အပိုင်း ၉
Viewers 8k

The Moon Is Coming To Me

Chapter -9


ထောင်ရှီး စာသင်ခန်းထဲသို့ တစ်ယောက်တည်းသာ ပြန်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်တစ်ခေါက်မှစ၍ ပိချန်ဖေးက ဘတ်စကတ်ဘောကစားခြင်းကို စွဲလန်းသွားပြီး နေ့လယ်တိုင်း သွားလေ့ကျင့်နေသောကြောင့်ပင် ဖြစ်လေသည်။


သူ စာသင်ခန်းထဲသို့ ရောက်သည့်အခါ နေ့လယ်ပိုင်းနားချိန်ကုန်ဖို့ တစ်နာရီကျော်တောင်ကျန်နေသေးသည်။ ကျောင်းသားအများစုက ကော်ဖီဆိုင်၊ နို့လက်ဖက်ရည်ဆိုင်များတွင် သွားထိုင်နေကြပြီး အချို့ကမူ ကလပ်တွင်းလှုပ်ရှားမှုများကို သွားလုပ်နေကြသောကြောင့် စာသင်ခန်းထဲတွင် ကျောင်းသားသိပ်မရှိနေပေ။


သို့သော် ထောင်ရှီးအတွက်မူ လူအများကြီးရှိနေခြင်းက လင်ချင်းဟယ် ရောက်နေခြင်းလောက် စိတ်မကျဉ်းကြပ်စေပါချေ။


ခါတိုင်းရက်ဆိုလျှင် နေ့လယ်ခင်း၌ လင်ချင်းဟယ်က ရှိမနေတတ်ပေ။ လေ့ကျင့်ရန်အတွက် ကျောင်းဘတ်စကတ်ဘောကလပ်ကို သွားရခြင်းကြောင့် ဖြစ်မည်။ သိုသော် ယနေ့တွင်မူ ထိုသူက အခန်းထဲတွင် ရှားရှားပါးပါး ရှိနေသည်။


လင်ချင်းဟယ်က ထိုင်ခုံတွင် ထိုင်နေပြီး နားကြပ်တပ်လျက် စာအုပ်တစ်အုပ်ကိုင်ကာ စာဖတ်နေသည်။ ဤတစ်ခေါက်တွင်မူ သင်္ချာဉာဏ်စမ်း၊ ရူပဗေဒဉာဏ်စမ်း စာအုပ်များဖတ်နေခြင်းမဟုတ်ဘဲ "ထူးကဲပြောင်မြောက် သရုပ်ဖော်စာစီကုံးစာအုပ်" ကို ဖတ်နေခြင်းပင်။ ဘေးတိုက်မျက်နှာကို ကြည့်လိုက်လျှင်တောင် စာဖတ်သူမှာ မည်မျှအလိုမကျဖြစ်နေကြောင်း မြင်ရပေမည်။ ထိုသူက မျက်မှောင်များကြုတ်ပြီး မနှစ်မြို့ဖွယ် တစ်စုံတစ်ရာကို ကြည့်နေရသည့်အလား စာရွက်ကို ခပ်မြန်မြန် တဖျပ်ဖျပ်လှန်နေသည်။


ဟယ့်ဝမ်ကျောင်းက သူ့ကို အတင်းဖတ်ခိုင်းခဲ့ခြင်းဖြစ်မည်။ ဟယ့်ဝမ်ကျောင်းက ကြင်နာကာ ဖော်ရွေတတ်ပုံရှိသော်လည်း ဒုက္ခပေးသည့်နေရာတွင်မူ ပိအောက်ရွှယ်ထက်ပင် မလျော့လှပေ။


ထောင်ရှီး သူ့ခုံသူ ခပ်ဖြည်းဖြည်း လျှောက်သွားပြီး စာရေးကိရိယာများယူကာ တခြားနေရာတွင် စာသွားကျက်လိုက်လျှင် ကောင်းမလားဟူ၍ တွေးလိုက်သည်။ သို့သော် စာသင်ခန်းနောက်ဆုံးရှိ ကျောက်သင်ပုန်းနားတွင် တဝဲလည်လည်ဖြစ်နေသော ကျန်းရှင်းယွင်က သူ့ကို တားဆီးလိုက်လေသည်။


" ထောင်ရှီး၊ ငါ့ကို သင်ပုန်းစာ ကူးရေးပေးမလားဟင်...။ ငါ့အထင် နင့်လက်ရေးက အတော်လှတာမို့..."


ကျန်းရှင်းယွင်က လက်ထဲတွင် သင်ပုန်းစာမူကြမ်းကို ကိုင်ထားရင်း သူ့ကို ဆန္ဒစောစွာကြည့်နေသည်။


" ငါ့လက်ရေးက သာမန်ပါပဲ..."


ထောင်ရှီး တစ်ခုတည်းသော စာမူကြမ်းကပ်ထားသည့် ကျောက်သင်ပုန်းကို ကြည့်လိုက်သည်။ သူ ကူရေးပေးရန် သိပ်ဆန္ဒမရှိပါချေ။ ကျန်ရှိနေသည့် နေ့လယ်ခင်းနားချိန် တစ်နာရီကျော်တွင် သူ သင်ခန်းစာအမြောက်အမြား လေ့လာနိုင်သေးသည်။ ထို့ကြောင့် သူ ပါးပါးနပ်နပ် အငြင်းစကားဆိုလိုသည်။


ပြီးခဲ့သည့်အခေါက်က လင်ချင်းဟယ်ပြောခဲ့သည့်စကားကြောင့် သူနာကျင်ခဲ့ရသော်လည်း သူပြောခဲ့သည်က အမှန်တရားပင်။ သူ နှစ်ဝက်စာမေးပွဲတွင်လည်း တန်းခွဲ(၁)၌ ဆက်နေလိုပါက ထိပ်ဆုံးအယောက်ငါးဆယ်အတွင်း ဝင်နိုင်မှဖြစ်လိမ့်မည်။


" သာမန်ပဲ မဟုတ်ပါဘူး။ နင့်ရဲ့ အမှတ်ပြည့်ရတဲ့ စာစီစာကုံးတွေကို ငါတို့တစ်နှစ်လုံး ကြည့်ခဲ့ရတာ။ စာစီစာကုံးကလည်း ကောင်းသလို လက်ရေးကလည်း အရမ်းလှတယ်..."


ကျန်းရှင်းယွင်က ရံဖန်ရံခါ သင်ပုန်းသတင်းစာများရေးရန် တာဝန်ကျသည်။ သူမက လက်ရေးလှအတတ်ပညာကို နှစ်များစွာလေ့လာခဲ့သော်လည်း အလွန်ဂျေးများတတ်သူဟု ဆိုရမည်။


ထောင်ရှီးမှာ အမှတ်ပြည့်စာစီစာကုံးဟု ကြားလိုက်လျှင် ခန္ဓာကိုယ်က တုန်ခနဲဖြစ်သွားသည်။ ဆိုတော့ သူတို့က တစ်နှစ်လုံး ဖတ်ခဲ့ကြတာပေါ့...။


လူထုစာတမ်းကြီးနဲ့ တူမနေဘူးလား....


[ * ဒီမှာပြောချင်တဲ့ လူထုစာတမ်းဆိုတာက "ဆေးလိပ်မသောက်ရ" တို့၊ "အမှိုက်မပစ်ရ" တို့ စာတွေကပ်ထားတဲ့ဟာမျိုးလေ]


သူ "ထူးကဲပြောင်မြောက် သရုပ်ဖော်စာစီကုံးစာအုပ်" ကို ဖတ်နေသော လင်ချင်းဟယ်အား တစ်ချက်ခိုးကြည့်လိုက်သည်။ ကျန်းရှင်းယွင်ကမူ အကူအညီတောင်းသည့်လေသံဖြင့် တောင်းဆိုနေဆဲပင်။


" ငါ့ကိုကူပါ၊ ငါ ပုံရောဆွဲရဦးမယ်၊ လက်ရေးလှစာပါ ကူးရေးဖို့ဆိုရင် အရမ်းနောက်ကျသွားတော့မှာ..."


ထောင်ရှီးမှာ မိန်းကလေးတစ်ယောက်က ကလေးတစ်ယောက်ပမာ ပြုမူလာခြင်းကို သည်းမခံနိုင်စွမ်းမရှိသဖြင့် ငြင်းပစ်လိုခဲ့သည်။ သို့သော် ပြီးခဲ့သည့်အခေါက်က ကျန်းရှင်းယွင်ပေးခဲ့သည့် ၁၂ ယွမ်တန် ဓာတ်ဆားရည်ဘူးကို သူ သွားသတိရသည်။


မိမိအပေါ် အကူအညီရှိဖူးသူကို အငြင်းစကားဆိုရန်က ခက်ခဲလှ၏။ ပြန်ကူညီပေးလိုက်တာပဲ ကောင်းမည်။ ထို့အပြင် လင်ချင်းဟယ်၏ဘေးတွင်လည်း သူ စိတ်မသက်မသာဖြင့် မထိုင်ချင်ပေ။


ထောင်ရှီး သဘောတူလိုက်သောအခါ ကျန်းရှင်းယွင်က ပုံကြမ်းစာရွက်ကို ပျော်ရွှင်စွာ လှမ်းပေးလာသည်။ ပထမဆုံးအကြည့်မှာတင် ၎င်းက မိန်းကလေးတစ်ယောက် ဒီဇိုင်းဆွဲထားသည့် ဂျပန်ရုပ်ပြပုံစံ သင်ပုန်းသတင်းစာဖြစ်ကြောင်း မြင်နိုင်၏။ ချယ်ရီပန်းပွင့်ချပ်ကြီးများနှင့် ရဲတိုက်များက မိန်းကလေးငယ်၏ အကြိုက်ဆုံးများဖြစ်သည်။


" ဒီနေရာမှာ ဒီစာလေးကို ကူးရေးပေးရုံပဲ။ ငါက အဲ့ဒီဘေးမှာ အဓိကပုံကိုဆွဲမှာ..."


ကျန်းရှင်းယွင်က ပန်းရောင်ရှေ့ဖုံးခါးစည်ကို ဝတ်ဆင်လိုက်ပြီး ပန်းချီဆေးစပ်သည့်အပြားနှင့် စုတ်တံကိုကောက်ကိုင်လိုက်သည်။


ချင်းရွှေ အ.ထ.က(၁) ကျောင်းတွင်နေစဉ်ကမူ သင်ပုန်းသတင်းစာဟူသည် စက်ဝိုင်းပုံအနည်းငယ်ဆွဲပြီး အလျဉ်းသင့်သောမြေဖြူနှင့် စာတစ်လုံး၊ နှစ်လုံးမျှ ရေးလိုက်လျှင်ပင် တာဝန်ပြီးဆုံးပြီဖြစ်သည်။


ထောင်ရှီး ထိုင်ခုံတစ်ခုံချကာ ခုံပေါ်တက်လိုက်ပြီး စာရွက်အပိုင်းအစတစ်ခုကို ကျောက်သင်ပုန်းပေါ်ကပ်လိုက်၍ ထိုအပေါ်တွင် စာစရေးသည်။ စာလုံးအများကြီးတော့ ရေးရန် မလိုပါချေ။ သူ ဆယ်မိနစ်အတွင်း ရေး၍ပြီးသွားသည်။ ကျန်းရှင်းယွင်ကမူ ရဲတိုက်ပုံကို ဆေးခြယ်နေဆဲဖြစ်ပြီး မည်မျှအရောင်ခြယ်ခြယ် စိတ်တိုင်းမကျသည့်ပုံပင်။


ထောင်ရှီးမှာ ထိုကဲ့သို့ နှေးကွေးစွာ ဆေးရောင်ခြယ်နေသည့်ပုံကို ကြည့်နိုင်စွမ်းမရှိသောကြောင့် "ငါပဲလုပ်လိုက်မယ်" ဟုပြောလိုက်ပြီး ကျန်းရှင်းယွင်လက်ထဲက ပန်းချီစုတ်တံကို ယူလိုက်ကာ ဆေးရောင်စခြယ်ပေးလိုက်သည်။


သူက ဤကဲ့သို့ ပန်းမန်သစ်ပင်ပုံများကို ဆွဲရာတွင် အကျွမ်းကျင်ဆုံးဖြစ်၏။ စင်စစ်တွင် ချင်းရွှေမြစ်ကမ်းတစ်လျှောက်၌ လှိုင်လှိုင်ဖူးပွင့်နေတတ်သော မက်မွန်ပန်းပွင့်ပုံများကို ပန်းချီကျောင်းသားများနှင့်အတူ သူ အကြိမ်ပေါင်းများစွာ ဆွဲခဲ့ဖူးသည်။


မိနစ်သုံးဆယ်ပင်မကြာလိုက် ထောင်ရှီးက ကျောက်သင်ပုန်းတစ်ခုလုံးအပြည့် ဆေးရောင်ခြယ်၍ ပြီးစီးသွား၏။ ကျန်းရှင်းယွင်ကမူ သူ့ဘေးတွင် ဆေးရောင်စုံဘူးများကိုင်လျက် ရပ်နေသည်။ အစကနဦးက စာဖတ်လျက်ရှိနေကြသော ကျောင်းသားများပင် အနောက်ကို မကြာမကြာလှည့်ကြည့်လာကြသည်။


ကြီးမားသော ချယ်ရီပန်းပွင့်ခိုင်ကြီးများမှ အလင်းအမှောင်ညှိထားသည့် မတူညီသော ပန်းရောင်ပွင့်ချပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့အပြင် အစိမ်းရောင်အုတ်ကြွပ်ပြားနှင့် မီးခိုးရောင် နံရံများကို မရေမတွက်နိုင်သော ပန်းပွင့်အရိပ်များကြားမှ ဝိုးတိုးဝါးတားမြင်နေရသည်။ ယခုအချိန်က ဆောင်းဦးရာသီသို့ ချဉ်းကပ်လာပြီဖြစ်သော်လည်း ကျောက်သင်ပုန်းကိုကြည့်လိုက်သည့်အခါ ဧပြီလမကုန်သေးသည့်ပမာ နွေဦးရာသီက ပင်လယ်အလား နက်ရှိုင်းသည်ထက်နက်ရှိုင်းလာသကဲသို့ ခံစားလိုက်ရပေမည်။


ထောင်ရှီး ဆေးရောင်ခြယ်ပြီး၍ ထိုင်ခုံပေါ်က ဆင်းလိုက်သည့်အခါမှ သူ့ကို ဆပ်ကပ်ပွဲကမျောက်အလား ဝိုင်းကြည့်နေကြသည်ကို သတိထားမိတော့သည်။ ကျန်းရှင်းယွင်ကမူ သူ့ကိုထူးထူးဆန်းဆန်း အကြည့်ဖြင့် ကြည့်လာပြီး ကျေးဇူးတင်စကားဆိုလိုသည့်ပမာ သူမ၏ခေါင်းကို တစ်ဝက်ခန့်ငုံ့လာသည်။


ထောင်ရှီးက ခေါင်းခါပြလိုက်ကာ…


" ရပါတယ်၊ ငါ လက်သွားဆေးလိုက်ဦးမယ်..." ဟု ပြောလိုက်သည်။


ထို့နောက် စာသင်ခန်းထဲမှ ခပ်သွက်သွက်ထွက်လာ၍ သန့်စင်ခန်းထဲသို့ ဝင်သွားသည်။


လက်ဆေးပြီးသောအခါ စာသင်ခန်းထဲသို့ ပြန်လာပြီး လင်ချင်းဟယ်ကို အရင်ဦးဆုံး ခိုးကြည့်လိုက်သည်။ ထိုလူက စာစီစာကုံးစာအုပ် ဖတ်မနေတော့ဘဲ ထို့အစား ရူပဗေဒဉာဏ်စမ်းစာအုပ်ကို ဖတ်နေသည်။ သို့တိုင် သူ့မျက်နှာကမူ အလိုမကျဖြစ်နေဆဲပင်။


ထောင်ရှီး သူ့ထိုင်ခုံသို့ တိုးတိုးသာသာ လျှောက်လာသည်။ သူ ထိုင်ခုံကို ခွေးလေးတစ်ကောင်အလား ရွေ့ကာ ထိုင်ချလိုက်ရုံရှိသေး ရုတ်တရက် အေးစက်စက် အသံတစ်သံကို ကြားလိုက်ရသည်။


" ဆေးတွေကို အရင်သွားဆေး..."


" ? "


ထောင်ရှီး ထိတ်ခနဲဖြစ်သွားသည်။ သူ လက်ဆေးလာပြီးပြီပဲ မဟုတ်လား။ သူ ပြောင်စင်အောင် ဆေးကြောခဲ့တာ သေချာပါ၏။


အရှေ့တန်းမှ ပိချန်ဖေးက အနောက်လှည့်လာကာ ကိုယ်ချင်းစာစွာဖြင့် သူ့အင်္ကျီလက်ကို လက်ညှိုးထိုးပြလာသည်။


ထောင်ရှီး စောင်းငဲ့ကြည့်လိုက်သောအခါ သူ့ကျောင်းယူနီဖောင်း ရှပ်အင်္ကျီအဖြူ၏ ညာဘက်အင်္ကျီလက်ပေါ်တွင် ပန်းရောင်ဆေးလေးက မဆိုသလောက်လေး စွန်းပေနေသည်ကို တွေ့လိုက်ရသည်။


ငါလူးလိုပဲ...။


သူ့ရင်ထဲဝယ် အမည်မဖော်နိုင်သော ဒေါသတရားက ငယ်ထိပ်ထိဆောင့်တက်သွားသည်။ လင်ချင်းဟယ်က ဝတ်မှုန်နဲ့ဓာတ်မတည့်ဘူးပေါ့ ၊ ဆိုးဆေးနဲ့ပါ ဓာတ်မတည့်တာ မဖြစ်နိုင်ဘူးလား...


ထိုသည်းမခံနိုင်ဖွယ် လေသံက သူ၏သွေးဆူလွယ်သော နာဗ်ကြောတိုင်းဆီသို့ စီးဝင်သွားခဲ့၏။


ထောင်ရှီး အနောက်ကကျောက်သင်ပုန်းပေါ်ရှိ ချယ်ရီပန်းပွင့်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်ချင်းဟယ်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ကာ ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။


" မစိုးရိမ်ပါနဲ့။ ငါက မာလျန်နဲ့ မှော်စုတ်တံလည်း မဟုတ်ဘူး..."


[ Note- မာလျန်နဲ့ မှော်စုတ်တံ ဆိုတာက တရုတ်ရိုးရာပုံပြင်တစ်ခုပါ။ တစ်နေ့မှာ မာလျန်က မှော်စုတ်တံတစ်ခုရလိုက်တယ်။ အဲ့ဒီမှော်စုတ်တံနဲ့ဆွဲလိုက်တဲ့ပုံတိုင်း တကယ်အစစ်အမှန် အသက်ဝင်လာပါသတဲ့]


ထို့နောက် သူ ချာခနဲလှည့်ကာ စာသင်ခန်းထဲမှ ထွက်သွားပြီး သူ့အင်္ကျီလက်ကိုဆေးရန် သန့်စင်ခန်းထဲသို့ ဝင်သွားသည်။


ပိချန်ဖေးမှာ ခေါင်းကိုနောက်လှည့်လိုက်ရင်း ခဏကြာတွန့်ဆုတ်နေပြီးမှ မျက်နှာမှုန်ကုတ်နေဆဲ လင်ချင်းဟယ်ကို ဖြေရှင်းချက်ပေးလိုက်သည်။


" မာလျန်နဲ့စုတ်တံဆိုတာ ရှီးကောက သွယ်ဝိုက်ပြီးပြောလိုက်တာပါ။ ဆိုလိုတာက သူဆွဲထားတဲ့ပုံတွေက အစစ်မဖြစ်လာဘူးလို့ပြောတာ၊ အဲ့ဒါကြောင့် ကျောက်သင်ပုန်းပေါ်က ပန်းပွင့်တွေကလည်း အစစ်မဖြစ်လာဘူးဆိုပြီး...."


" ပါးစပ်ပိတ်ထား..."


ရေသူမလေး ပိချန်ဖေးမှာ ချက်ချင်းတိတ်သွားပြီး သူ့ပါးစပ်ကို လက်ဖြင့်ဇစ်ပိတ်သလို ပိတ်လိုက်သည်။ ထို့နောက် ရှေ့ပြန်လှည့်သွားကာ တိတ်တိတ်ကလေး အော်လိုက်သည်။


ထို့နောက်တွင်မူ ထောင်ရှီးမှာ လင်ချင်းဟယ်နှင့် တစ်ဖက်သတ် စစ်အေးတိုက်ပွဲ ဆက်ဖြစ်နေတော့သည်။


စာမေးပွဲက မကြာမီစတော့မည်ဖြစ်သောကြောင့် သူ ဤရက်တွေထဲ အပြင်းအထန်စာလုပ်နေရသည်။ သူ နွေရာသီကျောင်းပိတ်ရက်တွင် မလေ့လာဖြစ်ခဲ့သည့် သင်ခန်းစာများကို ခေါင်းထဲ အစွမ်းကုန်သိပ်ထည့်နေသော်ငြား မဖြေရှင်းနိုင်သော ပုစ္ဆာများလည်း များစွာရှိသေးသည်။ ထို့အပြင် အသေးစိတ်လေ့လာရန်လည်း အချိန်မလောက်တော့ချေ။


သူ အဆောင်တွင်လည်း စိတ်မချမ်းသာရပါပေ။ ပြီးခဲ့သည်အခေါက်က ဘတ်စကတ်ဘောကစားပွဲတွင် သူ့ကိုထိခိုက်စေခဲ့သည့် ထိုအရူးကောင်ရွှီကျီးချီက သူ့အား မတောင်းပန်ရုံတင်မကဘဲ ယင်ယန်* ပါဖြစ်လာခဲ့သည်။ ချင်းရွှေ အ.ထ.(၁) မှာသာဆိုပါက သူ ယင်ယန်လူများကို အပြစ်ရှင်းထုတ်ပစ်ခဲ့ပြီးပြီ။


[ * ယင်ယန် - အချိုးမပြေ၊ ဘုဂလန့်လုပ်နေတဲ့သူ ]


သို့သော် သူ သည်းခံနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းယွမ်က ဝမ်းဟွာ အ.ထ.က(၁)တွင် သူ့အား ကာကွယ်ပေးမည့်လူမရှိဟု မှာထားသောကြောင့်ပင်။


ဖန်းယန့်ကမူ သူ့အား အခက်မတွေ့စေသော်ငြား သစ်သီးဝလံပုံများဆွဲပေးရန် သူ့ကို အမြဲတမ်း နားပူနားဆာတိုက်လေ့ရှိသည်။ အိပ်ဆောင်တွင် တသီးတခြားကြီး ဖြစ်မသွားအောင် သူ တစ်ခါတစ်ရံ ငြင်းပြီး တစ်ခါတစ်ရံ လက်ခံပေးလေ့ရှိခဲ့သည်။


မကြာမကြာ သူ့ထံ ပြေးပြေးလာတတ်သော ကျန်းရှင်းယွင်ကလည်း ရှိနေသေး၏။ သူမက ယနေ့ သူ့ကို ပန်းချီကူဆွဲပေးရန် အကူညီတောင်းလျှင် နောက်တစ်ရက်၌ သူ့တရုတ်စာစီစာကုံးစာအုပ်ကို ငှားရန် အကူညီတောင်းပြန်သည်။ ထောင်ရှီးမှာ မိန်းကလေးများကို မငြင်းတတ်ရုံမျှမက ခပ်ချွဲချွဲအမူအရာမျိုး ပြုမူတတ်သော မိန်းကလေးများကို ကိုင်တွယ်နိုင်စွမ်းလည်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ထောင်လဲ့က သူ့ကို ချွဲကာလိုချင်တာတောင်းလေ့ရှိပြီး သူကလည်း တစ်ခါမှ မငြင်းနိုင်ခဲ့သောကြောင့်ပင်။


ပထမလပတ်စာမေးပွဲက အလွန်အရေးကြီးသော စာမေးပွဲတော့မဟုတ်ပါချေ။ နွေရာသီကျောင်းပိတ်ရက်အတွင်း ကိုယ်ပိုင်လေ့လာမှုကို စစ်ဆေးခြင်းသာဖြစ်သဖြင့် အဆင့်ခွဲမည်မဟုတ်ချေ။ ထို့ကြောင့် စာမေးပွဲခန်းက မိမိတို့၏ သက်ဆိုင်ရာစာသင်ခန်းများသာ ဖြစ်ပြီး ထိုင်ခုံများကိုလည်း ပြောင်းရွေ့ခြင်းမပြုရပေ။ သို့သော် ခုံတစ်ခုံနှင့်တစ်ခုံကြားတွင်တော့ အနည်းငယ် ခြားထားသည်။


သို့တိုင် ၎င်းက ထိတ်လန့်ဖွယ်ကောင်းနေဆဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မနက် ၇:၃၀ မှ ည ၉:၃၀ ထိ နိုင်ငံခြားဘာသာစကား၊ သင်္ချာနှင့် သိပ္ပံကို မာရသွန်ပြေးရသလို တစ်ရက်တည်း ဆက်တိုက်ဖြေရသောကြောင့်ပင်။


ထောင်ရှီးမှာ မာရသွန်ပြေးနေရစဉ်တွင် သူ့ဘေးမှတစ်စုံတစ်ယောက်မှာမူ ဘောပင်ကို မချစတမ်း ရေးနေသောကြောင့် စိုးရိမ်ပူပန်စိတ်များပင် ဝင်လာသည်။


နောက်ဆုံးဘာသာရပ်၏ ဖြေဆိုလွှာများကို ကောက်ပြီးချိန်တွင် သူ စာရေးခုံပေါ် ဖုန်းခနဲ ပစ်လဲချလိုက်ပြီး သေပြီဟုပင် ခံစားလိုက်ရသည်။


ပိချန်ဖေးက သူ့ခေါင်းကို ပုတ်ပေးလာသည်။


" ရှီးကော၊ ထပြီး စားပွဲရွေ့လိုက်ဦး..."


စာမေးပွဲပြီးပြီဖြစ်၍ ခြားထားသော စာရေးခုံများကို မူလနေရာ ပြန်ရွေ့ကြရသည်။


ထောင်ရှီး တောင့်တင်းနေသော သူ့လည်ပင်းကို ချိုးလိုက်သည်။ သူ မတ်တပ်ထရပ်လိုက်သောအခါတွင် သူနှင့်မီတာဝက်ခန့်ခြားနေသော လင်ချင်းဟယ်၏ စာရေးခုံကို မြင်လိုက်ရ၏။ စာရေးခုံက ပြောင်ရှင်းနေပြီး ပိုင်ရှင်ကမူ မရှိချေ။


သူ စာရေးခုံကို လင်ချင်းဟယ်၏စာရေးခုံနားသို့ ရွေ့လိုက်သည်။ ခုံနှစ်ခုံ၏အစွန်းချင်း ထိစပ်မိတော့မည်အချိန်တွင် ပိချန်ဖေး၏စကားဆိုလာသံကို သူကြားလိုက်ရသည်။


" ရှီးကော၊ ငါတို့ တနင်္လာနေ့ကျရင် ခုံပြောင်းလို့ရတယ်။ ထိုင်ခုံဖော်လုပ်ကြရအောင်..."


ပိချန်ဖေးက သူ့ထိုင်ခုံဖော် ဟူထုံနှင့် လောလောလတ်လတ် စကားများရန်ဖြစ်ထားကြသည်။ နှစ်ဦးသားက စစ်အေးတိုက်ပွဲ ဆင်နွှဲနေကြ၏။ ဖြစ်ပုံမှာ ပိချန်ဖေးအတွက် ကျင်းကျင်းပေးထားသော ဓာတ်ဆားရည်ဘူးကို ဟူထုံက အမှိုက်ဟုထင်ကာ လွှင့်ပစ်လိုက်သောကြောင့် ဖြစ်လေသည်။


ထောင်ရှီး၏လက်များ တုံ့ခနဲရပ်သွားသည်။ နှစ်စက္ကန့်ခန့်ကြာသော် သူ ခုံကိုဆက်ရွေ့လိုက်သည်။ စာရေးခုံနှစ်ခု၏အစွန်းများက မြဲမြံစွာ ထိစပ်သွားကြသည်။


အတန်းထဲတွင် ထိုင်ခုံနေရာပြောင်းခြင်းက အလွန်သာမန်ဆန်သော ကိစ္စဖြစ်၏။ ကျောင်းသားများက အတူထိုင်လိုသည့် အတန်းဖော်ကို စိတ်တိုင်းကျရွေး၍ရသည်။ အတန်းပိုင်ဆရာဖြစ်သူ အန်တီကျိုးကလည်း စာလေ့လာရာတွင် မထိခိုက်သရွေ့ သူတို့ကို ထိုင်ချင်သည့်နေရာထိုင်ခွင့်ပေးထားသည်။ သူ ဖိအားပေးခဲ့သည့်အချိန်ဟူ၍ ထိုင်ခုံဖော်မရှိသည့်လင်ချင်းဟယ်ဘေးတွင် ထောင်ရှီးကို ထိုင်စေခြင်းသာ ရှိခဲ့သည်။


ကျောင်းပထမဆုံးရက်တွင် ကျိုးချန်က တစ်ပတ်အတူထိုင်ပြီး အဆင်မပြေလျှင် ထိုင်ခုံပြောင်းပေးမည်ဟု လင်ချင်းဟယ်ကို ပြောခဲ့သည်။


ထောင်ရှီး ၎င်းကို သတိလက်လွတ်နှင့် မေ့လျော့နေခဲ့သည်။


" ရှီးကော၊ မင်းလည်း ငါ့ကို ငြင်းမလို့လား..."


ပိချန်ဖေးက မျက်နှာလေးငယ်သွားသည်။ သူ ကျင်းကျင်းထံမှ အကြိမ်ပေါင်းများစွာ အငြင်းခံခဲ့ရပြီး ဟူထုံကလည်း ထိုင်ခုံဖော်အသစ် ရှာတွေ့သွားပုံရသည်။


" နောက်မှ ပြောကြရအောင်..."


ထောင်ရှီး အနည်းငယ် စိတ်ထွေနေ၍ ကျောင်းလွယ်အိတ်ကို ကောက်လွယ်ကာ ထွက်ပြေးရန်ပြင်သည်။


ပိချန်ဖေးက သူ့ကို သွားခွင့်မပြုချေ။


" ဒီနေ့ ဒိန်ချဉ်နဲ့ နတ်ဘုရားလင်ပြောနေကြတာ ငါကြားခဲ့တယ်။ ဒီတစ်ခေါက် သူနဲ့အတူထိုင်မယ်တဲ့။ ပြီးတော့ မင်းတို့နှစ်ယောက်ကလည်း အချင်းချင်း သဘောတူထားတာ မရှိဘူးဆိုတော့ ငါတို့တွေ အတူထိုင်ရမှာ သေချာသလောက်ရှိတယ်..."


သူ ဆက်လက်ဖျောင်းဖျလိုက်မည်ပြုစဉ် ထောင်ရှီး၏အမူအရာက ငိုချတော့မတတ် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ သို့သော် သူ မျက်တောင်ပြန်ခတ်လိုက်သည့်အခါ အမြင်မှားသလားဟုတောင် ထင်သွားရသည်။


ထောင်ရှီး အိပ်ဆောင်ကို ပြန်ရောက်ချိန်တွင် ဖန်းယန့်က ရေချိုးခန်းထဲ၌ ရေချိုးနေပြီး ရွှီကျီးချီကမူ ဖုန်းပြောနေသည်။ စကားအသွားအလာကို နားထောင်ကြည့်ရသလောက် သူ့မိဘများနှင့် ပြောနေခြင်း ဖြစ်မည်။


" ဟုတ်ကဲ့၊ ကျွန်တော် ဒီနေ့စာမေးပွဲဖြေရတယ်။ အဆင်ပြေပါတယ်...မေးခွန်းက အတော်လေးရိုးရှင်းတယ်...ရလဒ်က တနင်္လာနေ့မှထွက်မှာ...ဒီတစ်ခေါက်က အဆင့်မခွဲဘူး၊ ဒါပေမယ့် ထိပ်ဆုံးအယောက် ၅၀ အတွင်းတော့ ဝင်မှာမပူနဲ့...ပြီးတော့ ကျွန်တော် အတန်းပြောင်းရအောင် နှစ်ဝက်စာမေးပွဲကို စောင့်နေတာ...အခုက တန်းခွဲ(၁)မှာ ခုံနေရာတွေ ပိုနေလို့ပါ...နောက်တော့ သေချာပေါက် ပြန်လျှော့မှာပေါ့..."


ရွှီကျီးချီက နောက်ဆုံးအကြောင်းကို သူ့အားကြည့်လျက် ပြောလိုက်ကြောင်း ထောင်ရှီး သိသည်။


သူ မကြားလိုက်ချင်ယောင်ဆောင်ကာ မွေးခွန်းစာရွက်တစ်စုံကို ထုတ်ပြီး လေ့ကျင့်ခန်းများ ဆက်လုပ်နေသည်။


ယနေ့မေးခွန်းများက သူ့အတွက် မလွယ်ကူပေ။ သူ တရုတ်စာတွင် အခက်အခဲကြီးကြီးမားမားမရှိခဲ့သင့်ပေ။ အင်္ဂလိပ်စာမှာလည်း အောင်ရုံမျှသာရှိသည်။ သင်္ချာ၌မူ အစပိုင်းအခြေခံမေးခွန်းများက အဆင်ပြေသေး၏၊ သို့သော် နောက်ဆုံးအပုဒ်ကြီးနှစ်ပုဒ်ကို တွက်ရန်အချိန်မရလိုက်ပေ။ သူ ဤရက်သတ္တတစ်ပတ်အတွင်း သိပ္ပံဘာသာရပ် သင်ခန်းစာများအားလုံးကို လေ့ကျင့်ခဲ့ပြီးသည့်တိုင် ပုစ္ဆာများက ခက်ပြီးရင်းခက်နေဆဲဖြစ်၏။


နောက်တစ်နေ့ တနင်္ဂနွေနေ့တွင် ကျောင်းက နေ့တစ်ဝက်ပိတ်ပေးသည်။ သို့သော် ကျောင်းသားများမှာ မနက်ခင်းအတန်းချိန်ကတည်းက အနည်းငယ် ဂနာမငြိမ်ဖြစ်နေကြသည်။ မိန်းကလေးများက အတန်းချိန်ပြီးဆုံးပါက နေ့လယ်ပိုင်းတွင် အိုးလုပ်သည့်သင်တန်း သွားလျှင်ကောင်းမလား၊ ပန်းပြင်ဆင်သည့် သင်တန်းသွားလျှင် ကောင်းမလားဟူ၍ ဆွေးနွေးနေကြသည်။ ယောက်ျားလေးများကမူ အားကစားရုံသွားလျှင်ကောင်းမလား၊ အပြေးပြိုင်ပွဲကစားလျှင်ကောင်းမလားဟူ၍ ဆွေးနွေးနေကြသည်။


ဝမ်းဟွာ အ.ထ.က(၁) မှ ကျောင်းသားအများစုက ချမ်းသာသည့်အလယ်အလတ်တန်းစာ မိသားစုများမှ ဖြစ်ကြ၏။ ထောင်ရှီးမှာမူ အတိတ်အချိန်က စာလေ့လာပြီးလျှင် မိသားစုအတွက် လယ်ယာလုပ်ငန်းများ ကူညီပေးရသလို၊ အားလပ်ရက်များတွင်လည်း အပိုဝင်ငွေရှာရသည်။ ဤမျှများပြားလှသော activities များကို သူတစ်ခါမှ မကြားခဲ့ဖူးပါချေ။


သို့တိုင် သူ့စိတ်အာရုံအလုံးစုံက ခုံနေရာပြောင်းခြင်း၌သာ စုံပြုံနေသဖြင့် ဂရုစိုက်နိုင်ခြင်း မရှိပေ။


ပထမအတန်းချိန် ပြီးသွားချိန်၌ သူ ဒုတိယချိန်ပြီးမှ စကားပြောကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် ဒုတိယအချိန် ပြီးသွားသည့်အခါတွင်လည်း တတိယချိန်ရောက်မှ ပြောချင်လာသည်။ ဤသို့ဖြင့် တတိယချိန်သို့ ထပ်မံရွေ့ဆိုင်းလိုက်ရသည်။


ဤတစ်ကြိမ်က တနင်္လာနေ့ ခုံနေရာပြောင်းကြရေးကိစ္စကို ပြောရန် နောက်ဆုံးအခွင့်အရေးဖြစ်သည်။


ထောင်ရှီး ဘယ်ဘက်လက်ဖြင့် ခေါင်းကိုထောက်ထားပြီး ညာဘက်လက်ဖြင့် စာရွက်ပေါ်တွင် ဘောပင်နှင့်စက်ဝိုင်းပုံများ ဆွဲနေရင်း မျက်လုံးထောင့်များကနေ ဘေးဘက်ကို ခိုးကြည့်နေသည်။


လင်ချင်းဟယ်က နောက်ဆုံးအတန်းချိန်တွင် အန်တီကျိုးအိမ်စာပေးခဲ့သော သင်္ချာပုစ္ဆာများကို တွက်နေသည်။ အရှိန်ကမူ စာကူးရေးနေသည့်အလားပင် မြန်လှ၏။


သူ သတ္တိများစုစည်းပြီး ပါးစပ်ဟလိုက်မည်ပြုစဉ် အရှေ့ခုံမှ ပိချန်ဖေးက ရုတ်တရက် သူ့ကို ကြိုးကြာစက္ကူလေးတစ်ခု လှမ်းပေးလာသည်။ သူ၏မျက်လုံးများက အနည်းငယ် သနားချင့်ဖွယ်ကောင်းကာ လေသံကမူ အလွန်အားကျနေသည့်ပုံစံနှင့်...


" ကျန်းရှင်းယွင်က မင်းကိုပေးခိုင်းလိုက်တာ။ သူက သေချာပေါက် မင်းနဲ့ထိုင်ခုံဖော်ဖြစ်ချင်နေတာ..."


ထောင်ရှီးမှာ အံ့အားသင့်သွားပြီး ကြိုးကြာစက္ကူကို ဖွင့်ကြည့်လိုက်သည်။ စက္ကူပေါ်တွင် ဘောပင်ဖြင့်ရေးထားသော "ထိုင်ခုံဖော်လိုနေလား" ဟူသည့် လက်ရေးလှလှ စာတစ်ကြောင်းနှင့် အောက်တွင် Vivian ဟူ၍ လက်မှတ်ထိုးထားသည်။ ၎င်းက ကျန်းရှင်းယွင်၏အင်္ဂလိပ်နာမည်ဖြစ်လောက်မည်မှန်း သူ အတော်ကြာကြာပင် စဉ်းစားယူလိုက်ရသည်။


သူ မျက်မှောင်ကြုတ်ကာ ထိုစက္ကူအောက်ခြေတွင် ဘောပင်ဖြင့် " မလိုဘူး" ဟူသည့် စာကြောင်းကိုရေးလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဝင်သွားပြီး "ကျေးဇူး" ဟူ၍ စာနှစ်လုံးကို ထပ်ဖြည့်ရေးကာ စက္ကူကိုပြန်ခေါက်၍ ကျန်းရှင်းယွင်ထံ ပြန်ကမ်းပေးရန် ပိချန်ဖေးလက်ထဲ ထည့်ပေးလိုက်သည်။


ထိုစဉ် ပိချန်ဖေးက ထောင်ရှီးရေးထားသည့်စာကို ခိုးကြည့်လိုက်ပြီး "မင်းနဲ့ညီအစ်ကိုကောင်းဖြစ်ရတာ တန်လိုက်တာ" ဟူသည့် အကြည့်မျိုးဖြင့် သူ့ကို လှည့်ကြည့်လာသည်။


ကျန်းရှင်းယွင်က ဤရက်တွေထဲ ဘာကိုဦးတည်နေခဲ့သလဲကို ထောင်ရှီး အဆုံးတွင်မှ နားလည်သွားရ၏။ သို့တိုင် သူ နုနုနယ်နယ် မက်မွန်ပန်းကလေးများကို ရန်သွားမစလိုပါချေ။ ယင်းက လင်ချင်းဟယ် ပြောသလို အဓိပ္ပာယ်မဲ့သည်ဟူသော ကိစ္စရပ်ပင်။


မည်သို့ဆိုစေကာမူ စာတိုရေးခြင်းက နည်းလမ်းကောင်း ဖြစ်လောက်မည်။ ထောင်ရှီး စိတ်ဓာတ်များပြန်တက်ကြွလာပြီး စာရွက်အပိုင်းအစတစ်ခုကို အလျင်အမြန် ဖြဲလိုက်သည်။ သူ ဘာရေးလို့ရေးရမည်မသိ ရုန်းကန်နေစဉ်တွင် အတန်းခေါင်းလောင်းက နောက်တစ်ကြိမ် ထပ်မြည်သွားပြန်သည်။


"........."


ကြိုးကြာစက္ကူများကမူ အထပ်လိုက် ပုံလျက်သားလေးပင်။


စတုတ္ထအချိန်က အင်္ဂလိပ်စာအချိန်ဖြစ်သည်။ သူ ပိအောက်ရွှယ်၏အတန်းချိန်တွင် စာခိုးမပေးရဲပါချေ။ ထို့ကြောင့် အတန်းကိုရိုးရိုးသားသားသာ ပြီးအောင်တက်လိုက်သည်။


ပဉ္စမအချိန်ကမူ ကျောင်းကလပ်အချိန်ဖြစ်သဖြင့် နေ့တစ်ဝက်အနားရသည်နှင့် တူညီသည်။ ထို့ကြောင့် ပိအောက်ရွှယ် ထွက်သွားသည်နှင့်တစ်ပြိုင်နက် တစ်တန်းလုံးမှာ သိုးအုပ်များလို အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြသည်။ အားလုံးက လွယ်အိတ်များလွယ်ကာ စာသင်ခန်းထဲမှ ပြုံထွက်သွားကြသည်။


ပိချန်ဖေးက ဖဲဝိုင်းကလပ်မှဖြစ်ပြီး သူ့ကိုနှုတ်ဆက်ပြီးပြီးချင်း လွယ်အိတ်ကောက်လွယ်ကာ အရိပ်ပင်မမြင်ရအောင် ထွက်ပြေးသွားသည်။ လင်ချင်းဟယ်ကမူ ထိုင်လျက် သင်္ချာပုစ္ဆာများ တွက်နေဆဲဖြစ်လေ၏။


ထောင်ရှီး အချိန်လုလျက် စာတိုလေးတစ်ကြောင်း ရေးလိုက်သည်။ သို့သော် ယန်သောလဲ့က သီချင်းစာရွက်များကိုင်လျက် အပြေးရောက်လာပြီး ပြောလိုက်လေသည်။


" ချင်းဟယ်ကော၊ တီးဝိုင်းကို အတူသွားကြရအောင်၊ ဒီနေ့တော့ ငါတို့ သီချင်းအသစ်လေ့ကျင့်ရမယ်ထင်တယ်..."


ယန်သောလဲ့၏ အသံကိုကြားလိုက်ရချိန်၌ ထောင်ရှီးမှာ "ငါမင်းနဲ့ ထိုင်ခုံဖော်ဆက်လုပ်လို့ ရမလား" ဟူသော စာလေးကိုရေးပြီးသွားခဲ့သည်။


သူ ကိုင်ထားသည့် ဘောပင်လေးက ရုတ်တရက် ရပ်တန့်သွားသည်။


ထို့နောက် လင်ချင်းဟယ်၏စကားဆိုလာသံကို သူကြားလိုက်ရ၏။


" ငါ ဒီမေးခွန်းတွက်ပြီးတဲ့အထိ စောင့်ဦး..."


ဤစာတိုလေးက အကျုံးဝင်တော့မည်မထင်ပေ။


ထောင်ရှီး စာရွက်လေးကို လက်ထဲကျစ်ကျစ်ပါအောင် လုံးချေလိုက်ပြီး ဘောပင်ကိုချကာ စာသင်ခန်းထဲမှ အလျင်အမြန် ထွက်ပြေးလာခဲ့သည်။ ယန်သောလဲ့၏စကားဆက်ဆိုလာသံကိုမူ သူ မကြားလိုက်တော့ပါချေ။


" မင်းက အိမ်စာကို အိမ်မှာပဲ လုပ်တတ်တာမဟုတ်ဘူးလား..."


______________