အပိုင်း ၇
Viewers 9k

The Moon Is Coming To Me


Chapter - 7


ထောင်ရှီး ရုတ်ခြည်း ခေါင်းလှည့်ကြည့်လိုက်ရာ လက်ထဲတွင် ဓာတ်ဆားရည်ဘူးကိုင်လျက် သူ့ဘေးနား လာရပ်နေသော ယန်သောလဲ့ကို တွေ့လိုက်ရသည်။ သူ ကစားပွဲကိုသာ အာရုံစိုက်ကြည့်နေသဖြင့် သတိမထားမိလိုက်ခြင်းပင်။


သူ့နှုတ်ခမ်းများ တင်းစေ့သွားပြီး လက်ထဲရှိ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ကာ မျက်လုံးထဲမှ ရန်လိုရိပ်များကိုလည်း ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။


သို့သော် ယန်သောလဲ့က သတိထားမိပုံမပေါ်ဘဲ မျက်တောင်များ ပုတ်ခတ်လျက် ပြောလာသည်။


" ငါကိုင်ထားပေးမယ်လေ၊ ကစားပွဲပြီးတဲ့အခါကျမှ သူ့ကို ပြန်ပေးလိုက်မယ်..."


ထောင်ရှီး၏ ပထမဆုံးတုံ့ပြန်မှုက အငြင်းစကားဆိုရန်ပင်။


သို့သော် သူအနေနှင့် ငြင်းစရာအကြောင်းလည်း မရှိပါချေ။ သူ အနည်းငယ် ကလေးဆန်သွားသလို ခံစားလိုက်ရသည်။ လင်ချင်းဟယ်က သူ့ကို ဖုန်းလေး ကူကိုင်ခိုင်းရုံသာဖြစ်သော်လည်း သူကမူ လူကြီးတစ်ယောက်ဆီက သကြားလုံးလေး ဆုရလိုက်သော ကလေးငယ်တစ်ယောက်ပမာ ပြုမူနေပြီး လက်လည်းမလွှတ်ချင်ဖြစ်နေသည်။


အဆုံးတွင်မူ သူ မကြည်မဖြူနှင့် ဖုန်းကို ယန်သောလဲ့ထံ လက်လွှဲပေးလိုက်သည်။


ယန်သောလဲ့လည်း လှမ်းယူလိုက်ပြီး ဖုန်းစခရင်ကိုနှိပ်လျက် နာရီတစ်ချက်ကြည့်လိုက်ကာ သူ့အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။ ထို့နောက် အကြိတ်အနယ်ပြိုင်နေကြသော ဘတ်စကတ်ဘောကစားပွဲလေးကို ကြည့်ရင်း ထောင်ရှီးနှင့် တရင်းတနှီး စကားစမြည်ပြောလာသည်။


" အိုင်း...ထောင်ရှီး၊ မင်း ဘတ်စကတ်ဘော ကစားတတ်လား..."


ထောင်ရှီး တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက်မှ ပြန်ဖြေလိုက်သည်။


" နည်းနည်းပါးပါး..."


ယန်သောလဲ့က ခေါင်းညိတ်ကာ သက်ပြင်းဖွဖွချရင်း နှာခေါင်းရှုံ့သည်။


" ငါမင်းကို အားကျတယ်၊ ငါလည်း ဘတ်စကတ်ဘောကစားချင်တယ်။ ဒါပေမယ့် ကျန်းမာရေးက မကောင်းဘူးလေ။ ငါ အလယ်တန်းကျောင်းတုန်းက ဘတ်စကတ်ဘော ကစားရင်း အဆုတ်ရောင်သွားလို့ ခွဲခန်းပါဝင်လိုက်ရတယ်။ အဲ့တုန်းက အရမ်းနာတာ..."


သူ့စကားဆုံးဆုံးချင်းပင် လင်ချင်းဟယ်က နောက်ထပ် ရမှတ်သုံးမှတ်ကို အနိုင်သွင်းနိုင်လိုက်သဖြင့် ပရိတ်သတ်များထံမှ အားပေးသံများ ထွက်လာသည်။


ယန်သောလဲ့လည်း အားပေးသံပြုလိုက်ရင်း ရွှင်မြူးစွာ ပြောလိုက်သည်။


" ချင်းဟယ်ကောက အရမ်းအံ့သြဖို့ကောင်းတာပဲ..."


ထောင်ရှီး အင်မတန် နားကြားပျင်းကတ်လာသည်။


ယန်သောလဲ့၏ စကားများကို နားထောင်နေရခြင်းက အန်တီကျိုး၏စကားကို နားထောင်ရခြင်းထက်တောင် ပိုစိတ်အခန့်မသင့်ဖြစ်ရသည်။


သိသာစွာပင် သူက စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခွန်းတစ်လေမှမပြောသော်လည်း ထောင်ရှီးမှာ အသက်ရှူမချောင်ရချေ။ သူ ကစားကွင်းထဲတွင် ဘောလုံးပုတ်နေသော လင်ချင်းဟယ်ထံသို့သာ အကြည့်လွှဲလိုက်သည်။ ဗလာဖြစ်သွားသည့် သူ့လက်ကလေးကိုမူ တင်းတင်းဆုပ်၍ ရင်တွင်းရှိ မကျေနပ်ချက်များကို မြိုသိပ်ထားလိုက်ရသည်။


ရွှီကျီးချီမှာလည်း အလွန်ဒေါသထွက်နေရသည်။ ပိချန်ဖေးက ဘောလုံးကစားရာတွင် လုံးဝမကျွမ်းကျင်သော်လည်း လူကို ဒေါသထွက်အောင်လုပ်သည့်နေရာတွင်မူ စံထားလောက်ပေ၏။ သူ ဒေါသတကြီး မျက်စိလှန်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။


အဆုံး၌ တန်းခွဲ(၂)၏ အားကစားအသင်းခေါင်းဆောင်မှာ ဘောလုံးကိုရသွားပြီး အနီးအနားတွင်ရှိနေသည့် ရွှီကျီးချီထံ အလျင်အမြန် ပစ်ပေးလိုက်သည်။ ရွှီကျီးချီ ထိတ်လန့်သွားသည်။ သူ ဘောလုံးကို ရသည်နှင့် တစ်ပြိုင်နက် ဂိုးတိုင်ခြင်းထဲသွင်းမည်ပြင်စဉ် လီရှောင်ယွမ်က လမ်းခုလတ်တွင် ပေါ်လာသည်။ ဤကြောက်လန့်ဖွယ် ကောင်လေး ဘောလုံးကို ထပ်လုသွားမည်စိုးသဖြင့် လက်ထဲရှိဘောလုံးကို သုံးမှတ်မျဉ်း*ကနေ ပြိုင်ဘက်အသင်း၏ဂိုးတိုင်ခြင်းဆီ အလောတကြီး လွှင့်ပစ်လိုက်သည်။


သို့သော် လမ်းကြောင်းက တိမ်းချော်သွားပြီး ဂိုးတိုင်ခြင်းဘေးတွင် ရပ်နေသည့် လူထံ တန်းတန်းမတ်မတ် လွင့်ထွက်သွားလေသည်။


ရွှီကျီးချီ ဘောလုံးကို ပစ်လိုက်ကတည်းက ဘောလုံးက သူ့ထံ လွင့်လာတော့မည်မှန်း ထောင်ရှီးသိခဲ့သည်။ သူ ချက်ချင်းနောက်ဆုတ်ကာ ယန်သောလဲ့ကို အကာအကွယ်ယူလိုက်၍ ရနိုင်သည်။


သို့သော် ယန်သောလဲ့ကို စိုးရိမ်စိတ်များဖြင့် ကြည့်လာသော လင်ချင်းဟယ်၏အကြည့်များကို သူမြင်လိုက်ရလေသည်။


မိန်းကလေးများထံမှာ အာမေဋိတ်သံများ ခပ်အုပ်အုပ်ထွက်လာသည်။


ဘတ်စကတ်ဘောက ထောင်ရှီး၏ခေါင်းကို မှန်သွားပြီး ယန်သောလဲ့ကမူ ကာပေးခြင်းခံလိုက်ရသည်။ ထောင်ရှီး မူလက ဘောလုံးကိုကာရန် ညာဘက်လက်ကို မြှောက်လိုက်သော်လည်း နဖူးတည့်တည့်ကို မှန်ဖြစ်အောင်မှန်သွားခဲ့သည်။


ဘောလုံး မှန်သွားသည့်နေရာကို သူလက်မြှောက်လျက် ဆံစများကိုသပ်ကာ ထိကြည့်လိုက်သည်။ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ခံစားရသော်လည်း သူ့မျက်နှာကမူ ပျက်ယွင်းသွားခြင်း အလျဉ်းမရှိခဲ့ချေ။


" ငါလူး၊ ရွှီကျီးချီ မင်းတမင်လုပ်တာမလား..."


ပိချန်ဖေးထံမှ ဆတ်ဆတ်ထိမခံသော အသံထွက်လာပြီး အသံကျယ်ကျယ်ဖြင့် မေးလာသည်။


" ရှောင်ရှီး၊ မင်းအဆင်ပြေရဲ့လား..."


ထောင်ရှီး လက်ပြန်ချလိုက်ပြီး မျက်လွှာပင့်ကာ လင်ချင်းဟယ်ကို ကြည့်လိုက်သည်။


လင်ချင်းဟယ်က မျက်ခုံးများတွန့်ချိုးပြီး သူ့ကို ကြည့်နေသည်။ သို့သော် ယန်သောလဲ့ကို ကြည့်စဉ်ကကဲ့သို့ စိုးရိမ်ရိပ်များ ရှိမနေခဲ့ဘဲ ယခင်ကထက်ပင် ပိုမို အေးစက်နေသည်။


ထောင်ရှီး ပိချန်ဖေးကို ခေါင်းယမ်းပြလိုက်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


" အဆင်ပြေပါတယ်..."


သူ ရုတ်တရက် မှိုင်တွေသွားပြီး အားငယ်သလို ခံစားလိုက်ရသည်။


ထိတ်လန့်သွားသည့် ယန်သောလဲ့မှာ စိတ်ပြန်ငြိမ်လာပြီး ရင်ဘတ်ကို အထိတ်ထိတ်အလန့်လန့်ဖြင့် ပုတ်နေသည်။ သူ ထောင်ရှီးကို တစ်ခုခုပြောလိုက်ချင်သော်လည်း ထောင်ရှီးက တစ်ဖက်လှည့်သွားကာ မြေကြီးပေါ်ကျသွားသည့် ဘတ်စကတ်ဘောလုံးကို သွားကောက်နေသည်။


ပိချန်ဖေးကမူ သေလုမတတ် ဒေါသထွက်နေသည်။ သူ ရွှီကျီးချီကို စူးစူးရဲရဲကြည့်ကာ ထောင်ရှီးအတွက် ကလဲ့စားချေပေးရန် တန်းခွဲ(၂) နှင့် ဆက်ကစားဖို့ပြင်သည်။ သို့သော် သူ့အဖွဲ့ထဲရှိ ယွမ်ဟောင်က ရှုံ့မဲ့နေသော မျက်နှာဖြင့် ရုတ်တရက် ပြောလာသည်။


" အသင်းခေါင်းဆောင်၊ ငါခုနက ပြေးရင်းနဲ့ ခိုက်မိသွားလို့၊ ငါ ဆက်မကစားနိုင်တော့ဘူးထင်တယ်..."


ပိချန်ဖေး လျှောက်သွားပြီး ယွမ်ဟောင်၏ခြေချင်းဝတ်ကို စစ်ဆေးကြည့်လိုက်သည်။ ဖူးရောင်နေခြင်းမျိုး မတွေ့ရသော်လည်း သူ ဤကဲ့သို့ ပြောလိုက်စမြဲ...


" ဒါဆိုလည်း မင်းကျောင်းဆေးခန်းကို သွားပြီး စစ်ကြည့်ခိုင်းလိုက်ဦး။ ငါ ဆက်ကစားဖို့ တခြားလူတစ်ယောက် ထပ်ရှာလိုက်မယ်..."


ယွမ်ဟောင်က တန်းနေအောင် ခပ်သုတ်သုတ် ထွက်ပြေးသွားသည်။


သို့ပေမယ့် တန်းခွဲ(၁)ရဲ့ လူစားထိုးက ဘယ်မှာလဲ...။ ပိချန်ဖေး မျက်လွှာပင့်ကြည့်လိုက်သည်။ ထိုအခါ မိန်းကလေးများကြားတွင် ကစားပွဲကို ကြည့်နေခဲ့ကြသော သူ့အတန်းမှ ယောက်ျားလေးတစ်ဖွဲ့မှာ ချက်ချင်းမျက်နှာလွှဲသွားကြပြီး ကောင်းကင်ကို ကြည့်လိုက်၊ သစ်ပင်ကိုကြည့်လိုက်ဖြင့် သူနှင့်အကြည့်ချင်းမဆုံအောင် ရှောင်နေကြသည်။


ယီး၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...။


ထောင်ရှီး ဘောလုံးကို ကောက်လိုက်ပြီး ပိချန်ဖေးရှေ့ လျှောက်သွားကာ မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။


" ငါ အစားထိုးလုပ်ပေးမယ်..."


ပိချန်ဖေး အံ့သြဘနန်းဖြစ်သွား၏။ သူ ထောင်ရှီး၏ပုခုံးကို လက်နှစ်ဖက်လုံးနှင့်ကိုင်လျက် မျက်နှာပေါ်တွင် ထိရှသွားသော အမူအရာမျိုးဖြင့်...


" ရှောင်ရှီး ၊ မင်းငါ့ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါမင်းကို ထိခိုက်အောင် မလုပ်ရက်ဘူးကွာ..."


"......."


ငိုးတဲ့မ...။ ထောင်ရှီး သူ့တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းများ ထောင်ထသွားသလို ခံစားလိုက်ရသည်။


လီရှောင်ယွမ်က နဖူးပေါ်မှ ချွေးစများကိုသုတ်လျက် အနည်းငယ်ပင့်သက်ရှိုက်ရင်း ပြောလာ၏။


" မဟုတ်လည်း ပွဲပြီးလိုက်ကြတာပေါ့။ အတန်းဖော်လင်ပါနေတော့ ငါ့အထင် ပြိုင်ဖက်အသင်းကလည်း သေချာပေါက် ဆက်မကစားချင်လောက်တော့ဘူးထင်တယ်..."


တန်းခွဲ(၂) မှ လူများက ဘေးချင်းယှဉ်ရပ်လျက် ဟောဟဲလိုက် အသက်ရှူနေကြသည်။ သူတို့ အမှန်တကယ်ကို ဆက်မကစားလိုတော့ပေ။ သူတို့မှာ ကိုယ်ကာယအတန်းချိန်လေးအတွင်း အပျော်သဘော လာကစားခြင်းသာဖြစ်သည်မို့ ယခုလို တန်းခွဲနှစ်ခုကြား စစ်မြင်ပြင်ပမာ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။ ထို့အပြင် အလွယ်တကူ သွားရှုပ်လို့မရသည့် လင်ချင်းဟယ်ကိုလည်း ကြည့်ရှောင်ရသေးသည်။


လုံးဝကို မတန်ပါချေ။


ထောင်ရှီး ပိချန်ဖေး၏လက်ကို ဖယ်လိုက်သည်။ ထို့နောက် ယန်သောလဲ့ဆီက ရေတစ်ငုံလောက်သောက်ဖို့ ဘတ်စဘောကွင်းအစွန်သို့ လျှောက်လာနေသော လင်ချင်းဟယ်ကို လှမ်းကြည့်လိုက်သည်။ လင်ချင်းဟယ်က နှုတ်ခမ်းများကွေးကာ ပြုံးသည်။


" ဘာလို့ မကစားတော့မှာလဲ...။ ငါတို့က ရှုံးမယ့်လူတွေမှ မဟုတ်တာ၊ ဟုတ်တယ်မလား..."


ပိချန်ဖေးကလည်း ထိုသို့သာတွေးမိသဖြင့် ခေါင်းညိတ်ကာ ဆိုလိုက်သည်။


" ဟုတ်တယ်။ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို ဂရုစိုက်ပေးပါ့မယ်..."


"......."


ငါ့ကိုသာ လာမနှောင့်ယှက်စမ်းပါနဲ့...။


ပထမပွဲကို မတော်တဆမှုကြောင့် ပယ်ဖျက်လိုက်သည်။ ထောင်ရှီး ဒူးတုပ်ထိုင်ချကာ သူ့အားကစားဖိနပ်ဟောင်းလေးကို တင်းနေအောင် ကြိုးချည်လိုက်သည်။ သူ ပြန်ထလိုက်ချိန်၌ ရေသောက်ပြီး၍ ကွင်းထဲပြန်လာနေသည့် လင်ချင်းဟယ်ကို တွေ့လိုက်ရသည်။


သူ လက်ကောက်ဝတ်ကို ပွတ်ရင်း လင်ချင်းဟယ်ကို ပြုံးပြလိုက်သည်။ လင်ချင်းဟယ်က သူ့ကို တစ်ချက်သာကြည့်လာကာ အကြည့်ပြန်လွှဲသွားသည်။


ဤတစ်ကြိမ်တွင် တန်းခွဲ(၂)၏ အားကစားအသင်းခေါင်းဆောင်ကလည်း အမြင့်ခုန်ကစားသမားနေရာကို လူစားလဲလိုက်သည်။ တန်းခွဲ(၁)၏ အမြင့်ခုန်ကစားသမားကမူ အံ့သြဖွယ်မရှိ လင်ချင်းဟယ်ပင်ဖြစ်ပြီး ဘောလုံးကို လက်ဝယ်ရရှိသွားပြန်လေသည်။


လီရှောင်ယွမ်က လင်ချင်းဟယ်ထံမှ ဘောလုံးကို အပြန်အလှန်နားလည်စွာ လှမ်းဖမ်းလိုက်ပြီး ဘောလုံးကိုကာရင်း ပြိုင်ဖက်အသင်း၏ဂိုးတိုင်ဆီ တစ်ဟုန်ထိုးပြေးသည်။ သို့သော် တန်းခွဲ(၂)၏ လူစားလဲလိုက်သည့် ကစားသမားက အလွန်သန်မာသည်။ တန်းခွဲ(၂)၏ ဂိုးတိုင်ခြင်းအောက်ကို ရောက်လုနီးပါးဖြစ်နေသည့် လင်ချင်းဟယ်ထံ သူဘောလုံးကို ပစ်ပေးလိုက်မည်ပြင်စဉ် ထိုလူက ဘောလုံးကို လျှပ်တစ်ပြက် လုယူသွားပြီး တန်းခွဲ(၂) အားကစားအသင်းခေါင်းဆောင်ဆီသို့ ပစ်ပေးလိုက်သည်။


တန်းခွဲ(၂) အားကစားအသင်းခေါင်းဆောင်ကလည်း ထိုအခွင့်ကောင်းကို လက်လွှတ်မခံပေ။ ဘောလုံးကိုရသည်နှင့်တစ်ပြိုင်နက် သူ့အဖွဲ့သားများ၏ကာပေးမှုအောက်တွင် ပြိုင်ဖက်အသင်း၏ သုံးစက္ကန့်ဇုန်* ထဲသို့ ဝင်ရောက်သွားသည်။ ခံစစ်ဆင်ရန် ကြိုးပမ်းနေသည့် ပိချန်ဖေးကို သူဂရုမစိုက်၊ လင်ချင်းဟယ်နှင့် လီရှောင်ယွမ်ကို ရှောင်နိုင်သရွေ့ သူ အမှတ်ရနိုင်လေပြီ။


သို့သော် သူ ဘောလုံးကို ပစ်ထည့်လိုက်လုဆဲဆဲချိန်တွင် သူ့လက်ထဲရှိဘောလုံးကို လူတစ်ယောက်က ရုတ်တရက်ဖြတ်လုသွားသည်။ လီရှောင်ယွမ်၏ကာပေးမှုအောက်တွင် ထိုလူက သုံးမှတ်မျဉ်း၏အပြင်သို့ ခြေလှမ်းအနည်းငယ်အကွာ ရောက်သွားသည်။


သူ လှည့်၍ကာမည်ပြုသော်လည်း ထိုလူက သုံးမှတ်မျဉ်းမှ တစ်မီတာခန့်အကွာကနေ လက်မြှောက်လျက် တုံ့ဆိုင်းခြင်းမရှိ ဘောလုံးကို ပစ်လိုက်လေသည်။


တန်းခွဲ(၂) အားကစားအသင်းခေါင်းဆောင်မှာ သူတို့အသင်းမှ ရွှီကျီးချီက လင်ချင်းဟယ်ထံမှ ပြန်ကန်ဘောကို လုနိုင်ဖို့ မျှော်လင့်မိခဲ့သည်။


သို့သော်လည်း ဘောလုံးက ခြင်းထဲကို ကွတ်တိဝင်သွားပြီး ပြန်ကန်ဘောကို လုလိုက်ချိန်တောင် မရှိလိုက်ပါချေ။


ပရိတ်သတ်များ ရုတ်ခြည်း ပွက်ပွက်ညံသွားသည်။


" ငါလူး...."


ပိချန်ဖေး စိတ်လှုပ်ရှားစွာ အော်ရင်း ထောင်ရှီးအား အံ့သြမှုအပြည့်ဖြင့် ကြည့်လိုက်ကာ လေးစားသွားသဖွယ် လက်မထောင်ပြသည်။


" ရှီးကောက အမိုက်စားပဲ..."


ထောင်ရှီးမှာ လအနည်းငယ်ကြာ ဘောလုံးမကိုင်ဖြစ်ခဲ့ပေ။ သူ အနည်းငယ် အံ့သြရသည်။


သူ မသိလိုက်ဘာသာဖြင့် ဘေးရှိ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်မိသည်။ အနည်းငယ် ဂုဏ်ယူမှုကြောင့် သူနှုတ်ခမ်းများက ယောင်ယောင်လေး ကွေးတက်နေမည်မှာ မလွဲဧကန်။ လင်ချင်းဟယ်ကလည်း သူ့ကို စောင်းငဲ့ကြည့်လာကာ ခပ်တိုးတိုးပြောသည်။


" ပစ်ချက်ကောင်းတယ်..."


ထောင်ရှီးမှာ တစ်ခဏချင်း မြှောက်တက်သွားတော့သည်။


ခံစားချက်ကောင်းနေသောကြောင့် ထောင်ရှီးမှာ ယခင်တောင် ပို၍ချောချောမွေ့မွေ့ ကစားနိုင်လာသည်။ လင်ချင်းဟယ်၏ ကာပေးမှုအောက်တွင် နောက်ထပ် အမှတ်သုံးမှတ် ရယူနိုင်လိုက်ပြီးနောက် ပရိတ်သတ်၏အားပေးသံများက သောင်းသောင်းညံသွားပြန်လေသည်။


ဤကျပန်းဖွဲ့စည်းထားသည့် လူငါးယောက်အသင်းလေးတွင် သာမန်စွမ်းရည်သာရှိသည့် ပိချန်ဖေးနှင့် ချောင်ရွှမ်ကဲ့သို့ အဖွဲ့သားများပါသော်လည်း ထောင်ရှီး၊ လင်ချင်းဟယ်နှင့် လီရှောင်ယွမ်တို့၏ ပူးပေါင်းမှုကြောင့် တန်းခွဲ(၂)မှာ အမှတ်များစွာ နောက်ကောက်ကျန်ရစ်ခဲ့လေသည်။


တန်းခွဲ(၁)မှ မိန်းကလေးများ၏ ကြွေးကြော်ဆောင်ပုဒ်မှာလည်း "တန်းခွဲ(၁)၊ တန်းခွဲ(၁)၊ ဧကန်မုချ အံ့မခန်း " မှ "တန်းခွဲ(၁)၊ တန်းခွဲ(၁)၊ အမှတ်နှစ်ဆ" ဟူ၍ ပြောင်းလဲလိုက်ကြသည်။


ဘတ်စကတ်ဘော ကစားပွဲလေးက အနိုင်အရှုံးသိသာစွာ ပြီးဆုံးသွားသည်။ တန်းခွဲ(၂)မှာ ခွက်ထိုးခွက်လန် ရှုံးသွားသောကြောင့် ဒေါသထွက်လို့မဆုံးတော့ပေ။ ကံကောင်းထောက်မစွာ ပွဲပြီး၍မကြာလိုက် အတန်းဆင်းခေါင်းလောင်းမြည်လာသဖြင့် ပွဲကြည့်နေကြသူများမှာ ကစားကွင်းမှထွက်ကာ ကန်တင်းသို့ သုတ်ခြေတင်ပြေးသွားကြသည်။


စာပေနှင့်အနုပညာအသင်းမှ ကျန်းရှင်းယွင်နှင့် အင်္ဂလိပ်စာအတန်းကိုယ်စားပြု ကျင်းကျင်းက စတိုးဆိုင်မှ ဝယ်လာသော ဓာတ်ဆားရည်နှစ်ဘူးကို လက်ထဲတွင် ကိုင်ထားကြသည်။ သူတို့က လင်ချင်းဟယ်ကို ရေဘူးများပေးရန် ကြံရွယ်ထားသော်လည်း ယန်သောလဲ့က လင်ချင်းဟယ်အား ရေဘူးကမ်းပေးလိုက်သည်ကို တွေ့လိုက်ရသောအခါ ထောင်ရှီးနှင့် ပိချန်ဖေးထံသို့သာ ပြေးသွားလိုက်ကြသည်။


ကျန်းရှင်းယွင်က ထောင်ရှီးကို ဦးဆုံး ရေဘူးကမ်းပေးလိုက်ပြီး အပြုံးလေးတစ်ပွင့်နှင့် ပြောလိုက်သည်။


" ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးနော်၊ နင်တို့နှစ်ယောက်လုံး အခုကစပြီး အရမ်းရုပ်ချောသွားပြီ..."


ထောင်ရှီး ရေဘူးကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းကို သူ စတိုးဆိုင်တွင် မြင်ဖူးသည်။ တစ်ဘူးကို ၁၂ယွမ်ကျပြီး ချင်းရွှေ အ.ထ.က(၁) ကျောင်းတက်စဉ်က သူ၏တစ်နေ့စာ ထမင်းဖိုးနှင့် ညီမျှ၏။ ထို့ကြောင့် သူ လက်ခံရန် တွန့်ဆုတ်နေမိသည်။ သူ ပြုံးကာ ကျန်းရှင်းယွင်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။


ယခုမှ ကစားပြီးခါစဖြစ်သောကြောင့် သူ၏ဖြူအုအုမျက်နှာက ချွေးထွက်နေဆဲဖြစ်ပြီး အနည်းငယ်မျှ နီမြန်းနေသည်။ သူ ရယ်လိုက်သည့်အခါ မျက်ဝန်းထောင့်နှင့် မျက်တောင်များက ချွေးစလေးများစိုစွတ်သွားသည်။


ကျန်းရှင်းယွင်မှာ မှင်သက်သွားပြီး မျက်လွှာချသွားကာ ရှက်ဝဲဝဲဖြင့် “ရပါတယ်”ဟု ပြောလိုက်သည်။


ကျင်းကျင်းက သူမလက်ထဲရှိ လက်ကျန်ရေဘူးကို တစ်ချက်ကြည့်ကာ နံဘေးတွင် ရပ်နေသည့် ပိချန်ဖေးထံ ပစ်ပေးလိုက်သည်။


ပိချန်ဖေးက ရေဘူးလေးကြောင့် မျက်နှာပန်းပွင့်နေသည်။ ဘတ်စကတ်ဘောကစားပြီးနောက် မိန်းကလေးတစ်ယောက်ထံမှ ရေဘူးရရှိခြင်းက သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်၏။ ထို့အပြင် ၎င်းက မြင့်မားသည့်တောင်ထွဋ်ပေါ်က ပန်းလေး ကျင်းကျင်းထံမှလည်း ဖြစ်သေးသည်။ သူ စာလုံးတစ်ရာ ဂုဏ်ပြုလွှာကို ရွတ်ရန် ပါးစပ်ဟလိုက်မည်ပြင်စဉ် ကျင်းကျင်းက မျက်စိလှန်ကာ ပြောလာသည်။


"အဲ့တာ လင်ချင်းဟယ်အတွက် ဝယ်ခဲ့တာ။ အခုမလိုတော့လို့ recycle လုပ်ရအောင် နင့်ကို ပေးလိုက်တာ..."


စွန့်ပစ်ပစ္စည်း ပြန်လည်ပြုရေးဌာနကြီးကတော့ ဝမ်းနည်းပက်လက်ဖြစ်သွားရှာသည်။ "နင်က နတ်ဘုရားလင်အတွက် ရေဘူးတွေ အမြဲတမ်း ဝယ်ဝယ်လာပြီး သွားပေးရဲတာလဲ မဟုတ်ဘူး။ ဘာလို့ အပင်ပန်းခံနေတာလဲ...။ ငါ့ကို ပေးလိုက်တာမှ ပိုကောင်းဦးမယ်..."


လင်ချင်းဟယ်ကို ရေဘူးပေးလိုသည့် မိန်းကလေးများစွာရှိသော်လည်း တစ်ယောက်မှ မပေးနိုင်ခဲ့ကြချေ။ ယန်သောလဲ့က သူ့ဘေးတွင် အမြဲရှိနေတတ်သည်ကတစ်ကြောင်း သူတို့ကိုယ်တိုင်ကလည်း သွားမပေးရဲသည်ကတစ်ကြောင်းပါသည်။


ကျင်းကျင်းက ပိချန်ဖေးကို ကြောက်မက်ဖွယ် ကြည့်လိုက်ပြီး မသွားချင်သွားချင်လုပ်နေသည့် ကျန်းရှင်းယွင်ကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။


ပိချန်ဖေး ဘာသာသက်ပြင်းချမိသည်။ " ကြွေနေတဲ့ပန်းလေးတွေက အချစ်ကိုတောင့်တနေကြပေမယ့် အသည်းမာတဲ့ ချောင်းငယ်ကတော့ ဂယက်ထနေတုန်းပဲ*။ ငါ ရေလာမြောင်းပေးလုပ်တာ အဲ့လောက်တောင်ဆိုးနေတာလား...။ ကြာလာရင် ပင်လယ်လောက်ကြီးပါ ဖြစ်တော့မယ်..."


[ * တရုတ်ဗန်းစကားတစ်ခုပါတဲ့။ ကိုယ်က လိုလိုလားလားရှိပေမဲ့ တစ်ဖက်ကတော့ မတုန်မလှုပ် နေနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အထူးသဖြင့် တဖက်သတ်အချစ်ကို ရည်ညွှန်းတဲ့အခါမှာ သုံးပါတယ်။ ပိချန်ဖေးက ကျင်းကျင်းကို ကြိုက်နေတာ ဖြစ်မယ် ^^ ]


ထို့နောက် သူ ထောင်ရှီး၏ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။


" ရှီးကော၊ ငါ ကာယဆရာကို ပစ္စည်းတွေကူရှင်းပေးဖို့ သွားလိုက်ဦးမယ်။ ထမင်းစားဖို့ ငါ့ကို စောင့်နေစရာမလိုဘူး..."


ထောင်ရှီး ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


သူ ကစားပွဲတွင် ဝင်ပါလိုက်တာ မှန်သွားသည်ဟု တွေးမိသည်။ အနည်းဆုံးတော့ ပိချန်ဖေးက ထိုကြက်သီးထဖွယ် သူ့နာမည်ကို ပြောင်းခေါ်လိုက်လေပြီ။


သူ ကန်တင်းသို့ ရေတစ်ဘူးနှင့် ထွက်လာခဲ့စဉ် သူမမြင်ချင်ဆုံး လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက သိပ်မဝေးသော သစ်ပင်တစ်ပင်အောက်တွင် ရပ်နေသည်။


ထိုလူက ယန်သောလဲ့ဖြစ်ပြီး သူ့နာမည်ကိုခေါ်ကာ အကြိမ်ကြိမ် လက်ဝေ့ယမ်းပြနေသည်။


" ထောင်ရှီး၊ ငါ့ကို ခုနက ဘောလုံးကာပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ငါ့ကိုမှန်သွားမှာ..."


ယန်သောလဲ့မှာ ထောင်ရှီးကို ကျေးဇူးတင်စကားပြောရန် အချိန်မရှိလိုက်သောကြောင့် ကစားပွဲပြီးသည့်အချိန်အထိ စောင့်နေခြင်းဖြစ်သည်။


ထောင်ရှီး ယန်သောလဲ့၏မျက်နှာကို အမူအရာမဲ့စွာ ကြည့်လိုက်သည်။ ထိုမျက်လုံးများက ကောဖျင်ထံမှ အမွေရထားခြင်းဖြစ်ပြီး ဆံပင်ကောက်ကောက်များကမူ ထောင်ကျန်းထံမှ အမွေရထားခြင်းဖြစ်သည်။


သူက သိသာစွာ ထောင်လဲ့နှင့်လွန်စွာရုပ်ချင်းဆင်သော်လည်း သူ ထိုမျက်နှာကို အလွန်အမင်း စက်ဆုပ်လှသည်။


သူ နှုတ်ခမ်းစွန်းများ တွန့်ကာပြုံးလိုက်သည်။ သို့တိုင် ထိုအပြုံးက မျက်ဝန်းထိ မရောက်လိုက်ပါချေ။


" ကိစ္စမရှိပါဘူး..."


ကိစ္စမရှိပါ၊ လင်ချင်းဟယ် သူ့ကို တစ်ချက်ကလေးငဲ့ကြည့်လာအောင် သူတမင်လုပ်ခဲ့ခြင်းသာဖြစ်ပါ၏။ မည်သို့ဆိုစေ ဤငြီးငွေ့ဖွယ် အပြုအမူက ယန်သောလဲ့အရှေ့တွင်မူ ဆန့်ကျက်ဘက်ဖြစ်သွားခဲ့သည်။


ယန်သောလဲ့က အနီးတွင်လာရပ်ကာ စိုးရိမ်ပူပန်စွာ မေးလာသည်။


" ဒါဆို မင်းနာနေသေးလား...၊ ဘောလုံးက အတော်ပြင်းပြင်း ဆောင့်မိသွားပုံရတယ်ရော်..."


ထောင်ရှီး၏နဖူးတွင် အမှန်တကယ်ကို အနာလေးဖြစ်နေသည်။ အနာလေးကို ဆံပင်နှင့် ကွယ်နေသောကြောင့်သာ မမြင်ရခြင်းဖြစ်၏။ သူ ၎င်းကို မေ့လုနီးပါးဖြစ်သည့်နေတိုင် ယန်သောလဲ့ကြောင့် ပြန်အမှတ်ရသွားသည်။ သို့ပေသည့် သူယခင်က ရရှိခဲ့ဖူးသော အနာတရများနှင့် ယှဉ်လျှင် ဤတစ်ကြိမ်က ပိုနာသည်။


သူ အမူအရာမဲ့စွာ နောက်ကိုခြေလှမ်းတစ်ဝက်ဆုတ်လိုက်သည်။ သူ ယန်သောလဲ့ကို "မနာဘူး" ဟု ပြောလိုက်မည်ပြုစဉ် သူတို့ရှိရာဘက်သို့ လျှောက်လာနေသော လင်ချင်းဟယ်ကို တွေ့လိုက်ရလေ၏။


ဤသို့ဖြင့် သူ လက်ကိုဆန့်ထုတ်ကာ နဖူးပေါ်က ဆံစများကိုသပ်၍ အနာလေးကို လက်ချောင်းဖြင့် စမ်းကြည့်လိုက်သည်။


" နည်းနည်းတော့ နာနေတယ်ထင်တယ်၊ ဒါပေမယ့် သိပ်တော့ ကိစ္စမရှိပါဘူး..."


ထောင်ရှီး၏နဖူးပေါ်တွင် နီရဲကာ ရောင်ရမ်းနေသော အနာလေးရှိနေသည်။ ထိလွယ်ရှလွယ်သော အသားအရေနှင့် ချွေးစေးများကြောင့်ဖြစ်မည် သိသိသာသာကို ဖူးရောင်နေ၏။ ယန်သောလဲ့မှာ ပင့်သက်တစ်ချက်ရှိုက်မိပြီး စိုးရိမ်စွာပြောလာသည်။


" မင်း အနာဖြစ်သွားတာ အရမ်းရောင်နေပြီ၊ ဘယ်လိုလုပ် ကိစ္စမရှိရမှာလဲ...။ မင်းကို ဆေးထည့်ပေးရအောင် ငါကျောင်းဆေးခန်းကို လိုက်ခဲ့ပေးမယ်..."


ထိုအချိန်တွင် လင်ချင်းဟယ်က ယန်သောလဲ့ထံ လျှောက်လာကာ ထောင်ရှီး၏နဖူးပေါ်ရှိ အနာကိုကြည့်လိုက်သည်။ သူ့ မျက်ဝန်းများတွင်မူ မည်သည့်ခံစားချက်မှ ရှိမနေပါချေ။


ထောင်ရှီး ဆံစများကို ပြန်ချလိုက်ပြီး အားနာယောင်ဆောင်ကာ ပြုံးပြလိုက်သည်။


" ငါ ကိုယ့်ဟာကိုယ်ပဲ သွားလိုက်ပါ့မယ်။ မင်းတို့ ကန်တင်းသွားပြီး နေ့လယ်စာသွားလို့ရတယ်။ နောက်ကျနေရင် ကောင်းတဲ့အစားအသောက်တွေ ရှိမှာမဟုတ်တော့ဘူး..."


ယန်သောလဲ့က မေးလာပြန်သည်။


" မင်းက ခုမှ ငါ့တို့ကျောင်းကို စရောက်တာ၊ ကျောင်းဆေးခန်းက ဘယ်မှာရှိလဲသိလို့လား..."


ထောင်ရှီးက ခေါင်းခါကာ ပြောလိုက်သည်။


" မသိဘူး ဒါပေမယ့် ငါမေးပြီးသွားလိုက်လို့ရပါတယ်..."


ယန်သောလဲ့က ဘေးရှိ လင်ချင်းဟယ်ကို ပြောလိုက်သည်။


" ချင်းဟယ်ကော၊ မင်း အရင်နေ့လယ်စာသွားစားလိုက်၊ ငါ ထောင်ရှီးကို ကျောင်းဆေးခန်း လိုက်ပို့ပေးလိုက်ဦးမယ်..."


ထောင်ရှီး လင်ချင်းဟယ်ကို ကြည့်လိုက်ကာ နှုတ်ခမ်းစွန်းလေးများကို ကွေးညွှတ်အောင် ပြုံးရင်း လန်းဆန်းတက်ကြွသော အသံဖြင့် ပြောလိုက်သည်။


" ထိုင်ခုံဖော်၊ ငါ့ကို ကျောင်းဆေးခန်း လိုက်ပို့ပေးပါလား..."


ယန်သောလဲ့ ကြက်သေသေသွားသည်။


ထောင်ရှီးမှာ လင်ချင်းဟယ်ကို ကြည့်ရင်း မျက်နှာက ပြုံးနေသော်ငြား လက်သည်းများကမူ လက်ဖဝါးကို တင်းတင်း ဖိဆိတ်ထားမိလျက်သား။


သုံးစက္ကန့်ကပင် အချိန်အကြာကြီးကြာသွားသကဲ့သို့ ထင်မှတ်မှားရ၏။ လင်ချင်းဟယ်က သူ့ကို ကြည့်လျက် ပြောလာသည်။


" ကောင်းပြီ..."


______________


1- သုံးမှတ်မျဉ်း

Three Point Line


ပန်းရောင် Line ပြထားတဲ့မျဉ်းလေးပါ။ အဲ့ဒီမျဉ်းရဲ့အတွင်းကနေ ဘောလုံးကို ခြင်းထဲဝင်အောင်ပစ်နိုင်ရင် အမှတ်နှစ်မှတ်ရပါတယ်၊ အပြင်ကနေ ပစ်နိုင်ရင်တော့ အမှတ်သုံးမှတ်ရပါတယ်။ အဲ့ဒါကြောင့် သုံးမှတ်မျဉ်းလို့ခေါ်တာပါတဲ့။


2- သုံးစက္ကန့်ဇုန်


ပန်းရောင်ခြယ်ထားတဲ့ အကွက်မှာ အချိန်သုံးစက္ကန့်ထက်ပိုနေလို့ မရပါဘူး။ ဂိုးတိုင်ခြင်းနဲ့အရမ်းနီးနေလို့ပါတဲ့။