အပိုင်း ၁၀
Viewers 8k

The Moon Is Coming To Me

Chapter - 10


ထောင်ရှီး စာသင်ခန်းအပြင်သို့ရောက်သည်နှင့် စာရွက်ကိုဆုတ်ဖြဲပစ်လိုက်ကာ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။ သူ မည်သည့်ကလပ်ကိုမှ မဝင်လိုပေ။ သို့တိုင် စာသင်ခန်းကိုလည်း မြန်မြန်ကြီး ပြန်မသွားချင်သေးပေ။


ထို့ကြောင့် ချိုးရှစ်ဆောင်ထဲတွင်သာ ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ ကလပ်အတန်းအများစုက ချိုးရှစ်ဆောင်၌ ရှိကြ၏။ ကာတွန်းရုပ်ပြကလပ်၊ ကျားထိုးကစားနည်းကလပ်၊ Street Dance ကလပ်၊ ရုပ်ရှင်ကလပ်နှင့် ဇာတ်ကူးယဉ် သိပ္ပံဝတ္ထုကလပ်....စသဖြင့်ကလပ်များစွာကို ထောင်ရှီး တွေ့ရသည်။


သူ ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးသော ကလပ်များလည်း မြောက်မြားစွာရှိနေ၏။ သူ ခဏမျှ ဟိုသည်ကြည့်ရှုနေအပြီးတွင် ပထမထပ်ရှိ စာအုပ်စင်ထဲမှ သူနှစ်သက်သည့် ကလပ်တစ်ချို့၏ ပိုစတာများကို ယူလိုက်သည်။ သူ စာသေချာလေ့လာဖို့ စာသင်ခန်းကို ပြန်သွားရန်သာ ကြံရွယ်လိုက်ပြီး မည်သည့်ကလပ်က စိတ်ဝင်စားဖို့ကောင်းသလဲဟူ၍ ဖတ်ကြည့်ရမည်။


သို့သော် မကြာလိုက် သူ သီချင်းသံများကြားလိုက်မိသဖြင့် ချိုးရှစ်ဆောင်အပေါ်ဆုံးထပ်ရှိ တီးဝိုင်းအဖွဲ့၏ လေ့ကျင့်ရာခန်းမဆီသို့ တက်သွားလိုက်သည်။ သူ မှောင်ရိပ်ကျရာ တံခါးထောင့်မှနေ၍ စန္ဒရားတီးနေသော လင်ချင်းဟယ်ကို မှန်သားပြင်မှတစ်ဆင့် မြင်တွေ့လိုက်ရလေသည်။


သို့တိုင် မလှမ်းမကမ်းတွင် တယောတီးနေသော ယန်သောလဲ့ကိုလည်း တွေ့လိုက်ရသည်။


တီးဝိုင်းရှိ လူတိုင်းက မိမိတူရိယာမိမိ တီးခတ်နေကြသည်။ သူတို့၏မျက်နှာမှာ ယုံကြည်မှုရှိကာ တည်ငြိမ်နေပြီး ဂီတဖျော်ဖြေရေးခန်းမတွင် တရုတ်ရိုးရာဝတ်စုံများဝတ်လျက် မွေးဖွားလာသည့်လူများပမာပင်။ မတူညီသော တူရိယာများ၏ ဂီတနုတ်များမှ နားဝင်ချိုသော တေးသံများအဖြစ် အံ့သြဖွယ်ရာ ပေါင်းစပ်သွားကြသည်။


ထောင်ရှီး ဤသီချင်းကို တစ်ခါမှမကြားဖူးပေ။ သူ လင်ချင်းဟယ်ကို ချင်းရွှေ အ.ထ.က(၁) ကျောင်းတွင်ရှိစဉ်က တိုက်ရိုက်ဖန်သားပြင်ပေါ်တွင် ကြည့်ခဲ့ဖူးသလိုမျိုး စူးစိုက်၍သာ ကြည့်နေမိသည်။


လင်ချင်းဟယ် ဖန်သားပြင်ပေါ်တွင် တစ်ခါတစ်ခါ ပေါ်လာဖို့က အချိန်အတော်ကြာသည်။ ကောင်းကင်ယံတွင် လမင်းကြီးက လပြည့်ရန် အချိန်ကြာသကဲ့သို့ပင်။


သို့သော် လပြည့်နေ့ရောက်တိုင်း သူ လမင်းသော်တာကို နှလုံးသားထဲထိ ကမ္ဗည်းရေးထိုးထားလေ့ ရှိခဲ့သည်။


ယခု သူက တံခါးထောင့်ရှိ မှောင်ရိပ်ထဲတွင် ရပ်နေခြင်းဖြစ်သော်လည်း ပျက်စီးယိုယွင်းနေသော ချင်းရွှေ အ.ထ.က(၁) ကျောင်း၏ စာသင်ခန်းထဲသို့ ပြန်ရောက်သွားသည့်ပမာ စန္ဒရာတီးနေသော လင်ချင်းဟယ်၏ လက်ဟန်အမူအရာများအတိုင်း ကိုးရိုးကားရား လိုက်တုပနေမိသည်။ လင်ချင်းဟယ်က ဖန်သားပြင်မှ ကီလိုမီတာထောင်ချီဝေးသောအရပ်တွင် ရှိနေဆဲဖြစ်ပြီး သူသည်လည်း လင်ချင်းဟယ်၏ နှုတ်ထွက်စကားတိုင်းကို ဘောပင်တစ်ချောင်းနှင့် လိုက်ကူးရေးနိုင်ရုံ၊ လင်ချင်းဟယ်၏ပုံတူကို ဆွဲနိုင်ရုံမျှသာ ရှိနေဆဲပင်။


သူက ရှင်းရှင်းလင်းလင်းကို မလှမ်းမကမ်းရှိ တံခါးအပြင်ဘက်တွင် ရပ်နေခြင်းဖြစ်သော်လည်း လင်ချင်းဟယ်၏ ကမ္ဘာကို ဘယ်သောအခါမှ မဝင်ရောက်နိုင်ခဲ့သည့်အလားပင်။


ရုတ်တရက် စန္ဒရာတီးနေဆဲ လင်ချင်းဟယ်က ခေါင်းအနည်းငယ်စောင်း၍ သူရပ်နေသည့် တံခါးရှိရာသို့ လှည့်ကြည့်လာသည်။


သူ လင်ချင်းဟယ်၏ မြင်ကွင်းထဲကနေ ပြေးထွက်လာခဲ့သည်။ သူ လက်ကို ကျစ်ကျစ်ပါဆုပ်ထားမိ၏။ သို့သော် သူ ရပ်နေခဲ့သည့် တံခါးထောင့်က အလွန်မှောင်လွန်းသဖြင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်ကြောင်း ခဏကြာမှ သတိရတော့သည်။ လင်ချင်းဟယ်ကလည်း ချက်ချင်း အကြည့်ပြန်လွှဲသွားကာ ဂီတစာရွက်ကို ပြန်အကြည့်ပို့လိုက်ပြီး အမြင်မှားခြင်းသာ ဖြစ်မည်ဟု တွေးလိုက်သည်။


ထောင်ရှီး တီးဝိုင်းခန်းမထဲမှ ထွက်လာခဲ့သည်။ သူ ပထမအထပ်သို့ ပြန်ရောက်သောအခါ သူ့လက်ထဲရှိ ပိုစတာများကို စာအုပ်စင်ထဲသို့ ပြန်ထည့်လိုက်ပြီး လူသူမရှိသည့် စာသင်ခန်းထဲသို့ ပြန်လာခဲ့သည်။


သူ သူ့ထိုင်ခုံဆီ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ ထို့နောက် ကျိုးချန်ဆီမှ တောင်းယူထားသည့် ဝမ်းဟွာ အ.ထ.က(၁)၏ နောက်ဆုံးစာမေးပွဲ မေးခွန်းလွှာများကို ထုတ်ကြည့်လိုက်သည်။ ထိုစဉ်က ချင်းရွှေခရိုင်သည် ခရိုင်ကျောင်းသားများ ကြောက်လန့်မည်စိုးသဖြင့် နောက်ဆုံးစာမေးပွဲတွင် ဝမ်းဟွာ အ.ထ.က(၁) ၏မေးခွန်းများကို အသုံးမပြုခဲ့ပေ။


ထောင်ရှီး အချိန်လု၍ ဘာသာစကား၊ သင်္ချာနှင့် သိပ္ပံမေးခွန်းလွှာများကို ပြီးပြတ်အောင် ဖြေကြည့်လိုက်သည်။ သူ နောက်ဆုံးကျန်သည့် အင်္ဂလိပ်မေးခွန်းကို စကိုင်မည်ပြုစဉ် ပန်းရနံ့ဖျော့ဖျော့ကို အနံ့ရမိလိုက်၏။


သူ ဘောပင်ချကာ သေချာအနံ့ခံကြည့်လိုက်သော် အနံ့က သူ့ခုံဘေးရှိ လင်ချင်းဟယ်၏ အံဆွဲထဲမှလာကြောင်း သိလိုက်ရသည်။


ထောင်ရှီး တွန့်ဆုတ်နေပြီးမှ ခန္ဓာကိုယ်ကို ကိုင်းကာ လင်ချင်းဟယ်၏ အံဆွဲကို ဖွင့်ကြည့်လိုက်လျှင် ပန်းရောင်စက္ကူအကြည်ဖြင့် ထုပ်ပိုးထားပြီး ဆီးနှင်းဖြူရောင် ဖဲကြိုးလေးနှင့် စည်းထားသော အနီရောင်နှင်းဆီပန်းလေးတစ်ပွင့်ကို တွေ့လိုက်ရသည်။ နှင်းဆီပန်း၏ ဘေးတွင်မူ ပန်းရောင်စာအိတ်တစ်အိတ် ရှိနေသည်။


လင်ချင်းဟယ်ကို သဘောကျနေသော မိန်းကလေးတစ်ယောက်က ကလပ်အတန်းများ ရှိနေခြင်းကို အခွင့်ကောင်းယူ၍ ဤနေရာတွင် တိတ်တိတ်ကလေး လာထားသွားခြင်းဖြစ်မည်။


သို့တိုင် လင်ချင်းဟယ်က ကလပ်အတန်းများပြီးလျှင် အိမ်ကိုသာ တန်းပြန်လိမ့်မည်ကိုမူ သူမ စဉ်းစားမိခဲ့ပုံမပေါ်ပါချေ။ နောက်တစ်နေ့ ရှာတွေ့ချိန်၌ ပန်းက ညှိုးပြီးသား ဖြစ်နေတော့မည်။


ထို့အပြင် လင်ချင်းဟယ်က ပန်းများကို မုန်းလေသည်။


သူ့ထက်ပင် အခြေနေဆိုးစွာ မိုးကြိုးစက်ကွင်းကို ခြေနင်းမိသည့်လူရှိနေသဖြင့် သူ ရုတ်တရက် မျှတသလို ခံစားလိုက်ရသည်။


ထောင်ရှီးက နှင်းဆီပန်းအကြောင်းကို ခေါင်းထဲထည့်မထားချေ။ သူ မနက်ဖြန်မနက်ကျမှ လင်ချင်းဟယ်ကို သတိပေးလိုက်မည်။ သို့နှင့် မေးခွန်းလွှာများကိုသာ ဆက်ကြည့်နေလိုက်သည်။


ကလပ်လှုပ်ရှားမှုများက သူနှင့် ဘာဆိုင်သနည်း။ အားလုံးက ပိုက်ဆံလိုသည်၊ ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်လည်း အမှတ်ထည့်ပေါင်းပေးမည်မဟုတ်။ စာကျက်သည်သာ ပိုကောင်းသေးသည်။


စင်စစ်တွင် သူက ချမ်းသာသော မိသားစုအသိုင်းအဝိုင်းမျိုး ရှိသူလည်း မဟုတ်ချေ။


အင်္ဂလိပ်မေးခွန်းလွှာများကို တစ်ဝက်ခန့်ဖြေဆိုပြီးချိန်၌ ပိတ်ထားသည့် အနောက်ဘက်တံခါးက ရုတ်တရက်ပွင့်သွားသည်။ ထောင်ရှီး လန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သီချင်းစာရွက်တစ်ရွက်နှင့်အတူ အထဲကိုဝင်လာသော လင်ချင်းဟယ်ကို တွေ့လိုက်ရသည်။


" ဒီကိုမလာခဲ့နဲ့ဦး..."


ထောင်ရှီး ဘာမှမတွေးတောနိုင်တော့ဘဲ အကျယ်ကြီး အော်ပြောလိုက်သည်။


လင်ချင်းဟယ်က မျက်မှောင်ကြုတ်သွားကာ သူ့ကို ကြည့်လာသည်။ သို့သော်လည်း တံခါးဝတွင် ရပ်လိုက်ပြီး အထဲကိုဝင်မလာခဲ့ပါချေ။


ထောင်ရှီးက လင်ချင်းဟယ်၏ စားပွဲခုံကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။


" မင်းက ပန်းမကြိုက်ဘူးမဟုတ်လား... တစ်ယောက်ယောက်က မင်းရဲ့ အံဆွဲထဲမှာ ပန်းနဲ့စာတွေ လာထားထားတယ်။ ငါ မင်းအတွက် ပန်းကိုဖယ်ပေးရမလား...ဒါမှမဟုတ် မင်းဟာမင်းပဲ နှာခေါင်းပိတ်ပြီး ဖယ်မလား..."


လင်ချင်းဟယ်က သူ့စကားကို ကြားသောအခါ မျက်မှောင်ပိုကြုတ်သွားပြီး မျက်လုံးများကလည်း မနှစ်မြို့ခြင်းများ အနည်းငယ် လွှမ်းသွားသည်။ သူက အေးစက်စက်ဆိုလာ၏။


" ငါ့အတွက် အကုန်လုံးကို ဖယ်ပေး..."


ပန်းရော စာရောပါမချန် လွှင့်ပစ်ရမည်။


ထောင်ရှီး ကြက်သေသေသွားပြီး သူ့တစ်ကိုယ်လုံးရှိ ဒေါသဆူးချွန်များက ထိန်းချုပ်၍မရနိုင်အောင် ထောင်တက်လာသည်။ သူ ခပ်တိုးတိုးရယ်လျက် ခါးသီးစွာပြောလိုက်သည်။


" သူများက စာတစ်စောင်ရေးဖို့ နေ့တစ်ဝက်လုံးလုံး အချိန်ယူခဲ့ရပြီး နှင်းဆီပန်းကိုလည်း သေချာရွေးခဲ့ရတာ။ မင်းကတော့ ကြည့်တောင်မကြည့်ဘဲ လွှင့်ပစ်လိုက်မယ်ပေါ့။ တစ်ပါးသူရဲ့ စိတ်ကို မင်း အရေးလေးတောင် မစိုက်ဘူးလား..."


သူ့အသံက အလွန်ပင် ဆို့နင့်နေသည်။ သို့သည့်တိုင် ထောင်ရှီးမှာ ထိုမည်သူမည်ဝါမှန်းမသိသည့် မိန်းကလေးကို ကိုယ်ချင်းစာနာနိုင်သည်။


သူ ရေးပြီးပို့ခဲ့ဖူးသော စာစောင်ပေါင်းများစွာက အတွေးထဲပြန်ဝင်လာ၏။ ထို့အပြင် ချင်းရွှေအ.ထ.က(၁)မှ ကျောင်းသူလေးများသည်လည်း ဘယ်သောအခါမှ ပြန်စာမရခဲ့ဖူးကြောင်းကို သူအမှတ်ရမိသည်။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ...။


သိပ်ကို ရယ်စရာကောင်းလွန်းသည်။ သူ လက်ရေးပြောင်းကာ မိန်းကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ခဲ့ခြင်းက ကံကောင်းမှုကြီးပင်။


မည်သို့ဆိုစေကာမူ လင်ချင်းဟယ်က ထိုစာစောင်များကို တစ်ချက်မှဖွင့်မကြည့်ဘဲ အမှိုက်ပမာ လွှင့်ပစ်လိမ့်မည်ဟူ၍တော့ သူ မထင်ထားခဲ့ပါချေ။


ထောင်ရှီး ရုတ်တရက် သူ့ကိုယ်သူ ဤကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုပမာ ခံစားလိုက်ရ၏။ မိုက်မဲပြီး အပေါစားဆန်လွန်းသည်။


သူ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဒေါသကို ပြောင်ပြောင်တင်းတင်းဖွင့်ထုတ်လျက် လင်ချင်းဟယ်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများကမူ နာကြည်းမှုဖြင့် ပြည့်လျှမ်းနေလျက်သား။ သို့တိုင် လင်ချင်းဟယ်က သူ့ကို အရေးမစိုက်သော မျက်လုံးများဖြင့် ကြည့်မြဲကြည့်နေပြီး အေးစက်စက်လေသံဖြင့် မေးလိုက်သည်။


" ငါက ဘာဖြစ်လို့ အရေးစိုက်ရမှာလဲ...မင်းကရော ဘာဖြစ်နေတာလဲ..."


ထောင်ရှီး ကြောင်အသွားသည်။


ဟုတ်တယ်၊ သူက ဘာဖြစ်နေတာလဲ...


အကယ်၍ လင်ချင်းဟယ်သာ ထိုမိန်းကလေး၏စာကို ဖတ်မိသွားလျှင် ရင်ခုန်လာလိမ့်မည်၊ ထိုမိန်းကလေးနှင့် အတူရှိဖို့ ကတိပြုလိမ့်မည်။ ထိုအခါ သူလည်း ပျော်နိုင်မည်မဟုတ်ချေ။


ဒေါသတရားက မဖိတ်ခေါ်ဘဲရောက်လာပြီး မဖိတ်ခေါ်ဘဲ ပြန်ထွက်သွား၏။ ဘာကြောင့် ဒေါသမထွက်နိုင်တော့သလဲကို ထောင်ရှီးလည်း မသိပါချေ။ ထို့ကြောင့် မိမိကိုယ်မိမိ စိတ်မမှန်သည့် အရူးတစ်ယောက်ပမာပင် ခံစားလိုက်ရသည်။


သူ ကိုယ်ကိုကိုင်းလျက် လင်ချင်းဟယ်၏အံဆွဲထဲမှ နှင်းဆီပန်းနှင့်စာအိတ်ကို ထုတ်ယူလိုက်သည်။ သူ အမှိုက်ပုံးဆီသို့ သွား၍ လွှင့်ပစ်မည်ပြုစဉ် လင်ချင်းဟယ်က ရုတ်တရက် ပြောလာသည်။


" အထဲကို ဖောက်မမြင်နိုင်မယ့် ပလစ်စတစ်အိတ်ထဲထည့်ပြီးမှ လွှင့်ပစ်လိုက်..."


ထောင်ရှီး မသိလိုက်ဘာသာ မေးမိလိုက်သည်။


" ဘာဖြစ်လို့လဲ..."


လင်ချင်းဟယ်၏လေသံက အနည်းငယ် စိတ်မရှည်သည့်ပုံစံနှင့်...


" အဲ့ဒီစာကို ရေးတဲ့လူကမင်းဆိုရင်ရော အဲ့လိုအနေအထားမျိုးနဲ့ တွေ့ချင်မှာလား..."


ထောင်ရှီး ခဏတာ ကြောင်အမ်းသွားပြီးမှ ဆိုလိုရင်းကို နားလည်တော့၏။ သူသာ ၎င်းကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ပါက အမှိုက်လာပစ်သည့်အခြားကျောင်းသားများပါ မြင်သွားနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကများ ထိုစာကိုယူဖတ်လိုက်လျှင်...


ကောင်းပြီလေ။ သူ စာစောင်တွေကို လွှင့်ပစ်လိုက်ပေမယ့် လူကြီးလူကောင်းဆန်ဆန် ဂုဏ်သရေရှိရှိ လွှင့်ပစ်ပေးတာပဲ။ သနားဂရုဏာသက်သောအားဖြင့် တစ်ဝက်ခွင့်လွှတ်ပေးလိုက်ရန် ထောင်ရှီး ဆုံးဖြတ်လိုက်သည်။


သူ မနက်က သုံးဖြစ်ခဲ့သည့် ဖောက်ထွင်းမမြင် ပလစ်စတစ်အိတ်ကို အံဆွဲထဲမှ တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး ပန်းနှင့်စာအိတ်ကို အိတ်ထဲထည့်လိုက်သည်။ ထို့နောက် အိတ်ကိုချည်ကာ အမှိုက်ပုံးထဲသို့ သွားပစ်လိုက်သည်။


သူ ပြန်ရောက်လာချိန်၌ လင်ချင်းဟယ်က ခုံမှာပင် ထိုင်နေပြီး ပိအောက်ရွှယ် အိမ်စာပေးခဲ့သည့် အင်္ဂလိပ်မေးခွန်းများကို ဖြေနေသည်။


ဟေး၊ နတ်ဘုရားတောင်မှ ကလပ်အတန်းချိန်တွေရှိတဲ့ကြားက အချိန်လုပြီး အိမ်စာပြီးအောင် လုပ်တတ်တယ်....


ထောင်ရှီးလည်း အင်္ဂလိပ်စာမေးခွန်းလွှာ၏နောက်ဆုံး စာရွက်ကို ဆက်ဖြေနေလိုက်သည်။ အဆုံး၌ သူ ဝမ်းဟွာ အ.ထ.က(၁) ကျောင်း၏ နောက်ဆုံးစာမေးပွဲမေးခွန်းလွှာများကို ဖြေဆို၍ပြီးစီးသွား၏။ သို့သော် သူ့တွင် တိုက်စစ်စရာ အဖြေမရှိပါချေ။


ထို့နောက် သူ လင်ချင်းဟယ်၏အဖြေလွှာကို သွားသတိရသည်။ ၎င်းက အဖြေနှင့်အတူတူပဲ မဟုတ်လား....


သူ ခဏကြာ တွန့်ဆွန်နေပြီးမှ လင်ချင်းဟယ်ကို ဂျယ်ဘောဖြင့် ပုတ်လိုက်သည်။


" မင်း ဘာလုပ်တာလဲ..."


လင်ချင်းဟယ် စာရေးရပ်မသွားချေ။


" ငါ့ကို နောက်ဆုံးစာမေးပွဲ အဖြေလွှာတွေ ငှားလို့ရမလား..."


ထောင်ရှီးပြောလိုက်သည်။


" လွှင့်ပစ်လိုက်ပြီ..."


"...."


ထောင်ရှီးမှာ ဆွံ့အသွားပြီး မနေနိုင်စွာ ထပ်ပြောလိုက်မိ၏။


" မင်း အဲ့ဒါကို သိမ်းထားသင့်တယ်မဟုတ်ဘူးလား...နောက်မှ ကိုယ်မှားတဲ့မေးခွန်းကို ပြန်ပြင်လို့ရမှာပေါ့..."


" မလိုဘူး..."


အဆုံး၌ လင်ချင်းဟယ်က ဘောပင်ကိုချလိုက်ပြီး ဘေးတိုက်လှည့်ကာ သူ့ကိုကြည့်လာသည်။


ချီးတဲ့မှ...။ ထောင်ရှီး သူ့စကားကြောင့် အာစေးမိသွား၏။ ခရက်ရှ်လေးက မေးခွန်းတစ်ခုမှ မမှားသဖြင့် ပြန်ကြည့်ရန်မလိုဟု ဆိုလိုလိုက်ခြင်းပင်။


" သြော့ ၊ ထားလိုက်တော့။ ငါ မနက်ဖြန်မှပဲ တခြားအတန်းဖော်ဆီက ငှားလိုက်တော့မယ်..."


ထောင်ရှီး အဖြေလွှာစာရွက်ကိုပြန်သိမ်းလိုက်မည်ပြုစဉ် လင်ချင်းဟယ်က ရုတ်တရက် လက်ကိုဆန့်၍ အဖြေလွှာကို သူ့စားပွဲဆီယူသွားကာ ကြည့်နေသည်။


" အာ့၊ အာ့၊ ငါ့ကိုပြန်ပေး..."


ထောင်ရှီး အော်ပြောလိုက်သော်လည်း အဖြေလွှာစာရွက်ကိုမူ လက်သုံး၍ ပြန်မလုရဲချေ။


" မင်းက အဖြေလွှာကို စစ်မလို့မလား..."


လင်ချင်းဟယ်က ခဲတံဗူးထဲမှ မှင်နီတစ်ချောင်းကို ထုတ်လိုက်ပြီး အင်္ဂလိပ်အက်ဆေးကို စဖတ်သည်။


ထောင်ရှီးမှာ ရုတ်တရက် ချွေးပျံလာသည်။ သူ လက်ပြန်ရုတ်လိုက်ပြီး ပင်အပ်များအပေါ်ထိုင်နေရသည့်အလား လင်ချင်းဟယ် သူ့အင်္ဂလိပ်အက်ဆေးပေါ်တွင် မှင်နီဖြင့် မျဉ်းတစ်ကြောင်းသားလိုက်သည်ကို မလှုပ်မယှက်ကြည့်နေမိသည်။ သူ့မျက်လုံးများကမူ တောင်ရောက်မြောက်ရောက်နှင့်ပင်။


သူ မူလတန်းတက်စဉ်က ဆရာမက သူ့ရှေ့တည့်တည့်တွင် အဖြေလွှာများ စစ်ခဲ့တုန်းကထက် ယခုက ပို၍ရင်တုန်ရသည်။


" မင်းရဲ့ စာစီစာကုံးဝေါဟာရက အရမ်းအားနည်းတယ်..."


လင်ချင်းဟယ်က ဆိုလာ၏။


" သြော့..."


ထောင်ရှီး နာခံစွာ ခေါင်းညိတ်လိုက်သည်။ အင်္ဂလိပ်စာတွင် လင်ချင်းဟယ်က ဆရာနှင့်မခြားမနားပင်။ သို့မဟုတ် ဘာသာရပ်အားလုံးနီးပါးလည်း သိပ်မခြားနားခြင်းဖြစ်မည်။


လင်ချင်းဟယ်က အဖြေလွှာစာရွက်ကို ပြန်ကြည့်လိုက်ပြီး သူ မဖြေထားသည့် အကြားစွမ်းရည်မေးခွန်းမှလွဲ၍ အကုန်လုံးကို အမှတ်စစ်ပေးလိုက်သည်။ ဤလူက နှစ်လကြာတာတောင် အဖြေကို မှတ်မိနေခြင်းလား၊ သို့မဟုတ် မေးခွန်းကို ကြည့်လိုက်သည်နှင့် အဖြေကိုတန်းသိနေခြင်းလားကိုတော့ ထောင်ရှီး စဉ်းစားမရပါချေ။


မည်သို့ပင်ဆိုစေ ၎င်းက လုံးဝပုံမှန်ဟုတ်မနေပေ။


" မင်း listening မှာရော အမှတ်ပြည့်ရနိုင်လား..."


လင်ချင်းဟယ်က မေးလာသည်။


ထောင်ရှီး ရိုးသားစွာ ခေါင်းခါပြလိုက်သည်။


" မရနိုင်ဘူး။ အမြဲတမ်းလိုလို မေးခွန်းနှစ်ခုလောက်တော့ မှားတယ်..."

သူက အကြားစွမ်းရည်နှင့် အပြောစွမ်းရည်တွင် အလွန်အားနည်းသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် နှုတ်ပြောနှုတ်ဖြေ စာမေးပွဲမပါခြင်းက ကံကောင်းမှုကြီးတစ်ရပ်ပင်။ မဟုတ်လျှင် သူ ပျက်စီးခြင်းငါးပါးဆိုက်လိမ့်မည်။


" ပြန်ယူသွားပြီး လေ့ကျင့်..."


လင်ချင်းဟယ်က ယတိပြတ်ဆိုလိုက်သည်။


" နားလည်ပြီ..." ထောင်ရှီး ခေါင်းညိတ်ပြလိုက်သည်။


" ဒီမေးခွန်းအစုံအတွက် မင်း ၁၃၃ မှတ်လောက်ရမယ်။ အဲ့ဒါက တန်းခွဲ(၁)ရဲ့ ပျမ်းမျှရမှတ်ထက် ၅ မှတ်နည်းနေပြီး တန်းခွဲ(၁)ရဲ့ အနိမ့်ဆုံး ရမှတ်ထက် ၁ မှတ်တောင် ပိုနည်းနေသေးတယ်..."


ထောင်ရှီး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူ ခေါင်းငိုက်စိုက်ချလျက် "အင်း" ဟူ၍သာ တုံ့ပြန်သံပြုလိုက်သည်။


" မင်း တခြားဘာသာရပ်တွေရဲ့ မေးခွန်းတွေရော ဖြေပြီးပြီလား..."


လင်ချင်းဟယ်က အမေးစကားဆိုသည်။


ထောင်ရှီး အခြားအဖြေလွှာစာရွက်များကိုပါ ကပျာကယာ ထုတ်ပေးလိုက်ပြီး လင်ချင်းဟယ်၏စာရေးခုံပေါ် စုပုံပေးလိုက်သည်။ ရှက်ရွံ့နေခြင်းများကလည်း ဘယ်ဆီဘယ်ဝယ် ထွက်ပြေးသွားသည် မသိတော့ပေ။


လင်ချင်းဟယ်က အဖြေလွှာများကို တစ်ခုပြီးတစ်ခု အမှတ်စစ်ပေးနေပြီး အဆုံး၌ မေးခွန်းအစုံတိုင်း၏ စုစုပေါင်းရမှတ်ကို တွက်ချက်ပေးနေသည်။ ထို့နောက်တွင်မူ တန်းခွဲ(၁)၏ ပျမ်းမျှရမှတ်၊ အနိမ့်ဆုံးရမှတ်နှင့် သူ့ကြားရှိ ကွာခြားမှုကို သူ ရှင်းရှင်းလင်းလင်း နားလည်သွားရသည်။


ရမှတ်အားလုံးကို ပေါင်းကြည့်လိုက်သောအခါ စကားငါးလုံးသာ ထွက်လာသည်။


" အရမ်းကွာလွန်းနေတယ်..."


နောက်ဆုံးတွင် ထောင်ရှီးမှာ စိတ်ဓာတ်ကျဖို့တောင် အင်အားမရှိတော့ချေ။ သူ စာရေးခုံပေါ်မေးထောက်လျက် မျက်လွှာချထားရင်း တောင့်တောင့်ကြီးခေါင်းညိတ်ကာ ဆိုလိုက်သည်။


" သိပါပြီ..."


သူ့အမူအရာက အလွန်သနားစရာကောင်းနေ၍ ဖြစ်မည်။ လင်ချင်းဟယ်က သူ့ကို ခဏမျှ ငုံ့ကြည့်နေအပြီးတွင် စာရေးခုံပေါ်မှ သင်ထောက်ကူစာရေးကိရိယာများကို ကောက်ကိုင်လိုက်ပြီး စာအုပ်တစ်အုပ်ကို ဖွင့်ကာ အကြမ်းရေးခြစ်လိုက်သည်။ ရေးခြစ်နေရင်းပင် မည်သည့်နေရာတွင် ဦးစားပေး အာရုံစိုက်သင့်သည်ကို ရှင်းပြပေးနေသည်။


ထောင်ရှီး ထပ်ခါတလဲလဲ ခေါင်းညိတ်ပြမိသည်။


အဆုံးတွင် လင်ချင်းဟယ်က သူ့ကို ရုတ်တရက် မေးလာသည်။


" မင်းရဲ့အဆိုးဆုံးပြဿနာက ဘယ်နေရာလဲ မင်းသိလား..."


ထောင်ရှီးမှာ တွေးတောရန် အားအင်မရှိပါချေ။ သူ စားပွဲပေါ် မှောက်အိပ်နေရင်း လင်ချင်းဟယ်ရှိသည့်ဘက်ကို ခေါင်းစောင်းလိုက်ပြီး မျက်လွှာများပင့်လျက် ကြည့်လိုက်၏။ သူ၏မျက်လုံးများက ကြည်လင်နေကာ စူးစမ်းလိုခြင်းများသာရှိနေလျက် မေးလိုက်သည်။


" ဘယ်နေရာလဲ..."


" မင်းက အဓိကအချက်ကို သဘောမပေါက်ဘူးလေ..."


လင်ချင်းဟယ်က တိတ်ဆိတ်သွားပြီးမှ သူ့ကို ကြည့်လျက် ထိုစကားကို ပြောလာသည်။


ယင်းက မှန်လောက်မည်ထင်၏။ ထောင်ရှီး ပြန်ပြောင်းတွေးကြည့်မိသည်။ သူက ဖတ်သမျှ မှတ်သမျှစာတိုင်းကို ပြန်လေ့ကျင့်လေ့ရှိသော်လည်း ဘယ်အပိုင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာသင့်သလဲကိုမူ သိနိုင်စွမ်းမရှိခဲ့ပေ။ ထို့ကြောင့် သူနာခံစွာ ခေါင်းညိတ်ပြလိုက်သည်။


" ငါ နောက်ကျမှ အဖြေရှာကြည့်လိုက်မယ်..."


လင်ချင်းဟယ်က ယုံကြည်ပုံမရဘဲ ထပ်မေးလာသည်။


" ဒါဆို နောက်ဆုံးအခေါက်တုန်းက ငါမင်းကိုပြောခဲ့တဲ့အထဲမှာ ဘယ်ဟာက အဓိကအချက်လဲ မင်း ငါ့ကိုပြောပြ..."


ထောင်ရှီး ကြက်သေသေသွားသည်။ သူ နှစ်စက္ကန့်မျှ ဘယ်လိုတုံ့ပြန်ရမည်မသိ ဖြစ်သွား၏။ လင်ချင်းဟယ် သူ့ကို နောက်ဆုံးတစ်ခေါက်စကားပြောခဲ့ခြင်းက ဘတ်စကတ်ဘောကစားပွဲပြီးနောက် ပြောဖြစ်ခဲ့ခြင်းဖြစ်သည်။ စင်စစ်တွင် ထိုအချိန်မှစ၍ စကားသိပ်မပြောဖြစ်တော့ချေ။


သို့သည့်တိုင် ထိုနေ့က အဖြစ်အပျက်များက အလွန်ကို မကောင်းလှပေ။ ထောင်ရှီးမှာ ထိုစကားများကို ပြန်စဉ်းစားကြည့်မိတိုင်း ရင်ဘတ်ထဲက တင်းကြပ်နာကျင်နေဆဲဖြစ်ပြီး သူမှားသွားခဲ့သည်ဟု ခံစားနေရဆဲဖြစ်၏။


သူ စာရေးခုံပေါ်မှ ခေါင်းထောင်လိုက်ပြီး လင်ချင်းဟယ်ကို လှည့်မကြည့်ရဲချေ။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက တောင့်တင်းနေကာ မကျေနပ်မှုများကိုလည်း ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောလိုက်လေသည်။


" မင်းက နောက်တစ်ခါ သူ့ကို အသုံးမချစေချင်တာမလား..."


သူ မျက်တောင်များ ငိုက်စိုက်ချလျက် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ခေါင်းမာစွာဖြင့် ထိုနာမည်ကို ထုတ်မပြောချင်ပါချေ။


" မဟုတ်ဘူး..."


လင်ချင်းဟယ်က ခပ်ပြတ်ပြတ်ပြန်ပြောသည်။


ထောင်ရှီး ငိုင်သွားသည်။ ထို့နောက်တွင်မူ လင်ချင်းဟယ်၏ လေသံအေးအေးဖြင့် စကားဆက်ဆိုလာသံကို သူ ကြားလိုက်ရသည်။


" ငါဆိုလိုချင်တာက မင်းမှာတစ်ခုခုပြောစရာရှိရင် ငါ့ကို တိုက်ရိုက်လာပြော၊ ငါနားထောင်ပေးမယ်..."


ငါနားထောင်ပေးမယ် တဲ့...


ထောင်ရှီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေမိပြီးမှ ရုတ်တရက် မျက်ဝန်းများ အနည်းငယ် ပူနွေးလာသည်ဟု ခံစားလိုက်ရသည်။ သူ့ရင်ဘတ်များ တင်းကြပ်လာကာ လည်ချောင်းများလည်း ခြောက်သွေ့လာ၏။ သူ့မျက်နှာပေါ်က အမူအရာကို လင်ချင်းဟယ်မြင်သွားမည် စိုးသဖြင့် ခေါင်းငုံ့ချလိုက်ကာ အသံကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစားရင်း ပြန်ဖြေလိုက်သည်။


" ငါသိပြီ..."


" ဆိုတော့ မင်း ဒီမနက်တုန်းက ငါ့ကို ဘာပြောချင်နေတာလဲ..."


လင်ချင်းဟယ်က မေး၏။ သူ့လေသံမှာ မဆိုသလောက်လေးပင် ပျော့ပျောင်းလို့နေ၏။ လေသံနည်းနည်းမာသွားလျှင် သူ့ဘေးမှကောင်လေး မပြောချင်တော့မှာကို စိုးရိမ်နေသည့်အလားပင်။


ထောင်ရှီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။


သူ ဂရုတစိုက် တစ်လုံးချင်းရေးထားသော ထိုစာတိုကလေးမှာ သူ၏သတ္တိနည်းမှုကြောင့် ဆုတ်ဖြဲခြင်းခံလိုက်ရပြီး အမှိုက်ပုံးထဲသို့ လွှင့်ပစ်ခံလိုက်ရပြီးပြီ။


သူ အင်အားကုန်သုံး၍ ထိုအပိုင်းအစများကို ပြန်လည်စုစည်းရမည်ဆိုပါက ခြေကုန်လက်ပန်းကျကာ မောဟိုက်ပင်ပန်းသွားရလိမ့်မည်။ သူ့နားထဲတွင် ကျယ်လောင်လာသော လေတိုးသံများနှင့် ရင်တွင်းရှိ ဆူနာမီလှိုင်းလုံးကြီးများကို မြိုသိပ်ကာ တုန်ရီနေသော အသံဖြင့် ပြောလိုက်လေသည်။


" ငါမင်းနဲ့ ထိုင်ခုံဖော်ဆက်ဖြစ်ချင်တယ်..."


" ကောင်းပြီ..."


လင်ချင်းဟယ်က တုံ့ဆိုင်းခြင်းမရှိ အလွယ်တကူလက်ခံလိုက်သည်။


ထိုနေ့က ကာယအတန်းချိန်အပြီး ပြောခဲ့သည့်အတိုင်းပင် “ကောင်းပြီ” ဟူသော စကားတစ်ခွန်းသာဖြစ်၏။ အသံက အလွန်ပင် တိုးညှင်းလှသော်လည်း ထောင်ရှီးမှာ နူးညံ့သော တိမ်သလ္လာထက်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ တိမ်သလ္လာ၏အောက်တွင်မူ မတ်လ၏ ချင်းရွှေမြစ်ကြီးရှိလိမ့်မည်။ လေညှင်းတသွဲ့သွဲ့တိုက်ခတ်တိုင်း တောင်တန်းကြားမှ မက်မွန်ပွင့်များစွာက ကြည်လင်နေသော စမ်းချောင်းထဲသို့ သက်ဆင်းကြွေကျလိမ့်မည်။


ထောင်ရှီး လက်သည်းများစိုက်ဝင်မတတ် လက်ဖဝါးကို တင်းတင်းဖိဆုပ်ထားမိသည်။ လင်ချင်းဟယ်အရှေ့တွင် သူ ငိုမချမိအောင် ထိန်းထားရသည်။


အလွန်ရှက်စရာကောင်းနေလိမ့်မည်။


သူ လျှာကိုကိုက်လိုက်ကာ မနေနိုင်စွာ ဆက်ပြောလိုက်သည်။


" ငါ တန်းခွဲ(၁)မှာ နေနိုင်အောင် မင်းကို ကူညီပေးစေချင်တယ်..."


ယင်းက အခွင့်အရေးကောင်းကို အမိအရဖမ်းဆုပ်လိုက်ခြင်းပင်။


သို့သော် ဤတစ်ကြိမ်တွင်မူ လင်ချင်းဟယ်က ချက်ချင်းလက်မခံလာပါချေ။


ထောင်ရှီးမှာ အနည်းငယ် ပျာယာခတ်သွားသည်။ သူ မနေနိုင်စွာ ဘေးတိုက်လှည့်လျက် လင်ချင်းဟယ်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာက အလွန်ပင် ဆန္ဒစောနေသည့်တိုင် ပါးစပ်ကမူ ဆူးချွန်များအပြည့်ဖြင့် ဤသို့ပြောထုတ်လိုက်၏။


" မင်း ငါနဲ့အတန်းအတူတူ မနေချင်ဘူးမလား..."


ထိုဆူးချွန်လေးက တဖြည်းဖြည်း ချွန်ထက်သည်ထက်ချွန်ထက်လာပြီး ရုတ်တရက် ယန်သောလဲ့ကို အတွေးဝင်မိသွားသည်။ ထိုသူက တန်းခွဲ(၁)ကို ရောက်နိုင်ဖို့ တစ်နှစ်လောက်ကြိုးစားခဲ့ရသည်ပဲဆိုဆို လင်ချင်းဟယ်၏ အကူညီမပါဘဲနဲ့တော့ မရနိုင်ဘူးမဟုတ်လား...


သို့ပေမယ့် သူ့လိုလူက ယန်သောလဲ့နဲ့နှိုင်းယှဉ်ရအောင် ဘာအရည်အချင်းတွေများရှိနေလို့လဲ...။ လင်ချင်းဟယ်ဘက်ကကြည့်လျှင် သူတို့က အချင်းချင်းသိကြတာ ရက်အနည်းငယ်သာရှိသေးသည့် သူစိမ်းတွေပဲ မဟုတ်လား...


ထောင်ရှီး ရင်ဘတ်တွင်း၌ ချဉ်စူးသွားရ၏။ လင်ချင်းဟယ်က သူ့အား "ဟုတ်တယ်" ဟုဖြေလာမည်ကို စိုးထိတ်လှသဖြင့် အတင်းကာရော အပြုံးတစ်ခုကောက်တပ်လိုက်ပြီး အဆင်ပြေချင်ယောင်ဆောင်ကာ ဟန်ဆောင်ပန်ဆောင်ပြောလိုက်သည်။


" ငါ မင်းရဲ့အချိန်တွေ အများကြီးမယူပါဘူး၊ ငါမသိတဲ့ မေးခွန်းတွေပဲမေးမှာပါ။ အပြန်အလှန်အနေနဲ့ ငါမင်းအတွက် သရုပ်ဖော် စာစီစာကုံးရေးတဲ့နေရာမှာ ကူညီပေးမယ်ဆိုရင်ရော..."


သို့သော် လင်ချင်းဟယ်က စာစီကုံးအတွက် ဘာအကူအညီမှ မလိုအပ်ပါချေ။


သူ့ပုံစံက စမ်းချောင်းထဲမှ ကောက်လာသော ကျောက်ခဲလေးများကို ပွေ့ပိုက်ထားသော ကလေးငယ်တစ်ယောက်နှင့်တူနေသည်။ ကျောက်ခဲများစွာထဲမှ အကောင်းဆုံးသော ကျောက်ခဲလေးကို ရွေးယူနိုင်ရန် အသည်းအသန်ကြိုးစားနေပြီး ၎င်းကို တစ်ပါးသူထံမှ ရတနာနှင့် အလဲအထပ်ပြုချင်နေသည်။


လင်ချင်းဟယ်က ထောင်ရှီး၏နီမြန်းနေသော မျက်လုံးများကို ကြည့်လျက် စာရွက်ထောင့်ကို လက်ချောင်းများဖြင့် ခေါက်လိုက်ဖြန့်လိုက်လုပ်နေရင်း ပျင်းတွဲ့တွဲ့လေသံနှင့် ပြောလိုက်သည်။


" တန်းခွဲ(၁)မှာ နေနိုင်မနေနိုင်က မင်းရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာပဲ အဓိကမူတည်တယ်။ ငါ အာမခံပေးလို့မရဘူး..."


ထောင်ရှီးမှာ မျှော်လင့်ချက်ရောင်ခြည်များပြန်သန်းလာပြီး စိတ်အားထက်သန်စွာပြောလိုက်သည်။


" ငါ အချိန်ပြည့် စာသေချာကြိုးစားမှာပါ! "


လင်ချင်းဟယ်က ခေါင်းလှည့်ကာ အတန်း၏နောက်ဆုံးရှိ ကျောက်သင်ပုန်းကို တစ်ချက်ကြည့်လိုက်ပြီး အသံတိမ်တိမ်ဖြင့် သူ့ကိုမေးသည်။


" တကယ်လား..."


သူ့လေသံထဲတွင် မယုံသင်္ကာဖြစ်မှုများ ပါဝင်နေသည်။


ထောင်ရှီးမှာ အလန့်တကြားဖြစ်သွားပြီး သူကိုယ်တိုင်ဆွဲထားသော ချယ်ရီပန်းပွင့်ပုံများနှင့် ကျောက်သင်ပုန်းကို လှည့်ကြည့်လိုက်သည်။ သူ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြန်ပြောလိုက်၏။


" ငါ နောက်နောင် ပန်းချီဆွဲရင်း အချိန်မဖြုန်းတော့ဘူး။ ငါကျန်ရှင်းယွင်ကို ကူညီပေးခဲ့တာကလည်း ဘတ်စကတ်ဘော ကစားပွဲပြီးတုန်းက သူက ငါ့ကို ရေတစ်ဘူးပေးခဲ့တာကြောင့်မို့..."


အဘယ်ကြောင့် သူမအား ကူညီပေးခဲ့သည်ကို ပြောပြအပြီးတွင် သူ အလေးအနက်ထား၍ ထပ်ဖြည့်ကာ ဆက်ပြောလိုက်၏။ " ရေတစ်ဘူးက ၁၂ ယွမ်တန်ရေဘူးလေ။ အရမ်းဈေးကြီးတယ်..."


သို့သော် ပြောပြီးကာမှ ၁၂ ယွမ်တန် ရေဘူးက သူ့အတွက် ဈေးကြီးသော်လည်း အတန်းထဲမှ ကျောင်းသားအများစုအတွက်ကမူ ဘာမှမပြောပလောက်ကြောင်း သတိရမိတော့၏။ အထူးသဖြင့် လင်ချင်းဟယ်ပင် – ဘာမှပြောပလောက်မည်မဟုတ်ချေ။


လင်ချင်းဟယ်က သူ့စကားကိုကြားသောအခါ မျက်ဝန်းထဲတွင် မည်သည့်ခံစားချက်မှ ပြမလာဘဲ ဤသို့သာ ပြောလိုက်သည်။


" မင်း ပန်းချီဆွဲရတာ သဘောကျရင် ပန်းချီကလပ်ကို ဝင်လို့ရတယ်။ တခြားသူတွေရဲ့ကိစ္စတွေနဲ့ အချိန်ကုန်မခံနဲ့..."


ကလပ်ဟုကြားလိုက်လျှင် ထောင်ရှီး အနည်းငယ် ထိတ်ပျာသွားသည်။


လင်ချင်းဟယ်က သူပန်းချီဆွဲရနှစ်သက်သည့်အကြောင်း အဘယ်ကြောင့် သေချာနေသိသလဲကိုပင် သတိမထားမိတော့ဘဲ "ကလပ်" ဟူသော စကားတစ်ခွန်းကိုသာ နားထဲ ကြားမိလိုက်လေသည်။


အဘယ်ကြောင့်ဆိုသော် လင်ချင်းဟယ်နှင့် ယန်သောလဲ့တို့ တီးဝိုင်းထဲတွင် အတူလေ့ကျင့်နေကြသော ပုံရိပ်ကို ရုတ်တရက် ပြန်မြင်ယောင်မိလိုက်သောကြောင့်ပင်။ အတွေးလေးတစ်ခုနှင့်တင် သူ့နှလုံးသားများ တဆစ်ဆစ် နာကျင်လာရသည်။ သူ သဝန်တိုစိတ်ကို မထိန်းနိုင်ဘဲ မနေနိုင်စွာ ပြောလိုက်သည်။


" ကလပ်ဝင်တာက အချိန်ဖြုန်းတာပဲ မဟုတ်ဘူးလား..."


လင်ချင်းဟယ်က သူ၏ကတ်သီးကတ်ဖဲ့ပြောလာမှုကို ဒေါသထွက်ပုံမပြဘဲ သေချာရှင်းပြလာသည်။


" မင်း ကလပ်ထဲမှာ သူငယ်ချင်းအသစ်တွေနဲ့ တွေ့နိုင်တယ်။ ဒါက အချိန်ဖြုန်းတာမဟုတ်ဘူး..."


ထောင်ရှီး တိတ်ဆိတ်သွားသည်။


သူ သူငယ်ချင်းအသစ်များနှင့် မတွေ့လိုပါချေ။


ဤတစ်ကမ္ဘာလုံးတွင် သူ လင်ချင်းဟယ်တစ်ယောက်တည်းကိုသာ သိခွင့်ရချင်သည်။


သို့သော် လင်ချင်းဟယ်၏ပြောစကားကို သူနားထောင်ရမည်။ ထို့ကြောင့် ခေါင်းညိတ်ကာ ဆိုလိုက်၏။


" ဟုတ်ပြီ။ ငါသွားလိုက်မယ်..."


ထောင်ရှီး စကားဆုံးသောအခါမှ လင်ချင်းဟယ်က သူ့ကို တန်းခွဲ(၁)တွင် နေခွင့်ရအောင် ကူညီပေးမည်ဟု ကတိမပေးရသေးကြောင်း သတိရတော့၏။ ယနေ့ ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်တစ်ကြိမ် ပြန်ပြောခွင့်မရနိုင်တော့မှာကို သူ စိုးရိမ်လှသည်။ ထို့ကြောင့် သူ ပါးစပ်ဟလိုက်မည်ပြင်စဉ် လင်ချင်းဟယ်၏ဖုန်းက ရုတ်တရက် မြည်လာသည်။


လင်ချင်းဟယ်က ဖုန်းကိုထုတ်ကာ တစ်ချက်ကြည့်သည်။ ဖုန်းကိုင်လိုက်အပြီးတွင် သူက ပြောသည်။


" ကျွန်တော် စာသင်ခန်းထဲမှာ...လဲ့လဲ့က လေ့ကျင့်နေတုန်းဖြစ်မယ်..."


ထောင်ရှီးမှာ ပွင့်ဟနေပြီးသား ပါးစပ်လေးကို ဖြည်းညင်းစွာ ပြန်ပိတ်လိုက်သည်။ ထို့နောက် လင်ချင်းဟယ်၏ စကားဆိုသံကို သူ ကြားလိုက်ရ၏။


" ဟုတ်ပြီ။ ကျွန်တော် ခဏနေ လဲ့လဲ့ကို အိမ်ခေါ်လာခဲ့မယ်..."


လင်ချင်းဟယ်က ဖုန်းပြန်ချလိုက်ပြီး မတ်တပ်ထရပ်ကာ ထောင်ရှီးကို ပြောလိုက်သည်။


" ငါအရင်သွားနှင့်မယ်..."


ထောင်ရှီးမှာ အချိန်အတော်ကြာမှ နှုတ်ခမ်းစွန်းများပင့်လျက် ပြုံးပြနိုင်လိုက်ပြီး လင်ချင်းဟယ်ကို ကြည့်ကာ ပြောလိုက်သည်။


" ဟုတ်ပြီ။ မနက်ဖြန်မှ တွေ့မယ်..."


သူ့အပြုံးက ကြည့်ရဆိုးနေမည်လားကိုလည်း သူမစဉ်းစားနိုင်တော့ချေ။


လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းများကို စိုက်ကြည့်လျက် ခဏကြာမှ စကားထပ်ဆိုလာသည်။


" မနက်ဖြန်နေ့လယ် ငါအတန်းထဲမှာ ရှိမယ်..."


ထောင်ရှီး ကြက်သေသေသွားသည်။ သူ တုံ့ပြန်မှုမပြုနိုင်သေးခင် လင်ချင်းဟယ်က အတန်းပြင်သို့ ထွက်သွားလေပြီ။


သူ စာသင်ခန်းထဲတွင် တစ်ယောက်တည်းဆက်ထိုင်နေရင်း စားပွဲပေါ်က အဖြေလွှာစာရွက်များကို ငူငူကြီး ထိုင်ကြည့်နေမိသည်။


အဖြေလွှာစာရွက်ပေါ်တွင်မူ မှင်နီဖြင့် အမှားပြင်ပေးထားသည့် လင်ချင်းဟယ်၏လက်ရေးလက်သားများက ရှိနေဆဲဖြစ်၏။ သူ ထိုလက်ရေးများကို စိုက်ကြည့်နေရင်း ယခုဖြစ်ခဲ့သမျှ အရာအားလုံးက အစစ်အမှန်ပင်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။


သူ ရုတ်တရက် မျက်နှာကိုအုပ်လိုက်ပြီး ရယ်ချမိသည်၊ ရယ်ပြီးသည့်နောက်တွင် သူ ဝမ်းနည်းလာပြန်သည်။ စိတ်မမှန်တော့သည့်အလားပါပင်။


သူက သကြားလုံးလေးတစ်လုံးကို ရလိုက်သည့်အခါတိုင်း ဘယ်သောအခါမှ ရောင့်ရဲမကျေနပ်နိုင်ခဲ့ပေ။ တခြားသူက သူ တစ်ခါမှစားခွင့်မရှိခဲ့သော သကြားလုံးများကို ရရှိပြီးသားဖြစ်နေကြောင်း သိနေရသောကြောင့်ပင်။


ထိုသကြားလုံးများအားလုံးက သူ့အပိုင်သာ ဖြစ်ခဲ့သင့်သည်။


______________