုက်သည်။ လင်ချင်းဟယ်က ဤကလေးကို မကြံစဖူး ထူးထူးဆန်းဆန်း ကူညီပေးလိုက်ခြင်းကို သူမသိနေခဲ့သော်လည်း အပြစ်မယူတော့ပါချေ။


ထောင်ရှီး ထိုင်ခုံပေါ်ပြန်ထိုင်ပြီး ခဏကြာသော် အင်္ဂလိပ်စာအုပ်ကို ပိုင်ရှင်က ပြန်ယူသွားကြောင်း သတိထားမိလိုက်သည်။ သူ ခေါင်းလှည့်ကာ ဘေးခုံရှိ လင်ချင်းဟယ်ကို ကြည့်ပြီး "ကျေးဇူးတင်ပါတယ်" ဟု ချိုသာစွာ ပြောလိုက်သည်။


လင်ချင်းဟယ်က ဘာစကားမှပြောမလာဘဲ အင်္ဂလိပ်စာအုပ်ကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့၍ ရူပဗေဒဉာဏ်စမ်းစာအုပ်ကို ထုတ်လိုက်ပြီး ဖတ်ဖို့ပြင်နေသည်။


______________


Note - ယန်သောလဲ့ရဲ့ နာမည်ပြောင်က ဒိန်ချဉ်ဖြစ်နေရတဲ့အကြောင်းအရင်းက သူက ဒိန်ချဉ်ကြိုက်လွန်းလို့ရယ်တော့ မဟုတ်ပါဘူး။ ဒိန်ချဉ်ရဲ့ တရုတ်အသံထွက်က (养乐多)ယန်လဲ့သော ဆိုပြီးဖြစ်နေလို့ပါ။

ဒါကြောင့် ယန်သောလဲ့ကို ယန်လဲ့သော(ဒိန်ချဉ်) ဆိုပြီးနာမည်ပြောင်မှည့်ပေးထားတာပါ။