အပိုင်း ၁၁
Viewers 8k

The Moon Is Coming To Me


Chapter - 11


ယန်သောလဲ့က ကျောပိုးအိတ်လွယ်လျက် ကျောင်းပေါက်ဝတွင် စောင့်နေသည်။ သူနှင့်လင်ချင်းဟယ်ကို လာကြိုသည့် လင်မိသားစုကားမောင်းသမားက ရောက်နေသည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်သော်လည်း လင်ချင်းဟယ်ကမူ ထွက်မလာသေးချေ။ 


နှစ်မိနစ်၊ သုံးမိနစ်ခန့် စောင့်ပြီးနောက်တွင် လင်ချင်းဟယ်ထွက်လာသည်ကို ယန်သောလဲ့ မြင်လိုက်ရသည်။


" ချင်းဟယ်ကော၊ မင်း စာသင်ခန်းထဲကို ပြန်ပြီးဘာသွားလုပ်တာလဲ…။ အဖွဲ့ခေါင်းဆောင်က စန္ဒယားဆက်တီးရအောင်လို့ မင်းကိုသွားရှာသေးတယ်…”


ယန်သောလဲ့က လင်ချင်းဟယ်နောက်မှလိုက်ကာ ကားရပ်နားရာဆီသို့ အတူလျှောက်လာသည်။


" စာသင်ခန်းထဲမှာ တစ်ခုခုကျန်ခဲ့လို့…" လင်ချင်းဟယ်က ဖြေသည်။


" အဲ့လောက်ထိအရေးကြီးနေတာ ဘာမို့လဲ…"


ယန်သောလဲ့က အမှတ်မထင် မေးလိုက်၏။ သူ လင်ချင်းဟယ်၏ အမူအရာကို လှမ်းအကဲခတ်ကြည့်လိုက်သော် လင်ချင်းဟယ်က သူ့ကိုပြန်ဖြေချင်ပုံမရချေ။


အမှန်တွင် သူတို့နှစ်ဦးက အတူတူကြီးပြင်းလာခဲ့ပြီး တစ်ယောက်အကြောင်းတစ်ယောက်လည်း ကောင်းကောင်းသိကြသည်။ သူနှင့်လင်ချင်းဟယ်က ဆက်ဆံရေးကောင်းမွန်သည့်တိုင် လင်ချင်းဟယ် မပြောပြလိုသောကိစ္စတစ်ခုကိုမူ ဘယ်သောအခါမှ မေး၍ရနိုင်မည်မဟုတ်ချေ။


နှစ်ယောက်သား လင်အိမ်တော်သို့ ပြန်ခဲ့ကြသည်။ အနက်ရောင်ဂါဝန်ရှည် ၀တ်ထားသည့် အရပ်မြင့်မြင့် အမျိုးသမီးကြီးတစ်ဦးက အိမ်တံခါးဝတွင် ရပ်စောင့်နေသည်။ သူမတွင် ပုခုံးထိရှည်သော အနက်ရောင်ဆံနွယ်များရှိပြီး သူတို့နှစ်ဦး ကားပေါ်မှ ဆင်းလာသည်နှင့် သူမမျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်ထွန်းလာသည်။


" လော်မားမား…"


ယန်သောလဲ့က လော်ကျန်းယင်းကို ပြေးဖက်လိုက်သည်။ သူ့အသံကလည်း ချိုမြိန်နေ၏။


လော်ကျန်းယင်းက လင်ချင်းဟယ်၏မိခင်ဖြစ်ပြီး ဝမ်းဟွာမြို့မှ နာမည်ကြီး စန္ဒယားဆရာမတစ်ယောက်လည်းဖြစ်၏။ သူမက ပြုံးကာ ဦးစွာ "လဲ့လဲ့" ဟုနှုတ်ဆက်လျက် ယန်သောလဲ့ကို ပြန်ပွေ့ဖက်လိုက်သည်။ ထို့နောက်မှ သူမသားကိုကြည့်ကာ မေးလိုက်သည်။


" ချင်းဟယ်၊ ဒီနေ့ ကျောင်းဆင်းတာ ဘာလို့နောက်ကျနေတာလဲ…"


" ကိစ္စတစ်ခုရှိလို့ ကြာသွားတာ…"


လင်ချင်းဟယ်က သူနှင့်ယန်သောလဲ့၏ ကျောင်းလွယ်အိတ်များကိုသယ်ကာ ဖိနပ်ပြောင်းစီးပြီး အိမ်ထဲကို ၀င်သွားသည်။


လော်ကျန်းယင်း သက်ပြင်းမျှင်းမျှင်းမျှ ချလိုက်သည်။ သူမသားက သူမကဲ့သို့ စန္ဒရားတီးကျွမ်းကျင်သည်ကလွဲ၍ အဖေနှင့် ပိုတူသည်။ သူက လူအများစုကို အရေးလုပ်လေ့မရှိသလို ဆွေမျိုးများနှင့် မျက်နှာချင်းဆိုင်ရလျှင်တောင် ဘယ်သောအခါမှ နွေးနွေးထွေးထွေးမနေတတ်ပါချေ။


သူမလည်း ဘာမှဆက်မေးမနေတော့ဘဲ  “ အရင်ဆုံး ထမင်းစားလိုက်ကြဦးစို့…” ဟုသာ ပြောလိုက်သည်။


စားပွဲပေါ်တွင် စားစရာများက အလျှံအပယ်ပင် စုံလင်နေသည်။ ပုံမှန်အားဖြင့် အိမ်တွင် အိမ်တော်ထိန်းကသာ ချက်ပြုတ်ပေးလေ့ရှိပြီး လောကျန်းယင်းကမူ သူမ၏လက်များကို အမြဲအမြတ်တနိုးသာထားတတ်သည်။


သုံးဦးသား နေရာတွင်ထိုင်ပြီး ထမင်းလက်စုံစားကြရင်း ယန်သောလဲ့က ကျောင်းမှအဖြစ်အပျက်များကို လော်ကျန်းယင်းအား ပျော်ရွှင်စွာ ပြန်ပြောပြနေသည်။ လော်ကျန်းယင်းက အပြုံးလေးတစ်ခုနှင့်သာ တုံ့ပြန်နေပြီး လင်ချင်းဟယ်ကမူ အစားစားနေချိန်တွင် စကားပြောသိပ်မပြောပေ။


စင်စစ်တွင် လင်မိသားစုစည်းကမ်းအရ အစားစားနေချိန်အတွင်း စကားပြောခွင့်မရှိပေ။ လင်ချင်းဟယ်၏ အဖိုးဖြစ်သူ လင်ဝေလျန်က ဝမ်းဟွာမြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးဖြစ်၏။ လူအိုကြီးက အလွန်စည်းကမ်းကြီးသည်။ အကြီးဆုံးသား လင်ကျဲချိုးက ခရိုင်ပါတီကော်မတီ၏ လက်ရှိ အထွေထွေအတွင်းရေးမှုးဖြစ်သည်။ အငယ်ဆုံးသား လင်ကျဲရှစ်ကမူ ရွေ့ကျဲအုပ်စုကို တည်ထောင်ထားပြီး အိမ်ခြံမြေလုပ်ငန်းများကို အဓိကထား ရင်းနှီးမြှုပ်နှံသည်။


လင်ကျဲရှစ်က လော်ကျန်းယင်း၏ ခင်ပွန်းဖြစ်သည်ပင်။ သို့သော်လည်း သူက များသောအားဖြင့် မြို့ပြင်တွင်သာ အလုပ်လုပ်ရလေ့ရှိပြီး အိမ်ကိုပြန်လာခဲသည်။


“ လဲ့လဲ့ ၊ သားက အခုတန်းခွဲ(၁)ကို ပြောင်းရပြီဆိုတော့ ချင်းဟယ်ဘေးမှာ ထိုင်ရလား…” လော်ကျန်းယင်းက အမေးစကားဆိုလိုက်သည်။


ယန်သောလဲ့က သူငယ်တန်းမှ အလယ်တန်းအထိ လင်ချင်းဟယ်နှင့် အတန်းချင်းတူခဲ့သော်လည်း ဝမ်းဟွာ အ.ထ.က(၁)က ကျောင်းသားများကို အဆင့်အလိုက် အတန်းခွဲပြီးနောက်တွင် သူတို့နှစ်ဦးက တစ်တန်းတည်း အတူမနေရတော့ချေ။ ယန်သောလဲ့မှာ ပြီးခဲ့သည့်တစ်နှစ်လုံး ရေကုန်ရေခမ်း စာကြိုးစားခဲ့ရုံမျှမက လင်ချင်းဟယ်၏စာသင်ပြပေးမှုများကြောင့် အထက်တန်းဒုတိယနှစ်တွင် အတန်းအတူတူ တက်ခွင့်ရလာခဲ့သည်။


နောက်ဆုံးစာမေးပွဲရလဒ်များထွက်၍ ကျောင်းပြန်ဖွင့်သည့်တိုင်အောင် ယန်သောလဲ့က လင်ချင်းဟယ်၏ထိုင်ခုံဖော်ဖြစ်လိုကြောင်း တဖွဖွပြောနေခဲ့လေ၏။


ယန်သောလဲ့က နှုတ်ခမ်းလေးမဲ့ကျသွားကာ  ဘေးမှ လင်ချင်းဟယ်ကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး လော်ကျန်းယင်းကို အနည်းငယ် ခပ်ချွဲချွဲအမူအရာဖြင့် တိုင်‌တောတော့သည်။


“ မားမားလော်၊ ချင်းဟယ်ကောမှာ တခြားထိုင်ခုံဖော်ရှိနေတယ်…”


လော်ကျန်းယင်းမှာ အနည်းငယ်အံ့ဩသွားသည်။ လင်ချင်းဟယ်တွင် ထိုင်ခုံဖော်မရှိကြောင်း သူမသိထားသည်။ အဘယ်ကြောင့်ဆိုသော် သူမသားက လူအများနှင့်နီးနီးကပ်ကပ်နေပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံရသည်ကို မနှစ်သက်သောကြောင့်ပင်။ အမေဖြစ်သည့် သူမတောင်မှ ယန်သောလဲ့နှင့်ရင်းနှီးသလောက် သားဖြစ်သူကို ရင်းရင်းနှီးနှီး မရှိပါချေ။


“ အဲ့ဒီတစ်ယောက်က အရင်အတန်းဖော်ဟောင်းပဲလား…”


လော်ကျန်းယင်းမှာ ယန်သောလဲ့မှလွဲ၍ လင်ချင်းဟယ်ဘေးတွင် ထိုင်ခွင့်ရှိသည့် အခြားတစ်ယောက်ကို စဉ်းစားမရနိုင်ပါချေ။


ယန်သောလဲ့က ဆက်ပြောလာသည်။


“ မဟုတ်ဘူး၊ မာမားနဲ့ ဦးလေးလင်က ချင်းရွှေခရိုင်အတွက် တိုက်ရိုက်အဝေးလွှင့်သင်ကြားရေးအတန်းကို ထောက်ပံ့ပေးခဲ့တယ် မဟုတ်လား…။ ချင်းရွှေခရိုင်မှာ ပထမရတဲ့သူက ကျွန်တော်တို့အတန်းကို ရောက်လာပြီး အတန်းပိုင်ဆရာက အဲ့ဒီအတန်းဖော်အသစ်ကို ချင်းဟယ်ကော ဘေးမှာ ထိုင်ခိုင်းလိုက်တာလေ.. "


လော်ကျန်းယင်း အံ့ဩသွားသည်။ လင်မိသားစုက အစိုးရနှင့် ချိတ်ဆက်၍ ချင်းရွှေခရိုင်အတွက် တိုက်ရိုက်အဝေးလွှင့် စာသင်ခန်းများ ပြုလုပ်ပေးခဲ့ခြင်းအပြင် ထောက်ပံ့ကြေးငွေကိုပါ လှူဒါန်းပေးခဲ့သည်။ ထောက်ပံ့ကြေးငွေ အသေးစိတ်ကိုမူ သူမလည်း တိတိကျကျနားမလည်ပါချေ။


ယန်သောလဲ့က လင်ချင်းဟယ်ဘေးတွင် ထိုင်လိုစိတ်ပြင်းပြနေသည်ကို သိသည့်အတွက် သူမက ဝင်ပြောပေးလိုက်၏။


" သားတို့အတန်းထဲမှာ ထိုင်ခုံဖော်ကို လွတ်လွတ်လပ်လပ် ရွေးခွင့်ရှိတယ်မဟုတ်ဘူးလား…။ နောက်တစ်ခါကျ ခုံပြောင်းထိုင်လေ။ လဲ့လဲ့နဲ့ အတန်းဖော်အသစ်က နေရာချင်းလဲလိုက်ရုံလေးပဲ…"


တစ်ချိန်လုံး စကားမပြောဘဲ တိတ်နေသည့် လင်ချင်းဟယ်က ရုတ်တရက် ထပြောလာသည်။


“ မလိုဘူး…”


လော်ကျန်းယင်းနှင့် ယန်သောလဲ့တို့ တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။


ယန်သောလဲ့က အနည်းငယ် ဒေါသထွက်သွားကာ မပီမသပြောလိုက်သည်။


" ထောင်ရှီးက ငါ့ကို နည်းနည်း မုန်းနေတယ်လို့ မထင်ဘူးလား..။ ငါမင်းကို သူနဲ့သူငယ်ချင်း မဖြစ်စေချင်ဘူး…"


ထောင်ရှီး၏ သူ့အပေါ်ထားသည့် ရန်လိုမှုကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ အဘယ်ကြောင့်မှန်းမသိ သူသည်လည်း ထောင်ရှီးကို သဘောမကျသည်လည်းမဟုတ်၊ သဘောကျသည်လည်းမဟုတ်ပေ။ သူ့နှလုံးသားထဲတွင် နည်းနည်းမုန်းတီးသည့်ဘက်ကိုတောင် ပိုအလေးသာနေမိသည်။ ထောင်ရှီးနှင့် ပတ်သက်ပြီး နားမလည်နိုင်သော သတိနှင့်ကာကွယ်မှုများက သူ့မသိစိတ်ထဲတွင်ရှိနေ၏။


လင်ချင်းဟယ်က သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ သူသာ ထောင်ရှီးနှင့် သူငယ်ချင်းဖြစ်သွားခဲ့လျှင် သစ္စာဖောက်ခံလိုက်ရသလို ခံစားရလိမ့်မည်။


ထောင်ရှီးဆိုသည်မှာ လင်ချင်းဟယ်၏ထိုင်ခုံဖော်ဖြစ်လိမ့်မည်ဟု လော်ကျန်းယင်း ခန့်မှန်းမိလိုက်သည်။ သို့သော် သူမအနေနှင့် ကလေးအချင်းချင်း သဘောထားမတိုက်ဆိုင်မှုကို ဝင်ပြောရန် မလွယ်ကူသောကြောင့် ဘာစကားမှဝင်မပြောဖြစ်ပေ။


လင်ချင်းဟယ်က တူနှစ်ချောင်းကို အောက်ချလိုက်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။


" လဲ့လဲ့.. လူတိုင်းက မင်းဖြစ်စေချင်သလို လိုက်လုပ်ပေးနေမှာမဟုတ်ဘူး…"


ထမင်းစားခန်း၏ လေထုအခြေအနေက ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။


လင်ချင်းဟယ်ထံမှ ယန်သောလဲ့အား ဤကဲ့သို့ အလေးအနက် စကားများပြောလာခြင်းကို ကြားရခဲသည်။ လော်ကျန်းယင်းမှာ ယန်သောလဲ့ကို သူမ၏ကလေးတစ်ယောက်ပမာ သဘောထားကာ အမြဲချစ်ခင်ခဲ့ပြီး လင်ချင်းဟယ်ကလည်း သူမနည်းတူ ချစ်ခင်ပေးခဲ့သည်။


သူမက ဖျန်ဖြေပေးသည်အနေနှင့် ဝင်ပြောလိုက်သည်။


“ အဲဒီအကြောင်း မပြောနဲ့တော့။ လဲ့လဲ့…ပြီးခဲ့တဲ့တစ်ခေါက်က သားပြောတဲ့ ဂိမ်းအသစ်ကို မာမားဝယ်ပေးထားတယ်။ အဲ့ဒါကို ဂိမ်းစက်ထဲ ထည့်ထားပြီးပြီ။ ပြီးမှ ချင်းဟယ်နဲ့ သွားကစားကြနော်.."


အိမ်ထဲတွင် ရုပ်ရှင်ကြည့်ရန်နှင့် ဂိမ်းကစားရန်အတွက် အထူးဖျော်ဖြေရေးအခန်းတစ်ခုရှိသည်။ ယမန်နှစ်က ယန်သောလဲ့၏မွေးနေ့အတွက် VR ဂိမ်းစက်အစုံအလင်ကို သူမလက်ဆောင်ဝယ်ပေးခဲ့သည်။ သို့သော်လည်း ယန်သောလဲ့က အကြိမ်အနည်းငယ်ကစားပြီးနောက် ငြီးငွေ့သွားခဲ့လေသည်။


“ ကျွန်တော် တကယ်မကစားချင်ဘူး…လော်မားမား..တစ်ရေးတစ်မောပဲ သွားအိပ်တော့မယ်…"


ယန်သောလဲ့က တူနှစ်ချောင်းကိုချကာ ထမင်းစားခန်းထဲမှ ထွက်သွားသည်။ သိသိသာသာကို စိတ်ကောက်သွားခြင်းပင်။


သို့သော် လော်ကျန်းယင်းမှာ သိပ်စိတ်မပူပါချေ။ ကောင်လေး၏ဒေါသက လျင်မြန်စွာ ထွက်လွယ်ပြေလွယ်သည်။ သူ့ကို စကားအနည်းငယ်သာ ပြောပေးရန်သာ လိုသည်။


လင်ချင်းဟယ်ကပါ မတ်တပ်ထရပ်လိုက်သောအခါ လော်ကျန်းယင်းက တားလိုက်သည်။


" ချင်းဟယ် ၊ မာမားနဲ့ စကားပြောရအောင်…"


လော်ကျန်းယင်းက လင်ချင်းဟယ်ရှေ့တွင် သူမကိုယ်သူမ ‘မာမား’ ဟု သုံးနှုန်းလေ့မရှိပေ။  အကယ်၍ ထိုသို့သုံးနှုန်းလာလျှင်တော့ သေးငယ်သော တောင်းဆိုမှုဟု အဓိပ္ပာယ်ရသည်။


လင်ချင်းဟယ်က မိခင်ဖြစ်သူကို ငုံ့ကြည့်လိုက်ကာ အငြင်းစကားမဆိုဖြစ်ပေ။


“ဟုတ်ကဲ့…”


သားအမိနှစ်ယောက် ဒုတိယထပ်ရှိ စတူဒီယိုသို့ တက်သွားလိုက်ကြသည်။ စတူဒီယိုက အလွန်ကျယ်ဝန်းသော်လည်း ပန်းချီဆွဲသည့်ကိရိယာဟူ၍ တစ်ခုတစ်လေမျှ ရှိမနေဘဲ နံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားများစွာသာ ရှိနေသည်။ ပန်းချီကားအများစုကို လူတစ်ဦးထဲမှ ရေးဆွဲထားမှန်း သိသာလှသည်။


လော်ကျန်းယင်းက ကော်ဖီခွက်ကိုကိုင်ရင်း ပန်းချီကားတစ်ချပ်နားသို့ လျှောက်သွားသည်။ ပန်းချီကားကို ခဏလောက်ကြည့်နေပြီးနောက် သူမက ပြုံးလိုက်သည်။


“ ဒီနေ့ လဲ့လဲ့ဆီက ချင်း‌ရွှေခရိုင်အကြောင်း ပြောလာတာကိုကြားတော့ ဒီပန်းချီကားကို ရုတ်တရက် သတိရသွားတယ်။ တကယ့်မြင်ကွင်းက ပန်းချီကားထဲကအတိုင်း လှနေပါ့မလား မသိဘူး…”


၎င်းက ဆီဆေးပန်းချီကားတစ်ချပ် ဖြစ်သည်။ ပန်းချီကားထဲတွင် ကြည်လင်သော စမ်းချောင်းလေးတစ်စင်းသည် တောင်ကုန်းလေးထဲ ကွေ့ကောက်စီးဆင်းလျက် ရှိနေ၏။ စမ်းချောင်းတစ်လျှောက်တွင် မက်မွန်ပွင့်များက တိမ်များ၊ ချိတ်ပိုးထည်များကဲ့သို့ ဖွေးဖွေးလုနေကာ ရေပြင်ပေါ်ရှိ မက်မွန်ပွင့်များကမူ ဝေးရာကိုမျောပါသွားကြသည်။ တောင်ပေါ်လမ်းတစ်ဝက်တွင် အနက်ရောင်အုပ်ကြွပ်မိုးနှင့် အဖြူရောင်နံရံ ခြံခတ်ထားသည့် လယ်တောအိမ်လေးတစ်အိမ် ရှိနေပြီး မီးခိုးများတလူလူထွက်နေသည်။ ပန်းချီကားလေးက တိတ်ဆိတ်အေးချမ်းသည့်အသွင်ဆောင်နေကာ  ပန်းချီကား၏ ညာဘက်အောက်ထောင့်တွင် “ဆွေ့” ဟူသော စာလုံးသေးသေးလေးကို ရေးထိုးထားသည်။


" မား သွားကြည့်လိုက်လို့ရတယ်လေ…" လင်ချင်းဟယ်က မသိလိုက်ဘာသာ ပြောလိုက်သည်။ သူက ပန်းချီကားကို ကြည့်နေခြင်းမှန်သော်လည်း ပန်းချီကားချပ်ကို ဖောက်ထွင်း၍ အခြားအရာတစ်ခုကို ကြည့်နေပုံပင်ပေါ်နေသည်။


လော်ကျန်းယင်းက သက်ပြင်းဖွဖွချလိုက်ပြီး မျက်နှာက အနည်းငယ်မှိုင်းညို့သွားသည်။ သူမက အခြားပန်းချီကားများကိုပါကြည့်ရန် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရင်း အဓိကအကြောင်းအရာကို စကားဆက်သည်။


“ ခုတလော လဲ့လဲ့ရဲ့အဖေက ပြန်ရောက်နေတာဆိုတော့ လဲ့လဲ့က စိတ်အခြေအနေကောင်းနေရှာမှာမဟုတ်ဘူး။ သူက ကလေးပဲရှိသေးတာ..ပြီးတော့ မင်းလောက်လည်း မရင့်ကျက်ဘူး။ သူ့ကို စိတ်မဆိုးပါနဲ့…"


လင်ချင်းဟယ်က ခဏကြာ နှုတ်ဆိတ်သွားပြီးနောက်မှ မေးလိုက်သည်။


" ဦးလေးယန် ပြန်ရောက်နေတာ ဘယ်နှရက်ရှိပြီလဲ…”


လော်ကျန်းယင်းက ထိုလူ့အကြောင်း မပြောချင်သကဲ့သို့ မျက်မှောင်ကြုတ်သွား၏။ သူမက အေးစက်စက်ဖြင့် ပြောလာသည်။


“ နှစ်ရက်သုံးရက်လောက်ရှိပြီ။ အဲ့ဒါကြောင့် လဲ့လဲ့ကို မင်းနဲ့ပြန်ခေါ်ခိုင်းလိုက်တာ။ သားအဖနှစ်ယောက်က တွေ့တာနဲ့ စကားများနေကြဦးမှာ။ ဦးလေးဖန်းရဲ့အိမ်ကိုလည်း အပူတွေသွားပေးမိနေဦးမယ်…”


ယန်သောလဲ့က ဖန်းကျူချင်း၏အိမ်တွင်တစ်လှည့်၊ လော်ကျန်းယင်း၏အိမ်တွင်တစ်လှည့် ကြီးပြင်းခဲ့ရသူဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ ယန်ကျန်းမင်က ဆေးဘက်ဆိုင်ရာလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံသူ ဖြစ်သည့်အလျောက် အစောပိုင်းနှစ်များတွင် သူ့လုပ်ငန်းနှင့်သူ အလုပ်ရှုပ်နေခဲ့ပြီး ယန်သောလဲ့ကိုလည်း သိပ်ဂရုမစိုက်လှပေ။ သိပ်မကြာခင်နှစ်များကမှ သားဖြစ်သူနှင့် ဆက်ဆံရေးပြေလည်လိုခဲ့သဖြင့် ယန်သောလဲ့၏အဖိုးအိမ်ကို အချိန်တိုင်းသွားခဲ့သည်။ လော်ကျန်းယင်းတစ်ယောက်သာ ထိုနေရာကို မသွားဝံ့သူဖြစ်လိမ့်မည်။


" မင်းမသိဘူး.. နောက်ဆုံးတစ်ခေါက်တုန်းက ယန်ကျန်းမင်က ချစ်သူကောင်မလေးအသစ်ခေါ်ပြီး ပြန်လာတာ။ သူ့ပုံစံက...ကဲပါလေ ဘယ်လိုပဲဖြစ်ဖြစ် လဲ့လဲ့က သူ့ကို တွေ့သွားတယ်။ ပြီးတော့ အတော်ကြာတဲ့အထိ စိတ်အနှောင့်အယှက်ဖြစ်သွားရှာတယ်…"


လော်ကျန်းယင်းက ရွံရှာစိတ်ဖြင့် မျက်လုံးများလှန်လိုက်ပြီး ခေါင်းငုံ့ကာ ကော်ဖီတစ်ငုံသောက်လိုက်သည်။


သူ့အမေက ထိုကိစ္စကို အခဲမကြေသေးမှန်း လင်ချင်းဟယ်နားလည်သည်။ ဖန်းဆွေ့ကွယ်လွန်ပြီးနောက်တွင် ယန်ကျန်းမင်မှာ နှစ်နှစ်ခန့် အလဲလဲအကွဲကွဲနှင့် ဖရိုဖရဲဖြစ်ခဲ့ရသည်။ ဖန်းကျူချင်းက သူ့ကို ဆူဆဲကြိမ်းမောင်းလိုက်ပြီးနောက်မှ သူ့လုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ခဲ့သည်။ နှစ်များစွာကြာသည့်တိုင် သူက နောက်အိမ်ထောင်ထပ်မပြုခဲ့သော်လည် မကြာသေးခင်နှစ်များမှစ၍ ချစ်သူအများအပြားထားခဲ့သည်။ ချစ်သူတစ်ဦးစီတွင်လည်း ဖန်းဆွေ့နှင့်တူသော အရိပ်လက္ခာများရှိနေခဲ့ကြသည်။


စင်စစ်တွင် ယင်းက လူကြီးသူမများ၏ကိစ္စသာဖြစ်သောကြောင့် လင်ချင်းဟယ်လည်း ဝင်ပြောနိုင်တာ ဘာမှမရှိချေ။


လော်ကျန်းယင်းက ထိုကြောင်းအရာကို ဆက်မပြောတော့ချေ။ သူမက ကလေးတစ်ယောက်ဆွဲထားသည့် ပန်းချီကားလေးတစ်ချပ်ဆီ လျှောက်သွားလိုက်ပြီး ခဏကြာသော် ပြုံးကာပြောသည်။


" ငယ်ငယ်တုန်းက မင်းရော လဲ့လဲ့ရော နှစ်ယောက်လုံး ပန်းချီဆွဲသင်ခဲ့ကြတယ်လေ။ ဒါပေမယ့် ကံမကောင်းတာ မင်းက ဘယ်တော့မှ စိတ်မရှည်ဘူး..လဲ့လဲ့ကတော့ အမြဲတမ်း သင်ယူချင်ခဲ့ပေမယ့် ကောင်းကောင်းမဆွဲတတ်ဘူး။ နောက်ဆုံးတော့ သူလက်လျှော့လိုက်တယ်။ ဒါက သူ့အမေနဲ့ လုံးဝကွဲပြားနေတာပဲ…”


စကားအဆုံးတွင် လော်ကျန်းယင်း၏လေသံမှာ အနည်းငယ်ပြင်းလာပြီး မျက်လုံးများက ပြူးကျယ်လာသည်။


လင်ချင်းဟယ်က ယန်သောလဲ့ ရှစ်နှစ်သားအရွယ်တွင် ရေးဆွဲခဲ့သော ပန်းချီကားကို အကြည့်ပို့လိုက်သည်။ ပုံထဲတွင် ကလေးတစ်ယောက်က မိဘနှစ်ပါး၏လက်ကို ဆွဲကိုင်ထားသည်။ မိခင်ဖြစ်သူက အနက်ရောင်ဆံပင်ရှည်များရှိပြီး လက်ထဲတွင် ပန်းချီစုတ်တံတစ်ချောင်းကို ကိုင်ထားသည်။ မိသားစုသုံးယောက်လုံး၏မျက်နှာက ပျော်ရွှင်ဝင်းပနေကြသည်။


သူက မက်မွန်ပွင့်များနှင့် တသွင်သွင်စီးနေသောစမ်းချောင်းလေးပုံပါသည့် ပန်းချီကားဆီ လျှောက်သွားကာ ပန်းချီကားကို ကြည့်ရင်းပြောလိုက်လေသည်။


" လူတိုင်းမှာ သူ့ရဲ့အရိပ်တွေလွှမ်းမိုးနေစရာမလိုဘူး။ ကျွန်တော်လည်း မလိုဘူး၊ လဲ့လဲ့လည်း အဲ့ဒီလိုပဲ…”


ဤအိမ်ကြီးကဲ့သို့ပင်….သူသာ ဝတ်မှုန်နှင့်ဓာတ်မတည့်သည့်ရောဂါမရှိခဲ့ပါက  ဥယျာဉ်တစ်ခုလုံး ထိုအမျိုးသမီး အကြိုက်ဆုံးဖြစ်သော နှင်းဆီဖြူများနှင့် ပြည့်နှက်နေပေလိမ့်မည်။


လော်ကျန်းယင်း ကြက်သေသေသွားကာ အချိန်အတော်ကြာသည်အထိ စကားပြန်မပြောနိုင်ခဲ့ပေ။


----------------


ထောင်ရှီးက နေ့လယ်ခင်းတွင် ကျောင်းမှပြန်လာခဲ့သည်။ သူ အင်္ဂလိပ် listening တိပ်ခွေကို ဝယ်ရန်အတွက် ကျောင်းအနီးမှ စာအုပ်ဆိုင်တစ်ဆိုင်ထဲ ဝင်သွားလိုက်သည်။ အကြောင်းမှာ လင်ချင်းဟယ်က သူ့ကို အင်္ဂလိပ်အကြားစွမ်းရည် ပြန်လေ့ကျင့်ရန် ပြောလိုက်သောကြောင့်ပင်။


ထောင်ရှီးတွင် ပထမတန်းတက်စဉ်က ဝယ်ခဲ့သည့် ကတ်ဆက်လေးတစ်လုံးရှိသည်။ ခလုတ်များက အနည်းငယ် နှိပ်ရနေခက်သော်လည်း အလုပ်တော့ဖြစ်နေသေး၏။


သို့သော် စာအုပ်ဆိုင်ထဲတွင် အချိန်အတော်ကြာ ရှာဖွေပြီးသည်အထိ တိပ်ခွေပါသည့် အကြားစွမ်းရည်စာအုပ်ကို ရှာမတွေ့သေးပေ။ စာအုပ်ဆိုင်ပိုင်ရှင်ကပင် သူ့ကို လာမေးယူရသည့်အထိ ဖြစ်လေ၏။


“ ကျောင်းသားလေး၊ ဘယ်စာအုပ်လေးတွေ ရှာနေတာလဲ…”


"ကျွန်တော် အထက်တန်းကျောင်းသားတွေအတွက် အင်္ဂလိပ်အကြားစွမ်းရည်လေ့ကျင့်ဖို့ တိပ်ခွေလေးတွေ ဝယ်ချင်လို့ပါ…” ထောင်ရှီးက ဖြေလိုက်သည်။


စာအုပ်ဆိုင်ပိုင်ရှင်မှာ အသက်လေးဆယ်စွန်းစွန်းအရွယ်ရှိ ဦးလေးကြီးတစ်ယောက်ဖြစ်ပြီး ပလတ်စတစ် ညှပ်ဖိနပ်တစ်ရံကို စီးထားသည်။ ဆိုင်ရှင်က အံ့အားသင့်သွားသလို ကြည့်လာသည်။


“ အင်္ဂလိပ်စာနားထောင်ဖို့ ဘယ်သူတွေကများ တိပ်ခွေကို သုံးနေကြသေးတာတုန်း…”


ထောင်ရှီး စိတ်ပျက်အားလျော့သွားသည်။ တိပ်ခွေမရှိရင် သူ ဘာသုံးရတော့မှာလဲ…။


ဆိုင်ရှင်က ထောင်ရှီးဝတ်ထားသော ကျောင်းဝတ်စုံကို တစ်ချက်ကြည့်ကာ ပြောလာသည်။


" မင်းတို့ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းမှာ အီလက်ထရွန်နစ်ပစ္စည်းတွေ မရှိဘူးလား..။ ကျောင်းသားတွေက‌တော့ မိုဘိုင်းလ်ဖုန်းတွေ၊ တပ်ပလက်တွေကို သုံးကြတာပဲ။ အဲ့ဒါကျ အချိန်မရွေး နားထောင်လို့ရတာပေါ့။ တိပ်ခွေတွေက သိပ်အဆင်မပြေတော့ဘူး…”


ပြောရင်းနှင့် သူက စာအုပ်စင်ထဲမှ အင်္ဂလိပ်အကြားစွမ်းရည် စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ထောင်ရှီးအား ကမ်းပေးလိုက်သည်။


“ မင်း စာအုပ်ကိုဝယ်လိုက်ရင် သူက အသံဖိုင်ကို ဒေါင်းလုဒ်ဆွဲလို့ရမယ့် URL နဲ့ QR ကုဒ်တစ်ခု မင်းကို ချပေးလိမ့်မယ်။ အဲ့ဒါကို မင်းရဲ့မိုဘိုင်းဖုန်းနဲ့ စကင်န်ဖတ်ပြီး ဒေါင်းလုဒ်ဆွဲလိုက်လို့ရတယ်…"


ထောင်ရှီးက လင်ချင်းဟယ် မကြာခဏ တပ်လေ့ရှိသည့် ကြိုးမဲ့နားကြပ်ကို သတိရသွားပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလိုက်သည်။


" ဟုတ်ကဲ့ ၊ ကျွန်တော် တခြားစာရေးကိရိယာဆိုင်မှာပဲ အရင်သွားရှာကြည့်လိုက်ဦးမယ်…"


သူ လှည့်ထွက်သွားမည်ပြုစဉ် ဆိုင်ရှင်က ထပ်မံဖမ်းဆွဲလိုက်ပြန်သည်။


“ ဟေ့ ခဏနေဦး၊ ငါ ဂိုဒေါင်ထဲသွားပြီး  အရင်က တိပ်ခွေပုံတွေထဲ ရှာကြည့်လိုက်ဦးမယ်…"


ဆိုင်ရှင်က အချိန်ခဏကြာ မွှေနှောက်ရှာဖွေအပြီးတွင် လွန်ခဲ့သည့်နှစ်များက မရောင်းဖြစ်ခဲ့သော အသံသွင်းတိပ်ခွေနှင့်စာအုပ်ကို ရှာတွေ့သွားလေသည်။ သူက စာအုပ်ကို လက်ဖြင့် ဖုန်ခါသန့်ရှင်းရင်း ပြုံးပြုံးရွှင်ရွှင်နှင့်ပြောလိုက်သည်။


“ တကယ်တော့ တိပ်ခွေကမှ ပိုကောင်းမယ်ထင်တယ်။ ကျောင်းသားတွေက ဖုန်းသုံးမိလိုက်ရင် ဂိမ်းဆော့တာတွေ ၊ စာပို့တာတွေ မလုပ်ဘဲ မနေနိုင်ကြဘူးလေ။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်သီချင်းတွေ နားထောင်မထောင်ဆိုတာ ဘယ်သူသိပါ့မလဲ…”


ထောင်ရှီးက ခေါင်းညိတ်ပြလိုက်သည်။ တိတ်ခွေအတွက် ငွေပေးချေခါနီးတွင် ဆိုင်ရှင်က သူ့လက်ကိုခါပြကာ ပြောလာသည်။


“ ငါ မင်းကိုပေးလိုက်ပါ့မယ်၊ မဟုတ်လည်း လွှင့်ပစ်မလို့ ကြံထားတဲ့ဟာတွေပါ…"


ထောင်ရှီးက ဘာမှမပေးပဲ အလကားမယူချင်ပေ။ နှစ်ယောက်သား ကြိမ်ဖန်များစွာ လွန်ဆွဲနေကြပြီး အဆုံးတွင် ထောင်ရှီးက စာအုပ်ဆိုင်မှ အခြားသင်ထောက်ကူပစ္စည်းတစ်ချို့ကို ဝယ်ယူအားပေးလိုက်သည်။ ထိုအခါမှ အကြားစွမ်းရည်စာအုပ်နှင့် တိပ်ခွေကို အလကားလက်ခံလိုက်တော့သည်။


‌သူက လူသူမဲ့နေသော အိပ်ခန်းလေးဆီ ပြန်လာခဲ့ကာ ကက်ဆက်အဟောင်းလေးကို ထုတ်လိုက်သည်။ ထိုစဉ်က ကတ်ဆတ်လေးကိုဝယ်နိုင်ဖို့ သူ မနက်စာမစားဘဲ ငွေများစွာ စုခဲ့ရသည်။ ဝယ်ပြီးသည်အခါလည်း ပျောက်သွားမည်စိုးပြန်သဖြင့် ကတ်ဆက်ပေါ်တွင် စတစ်ကာလေးတစ်ခုကပ်ပြီး သူ့နာမည်ရေး၍ အမှတ်အသားလုပ်ခဲ့သည်။ ကတ်ဆက်လေးက လျှပ်စစ်နာရီမှလွဲ၍ သူ့တွင်ရှိသည့် တစ်ခုတည်းသော အီလက်ထရောနစ်ပစ္စည်းလေးဖြစ်သည်။


ပါဝါခလုတ်ကို အကြိမ်ပေါင်းများစွာ နှိပ်ပြီးနောက်တွင် ကက်ဆက်လေးက ဖြည်းညင်းစွာ အလုပ်လုပ်လာသည်။ သူက ဝယ်လာသည့် တိပ်ခွေအသစ်ကိုထည့်၊ ကျိုးနေသည့်နားကြပ်လေးကိုတပ်လိုက်ပြီးနောက် အသံထွက်လာသောအခါမှ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။


ထောင်ရှီး အင်္ဂလိပ်စာအကြားစွမ်းရည်ကို တစ်နာရီခန့် လေ့ကျင့်ပြီးနောက်တွင် မနက်က လင်ချင်းဟယ်ထုတ်ပေးလိုက်သည့် အဓိက key points များအတိုင်း သင်ထောက်ကူစာအုပ်အသစ်များထဲမှ အခက်ဆုံးသင်ခန်းများကို စလေ့လာသည်။ သူ နားမလည်ပါက မေးခွန်းနံပါတ်ကို အဝိုင်းလေးဝိုင်းလိုက်ပြီး ထိုစာမျက်နှာကိုခေါက်ကာ မနက်ဖြန် နေ့လယ်စာစားချိန်ကို စောင့်၍ လင်းချင်ဟယ်ထံ မေးမည်ဖြစ်လေသည်။


နောက်တစ်နေ့ နေ့လယ်ခင်းတွင် လင်ချင်းဟယ်က သူ့အား စာရှင်းပြမည်ကိုတွေးကြည့်လျှင် ထောင်ရှီးမှာ စားပွဲခုံပေါ်မှောက်ပြီး မနေနိုင်စွာ အသံတိုးတိုးလေးဖြင့် ရယ်မိတော့သည်။ အိပ်ခန်းထဲတွင် မည်သူမျှမရှိသော်လည်း တစ်ယောက်ယောက် ကြားသွားမည်ကို စိုးရိမ်နေသည့်အလားပါပင်။


သူငယ်စဉ်အခါက ကောဖျင်က မြို့မှပြန်လာတိုင်း ထောင်လဲ့အတွက် သကြားလုံးတစ်ချို့ ဝယ်လာပေးတတ်သည်။ သူ့အတွက်လည်း တစ်ခါတစ်ရံ ဝယ်လာပေးတတ်သော်ငြား သူက ထောင်လဲ့ကဲ့သို့ အကုန်မစားပစ်တတ်ပေ။ သကြားလုံးကို လွယ်အိတ်ထဲ အချိန်အကြာကြီး သိမ်းဆည်းထားတတ်သည်။ သူ ထောင်လဲ့မြင်သွားမည်ကိုစိုး၍ တိတ်တိတ်ကလေးထုတ်ကြည့်ပြီး အနံ့ခံကြည့်ကာ ချိုချဉ်စက္ကူလေးစေးကပ်ပြီး အခွံခွာစရာမလိုအောင် ဆုတ်ပြဲသွားသည့်အခါမှ စားလေ့ရှိခဲ့သည်။


ထောင်ရှီးက ညဘက်တွင် ထိုင်ဝမ်အသားညှပ်မုန့်ဝယ်စားရန် အပြင်ထွက်ဖြစ်သည်မှလွဲ၍ တစ်နေ့လယ်လုံး၊ တစ်ညနေခင်းလုံး အိပ်ဆောင်မှာသာ စာလုပ်နေခဲ့သည်။ ညမအိပ်ခင်တွင်လည်း နားကြပ်တစ်ဖက်တပ်ပြီး ကိုးပေါင်နှင့် ဆယ့်ငါးစေ့မေးခွန်းကို အစမ်းနားထောင်ခဲ့သည်။


[ကိုးပေါင်နှင့် ဆယ့်ငါးစေ့ - ကောလိပ်ဝင်ခွင့် စာမေးပွဲတွေမှာ English listening test ကို ဖြေရတဲ့အပိုင်းပါ။ မေးခွန်းမေးသူက အင်္ဂလိပ်မေးခွန်းကို ရွတ်ပြရင် ကိုယ်က တရုတ်လိုပြန်ရှင်းပြရပါတယ်၊ မေးခွန်းက အင်္ကျီဈေးနှုန်းနဲ့ပတ်သက်ပြီး မေးတဲ့ဟာပါ ]


တစ်နေ့လုံး စာလုပ်ခဲ့ရသောကြောင့် အိပ်မက်မမက်လောက်ဟု ထင်ခဲ့သော်လည်း ထိုညတွင် သူ အိပ်မက်တစ်ခု မက်ခဲ့သည်။ မက်သည့်အိမ်မက်မှာ သူက နေ့လယ်ခင်းတစ်ခုတွင် စာသင်ခန်းထဲထိုင်နေပြီး နံဘေး၌ သူ့အတွက် အမှတ်စစ်ပေးနေသည့် လင်ချင်းဟယ်ကို ငေးကြည့်နေခဲ့သည်။ ရုတ်တရက် လင်ချင်းဟယ်၏ ဖုန်းကထမြည်လာသည်။ ဖုန်းကောက်ကိုင်လိုက်ပြီး ခဏကြာသော် လင်ချင်းဟယ်က စကားပြန်ဖြေသည်။


" ဟုတ်ပြီ။ ကျွန်တော် ခနနေ ထောင်ရှီးကို အိမ်ခေါ်လာခဲ့မယ်…"


ထို့နောက် သူတို့နှစ်ယောက်သား ဘတ်စကားစီးကာ အိမ်ကို အတူတူပြန်ခဲ့ကြသည်။ သို့သော် တော်တော်နှင့် မရောက်နိုင်ဖြစ်နေသည်။ ထောင်ရှီးမှာ ဘာကြောင့်မရောက်သေးတာလဲဟု အံ့ဩနေသည်။ အဆုံး၌ ဘတ်စကားက ရပ်သွားသည်။ သူနှင့်လင်ချင်းဟယ်လည်း ဘတ်စကားပေါ်မှဆင်းကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်လျှင် ၎င်းက လင်ချင်းဟယ်၏ အိမ်မဟုတ်နေဘဲ မက်မွန်ပွင့်စမ်းချောင်းရှိ ချင်းရွှေမြစ်ကြီးဖြစ်နေလေသည်။


တောင်ကြားလေးနှင့် စမ်းချောင်းလေးထဲတွင် မက်မွန်ပွင့်များ မျောပါနေပြီး အကိုင်းအခက်များတွင် ငှက်ရွှေဝါကလေးများ နားခိုနေကြသည်။


သူက တောင်တက်လမ်းအလယ်ရှိ သူ့အိမ်ထဲသို့ဝင်ထိုင်ရန် လင်ချင်းဟယ်ကို ဖိတ်ခေါ်ခဲ့သော်လည်း လင်ချင်းဟယ်က မျက်မှောင်ကြုတ်ပြီး “ဒီနေရာကို မကြိုက်ဘူး…” ဟု ဆိုကာ ချာခနဲ လှည့်ထွက်သွားလေသည်။


သူ လင်ချင်းဟယ်နောက်ကို အသည်းအသန်ပြေးလိုက်ရင်း “ငါဒီမက်မွန်ပင်ကြီးကို ခုတ်လိုက်ရင်ရော ဘယ်လိုလဲ…” ဟု လှမ်းအော်သည်။ သို့သော် တစ္ဆေတစ်ကောင်က နံရံကိုဝင်တိုက်မိနေသည့်အလား ဘယ်လိုလိုက်လိုက် ဖမ်းလို့မမှီပါချေ။


ထောင်ရှီး လန့်နိုးလာချိန်တွင် မိုင်နှစ်ရာပြေးခဲ့ရသည့်ပမာ မောဟိုက်နေပြီး ရေတစ်ငုံပြီးတစ်ငုံ မော့သောက်နေမိတော့သည်။


_____________________


စာရေးသူတွင် ပြောစရာစကားရှိ၏။


အလျင်မလိုပါနဲ့၊ ချိုချိုလေးပဲသွားမှာပါရှင်