အပိုင်း ၆
Viewers 8k

The Moon Comes To Me


Chapter-6


မနက်ခင်းအတွက် နောက်ဆုံးစာသင်ချိန်က အင်္ဂလိပ်အချိန်ပြီးလျှင် ကာယချိန်ဖြစ်သည်။ ပိအောက်ရွှယ်၏ဒေါက်မြင့်ဖိနပ်သံ စာသင်ခန်းထဲမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် စာသင်ခန်းတစ်ခုလုံးမှာ ပြစ်ဒဏ်မှလွတ်မြောက်သွားသော အကျဉ်းထောင်တစ်ခုပမာ ဖြစ်သွားကြသည်။ ထောင်လုပ်သားတပ်စခန်းများမှ အကျဉ်းသားများအားလုံး ရှေ့နှင့်နောက်ကို ခေါက်တုံ့ခေါက်ပြန် ပြေးလွှားသွားလာနေကြသည်။


အမြဲထက်သန်တက်ကြွနေသော မြို့ကြီးသား ပိချန်ဖေးကမူ နောက်ဆုံးခုံတွင် အတန်းချိန်တစ်ချိန်လုံး ရေခဲရိုက်ထားသလို ထိုင်နေသော မုန်လာထုပ်လေးအကြောင်းသာ ခေါင်းထဲရောက်နေမိသည်။ ဤသနားစရာကလေးကို နှစ်သိမ့်ပေးရန်အလို့ငှာ ထောင်ရှီးကို ချိုင်းအောက်မှ ဆွဲထူလိုက်ပြီး တက်ကြွစွာပြောလိုက်သည်။


" သွားမယ်၊ ကာယချိန်ကို သွားကြစို့၊ နေရာက ဒီအားကစားအသင်းအဖွဲ့ဝင်လေးရဲ့ အိမ်ကွင်းပဲ..."


ထောင်ရှီးမှာ ပိချန်ဖေးကြောင့် လန့်ဖျပ်သွားပြီး ဆွံအလုနီးပါး ဖြစ်သွားသည်။

" ငါ အဲ့လောက်ထိမဆိုးသေးပါဘူးကွာ..."


ပိချန်ဖေး ထောင်ရှီး၏ပုခုံးကို ဖက်လျက် တံခါးအပြင်ကို ခေါ်သွားသည်။ ထောင်ရှီး အပြင်သို့ ရောက်ရောက်ချင်း အနောက်မှ ယန်သောလဲ့၏ရွှင်လန်းတက်ကြွနေသောအသံကို ကြားလိုက်ရသည်။


" ချင်းဟယ်ကော၊ ခနနေကျ ငါနဲ့အတူတူ ကြက်တောင်ရိုက်ဖို့ လိုက်ခဲ့ပေးမယ်မလားဟင်..."


ထို့နောက် သူ လင်ချင်းဟယ်၏ တုန့်ပြန်သံကို မကြားရတော့ချေ။


သို့သော် ၎င်းက စကားလေးတစ်ခွန်းတင်မဟုတ်မှာ သေချာပါ၏။


စင်စစ်တွင် သူက အခြားလူတစ်ယောက်အတွက် သူ့ဘေးတွင် ထိုင်ခုံဦးပေးထားပြီး မှတ်စုများလည်း သေချာရေးပေးသည်။ ထို့အပြင် ထိုမှတ်စုစာအုပ်ကို မည်သူ့ကိုမှလည်း မငှားချေ။


ထောင်ရှီး မဲ့ပြုံးပြုံးလိုက်သည်။


ထောင်ရှီးကို အကဲခတ်နေသော ပိချန်ဖေးမှာ ဤမုန်လာထုပ်လေးက ရေခဲရိုက်ခံရတာမဟုတ်ဘဲ ရှာလကာရည်စိမ်ခံရသော မုန်လာထုပ်လေး ဖြစ်နေပါလားဟု ခံစားလိုက်ရသည်။


သူ မျက်စိသာလှန်မိတော့၏။ ထောင်ရှီး၏ပုခုံးပေါ် သူ့လက်တင်လျက်သားဖြင့် လှေကားအောက်ကို ဆင်းနေစဉ် သူ့ပါးစပ်ကို လက်ဖြင့်အုပ်ကာ ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။


" နတ်ဘုရားလင်က မင်းကို သူ့မှတ်စုစာအုပ်မငှားဘဲ ဒိန်ချဉ့်ကိုပဲ ငှားလို့ စိတ်မကောင်းဖြစ်နေတာလား...."


လခွမ်း၊ အရှိုက်ကို တည့်တည့်ထိတာဟ...


ရှာလကာရည်ယိုနေသည့် မုန်လာထုပ်လေး ထောင်ရှီးမှာ အလွန်စိတ်ရှုပ်သွားသည်။ ဒီလူကောင်ကြီးကြီး ငနဲသားလေးက ဘာလို့များ ညီမတစ်ယောက်လို အမြဲပြုမူနေရတာလဲ...။ သူ အပြုံးမပါဘဲ ယတိပြတ်ပြောလိုက်သည်။


" ငှားငှား၊ မငှားငှား ငါနဲ့မဆိုင်ဘူး..."


ပိချန်ဖေးမှာ ဤအတန်းဖော်အသစ်လေး၏ စိတ်အခြေအနေက ရုတ်တရက်ကြီး ယိုယွင်းသွားသည်ဟု ခံစားလိုက်ရ၏။ ထို့အပြင် အပြောနှင့်အလုပ်ညီမနေသောကြောင့် မိမိကိုယ်မိမိ စိတ်ပျက်သွားပုံရသဖြင့် သူကပင် အရင်ဦးစွာ နှစ်သိမ့်ပေးလိုက်သည်။


" မင်းမသိပါဘူး၊ နတ်ဘုရားလင်နဲ့ ဒိန်ချဉ်ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူးဆိုတာကို..."


ထောင်ရှီး တစ်စက္ကန့်မျှ တောင့်ခဲသွားသည်။


ပိချန်ဖေးက ချောင်းဖွဖွဟန့်၍ ဆက်ပြောလာသည်။


" ငါ သိသလောက်ကတော့ ဒိန်ချဉ်ရဲ့ အမေနဲ့ နတ်ဘုရားလင်ရဲ့အမေက တစ်ဝိုင်းထဲအတူကြီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေတဲ့၊ သူတို့က ညီအစ်မတွေထက်တောင် ပိုရင်းနှီးကြတယ်၊ ကံမကောင်းအကြောင်းမလှလို့ ဒိန်ချဉ်ရဲ့အမေက သူ့ကိုမွေးမွေးပြီးချင်း ဆုံးသွားတော့ နတ်ဘုရားလင်ရဲ့အမေကပဲ ဒိန်ချဉ့်ကို သားအရင်းတစ်ယောက်လို အမြဲတမ်း ဂရုစိုက်ပေးခဲ့ရတာ။ သူတို့နှစ်ယောက်က အတူတူကြီးခဲ့ကြတယ်။ တစ်နည်းပြောရရင် နတ်ဘုရားလင်နဲ့ဒိန်ချဉ်က မအေတူ၊ အဖေကွဲညီအစ်ကိုတွေနဲ့တောင် တူတယ်။ ရှေးစကားနဲ့ဆိုရင်တော့ ငယ်ချစ်ဦးတွေလို့ ဆိုရမှာပေါ့ကွာ..."


အလယ်တန်းကျောင်းတက်စဉ်က ပိချန်ဖေးက လင်ချင်းဟယ်နှင့် အခန်းချင်းတူခဲ့သည်။ လင်ချင်းဟယ်၏ အေးတိအေးစက် ပင်ကိုစရိုက်ကြောင့် မိန်းကလေးများ ဘယ်နှယောက်တောင် အသည်းကွဲခဲ့ရသလဲ သူအသိဆုံးပင်။ ကံကောင်းထောက်မစွာ ယန်သောလဲ့က မိန်းကလေး မဟုတ်နေ၍သာ။ မဟုတ်လျှင် သူ အစောကတည်းက မနာလိုဖြစ်လွန်း၍ သေသွားလောက်မည်။


သို့သော် ထောင်ရှီးက ယောက်ျားလေးတစ်ယောက်ဖြစ်သည့်တိုင် ဝမ်းနည်းနေသည်။ သူ တကယ်ကို နားမလည်နိုင်ပေ။ ထောင်ရှီး၏ ပင်ကိုစရိုက်က အလွန်ထိရှလွယ်ပြီး မရင်းနှီးသော ပတ်ဝန်းကျင်ကိုလည်း လာခဲ့ရသောကြောင့် စိတ်အားငယ်လွယ်နေခြင်း ဖြစ်လိမ့်မည်။


ပိချန်ဖေး ထိုသို့ဖြည့်တွေးလိုက်ကာ ဤနုနုနယ်နယ် အတန်းဖော်သစ်လေးကို ဂရုဏာသက်စွာဖြင့် နှစ်သိမ့်အားပေးလိုက်သည်။


" ဒိန်ချဉ်ကလွဲလို့ နတ်ဘုရားလင်က အားလုံးအပေါ် အေးစက်တယ်။ ဒီတော့ မင်း ဂရုစိုက်နေစရာမလိုဘူး။ သူက မင်းတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားနေတာ လုံးဝမဟုတ်လို့ပဲ..."


ထောင်ရှီး ပင့်သက်ရှိုက်လိုက်ပြီး ဝတ်ကျေတန်းကျေ စကားတစ်ခွန်းပင် ပြန်မပြောနိုင်ခဲ့ချေ။


သူ ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာတဲ့လဲ...


သူ့ဘဝ၏အခက်ခဲဆုံးအချိန်၊ သူ ကောဖျင်၏ရည်ရွယ်ချက်အတိုင်း မက်မွန်ပွင့်စမ်းချောင်းတွင်သာ တစ်သက်လုံးနေထိုင်ရန် ကြံရွယ်ခဲ့စဉ်က လင်ချင်းဟယ်သည်သာ သူ့အား အလင်းရောင်မြင်စေခဲ့သူဖြစ်၏။


ရေတွင်း၏အောက်ခြေ၌ ငယ်စဉ်ကတည်းက နေခဲ့ရသူများလို ရံဖန်ရံခါ ရေတွင်း၏နှုတ်ခမ်းဝကျဉ်းကျဉ်းတွင် ပေါ်လာတတ်သည့် လမင်းကြီးကို သူ လက်လှမ်းလိုခဲ့သည်။


သူ့ကံကြမ္မာက ရွှံ့နွံထဲနစ်နေလျှင်တောင်မှ သူ့ကိုယ်သူ အရည်အချင်းပြည့်မီအောင် ကြိုးစားလုပ်ယူပြီး မိုးကောင်းကင်ကို ချဉ်းနင်းဝင်ရောက်ကာ လမင်းဘေးက ကြယ်ပွင့်လေးဖြစ်လာရမည်ဟူ၍ မိမိကိုယ်မိမိ တိုင်တည်ခဲ့ဖူးသည်။


ဤတစ်ယူသန်စိတ်လေးက ကိုယ်ကျိုးစွန့်သည်အထိ သက်ဝင်ယုံကြည်သူတစ်ယောက်ကဲ့သို့နှယ် သူ့ကို ရေတွင်းနက်ထဲမှ ထွက်နိုင်အောင် အားအင်များ ပေးခဲ့သည်။ သူ တောင်အလီလီဖြတ်သန်း၍ မိုးကောင်းကင်ကို ခက်ခက်ခဲခဲရောက်လာချိန်၌မူ လမင်းဘေးတွင် ကြယ်ပွင့်လေးက ဝန်းရံထားပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ထိုကြယ်ပွင့်လေး၏နေရာက မူလကတည်းက သူပိုင်ဆိုင်သည့်နေရာ ဖြစ်လေသည်။


သူ ဘယ်လိုလုပ် ကြည်ဖြူနိုင်ပါ့မလဲ...


ပိချန်ဖေးမှာ ထောင်ရှီးက သူ၏နှစ်သိမ့်စကားကြောင့် ပိုလို့တောင် ဝမ်းနည်းသွားကြောင်း တွေ့လိုက်ရသည်။


ကာယအတန်းချိန်ကို စောင့်ပြီး သူ ဘတ်စကတ်ဘောကစားတာကို ထောင်ရှီးအား ကြည့်စေမည်ဟု သူ တွေးထားလိုက်သည်။ စင်စစ်တွင် အတန်းထဲရှိ မိန်းကလေးများကလည်း သူ ဘတ်စကတ်ဘောကစားသည်ကို ကြည့်ရခြင်းက ပျော်ရွှင်စေပြီး စိတ်လည်းတက်ကြွလာသည်ဟု ပြောခဲ့ဖူးသည်။


ကာယဆရာက လျောင့်ယုန်ဟုခေါ်သော အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အတန်းချိန်တွင် အမြဲတစေ ချောင်ချောင်လည်လည် နေခွင့်ပေးလေ့ရှိသည်။ ကိုယ်လက်လေ့ကျင့်ခန်းအဖြစ် ကျောင်းသားများကို တာနှစ်ပတ်လောက် အပြေးလေ့ကျင့်ခိုင်းပြီးလျှင် လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်အောင် အလွှတ်ပေးလိုက်သည်။


ပိချန်ဖေးက ဤအချိန်ကိုစောင့်နေခြင်းဖြစ်၏။ သူ ပြေးလိုက်လွှားလိုက်ဖြင့် ဘတ်စကတ်ဘော ကစားကြရန် တကြော်ကြော်ခေါ်ပြီး လူစုလိုက်သည်။ သို့သော် တန်းခွဲ(၁) မှ ယောက်ျားလေးအများစုက ဇီဇာကြောင်တတ်သည့် လူပျင်းချည်းသာများပြီး ခုံတန်းလျားတွင်ထိုင်ကာ ကောင်မလေးများပမာ ရေခဲမုန့်ကို တစိမ့်စိမ့်ထိုင်စားနေကြသည်။ ဆန့်ကျင်ဘက်အရပ်တွင်မူ မိန်းကလေးက ဗောလီဘောနှင့် ကြက်တောင် ကစားလျက် ရှိနေကြသည်။


ပိချန်ဖေးက အဘယ့်ကြောင့် အားကစားအသင်းခေါင်းဆောင်တစ်ယောက် ဖြစ်လာရသလဲဆိုသည်ကို ထောင်ရှီး နားလည်သွားခဲ့သည်။ သူက အားကစားကို အမှန်တကယ်နှစ်သက်၍ပင်။


အတန်းခေါင်းဆောင် လီရှောင်ယွမ်က စိတ်ထားနူးညံ့သူဖြစ်၏။ ပိချန်ဖေးက အလွန်သနားစရာကောင်းနေသည်ကို မြင်လျှင် သူကပင် လိုက်လျောပေးလိုက်လေသည်။


" ငါ လာကစားပေးမယ်..."


ထောင်ရှီး လီရှောင်ယွမ်ကို လှမ်းကြည့်လိုက်သည်။ ဤကောင်လေးက အရပ်လည်း မရှည်သလို၊ နုနယ်ပုံရှိကာ မျက်လုံးဝိုင်းဝိုင်းများကလည်း အနည်းငယ်ထုံအမည့် ပုံပေါက်သည်။ ဘတ်စကတ်ဘောကစားရန် လုံးဝကို မသင့်တော်ပါချေ။


အကျိုးဆက်အနေဖြင့် ပိချန်ဖေးမှာ သိက္ခာတည်ကြည်ပြီး အစွမ်းထက်သော ဘုန်းတော်ကြီးတစ်ပါးကို ပူဇော်ခွင့်ရလိုက်သလို အင်မတန် ပျော်ရွှင်သွားသည်။ သူ အတန်းခေါင်းဆောင်ကို ဝမ်းသာစွာအော်ပြောလိုက်သည်။


" ကျေးဇူးတင်ပါတယ်၊ နတ်ဘုရားယွမ်..."


လီရှောင်ယွမ်က ရှက်အမ်းအမ်းဖြင့် ပြုံးလျက် နံဘေးမှ ထောင်ရှီးကိုကြည့်ကာ ကြင်နာစွာပြောလာသည်။


" အတန်းဖော်ထောင်၊ ငါတို့နဲ့ အတူတူ လာကစားပါလား..."


ထောင်ရှီး ကုန်းလျှောလေးမှ ဆင်းကာ အတန်းခေါင်းဆာင်ကို မျက်နှာပြပြီး သဘောတူလက်ခံမည်ပြုလိုက်သည်။ စင်စစ်တွင် သူ မကစားရသည်မှာ အတော်ကြာဖြစ်သဖြင့် ဝါသနာပိုးလည်း ပြန်ထလာသည်။


ရလဒ်မှာမူ ပိချန်ဖေးက လီရှောင်ယွမ်ကို လက်ဝှေ့ယမ်းပြပြီး ခပ်တိုးတိုးဆိုလိုက်ခြင်းသာ ဖြစ်လေသည်။


" ငါ့ နောက်ခုံအတန်းဖော်လေးက အားနည်းနေတာ ငါ့ကိုတောင် ဂရုမစိုက်နိုင်ရှာဘူး။ သူ့ကို ငါတို့ကစားတာပဲ ကြည့်ခိုင်းလိုက်၊ ဒါမှ ငါ့ကိုယ်ရော စိတ်ရော မနာကျင်ရမှာ..."


"......."


ယီး၊ မင်း ကြီးတော်ကိုပဲ အားနည်းပြီး ဂရုမစိုက်နိုင်လိုက်...


လီရှောင်ယွမ် ထောင်ရှီးကို လှည့်ကြည့်လိုက်ပြန်သည်။ ဤအတန်းဖော်အသစ်လေးက အရပ်အတော်ရှည်သည်။ သို့သော် အသားအရေက ဖြူဖွေးကာ ကိုယ်လုံးကိုယ်ပေါက်က ပိန်ပါးပြီး နုနယ်လှပသည်။ ဘတ်စကတ်ဘောကစားရန် သင့်လျော်မည့်ပုံ မပေါက်ချေ။ အကယ်၍ သူ ဘတ်စကတ်ဘောကစားရာ၌ ညံ့နေလျှင် စိတ်အခြေနေလည်း ပိုဆိုးသွားနိုင်ခြေရှိသည်။


သူ ထောက်ခံသလို ခေါင်းညိတ်ကာ ပြောလိုက်သည်။


" အတန်းဖော်ထောင်၊ ငါတို့ ကစားတာကို ဘေးကနေပဲ ကြည့်နေနော်။ ဘတ်စကတ်ဘောလုံး မမှန်အောင်လည်း ဂရုစိုက်ဦး..."


ထောင်ရှီး ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည်။


" သတိပေးတဲ့အတွက် ကျေးဇူးပဲ..."


ပိချန်ဖေး သူ့အဖေကို ယွမ်ဟောင်နှင့် ချောင်ရွှမ်ဟု ခေါ်သော ကောင်လေးနှစ်ယောက်အား သူ့အဖွားထံမှ ဆောင်ကြဉ်းပေးရန် တောင်းဆုခြွေနိုင်ခဲ့ပြီး* အဆုံး၌ ထောင်ရှီးကို တရွတ်တိုက်ဆွဲခေါ်၍ ဘတ်စကတ်ဘောကွင်းထဲသို့ ရောက်လာသည်။


[ * ဗန်းစကားဖြစ်ဟန်တူပါတယ်၊ ဆုတောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ]


အကျိုးဆက်အနေနှင့် တစ်ခုတည်းရှိသော ဘတ်စကတ်ဘောလုံးကွင်းထဲတွင် တန်းခွဲ(၂) နှင့် ပက်ပင်းတိုးလေသည်။


တန်းခွဲ(၂)မှာ တန်းခွဲ(၁)၏ ဖိနှိပ်ခြင်းကို အမြဲခံခဲ့ရသောကြောင့် မကျေနပ်ကြချေ။ ထိုအဖွဲ့ကို သူတို့ မျက်မုန်းကျိုးနေသည်မှာ ကြာပြီဖြစ်သည်။ အထူးသဖြင့် တန်းခွဲ(၁) မှ ကျသွားသော ရွှီကျီးချီပင်။ ပိချန်ဖေးကို မြင်လိုက်ရခြင်းက အလျှံညီးညီး မီးတောက်နေပြီးသား ဆီပူအိုးထဲသို့ မီးစက်မီးပွင့်များ ထပ်မံကျသွားသလိုပင် မီးလောင်ရာလေပင့် ဖြစ်သွားစေသည်။


" ငါတို့ တန်းခွဲနှစ်ခု ပြိုင်ကစားကြရင် မကောင်းဘူးလား..."


တန်းခွဲ(၂)မှ အားကစားအသင်းခေါင်းဆောင် ကောင်းမာသာ့က အချိုးမပြေသော လေသံဖြင့် ပြောလာသည်။


ရွှီကျီးချီကလည်း ပိချန်ဖေးနှင့် သူ့ဘေးရှိ နံရံထက်မှကစားပွဲကို ကြည့်နေသော ထောင်ရှီးကို ကြည့်လျက် ခပ်မိုက်မိုက်ဟန်ပန်ဖြင့် ပြောလိုက်သည်။


" သူတို့မှာ လူမှမလောက်တာ၊ ပြိုင်သာ ကစားလိုက်ရင် အနိုင်ကျင့်ရာကျမနေဘူးလား..."


ပိချန်ဖေးမှာ အမြှီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ ရုတ်ခြည်းထခုန်လိုက်သည်။


" ပြိုင်လေ၊ ပြိုင်မယ်။ ဘယ်သူက ဘယ်သူ့ကိုကြောက်နေလို့လဲ...။ စောင့်နေ၊ ငါ့ကို အချိန်ငါးမိနစ်ပဲပေး၊ ငါလူထပ်ခေါ်လာခဲ့မယ်..."


ကြုံးဝါးပြောဆိုပြီးနောက် သူတို့ လူထွက်ရှာသောအခါတွင် ထပ်မံစိတ်ဓာတ်ကျသွားရပြန်သည်။ အချို့ယောက်ျားလေးများဆိုလျှင် ပိချန်ဖေးကို မြင်သည်နှင့် မျက်နှာကိုလက်ဖြင့် ကာသူကကာ၊ အနောက်ဆုတ်သူက ဆုတ်သွားကြသည်။


ဟေး၊ ဟိုကောင် ခုနက ဘာပြောလိုက်သလဲရော ကြားလိုက်ကြလား...


ထောင်ရှီးက ခပ်လှမ်းလှမ်းရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်နေသော ယန်သောလဲ့ကို လှမ်းကြည့်နေသည်။ တိတိကျကျဆိုရလျှင် သူ့ဘေးရှိ လင်ချင်းဟယ်ကို တိတ်တိတ်ကလေး ခိုးကြည့်နေခြင်းဖြစ်သည်။


မတိုင်မီက စိတ်ကြိုက်ကိုယ်လက်လေ့ကျင့်ခန်းလုပ်အပြီးတွင် ယန်သောလဲ့က လင်ချင်းဟယ်ကို ကုန်မျိုးစုံစတိုးဆိုင်ဆီခေါ်သွားပြီး ရေခဲမုန့်နှစ်ခုဝယ်ကာ တစ်ယောက်တစ်ခုစီ စားခဲ့ကြသည်။ ယခု လင်ချင်းဟယ်က သူ့ဘေးတွင် ထိုင်နေပြီး ဖုန်းကစားနေသည်။ ရှောင်းရှောင်းလဲ့ဂိမ်းကို ထပ်ဆော့နေခြင်း ဖြစ်ဟန်တူ၏။


ထောင်ရှီး တိတ်တဆိတ်ပြုံးလိုက်ပြီး မျက်ဝန်းထဲမှ ဝမ်းနည်းမှုများကို မျက်လွှာချကာ ဖုံးကွယ်လိုက်သည်။ သူ မျက်နှာလွှဲလိုက်ကာ လူတစ်ယောက်မှ ရှာမရဖြစ်နေဆဲ ပိချန်ဖေးကို လှမ်းပြောလိုက်သည်။


" မင်း ဘာလို့ လင်ချင်းဟယ်ကို မမေးကြည့်တာလဲ..."


ပိချန်ဖေးမှာ ခဏတာ ဆွံ့အသွားသည်။ သူ့မျက်နှာထက်တွင် ဘယ်လိုမှ မဖြစ်နိုင်ဟူသော အရိပ်အယောင်များ အထင်းသားဖြင့် ခေါင်းခါပြကာ ဆိုလိုက်သည်။


" နတ်ဘုရားလင်က ငါ့ကို လိုက်လျောမှာမဟုတ်ဘူး..."


ထောင်ရှီး မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။


" သူ ဘတ်စကတ်ဘော မကစားနိုင်လို့လား..."


ပိချန်ဖေးက ပလုတ်တုတ်အရုပ်ပမာ ခေါင်းကို တသွင်သွင်ခါရမ်းလိုက်သည်။


" နတ်ဘုရားလင်က ကျောင်းဘတ်စကတ်ဘောကလပ်ထဲကကွ။ သူသာ ဘတ်စကတ်ဘော မကစားနိုင်ရင် ငါတို့ကျောင်းမှာ ဘယ်သူ့မှ ကစားနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် သူ သေချာပေါက် ငါတို့နဲ့ကစားဖို့ လက်ခံမှာ မဟုတ်လောက်ဘူး..."


အဘယ်ကြောင့်ဆိုသည်ကို ပိချန်ဖေးက မပြောခဲ့ပါချေ။


ယန်သောလဲ့က ရေခဲမုန့်စားပြီးသွားသောအခါ နံဘေးရှိ ကြက်တောင်ရိုက်တံအား ကောက်ကိုင်လိုက်သည်ကို ထောင်ရှီး မြင်လိုက်ရသည်။ သူ ပိချန်ဖေးကို ပြောလိုက်၏။


" မင်း မစမ်းကြည့်ရသေးဘဲ မရဘူးလို့ ဘယ်လိုသိလဲ...၊ ဒီဘတ်စကတ်ဘော ကစားပွဲကို နိုင်အောင်ဆော့ပေးရင် အခုကစပြီး သူ့ကို စကားလည်းလာမပေါတော့ဘူး၊ နှောင့်လည်းမနှောင့်ယှက်တော့ပါဘူးလို့သာ ပြောလိုက်...."


ပိချန်ဖေးမှာ ကြက်သေသေသွားပြီး ထောင်ရှီးကို အံ့သြနေသောအကြည့်ဖြင့် ကြည့်ကာ တအံ့တဩရေရွတ်လိုက်သည်။


" သူငါ့ကို စကားပေါတယ်လို့ထင်မှန်း မင်းဘယ်လိုသိလဲ..."


"......."


လူတိုင်းက မင်းကိုစကားပေါတယ်လို့ ထင်တာပဲလေ...


ပိချန်ဖေးမှာ နှစ်စက္ကန့်လောက် ချီတုံ့ချတုံဖြစ်သွားသည်။ မျက်တောင်တစ်ခတ်စာမျှအကြာတွင် ရွှီကျီးချီက ခွေးမျက်လုံးများဖြင့် မိုက်ကြည့်ကြည့်လာပြန်သည်ကို မြင်လိုက်ရသော် တွန့်ဆုတ်နေခြင်းများက လုံးဝပျောက်ကွယ်သွားသည်။ သူ ခြေကြွကာ ကြက်တောင်ရိုက်ရန်ပြင်နေသည့် လူနှစ်ယောက်ကို အပြေးအလွှား သွားတားလိုက်သည်။


ထောင်ရှီးက သစ်ပင်တစ်ပင်အောက်တွင် ရပ်လျက် တိတ်တဆိတ်လှမ်းကြည့်နေသည်။


ပိချန်ဖေးက စကားပြောနေစဉ်အတွင်း လက်ရောခြေရောပါ အငြိမ်မနေဘဲ လှုပ်ရှားနေသည်။ သို့သော် လင်ချင်းဟယ်ကမူ အေးစက်မြဲအေးစက်နေဆဲပင်။ ပိချန်ဖေးအနေနှင့် ဤလူကို ခေါင်းညိတ်လက်ခံလာအောင် တောင်းဆိုနိုင်ဖွယ်မရှိဟူ၍ ထောင်ရှီး ခံစားလိုက်ရသည်။


သို့သော် ထိုတစ်ဒင်္ဂလေးတွင် လင်ချင်းဟယ်က ရုတ်တရက် သူ့ကို လှည့်ကြည့်လာသည်။ ထောင်ရှီး ထိတ်ခနဲဖြစ်သွားသည်။ သူ ဘယ်လိုတုံ့ပြန်ရမလဲစဉ်းစားမရခင် အေးစက်စက်အကြည့်များက ပြန်သွေဖယ်သွားလေသည်။


သိပ်မကြာလိုက် ပိချန်ဖေးက ပျော်ရွှင်စွာ ခုန်ပေါက်ပြီး ပြန်ရောက်လာသည်။ လင်ချင်းဟယ်က မတ်တပ်ထရပ်ကာ ခေါင်းငုံ့ပြီး ယန်သောလဲ့ကို တစ်ခုခုပြောနေသည်။


ပိချန်ဖေးက ထောင်ရှီး၏ပုခုံးကို သိုင်းဖက်ပြီး စိတ်လှုပ်ရှားစွာ ပြောလာ၏။


" မင်းရဲ့နည်းလမ်းက တကယ်အသုံးဝင်တယ်..."


ဘတ်စကတ်ဘော ကစားနိုင်ရန်အတွက် အလဲအထပ်အဖြစ် သူ့ပါးစပ်ကိုပိတ်လိုက်ရခြင်းက သူ့သိက္ခာကို ထိပါးစေခြင်းအလျဉ်းမရှိချေ။


ထောင်ရှီး အသံတိုးတိုးဖြင့် မေးလိုက်သည်။


" မင်း သူ့ကို ဘယ်လိုပြောလိုက်တာလဲ..."


ထိုငနဲသားလေးက သူ့ကိုရောင်းစားသွားလေသလားဟု သူ အလွန်သင်္ကာမကင်းဖြစ်နေသည်။


" တကယ်လို့ သူ ဘတ်စကတ်ဘော ကစားဖို့ သဘောတူရင်၊ ရှေ့လျှောက် ငါက သူ့ကို မနှောင့်ယှက်တော့ဘူးလို့ မင်းက ငါ့ကို ပြောခိုင်းလိုက်တယ်လို့ သူ့ကိုသွားပြောလိုက်တယ်..."


"........"


ချီးထုပ်လိုပဲ၊ မာထရော်ရှော့ကာအရုပ်*ကို ဘန်းပေးလို့ရမလား...


[ * အင်တာနက် ဗန်းစကားပါ။ မာထရော်ရှော့ကာ အရုပ်ကလေ အသေးကနေ အကြီးအထိ အရုပ်လေးတွေ ဆင့်ဆင့်ပြီး အများရှိတာ။ အဲ့ဒါကို ခုလိုပိချန်ဖေးကနေ ထောင်ရှီးကို ပြောလိုက်တဲ့စကားလို ထပ်ဆင့်ထပ်ဆင့်ပြီး ပြောတယ်ဆိုတာနဲ့ တင်စားထားတာပါ]


လင်ချင်းဟယ် သူတို့ထံ လှမ်းလာနေ၍သာမဟုတ်လျှင် ထောင်ရှီးမှာ ပိချန်ဖေး၏ခေါင်းထဲတွင် ရေဘယ်လောက်တောင် ပြည့်နေသလဲဟု ခေါက်ကြည့်ချင်လာသည်။


ပိချန်ဖေးက ထောင်ရှီးကို ကြက်အိုမကြီးတစ်ကောင်ကဲ့သို့ တွယ်ကပ်ရင်း လင်ချင်းဟယ်အား ဘတ်စကတ်ဘောကွင်းဆီ သွားရာလမ်းတစ်လျှောက်လုံး ခွေးတစ်ကောင်ပမာ လမ်းပြပေးလေသည်။ ကွင်းသို့ရောက်ရောက်ချင်း သူ တန်းခွဲ(၂)ရှိရာကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်ကာ အတုအယောင်ကျားတစ်ကောင်ဆိုသည်မှာ ဘယ်လိုခေါ်လဲဟူ၍ ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြလိုက်သည်။


အဆုံးတွင် တန်းခွဲ(၁)မှာ လူ ၅ ယောက်စုနိုင်သွားသည်၊ သို့သော် တန်းခွဲ(၂)ကမူ လူစားထိုးချည်းတင်ကို ၅ ယောက်ရှိနေသည်။


ထို့အပြင် လင်ချင်းဟယ် ရောက်လာသောအခါ မောက်မာနေသော ပြိုင်ဖက်လူနှစ်ယောက်လုံး မျက်နှာကွက်ခနဲ ပျက်သွားကြသည်။


သတင်းကြားကြားချင်းပင် မှန်ကြည့်နေ၊ နှုတ်ခမ်းနီဆိုးနေ၊ မုန့်စားကာ စကားပြောနေကြသော တန်းခွဲ(၁) နှင့် တန်းခွဲ(၂) မှ မိန်းကလေးများတင်မကဘဲ ကာယအတန်းချိန်တွင်ရှိနေသည့် အခြားတန်းခွဲများမှ မိန်းကလေးများပါ ကွင်းထဲကို စုရုံးရောက်လာကြသည်။ တစ်ခဏအတွင်းမှာပင် အလွန်စည်းကားသွားလေသည်။


တန်းခွဲ(၂)မှ လူများမှာ လင်ချင်းဟယ် ရောက်လာမည်ဟု မထင်ထားခဲ့ကြချေ။ ဒီကောင်က သူ့အတန်းဖော်တွေနဲ့တောင် ကစားလေ့မရှိတာ မသိသူဘယ်သူရှိမည်လဲ။ သူတို့ အချင်းချင်းကြည့်လိုက်ကြပြီး အားလုံး တပ်ဆုတ်လိုနေကြသည်။ သို့သော် အမိန့်စကားကို အသင်းခေါင်းဆောင်ကသာ ချမှတ်မည်ဖြစ်သောကြောင့် သူတို့အားလုံး အသင်းခေါင်းဆောင်ကို မျက်လုံးအကြည့်ဖြင့် မသိမသာ အချက်ပြလိုက်ကြ၏။


တန်းခွဲ(၂)၏အားကစားအသင်းခေါင်းဆောင်မှာ သိက္ခာပြန်ဆည်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုနေသည်။ သူ့ရည်းစားကောင်မလေးကလည်း ကြည့်နေသောကြောင့် ကြီးသောအမှုကိုသေးငယ်အောင်လုပ်ရန်သာ ဆုံးဖြတ်လိုက်၏။


" ပိချန်ဖေး၊ ငါတို့က ပေါ့ပေါ့ပါးပါးလေး ကစားချင်ရုံတင်ပါ၊ ဒါပေမဲ့ မင်းကတော့ ကျောင်းကလပ်အသင်းရဲ့ မဟာနတ်ဘုရားကို အတူကစားဖို့ ခေါ်လာတယ်ပေါ့။ ဒါ သက်သက်ညစ်ပတ်တာပဲ မဟုတ်ဘူးလား..."


ဘတ်စကတ်ဘောအားကစား၌ အရင်ဘဝကတည်းက ပါရမီပါလာသော လင်ချင်းဟယ်မှလွဲ၍ ကျောင်းဘတ်စကတ်ဘော ကလပ်အသင်းကို အားကစားအရည်အချင်းပြည့်ဝသည့် ကျောင်းသားများဖြင့်သာ ဖွဲ့စည်းထားပြီး အများစုက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်ရန် ဤအားကစားရမှတ်များကို မှီခိုနေကြသူများဖြစ်၏။ သူတို့မှာ တန်းခွဲ(၂)မှ ကျောင်းသားလေးများသာဖြစ်ပြီး အဆင့်အရလည်း အယောက်၁၀၀ သာဝင်သည်။ အဘယ်မှာ ကျောင်းကလပ်အသင်းဝင်များနှင့် ယှဉ်ပြိုင်နိုင်ပါ့မည်နည်း...။


ပိချန်ဖေးက စကားပြန်ပြောလိုက်မည်ပြုစဉ် လင်ချင်းဟယ်က ခပ်ဖွဖွရယ်ကာ အသံသြရှရှဖြင့် ပြောလိုက်သည်။


" ကျောင်းကလပ်အသင်းကလူလည်း ဒီမှာကစားလို့မရဘူးလို့ စည်းကမ်းထုတ်ထားတာ ရှိလို့လား..."


တန်းခွဲ(၂)၏ အသင်းခေါင်းဆောင်မှာ ကပျာကယာပြုံးကာ " မဟုတ်ပါဘူး၊ မဟုတ်ပါဘူး..." ဟု ပြောလိုက်သည်။ ထို့နောက် လင်ချင်းဟယ်ရောက်လာကတည်းက တိတ်ဆိတ်သွားသည့် ရွှီကျီးချီကို ပုခုံးပုတ်ကာ ဆူငေါက်ချင်ယောင်ဆောင်လိုက်သည်။


" လောင်ရွှီ၊ မင်း တန်းခွဲ(၁) မှာ နေခဲ့ဖူးတာလေးတစ်ခုနဲ့ သူတို့ကို မထီမဲ့မြင်လုပ်လို့မရဘူးလေ..."


သိသာစွာပင် သူတို့ မျက်နှာမပျက်ရေးအတွက် ရွှီကျီးချီကို အသုံးချနေကြခြင်းပင်။


ရွှီကျီးချီမှာ မျက်နှာမသာမယာဖြစ်သွားသော်လည်း ဘာမှတော့ပြောမလာခဲ့ချေ။


ထောင်ရှီးကို ပိချိန်ဖေးက ဤနေရာထိ ဆွဲခေါ်လာခဲ့ခြင်းဖြစ်သဖြင့် သူတို့ ကစားကြတော့မည်ကို တွေ့သောအခါ သူ ဘေးဖယ်နေရန် ပြင်လိုက်သည်။ ထိုစဉ် လင်ချင်းဟယ်က ရုတ်တရက် လှည့်လာကာ သူ့ထံ ဖုန်းကို ကမ်းပေးလာသည်။


" ? "


ထောင်ရှီး ပြန်မတုံ့ပြန်နိုင်ဘဲ လင်ချင်းဟယ်ကိုသာ အငေးသားကြည့်လိုက်မိ၏။


လင်ချင်းဟယ်က သူ့ကိုငုံ့ကြည့်နေရင်း မျက်ခုံးလှလှများက တွန့်ချိုးသွားသည်။ သူ့လေသံက အနည်းငယ် စိတ်မရှည်ဟန်ဖြင့်...


" ငါ့ကို ပြိုင်ကစားစေချင်တာမင်းလေ၊ ငါ့ကို ဖုန်းလေးတောင် ကူမကိုင်ပေးချင်ဘူးလား..."


" သြော့..."


ထောင်ရှီးလည်း လက်ကိုဆန့်ထုတ်၍ လင်ချင်းဟယ်ထံမှ ဖုန်းကို လှမ်းယူလိုက်သည်။


သူ ကွင်းထဲမှ အမူအရာမဲ့စွာ ထွက်လာခဲ့၏။ သူ၏စိတ်အာရုံအားလုံးက သူ့လက်တွင်သာ သွားရောက်စုစည်းနေသည်။


သူ ယခုလေးတင် လင်ချင်းဟယ်၏ လက်ကို ထိခွင့်ရလိုက်သည်။ အပူချိန်က သူ့လက်ထက် နည်းနည်းပိုနွေးနေသည်။


ထောင်ရှီး ဘတ်စကတ်ဘောလုံးကွင်း၏ အစွန်ဆုံးသို့ လျှောက်သွားပြီး လူအနည်းငယ်သာပါဝင်သည့် ကစားပွဲလေးကို ကြည့်လိုက်သည်။ တန်းခွဲ(၂)မှ ကျောင်းသူလေးများကမူ တက်တက်ကြွကြွဖြင့် အခြားအတန်းများထက်ပင် ပိုမိုကျယ်လောင်စွာ ဆောင်ပုဒ်ကို သံပြိုင် ကြွေးကြော်နေကြသည်။


ဘက်လိုက်ခြင်းမဖြစ်ရအောင် တန်းခွဲ(၈)မှ ယောက်ျားလေးများကို ဒိုင်အဖြစ် ဖိတ်ခေါ်လိုက်သည်။ တန်းခွဲ(၂)၏ အမြင့်ခုန်ကစားသမားနေရာတွင် ရွှီကျီးချီဖြစ်ပြီး တန်းခွဲ(၁) ကမူ အရပ်အရှည်ဆုံး၊ အင်အားအကြီးဆုံးဖြစ်သည့် လင်ချင်းဟယ်ဖြစ်သည်။


ကစားပွဲစတင်ပြီးနောက်တွင် လင်ချင်းဟယ်က အခက်အခဲမရှိ အသာစီးရနိုင်လိုက်သည်။ လီရှောင်ယွမ်ဆီမှ ဘောလုံးကို အချင်းချင်းနားလည်မှုဖြင့် ယူလိုက်ပြီးသော် လျှပ်စီးအလျင်နှင့် ဂိုးသွင်းလိုက်ကာ ပထမဆုံး ရမှတ်နှစ်မှတ်ကို ရရှိသွားလေသည်။ တန်းခွဲ(၁)မှာ ရုတ်ခြည်း စိတ်တက်ကြွလာကြသည်။ ကျင်းကျင်းနှင့် မိန်းကလေးတစ်ချို့က သံကုန်ကြွေးကြော်လိုက်ကြစဉ် တန်းခွဲ(၂) မှ မိန်းကလေးများကလည်း သစ္စာဖောက်သွားကြပြီး လင်ချင်းဟယ်၏အမည်ကို တန်းခွဲ(၁) နှင့်အတူ အော်ဟစ်ကြတော့သည်။


လင်ချင်းဟယ်က ကျောင်းအသင်းကမှန်းသိနေသောကြောင့် သူ၏စွမ်းဆောင်ရည်ကို ထောင်ရှီး အံ့သြခြင်းမရှိချေ။ တန်းခွဲ(၂)မှ ဆန်ကုန်မြေလေးများကို သူနှင့် ကစားစေခြင်းက အပြင်းထန်ဆုံး ထိုးနှက်ချက်ကြီးပါပင်။


နောက်ထပ်မအံ့သြမိသည့်လူက ခြေလက်များ ဟန်ချက်မညီဘဲ ကိုးရိုးကားယားဖြစ်နေသော လူကောင်ကြီးကြီး၊ အရပ်ရှည်ရှည်နှင့် ပိချန်ဖေးပင် ဖြစ်၏။ သူ့ပုံစံက ဘတ်စကတ်ဘောကွင်းထဲတွင် ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်လုပ်နေသော မြည်းအကြီးတစ်ကောင်နှင့် တူနေသည်။ လူအများက သူ့ကိုကြည့်၍ ရယ်မောနေကြခြင်းမှအပ အခြားမှတ်ချက်မပြုကြချေ။


သို့သော် သူ့ကို အံ့အားသင့်သွားစေသည်က လီရှောင်ယွမ်ဖြစ်လေ၏။ ဤနုနုနယ်နယ်ကောင်လေးက ကွင်းထဲသို့ ရောက်သည်နှင့် လူစားလဲလိုက်သလို ဖြစ်သွားသည်။ သူ၏ မယုံကြည်နိုင်ဖွယ် အမြင့်ခုန်စွမ်းရည်က အရပ်နိမ့်နေခြင်းကို ကာမိသွားပြီး လင်ချင်းဟယ်နှင့် အချင်းချင်းနားလည်စွာ ပူးပေါင်းဆော့ကစားနေသည်။


တန်းခွဲ(၂)ကလည်း သိပ်ကျွမ်းကျွမ်းကျင်ကျင် မကစားတတ်သည့်အပြင် လင်ချင်းဟယ်နှင့် လီရှောင်ယွမ်ပါ အဖွဲ့ထဲပါနေ၍ တော်သေးသည်။ မဟုတ်လျှင် ပိချန်ဖေး မည်မျှ စိတ်သောကရောက်နေမလဲဟု ထောင်ရှီး ခန့်မှန်းကြည့်လို့တောင် ရသည်။


ထောင်ရှီး လင်ချင်းဟယ်ကို ငေးကြည့်ရင်း ကွင်းထဲကစားပွဲအခြေနေကို သုံးသပ်နေစဉ်တွင် ရုတ်တရက် သူ့ဘေးနားမှ အသံတစ်သံကို ကြားလိုက်ရလေသည်။


" အတန်းဖော်ထောင်ရှီး၊ မင်းလက်ထဲက ချင်းဟယ်ကောရဲ့ ဖုန်းမဟုတ်လား..."


______________