အပိုင်း ၁၂
Viewers 8k

The Moon Is Coming To Me

Chapter 12


"ရှီးကော.. ငါမင်းကို တောင်းပန်ပါတယ်၊ မင်း ငါ့ကို ခွင့်လွှတ်ပေးမှရမယ်…"


မနက်ခင်းတွင် ထောင်ရှီးက ကန်တင်းမှ စာသင်ဆောင်ဆီသို့ ထွက်လာခဲ့ချိန်၌ လမ်းတစ်ဝက်တွင် ပိချန်ဖေး၏ ရုတ်တရက် ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။


ထောင်ရှီးမှာ အဆွဲခံလိုက်ရ၍ ယိုင်ထိုးသွားပြီး စားခဲ့သည့်မနက်စာများပင် ပြန်အန်ထွက်လုနီးပါးဖြစ်သွားရသည်မို့ ဆွံအစွာ ပြန်မေးလိုက်သည်။


“ ဘာဖြစ်တာလဲ…”


ပိချန်ဖေးက အားနာသွားပုံတောင်မရှိဘဲ အနည်းငယ် ပျော်နေသည့်ပုံပင်ပေါက်နေသည်။


"ကျားမကြီးကို အစာဆက်သဖို့အတွက် ငါ့ကိုယ်ငါ ယဇ်ပူဇော်ပြီး ဟူထုံရဲ့ ထိုင်ခုံဖော်အဖြစ် ဆက်နေဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ပြီ။ အဲ့ဒါကြောင့် ငါတောင်းပန်ပါတယ် ညီအစ်ကိုရာ…"


သူပေးခဲ့သည့်ကတိတစ်ခုကြောင့် ဤနုနုနယ်နယ် ဂေါ်ဖီထုပ်လေး စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်လှသဖြင့် ထောင်ရှီးကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။


ထောင်ရှီးကမူ စိတ်မကောင်းဖြစ်သွားရမည့်အစား စပ်စပ်စုစုပင် ပြန်မေးလာ၏။


" ဟူထုံက မင်းကို ခွင့်လွှတ်လိုက်ပြီလား…”


ပြီးခဲ့သည့်အခေါက်က ဟူထုံမှာ ကျင်းကျင်း၏ရေဘူးကို မတော်တဆလွှင့်ပစ်မိလိုက်သဖြင့် ပိချန်ဖေးက သူမကိုစိတ်ပျက်သည့်ပုံစံမျိုး ဆက်ဆံမိခဲ့သည်။ ဤသို့ဖြင့် ဟူထုံက ပိချန်ဖေးကို ရက်အတော်ကြာသည်အထိ စကားမပြောတော့ပေ။


"သူဘာလို့ ငါ့ကို ခွင့်လွှတ်လိုက်တာလဲ ဟုတ်လား။ သူကဗီလိန်ဖြစ်နေပေမယ့်လည်း ငါက သဘောထားကြီးတဲ့ လူတစ်ယောက်ဆိုတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်တာပေါ့ ၊ ကောင်းတယ်မလား…"


ပိချန်ဖေးက ဘတ်စကတ်ဘောကစားနေသည့်ဓာတ်ပုံတစ်ပုံကို မနေ့က Moments တွင် တင်ခဲ့ရာ ဟူထုံက ပို့စ်ကို Like လုပ်ပြီးမှ ပြန်ဖျက်သွားခဲ့သည်။ သို့နှင့် ပိချန်ဖေးလည်း သူမကို ချက်ချင်း အပြေးလေး သွားတောင်းပန်လိုက်ခြင်းဖြစ်ကြောင်း ရှင်းပြလာသည်။


“ ဪ..”


ထောင်ရှီးက သိပ်စိတ်ဝင်စားပုံမရနေကြောင်း တွေ့သောအခါ ပိချန်ဖေးမှာ စိုးရိမ်တကြီးဖြစ်သွားသည်။


“ ရှီးကော မင်းက ဒီလောက်ကြည့်ကောင်းတာကွာ။ မင်းနဲ့အတူထိုင်ချင်တဲ့ မိန်းကလေးတွေဆို အများကြီးရှိမှာ။ အခုနေ မင်းသွားရှာလိုက်လို့တောင်ရတယ်…”


ကျန်းရှင်းယွင်ကဲ့သို့  မိန်းမလှလေးများပင် ထောင်ရှီးနှင့်အတူထိုင်ရန် အဖော်လာစပ်ခဲ့ကြသော်လည်း ထောင်ရှီးကမူ သူ့ကြောင့် ငြင်းပစ်ခဲ့သည်။ ၎င်းကို တွေးမိလိုက်လျှင် ပိချန်ဖေးမှာ အပြစ်ရှိဝင်သွားပြီး ထောင်ရှီးကို မည်သည့်အတန်းဖော်နှင့် အဖော်စပ်ပေးရမလဲဟူ၍ စဉ်းစားနေမိသည်။


ထိုစဉ် ထောင်ရှီး၏ စကားဆိုလာသံကို ကြားလိုက်ရ၏။


"ငါ့မှာ ထိုင်ခုံဖော်ရှိပါတယ်။ အဲ့ဒါကြောင့် ရှာစရာမလိုဘူး…”


ပိချန်ဖေး အံ့အားသင့်သွားသည်။ ထို့နောက်တွင်မူ ပန်းဂေါ်ဖီထုပ်ကဲ့သို့ နှစ်လိုဖွယ်ကောင်းသော ထောင်ရှီး၏မျက်နှာထက်တွင် အပြုံးတစ်ခုကို သူ တွေ့လိုက်ရလေသည်။


“ ??? ဘယ်တုန်းက ရှာလိုက်တာလဲ…ကျန်းရှင်းယွင်လား.. မင်းတို့တွေ မနေ့က နှစ်ယောက်တည်းသီးသန့် ထပ်တွေ့လိုက်ကြသေးတာလား…”


ပိချန်ဖေးက မသင်္ကာသလို မေးလာသည်။


သူတို့နှစ်ယောက်သား စာသင်ဆောင်ပထမထပ်ရှိ ဧည့်တွေ့ခန်းကို ရောက်လာချိန်တွင် ထောင်ရှီးက မျက်လုံးများမှေးကျဉ်းလျက် မှန်ကန့်လန့်ကာပေါ်ရှိ ဂုဏ်ပြုထိုက်သူများစာရင်းကို လက်ညှိုးထိုးပြလိုက်သည်။


“ ဟေး၊ အဲ့ထဲက ပုံမှန်မဟုတ်ဆုံးလူက ငါ့ရဲ့ထိုင်ခုံဖော်ပဲ…”


မြှောက်ကြွမြှောက်ကြွ ကိုယ်ဟန်အနေအထားမှာ အန်တီကျိုးနှင့်တောင် ဆင်တူလှသည်။


ပိချန်ဖေးမှာ စာသင်ခန်းသို့ လျှောက်လာချိန်အထိ မယုံနိုင်ဖြစ်နေဆဲပင်။


ယခင်ကတည်းက သူတို့အတန်းထဲတွင် ထိုင်ခုံဖော်မရှိသူ ဟူ၍ လူနှစ်ယောက်သာရှိ၏။ တစ်ယောက်က အဆင့်ဒုတိယရသူ ဟွမ်းချင် ဖြစ်၏။ သူများနှင့်မတူ တစ်မူထူးနေသော ပင်ကိုစရိုက်ကြောင့် မည်သူမှ သူမနှင့်မထိုင်လိုကြချေ။ ကျန်တစ်ယောက်ကမူ အဆင့်ပထမ လင်ချင်းဟယ်ပင်။


လူများစွာက သူနှင့်ထိုင်လိုကြသော်လည်း ယန်သောလဲ့မှလွဲ၍ သူ့ကို စကားသွားပြောရဲသူ မရှိပါချေ။


ရှီးကောကတော့ ရှီးကောပါပဲ၊ အံ့ဩဖို့ကောင်းလွန်းတယ်။


တနင်္လာနေ့မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန်တွင် သူတို့အားလုံး ခုံနေရာများပြောင်းလိုက်ကြသည်။ လူတိုင်းလိုလိုက မိမိ၏မူလနေရာတွင်သာ ပြန်ထိုင်ကြသောကြောင့် အများစုက အပြောင်းအလဲမရှိပါချေ။


ထောင်ရှီးက စိတ်အခြေနေကောင်းနေသည်။ သူ ထိုင်ခုံပေါ်မထိုင်ချမီ အရင်ဦးဆုံး စာရေးခုံကို ဂရုတစိုက်သုတ်လိုက်သည်။ ထို့နောက် စားပွဲစွန်းကိုပါ တည့်တည့်မတ်မတ်ဖြစ်အောင် ချိန်ညှိလိုက်သည်။


သူက စားပွဲခုံကို ခဏကြာကြည့်ပြီးမှ ကျေနပ်စွာ ထိုင်ချလိုက်ပြီး စောစောစီးစီး စာစလုပ်တော့သည်။


လင်ချင်းဟယ်က ရောက်မလာသေးချေ။ အတန်းတက်ခေါင်းလောင်း နောက်တစ်ကြိမ်မမြည်ခင်တော့ ရောက်လာလောက်မည်ထင်၏။


ထောင်ရှီး သောက်ရေခန်းကို ရေသွားဖြည့်ချိန်တွင် ချန်ယာ့ချွင်ဟုခေါ်သော ဆံပင်ခပ်တိုတို မိန်းကလေးနှင့် ဆုံသည်။ သူမက သူ့ကို စကားလာပြောသည်။


“ အတန်းပိုင်ဆရာက နင့်ကို ရှာနေတယ်။ သူ့ကို ချိုးရှစ်ဆောင်ရဲ့ ပထမထပ်မှာ လာရှာလှည့်လို့ပြောသွားတယ်…”


ထောင်ရှီးမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ အကယ်၍ ကျိုးချန်က သူ့ကိုရှာလိုလျှင် ကိုယ်တိုင်လာမရှာဘဲ အဘယ်ကြောင့် ဤမျှဝေးသည့် ချိုးရှစ်အဆောင်ကို လာခဲ့ဖို့ ခေါ်ရသနည်း။


သို့သော် သူ သံသယမဝင်မိခဲ့ပေ။ သူ ကျေးဇူးတင်စကားဆို၍ စာသင်ခန်းထဲမှာ လှည့်ထွက်လာခဲ့သည်။ သူမမြင်လိုက်သည်က နောက်တွင်ကျန်ခဲ့သော ချန်ယာ့ချွင်၏အပြုံးကိုပင်။


ထောင်ရှီး ချိုးရှစ်ဆောင်ကို အမောတကောပြေးသွားလိုက်သည်။ မည်သည့်ကလပ်အသင်းမှ အစည်းအဝေးမရှိသဖြင့် ချိုးရှစ်အဆောင်တွင် လူတစ်ယောက်မှ ရှိမနေပေ။ သူ ပထမအထပ်ရှိ ဧည့်တွေ့ခန်းကို ဝေ့ဝဲကြည့်ရှုလိုက်ပါသော်လည်း ခြင်တစ်ကောင်ကိုတောင် မမြင်ရချေ။


သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကပင် ဖြတ်သွားရင်း မေးလာသည်။


“ ကျောင်းသားလေး ၊ ဒီမှာ ဘာလုပ်နေတာလဲ.. အတန်းတက်တော့မယ်နော်…"


ထောင်ရှီး၏ ခေါင်းထဲသို့ အတွေးတစ်ခုလှစ်ခနဲ ဝင်လာသည်။ သူ သန့်ရှင်းရေးဝန်ထမ်းကို ပြန်မရှင်းပြအားတော့ဘဲ စာသင်ဆောင်ဘက်သို့ သုတ်ခြေတင်ပြေးတော့သည်။ သူ မြန်နိုင်သမျှ မြန်မြန်ပြေးသော်လည်း အတန်းတက်ခေါင်းလောင်းမမြည်ခင် စာသင်ဆောင်သို့ အချိန်မီရောက်မသွားနိုင်ခဲ့ပေ။


ခေါင်းလောင်းတီးပြီး စက္ကန့်ပိုင်းအတွင်း သူ စာသင်ခန်းတံခါးဆီ ဒရောသောပါးပြေးလာခဲ့သော်ငြား စတိတ်စင်မြင့်ပေါ်တွင် ဒေါက်မြင့်ဖိနပ်တစ်စုံနှင့် မတ်တပ်ရပ်လျက်ရှိနေသော ပိအောက်ရွှယ်က သူ့ကိုဆီးကြိုလေသည်။


“ ကဲ…ဆရာမတို့ ရဲ့ အင်္ဂလိပ်အတန်းချိန်ကို နောက်ကျတဲ့ ချန်ပီယံဆုကို ဆွတ်ခူးသွားတဲ့လူတစ်ယောက်တော့ ရှိနေတယ်…”


ယနေ့ဝတ်စုံအသစ်ဝတ်လာသော ပိအောက်ရွှယ်က စိတ်ဆိုးပုံပင်မရဘဲ ထောင်ရှီးကို ညင်ညင်သာသာ ပြုံးပြလျက်ဆိုလာသည်။


“ တောင်းပန်ပါတယ် ဆရာမ၊ ကျွန်တော်မှားသွားပါတယ် နောက်မဖြစ်စေရပါဘူး…”


မည်သို့ရှင်းပြပါစေ အသုံးမဝင်နိုင်ကြောင်း ထောင်ရှီး သိ၏။ ထို့ကြောင့် သူ နည်းလမ်းတကျသာ တောင်းပန်စကားဆိုလိုက်သည်။


“ အထဲဝင်ခဲ့ပါ၊ စည်းကမ်းဟောင်းက စည်းကမ်းဟောင်းပဲ။ ကျောင်းသားအသစ်ဖြစ်တာနဲ့ပဲ ရှောင်လွှဲလို့မရဘူးနော်…”


ပိအောက်ရွှယ်က အင်္ဂလိပ်စာစီစာကုံး စာအုပ်တစ်အုပ်ကို ထုတ်ကာ အလျဉ်းသင့်သည့်စာမျက်နှာတစ်ရွက်ကို လှန်လိုက်ပြီး စတိတ်စင်ပေါ်တက်လာသော ထောင်ရှီးကို လက်ညှိုးထိုးပြလိုက်သည်။


“ ဒီစာပိုဒ်ကို အသံထွက်ပြီး ဖတ်…”


ထောင်ရှီး စာအုပ်ကိုလှမ်းမယူခင် နောက်ဆုံးအတန်းဆီ အကြည့်တစ်ချက်ပို့လိုက်သည်။ လင်ချင်းဟယ်က မျက်လွှာချကာ ခုံတွင် ထိုင်လျက်သားရှိနေသည်။ မည်သည့်ဉာဏ်စမ်းစာအုပ်ကို ဖတ်နေပြန်သလဲတော့ မသိရချေ။


သူ သက်ပြင်းတစ်ချက်ချကာ အတန်းနောက်ဆုံးရှိ ကင်မရာကို တစ်ဖန်အကြည့်ပို့လိုက်သည်။ မိုင်ထောင်ချီဝေးသောအရပ်မှ ချင်းရွှေ အ.ထ.က(၁)ရှိ ကျောင်းသားများကလည်း သူ စတိတ်စင်မြင့်ပေါ်ရပ်နေသည်ကို မြင်ကြမည်ဖြစ်ပြီး သူ့အသံကိုလည်း ကြားကြမည်ဖြစ်ကြောင်း သူသိ၏။


ထောင်ရှီး မျက်လွှာချလိုက်ကာ စာပိုဒ်ကို အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။ ပိအောက်ရွှယ်က သူ့ကို သက်ညှာပေးနေသည်မှာ သိသာသည်။ သူမ ရွေးပေးလိုက်သည့်စာပိုဒ်က ရိုးရိုးလေးသာဖြစ်ကာ ယခင်လင်ချင်းဟယ်ကို ဖတ်ခိုင်းခဲ့စဉ်ကကဲ့သို့ မရင်းနှီးသော စာလုံးများလည်းမပါချေ။


သူ ပင့်သက်ရှိုက်ကာ ချင်းရွှေ အ.ထ.က(၁)ကျောင်းတွင် လေ့ကျင့်ခဲ့စဉ်ကအတိုင်း လင်ချင်းဟယ်၏လေလူလေသိမ်းကို အတတ်နိုင်ဆုံးလိုက်တု၍ စဖတ်လိုက်သည်။


သို့ပေသော်ငြား သူက လင်ချင်းဟယ်မဟုတ်ခဲ့ပါချေ။ သူ စာလုံးအနည်းငယ်ကို ရွတ်လိုက်ရုံရှိသေး အောက်က မိန်းကလေးများထံမှ ရယ်သံများကို ကြားလိုက်ရသည်။ ရယ်သံက အလွန်တိုးညှင်းသော်လည်း လှောင်ပြောင်သရော်လိုသည့် အဓိပ္ပာယ်များပါနေကြောင်းကို သူ ကြားနိုင်သေးသည်။


ပိအောက်ရွှယ်က မျက်မှောင်ကြုတ်ကာ ရယ်နေသည့်မိန်းကလေးများကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ မိန်းကလေး သုံးလေးယောက်က ပါးစပ်ပိတ်ကာ တိတ်သွားချိန်မှ ကျန်းရှင်းယွင်နှင့် ချန်ယာ့ချွင်တို့နှစ်ယောက်က အရယ်ရပ်သွားကြသည်။


ထောင်ရှီး စာဖတ်ပြီးသွားချိန်၌ ပိအောက်ရွှယ်ကို စာအုပ်ပြန်ပေးလိုက်သည်။ ပိအောက်ရွှယ်က ခေါင်းညိတ်ပြကာ သူ့ကို သွားခွင့်ပြုလိုက်သည်။


သူ ထိုင်ခုံကို အမြန်ပြန်လျှောက်လာပြီး အံဆွဲထဲမှ အင်္ဂလိပ်ဖတ်စာအုပ်ကို ဆွဲထုတ်လိုက်သည်။ ပိချန်ဖေးမှာ နောက်ကိုလှည့်ကြည့်ချင်ပါသော်လည်း တစ်ဝက်မျှ လှည့်လိုက်ရုံရှိသေး ပိအောက်ရွှယ်ထံမှ စူးစူးရဲရဲစိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။


ထောင်ရှီးက အလွန်တည်ငြိမ်နေသည်။ သူနှင့် ဝမ်းဟွာ အ.ထ.က(၁) ကျောင်းသားများကြားရှိ ကွာဟချက်ကြီးကို သူအမြဲတစေ သဘောပေါက်နားလည်ခဲ့သည်။ ထိုကွာဟချက်က အဆင့်တစ်ခုတည်းတင်မကဘဲ အမြော်အမြင်၊ ထိုးထွင်းသိမြင်နိုင်မှု၊ စိတ်ကူးစိတ်သန်း နှင့် အမျိုးမျိုးသော အရည်အချင်းများလည်း ပါဝင်သည်….


အောင်မြင်မှုများကို ကြိုးစားလျှင်ကြိုးစားသလောက် ရယူနိုင်သော်လည်း မွေးကတည်းက သတ်မှတ်ပေးလိုက်သည့် ပညတ်ချက်များကိုမူ အချိန်တိုလေးအတွင်း ပြောင်းယူ၍မရနိုင်ပေ။


ဝမ်းဟွာ အ.ထ.က(၁)ကျောင်းသို့ မလာမီ တရုတ်စာဆရာက သူ့အား နှုတ်ဆက်စဉ်က ပြောခဲ့သည့်စကားကို ရုတ်တရက် အမှတ်ရသွားသည်။ နှိမ့်ချစရာလည်းမလိုသလို၊ ထောင်လွှားစရာလည်းမလို ဟူသည့် စကားပင်။


သူ သိမ်ငယ်သည်ဟု မခံစားရပေ၊ သို့သော် မိမိကိုယ်မိမိ စိတ်မပျက်ဘဲတော့ မနေနိုင်ချေ။ လင်ချင်းဟယ်ကို ဖန်သားပြင်ပေါ်တွင် တွေ့လိုက်ရစဉ်အခါက သူ အလင်းရောင်ကို မြင်ခဲ့ရသည်။ ထို့ကြောင့် ချင်းရွှေ အ.ထ.က(၁) မှ ကျောင်းသားများလည်း စတိတ်စင်မြင့်ထက်မှ သူ့ကို မြင်လိုက်ရသည့်အခါ အလင်းရောင်လေးများ မြင်နိုင်သွားကြမည်လား…


မည်သို့ဆိုစေကာမူ သူက ချင်းရွှေခရိုင်တွင် အတော်ဆုံးကျောင်းသားဖြစ်သည်။

ထိုသို့သော အလင်းရောင်လေး ဖြစ်မလာနိုင်သည်ကို မိမိကိုယ်မိမိ စိတ်ပျက်မိသည်။


ထောင်ရှီး အတွေးများကို ရုတ်သိမ်းလိုက်ကာ အတန်းကိုသာ အလေးအနက်ထား၍ ပြီးဆုံးသည်အထိ နားထောင်လိုက်သည်။ အတန်းဆင်းခေါင်းလောင်းတီးသည်နှင့် အရှေ့ခုံရှိ ပိချန်ဖေးက အနောက်ကို အမြန်လှည့်လာကာ မေးသည်။


“ ရှီးကော၊ မင်း ဘာဖြစ်လို့ နောက်ကျနေတာလဲ…”


ထောင်ရှီးက လင်ချင်းဟယ်ကို မျက်ဝန်းထောင့်မှ ခိုးကြည့်လိုက်သော် ထိုသူက ဖုန်းကြည့်နေကြောင်း မြင်လိုက်ရသည်။ သူ ဝတ်ကျေတမ်းကျေသာ ရှင်းပြလိုက်သည်။


" ငါ ကန်တင်းကို မှင်ချောင်းအပိုသွားဝယ်တာ လမ်းတစ်ဝက်ရောက်မှ အတန်းတက်တော့မယ်မှန်း သတိရလို့ အမြန်ပြန်ပြေးလာခဲ့တာပဲ…”


ပိချန်ဖေးက အလိမ်အညာစကားကို တကယ်ယုံသွားသည်။


“ ဟေး၊ ငါ ငှားမယ်လေ၊ ငါမင်းကို မငှားလို့လား…”


ထို့နောက် မှင်ချောင်းဘူးထဲမှ လက်တစ်ဆုပ်စာ မှင်ချောင်းများကို ထုတ်ကာ ထောင်ရှီးရှေ့မှောက် ချပေးလိုက်သည်။


ထောင်ရှီးက တစ်ခုသာယူလိုက်ပြီး ပြုံးလျက် ကျေးဇူးတင်စကားဆိုလိုက်သည်။


လင်ချင်းဟယ်က အစမှအဆုံးထိ ဘာမှဝင်မပြောပေ။ လင်ချင်းဟယ် မေးလာမည်မဟုတ်မှန်းသိသော်လည်း ထောင်ရှီးမှာ သက်ပြင်းချလိုက်မိသည်။


ဤစနောက်မှုက ဘာကိုရည်ရွယ်သည်လဲ သူ သိနေသည့်တိုင် အသက်ရှူမချောင်ရပါချေ။


ကျန်းရှင်းယွင်၏မာနကြီးပုံအရ ထောင်ရှီးကဲ့သို့ ကျေးလက်ဒေသမှကောင်လေးကို သူမ၏ဖိတ်ကြားမှုအား ငြင်းဆန်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ ထောင်ရှီးမှာ ဒေါသထွက်ရသော်လည်း မိန်းကလေးတစ်ယောက်ကို ပြဿနာမဖြစ်စေချင်ပါချေ။


ယခင်က သူ့ကျောင်းတွင် ကြုံခဲ့ဖူးသည့် စနောက်မှုများနှင့်ယှဉ်လျှင် ယခုက ဘာမှပြောပသည်လည်းမဟုတ်။


နေ့လယ်ပိုင်းတွင် ထောင်ရှီး ကန်တင်း၌နေ့လယ်စာကို အမြန်စားလိုက်သည်။ နေ့လယ်ခင်းနားချိန်အတွင်း အရှုပ်ထုပ်ပိချန်ဖေးက စာသင်ခန်းထဲသို့ လုံးဝပြန်ရောက်မလာသည်ကို ကျေးဇူးတင်ရမည်။


သူ စာသင်ခန်းထဲသို့ သုတ်ခြေတင်လာခဲ့ချိန်၌ စာသင်ခန်းထဲတွင် မလှုပ်မယှက် စာဖတ်နေသော အဆင့်ဒုတိယ ဟွမ်းချင်တစ်ယောက်သာ ရှိနေသည်။


သူ ပင့်သက်ရှိုက်ကာ ထိုင်ခုံတွင် သွားထိုင်လိုက်ပြီး အသစ်စက်စက် အကြားစွမ်းရည်စာအုပ်နှင့် တိပ်ခွေကိုထုတ်ကာ အင်္ဂလိပ်အကြားစွမ်းရည်ကို လေ့ကျင့်ရန်ပြင်သည်။ လင်ချင်းဟယ် ပြောလာသမျှကို သူ လေးလေးနက်နက်နှင့် လိုက်လုပ်နေကြောင်း လင်ချင်းဟယ်ကို မြင်စေချင်သည်။


ဆယ်မိနစ်ခန့်အကြာ သူ အကြားစွမ်းရည်မေးခွန်းများကို ဖြေဆိုပြီးခါနီးတွင် လင်ချင်းဟယ်က စာသင်ခန်းထဲသို့ ပြန်ရောက်လာသည်။


လှုပ်ရှားသံများကြာသည်နှင့် သူ ကိုယ်ကိုဆတ်ခနဲမတ်လိုက်ကာ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။ မျက်လုံးထဲတွင်မူ “ ငါမင်းပြောသမျှကို နာနာခံခံ နားထောင်တယ်နော်…” ဟူသည့် အရိပ်အယောင်များအပြည့်ဖြင့်။


လင်ချင်းဟယ်ကလည်း သူ့ကို လှည့်ကြည့်လာကာ ထိုင်ခုံကိုဆွဲလိုက်ပြီး ထိုင်ချလိုက်သည်။ ထောင်ရှီးမှာ ရုတ်တရက် အနည်းငယ် အနေရခက်လာသည်။ လက်ကိုဘယ်နားထားလို့ထားရမည်မသိ၊ မျက်လုံးကလည်း ဘယ်ကြည့်လို့ကြည့်ရမည် မသိတော့ချေ။ သို့နှင့် သူ့စာရေးခုံပေါ်က စာအုပ်ကို ဘေးဘက်သို့ တွန်းပို့လိုက်ပြီး ဆရာ့ကို အစီအရင်ခံစာတင်သည့်လေသံဖြင့် ပြောလိုက်၏။


“ ငါ အင်္ဂလိပ်အကြားစွမ်းရည်မေးခွန်း လေးခုကိုဖြေတာ နှစ်ခုမှားတယ်…”


အဆင်ပြေလောက်မှာပါ ဟူ၍ သူ ရင်တထိတ်ထိတ်ဖြင့် တွေးမိပြီး မျှော်လင့်တကြီးလည်း စောင့်စားနေမိပြန်သည်။


သူ ဘာကို မျှော်လင့်နေမိတာလဲ…။ ချီးမွမ်းစကားတစ်ခွန်းလောက်ကိုလား…။


သို့သော် လင်ချင်းဟယ်က အကြားစွမ်းရည်စာအုပ်ကို တစ်ချက်သာကြည့်ကာ ပြောလာသည်။


“ ဒီမေးခွန်းတွေက အရမ်းဟောင်းနေပြီ…မင်းအတွက် အသုံးမဝင်တော့ဘူး…”


ထောင်ရှီးမှာ အလန့်တကြား ဖြစ်သွားသည်။ သူရှာတွေ့သမျှထဲ ဤစာအုပ်က တိပ်ခွေပါသည့်တစ်ခုတည်းသော စာအုပ်ဖြစ်သည်။ သူ ညစ်ညစ်ပတ်ပတ် အမှိုက်အိတ်တစ်အိတ်ကို ဆွဲလုလိုက်သည့်ပမာ စာအုပ်ကို ကပျာကယာ ပြန်ဆွဲယူလိုက်သည်။


“ ဒါဆိုလဲ ငါ စာအုပ်နဲ့တိပ်ခွေအသစ်ကို ပြန်သွားဝယ်လိုက်မယ်လေ…”


သူ စာအုပ်ကို ပိတ်လိုက်ချိန်၌ လင်ချင်းဟယ်က သူ့နာမည်ကပ်ထားသည့် ကတ်ဆက်လေးကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူလည်း ကတ်ဆက်ကို အံဆွဲထဲသိမ်းလိုက်ကာ ခေါင်းငုံ့လျက် ထပ်ပြောလိုက်သည်။


“ ငါကအင်္ဂလိပ်စာကို တိပ်ခွေနဲ့ပဲ နားထောင်တတ်တာမို့…”


တပ်ခွေနှင့် နားထောင်တတ်ရုံတင်တော့ မဟုတ်ပေ။


ထို့နောက်တွင်မူ မလိုအပ်ဟု သူခံစားရသည်။ လင်ချင်းဟယ်၏အရှေ့တွင် သူ့ကိုယ်သူ ကိုယ်ရည်သွေးပြနေဖို့ အကြောင်းအရင်းမရှိပါချေ။


ဤတစ်ပတ်ကျောင်းပိတ်ရက်ရောက်လျှင် မြို့ထဲရှိ စာအုပ်ဆိုင်ကြီးတစ်ဆိုင်သို့ သွားကာ အင်္ဂလိပ်အကြားစွမ်းရည်နှင့် ပတ်သက်သည့် ပစ္စည်းအသစ်များကို သွားဝယ်ရမည်ဟု ထောင်ရှီးတေးမှတ်ထားလိုက်သည်။


လင်ချင်းဟယ်က အကြားစွမ်းရည်စာအုပ်အကြောင်း ဆက်မပြောလာချေ။ သူက အံဆွဲထဲမှ ပရင့်ထုတ်ထားသည့် စာရွက်တစ်ချို့ကို ထုတ်လိုက်ပြီး ထောင်ရှီး၏စာရေးခုံပေါ်သို့ တင်ပေးလိုက်ရင်း ပြောသည်။


“ ဒီမေးခွန်းတွေက ငါနေ့လယ်တုန်းက လုပ်ပြီးသွားတာ၊ မင်းဟာမင်း အချိန်ညှိပြီး ဖြေကြည့်လိုက်…”


ပြောပြီးသည်နှင့် သူက နားကြပ်တပ်ကာ စာအုပ်တစ်အုပ်ထုတ်ပြီး ဖတ်နေသည်။ သူ့ဘေးနားရှိ မည်သည့်အရာကိုမျှ ဆက်မကြည့်လိုသည့်အလားပါပင်။


ထောင်ရှီးမှာ သူ့အရှေ့က စာရွက်များကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိသည်။ ဤ ပရင့်ထုတ်ထားသော A4 စက္ကူစာရွက်များပေါ်တွင် မေးခွန်းများကို သပ်ရပ်စွာ စာစီထားသည်။ Multiple-choice မေးခွန်းများနှင့် အရေးကြီးသည့် မေးခွန်းတစ်ခုစီတိုင်းကို မိနစ်အနည်းငယ်အတွင်း ပြီးမြောက်နိုင်အောင် သေချာစုစည်းထားပေးသည်။


သူက တစ်ခါမှ အမြင်မကျယ်ခဲ့သော်လည်း ဤမေးခွန်းများက သင်ထောက်ကူစာအုပ်ထဲမှ ကောက်နုတ်ထားခြင်းမဟုတ်ဘဲ လင်ချင်းဟယ် တစ်ခုချင်းစီ ရွေးနုတ်ကာ စာစီစာရိုက်ပြီး စုစည်းပရင့်ထုတ်ထားခြင်းဖြစ်ကြောင်းကိုမူ သူ သိခဲ့သည်။


“ ဘာဖြစ်လို့ အခုထိ စမလုပ်သေးတာလဲ…”


လင်ချင်းဟယ်က အေးတိအေးစက် ပြောလာသည်။


ထောင်ရှီးမှာ အသိပြန်ဝင်လာပြီး ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။


“ ငါအခုပဲ စလုပ်လိုက်မယ်…”


သူ လက်ကောက်ဝတ်က လျှပ်စစ်နာရီလေးကို ချွတ်လိုက်ပြီး ဘေးတွင် ချထားလိုက်ကာ ဂျယ်လ်ဘောပင်ကို အဖုံးဖွင့်လိုက်သည်။ အဖုံးဖွင့်ရသည်မှာ လွယ်ကူသော်လည်း သူ အင်အားအများကြီး သုံးလိုက်ရသည်။


ထောင်ရှီးမှာ စာရွက်ပေါက်သွားမည်ကို စိုးရိမ်သည့်နှယ် ဖော့ဖော့လေးသာချရေးကာ မမှားအောင်လည်း ဂရုတစိုက်ရေးနေသည်။ မေးခွန်းဖြည့်ပြီးသွားချိန်အထိ စာရွက်လေးမှာ ရှင်းသန့်နေပြီး မည်သည့်ဖျက်ရာမှလည်း မရှိချေ။


လင်ချင်းဟယ် သတ်မှတ်ပေးသည့် အချိန်ကို သူ အတိအကျလိုက်နာ၏။ အချိန်ပြည့်သွားသည်နှင့်  မေးခွန်းဖြေနေခြင်းကို ချက်ချင်းရပ်လိုက်မည်ပင်။


မေးခွန်းအားလုံးဖြေပြီးသွားသည့်အခါ သူ ပင့်သက်ပြင်းပြင်းရှိုက်လိုက်ပြီး စာရွက်များကို လင်ချင်းဟယ်၏စာရေးခုံပေါ်သို့ တင်ပေးလိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။


“ ငါပြီးပြီ…”


ဆရာ့ထံ အိမ်စာသွားထပ်ရသကဲ့သို့ပင် စိတ်လှုပ်ရှားကာ ရင်တုန်ရသည်။


လင်ချင်းဟယ်က သူ့စာအုပ်ကိုချပြီး မှင်နီဘောပင်တစ်ချောင်းထုတ်ကာ စာရွက်ပေါ်တွင် အမှတ်စခြစ်သည်။


ယခုမှ အချိန်ကကုန်ခဲနေသည်။


ထောင်ရှီးမှာ ဘေးတွင် ထိုင်နေရင်း ဘာလုပ်လို့လုပ်ရမည်မှန်း မသိချေ။ သူ့အတွက် အမှတ်စစ်ပေးနေသည့် မေးခွန်းအဖြေများကိုလည်း သူမကြည့်ရဲ၊ လင်ချင်းဟယ်ကို တိုက်ရိုက်ကြည့်ဖို့ဆိုလျှင် ပိုတောင်ဆိုးသေးသည်။ သို့သည့်တိုင် လင်ချင်းဟယ်က သူ့အတွက် အမှတ်စစ်ပေးနေစဉ်တွင် တခြားအရာလုပ်နေခြင်းက မကောင်းတတ်သောကြောင့် ဟိုဟိုသည်သည် လျှောက်ကြည့်နေရန်သာ ရှိသည်။ သူ ပတ်ဝန်းကျင်တစ်ဝိုက်ကို ကြည့်လိုက်သောအခါ စာသင်ခန်းထဲတွင် လူသိပ်မများသေးကြောင်း တွေ့လိုက်ရသည်။


စားပွဲပေါ်တွင် ခေါင်းမှောက်လျက် ပုခုံးများ တသိမ့်သိမ့်တုန်ယင်နေသော ကျောင်းသားတစ်ယောက်သာ ရှိနေသည်။ ဖြစ်တန်ရာသည် ထိုကျောင်းသားက ဟာသဝတ္ထု သို့မဟုတ် ဟာသရုပ်ရှင်ကြည့်နေခြင်းဖြစ်မည်။


မိန်းကလေးတစ်ယောက်ကမူ မှန်ကြည့်ကာ နှုတ်ခမ်းနီထုတ်ဆိုးနေပြီး သူမ၏နှာခေါင်းပေါ်က မှဲ့ခြောက်များကို ညှစ်နေသည်။


ထိုင်ခုံဖော်မရှိသော အဆင့်ဒုတိယ ဟွမ်းချင်က အချိန်အတော်ကြာသည်အထိ ခန္ဓာကိုယ်အနေအထားကို မပြောင်းဘဲ သံပြားတစ်ပြားကဲ့သို့နှယ် တန်းတန်းမတ်မတ် ထိုင်မြဲထိုင်နေသည်။


မည်သည့် ထိပ်တန်းကျောင်းသားမှ လင်ချင်းဟယ်ကဲ့သို့ အေးအေးဆေးဆေးမရှိလှချေ။ အားလုံးက အင်မတန်မှ ကြိုးစားကာ လုံ့လဝီရိယလည်းရှိကြသည်။


ထောင်ရှီးက ဟွမ်းချင်၏ကျစ်ဆံမြီးကို ကြည့်ရင်းအတွေးထဲနစ်မြောနေစဉ် နံဘေးမှ လင်ချင်းဟယ်ကိုလည်း နားစွင့်နေသည်။


“ ဒီပုစ္ဆာကို ပြန်တွက်…”


အသံက တိုးညှင်းသော်လည်း အသံနေအသံထားက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေသည်။


ထောင်ရှီး သတိပြန်ဝင်လာသည်။ လင်ချင်းဟယ်က သူ့အရှေ့တွင် မေးခွန်းစာရွက်ကိုတင်ပြီး မှင်နီဘောပင်ထိပ်ဖြင့် သင်္ချာပုစ္ဆာတစ်ပုဒ်ကို ထောက်ပြနေသည်အား တွေ့လိုက်ရလေသည်။


သူ ခေါင်းလေးကုတ်သွားပြီး “ကောင်းပါပြီ” ဟု ပြောလိုက်ရင်း ခေါင်းငုံ့လျက် ပုစ္ဆာကိုပြန်တွက်လိုက်သည်။ ထိုအခါမှ သူ ပေါ့ပေါ့လျော့လျော့ မှားတွက်ခဲ့မိကြောင်း ရှာတွေ့သွားသည်။ လင်ချင်းဟယ် ဒေါသထွက်သွားသည်မှာ အံ့ဩစရာမရှိတော့ပြီ။ ဤကဲ့သို့ အသေးအဖွဲအမှားမျိုးက လက်ခံပေးချင်စရာပင် မကောင်းချေ။


သူ ပြန်လည်တွက်ချက်ပြီးသော် အမှတ်စစ်ရအောင် လင်ချင်းဟယ်ကို ပြန်ကမ်းပေးလိုက်သည်။ သူက ဟိုကြည့်သည်ကြည့် လျှောက်ကြည့်နေသည်ကို မြင်သော် လင်ချင်းဟယ်က ခပ်တည်တည်နှင့်ပြောလာသည်။


“ ပျင်းနေရင် စာအုပ်ဖတ်နေ…”


ထောင်ရှီးလည်း အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ အမိန့်ပေးလာသူက လင်ချင်းဟယ်ဖြစ်နေ၍ သူ့အတွက် အဆင်ပြေပါ၏။ လင်ချင်းဟယ် သူ့အတွက် အမှတ်စစ်ပြီးသည့်အချိန်ထိ သူ ဖတ်စာအုပ်တစ်အုပ်ထုတ်ပြီး ဖတ်နေလိုက်သည်။ ထို့နောက်တွင် လင်ချင်းဟယ်က မှားသည့်မေးခွန်းများကို သူ့အား ပြန်ရှင်းပြပေးသည်။


လင်ချင်းဟယ်၏ရှင်းပြချက်များက လိုရင်းတိုရှင်းနှင့် ရှင်းလင်းလှပြီး ထောင်ရှီး၏အမှားကိုလည်း ချက်ချင်းထောက်ပြနိုင်သည်။ ထောင်ရှီး ဤမေးခွန်းအစုံကို နားလည်သွားပြီးနောက်တွင် ဉာဏ်အလင်းပွင့်သွားသလိုပင် ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသည့်အရာများလည်း ရှင်းလင်းသွားခဲ့သည်။


ယမန်နေ့က နားမလည်ခဲ့သော ပုစ္ဆာများကိုတောင် ထပ်မေးရန်မလိုတော့ချေ။


မည်သို့ဆိုစေ သူက ဉာဏ်ထက်မြက်သူတစ်ယောက်ပင် ဖြစ်သည်မဟုတ်ပါလား။


စာပြပေးခြင်းအမှုပြီးစီးသွားသော်လည်း ထောင်ရှီးမှာ အပြီးသတ်လိုက်ရန် ဝန်လေးနေမိသည်။ ယနေ့ လင်ချင်းဟယ်နှင့် နေ့လယ်ခင်းတွင် စကားပြောဖြစ်သည်။ နောက်နောင် ဤကဲ့သို့ နေ့တိုင်း စကားပြောနိုင်ပါ့မည်လားကို ပြောမရချေ။ သူ စာရွက်ကို ညီအောင်ဖြန့်နေရင်း ခဏကြာ တွန့်ဆုတ်နေအပြီး လင်ချင်းဟယ်ကို မဝင့်မရဲ မေးလိုက်သည်။


“ ငါ့ကို သရုပ်ဖော်စာစီကုံး ခေါင်းစဉ်တစ်ခုလောက်ပေးပါလား၊ ငါရေးပြီးရင် မင်းကိုပြမယ်လေ…”


လင်ချင်းဟယ်က သူနှင့် သူငယ်ချင်းဖြစ်လို၊ မဖြစ်လိုကို မသိရသော်ငြား သူငယ်ချင်းများဆိုလျှင် အချင်းချင်းအဆက်အသွယ်တော့ ရှိရပေမည်။ လင်ချင်းဟယ်က မလိုအပ်လျှင်တောင် သူ၏စိတ်ရင်းအမှန်ကို ပြသလိုသေး၏။


ထင်ထားသည်အတိုင်းပင်။ လင်ချင်းဟယ်က မှင်နီဘောပင်အဖုံးကို ပိတ်ကာ ခပ်ပြတ်ပြတ်ဆိုလာသည်။


“တော်ပြီ…”


ထောင်ရှီးက အံ့ဩမသွားဘဲ ပြန်ပြောလိုက်သည်။


“ ဒါဆိုလဲ မင်း နောက်နောင်ကျ ငါ့ကို ရေးချင်တာရေးခိုင်းလို့ရတယ်၊ ငါရေးပါ့မယ်…”


သူ လင်ချင်းဟယ်ကို စာစောင်ပေါင်းမြောက်မြားစွာ ရေးခဲ့ဖူးသည်။


သို့ပေမယ့် လင်ချင်းဟယ်က သူ့ကို ဘာရေးခိုင်းချင်မှာတဲ့လဲ…


မိမိကိုယ်မိမိ ပြန်လည်သုံးသပ်စာစောင်လား…


သူက ထိုနေရာတွင် ကျွမ်းကျင်သော်လည်း မည်သူက လင်ချင်းဟယ်ကို ပြန်လည်သုံးသပ်စာစောင် ရေးပေးဝံ့မည်နည်း…။


အချစ်စာစောင်လား…. အကယ်၍ လင်ချင်းဟယ်သာ မိန်းကလေးများကို ပိုးပန်းဖို့ သူ့အား ရည်းစားစာများ လာရေးခိုင်းမည်ဆိုလျှင်…. သူ ဤဖြစ်နိုင်ချေကို လုံးဝဆက်မစဉ်းစားရဲပါချေ။


ထောင်ရှီးမှာ အတွေးထဲ၌ ယောင်ယပ်ခတ်နေမိသည်။ သို့တိုင် အကြောင်းပြချက်တစ်ခုကိုမှ မစဉ်းစားမိသည်မို့ လင်ချင်းဟယ်ထံမှ တုံ့ပြန်မှုကိုလည်း မမျှော်လင့်မိပါချေ။ ထိုစဉ် လင်ချင်းဟယ်ထံမှ ပြတ်ပြတ်သားသား ပြောလာသံကို သူ ကြားလိုက်ရသည်။


“ ကောင်းပြီ၊ ဒါမင်းပြောတာနော်…”


______________