အပိုင်း ၈
Viewers 9k

The Moon Is Coming To Me 

Chapter- 8


ယင်းက ထောင်ရှီး၏တောင်းဆိုမှုကို လင်ချင်းဟယ် သဘောတူပေးခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ "မထင်ဘူး " ၊ " မရဘူး " ဟု ပြောမလာသည့် ပထမဆုံးအကြိမ်လည်း ဖြစ်လေသည်။


သူ အကြားအာရုံများ ထင်ယောင်ထင်မှားဖြစ်သွားသလားဟုတောင် ထင်မှတ်သွားသည်။ ၎င်းက ယန်သောလဲ့အတွက် သာမန်တောင်းဆိုမှုလေးသာ ဖြစ်လောက်မည်ဆိုသော်လည်း သူကမူ ကလေးတစ်ယောက်ပမာ ပြုမူနေသည်။


သို့တိုင် သူ မပျော်ဘဲ မနေနိုင်ပါချေ။


သူ နှုတ်ခမ်းမှ အပြုံးများကို ကြိုးစား၍ဖုံးဖိလိုက်သော်လည်း တက်ကြွနေသော ခြေလှမ်းများကိုမူ ဖုံးဖိနိုင်ခြင်းငှာ မစွမ်းသာခဲ့ချေ။


သူ လင်ချင်းဟယ်ကို ယန်သောလဲ့ထံမှ လုယူနိုင်ခဲ့သလို ခံစားလိုက်ရသည်။ ၎င်းက ခဏတာလေးသာဖြစ်သည့်တိုင် သူ့အတွက် အချိန်အကြာကြီး ပျော်နေနိုင်ရန် လုံလောက်ပါ၏။


သူ တတိယတန်းတက်စဉ်က မိုးသည်းထန်စွာ ရွာနေခဲ့သည့်နေ့ကလိုပင်။ ထိုစဉ်က ကျောင်းဆင်းလျှင် သူ့ကိုအိမ်ပြန်လိုက်ပို့ရန် ကျောင်းပေါက်ဝတွင် ထီးကိုင်လျက်စောင့်နေသည့် ကောဖျင်ကို မြင်လိုက်ရသည့်အခါ သူ အလွန်ပျော်ခဲ့ရသည်။


သို့တိုင် လင်ချင်းဟယ် ကျောင်းဆေးခန်းကို သွားနေသည့်လမ်းက အနီးဆုံးလမ်း မဟုတ်နေကြောင်း သူ သတိထားမိသွားသည်။


ကျောင်းပထမဆုံးတက်သည့်ရက်ကတည်းက သူ၏ကောင်းလွန်းသောမှတ်ဉာဏ်ကြောင့် ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏မြေပုံကို သူ ပြတ်ပြတ်သားသားမှတ်မိနေခဲ့သည်။ ကျောင်းဆေးခန်းက ကျောင်း၏အနောက်တောင်ထောင့်တွင် တည်ရှိသည်။ ကျောင်းအားကစားကွင်းမှ အနီးဆုံးလမ်းက “ပိုင်ဟွေးဥယျာဉ်”ကို ဖြတ်သွားခြင်းပင်။ လင်ချင်းဟယ် ခေါ်သွားသည့်လမ်းကမူ တစ်ကွေ့တစ်ပတ်ကြီး ဖြစ်နေသည်။


ဒီလူက လမ်းတွေလျှောက်သွားတတ်တဲ့အရူးလား...။


ထောင်ရှီး ခေါင်းလွှဲကာ လင်ချင်းဟယ်ကို ကြည့်လိုက်ပြီး မနေနိုင်စွာ ပြောလိုက်သည်။


" ဒီကနေ ပတ်ပြီးသွားရအောင်လေ..."


သို့သော် စကားထွက်သွားပြီးပြီးချင်း သူ့ကိုယ်သူ လျှာကိုက်ပြီးသတ်သေပစ်ချင်သည်အထိ နောင်တရသွားသည်။


ချီး၊ ပျော်နေတာလေးတောင် ဝမ်းနည်းရတော့မယ်။


သူ ယန်သောလဲ့ကို ကျောင်းဆေးခန်း ဘယ်မှာရှိလဲမသိဟု ပြောခဲ့သည်။


လင်ချင်းဟယ်က ခေါင်းစောင်းကာ သူ့ကိုလှည့်ကြည့်လာသည်။ မျက်ဝန်းများကမူ သူ့ကို ကိုယ်တိုင်ဝန်ခံစေလိုဟန်ဖြင့် သိသိကြီးနှင့်တမင်မေးလာသည်။


" မင်း အဲ့ဒီကိုရောက်မယ့် အနီးဆုံးလမ်းကိုသိပြီးသားမဟုတ်လား..."


ထောင်ရှီးမှာ အံ့သြသွားရပြီး အနည်းငယ် ကသိကအောက်ဖြစ်သွားသည်။ သူ ရုတ်တရက် ဒေါသထွက်သွားမှုကို မထိန်းနိုင်လိုက်ဘဲ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။


" မင်း တမင်လုပ်နေတာမလား..."


စကားဆုံးမှ သူ့ လေသံက ဟုတ်မနေကြောင်း တွေးမိသွားပြန်သည်။။ သူ လေသံကိုတမင်ပြန်ပြောင်းလိုက်ပြီး စိတ်ထိခိုက်သွားသလို အသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။


" တမင်ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းကြိုက်ရင် ပြီးတာပါပဲ..."


" မဟုတ်ဘူး..."


လင်ချင်းဟယ်မှာ အနည်းငယ်ဆွံအသွားပုံပေါ်ပြီး ဆက်ပြောလာသည်။


" ငါ ပိုင်ဟွေးဥယျာဉ်ကို မကြိုက်ဘူး..."


ထောင်ရှီး အံ့အားသင့်သွားရကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။


" ဘာလို့လဲ...။ အဲ့မှာ ပန်းတွေအများကြီးမရှိလို့လား..."


“ပိုင်ဟွေးဥယျာဉ်”ဟူသည့် နာမည်အတိုင်း ဥယျာဉ်ထဲတွင် ပန်းမျိုးစုံ၊ အပင်မျိုးစုံကို သေချာဂရုတစိုက် စိုက်ပျိုးထားသည်။ တစ်နှစ်ပတ်လုံးလည်း သင်းရနံ့များ မွှေးပျံ့နေတတ်လေ့ရှိ၏။ ထောင်ရှီး ဝမ်းဟွာ အ.ထ.က(၁)ကျောင်းသို့ ရောက်သည့်နေ့က သူ့နှင့်ဖုန်းယွမ်ကို ကျိုးချန်က ကျောင်းတစ်ပတ်လိုက်ပြခဲ့သည်။ ထိုအချိန်က သူ ပိုင်ဟွေးဥယျာဉ်ထဲတွင် ပန်းရောင်နှင်းဆီပန်းများစွာကို မြင်လိုက်ရသဖြင့် နောင်အခါဝယ် အချိန်များရှိပါက ပုံကြမ်းလာဆွဲမည်ဟုပင် တွေးခဲ့ဖူးသည်။


[ ပိုင်ဟွေးဥယျဉ် - ပန်းမျိုးတစ်ရာဥယျာဉ် ]


လင်ချင်းဟယ်က အနေရခက်သလို မျက်မှောင်ကြုတ်သွားသည်။


ထောင်ရှီးမှာ ရင်အခုန်မြန်လာသည်။


" မင်း ပန်းမကြိုက်လို့လား..."


လင်ချင်းဟယ်က အင်းခနဲ ညည်းသံသာပြုလာသည်။ မကြိုက်ခြင်းတင်မဟုတ်ဘဲ နှစ်ပါမနှစ်မြို့ခြင်း ဖြစ်မည်။


" သြော်၊ အဲ့လိုဖြစ်နေတာကိုး..."


ထောင်ရှီးက ခေါင်းညိတ်ပြလိုက်၏။


ပွဲတော့သိမ်းပြီ ဟူ၍ သူအတွေးဝင်လာသည်။ သူ လင်ချင်းဟယ်ကို ရေးခဲ့သည့်စာစောင်တိုင်းတွင် မက်မွန်ပွင့်များ ဆွဲပေးခဲ့သည်။ သူ ချင်းရွှေမြစ်ကြီးပေါ်တွင် မက်မွန်ပွင့်များ မျောပါနေသည့်ပုံကိုတောင် ရေဆေးပန်းချီဖြင့် ရေးဆွဲပြီး ဇီဝနဉာဏ်ရွှင်စွာ “လင်ဟွားမန်ရှီး” ဟုပင် ခေါင်းစဉ်အမည်တပ်လျက် ပေးပို့ခဲ့ဖူးသည်။


[ လင်ဟွားမန်ရှီး - ပန်းမျိုးစုံနဲ့ ပြည့်နှက်နေသော တောအုပ်လေး။ လင်ချင်းဟယ်ရဲ့ လင် (林) နဲ့အဓိပ္ပာယ်ချင်းတူပြီး တောအုပ်လို့ အဓိပ္ပာယ်ရပါတယ်]


မိုးကြိုးစက်ကွင်းတည့်တည့်ကို ခြေနင်းမိတာပဲ...


ကံကောင်းထောက်မစွာ သူ စာထဲတွင် ပလီပလာလုပ်တတ်သည့် မိန်းကလေးတစ်ယောက်လို ဟန်ဆောင်ထား၍သာ တော်သေးသည်။


ဆေးခန်းကိုရောက်သော် အသက်လေးဆယ်အရွယ် ကျောင်းဆရာဝန်မက လင်ချင်းဟယ်ကို သိနေပုံရကာ သူ့ကို ခေါင်းညိတ်ပြုံးပြသည်။ ထို့နောက် ထောင်ရှီးကို အကြည့်ပို့ကာ စပ်စပ်စုစု မေးလာ၏။


" မင်းက သူ့ရဲ့အတန်းဖော်လား၊ ငါ မင်းကို တစ်ခါမှမတွေ့ဖူးဘူး..."


ထောင်ရှီးက ထိုင်ခုံပေါ်ထိုင်ရင်း ဆံစများကို လက်ဖြင့်သပ်လိုက်သည်။ ကျောင်းဆရာဝန်ထံမှ သတိထားခံရခြင်းက ကောင်းသောကိစ္စလားဟုပင် တွေးလိုက်မိသည်။ သို့တိုင် သူက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်ပါ၏။


" ကျွန်တော်က ခုမှပြောင်းလာတာ၊ သူ့ရဲ့ ထိုင်ခုံဖော်..."


"ထိုင်ခုံဖော်" ဟူသော စကားလုံးလေးက အလွန်ကျက်သရေရှိသော ဂုဏ်ပုဒ်လေးဖြစ်နေသည့်အလား သူ ဝမ်းမြောက်ဝမ်းသာစွာ သုံးနှုန်းလိုက်မိသည်။


ကျောင်းဆရာဝန်က ဆက်မမေးလာသည်မှာ နှမြောစရာကောင်း၏။ ဆရာမက ထောင်ရှီး၏အနာကို သန့်ရှင်းပေးရန်ဂွမ်းစ နှင့် ဆေးကို ထုတ်ယူနေရင်း လင်ချင်းဟယ်ကို စကားလှမ်းပြောသည်။


" ဆံပင်ကောက်လေးက ခုတစ်လောအဖျားအနာမရှိဘူး မဟုတ်လား..."


ထိုမေးခွန်းက ယန်သောလဲ့ကို ရည်ညွှန်းကြောင်းထင်ရှား၏။ လင်ချင်းဟယ်က သူ့ကို ကျောင်းဆေးခန်းဆီ မကြာခဏ လိုက်ပို့ပေးရလေ့ရှိသည်နှင့် တူ၏။


ထောင်ရှီး၏ အခုန်မြန်နေသည့် အသည်းနှလုံးလေးက ရုတ်ခြည်း အောက်ဆုံး ထိုးကျသွားပြီး နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်သည်။


လင်ချင်းဟယ်က ဘေးတွင်လာရပ်လျက် ဆိုသည်။


" သူ လွန်ခဲ့တဲ့ရက်တွေတုန်းက ဖျားသေးတယ်၊ ဒါပေမဲ့ ဒီနေ့တော့ သူ ကျောင်းကိုလာတယ်..."


" ဟူး၊ အဲ့ကလေးက တကယ်အားနည်းတာပဲ။ သူ့ကို ပြောလိုက်ဦး၊ မကြာခင် ဆောင်းရောက်တော့မယ် ဒါကြောင့် လေအေးပေးစက်ကို လျှော့သုံးလို့၊ ပြီးတော့..."


ကျောင်းဆရာဝန်က တစ်ခုခုဆက်ပြောမည်ပြုစဉ် သူမ ကုသပေးနေသော ကလေးဆီမှ တမင်အမူပိုပြီး အော်သံကို ကြားလိုက်ရသည်။


" ဆရာမ၊ ဖြည်းဖြည်းလုပ်ပါ၊ ကျွန်တော်နာနေပြီ..."


သူမ ဆွံ့အသွားသည်။ ဤကဲ့သို့ အသေးအဖွဲဒဏ်ရာလေးများကို သူမ အကြိမ်ပေါင်းများစွာ ကုပေးခဲ့ဖူးသော်လည်း ဘယ်ယောက်ျားလေးမှ ထိုသို့ မအော်ကြချေ။ ထို့အပြင် သူမ၏လက်များက အလွန်တရာ ညင်သာတတ်လေ့ရှိ၏။ ထို့ကြောင့် သူမ ပြောလိုက်သည်။


" နည်းနည်းတော့ သည်းခံဦးမှပေါ့ ဒါမှ အဆင်ပြေသွားမှာ။ ကောင်လေးတွေဆိုတာ အဖြစ်မသည်းရဘူး။ မင်းရဲ့အတန်းဖော် ဆံပင်ကောက်လေးဆို ခန္ဓာကိုယ်သာအားနည်းတာ သူက သိပ်သန်မာတာ..."


"......"


ချီးထုပ်ပဲ၊ ထောင်ရှီး အလွန်စိတ်ဆိုးသွားသည်။


သူ လင်ချင်းဟယ်ကို ကြည့်လိုက်သော် ထိုသူက မျက်နှာပေါ်တွင် ဘာအမူအရာမှ မပြသော်လည်း ဘာကြောင့်ရယ်မသိ ထိုလူက သူ့ကို ရယ်နေသည်ဟု ခံစားရသည်။


ကျောင်းဆေးခန်းမှထွက်လာသည့်အခါ သူ လင်ချင်းဟယ်သွားရာ တစ်ကွေ့တစ်ပတ်လမ်းကြီးအတိုင်း လိုက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီးနောက် သူ ရုတ်တရက် ထပြောလိုက်သည်။


" ငါ ငယ်ငယ်တုန်းက တောင်ပေါ်မှာ ကစားလေ့ရှိခဲ့တယ်။ တောင်ပေါ်မှာ မြွေတွေရော၊ အင်းဆက်တွေရော အများကြီးပဲ၊ ဒါတွေကို မင်းသိလောက်မှာမဟုတ်ဘူး။ သေးပြီးပိန်တဲ့မြွေတွေဆို အဆိပ်မရှိဘူး၊ ဒါပေမယ့် ရှည်ရင်တော့ ကြောက်ဖို့ကောင်းတယ်။ မင်း နွေရာသီမှာ တောင်ပေါ်သွားရင် မြေကိုက်ခံရဖို့ အလွယ်လေးပဲ..."


လင်ချင်းဟယ်က တုံ့ပြန်မှုပြုမလာ၊ ဤအကြောင်းအရာကို စိတ်ဝင်စားခြင်းအလျဉ်းမရှိကြောင်းထင်ရှား၏။


ထောင်ရှီးကမူ ဇွဲမလျော့ဘဲ လက်ဟန်အမူအရာများ ဆက်လုပ်ပြနေသည်။


" ငါ မူလတန်းကျောင်းပဉ္စမနှစ်တုန်းက တောင်ပေါ်သွားပြီး ပရံန္နဝါပင်တွေ ရိတ်ခဲ့ရတယ်။ အဲ့တုန်းက အဲ့မြွေအကိုက်ခံရတာလေ။ ငါ အနာကို ရိုးရိုးပဲ သန့်ရှင်းရေးလုပ်ပြီး ခပ်တည်တည်နဲ့ ပရံန္နဝါပင်တွေ ဆက်ရိတ်ခဲ့တယ်။ နောက်မှ ရွာထဲက တရုတ်တိုင်းရင်းဆရာဝန်ဆီသွားပြီး ဆေးမြစ်တွေ သွားတောင်းခဲ့တာ..."


ပြောပြီးသည့်အခါမှ ပရံန္နဝါပင်ဆိုသည်ကို လင်ချင်းဟယ် နားမလည်မည်စိုးရိမ်သဖြင့် သူ ပြန်ရှင်းပြလိုက်သည်။


" ပရံန္နဝါပင်က ဝက်တွေစားတဲ့မြက်ကိုခေါ်တာ။ ငါတို့ဆီက ဝက်တွေက တိရစ္ဆာန်အစာတွေ မစားဘူး..."


[ ပရံန္နဝါပင် = Hogweed ]


သူ ကျေးလက်ဒေသတွင် နေခဲ့ရခြင်းအပေါ် ရှက်ရွံစိတ်မဖြစ်မိပေ။ ကိစ္စတစ်ခုကို ရှင်းလင်းအောင် မလုပ်လိုက်နိုင်မည်ကိုသာ စိတ်ပူသည်။


" အဲ့ဒီတော့..." လင်ချင်းဟယ်၏ အသံက အေးစက်နေသည်။


ထောင်ရှီးက အသက်အောင့်ကာ စိုးရိမ်ပူပန်စွာပြောလိုက်သည်။


" အဲ့ဒါကြောင့် ငါက အနာတရဖြစ်မှာကို ကြောက်တတ်တဲ့သူ မဟုတ်ဘူး၊ အဖြစ်သည်းတတ်တဲ့သူလည်း မဟုတ်ဘူး..."


သူ့ကို ဆင်းရဲသည်ဟု ပြောခြင်းထက် အဖြစ်သည်းသည်ဟု ပြောခြင်းကို ပိုခံရခက်သည်။ ဒါက ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မှုကြီးပဲ...


သွေးဆူလွယ်တတ်သည့် သူ့အကျင့်ကို ဂရုတစိုက် ချိုးနှိမ်ပြီး ကိုယ်ပေါ်က ဆူးချွန်များကိုလည်း ဖယ်ရှားကာ သူက အလွန်တော်ပြီး ဉာဏ်ပညာနှင့်ပြည့်စုံသည်ဟု လင်ချင်းဟယ် တွေးအောင် လုပ်ယူလိုခဲ့သည်။ ယခုအခါ ကျောင်းဆရာဝန်က သူ့ကို ယန်သောလဲ့ထက် အဖြစ်သည်းသည်ဟု ပြောလိုက်သည်။ လုံးဝကို သည်းညည်းမခံနိုင်လောက်စရာပင်။


လင်ချင်းဟယ်က ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး သူ့ကို အနည်းငယ်ငုံ့မိုးကြည့်ကာ အေးစက်နေသောအသံဖြင့် မေးလိုက်သည်။


" မင်းက အနာတရဖြစ်မှာကို မကြောက်ဘူး။ အဲ့ဒါကြောင့် ဘောလုံးလွင့်လာတုန်းက ရှောင်လို့ရရဲ့သားနဲ့ မရှောင်ဘဲ တမင်ပြေးတိုက်လိုက်တာမလား..."


ထောင်ရှီး နေရာတွင် တောင့်ခဲသွားသည်။ သူ့တစ်ကိုယ်လုံးရှိသွေးများ ရုတ်တရက် ဆုတ်ယုတ်သွားပြီး နောက်စက္ကန့်အနည်းငယ်အကြာတွင် သူ့ဦးနှောက်ထဲသို့ အရှိန်ဖြင့် ဝေါခနဲစီးဆင်းလာသကဲ့သို့နှယ် ခံစားလိုက်ရသည်။


သူက ပေါက်ကရဟာသများပြောရာတွင် အလွန်တော်လှပြီး လူအများကလည်း နှစ်ခြိုက်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်ချည်းပင်။ သို့သော် လင်ချင်းဟယ်ရှေ့တွင်မူ အလုပ်မဖြစ်ဘူးထင်၏။ လင်ချင်းဟယ်က သူ၏တောက်ပကာကြည်လင်နေသော မျက်လုံးများကို ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲမှ ကလိမ်ကကျစ်ကျမှုများကို ရှာဖွေလိုက်သော်လည်း ထိုကဲ့သို့ စိုးစဉ်းမျှရှိမနေကြောင်း တွေ့လိုက်ရသည်။


ထောင်ရှီး လက်ချောင်းများကို တင်းတင်းဆုပ်လိုက်ကာ လည်ချောင်းကမူ တင်းကြပ်နေလျက် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်၏။


"....ငါက မင်းကို စကားပြောချင်ရုံလေးပါ..ပြီးတော့.....မင်းနဲ့ သူငယ်ချင်းဖြစ်ချင်ရုံလေးတင်..."


“သူငယ်ချင်း”ဟူသည့် စကားလုံးကို သူ ခက်ခက်ခဲခဲပြောထွက်လိုက်သော်လည်း ထိုစကားက မလုံလောက်ဟု ခံစားလိုက်ရသည်။


လင်ချင်းဟယ်ထံမှ "မရဘူး" ဟူသည့် စကားထက် အခြားစကားများကိုပါ သူကြားချင်သည်။ ထို့အပြင် သူ လင်ချင်းဟယ်အနားကို ယန်သောလဲ့ လိုပင် ကပ်ခွင့်ရချင်သည်။


ထို့ထက်ပို၍.....သူ တစ်ခါမှမတွေးဖူးသည့် အခြားအရာများကိုလည်း...။


" မင်း ငါနဲ့ တကယ်သူငယ်ချင်းဖြစ်ချင်ရင် နှစ်ဝက်စာမေးပွဲမှာ ထိပ်ဆုံးအယောက်ငါးဆယ်စာရင်းထဲဝင်ပြီး တန်းခွဲ(၁)မှာ ဆက်နေနိုင်မှဖြစ်မယ်..."


လင်ချင်းဟယ်က သူ့ကို အေးတိအေးစက်စိုက်ကြည့်လာသည်။


" မင်းအတွက် ဝမ်းဟွာ အ.ထ.က(၁)ကျောင်းကို ရောက်လာနိုင်ဖို့က မလွယ်ဘူး။ အကျိုးမရှိတဲ့အရာတွေလုပ်ပြီး အချိန်ဖြုန်းမနေနဲ့..."


" မင်းမှာ ပြောစရာရှိရင် နောက်တစ်ခါ ငါ့ကို တိုက်ရိုက်လာပြော၊ ငါနားထောင်ပေးမယ်။ ဒီလို ငြီးငွေ့စရာကောင်းတဲ့နည်းလမ်းမျိုး မသုံးနဲ့ ၊ ယန်သောလဲ့ကို ပိုလို့တောင် အသုံးမချနဲ့..."


လင်ချင်းဟယ်က ထိုစကားပြောပြီးပြီးချင်း ချာခနဲ လှည့်ထွက်သွားသည်။


ထောင်ရှီး နေရာတွင်သာ မလှုပ်မယှက်ရပ်ကျန်ခဲ့သည်။ သူ အတော်ကြာကာမှ အောက်ဆီဂျင်ပြန်ရလာပြီး အသက်ရှူသံများလည်း မြန်ဆန်လာသည်။


သူ လက်ကိုဆန့်ထုတ်ကာ နဖူးပေါ်တွင်ကပ်ထားသည့် ပတ်တီးစကို စမ်းကြည့်လိုက်သည်။ နာကျင်မှုကို သူ လုံးဝမကြောက်တတ်ခဲ့ပါချေ။ သို့သော် အနာက ရုတ်တရက် အလွန်နာကျင်လာသည်။ နာကျင်မှုက ပို၍ပို၍ပြင်းထန်လာသဖြင့် နှလုံးအိမ်နေရာကို လက်ဖြင့်နာနာပွတ်လိုက်ရသည်။ ထို့နောက် သူ့အမြင်အာရုံများ ဝေဝါးစပြုလာခဲ့သည်။


သူ ရုတ်တရက် ဆယ်နှစ်အရွယ်က အဖြစ်အပျက်ကို သတိရသွားသည်။ ခုနစ်နှစ်အရွယ် ထောင်လဲ့က အဖွားအိမ်တွင် ရေပိုက်နှင့် ဆော့ကစားပြီး ရေပိုက်ခေါင်းကိုပြန်ပိတ်ဖို့ မေ့သွားခဲ့သည်။ ထိုအခါ ရေပိုက်ထဲရှိ ရေများက အာလူးချိုများလှောင်ထားသော သိုလှောင်ခန်းထဲသို့ စီးဝင်သွားခဲ့သည်။


ကောဖျင်သိသွားသည့်အခါ ဘာမှမမေးမမြန်းဘဲ ဝါးကြိမ်တစ်ချောင်းကိုင်ပြီး သူ့ကို လိုက်ဖမ်းခဲ့သည်။ သူငိုယိုကာ သူလုပ်တာမဟုတ်ကြောင်း၊ ထောင်လဲ့သာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အဖြစ်မှန်ကိုသိနေသော သူ့အဖွားကိုပင် သူ တောင်းတောင်းပန်ပန်နှင့် အကူအညီတောင်းခဲ့သည်။


သို့သော် အဖွားက နှုတ်ဆိတ်လျက်သာနေခဲ့ပြီး ထောင်လဲ့ကို ဖက်ထားကာ သူ့ကို လုံးဝမကာကွယ်ပေးခဲ့ပေ။ ထောင်လဲ့မှာလည်း အလွန်ကြောက်နေသောကြောင့် ဝန်မခံရဲခဲ့ချေ။


ကောဖျင်က သူ့ကို အပြင်းအထန် ရိုက်နှက်ခဲ့သည်။ ကြိမ်လုံးဖြင့် အရိုက်ခံခဲ့ရစဉ်က ခန္ဓာကိုယ်ပေါ်ကနာကျင်မှုကို သူ မေ့ပျောက်သွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း နှလုံးသားမှ နာကျင်မှုကိုမူ ယခုထိ လတ်လတ်ဆတ်ဆတ် အမှတ်ရနေဆဲပင်။


ယခုကဲ့သို့ပင် ဖြစ်၏။


သူ အလွန်မှားသွားခဲ့သည်။ “ယန်သောလဲ့ကိုအသုံးမချနဲ့” ဟူသော စကားက သူ့ကို အသက်ရှူရခက်စေသည်အထိ နာကျင်စေသည်။


လင်ချင်းဟယ် မမှားပါပေ၊ သူ ယန်သောလဲ့ကို အသုံးချခဲ့မိသည်။


သူ ဝမ်းဟွာအ.ထ.က(၁)ကျောင်းကို လာနိုင်ဖို့ဟူသည် မလွယ်ကူမှန်း လင်ချင်းဟယ်က သိသည်။ ထို့ကြောင့် သူ အကျိုးမရှိသော ကိစ္စများနှင့် အချိန်ဖြုန်းမနေသင့်ပေ။


သို့တိုင် သူ အစွမ်းကုန်ကြိုးစားပြီး ဤနေရာကိုလာရသည့် အကြောင်းအရင်းက သူ့ကြောင့်သာဖြစ်သည်ကို လင်ချင်းဟယ်က သိမည်မဟုတ်ပေ။


ယန်သောလဲ့က သူသာဖြစ်သင့်သည်ကိုလည်း လင်ချင်းဟယ်က သိနိုင်မည်မဟုတ်ပေ။


သူသာလျှင် လင်ချင်းဟယ်ကို ပိုင်ဆိုင်သင့်သောသူဖြစ်သည်။


ထိုနေ့မှစ၍ ထောင်ရှီးမှာ လင်ချင်းဟယ်ကို စကားသွားမပြောရဲတော့သလို၊ အတန်းချိန်တွင်လည်း ဘေးခုံကို ခိုးမကြည့်တော့ချေ။ အတန်းပြီးလျှင် အိမ်စာကိုသာ ခေါင်းစိုက်လုပ်သည်။ ကာယအတန်းချိန်တွင်လည်း ပိချန်ဖေးမည်မျှ ကစားဖို့ခေါ်ခေါ် ကောင်မလေးများကဲ့သို့ ခုံတန်းလျားတွင်ထိုင်ကာ စာဖတ်လိုက်၊ စာကျက်လိုက်လုပ်နေခဲ့သည်။ ညစာကျက်ဝိုင်းပြီးလျှင်လည်း နောက်ကခွေးလိုက်ဆွဲသည့်ပမာ စာအုပ်များ၊ စာရေးကိရိယာများကိုင်ပြီး အိပ်ဆောင်ကို ဒရောသောပါးထွက်ပြေးသွားတတ်သည်။


သို့တိုင် လင်ချင်းဟယ်က ဘာမှသိပ်ပြောင်းလဲမသွားကြောင်း သူသိလိုက်ရ၏။ အစမှအဆုံးထိ သူကသာ သန်းတစ်ကောင်လို ဟိုခုန်ဒီခုန် လုပ်နေခဲ့သူဖြစ်ပြီး သူ ရပ်လိုက်သောအခါတွင်လည်း လင်ချင်းဟယ်က ငြိမ်ငြိမ်ဆိမ်ဆိမ်နှင့် အေးအေးချမ်းချမ်း နေမြဲနေဆဲပင်။


ရက်အတန်ကြာကုန်လွန်သွားသောအခါ ပိချန်ဖေးက တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည်။


" ရှီးကော၊ မင်း နတ်ဘုရားလင်နဲ့ ခပ်တန်းတန်းဖြစ်သွားတော့ ဘယ်လိုခံစားရလဲ..."


ပိချန်ဖေးက ပြောရင်းဆိုရင်းဖြင့် ပန်းကန်ပြားထဲမှ ကြက်သွန်ဖြူကို တူနှင့်ညှပ်ယူလိုက်သည်။


ထောင်ရှီးက နေ့လယ်စာစားပြီးသည်မှာ ကြာပြီဖြစ်သောကြောင့် သင်္ချာသင်ထောက်ကူ ဖတ်စာအုပ်ကို ဖတ်နေသည်။ သူက ခဏကြာ တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။


" ငါ အရင်ထဲက သူနဲ့တစ်ခါမှ မရင်းနှီးဖူးပါဘူး..."


ပိချန်ဖေး အော်မိသွားသည်။ ထောင်ရှီး၏ စကားထဲတွင် မကျေချမ်းမှုတစ်ချို့ပါဝင်နေသည်ဟု သူ ခံစားရ၏။ ပြီးခဲ့သည့်တစ်ခေါက်က ဘတ်စကတ်ဘောကစားကြပြီးနောက်တွင် ထောင်ရှီးနှင့် လင်ချင်းဟယ်၏ဆက်ဆံရေးက ပိုမိုကောင်းမွန်လာလိမ့်မည်ဟု သူထင်ထားခဲ့သည်။


ဤရက်ပိုင်းအတွင်း အနောက်ခုံမှ ထိုင်ခုံဖော်နှစ်ယောက်၏အေးစက်သော လေထုအခြေနေကို သူ အရှေ့ခုံကနေတောင် ခံစားရသည်။


" အိုင်း… ငါအခု မင်းဘက်ကိုလှည့်ပြီး စကားပြောရမှာတောင် အခက်တွေ့နေရပြီ။ ငါ့ထိုင်ခုံဖော်ကလည့် ငါ့ကို စကားမပြောချင်ဘူး၊ ငါ ခံစားရတယ်ကွာ..."


ထောင်ရှီးက စာမျက်နှာတစ်ရွက်ကိုလှန်ရင်း တည်တည်ကြည်ကြည်နှင့် ပြောလိုက်သည်။


" မင်း ပြီးခဲ့တဲ့တစ်ခေါက်ကစားပွဲမှာတုန်းက လင်ချင်းဟယ်ကို ပြောခဲ့တာကို မေ့နေပြီလား..."


ပိချန်ဖေး အံ့အားသင့်သွားသည်။ သူ အမှန်တကယ်မေ့နေခဲ့သည်ပင်။


သူ သက်ပြင်းဖွဖွချလိုက်သည်။


" ငါက အန်ဒါဇင်ရဲ့ နတ်သမီးပုံပြင်ထဲက ရေသူမလေးလိုပဲ၊ ပင်လယ်စုန်းမကြီးကိုရှာပြီး သိပ်လှတဲ့အသံလေးနဲ့ ခြေထောက်တစ်စုံကို လဲပစ်လိုက်မိတာ..."


သူ့စကားဆုံးဆုံးချင်းပင် မျက်နှာချင်းဆိုင်အရပ်မှ ထမင်းစားပြီးဟန်ရှိ၍ ကန်တင်းမှ ထွက်လာသော ပင်လယ်စုန်းမကြီးနှင့် ယန်သောလဲ့ကို တွေ့လိုက်ရသည်။ သူ အားနာစိတ်လေးဝင်သွားကာ သူတို့ကို လက်လှမ်းပြလိုက်ပြီး ခပ်ပြုံးပြုံး နှုတ်ဆက်လိုက်သည်။


" ဟိုင်း နတ်ဘုရားလင် ၊ ဟိုင်း ဒိန်ချဉ်..."


ယန်သောလဲ့က ပြုံးကာ ပြန်နှုတ်ဆက်သည်။


" ဟိုင်း ဖေးဖေး..."


မျက်တောင်တစ်ခတ်အတွင်းတွင် သူ ပိချန်ဖေး၏မျက်နှာချင်းဆိုင်၌ ထိုင်နေသော ထောင်ရှီးကို သတိထားမိသွားသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ ပြုံးကာ နှုတ်ဆက်လိုက်၏။


" ဟိုင်း ထောင်ရှီး..."


ထောင်ရှီးက တောင့်တောင့်ကြီးထိုင်ကာ ခေါင်းညိတ်ပြလျက် လက်ထဲရှိ စာအုပ်ကို စူးစိုက်ကြည့်နေသည်။ ထိုလူနှစ်ယောက် သူ့ကို ကျော်ဖြတ်ကာ လျှောက်သွားသောအခါမှ သူခန္ဓာကိုယ်က ပြန်လည်ပြေလျော့သွားသည်။


အဆုံး၌ ပိချန်ဖေးလည်း ထမင်းစား၍ပြီးသွားသည်။ သူတို့နှစ်ယောက်သား ပန်းကန်များပြန်ထားပြီးနောက် ကန်တင်းမှ ထွက်လာခဲ့ကြသည်။ စက်တင်ဘာလဆန်းဖြစ်သောကြောင့် နွေရာသီ၏အပူငွေ့များ လျော့ပါးသွားပြီဖြစ်သည့်တိုင် ပင်လုံးကြိုင်ပန်းရနံ့ ဖျော့ဖျော့လေးက လေထဲတွင် သင်းပျံ့နေသည်။


ကန်တင်းမှ စာသင်ဆောင်ဆီသွားရာလမ်းမကြီးကို “ယင်းကွေ့လမ်း”ဟု ခေါ်သည်။ အမည်က ရိုးရှင်း၏။ အဘယ်ကြောင့်ဆိုသော် လမ်း၏တစ်ဖက်တွင် မက်မွန်ပင်များကို စိုက်ပျိူးထားပြီး ကျန်လမ်းတစ်ဖက်တွင်မူ ချိုချိုမွှေးမွှေး ရနံ့သင်းနေသည့် ပင်လုံးကြိုင်ပန်းပင်များ စိုက်ပျိူးထားသောကြောင့် ဖြစ်လေသည်။ ၎င်းကို ကြည့်ခြင်းဖြင့် ဤကျောင်းက အပင်စိုက်ရသည်ကို နှစ်သက်ကြကြောင်း မြင်နိုင်၏။


ထောင်ရှီးမှာ လင်ချင်းဟယ်က ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏ ဝိသေဿနှင့်မလိုက်ဖက်ဟု ခံစားရသည်။


မှန်ပေသည်၊ လင်ချင်းဟယ်နှင့် ယန်သောလဲ့တို့က လမ်းကြားတစ်ခုထဲကွေ့ဝင်သွားပြီး အရှေ့နားမှ လမ်းသွယ်လေးကနေ ဆက်လျှောက်သွားသည်ကို သူ မြင်လိုက်ရသည်။


" လင်ချင်းဟယ် ဘာဖြစ်လို့ ပန်းမကြိုက်တာလဲဆိုတာ မင်း သိလား..."


ထောင်ရှီးက ရုတ်တရက်မေးလိုက်သည်။


ပိချန်ဖေးမှာ အံ့သြသွားပြီး အချိန်ခဏကြာမှ ပြန်တုံ့ပြန်နိုင်သည်။


" နတ်ဘုရားလင်မှာ ဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတယ်ထင်တာပဲ။ ငါတို့ အလယ်တန်းနှစ်တုန်းက အတန်းသားတွေစုပြီး ရုက္ခဗေဒဥယျာဉ်ကို နွေရာသီပျော်ပွဲစားထွက်ခဲ့ဖူးတယ်။ နတ်ဘုရားလင်တစ်ယောက်တည်းပဲ မလာခဲ့တာ..."


ကြည့်ရသည်မှာ လင်ချင်းဟယ်က သူ့ကို လိမ်ခဲ့ပုံမပေါ်ပါချေ။


" မင်းကရော ဘယ်လိုလုပ်ပြီးသိတာလဲ..."


ပိချန်ဖေးက အတင်းအဖျင်းပြောရမည့်အခွင့်အရေးကို လုံးဝလက်လွှတ်မခံပါချေ။


" ဘာလို့လဲဆိုတော့ ငါ မိုးကြိုးစက်ကွင်းထဲ ခြေနင်းမိသွားလို့..."


ထောင်ရှီးက ပြောလိုက်သည်။


အမှုမဲ့အမှုတ်မဲ့ဖြင့် အကြိမ်ပေါင်းများစွာလည်း ခြေနင်းမိခဲ့ဖူးသည်။


ပိချန်ဖေးမှာ အဆုံးထိ ဆက်လက်တူးဆွချင်သေးပါသော်လည်း ထောင်ရှီးက စကားရပ်သွားလေသည်။


______________


Note -  မိုးကြိုးစက်ကွင်းကို ခြေနင်းမိတယ်ဆိုတာကလေ မြန်မာမှာဆို “မြွေပွေးတော့ကိုက်တာပဲ” ဆိုတာနဲ့ အဓိပ္ပာယ်တူတူလောက်ဖြစ်မယ်ထင်တယ်။