အပိုင်း ၁၃
Viewers 8k

The Moon Is Coming To Me

Chapter 13


အပတ်စဉ် စာမေးပွဲရလဒ်များက နေ့လယ်ပိုင်းတွင် ထွက်လာသောကြောင့် နေ့လယ်ခင်းနားချိန်၏ ကောင်းမွန်နေသော စိတ်အခြေနေလေးက ကြာရှည်မခံလိုက်ပါချေ။


ထောင်ရှီးက အဖြေလွှာစာရွက်ကို ရပြီးနောက်တွင် စုစုပေါင်းရမှတ်ကို တွက်ချက်ကြည့်လိုက်သည်။ အဆင့်ဘယ်လောက်ဝင်လဲ မသိသော်ငြား ပိချန်ဖေးထက် အမှတ် ၂၀ လျော့နည်းနေသည်ကိုတော့ သူ သိလိုက်ရသည်။


ပိချန်ဖေးက အတန်းထဲတွင် အမြဲတစေ ပေါ့ပေါ့လျော့လျော့နေတတ်သောကြောင့် ရလဒ်က သိပ်ကောင်းလေ့မရှိချေ။


ယင်းက ထောင်ရှီးကို အလွန်အံ့အားသင့်စေခဲ့သည်။ သူ အဖြေလွှာစာရွက်ကို ဝှက်ထားလိုက်သည်။ လင်ချင်းဟယ်က သူ့အဖြေလွှာကိုကြည့်ရန် သေချာပေါက်စိတ်ဝင်စားလိမ့်မည်မဟုတ်သော်ငြား သူ လင်ချင်းဟယ်ကို မြင်ခွင့်မပေးရဲပါချေ။


ညဘက် အိပ်ဆောင်ကို ပြန်ရောက်ချိန်တွင်လည်း ယင်ယန်သခင်ကြီး ရွှီကျီးချီ၏ဖျော်ဖြေပွဲကို စိတ်ကုန်စွာ ကြည့်ခဲ့ရသေးသည်။


“ အမှတ်တွေထွက်လာပြီ…အဆင့်တော့မခွဲဘူး…တန်းခွဲ(၂)မှာ ပထမပဲဖြစ်လိမ့်မယ်။ ဟိုနားသည်နား မေးမြန်းကြည့်လိုက်တော့ တန်းခွဲ(၁)ရဲ့ ဘိတ်ဆုံးလူထက် ငါးမှတ်တောင်ပိုသာနေတယ်တဲ့…နှစ်ဝက်စာမေးပွဲမှာ ဘာအခက်ခဲမှမရှိနိုင်ဘူး…ကျွန်တော်ပြောပြီးရော နောက်ဆုံးစာမေးပွဲတုန်းက အမှားလုပ်မိလိုက်လို့ပါဆို…အဲ့ဒါကို အခုထိ ဘာလို့စိတ်ပူနေသေးတာလဲ…”


@ပိချန်ဖေးရေ မင်းအမှတ်တွေကို ကြေညာသင်ပုန်းမှာများ သွားကပ်ထားသလားကွာ…


ဖက်တီးလေး ဖန်းယန့်ကမူ ပန်းချီဆွဲနေရင်း မျက်လုံးများလှန်ကာ ထောင်ရှီးကို လှမ်းပြောသည်။


“ ထောင်ရှီး…ငါ့ပန်းချီကားက ဆေးသားတွေ အရမ်းထူနေလားလို့ မင်းကူကြည့်ပေးစမ်းပါဦး။ ဘာလို့များ တစ်ချို့လူတွေထက် ပိုအရေထူနေတယ်လို့ ခံစားနေရပါလိမ့်နော်…”


ထောင်ရှီးမှာ ဤအဆောင်တွင် ဆက်နေပါက သူလည်း ယင်ယန်လူတစ်ယောက်ဖြစ်လာဖို့ သိပ်ကြာတော့မည်မဟုတ်ဟုပင် ခံစားလိုက်ရ၏။


နောက်တစ်နေ့ နေ့လယ်တွင်လည်း ထောင်ရှီးက နေ့လယ်စာကို အမြန်ဆုံးအရှိန်ဖြင့် စားလိုက်ပြီး စာသင်ခန်းထဲသို့ ဒုန်းစိုင်းပြန်လာခဲ့သည်။ စာသင်ခန်းထဲတွင်မူ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်နေသည့် ဟွမ်းချင်တစ်ယောက်သာ ရှိနေသေးသည်။


သူ ထိုင်ခုံတွင်သွားထိုင်လိုက်ပြီး ယမန့်နေ့က လင်ချင်းဟယ် စစ်ပေးထားသည့် မေးခွန်းစာအိတ်အသစ်ထဲမှ မေးခွန်းတစ်စုံကို အံ့ကြိတ်လျက် တရိုတသေထုတ်ယူလိုက်သည်။ စာရွက်တိုင်းက ချောမွေ့ကာ ဘာခြစ်ရာမှရှိမနေပေ။ မှားဖြေမိခဲ့သည့်မေးခွန်းများကို သူ သေချာဂရုတစိုက် ပြန်ဖတ်ကြည့်လိုက်သည်။ မှတ်ဉာဏ်မကောင်းလျှင်တောင် သူ မေ့နိုင်တော့မည်မဟုတ်ပေ။


ငါးမိနစ်၊ ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်၊ မိနစ်သုံးဆယ်…


ထောင်ရှီး မေးခွန်းစာရွက်များကို ထုတ်ပြီး စာစလုပ်နေသည်။ အနောက်တံခါးမှ အသံတစ်ခုကြားလိုက်တိုင်း သူ ခေါင်းကိုချာခနဲလှည့်ကာ တံခါးကိုလှည့်ကြည့်မိသည်။ သို့သော် တံခါးကိုတွန်းဖွင့်ဝင်လာသူက သူ မျှော်နေသည့်လူ လုံးဝမဟုတ်ခဲ့ပါချေ။


နေ့လယ်ခင်းအတန်းတက်ရန် နှစ်မိနစ်ခန့်လိုတော့ချိန်မှ ထောင်ရှီးမှာ အရှေ့တံခါးမှ ဖြတ်ဝင်လာသော လင်ချင်းဟယ်ကို မြင်ခွင့်ရတော့၏။ သူ့မျက်ဝန်းများ တစ်ခဏချင်းဝင်းလက်သွားသည်။ သို့သော် လင်ချင်းဟယ်၏အနောက်တွင် ယန်သောလဲ့က တစ်ဝက်ကျိုးနေသော မစ်တီးဗူးနှင့် သင်ထောက်ကူစာအုပ်ကို လက်တစ်ဖက်စီကိုင်လျက် လိုက်ဝင်လာသည်ကို တွေ့လိုက်ရလေသည်။


ထောင်ရှီး အလျင်အမြန်ခေါင်းငုံ့ချလိုက်ကာ ဘောပင်တစ်ချောင်းနှင့် စာဆက်ရေးနေလိုက်သည်။


သူ စိတ်ကူးယဉ်နေမိမှန်းသိပါ၏။ လင်ချင်းဟယ်က နေ့လယ်ခင်းနားချိန်တွင် မနေ့ကလို အတန်းထဲကိုအစောကြီး ပြန်လာပြီး သူ့အား အိမ်စာကူလုပ်ပေးလိမ့်မည်ဟု အမှန်တကယ်ကို မျှော်လင့်ထားမိခဲ့သည်။


တစ်ခါတစ်ရံ ယခုလိုအချိန်၌ သူ့နှလုံးသားထဲမှ မနာလိုစိတ်များက ရုတ်တရက် အရိုင်းဆန်စွာ ကြီးထွားလာပြီး နှလုံးအိမ်အတွင်းဝယ် အော်ဟစ်သောင်းကျန်းနေသည်။


အကုန်လုံးကို ဖော်ထုတ်ပစ်လိုက်...မင်း ပိုင်ဆိုင်သမျှ အကုန်လုံးကို ပြန်ယူလိုက်…ဒါတွေအားလုံးက မင်းအတွက်ပဲ ဖြစ်သင့်တာ…


သို့ပေသည့် ကြီးမြင့်သော မိသားစုအသိုင်းအဝိုင်း၊ ဆွေမျိုးသားချင်းများ၏ အလေးထားဂရုစိုက်မှု၊ သူ့ မူလဇာစ်မြစ်တို့ကို ပြန်ရယူနိုင်ကြောင်း သူသိပါ၏။


သို့သည့်တိုင် သူ လင်ချင်းဟယ်ကို ပြန်ရနိုင်မည်မဟုတ်ချေ။


လင်ချင်းဟယ်နှင့် ယန်သောလဲ့တို့၏ အတူကြီးပြင်းလာခဲ့ကြသည့် ခံစားချက်များကို သူ ပြန်ခံစားနိုင်မဟုတ်ချေ။ ယုတ်စွအဆုံး အိပ်မက်ထဲတွင်ပင် ယန်သောလဲ့၏နေရာကို ခိုးယူခဲ့ဖူးသော်လည်း ခိုးယူခြင်းက ခိုးယူခြင်းပင်ဖြစ်၏၊ ခိုးယူမိပြီးမှ ၎င်းက ခါးသီးလွန်းကြောင်း သိရှိခဲ့ရသည်။


ကောင်းမွန်သော နောက်ခံအသိုင်းအဝိုင်းကို သူ မလိုအပ်ပါချေ။ မူလအစကတည်းက သူ လိုချင်ခဲ့သည်မှာ လင်ချင်းဟယ်တစ်ဦးတည်းသာ ဖြစ်ခဲ့သည်ပင်။


မှန်သည်၊ ထောင်ရှီးက လင်ချင်းဟယ်ကို လိုချင်သည်။


မည်သည့် နည်းလမ်းနှင့် ကြိုးပမ်းရမည်မှန်း မသိသော်ငြား ထိုအသံက နှလုံးအိမ်ထဲတွင် မြစ်များ၊တောင်များကို ဖြတ်လျက် ဟစ်ကြွေးနေသကဲ့သို့ ကျယ်လောင်သည်ထက်ကျယ်လောင်လာသည်။ သူ့နှုတ်မှ ဘာမှ မပြောလျှင်တောင် သူ့မျက်ဝန်းများမှတစ်ဆင့် သေချာပေါက် ထင်ထင်ရှားရှား မြင်နေရဦးမည်ပင်။


ထို့ကြောင့် လင်ချင်းဟယ်က ထုံးစံအတိုင်း ထိုင်ခုံကို ဆွဲယူကာ ထိုင်လိုက်ချိန်၌ သူ ခါတိုင်းကဲ့သို့ အမှတ်မထင် ဘေးကိုကြည့်သလိုလိုနှင့် ပေါ်တင်မကြည့်ရဲတော့ချေ။ ထို့အစား သူ့နံဘေးရှိလူကို မျက်ဝန်းထောင့်ကနေ ခိုးကြည့်လိုက်သည်။


ပြီးနောက် ဖြေနေဆဲမေးခွန်းလွှာကိုသာ အာရုံစိုက်ထားလိုက်တော့သည်။


ထိုနေ့မှစ၍ ထောင်ရှီးက နေ့လယ်ပိုင်းတွင် စာသင်ခန်းကို သုတ်ခြေတင် ပြန်လာမြဲပြန်လာခဲ့သော်လည်း ဘေးခုံမှထိုလူ စောစောပြန်လာမည်ကို လုံးဝမမျှော်တော့ပေ။ အမှန်တကယ်လည်း ထိုလူက ပြန်မလာခဲ့ပါချေ။


ကာယအတန်းချိန်၏ စိတ်ကြိုက်အားကစားချိန်များတွင် ပိချန်ဖေးက ဘတ်စကတ်ဘောထပ်ကစားရန် သူ့ကို လာလာခေါ်သည်။ သို့သော်လည်း ထောင်ရှီးက ငြင်းလိုက်ပြီး စာရေးကိရိယာများသယ်ကာ နေရာတစ်နေရာရှာ၍ စာကျက်ဖို့သာပြင်နေသည်။


နားနေရန် ခုံတန်းရှည်များကို မိန်းကလေးများက နေရာဦးထားကြသဖြင့် သူ ကျောင်းမစ်တီးဆိုင်သို့ လျှောက်သွားလိုက်သည်။ ချင်းရွှေခရိုင်မှ သန့်ရှင်းမှုမရှိ စတုရန်းနှစ်မီတာ၊ သုံးမီတာပတ်လည် မတ်တီးဆိုင်လေးနှင့်ခြားနားစွာ ဤမစ်တီးဆိုင်က ကျယ်ဝန်းလှပြီး အထပ်နှစ်ထပ်ပါကာ ပြင်ဆင်မှုပုံစံကလည်း ချစ်စရာကောင်းလှသည်။


ထောင်ရှီးမှာ ယခင်နေ့က ယန်သောလဲ့ကိုင်ထားသည့် မတ်တီးဘူးနှင့် သင်ထောက်ကူစာအုပ်များကို ပြန်မြင်ယောင်လာသည်။ ဤမစ်တီးဆိုင်ထဲတွင် လင်ချင်းဟယ်က သူ့အတွက် အိမ်စာကူလုပ်ပေးနေခဲ့ခြင်းဖြစ်မည်။ လင်ချင်းဟယ်ကမူ ဆိုင်၏အပြင်အဆင်ကို သေချာပေါက် သဘောကျလောက်မည်မဟုတ်ချေ။


ထောင်ရှီး မသိစိတ်၏စေ့ဆော်မှုအရ မစ်တီးဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ ဆိုင်၏အတွင်းနံရံများက ပန်းရောင်ဖျော့ဖျော့နှင့် အပြာနုရောင်ဖြစ်၏။ ကော်ဖီဆိုင်များကဲ့သို့ပင် တစ်ဖက်ပိတ် ခုံတန်းလေးများ အများအပြားရှိကာ ထိုင်ခုံနေရာအများစုတွင် မိန်းကလေးများက မုန့်စားရင်း စကားထိုင်ပြောနေကြသည်။


စတိုးဆိုင်မန်နေဂျာက အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သဘောမနှောကောင်းသည့် မျက်နှာထားရှိသည်။ ဝယ်သူအသစ်ကိုမြင်လျှင် သူမက ပြုံးလျက်နှုတ်ဆက်သည်။


ထောင်ရှီးမှာ ငွေရှင်းကောင်တာပေါ်က မီနူးကိုမြင်ကာမှ ဆိုင်ထဲဝင်ခဲ့မိသည်ကို နောင်တရချင်သွားသည်။ မစ်တီးအမျိုးအစားစာရင်း၏ နောက်တွင် ဈေးနှုန်းက ဆယ်ယွမ်ကျော်ချည်းသာ။


ထောင်ရှီးက ဆိုင်မန်နေဂျာကို ကသိကအောက်ပြုံးပြလိုက်ပြီး ဆိုင်ထဲမှထွက်မည်ပြင်သည်။ ထိုစဉ် တစ်ဖက်ပိတ် ခုံရှည်တစ်ခုံနားသို့ ရောက်သော်  ရင်းနှီးနေသော အသံများကိုကြားလိုက်ရသည်။


“ နင် အရင်က ထောင်ရှီးကို အမြင်ကြည်သေးတယ်မလား…။ ဒါပေမယ့်လဲ သူက နင့်ကို လုံးဝစိတ်မဝင်စားဘူးလေ…”


မိန်းကလေးတစ်ယောက်က တခစ်ခစ်ရယ်သည်။ ထောင်ရှီး တွေးကြည့်လိုက်သော် ထိုမိန်းကလေးက ကျန်းရှင်းယွင်နှင့် မကြာခဏ ပေါင်းတတ်ပြီး သူ့လက်ရေးကိုပင် ချီးကျူးခဲ့ဖူးသည့် တရုတ်စာအတန်းကိုယ်စားပြု ကျန်းမုန့်ထုံ ဖြစ်ကြောင်း မှတ်မိသွားသည်။


“ ဘယ်သူက သူ့ကိုကြိုက်နေလို့လဲ…” ထိုအသံက ကျန်းရှင်းယွင်၏ အသည်းအသန်ငြင်းနေသည့်အသံပင်။


“ နင်ပဲ သူနဲ့ထိုင်ခုံဖော်လုပ်ချင်လို့ စာပေးခဲ့တာမဟုတ်ဘူးလား…အခုမှ သူ့ကိုကြိုက်နေတာကို ဝန်မခံချင်ဘူး…” ကျန်းမုန့်ထုံက ပြောသည်။


“ ငါမကြိုက်ဘူး…ငါက တောသားတစ်ယောက်ကို ဘာလို့ကြိုက်ရမှာလဲ…”


တခြားမိန်းကလေးတစ်ယောက်က ထရယ်လိုက်၏၊ ချန်ယာ့ချွင် ဖြစ်ပုံရမည်။  “ ငါ အဲ့တုန်းက တကယ်နားမလည်နိုင်ခဲ့ဘူး။ ရှင်းယွင်ရဲ့ စံနှုန်းတွေက အမြဲတမ်းမြင့်ခဲ့တာလေ။ သူဘယ်လိုလုပ် တောသားတစ်ယောက်ကို စိတ်ဝင်စားနိုင်မှာလဲ…။ နင်သိသင့်တယ်…သူက ဘယ်လောက်ပဲ လူကောင်းဖြစ်နေပါစေ တောကတက်လာတော့ တောကျတဲ့အတွေးအခေါ်တွေကို ပြင်လို့ရမှာမဟုတ်ဘူး…”


“ ဟုတ်တယ်၊ သူဘယ်လောက်ပဲ ရုပ်ရည်ကြည့်ကောင်းပါစေ အလုပ်သမားလူတန်းစားဆိုတာ နောင်ကျရင်လည်း သာမန်ရုံးဝန်ထမ်းလောက်ပဲ ဖြစ်လာမှာ။ ရှင်းယွင် ၊ နင်သာ သူ့ကိုလက်ထပ်လိုက်ရင် ကျန်းမိသားစုရဲ့ စည်းစိမ်တွေကို ရပြီးတာနဲ့ သူ သေချာပေါက် ဖောက်ပြန်မှာပဲ…”  ကျန်းမုန့်ထုံက ဉာဏ်အလင်းပြ ဆိုဆုံးမဟန် ပြောလိုက်သည်။


“ နင်တို့တွေ ဟိုးအဆုံးအစွန်အထိကို ပြောချပစ်လိုက်တာပဲနော်…” ကျန်းရှင်းယွင်မှာ အနည်းငယ် စိတ်ဆိုးသွားသည်။


“ ဒါပေမဲ့ ထောင်ရှီးက တော်တော်ထူးခြားတယ်နော်။ ပြောရရင် ငါတို့ကျောင်းထဲမှာ သူ့ကို ကြိုက်တဲ့ကောင်မလေးတွေရှိလာခဲ့ရင် အမြင်ကောင်းကောင်းနဲ့ ရည်မှန်းချက်ရှိတဲ့လူတွေဆို ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားသင့်တယ်။ သူတို့ အမြင့်ကိုတက်ကောင်းတက်သွားနိုင်တာပဲလေ…” ချန်ယာ့ချွင်က ပြောလေသည်။


“ တကယ်လို့ သူက ကျင်းကျင်းလို အထက်တန်းကျကျ ဆွဲဆောင်မှုရှိတာကို သဘောကျတာဆိုရင်ရော…” ကျန်းမုန့်ထုံက ခပ်ပြုံးပြုံးပြောသည်။


“ ငါနဲ့ ကျင်းကျင်းရဲ့ရင်းနှီးမှုကို လာရန်မတိုက်ပေးနဲ့။ ကျင်းကျင်းက လင်ချင်းဟယ်ကိုပဲ ကြိုက်တာ…” ကျန်းရှင်းယွင်က ကြိမ်းလိုက်သည်။


“ အဲ့ဒီတော့ရော...လင်ချင်းဟယ်က သူ့ကိုလှည့်တောင်မကြည့်တာကို…”ချန်ယာ့ချွင်က ခပ်ဖွဖွရယ်လျက် ပျက်ရယ်ပြုဟန်ဖြင့် ပြောလိုက်သည်။


“ အေးပါ၊ နင် ဘယ်သူ့ကို ကြိုက်နေလဲ ငါသိပါတယ်…” ကျန်းမုန့်ထုံက ချန်ယာ့ချွင်ကို အထာနှင့်ပြုံးပြသည်။


ထောင်ရှီးက ပန်းဖျော့ရောင်နံရံနောက်ရှိ အခန်းထဲတွင် ရပ်နေသောကြောင့် အသံများကို ရှင်းလင်းစွာကြားနေရသည်။ သူ မျက်လွှာတစ်ဝက်မျှ မှိတ်ချလိုက်ကာ တိတ်တဆိတ် သရော်ပြုံးပြုံးမိသည်။ မိန်းကလေးများ၏စကားဝိုင်းကို သူ နှောင့်ယှက်လိုခြင်း အလျဉ်းမရှိပါချေ။


ချင်းရွှေတွင်ရှိစဉ်ကလည်း သူက ယောက်ျားလေးများနှင့်ဆိုလျှင် တစ်ဖက်လူက အရှုံးမပေးမချင်း တိုက်ခိုက်ရန်ဖြစ်ခဲ့သော်လည်း မိန်းကလေးများနှင့်မူ ဘယ်သောအခါမှ ရောနှောလေ့မရှိခဲ့ဖူးပေ။


သူ ဘာလုပ်နိုင်မှာလဲ… သူ မိန်းကလေးတွေကို မရိုက်နိုင်ဘူး။ ဒီတော့ သူ့တို့ကို ပြေးငေါက်လိုက်ရမှာလား… အဲ့လိုဆို ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်သွားလိမ့်မယ်။


ထောင်ရှီး လှည့်ထွက်သွားမည်ပြုစဉ် ရုတ်တရက် မိန်းကလေးတစ်ယောက်၏စကားသံကို ကြားလိုက်ရသည်။


“ နင်တို့ရဲ့မိသားစုက သူများနောက်ကွယ်မှာ အတင်းပြောတတ်အောင် သင်ပေးထားတာလား…”


“ ယိုး..ထာဝရအဆင့်နှစ် ၊ အမိုက်မဲမလေးကတော့ သူများအတွက် တရားမျှတမှုကို လိုချင်နေတာပဲ။ ဘာလဲ… ဒါကနင့်ဆိုင်ဖြစ်နေလို့ ငါတို့ စကားပြောလို့ မရတော့ဘူးလား…” ချန်ယာ့ချွင်က မကြည်မသာနှင့်ပြောလိုက်သည်။


“ ငါတို့မှာဖြင့် နင့်အမေအတွက် စီးပွားရေးလုပ်ပေးလိုက်ရတာ နင်ကတော့ ဖောက်သည်တွေကို မောင်းထုတ်နေတာလား…” ကျန်းမုန့်ထုံက ပြုံးရင်း နို့လက်ဖက်ရည်ကို တစ်ငုံ့သောက်လိုက်သည်။


ဟွမ်းချင်က ထိုမိန်းကလေးသုံးယောက်ကို အေးစက်စွာကြည့်လိုက်သည်။ သူမ၏အမေက မလှမ်းမကမ်းမှ မျက်နှာရိပ်မျက်နှာကဲပြနေသည်။ သူမ ပြောစရာစကားမဲ့သွားပြီး မစ်တီးဆိုင်၏အပြင်ဘက်သို့ လှည့်ထွက်လာလိုက်သည်။ သို့သော် သူမ ထွက်ထွက်ချင်း ထောင်ရှီးနှင့် ပက်ပင်းတိုးလေသည်။


သူမ ကြက်သေသေသွားကာ အလိုအလျောက် ပါးစပ်ဟလိုက်တော့မည့်ဆဲဆဲတွင် ထောင်ရှီးက လက်ညှိုးဖြင့် “တိုးတိုး” ဟူသော ပုံစံလုပ်ပြလာသည်။


နှစ်ဦးသား မစ်တီးဆိုင်ထဲမှ တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်။ ထောင်ရှီးက မြင်းမြှီးသဏ္ဌန်ဆံပင်စည်းထားသော ဖြူဖပ်ဖပ်ကောင်မလေးကို ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။


“ ခုနကအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နောက်ဆို အဲ့လိုမလုပ်နဲ့တော့နော်။ သူတို့တွေ နင့်ကိုဖယ်ကြဉ်ထားကြလိမ့်မယ်…”


ဖယ်ကြဉ်ခံရသည့် ခံစားချက်ကို ထောင်ရှီးကောင်းကောင်းသိသည်။ လုံးဝခံစား၍ မကောင်းပါချေ။


ဟွမ်းချင်က ခံစားချက်မဲ့စွာ ပြောလာသည်။


“ အဲ့ဒီတော့ ဘာဖြစ်လဲ… ငါက အစကတည်းက ဖယ်ကြဉ်ခံထားရတာပဲ မဟုတ်ဘူးလား…”


ထောင်ရှီး ခဏမျှပြန်စဉ်းစားကြည့်လိုက်သော် ဟွမ်းချင်က အမှန်တကယ်ကို အမြဲတစေ တစ်ယောက်တည်းဖြစ်နေကြောင်း သတိရသွားသည်။ သူ နှုတ်ဆက်စကားပြောရန်ပြင်စဉ် ဟွမ်းချင်ထံမှ စကားဆိုလာသံကို သူကြားလိုက်ရသည်။


“ ထောင်ရှီး၊ သူတို့ပြောတာ နားမထောင်နဲ့နော်။ နင်က အရမ်းတော်တယ်လို့ ငါထင်တယ်…”


ထောင်ရှီး အံ့အားသင့်သွားသည်။ အမှန်အတိုင်းပြောရလျှင် သူ ကျောင်းစတက်ကတည်းက အတန်းဖော်များစွာနှင့် စကားပြောဖူးသော်လည်း ဟွမ်းချင်နှင့်မူ လုံးဝမရင်းနှီးပေ။


သူ ခပ်ဖွဖွပြုံးပြကာ စိတ်ရင်းနှင့်ပြောလိုက်သည်။


“ ကျေးဇူးတင်ပါတယ်…”


ဤကဲ့သို့ ကြင်နာမှုအနည်းငယ်ကို ပေးအပ်လာသောကြောင့် သူ အင်မတန် ကျေးဇူးတင်မိသည်။


ထိုမိန်းကလေးများနှင့် ပက်ပင်းတိုးလျှင် အရှက်ထပ်ကွဲရမည်စိုး၍ ထောင်ရှီးက အမြန်ထွက်သွားမည်ပြုချိန်၌ မတ်တီးဆိုင်ကို အတူလျှောက်လာသော လင်ချင်းဟယ်နှင့် ယန်သောလဲ့ကို တွေ့လိုက်ရသည်။ ယန်သောလဲ့အတွက် မစ်တီးဝယ်ပေးရန် လိုက်ခဲ့ပေးခြင်းဖြစ်မည်။


သူ ခြေလှမ်းများရပ်သွားကာ ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက် မျက်လုံးများကွေးညွှတ်၍ လင်ချင်းဟယ်ကို ပြုံးပြလိုက်သည်။


သို့သော် လင်ချင်းဟယ်ကမူ သူ့ကို ကြည့်ပင်ကြည့်မလာဘဲ ယန်သောလဲ့နှင့်အတူ မစ်တီးဆိုင်ထဲကို ဝင်သွားသည်။ ထို့အစား ယန်သောလဲ့က သူ့ကို ပြုံးပြလာပြီး သူ့နာမည်ကို ခေါ်ကာနှုတ်ဆက်သည်။


ထောင်ရှီး အနည်းငယ် ကြောင်အမ်းသွားသည်။ လင်ချင်းဟယ်က ကျောင်းပထမဆုံးနေ့ကထက်ပင် ပိုမိုအေးစက်နေသည်ဟု သူခံစားနေရသည်။


ထိုနေ့က ကလပ်အတန်းချိန်တွင် “ငါနားထောင်ပေးမယ်” ဟု ပြောခဲ့ချိန်မှစ၍ လင်ချင်းဟယ်က သူ့ကို သိပ်လျစ်လျူမရှုတော့ပေ။


ယခုထိ လင်ချင်းဟယ်ဘက်က အရင်ဦးစွာ စကားဆိုလာခြင်း မရှိသေးသော်လည်း အနားမကပ်ရဲအောင် မိုင်ထောင်ချီအကွာထိ ငြင်းလွှတ်ခြင်းမျိုးတော့ မလုပ်တော့ပါချေ။


သို့သော် ယခုလင်ချင်းဟယ်က သူ့ကို မနှစ်မြို့သည့်ပုံပေါက်နေသည်။

မှန်၏။ မနှစ်မြို့ခြင်းပင်။


ကျောင်းပထမဆုံးနေ့တွင် ကျိုးချန်က သူ့ကို လင်ချင်းဟယ်၏ဘေး၌ ထိုင်ခိုင်းခဲ့စဉ်က အဖြစ်အပျက်ကို ရုတ်တရက် ပြန်သတိရမိသည်။ လင်ချင်းဟယ်က သူ့အား တစ်ချက်ကြည့်ကာ ချက်ချင်းငြင်းပစ်ခဲ့သည်ပင်။


သူက လင်ချင်းဟယ်၏ဘေးတွင် ထိုင်ရတော့မည်မို့ စိတ်လှုပ်ရှားနေရာ ထိုအကြည့်များကို အဓိပ္ပာယ်မဖော်တတ်ခဲ့ပေ။


ထိုအကြည့်က အံဆွဲထဲတွင် နှင်းဆီပန်းများရှိနေသည်ဟု သူ ပြောလိုက်စဉ် ဖြစ်ပျက်ခဲ့သွားသော လင်ချင်းဟယ်၏ မနှစ်မြို့သည့်အကြည့်များနှင့် တစ်ထပ်တည်းတူနေခဲ့သည်ပင်။

ထောင်ရှီး ပင့်သက်ပြင်းပြင်းရှိုက်လိုက်မိသည်။ မစ်တီးဆိုင်ထဲမှ လေအေးပေးစက်က ယခုလေးတင် အလွန်အေးလာပုံရသည်။ သူ့လက်များ အနည်းငယ်အေးစက်လာသဖြင့် ဟွမ်းချင်ကိုနှုတ်ဆက်ပြီး မစ်တီးဆိုင်ထဲမှ ထွက်ပြေးလာခဲ့သည်။


ယန်သောလဲ့က မစ်တီးဆိုင်ထဲသို့ လျှောက်ဝင်လာရင်း နံဘေးမှလင်ချင်းဟယ်ကို လှည့်ကြည့်ကာ အံ့ဩဘနန်းဆိုလိုက်သည်။


“ ချင်းဟယ်ကော၊ မင်း အရင်က တစ်ခါမှအထဲကို မဝင်ဖူးဘူးမလား…။ ဒီနေ့မှ ဘာလို့လိုက်ဝင်တာလဲ…”


ဤမစ်တီးဆိုင်၏ကိုးဆယ်ရာခိုင်နှုန်း ဝယ်ယူသူများမှာ မိန်းကလေးများဖြစ်ကြသည်။ ယန်သောလဲ့သာ အချိုကြိုက်ပြီး မစ်တီးသောက်ရသည်ကို မနှစ်သက်လျှင် ဤမျှမိန်းကလေးဆန်သော မစ်တီးဆိုင်ထဲကို ဝင်ပင်မဝင်ချင်ပေ။ ထို့အတူ လင်ချင်းဟယ်ကလည်း ခပ်ဝေးဝေးတွင်သာနေပြီး ဆိုင်ထဲကို ခြေလှမ်းတစ်ဝက်တောင် လှမ်းဝင်ခြင်း မရှိခဲ့ဖူးပေ။ လင်ချင်းဟယ်ကို ဆိုင်ထဲတွင် သူ့အတွက် အိမ်စာကူလုပ်ပေးစေချင်သော်လည်း လင်ချင်းဟယ်က ဆိုင်ထဲကို ဝင်လာမည့်အစား ကစားကွင်းထဲတွင်သာ သွားရပ်နေတတ်သည်။


ထင်သည့်အတိုင်းပင် လင်ချင်းဟယ်က အနည်းငယ် ကသိကအောက်ဖြစ်သွားသည်။ ဆိုင်ထဲရှိ မသတီစရာ ချိုအီအီအနံ့က သူ့ကိုမျက်မှောင်ကြုတ်စေပြီး တံခါးနှင့်မနီးမဝေးနေရာတွင် ရပ်လိုက်ကာ အထဲသို့ဝင်မသွားတော့ချေ။


သူက ယန်သောလဲ့၏မေးခွန်းကို ပြန်မဖြေဘဲ အသံဩရှရှနှင့် လောဆော်လိုက်သည်။


“ သွားဝယ်၊ ပြီးရင် ပြန်မယ်…”


မစ်တီးသောက်နေကြသော မိန်းကလေးအချို့က လင်ချင်းဟယ်ကို လှည့်ကြည့်ရင်း တိုးတိုး တိုးတိုးနှင့်စကားပြောနေကြသည်။ ကမ္ဘာလောကအသစ်ကို ရှာတွေ့လိုက်သည့်အလား ခေါင်းချင်းဆိုင်လျက် အသံတိမ်တိမ်နှင့် ဆွေးနွေးတိုင်ပင်နေကြလေသည်။


ယန်သောလဲ့မှာ လင်ချင်းဟယ်၏စိတ်အခြေအနေက ရုတ်တရက်ဆိုးဝါးသွားကြောင်း သတိထားမိလိုက်သည်။ လင်ချင်းဟယ်က အမြဲတစေ အေးတိအေးစက်မျက်နှာနှင့် အမူအရာမပြတတ်သော်လည်း ၁၆ နှစ် ကျော်ကြာ ရင်းနှီးခဲ့သည့် သူငယ်ချင်းတစ်ယောက်အနေနှင့် လင်ချင်းဟယ်၏စိတ်အခြေနေက မည်သို့ရှိနေကြောင်းကို သူ ချက်ချင်းသိသည်။


သူ ပါးနပ်စွာဖြင့် ဘာစကားမှ ထပ်မဆိုတော့ဘဲ ကောင်တာသို့သာ အလျင်အမြန်သွားလိုက်သည်။


လင်ချင်းဟယ်က နေရာတွင်ရပ်ကာ လက်ကိုမြှောက်တင်လျက် နာရီကြည့်လိုက်သည်။ ထို့နောက် မှန်တံခါး၏အပြင်ဘက်ကို လှမ်းကြည့်သည်။ တံခါးဝတွင်ရပ်ပြီး စကားပြောနေကြသည့် လူနှစ်ယောက်က ထွက်ခွာသွားသည်မှာ ကြာလှလေပြီ။ လင်ချင်းဟယ် တံခါးအပြင်ကို ထွက်မည်ပြုစဉ် ဆိုင်ပြင်ထွက်လာကြသော ကျန်းရှင်းယွင်၊ ကျန်းမုန့်ထုံ၊ ချန်ယာ့ချွင်တို့သုံးဦးနှင့် ဆုံလေသည်။


မိန်းကလေးသုံးဦးမှာ လင်ချင်းဟယ်၏မျက်နှာကို မြင်လိုက်ရလျှင် အနည်းငယ်အံ့ဩသွားကြသည်။ ကျန်းမုန့်ထုံက ဘေးရှိ ချန်ယာ့ချွင်ကို တိတ်တိတ်ကလေးလှမ်းပုတ်လိုက်သည်။ ချန်ယာ့ချွင်မှာ ခြေလှမ်းရပ်သွားပြီး လင်ချင်းဟယ်ကိုမော့ကြည့်ကာ ပြုံးပြလိုက်သည်။ သူမပြုံးလိုက်သည့်အခါ ပါးချိုင့်လေးနှစ်ဖက်က နစ်ဝင်သွားသည်။ ယင်းက သူမ၏အလှဆုံး အမူအရာလေးပင်။


ချန်ယာ့ချွင်မှာ လင်ချင်းဟယ်က သူမကို တကယ်လှည့်ကြည့်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သို့သည့်တိုင် သူမ အပြည့်အဝမပျော်ရွှင်နိုင်သေးခင် နှလုံးသားက လျင်မြန်စွာ အောက်ပြန်ပြုတ်ကျသွားခဲ့သည်။


လင်ချင်းဟယ်က သူမကို တစ်ချက်သာကြည့်ပြီး ချာခနဲလှည့်ကာ ဆိုင်ပြင်သို့ ထွက်သွားသည်။


သို့သော် ထိုအကြည့်ထဲတွင် ယခင်ကကဲ့သို့ လျစ်လျူရှုခြင်းများနှင့်အတူ မနှစ်မြို့ခြင်းများလည်း ပါဝင်နေခဲ့သည်။ ယင်းက ပေါ်လွင်ထင်ရှားလွန်းသဖြင့် သူမမှာ လင်ချင်းဟယ်ကို အမှားများလုပ်ထားမိသလား ဟူ၍ပင် ဝေခွဲမရဖြစ်သွားသည်။ ဤလူက သူမကို စိတ်ပျက်သွားသည်မှာ သေချာသည်။


…….


ထောင်ရှီး စာအုပ်တစ်အုပ်ကိုင်လျက် ထွက်ပြေးလာခဲ့ရာ အဆုံး၌ ခုံတန်းလျားအလွတ်တစ်ခုကို ရှာတွေ့သွားပြီး စာလုပ်ရန် ခုံပေါ်ထိုင်ချလိုက်သည်။ အချိန်အတော်ကြာထိ သူ စာဖတ်နေသော်လည်း ခေါင်းထဲလုံးဝ မဝင်ပါချေ။ လင်ချင်းဟယ်၏မျက်ဝန်းများသာ သူ့အတွေးထဲ ပေါ်ပေါ်လာနေသည်။


လင်ချင်းဟယ်၏မျက်ဝန်းများက အလွန်လှသည်။ သူငယ်အိမ်လေးများက နေရောင်အောက်တွင် ပယင်းရောင်လိုပင် တလဲ့လဲ့နှင့်။ မြင့်မားသောအရပ်ကြောင့် လူတစ်ယောက်ကို ငုံ့ကြည့်လိုက်တိုင်း ထူထဲကာရှည်လျားသော မျက်တောင်များက တစ်ဝက်မျှ အောက်သို့ငိုက်စိုက်ကျနေတတ်သည်။ ရံဖန်ရံခါတွင် ထိုမျက်တောင်ရှည်များက အနည်းငယ်တုန်ယင်နေတတ်သည့် လိပ်ပြာတစ်ကောင်ကဲ့သို့ပင်။ အေးစက်စိမ်းကားသော မျက်ဝန်းများက အညှို့ခံနေရသလိုပင် ထင်ယောင်ထင်မှားဖြစ်စေသည်။


ထောင်ရှီးမှာ ထိုမျက်ဝန်းများ၏စူးစိုက်ကြည့်ခြင်းကို ခံခဲ့ရဖူးသည်။ ကလပ်လှုပ်ရှားမှုအတန်းများ ရှိသည့်နေ့က တန်းခွဲ(၁)တွင် ဆက်နေခွင့်ရရန် လင်ချင်းဟယ်ကို နည်းလမ်းပေါင်းစုံဖြင့် တောင်းဆိုခဲ့ဖူးစဉ်က ဤထင်ယောင်ထင်မှားအကြည့်များကြောင့် သူ သတ္တိများရှိနေခဲ့ခြင်းဖြစ်မည်။


လင်ချင်းဟယ်က ဘာကြောင့် သူ့ကို မုန်းသွားပြန်သလဲကို သူနားမလည်ပါချေ။ သို့သော်လည်း သူက ဤမျှနှင့် စိတ်ဓာတ်ကျတတ်သူမဟုတ်ချေ။


လာမည့်အနာဂတ်က ရှည်လျားပြီး ကြိုးစားရန်လည်း တစ်နှစ်တောင်ကျန်သေးသည်ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။


သို့သော် ထောင်ရှီးမှာ လင်ချင်းဟယ်နှင့် ပိုမိုပိုနီးစပ်ခွင့်ရအောင် မည်သို့ ကြိုးစားရမည်ကို မသိချေ။ လင်ချင်းဟယ်ပြောသည့်အတိုင်း တန်းခွဲ(၁)တွင် ဆက်နေနို်ငအောင် ရေကုန်ရေခမ်း ကြိုးစားရန်သာရှိသည်။


သူနှင့် သူငယ်ချင်းဖြစ်လိုလျှင် နှစ်ဝက်စာမေးပွဲ၌ ထိပ်ဆုံးငါးဆယ်စာရင်း ဝင်နို်ငမှဖြစ်ပေမည်။


ထောင်ရှီးမှာ ရုတ်တရက် စိတ်ဓာတ်ခွန်အားများ ပြန်ပြည့်သွားပြီး ခါတိုင်းညထက်ပင် စောင်ထဲတွင် လက်နှိပ်ဓာတ်မီးတစ်လက်နှင့် စာပိုလုပ်ဖြစ်ခဲ့သည်။ သူ စာလုပ်ပြီး၍ စောင်ကိုဖယ်လိုက်သောအခါ မျက်နှာတစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေတော့သည်။


သူ လက်နှိပ်မီးကို စောင်ဖြင့်လုံအောင်အုပ်ထားသော်လည်း ရွှီကျီးချီက မီးရောင်ကြောင့် အိပ်မရဟု အမြဲညည်းတွားသည်။ ရွှီးကျီးချီက အဆောင်မှူးကို သွားတိုင်မည်လည်းစိုးရသဖြင့် လက်နှိပ်ဓာတ်မီးကို ပလတ်စတစ်အမည်းရောင်ဖြင့်အုပ်၍ မီးရောင်ခပ်မှိန်မှိန်လေးသာ ထွက်အောင်လုပ်ခဲ့ရသည်။


အကျိုးဆက်ကမူ သူ စာလုပ်ပြီးချိန်တိုင်း မျက်လုံးများ အနည်းငယ် ကိုက်ခဲနေတော့သည်။


______________