အပိုင်း ၁၄
Viewers 8k

The Moon Is Coming To Me

Chapter 14.1


တနင်္ဂနွေနေ့ မနက်ပိုင်း အင်္ဂလိပ်အတန်းချိန်အပြီးတွင် ထောင်ရှီးက ဘောပင်လှည့်နေသော လင်ချင်းဟယ်၏ လက်မောင်းကို ခပ်ဖွဖွပုတ်လိုက်သည်။


လင်ချင်းဟယ်က လက်ထဲရှိ ဖုန်းမျက်နှာပြင်ကို ဆက်ထိနေပြီး ခေါင်းလှည့်မလာဘဲ အေးစက်စက်အသံနှင့် ပြန်ထူးသည်။


“ ဘာလဲ…”


“ငါ ရေသွားဖြည့်မလို့။ မင်းအတွက်ရော ဖြည့်ပေးရဦးမလား…”


ထောင်ရှီးက လင်ချင်းဟယ်၏စားပွဲပေါ်ရှိ ရေတစ်ဝက်သာကျန်တော့သည့် အနက်ရောင်ရေဘူးလေးကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။


“ မလိုဘူး…”


ထောင်ရှီးမှာ “‌ဪ” ဟုသာ ဆိုမိသည်။ ရေသွားဖြည့်ချင်စိတ်လည်း မရှိတော့သဖြင့် တွန့်ကြေနေသော ပန်းချီကလပ်၏ပိုစတာလေးကို ထုတ်လိုက်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်များ ထွက်လာအပြီး ဘယ်ကျောင်းကို လျှောက်ရမလဲဟု မိဘများနှင့် တိုင်ပင်နေသူတစ်ယောက်ပမာ သူ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။


“ ငါ ဒီနေ့ ပန်းချီကလပ်ကို သွားဖို့စီစဉ်ထားတယ်…”


လွန်ခဲ့သည့်တစ်ပတ်က လင်ချင်းဟယ်က သူ့အား ပန်းချီကလပ်ကိုဝင်ရန် ပြောခဲ့ဖူးသည်။ ထိုစကားကို သူတဝေမသိမ်းနားထောင်ကြောင်း လင်ချင်းဟယ်ကို သိစေချင်သည်။


သို့သော် လင်ချင်းဟယ်၏အသံက အေးစက်မြဲအေးစက်ဆဲပင်။


“ အဲ့ဒါ ငါနဲ့မဆိုင်ဘူးမလား…”


ထောင်ရှီးမှာ နောက်တစ်ကြိမ် “ဪ”ဟုသာ ပြောနိုင်တော့၏။ သူ ပိုစတာကို ပြန်သိမ်းလိုက်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။


လင်ချင်းဟယ်နှင့် မစ်တီးဆိုင်ဝင်ပေါက်တွင် ဆုံပြီးသည့်နေ့ကတည်းက သူ့မှာ လင်ချင်းဟယ်နှင့် စကားကောင်းကောင်းပြောနိုင်ဖို့ အတော်ကိုကြိုးစားရုန်းကန်နေရသည်။ မနက်တိုင်း လင်ချင်းဟယ်ကို ရေဖြည့်ပေးရန်လိုသေးလားဟု ဇွဲကောင်းကောင်းနှင့် မေးရသည်။


သို့သော် လင်ချင်းဟယ်ကမူ မေးလာသမျှကို ယခုကဲ့သို့ ဥပေက္ခာသာပြုနေခဲ့သည်။ ထို့ကြောင့် သူ လင်ချင်းဟယ်၏ရေဘူးကို ထိပင်မထိနိုင်သေးချေ။


လင်ချင်းဟယ်က သူ ရေထဲ အဆိပ်ခတ်လိုက်မှာ ကြောက်နေတာများ ဖြစ်နိုင်လောက်လား…


‌ထောင်ရှီးမှာ အပြန်ပြန်အလှန်လှန် မိမိကိုယ်မိမိ ဆန်းစစ်ကြည့်သော်လည်း ထိုနေ့က သူဘာအမှားလုပ်မိခဲ့၍ လင်ချင်းဟယ်က ယခုကဲ့သို့ ဖြစ်သွားရသလဲကို အဖြေရှာမရနိုင်ပါချေ။


မည်သို့ဆိုစေကာမူ လမင်းသော်တာသည်လည်း တိမ်ထူသည့်အချိန်ရှိသလို၊ လသာသည့်အချိန်လည်း ရှိနိုင်သည်။ ထို့ကြောင့် လင်ချင်းဟယ်လည်း တစ်ခါတစ်ရံ တိမ်ဖုံးလိုက်၊ နေသာလိုက်ဖြစ်နိုင်သဖြင့် လူမှုရေးမကောင်းခြင်းက ပုံမှန်သာဖြစ်မည်။


‌ထောင်ရှီးက ဖြည့်တွေးပေးလိုက်သည်။


နောက်ဆုံးအတန်းချိန်ပြီးသောအခါ အတန်းထဲမှ ကျောင်းသားများအားလုံး လွယ်အိတ်ကိုယ်စီလွယ်လျက် ဒရောသောပါး ထွက်သွားကြသည်။  လင်ချင်းဟယ်နှင့် ယန်သောလဲ့ကလည်း သီချင်းစာရွက်များနှင့်အတူ ထွက်သွားကြသည်။ ထောင်ရှီးတစ်ယောက် အတန်းထဲတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးမှ ချီးရှစ်ဆောင်သို့ ကသုတ်ကရက် ထွက်လာခဲ့သည်။


သူ ပိုစတာကိုကိုင်လျက် လိပ်စာအတိုင်း လိုက်ရှာလိုက်ရာ ဒုတိယအထပ်ရှိ ပန်းချီကလပ်၏စတူဒီယိုကြီး ရှာတွေ့သွားသည်။ စတူဒီယိုထဲတွင် လူ ၃၀ ခန့်ရှိနေပြီး အများစုက မိန်းကလေးများဖြစ်ကာ ပုံဆွဲချပ်ပြားပေါ်တွင် ပန်းချီဆွဲနေကြသည်။


ပန်းချီဆွဲခြင်းက သူ့အတွက် ရှားရှားပါးပါး ဝါသနာလေးဖြစ်သည့်တိုင် ထောင်ရှီးမှာ အထဲကိုဝင်သွားချိန်၌ ပူပန်ကြောင့်ကြလာရသည်။ ခံစားချက်က သူတစ်ပါး၏ ပိုင်နက်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာမိသည့်အတိုင်းပင်။


သူ ကလပ်တာဝန်ခံကို ရှာဖွေနေစဉ် ရန်သူနှစ်ဦးနှင့် ပက်ပင်းဆုံမိလေသည်။


“ ထောင်ရှီး ၊ နင်ရော ပန်းချီကလပ်ကို လာတာလား… ကျန်းရှင်းယွင်ကို လာရှာတာလား…”


ကျန်းမုန့်ထုံက ပန်းချီစုတ်တံကို ကိုင်လျက် ခပ်ပြုံးပြုံးပြောလာပြီး ကျန်းရှင်းယွင်ကို မျက်စတစ်ချက်ပစ်ပြလိုက်သည်။


ပန်းရောင်ရှေ့ဖုံးခါးစည်း ဝတ်ထားသည့် ကျန်းရှင်းယွင်က ထောင်ရှီးကို မော့ကြည့်လာသည်။ ထို့နောက် ကျန်းရှင်းယွင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သို့တိုင် သူမ၏နှုတ်ခမ်းများကမူ ဖွဖွပြုံးနေသည်။


ထောင်ရှီး ဤလူနှစ်ယောက်ကို မလေးစားဘဲ မနေနိုင်တော့ချေ။ သူ့ကိုယ်သူ ဟန်ဆောင်ကောင်းသူတစ်ယောက်ဟု အမြဲထင်ခဲ့သော်လည်း သူ့ထက် ဟန်ဆောင်ကောင်းသူ ရှိလိမ့်ဦးမည်ဟု ထင်မထားခဲ့ပေ။


မစ်တီးဆိုင်မှ စကားများကိုသာ မကြားခဲ့လျှင် ထိုနှစ်ယောက်က သူ့အပေါ်အလွန်ဖော်ရွေကြသည်ဟုပင် သေချာပေါက်ထင်နေလိမ့်ဦးမည်။


သူ ခပ်ဖွဖွသာပြုံးကာ ပြောလိုက်သည်။


“ လင်ချင်းဟယ်က ဒီကလပ်က ကောင်းတယ်လို့ပြောနေတာကြားလို့ ငါ ခဏဝင်ကြည့်လိုက်တာ။ ဒါပေမဲ့ အခုတော့ သိပ်သဘောမတွေ့တော့ဘူး…”


ပြောပြောပြီးချင်းပင် သူ ချက်ချင်း လှည့်ထွက်လာခဲ့လိုက်သဖြင့် အနောက်တွင် မျက်စိမျက်နှာပျက်လျက် ကျန်ခဲ့သော လူနှစ်ယောက်ကို မမြင်လိုက်ရပါချေ။


‌ထောင်ရှီးမှာ ပန်းချီကလပ်ကို ဝင်ချင်စိတ်မရှိတော့ပေ။ ထို့အတွက် သူ့တွင် အကြောင်းပြချက်ကောင်းကောင်းရှိသည်။ ပန်းချီကိရိယာများဝယ်ရန် ငွေကြေးမတတ်နိုင်ဟူ၍ပင်။


သူ တံခါးအပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံရှိသေး အရပ်ရှည်ရှည်နှင့် မိန်းကလေးတစ်ယောက်က သူ့ကို လှမ်းတားလိုက်သည်။


“ မသွားပါနဲ့ဦး ၊ ထောင်ရွှယ်တိ။ မင်းသာ သွားလိုက်ရင် ငါတို့ကလပ်က ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးသွားမှာပေါ့…”


[ ရွှယ်တိ = ဂျူနီယာမောင်လေး ]


‌‌ထောင်ရှီး အံ့ဩသွားသည်။ သူ မသိဖူး၊ မကြားဖူးသော ထိုမိန်းကလေးက အရပ်အလွန်ရှည်ပြီး သူ့ထက် အနည်းငယ်မျှသာ နိမ့်သည်။ သူမက ရှည်လျားသော ဆံပင်ကောက်ကောက်များကို ခရမ်းရောင်ခေါင်းစည်းကြိုးဖြင့် စည်းထားပြီး တောက်ပနေသော မျက်လုံးများကမူ အပြုံးများဖြင့် ပြည့်လျှမ်းနေသည်။ သူမက စကားဆက်ဆိုလာသည်။


“ အစ်မက ချောင်ယီထန်ပါ၊ ပန်းချီကလပ်အသင်းရဲ့ ဥက္ကဌ ၊ တတိယနှစ်ကပါ။ အစ်မဖက်တီးလေး ဖန်းယန့်ဆီကနေ မင်းအကြောင်းနည်းနည်းကြားဖူးတယ်။ အဲ့ဒါကြောင့် မင်းအလာကို စောင့်နေတာ…”


ထောင်ရှီး အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ ဖန်းယန့်ကို ပန်းချီကလပ်ဝင်ချင်ကြောင်း တစ်ခါမှ မပြောဖူးပါချေ။ သူ ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။


“ ရွှယ်ကျဲ ၊ ကျွန်တော် ကလပ်ကို တကယ်မဝင်ချင်တော့ဘူး…”


[ ရွှယ်ကျဲ = စီနီယာအစ်မ ]


“ ဘာလို့လဲ…”


ချောင်ယီထန်မှာ လွန်စွာ ပူပန်ဗျာပါဒရောက်လာချေ၏။


“ မင်းက ပန်းချီဆွဲရတာ မကြိုက်လို့လား…”


ဤစီနီယာအစ်မက ပိုပိုထူးဆန်းလာသည်ဟု ခံစားလာရသဖြင့် ထောင်ရှီး ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။


“ ကျွန်တော့်မှာ ပန်းချီနဲ့သက်ဆိုင်တဲ့ ကိရိယာတွေ မရှိဘူး…”


“ အဲ့တော့ဘာဖြစ်လဲ…။ ဒီဥက္ကဌက မင်းကိုပစ္စည်းကိရိယာအစုံအလင် မပေးဘဲနေမှာမို့လို့လား…”


ချောင်ယီထန်မှာ သူ့စကားကိုကြားမှ စိတ်သက်သာရသဖွယ် သက်ပြင်းအရှည်ကြီး ချနိုင်တော့၏။ သူမက ထောင်ရှီးကို စတူဒီယိုထဲ ဆွဲခေါ်လာသည်။ စတူဒီယိုထဲတွင် ပန်းချီဆွဲနေကြသော ကျောင်းသားများက ဥက္ကဌကို မင်္ဂလာပါဟု တရိုတသေ လှမ်းနှုတ်ဆက်လိုက်ကြပြီး ထောင်ရှီးအား တအံ့တဩ လှည့်ကြည့်လာကြသည်။ ကျန်းရှင်းယွင်နှင့် ကျန်းမုန့်ထုံတို့နှစ်ဦးသာလျှင် ဝေခွဲရခက်သော အမူအရာများ ပြည့်နှက်သွားကြ၏။


ချောင်ယီထန်က ထောင်ရှီးကို ပုံဆွဲချပ်ပြား၊  ပန်းချီစုတ်တံ အသစ်စက်စက်နှင့် ဆေးရောင်စုံများကို တက်ကြွစွာ ပေးလိုက်သည်။ ထိုကိရိယာများက ကလပ်၏အများပိုင်ပစ္စည်းများဖြစ်ကြောင်းလည်း ပြောပြပြီး သူ့ကို ငြင်းရန်ပင် အခွင့်မပေးပါချေ။


ထောင်ရှီးမှာ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ပုံဆွဲချပ်ပြားကို လက်ခံလိုက်ရပြီး ပန်းချီဆွဲရန်မှ အခြားမရှိတော့ချေ။ ချောင်ယီထန်က အဆုံးမှ သူ့ကို လွှတ်ပေးလိုက်ပြီး ကောင်လေးတစ်ယောက်ကိုပါ သေချာမှာကြားခဲ့သည်။


“ ထောင်ရွှယ်တိကို သေချာဂရုစိုက်ပေးလိုက်ဦး…”


ထို့နောက် သူမက ဖုန်းထုတ်ကာ စတူယိုအပြင်ဘက်သို့ ထွက်သွားပြီး တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။


ကောင်လေး၏အမည်က ကောင်းယန်ဖြစ်ပြီး ပန်းချီမေဂျာ ဒုတိယနှစ်မှ ကျောင်းသားဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်လာသည်။


“ မင်းက ငါတို့ဥက္ကဌနဲ့ ဘယ်လိုသိတာလဲ…သူကလည်း မင်းအပေါ်ကို အရမ်းလှိုက်လှိုက်လှဲလှဲ ရှိနေတဲ့ပုံပဲ…”


ထောင်ရှီးမှာ ‘ငါလည်းမသိဘူးလေ’ဟု ဖာသာတွေးလိုက်ပြီး ပြန်ဖြေလိုက်သည်။


“ ငါ့အခန်းဖော် ဖန်းယန့်က သူ့ကို ငါ့အကြောင်းပြောပြဖူးလို့နေမှာပေါ့…”


ကောင်းယန်က ခပ်တိုးတိုး ထပ်ပြောလာသည်။


“ ဖန်းယန့် ? ဖန်းယန့်က ဘယ်လိုလုပ် ကျောင်းအုပ်ကြီးရဲ့သမီးထိ ပေါက်ရောက်နိုင်မှာလဲ…”


ကောင်းယန်မှာ ထောင်ရှီးက မပြောချင်၍ သူ့ကို တမင်လိမ်နေသည်ဟု ထင်သွားပြီး တစ်ဖက်ပြန်လှည့်သွားကာ ထောင်ရှီးကို လျစ်လျူရှုလိုက်သည်။


စတူဒီယိုက တိတ်ဆိတ်ငြိမ်သက်နေပြီး ထောင်ရှီးလည်း ပန်းချီစဆွဲရန် ပြင်သည်။ ချောင်ယီထန်က သူ့ကို စုတ်တံရော၊ ဆေးပါအကောင်းစားများသာ ပေးသွားသည်။ ထောင်ရှီးအတွက် တစ်ပါးသူဆီက ငှားယူခြင်းမဟုတ်ဘဲ ဤမျှကိန်းကြီးခမ်းကြီးနိုင်စွာ ပန်းချီဆွဲဖူးသည်က ပထမဆုံးအကြိမ်ပင်။


သူ အာရုံစိုက်၍ ပန်းချီဆွဲနေချိန်တိုင်း အပြည့်အဝ ဈာန်ဝင်နေတတ်လေ့ရှိသည်။ သူ့အနောက်တွင် လူတစ်ယောက်ပြီး တစ်ယောက်ရပ်ကြည့်လာသည်ကိုလည်း သတိထားမိခြင်းမရှိတော့။ ဥက္ကဌချောင်ယီထန်တစ်ယောက်လုံး အနားတွင် လာရပ်သည်ကိုပင် သတိမထားမိချေ။


ပန်းချီက နှင်းဖုံးသော ညတစ်ည၏ လမင်းတစ်စင်းပုံဖြစ်၏။ အေးမြသော လပြည့်ဝန်းက ဘော်ငွေရောင်အလင်းဖြင့် နှင်းဖုံးနေသောတောင်တန်းများအပေါ်တွင် တောက်ပစွာသာနေသည်။ ပန်းချီကောက်ကြောင်းများက အလွန်ရိုးရှင်းသော်လည်း အရောင်စပ်မှုက ပြီးပြည့်စုံသည်။ ဆီးနှင်းနှင့် လရောင်က အထီးကျန်ဆန်သော အလှတရားကို ဖော်ကျူးပြသနေ၏။


ထောင်ရှီးမှာ ထပ်မံဝိုင်းကြည့်ခံနေရပြီးမှန်း ဘောပင်အဖုံးကို ပိတ်လိုက်သည့်အခါမှ သတိထားမိတော့သည်။ ချောင်ယီထန်က သူ့ကို အဖိုးတန်ရတနာတစ်ပါးပမာ မျက်လုံးများတဖိတ်ဖိတ်တောက်လျက် ကြည့်နေသည်။


“ ရွှယ်တိ ၊ မင်း တစ်ခါမှ ပန်းချီဆွဲမသင်ဖူးဘူးလို့ပြောရင် ငါ ဒီနေ့ မင်းကို လုံးဝအလွှတ်မပေးတော့ဘူး…”


ချောင်ယီထန်က ခြိမ်းခြောက်သည်။ သို့တိုင် သူမ၏လေသံကမူ အလွန်စိတ်လှုပ်ရှားနေဟန်။


အခြားရပ်ကြည့်နေများကလည်း ထောင်ရှီးကို အံ့ဩဘနန်း ကြည့်နေကြသည်။ သူတို့ရှေ့မှ ဤလူသစ်လေးက အမှန်တကယ်ကို ပန်းချီဆွဲမသင်ဖူးဘူးဆိုလျှင် သူတို့က ဘာကြောင့် နှစ်အကြာကြီး ပန်းချီပညာရပ်ကို လေ့လာနေတော့မည်နည်း။


‌ထောင်ရှီးက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာဆိုလိုက်သည်။


"ကျွန်တော်က ပျင်းတဲ့အခါပဲ အပျော်သက်သက် ဆွဲတာပါ…”


“ ငါလူး…”


အပျော်ဆွဲတာတဲ့…


လူအနည်းစုမှာ အသံတိုးတိုးဖြင့် မဆဲရေးဘဲ မနေနိုင်ကြတော့ပေ။ အားလုံးက အံ့ဩတုန်လှုပ်သော အကြည့်များဖြင့် ထောင်ရှီးကို ကြည့်လိုက်ကြသည်။ ထောင်ရှီးက ဥက္ကဌနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးဦးပဲ ဖြစ်ရမည်ဟု သူတို့ ယူဆလိုက်ကြလေသည်။


ထောင်ရှီး မနေနိုင်စွာ ပြုံးမိလိုက်ကာ ပျော်ချင်ယောင်ဆောင်လိုက်သည်။ လင်ချင်းဟယ်က အမှားကို အမှန်ဖုံးစရာ ‘မလိုဘူး’ ဟု ပြောစဉ်ကလည်း သူ ဤသို့ပင် ပြုံးချင်ယောင်ဆောင်ခဲ့ရသည်။


ချောင်ယီထန်က အံ့ဩမသွားပေ။ ပန်းချီဆွဲခြင်းက ဂီတပညာနှင့် အလားတူ၏။ ရာနှုန်းပြည့် ဝီရိယစိုက်ထုတ်ခြင်းက မွေးရာပါ ပါရမီပါသူများလို ထူးချွန်ချင်မှ ထူးချွန်နိုင်လိမ့်မည်။ သူမက ပန်းချီကားကို သေချာကြည့်ရင်း သက်ပြင်းချလိုက်သည်။


“ ထောင်ရှီး ၊ မင်းရဲ့ ပန်းချီဆွဲဟန်ကလေ အစ်မ မြင်ဖူးတဲ့ ပန်းချီကားနဲ့ ပုံစံချင်းဆင်နေတယ်…”


ထောင်ရှီး  အနည်းငယ် အံ့ဩသွားပြီး အလျင်စလိုမေးလိုက်သည်။


“ ဘယ်သူရဲ့ပန်းချီကားနဲ့လဲ…”


ထိုသူက သူ့အမေ ဖန်းဆွေ့ဖြစ်နေမည်လားဟု သိချင်မိသည်။


ချောင်ယီထန်က ဆိုသည်။


“ အဲ့ဒါက အစ်မသူငယ်ချင်းရဲ့ သူငယ်ချင်းဟာပါ။  ဒါပေမဲ့ သူ့သူငယ်ချင်းရဲ့ဟာလည်း ဟုတ်ပုံမရပါဘူးလေ…”


သူမက ဘာမှဆက်မဆိုချင်သည့်အလား ခေါင်းသာခါသည်။


“ ထားလိုက်ပါ။ အစ်မသူငယ်ချင်းက အရမ်းကပ်စေးနှဲပြီး တွန့်တိုတယ်။ အစ်မ ပန်းချီကားကို တစ်ခေါက်ပဲမြင်ဖူးတာ။ ဒါတောင် သေချာမမြင်လိုက်ရဘူး။ အစ်မပဲ အမှတ်မှားတာနေမှာပါ…”


ထောင်ရှီးမှာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ဖန်းဆွေ့က ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာလှလေပြီ။ အဘယ်မှာ ဆယ်ကျော်သက်ရွယ် ကလေးတစ်ယောက်နှင့် သူငယ်ချင်းဖြစ်နိုင်ပါ့မည်နည်း။


ဘေးတွင် ပန်းချီထိုင်ဆွဲနေသော ကောင်းယန်မှာတော့ ထောင်ရှီးကို‌လေးစားသွားသည်။ သူက ထောင်ရှီးကို ဆွဲခေါ်လျက် သူ့ပန်းချီကားကို ကြည့်ရှုအကြံပေးရန် တောင်းဆိုသည်။ ထောင်ရှီးလည်း လက်ခံပေးလိုက်သည့်အခါ ကျန်အသင်းဝင်များလည်း တစ်ယောက်ပြီးတစ်ယောက် အကြံလာတောင်းကြတော့သည်။


ချောင်ယီထန်က မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း စိတ်ကျေနပ်သွားသည်။ သူမက တခြားသူများ၏ပန်းချီကားကို ကြည့်ရှုပေးရန် မျက်နှာလွှဲလိုက်ချိန်တွင် အစောပိုင်း ဝိုင်းကြည့်သူများထဲ၌ မပါခဲ့သောမိန်းကလေးနှစ်ယောက်က ထောင်ရှီးအား မရိုးမဖြောင့်အကြည့်များဖြင့် ကြည့်နေကြသည်ကို မတော်တဆတွေ့လိုက်ရသည်။


ချောင်ယီထန် မျက်လုံးများ မှေးကျဉ်းသွားပြီး ခပ်ပြုံးပြုံးနှင့်ပင် စတူဒီယိုအပြင်ဘက်ကို ထွက်ခွာသွားသည်။


………….

The Moon Is Coming To Me 

Chapter-14.2


ကလပ်အတန်းချိန်များ ပြီးဆုံးသွားခြင်းက ကျောင်းဆင်းခြင်းပင်။ အဆုံးတွင် ထောင်ရှီးမှာ ထိုစိတ်အားထက်သန်နေသော လူများလက်ထဲမှ လွတ်မြောက်လာနိုင်တော့သည်။ ညစာစားပြီး၍ အိပ်ဆောင်သို့ပြန်လာခဲ့ချိန်၌ ဖန်းယန်က ယနေ့အိမ်မပြန်မှန်း သိလိုက်ရသည့်အတွက် သူ ချောင်ယီထန် အကြောင်းမေးလိုက်သည်။


“ ဘယ်လို...နတ်ဘုရားမနဲ့ ငါက စုစုပေါင်းမှ “ရွှယ်ကျဲ မင်္ဂလာပါ” နဲ့ “ ရွှယ်ကျဲ နှုတ်ဆက်ပါတယ်” ဆိုတဲ့ စကားနှစ်ခွန်းပဲ ပြောဖူးတယ်။ ငါ သူ့ကို တခြားအရိုင်းအစိုင်းကောင်အကြောင်း ဘယ်လိုမိတ်ဆက်ပေးမှာလဲ…”


အရိုင်းအစိုင်းကောင် : “…”


“ သူက ကျောင်းအုပ်ဆရာကြီး ချောင်ရဲ့ အငယ်ဆုံးသမီး ၊ တတိယနှစ်က ပန်းချီမေဂျာရဲ့ ရွှယ်ပါ့ကြီးဆိုတာရော မင်းသိလား…မင်းက ဒီလိုနတ်ဘုရားမနဲ့ အလွယ်လေးသိသွားတယ်ဆိုရင် အရမ်းမတရားရာကျတာပဲ…”


[ ရွှယ်ပါ့ = စာမဟားတရားတော်သူ၊ ဟိုက်ပါကြီး ]


ဖန်းယန့်က သူ့ရင်ဘတ်သူ တဒုံးဒုံးထုသည်။


ထောင်ရှီးမှာ အတန်ကြာစဉ်းစားကြည့်သော်လည်း ချောင်ယီထန်က သူ့အား ဘယ်လိုသိနေသလဲကို အဖြေရှာမတွေ့ပါချေ။ ကျန်းရှင်းယွင်ထံမှ နောက်ပြောင်ခြင်းကို ခံရအပြီးတွင် အခြားသူများထံမှ ရုတ်ခြည်း စေတနာကောင်းပြလာမှုကို သူ အလွန်အမင်း သတိဝီရိယထားမိနေပြီ ဖြစ်၏။


ထားလိုက်ပါတော့။ ဘယ်လိုဖြစ်ဖြစ် ကလပ်အတန်းချိန်ရှိသည့် နေ့တစ်ရက်သာ သူမနှင့်တွေ့နိုင်မည်။


နေ့လယ်ပိုင်းတွင် ထောင်ရှီးက ကျောင်းပြင်ထွက်ကာ မြို့ထဲရှိ စာအုပ်ဆိုင်ကြီးတစ်ဆိုင်သို့ သွားခဲ့သည်။ အဆုံး၌မူ သင့်တော်သည့် အကြားစွမ်းရည်စာအုပ်နှင့်တိပ်ခွေကို သူ ဝယ်ယူရရှိခဲ့သည်။ မြို့ထဲမှပြန်လာခဲ့ပြီးနောက် အိပ်ဆောင်တွင် ညနက်သည်အထိ စာဆက်လုပ်သည်။


နောက်တစ်နေ့ တနင်္လာနေ့တွင် သူ ထုံးစံအတိုင်း စာသင်ခန်းကို စောစောသွားသည်။ စာသင်ခန်းထဲတွင် ဟွမ်းချင်တစ်ယောက်သာ ရောက်သေးသည်။ သူ မင်္ဂလာပါ ဟု နှုတ်ဆက်လိုက်သည့်အခါ ဟွမ်းချင်က သူ့ကို မျက်နှာသေဖြင့် ခေါင်းညိတ်ပြလာပြီး စာဆက်ဖတ်နေသည်။


ထိပ်ဆုံးကျောင်းသားတိုင်းက အသံတိတ်နေတတ်ကြသလားဟုတောင် ထောင်ရှီး သံသယဝင်လာသည်။ ထိုသို့သာဆိုပါက ပင်လယ်စုန်းမကြီးကို ရှာ၍ ရမှတ်ကောင်းကောင်းရဖို့အတွက် သူ့အသံနှင့် လဲပစ်လိုက်ချင်သည်။


သူ ထိုင်ခုံတွင် သွားထိုင်ပြီး မေးခွန်းလွှာများ စဖြေသည်။ သိပ်မကြာလိုက် ကျောင်းသားတစ်ချို့က စာသင်ခန်းထဲ ဝင်လာကြသည်။


ရုတ်တရက် အရှေ့နားမှ ရုတ်ရုတ်သဲသဲ ဆူညံသံများကို ကြားလိုက်ရသည်။ ထောင်ရှီးက သူနှင့်မဆိုင်သလိုသာ နေနေခဲ့သည်။ ၎င်းက မိန်းကလေးတစ်ယောက်၏အသံကို မကြားလိုက်ခင်အချိန်ထိပင်။


“ ငါတို့အတန်းထဲက တစ်ယောက်ယောက် ခိုးတာများမဖြစ်နိုင်ဘူးလား…”


ထောင်ရှီး ချက်ချင်း ဆတ်ခနဲနိုးကြားသွားသည်။ သို့တိုင် သူ မော့မကြည့်ပါချေ။


“ ရှင်းယွင်၊ သေချာ စဉ်းစားကြည့်ပါဦး။ နင် မနေ့က နားကြပ်ကို ကျောင်းမှာထားခဲ့တာ သေချာလို့လား…”


ယင်းက ကျင်းကျင်း၏အသံပင်။


“ သေချာတယ်။ ငါမနေ့က ပန်းချီကလပ်ရဲ့အစည်းအဝေးကို မသွားခင် နားကြပ်ကို အံဆွဲထဲမှာ သေချာထည့်ထားခဲ့တာ။ ပန်းချီဆွဲပြီးတာနဲ့ ပြန်လာယူဖို့စီစဉ်ထားပေမယ့် ငါ့အမေက အရေးတကြီးလှမ်းခေါ်လို့ အိမ်ကိုတန်းပြန်သွားလိုက်တာ…”


ကျန်းရှင်းယွင်၏ စိုးရိမ်တကြီးပြောသံနောက်တွင် အံဆွဲထဲမှ ပစ္စည်းများကို လှန်လှောရှာဖွေသံများထွက်လာသည်။


“ ရှင်းယွင် မနေ့က နားကြပ်တွေကို အံဆွဲထဲထည့်နေတာ ငါလည်းတွေ့တယ်။ ပြီးတော့ ငါနဲ့အတူ ပန်းချီကလပ်ကို အတူသွားခဲ့ကြတာပဲ…”


ကျန်းရှင်းယွင်၏ဘေးတွင် ထိုင်နေသော ကျန်းမုန့်ထုံက ထောက်ခံမှုပြုသည်။


“ ရှင်းယွင်ရဲ့ နားကြပ်တွေက ဈေးကြီးတယ်မလား…သူ့အဖေက သူ့မွေးနေ့လက်ဆောင်အဖြစ် အမေရိကားကနေတောင် မှာပေးခဲ့တာ…” ချန်ယာ့ချွင်ကပါ မီးလောင်ရာလေပင့်သည်။


ထောင်ရှီး ဆက်နားထောင်စရာ မလိုတော့ချေ။ ဤကိစ္စက ကြိုတင်အကွက်ချစီစဉ်ထားမှန်း ကျိန်းသေပြီး ထိုနားကြပ်က ယခု သူ့အံဆွဲထဲတွင် ရှိနေမည်မှာ သေချာသလောက်ရှိသည်။


ဝမ်းဟွာ အ.ထ.က(၁) ကျောင်းက လေကဲ့သို့ပင် လွတ်လပ်လှသည်။ ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ကာကွယ်ရန်အလို့ငှာ စာသင်ခန်းထဲတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားခြင်းမရှိချေ။ ကင်မရာများကို စာသင်ချိန်အတွင်းတိုက်ရိုက်ထုတ်လွှင့်ရန်သာ အသုံးပြုသောကြောင့် သူ့တွင် သက်သေပြစရာ နည်းလမ်းမရှိပါချေ။


အမှန်အတိုင်းပြောရလျှင် ဤအိုဟောင်းနေသည့် နည်းလမ်းကြီးက သူ အလယ်တန်းကျောင်းကတည်းက အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးပြီးသားပင်။


ချင်းရွှေခရိုင်တွင် သူတက်ခဲ့ရသော အလယ်တန်းကျောင်းက နာမည်ဆိုးဖြင့် ကျော်ကြားသည်။ လူတစ်ယောက်ကို ကြည့်မရပါက ထိုလူ့အံဆွဲထဲ ပစ္စည်းများ ထည့်ထားလိုက်ရုံပင်။ နောက်တစ်နေ့ရောက်၍ ထိုလူက ပစ္စည်းများကို ထုတ်လိုက်လျှင် အတန်းထဲရှိ လူတိုင်းက သူ့အား သူခိုးဟုညှိုးကြမည်။ ထိုမှစ၍ သူ့ကို အားလုံးက ဖယ်ကြဉ်ကြလိမ့်မည်။


ထောင်ရှီး ဤနည်းနှင့် ခံရဖူးသောကြောင့် အထာနပ်နေပြီ။ သို့သော် ထိုစဉ်က သူ ဖြေရှင်းခဲ့ပုံမှာ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်မို့ ကြမ်းတမ်းခက်ထန်သည်။


ကျိုးကြောင်းမဆင်ခြင်ဘဲ ချသာချ၊ ကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်ပြမှ ထိုလူစားများက ကြောက်တတ်ကြတာပင်…


နောက်ပိုင်းတွင် သူ၏ကောင်းမွန်သော အဆင့်ရလဒ်များကြောင့် ဆရာ့ထံမှ မျက်နှာသာရလာခဲ့သည်။ နာမည်ဆိုးနှင့် ကျော်ဇောသည့် သူ့ဂုဏ်ပုဒ်ကိုပါ ထပ်ဖြည့်လိုက်သောအခါ တဖြည်းဖြည်းနှင့် သူ့ကို တစ်ယောက်မှ အနိုင်မကျင့်ရဲကြတော့ပေ။


သို့သော်လည်း ထောင်ရှီးမှာ နည်းတူအဖြစ်အပျက်ကို ဝမ်းဟွာ အ.ထ.က (၁)တွင်ပါ ကြုံရလိမ့်မည်ဟု လုံးဝထင်မထားပေ။ ကျောင်းသားတိုင်းက အပြင်ပန်းတွင်ကဲ့သို့ စိတ်ထားဖြူစင်ကြလိမ့်မည်ဟုသာ သူ ထင်ခဲ့သည်။ ကျန်းရှင်းယွင်က အဘယ်ကြောင့် သူ့အား ဤမျှမုန်းနေသလဲကို နားမလည်နိုင်ပါချေ။


ဝမ်းဟွာ အ.ထ.က (၁) ကျောင်းက လူများနှင့် သူ ပြဿနာတက်လို့ မဖြစ်ပေ။ အကြောင်းမှာ သူ့ကို ကာကွယ်ပေးမည့်သူ ဘယ်သူ့မှမရှိသောကြောင့်ပင်။


သူက ဤနေရာမှ ကျောင်းသားမဟုတ်၊ ဤကိစ္စကလည်း ပေါ့သေးသေးကိစ္စမဟုတ်ချေ။ ယခုဖြစ်ရပ်ကြောင့် သူ လုံးဝနေမရအောင် ဖြစ်သွားနိုင်ပြီး ချင်းရွှေ အ.ထ.က (၁) ကျောင်းကိုလည်း ဂုဏ်သတင်းညှိုးနွမ်းစေလိမ့်မည်။


ဤဖြစ်ရပ်က သူ့ကို လင်ချင်းဟယ်၏ကမ္ဘာမှ အရှက်တကွဲ လိမ့်ထွက်သွားအောင် ပြုလုပ်လိုက်လိမ့်မည်။


လင်ချင်းဟယ်...


‌ထောင်ရှီး မသိစိတ်၏စေ့ဆော်မှုအရ ဘေးခုံကိုလှည့်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ လင်ချင်းဟယ်က အမြဲလိုလို နောက်ကျမှ လာတတ်သည်။ သူ လင်ချင်းဟယ်ကို မမြင်စေချင်ပါချေ။


“ ငါတို့ အတန်းမတက်ခင် စာသင်ခန်းထဲကို ရှာလိုက်ကြတာမကောင်းဘူးလား…”


ချန်ယာ့ချွင်က ဦးစွာ အကြံပေးလိုက်သည်။


“ ငါတော့ တစ်တန်းလုံးကို ရှာစရာလိုမယ်မထင်ဘူး။ မနေ့က ကျောင်းဆင်းတော့ အတန်းထဲမှာ ကျန်ခဲ့တဲ့လူ သိပ်မရှိဘူး…ပြီးတော့ အားလုံးနီးပါးလည်း နားကြပ်တွေ ရှိကြတယ်…”


ကျန်းမုန့်ထုံက အဓိကအကြောင်းအရာကို တဲ့တိုးသာပြောလာသည်။


အတန်းထဲတွင် ကျောင်းသားတစ်ယောက်မှလွဲ၍ မည်သူက တနင်္ဂနွေနေ့တွင် ကျောင်းထဲနေသနည်း။ မည်သူက နားကြပ်ပင် မဝယ်နိုင်အောင် ဆင်းရဲနေသနည်း။


အဖြေက အလွန်ရှင်းသည်။


“ အဲ့လိုမလုပ်ပါနဲ့။ နောက်ဆုံးကျ နားလည်မှုလွဲတာဆိုရင် ရှက်စရာကောင်းမနေဘူးလား…”


ကျင်းကျင်းမှာ အစကနဦးက သူ့ညီအစ်မများ၏ အကြံအစည်ကို သိပုံမရသော်လည်း အဆုံးတွင် နားလည်သွားသည်။


“ သူများရဲ့စာရေးခုံကို ရှာတာက ကိုယ်ရေးကိုယ်တာထိပါးတာပဲ…”


တစ်ချိန်လုံး ငြိမ်နေသည့် ဟွမ်းချင်က ထရပ်ကာပြောသည်။ သူမ၏အသံမှာ ဒေါသများကို မြိုသိပ်ထားရဟန်။


“ ဪ ငါမေ့လို့ ။ ဒီမနက် ကျောင်းကိုပထမဆုံးရောက်တဲ့သူရော မဖြစ်နိုင်ဘူးလား…”


ချန်ယာ့ချွင်က တခစ်ခစ်ရယ်သည်။


“ နင်…”


သိသာစွာပင် ဟွမ်းချင်က သူတို့နှင့် ပြိုင်မပြောနိုင်ပါချေ။


ခြေသံများက နောက်ဆုံးတန်းသို့ တဖြည်းဖြည်းရောက်လာသည်။ တစ်ဆက်တည်းပင် ကျန်းရှင်းယွင်၏ ခပ်ပြုံးပြုံးနှင့် မေးလာသံကို ထောင်ရှီး ကြားလိုက်ရ၏။


“ ထောင်ရှီး ၊ မနေ့က ငါ့ခုံကို တစ်ယောက်ယောက်လာသွားတာများ တွေ့လိုက်မိသေးလား…”


ထောင်ရှီးက စာရေးနေခြင်းကို ရပ်လိုက်ကာ ကျန်းရှင်းယွင်ကို မော့ကြည့်လိုက်သည်။ ဤမိန်းကလေးက အမှန်တကယ်ကို လှသည်။ သူမ၏မျက်လုံးတစ်စုံက အငြိုးအတေးကြီးမည့်ပုံပေါ်သော်လည်း နုနယ်ကာ သနားချင့်စဖွယ် ကောင်းနေ၏။


“ ငါက နင့်ရဲ့ထိုင်ခုံဖော်မှ မဟုတ်တာ ဘယ်လိုလုပ်သိမှာလဲ…”


ထောင်ရှီး၏ မျက်နှာထားက တည်ငြိမ်နေသော်လည်း မျက်လုံးထဲတွင် ထေ့ငေါ့ခြင်းများ အပြည့်နှင့်။


ကျန်းရှင်းယွင်၏မျက်နှာက မည်းမှောင်သွားသည်။ နံဘေးမှ ကျန်းမုန့်ထုံကမူ သရော်ပြုံးပြုံးသည်။


“ ဒါပေမဲ့ ငါတို့အတန်းထဲမှာ ကျောင်းထဲနေတာဆိုလို့ နင်တစ်ယောက်တည်းပဲရှိတာလေ။ အကုန်လုံးက အိမ်ပဲပြန်ကြတာ…”


ကျင်းကျင်းက အပြေးလေးရောက်လာကာ ထောင်ရှီးကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလျက် ပြောသင့်၊ မပြောသင့်ကို ဗျာများနေသည်။ စာသင်ခန်းထဲတွင် အခြားကျောင်းသားများက ကိုယ်နေရာကိုယ် ထိုင်နေကြပြီဖြစ်ကာ နောက်ဆုံးတန်းကို အသံတိတ်လှည့်ကြည့်နေကြသည်။ အချို့က ဖုန်းဖြင့် စာရိုက်ပို့နေကြ၏။ ဤသတင်းကို အခြားသူများထံ အကြောင်းကြားနေခြင်း ဖြစ်မည်။


“ ကျောင်းပိတ်ရက်တွေမှာ နင် အတန်းထဲမှာစာကြည့်လို့ရအောင်လို့ အတန်းပိုင်ဆရာက နင့်ကို အခန်းသော့ပေးထားတယ်ဆိုလား ငါကြားမိတယ်…”


ချန်ယာ့ချွင်က အရိပ်အမြွက်နှင့်တကွ ပြောလာသည်။


ကျိုးချန်က သူ့ကို သော့တစ်ချောင်ပေးခဲ့သည်မှန်သော်လည်း ထောင်ရှီးမှာ တနင်္ဂနွေပိတ်ရက်တိုင်း အဆောင်တွင်သာ စာလုပ်လေ့ရှိခဲ့ပြီး သော့ကိုသုံးပင်မသုံးရသေးပါချေ။


“ ထောင်ရှီး ၊ နင်တွေ့လိုက်လားလို့။ အဲ့ဒီနားကြပ်က ငါ့အတွက် အရမ်းအရေးကြီးလို့ပါ။ ငါ မဆုံးရှုံးမခံနိုင်ဘူး…”


ကျန်းရှင်းယွင်က မျက်မှောင်အနည်းငယ်ကြုတ်လျက် စိုးရွံ့သည့်ပမာ နူးနူးညံ့ညံ့လေသံဖြင့် ပြောလာ၏။


ထောင်ရှီးမှာ ကျန်းရှင်းယွင်ကို မော့ကြည့်ပြီး လှောင်ပြုံးပင်ပြုံးမိတော့မတတ်ပင်။ ထိုစဉ် ရုတ်တရက် အေးစက်စက် အသံတစ်သံကို ကြားလိုက်ရသည်။


“ နားကြပ်က တကယ်ပျောက်တာ ဟုတ်ရဲ့လားဆိုတာ မင်း ပြန်စဉ်းစားကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်...”


နောက်ဆုံးအတန်းမှ လူတစ်ချို့မှာ အနောက်တံခါးကို ရုတ်ခြည်း လှည့်ကြည့်မိလိုက်ကြသည်။


ထောင်ရှီးတစ်ဦးတည်းသာ တုတ်တုတ်မျှ မလှုပ်နိုင်ဘဲ စိတ်ဓာတ်များ အောက်ဆုံးထိ ပြုတ်ကျသွားပြီး တည်ငြိမ်အောင် လုပ်ယူထားသမျှ တစ်ခဏချင်းပင် ပြိုလဲသွားသည်။ သူ့လက်ဖဝါးများ နာကျင်လာသည်အထိ လက်ကို တင်းတင်းဆုပ်ထားမိသည်။


တဖြည်းဖြည်း ချဉ်းကပ်လာသောလူထံ သူ လှည့်မကြည့်ရဲပါချေ။ သို့တိုင် သူ့နားရွက်များက အလွန်ပါးသည်။ လင်ချင်းဟယ်က ပုံမှန်အတိုင်း ထိုင်ခုံအား ဆွဲလိုက်သံကို သူကြားလိုက်ရသည်။ သို့သော် ကြမ်းပြင်နှင့် သံသတ္တု၏ပွတ်တိုက်မိသံက နဂိုထက် ပိုမိုစူးရှနေခဲ့၏။


ထောင်ရှီးမှာ အသက်ပင် ပြင်းပြင်းမရှူရဲပေ။ ကျန်းရှင်းယွင်ကို ရင်ဆိုင်တွေ့စဉ်က တည်ငြိမ်ခဲ့သမျှ ယခုမူ သဲထဲရေသွန်ပင်။ သူ ရှက်လွန်း၍ လည်ပင်းကိုကျုံ့ကာ မျက်လွှာချလိုက်သည်မှာ ကုလားအုတ်တစ်ကောင်က သဲထဲကို ခေါင်းနစ်လိုက်သကဲ့သို့နှယ်။


“ဘန်း” ဟူသော မြည်သံနှင့်အတူ ရေအပြည့်ရေဘူးတစ်ဘူးက သူ့စားပွဲတည့်တည့်ကိုကျလာပြီး ကြားနေကျ အေးစက်စက်အသံကို ကြားလိုက်ရသည်။


“ သွား၊ ငါ့အတွက် ရေသွားဖြည့်ပေး…”


ထောင်ရှီး၏ တောင့်တင်းနေသောခန္ဓာကိုယ်မှာ မသိမသာ တုန်ယင်သွားသည်။ နှစ်စက္ကန့်မျှ ကြောင်အမ်းနေပြီးနောက် သူ ထရပ်ကာ လင်ချင်းဟယ်၏ရေဘူးကို လက်နှစ်ဖက်ဖြင့်ကိုင်၍ သောက်ရေခန်းသို့ ထွက်သွားသည်။ သူ့လက်ချောင်းများက တသိမ့်သိမ့်တုန်ယင်နေသောကြောင့် အနက်ရောင်ရေဘူးလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး မတုန်အောင်ထိန်းလိုက်ရသည်။


စာသင်ခန်းက သုဿန်တစ်စပြင်မျှ တိတ်ဆိတ်နေသည်။ လှုပ်ရှားမှုတိုင်းကို သောက်ရေခန်းထဲကနေပင် ကြားနေရသည်။


ကျင်းကျင်းက ငြိမ်သက်နေသော လေထုကိုဖြိုခွင်းလိုက်ပြီး လင်ချင်းဟယ်ကို အရင်ဦးစွာ ရှင်းပြလာသည်။


“ ရှင်းယွင်က သူ မနေ့က စာသင်ခန်းထဲမှာ နားကြပ်တွေထားခဲ့တယ်တဲ့။ ဒီမနက် သူပြန်ရှာတာ မတွေ့တော့လို့ ထောင်ရှီးကို မြင်သေးလားလို့ မေးနေတာပါ။ နည်းနည်းနားလည်မှုလွဲသွားတာ ဖြစ်မယ်နော်…”


ကျန်းရှင်းယွင်က ဤဖြစ်ရပ်၏အဓိက တရားခံဖြစ်မည်မှန်း ကျင်းကျင်း ခန့်မှန်းမိပြီးသားဖြစ်သော်လည်း ကျန်းရှင်းယွင်က သူမ၏သူငယ်ချင်းဖြစ်နေသောကြောင့် ကာကွယ်ပေးရဦးမည်။


သို့သော် လင်ချင်းဟယ်က သူမကို အရေးမစိုက်ချေ။ သူက ထိုင်ခုံနောက်ကို သက်သောင့်သက်သာ ကျောမှီထိုင်လိုက်ပြီး စာရေးခုံပေါ် လက်တစ်ဖက်တင်ကာ စားပွဲကို လက်ညှိုးဖြင့် တတောက်တောက် ခေါက်နေသည်။ ထို့နောက် ကျန်းရှင်းယွင်ကို အနည်းငယ်မော့ကြည့်ပြီး လုံးဝဥဿုံနွေးထွေးမနေသော‌ လေသံဖြင့် ပြောသည်။


“ ငါမင်းကို ထပ်မေးမယ်။ တကယ်ပျောက်တာ ဟုတ်လား မဟုတ်ဘူးလား…”


ကျန်းရှင်းယွင်မှာ မျက်နှာဖြူဖျော့သွားပြီး အနောက်ကို ခြေလှမ်းတစ်ဝက် ဆုတ်မိသွားသည်။ လင်ချင်းဟယ်က သူမကို ထိုင်လျက်သား မော့ကြည့်နေ၏။ သူ့အမူအရာနှင့် မျက်လုံးများက တည်ငြိမ်နေသော်လည်း ပြင်းထန်သော ဖိနှိပ်မှုကို ခံစားရ၏။ အကယ်၍ သူမသာ ခေါင်းညိတ်ကာ “ဟုတ်တယ်” ဟု ဖြေလိုက်ပါက ထိုအကြည့်များသည် ချွန်မြသော ဓားသွားတစ်ခုပမာပြောင်းသွားပြီး သူမကို ထိုးသတ်ပစ်လိုက်တော့မည့် အလားပင်။


ချန်ယာ့ချွင်နှင့် ကျန်းမုန့်ထုံမှာလည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု ထင်မထားကြချေ။ နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး အနည်းငယ် ပျာယာခတ်စပြုလာသည်။ ချန်ယာ့ချွင်၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့လာ၏။ မစ်တီးဆိုင်တွင် တွေ့ခဲ့သည့်နေ့က လင်ချင်းဟယ်က အဘယ်ကြောင့် သူမကို မနှစ်မြို့သည့်မျက်ဝန်းများဖြင့် ကြည့်နေခဲ့သလဲကို ရုတ်တရက် နားလည်သွားခဲ့သည်။


ကျန်းရှင်းယွင်မှာ လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အတန်းတက်ခေါင်းလောင်းတီးမှ လာတတ်သည့် လင်ချင်းဟယ်က ယနေ့မှ ဘာကြောင့် စောလာရသလဲကို သူမ မသိပါချေ။ လင်ချင်းဟယ်က ဘာကြောင့် ဤကိစ္စကို အရေးစိုက်နေရသလဲကို ပိုလို့ပင် မသိပါချေ။ သို့တိုင် လင်ချင်းဟယ်ကို ဆန့်ကျင်၍မရမှန်းတော့ သိသည်။ သူမ လင်ချင်းဟယ်၏မျက်လုံးများကို ထပ်မကြည့်ရဲတော့သဖြင့် ခေါင်းငုံ့မျက်လွှာချကာ ပြောလိုက်သည်။


“ ငါ…ငါ အိမ်မှာကျန်ခဲ့တာထင်တယ်။ ညမှ ငါအိမ်မှာ ပြန်ရှာကြည့်လိုက်ပါ့မယ်…”


ကျန်းမုန့်ထုံကလည်း ကပျာကယာနှင့် ဝင်ပြောလာသည်။


“ ဟုတ်တယ်၊ ဟုတ်တယ်။ မနေ့က ငါအမှတ်မှားသွားတာဖြစ်မယ်။ ရှင်းယွင် ၊ နင် မနေ့က နားကြပ်ကိုပြန်လာယူလိုက်သေးတယ် ထင်တယ်နော်…”


စာရေးခုံပေါ်ကို လက်ခေါက်နေသည့်အသံက ပိုမိုကျယ်လောင်လာသည့်အတွက် ကျန်းရှင်းယွင်မှာ တောင့်ခနဲဖြစ်သွားသည်။ သူမ၏နှလုံးသားများ တင်းကြပ်သွားပြီး လင်ချင်းဟယ်ကို မော့ကြည့်လိုက်သော် လင်ချင်းဟယ်က နှုတ်ခမ်းစွန်းများ ကွေးညွှတ်ကာ ပြုံးလိုက်သည်ကို တွေ့လိုက်ရသည်။ သူက ခပ်ပါးပါးပြုံးကာ ကြည့်နေဆဲဖြစ်သော်လည်း အသံကမူ အလွန်အင်မတန်မှ အေးစက်နေသည်။


“ ဒါဆိုလဲ မင်းရှာတွေ့ပါစေလို့ ငါမျှော်လင့်ပါတယ်…”


ကျန်းရှင်းယွင်မှာ နှလုံးသားမှ တရိပ်ရိပ်တက်လာသော အကြောက်တရားကို ဖုံးဖိလျက် အားတင်းပြုံးလိုက်ရင်း ခပ်တိုးတိုးဆိုလိုက်သည်။


“ ကျေးဇူး၊ ငါ အိမ်ပြန်ရင် သေချာလေးရှာကြည့်လိုက်ပါ့မယ်…”


သူမ ဤနေရာတွင် တစ်စက္ကန့်လေးတောင်မှ ဆက်မနေချင်တော့ပေ။ သို့သော် လင်ချင်းဟယ်က သူမကို သွားခွင့်မပေးသေးချေ။ သူက လက်ကိုဆန့်ထုတ်ပြီး အနည်းငယ်စောင်းနေသော စာရေးခုံကို သူ့ဘက်သို့ဆွဲကာ ပြန်တည့်လိုက်သည်။ ထို့နောက် သူမကို ကြည့်ကာ တစ်လုံးချင်းမေးသည်။


“ ရှာပြီးရင်ရော…”


ကျန်းရှင်းယွင်မှာ ငိုချမိတော့မတတ်။ စာသင်ခန်းထဲရှိ ကျောင်းသားတစ်ချို့က ပြဇာတ်ပမာ တိတ်တဆိတ်ဝိုင်းကြည့်နေကြဆဲပင်။ သူမမှာ ဘယ်တုန်းကမှ ဤမျှ အရှက်မရခဲ့ဖူးပါချေ။ သို့သော်လည်း တုန်တုန်ယင်ယင်နှင့်ပင် ပြန်ဖြေလိုက်သည်။


“ ငါ…ငါ ထောင်ရှီးကို ပြန်တောင်းပန်လိုက်ပါ့မယ်…”


သူမ၏တည်ရှိမှုကို အတတ်နိုင်ဆုံးလျော့ပါးရန် ကြိုးပမ်းနေသော ချန်ယာ့ချွင်မှာ အဆုံးတွင်တော့ စစ်ဆေးမေးမြန်းမှုက ပြီးဆုံးသွားပြီဟု ထင်လိုက်စဉ် လင်ချင်းဟယ်က ရုတ်တရက် သူမကို အေးစက်စူးရဲစွာ  လှည့်ကြည့်လာသည်။


လင်ချင်းဟယ် ဆိုလိုသည့်အဓိပ္ပာယ်ကို သူမ ချက်ချင်း နားလည်လိုက်ပြီး လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ကမန်းကတန်း ပြောလိုက်သည်။


“ ငါ…ငါလည်း ထောင်ရှီးကို တောင်းပန်လိုက်ပါ့မယ်။ အရင်တစ်ခေါက်က သူ အတန်းနောက်ကျရတာက ငါလိမ်လိုက်လို့ပါ။ ငါ့အမှားပါ…”


ကျန်းမုန့်ထုံမှာလည်း အသက်ပင်မရှူဝံ့တော့ဘဲ ခပ်မြန်မြန်တောင်းပန်လိုက်သည်။


သူတို့သုံးယောက်သား ရင်တထိတ်ထိတ်ဖြင့် ရပ်နေကြစဉ် လင်ချင်းဟယ်က သူ့အကြည့်များကို ပြန်ရုတ်သိမ်းသွားသည်။ သူတို့ကို လေပမာ သဘောထားကာ ဥပေက္ခာပြုလိုက်သည့်သဘောပင်။ သူက ကျောင်းလွယ်အိတ်ထဲမှ စာအုပ်အထူကြီးတစ်အုပ်ကို ထုတ်လိုက်သည်။ စာအုပ်အဖုံးအရ အင်္ဂလိပ်အကြားစွမ်းရည် စာအုပ်ဖြစ်ပုံရပြီး တိပ်ခွေအသစ်လည်းပါသည်။ ထို့နောက် ခေါင်းငုံ့ပြီး စာအုပ်ကို အံဆွဲထဲသို့ ဆွဲထည့်လိုက်သည်။


ကျင်းကျင်းက ကျန်းရှင်းယွင်နှင့် အပေါင်းအဖော်များကို မျက်နှာရိပ်ပြလိုက်ရာ ထိုသုံးဦးသားလည်း ကမန်းကတန်းထွက်ပြေးသွားကြပြီး ချွေးအေးများသုတ်ကာ သူတို့ခုံသူတို့ သွားထိုင်ကြတော့သည်။


ကျင်းကျင်းက ထွက်မသွားသေးချေ။ သူမက ရင်ဘတ်ကို တဖတ်ဖတ်ပုတ်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမအမြင်အရ ဤပြဿနာကို အကောင်းဆုံးဖြေရှင်းသင့်သည်ဟု ထင်မိ၏။ သို့နှင့် သက်ပြင်းတချချနှင့် မနေနိုင်စွာ လင်ချင်းဟယ်အား ပြောလိုက်သည်။


“ နောက်ဆုံးတော့ အဆင်ပြေသွားပြီ ၊ ငါခုနက သေလောက်အောင် ကြောက်နေတာ…”


သူမ အမှန်တကယ်ကို သေမတတ် ကြောက်နေခဲ့သည်ပင်။ သူမ လင်ချင်းဟယ်ကို ကြောက်သည်။ အထက်တန်းပထမနှစ်ကတည်းက လင်ချင်းဟယ်နှင့် တစ်တန်းထဲအတူနေခဲ့ရသော်လည်း လင်ချင်းဟယ်၏ယခုလိုပုံစံကို တစ်ခါမှမမြင်ခဲ့ဖူးပါချေ။


သို့သည့်တိုင် လင်ချင်းဟယ်က သူမကို အေးတိအေးစက် လှည့်ကြည့်လာပြီး အဓိပ္ပာယ်ပါပါ မေးလာလေသည်။


“အဆင်ပြေသွားပြီ? ဟုတ်လား?…”


ကျင်းကျင်းမှာ ကြက်သေသေသွားသည်။


လင်ချင်းဟယ် သူမကိုကြည့်သည့်အကြည့်က ကျန်းရှင်းယွင်ကို ကြည့်စဉ်ကနှင့် တစ်ထပ်တည်းတူနေသည်ဟု ခံစားလိုက်ရလေသည်။


______________