အပိုင်း ၁၅
Viewers 8k

The Moon Is Coming To Me

Chapter 15.1


ထောင်ရှီးက သောက်ရေခန်းထဲမှ ထွက်လာချိန်၌ လူအတော်များများပင် စာသင်ခန်းထဲသို့ ရောက်နေကြလေပြီ။ နောက်မှရောက်လာသည့် လူများမှာ မတိုင်မီက ဘာဖြစ်သွားခဲ့သလဲကို သိလိုက်ကြပုံမပေါ်ချေ။ စကားပြောကြ၊ အိမ်စာကူးကြနှင့် ပတ်ဝန်းကျင်အခြေအနေက ပုံမှန်အတိုင်းသာ ဖြစ်နေသည်။


အတန်းခေါင်းဆောင်လီရှောင်ယွမ်က စည်းကမ်းစာအုပ်ကိုင်လျက် စာသင်ခန်းကို လှည့်ပတ်စစ်ဆေးနေရင်း ဟိုစပ်စပ်၊ သည်စပ်စပ်နှင့် စကားဝင်ပြောနေသည်။ သူက နောက်တစ်တန်းကို ကြည့်ရှုစစ်ဆေးရန် တစ်ဖက်လှည့်လိုက်ချိန်၌ နောက်ဆုံးတန်းကို လာနေသည့် ထောင်ရှီးနှင့် ဆုံမိလေသည်။ သူ ခဏတာ ကြက်သေသေသွားပြီးနောက် ချက်ချင်းပင် ပြုံးပြနှုတ်ဆက်လိုက်သည်။


“ ဟိုင်း၊ အတန်းဖော်ရှောင်ထောင်…မင်္ဂလာနံနက်ခင်းပါ…”


လီရှောင်ယွမ်မှာ ပိချန်ဖေး ထောင်ထားသည့် “တန်းခွဲ(၁) စီအိုင်အေ ကောင်လေးများ” ဟူသော ယောက်ျားလေး သီးသန့်ဂရုထဲမှတစ်ဆင့် မနက်ခင်းက အဖြစ်အပျက်ကို အနည်းအကျဉ်း သိထားပြီးဖြစ်၏။ နုနုနယ်နယ် အတန်းဖော်အသစ်လေး၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန်အတွက် ဂရုထဲမှလူများအားလုံးကို လုံးဝပါးစပ်မဟရန်လည်း သူက အလေးအနက်ထား မှာကြားခဲ့သည်။ အထူးသဖြင့် ပါးစပ်သရမ်းတတ်သည့် ပိချန်ဖေးကိုပင်။ ထိုကိစ္စကို ထောင်ရှီးရှေ့ လုံးဝသွားမပြောမိစေရန် သူ့ကို သေချာသတိပေးထားရသည်။


၎င်းကိုတွေးမိလျှင် လီရှောင်ယွမ်မှာ ပို၍ပင်တောက်တောက်ပပ ပြုံးပြလိုက်သည်။ သူ၏ကြင်နာမှုနှင့် တောက်တောက်ပပအပြုံးကြောင့် ဤသနားစဖွယ်ကောင်လေး၏ ဝမ်းနည်းမှုများ ပြေပျောက်သွားစေရန် မျှော်လင့်မိသည်။


ရလဒ်အနေနှင့် လက်ထဲတွင် ရေတစ်ဘူးကိုင်ထားသည့် ထောင်ရှီးက သူ့ကို ပြုံးလျက် ပြန်နှုတ်ဆက်လာသည်။


“မင်္ဂလာနံနက်ခင်းပါ…အတန်းခေါင်းဆောင်…"


ထို့နောက် သူ့ကို ခပ်သွက်သွက်ကျော်သွားကာ နောက်ဆုံးခုံသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။


လီရှောင်ယွမ်၏ ရွှင်ရွှင်ပျပျအပြုံးက တောင့်ခဲသွားရ၏။


သတင်းကများ မှားနေတာလား…။ ထောင်ရှီးက ဘယ်လိုပဲကြည့်ကြည့် ထင်ထားသလို စိတ်ဓာတ်ကျနေသည့်ပုံစံ လုံးဝမပေါ်ချေ။


ထို့အစား အနည်းငယ်ပင် ပျော်နေပုံပေါက်သည်။


ပိချန်ဖေးက ဘာဖြစ်လို့မလာသေးတာလဲ…။ လီရှောင်ယွမ်မှာ အတင်းအဖျင်းပြောလိုသည့် ဆန္ဒကိုမြိုသိပ်မထားနိုင်တော့ပေ။


ထောင်ရှီး ထိုင်ခုံသို့ရောက်သောအခါ လင်ချင်းဟယ်က ထုံးစံအတိုင်း ခေါင်းငုံ့ကာစာဖတ်နေသည်ကို တွေ့လိုက်ရသည်။


ခုံတွင်ထိုင်ချပြီးသည့်နောက် သူ လက်ထဲမှ ရေဘူးကို လင်ချင်းဟယ်၏စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် ဘေးသို့အနည်းငယ်လှည့်၍ လင်ချင်းဟယ်၏ ခေါင်းငုံ့ကာစာဖတ်နေသည့် မျက်နှာကောက်ကြောင်းကို ကြည့်ရင်း ပိုပိုသာသာ လက်ဟန်အမူအရာဖြင့် ပြောလိုက်သည်။


“ ရေရပြီ…”


အမှန်မှာ သူ ရေဘူးထဲက ရေများကို သွန်ချပြီး အသစ်ပြန်ဖြည့်ထားခြင်းဖြစ်လေ၏။


လင်ချင်းဟယ်က “အင်း” ဟုသာ ခပ်ပေါ့ပေါ့ဆိုကာ စာမျက်နှာတစ်ရွက်ကိုလှန်လိုက်ရင်း စာဆက်ဖတ်နေသည်။


ပုံမှန်ဆိုပါက သူ လျစ်လျူရှုလိုက်လျှင် ထောင်ရှီးက ပါးနပ်စွာဖြင့် တစ်ဖက်ပြန်လှည့်ကာ လုပ်စရာရှိတာဆက်လုပ်နေလေ့ရှိသည်။ သို့သော် ဤကောင်လေးက ဆယ်စက္ကန့်ကျော်ကြသည်ထိ သူ့ကို မလှုပ်မယှက်ငေးကြည့်နေသောအခါ သူ မနေနိုင်စွာ မျက်နှာကိုတစ်ဖက်စောင်းလျက် အေးစက်စက်မေးလိုက်သည်။


“ ဘာကိစ္စရှိလို့လဲ…”


သူ့မျက်လုံးများက ထောင်ရှီး၏ခပ်ငေးငေးအကြည့်များနှင့် အံကိုက်ဆုံသွားသည်။ ပုံစံတကျ လှပနေသော သူ၏မျက်ဝန်းများက စိုလဲ့နေပြီး ချင်းဟယ်မြစ်ရေပြင်ပေါ်ရှိ လှိုင်းကြပ်ခွပ်များပမာ တလက်လက် တောက်ပနေပေ၏။


လင်ချင်းဟယ်က ဣန္ဒြေမပျက် ပြန်လှည့်သွားပြီး စာပြန်ဖတ်နေကာ နောက်စာမျက်နှာကို ထပ်လှန်လိုက်သည်။


ထောင်ရှီးက ဉာဏ်စမ်းစာအုပ်ကို ကြည့်ရင်း ပြောလာ၏။


“ မင်း ခုနက စာမျက်နှာကို ဖတ်လို့မပြီးသေးဘူးလေ…”


လျှပ်စစ်သံလိုက်လှိုင်းကဲ့သို့ စာဖတ်နည်းပညာ မပေါ်သေးသရွေ့ ဉာဏ်ကြီးရှင်များတောင်မှ စာရွက်တစ်ရွက်ကို ဤမျှမြန်မြန်ဆန်ဆန် မဖတ်နိုင်လောက်ပါချေ။


နောက်စာမျက်နှာကို ထပ်လှန်ရန် ပြင်နေသည့် လင်ချင်းဟယ်က ထောင်ရှီးကို လှည့်ကြည့်လာကာ မျက်မှောင်အနည်းငယ်ကြုတ်လျက် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။


“ ဘာပြောချင်တာလဲ…”


ထောင်ရှီးက ပြန်ဖြေလိုက်မည်ပြုစဉ် စာသင်ခန်းထဲရှိစာဖတ်သံများက ရုတ်တရက် ကျယ်လာကာ မနက်ခင်းဈေးပမာ ယောင်ယပ်ခတ်လာလေသည်။ အကြောင်းမှာ အတန်းဒါရိုက်တာက အခန်းတံခါးဝမှ ချောင်းတစ်ချက်ဟန့်ပြီး ဖြတ်သွားသောကြောင့်ပင်။


စာဖတ်သံများကြောင့် သူ့အသံကို မကြားနိုင်မည်စိုး၍ လင်ချင်းဟယ်ဘက်သို့ အနည်းငယ်ကိုင်းလိုက်ကာ ပါးစပ်ကိုညာလက်ဖြင့် အုပ်လိုက်ပြီး အကြင်သူ၏နားထဲသို့ တစ်လုံးချင်း တိုးတိုးသာသာ ပြောလိုက်သည်။


“ ငါ ပြောချင်တာက…ကျေးဇူးတင်တယ်လို့…”


လီရှောင်ယွမ်မှာ အတန်းလှည့်နေရင်း နောက်ဆုံးတန်းက အခြေအနေကို တိတ်တိတ်ကလေး အကဲခတ်နေခဲ့သည်။ ရုတ်တရက် ထောင်ရှီးက လင်ချင်းဟယ်၏အနားသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်သည်ကို မြင်လိုက်လျှင် သူ့စိတ်ထဲဝယ် ပြင်းအားအဆင့် ၈ ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည်။ ထောင်ရှီး၏ဖြူဖွေးဖွေး လည်တိုင်ကြော့ကြော့က အနည်းငယ်မျှ မော့နေပြီး ဘယ်လက်က ခန္ဓာကိုယ်ဟန်ချက်ညီအောင် စားပွဲအစွန်းကို ကိုင်ထားသည်။ သူ့ရင်အုပ်ကမူ လင်ချင်းဟယ်အပေါ်ကို တွဲလဲခိုမိလုနီးပါးပင်။


အတန်းဖော်အသစ်လေးက တယ်လဲ သတ္တိရှိလှသကိုး…


လင်ချင်းဟယ်က သူ့အနားအတင်းလာကပ်သူများကို မုန်းတီးကြောင်း သူတို့အတန်းထဲတွင် မသိသူ မည်သူရှိမည်နည်း။


လီရှောင်ယွမ်မှာ ထောင်ရှီးအတွက် ဝမ်းနည်းစရာအဆုံးသတ် ရာနှင့်ချီလောက်ကို ကြိုတွေးထားပြီးဖြစ်သော်လည်း အဆုံးထိတိုင် ထင်ထားသလို မြင်ကွင်းမျိုး မမြင်ခဲ့ရပါချေ။ လင်ချင်းဟယ်က ဘာတုံ့ပြန်မှုမျှ မလုပ်ခဲ့ရုံတင်မကဘဲ ထောင်ရှီးက သူ့အနားကပ်၍ပင် တီးတိုးပြောလိုက်သေးသည်။


မိမိကိုယ်မိမိ အနီးကပ်စောင့်ကြည့်ခံနေရမှန်းမသိရှာသော ထောင်ရှီးက စကားပြောပြီးသည့်နှင့် ကိုင်းထားသော ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြန်မတ်လိုက်ပြီး လင်ချင်းဟယ်ကို ဆက်ကြည့်နေသည်။ အနည်းငယ်ပင့်ထားသော မျက်တောင်ရှည်များသည် မနက်ခင်းနှင်းစက်နှင်းပေါက်များကဲ့သို့ စွတ်စွတ်စိုနေ၏။ သို့သော် နှုတ်ခမ်းစွန်းများကမူ လှပစွာကွေးတက်နေသည်မှာ သကြားလုံးချိုချိုများ စားသုံးထားရသကဲ့သို့နှယ်။


လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းတောက်တောက်များကို အကြည့်ရောက်သွားသည်။ သူ အလျင်အမြန် အကြည့်ပြန်လွှဲလိုက်ကာ ခေါက်တွန့်နေသည့်စာရွက်များကို လက်ဖြင့် ပြန်ဖြန့်လိုက်ရင်း ပုံမှန်ထက် ပိုမိုအေးစက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။


“ မလိုဘူး…”


အတန်းဒါရိုက်တာ ထွက်ခွာသွားသောအခါ စာသင်ခန်းထဲမှ စာဖတ်သံများလည်း တဖြည်းဖြည်း ပြန်ကျဲသွားပြီး စကားသံများ တစ်စတစ်စထွက်လာတော့သည်။


ထောင်ရှီးက တရုတ်ဖတ်စာအုပ်ကို ခေါင်းပေါ်တင်လိုက်ပြီး စားပွဲပေါ်ဝမ်းလျားမှောက်လိုက်ကာ မျက်နှာကိုဘေးစောင်းလျက် ထိုင်ခုံဖော်လေးကို အလေးအနက် စကားလှမ်းပြောလိုက်၏။


“ ဒီနေ့ ဘာဖြစ်လို့ အစောကြီးလာတာလဲ…”


အကြင်လူက အမြဲလိုလိုနောက်ဆုံးမှ လာတတ်လေ့ရှိသည်။ မည်သို့ဆိုစေကာမူ လင်ချင်းဟယ်က အတန်းနောက်ကျတတ်သည့်အတွက် ပိအောက်ရွှယ်ထံမှ အပြစ်ပေးခံရလေ့ရှိသောကြောင့်သာ ထောင်ရှီးမှာ သူ့အား ဖန်သားပြင်ပေါ်တွင် မြင်တွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။


“….ဒီနေ့ လမ်းမှာ ကားမကြပ်လို့…”


လင်ချင်းဟယ်က ဖွင့်ထားသည့်စာမျက်နှာကို မဖတ်တော့ဘဲ စာအုပ်ကိုပြန်ပိတ်လိုက်သည်။ သူက ထောင်ရှီးကိုလည်း လှည့်မကြည့်ပေ။


ထောင်ရှီးက စာရေးခုံပေါ်တွင် လှဲလျက် လင်ချင်းဟယ်၏မျက်နှာကောက်ကြောင်းနှင့် စကားပြောလိုက်တိုင်း လှုပ်ရှားသွားသည့် လည်စလုတ်လေးကို မော့ကြည့်နေမိသည်။ လင်ချင်းဟယ်အား ကျောင်းပထမဆုံးရက်တွင် ပထမဆုံးတွေ့ခဲ့ရသည့်အချိန်ကို ပြန်အမှတ်ရမိသည်။ ထိုစဉ်က ဘာကြောင့်နောက်ကျနေသလဲဟု ကျိုးချန်က သူ့ကိုမေးခဲ့ရာ လမ်းတွင် ကားမတော်တဆမှုတစ်ခုနှင့် ကြုံခဲ့သောကြောင့်ဟု ဖြေခဲ့သည်။


ထိုစဉ်က သူ မရယ်ရဲခဲ့သော်လည်း ယခုမူ ရယ်ချလိုက်မိသည်။ ထောင်ရှီးမှာ နှုတ်ခမ်းစွန်းမှ အပြုံးများကို မနည်းပြန်ဖုံးဖိလိုက်ရင်း ထပ်မေးလိုက်သည်။

“ ဒါဆို ငါအဲ့တာကို မယူမှန်း မင်းဘယ်လိုသိတာလဲ… တကယ်လို့ ရှာတွေ့သွားခဲ့ရင် မင်းမျက်နှာပျက်ရမှာ မဟုတ်ဘူးလား…”


လင်ချင်းဟယ်က ခပ်ပေါ့ပေါ့ဖြေသည်။


“ မင်းမှာ ဖုန်းတောင်မရှိတာ…ဘာလို့ နားကြပ်လိုချင်မှာလဲ…”


ထောင်ရှီးမှာ အနည်းငယ်ရှက်ရွံသွားပြီး အသံတိုးတိုးဖြင့် ခွန်းတုံ့ပြန်ပြောလိုက်သည်။


“ ငါ့မှာ ကတ်ဆက်ရှိသားပဲ…”


လင်ချင်းဟယ်၏ နှုတ်ခမ်းစွန်းများ အနည်းငယ်ကွေးတက်သွားပြီး စာအုပ်ကိုအံဆွဲထဲ ဆွဲထည့်လိုက်သည်။ ထိုအခါ သူ့လက်များက အံဆွဲထဲရှိ ကတ်ဆက်တိတ်ခွေကို စမ်းမိသွားသည်။ သူ့လက်များ အနည်းငယ် တုံ့ဆိုင်းသွားကာ တိတ်ခွေကို အထဲသို့ ပြန်တွန်းထည့်လိုက်ပြီး ထောင်ရှီးကို ပြောလိုက်၏။


“ ငါ့ကို ပေး…”


ထောင်ရှီး ကြောင်အသွားပြီး နားဝေတိမ်တောင်ဖြင့် မေးလိုက်သည်။

“ ငါ့ရဲ့ ကတ်ဆက်ကို ရချင်လို့လား…”


“……”


လင်ချင်းဟယ်က လက်ညှိုးဖြင့် ထောင်ရှီး၏စားပွဲခုံကို တောက်ပြလိုက်သည်။


ထောင်ရှီးမှာ လင်ချင်းဟယ်က “အခိုးခံရသည့် ပစ္စည်း”ကို ဆိုလိုမှန်း သဘောပေါက်သွားသည်။ သူ အံဆွဲထဲကို လက်နှိုက်ရှာလိုက်သော် ဘူးအသေးလေးတစ်ခုကို ရှာတွေ့သည်။ ၎င်းကို စာရေးခုံအောက်မှ ထုတ်ကာ လျှို့ဝှက်သတင်းဖလှယ်သည့် သူလျှိုအလား လင်ချင်းဟယ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။


လင်ချင်းဟယ်က ၎င်းကို ကျောင်းလွယ်အိတ်ထဲသို့ အမှိုက်ပစ်သည့်ပမာ ပစ်ထည့်လိုက်သည်။ ပြီးသော် ဘောပင်တစ်ချောင်းထုတ်ကာ လှည့်နေသည်။


“ မင်း အဲ့ဒါကို ဘယ်လိုလုပ်မှာလဲ…”


ထောင်ရှီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ထိုနားကြပ်များက အလွန်ဈေးကြီးမည့်ပုံပေါ်၏။


“ လွှင့်ပစ်မယ်…”


လင်ချင်းဟယ်က သက်ညှာပေးရန် အစီစဉ်မရှိပေ။


ယင်းက တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့်မည်ဟု ထောင်ရှီးလည်း တွေးမိသည်။ သူ လင်ချင်းဟယ်၏ လက်ချောင်းသွယ်သွယ်များဆီ အကြည့်ရောက်သွားသောအခါ ထိုနေ့က စန္ဒရားတီးနေသည့်မြင်ကွင်းကို ပြန်မြင်ယောင်လာသည်။ ဤလက်များကို ပန်းချီဆွဲကြည့်ရန် သူ တေးမှတ်ထားလိုက်သည်။ ထိုစဉ် လင်ချင်းဟယ်၏ခပ်တိုးတိုး ဆိုလာသံကို ကြားလိုက်ရသည်။


“ မင်းအခုသိပြီမလား…မင်းကို နည်းနည်းလောက်လေး ကောင်းပေးတဲ့လူတိုင်းကို ပြန်တုံ့ပြန်နေစရာမလိုဘူး။ ပြီးတော့ မင်းကို နည်းနည်းကောင်းပြလိုက်တာနဲ့ ကျေးဇူးတွေဇွတ်တင်မနေနဲ့…”


“ ? ”


ထောင်ရှီး ကြက်သေသေသွားသည်။ လင်ချင်းဟယ်က သူ့ကို ဆုံးမစကားပြောနေတာလား…


သူ ခဏကြာ ကြောင်တောင်တောင်ဖြစ်သွားပြီးနောက်တွင် ၁၂ ယွမ်တန် ရေဘူးကြောင့် ကျန်းရှင်းယွင်အား သင်ပုန်းသတင်းစာ ကူရေးပေးခဲ့ခြင်းကို ရည်ညွှန်းနေကြောင်း သဘောပေါက်သွားသည်။ အဆိုပါကိစ္စကြောင့်သာ မဟုတ်လျှင် သူ ဤပြဿနာထဲ ဝင်ပါမိခဲ့မည် မဟုတ်ချေ။


လင်ချင်းဟယ်က ထိုသင်ပုန်းသတင်းစာကို ဘာကြောင့် အလွန်အရေးစိုက်နေရသလဲ သူ နားမလည်ပါချေ။ သူ ဆွဲခဲ့သည့် ပန်းပွင့်များကို ယခုထိ တနုံ့နုံ့နှင့် မကျေနပ်နေတာများ ဖြစ်နိုင်မလား…


ထောင်ရှီးက စာအုပ်ကို ခေါင်းပေါ်အုပ်ထားဆဲဖြစ်ပြီး တံတောင်ဆစ်ပေါ် မေးတင်ကာ လင်ချင်းဟယ်၏ စာရေးခုံနားသို့ ပိုတိုးကပ်သွားလိုက်သည်။ နေရာကျော်မိနေကြောင်းကိုပင် သူကိုယ့်သူ သတိမထားမိပါချေ။ သူ ခေါင်းစောင်းလျက် မျက်လွှာများပင့်ကာ လင်ချင်းဟယ်ကို မော့ကြည့်ရင်း မေးလိုက်သည်။


“ ဒါဆို ငါ့အပေါ်ကောင်းတဲ့လူက နည်းနည်းလေးမှ နည်းနည်းလေးပဲ ရှိတယ်ဆိုရင်ရော…ငါသာ ဘာမှပြန်မလုပ်ပေးရင် အနာဂတ်မှာ သူတို့က ငါ့ကို ကောင်းကောင်းဆက်ဆံကြပါတော့မလား…”


သူ့အတွက် မိဘနှင့် ဆွေမျိုးများက အချည်းနှီးသာ။ ဤလောကတွင် သူ့အပေါ် ချွင်းချက်မရှိ ကောင်းကောင်းဆက်ဆံပေးမည့်လူဟူ၍ မရှိပါချေ။


လင်ချင်းဟယ်က ထောင်ရှီး၏မျက်လုံးများကို ငုံ့ကြည့်လိုက်သည်။ သူ့လက်ထဲရှိ ဘောပင်အဖုံးကို အားအနည်းငယ်သုံး၍ လှည့်ဖွင့်မိလိုက်ပြီး ချက်ချင်းပြန်ပိတ်လိုက်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြန်ဖြေလိုက်၏။


“ မင်း အပေါ်တကယ်ကောင်းတဲ့လူတွေကိုပဲ ပြန်ကောင်းပေးသင့်တယ်…”


ထောင်ရှီး ကြောင်အမ်းသွားသည်။ သူ လင်ချင်းဟယ်ကိုကြည့်ကာ ရုတ်တရက် ရယ်ချလိုက်သည်။ အပြုံးကြောင့် မျက်တောင်ရှည်များက တသိမ့်သိမ့်တုန်ယင်သွား၏။


လင်ချင်းဟယ်က နှုတ်ခမ်းများ တင်းစေ့ပစ်လိုက်ကာ မျက်နှာထားတင်းတင်းဖြင့် မေးသည်။


“ ဘာရယ်တာလဲ…”


ဘယ်သာမန်လူက ဒီမနက်ခင်းမှာ ပြဿနာတွေ ကြုံခဲ့ရတာတောင် လွတ်လွတ်လပ်လပ် ရယ်မောနိုင်မှာလဲ…


ထောင်ရှီးက အပြုံးများကို ပြန်ဖုံးဖိလိုက်သည့်တိုင် နှုတ်ခမ်းစွန်းများကမူ ကွေးညွှတ်နေလျက်သားဖြင့် ရွှင်မြူးစွာ ပြောလိုက်သည်။


“ ဘာလို့လဲဆိုတော့ ငါကောင်းကောင်း ဆက်ဆံရမဲ့လူက ဘယ်သူလဲ ငါသိသွားလို့…”


သူ လင်ချင်းဟယ်ကို ခပ်ပြုံးပြုံး ငေးကြည့်လိုက်သည်။ သို့သော် လင်ချင်းဟယ်က စကားဆက်ပြောချင်တော့ပုံမပေါ်ချေ။ သို့နှင့် သူလည်း စားပွဲပေါ်မှ ပြန်ထလိုက်ပြီး တရုတ်စာအုပ်ကိုထုတ်ကာ ငေးကြောင်ကြောင်ဖြင့် ထိုင်ကြည့်နေမိသည်။ နှလုံးအိမ်ထဲ၌မူ တစ်စုံတစ်ခုကို တစိမ့်စိမ့်တွေးတောနေမိလျက်သား။


သို့သည့်တိုင် သူ၏ဖွင့်ထားသော တရုတ်ဖတ်စာအုပ်ပေါ်သို့ စာရွက်လွတ်သုံးရွက်နှင့် ဘောပင်အနက်ရောင်တစ်ချောင်း ရုတ်တရက် ရောက်လာသည်။ ထို့နောက် ဩဇာသံပါသော အသံတစ်သံက သူ့ကို ပြောသည်။


“ မင်းကို ဘာဖြစ်ဖြစ် ရေးခိုင်းလို့ရတယ်လို့ ပြောခဲ့တယ်မလား…အခု ဒီမနက်မှာ ဖြစ်ခဲ့တာကို သုံးသပ်စာစောင်ပြန်ရေးပြီး ကိုယ့်အမှားကိုယ် ပြန်သုံးသပ်။ ပြီးရင် ညဘက်စာကြည့်ချိန် မတိုင်ခင် ငါ့ကိုပေး…”


ထောင်ရှီး သူ့ရှေ့က စာရွက်သုံးရွက်နှင့် ဘောပင်ကို ကြောင်တောင်တောင် ငုံ့ကြည့်လိုက်သည်။


သူ လင်ချင်းဟယ်ကို ကတိပေးခဲ့သည်မှာ မှန်သော်လည် သုံးသပ်စာစောင်ရေးခိုင်းလိမ့်မည်ဟူ၍တော့  ထင်မထားခဲ့ပါချေ။


မူလတန်းနှင့် အလယ်တန်းကျောင်းတွင် ထောင်ရှီးက သုံးသပ်စာစောင်များစွာ ရေးခဲ့ဖူးသည်။ ရန်ဖြစ်မှု၊ အတန်းပြေးမှု၊ ဆရာကို ဆန့်ကျင်မှု၊ အတန်းထဲတွင် စကားပြောမှု…..စသည်တို့ကြောင့်…


အထက်တန်းရောက်သောအခါမှ လိမ်လိမ်မာမာနေပြီး အဆင့်များလည်း တိုးတက်လာသောကြောင့် ဆရာများ၏မျက်နှာသာပေးမှုကိုခံရပြီး မည်သူမှ သူ့ကို သုံးသပ်စာစောင်မရေးခိုင်းကြတော့ချေ။


ထောင်ရှီးမှာ အနည်းငယ် ရှက်ရွံ့သွားပြီး မနေနိုင်စွာ ခွန်းတုံ့ပြန်ပြောလိုက်သည်။

“ ငါဘာအမှားလုပ်မိလို့လဲ…ဘာဖြစ်လို့ သုံးသပ်စာစောင်ရေးရမှာလဲ…”


သို့တိုင် လင်ချင်းဟယ်က တည်ငြိမ်ကာ ဩဇာပါသောမျက်လုံးများဖြင့် သူ့ကို စူးခနဲ လှည့်ကြည့်လာသည်။ သိသာစွာပင် ထောင်ရှီး၏ငြင်းဆန်မှုကို ဘဝင်မကျနေဟန်။


ထောင်ရှီးမှာ အရှုံးပေးလိုက်ရပြီး ခပ်တိုးတိုးပြောလိုက်သည်။


“ ဟုတ်ပါပြီ။ ငါမှားပါတယ်၊ ငါရေးပါ့မယ်…”


သူ အနက်ရောင်ဘောပင်ကို ကောက်ကိုင်လိုက်သည်။ ဘောပင်ပေါ်တင်ကျန်နေဆဲ လင်ချင်းဟယ်လက်၏ အပူရှိန်ခပ်နွေးနွေးကို သူ့လက်ဖဝါးတွင် ခံစားလိုက်ရသည်။ သူ ဘောပင်ကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ စာရွက်၏ ပထမဆုံးအကြောင်းတွင် “ သုံးသပ်စာ” ဟူသော စာလုံးသုံးလုံးကို လေးလေးနက်နက် ချရေးလိုက်သည်။


မည်သို့ ရေးရမလဲကိုမူ သူ စဉ်းစားမရသေးချေ။ အထက်တန်းမတက်ခင်က ရေးခဲ့ဖူးသမျှ သုံးသပ်စာစောင်တိုင်းမှာ ပေါ့ပေါ့လျော့လျော့ ရေးခဲ့သည်ချည်းသာ ဖြစ်၏။ သို့သော် ယခုက လင်ချင်းဟယ်အတွက်ဖြစ်သည်မို့ အပြောင်အပျက်မလုပ်ရဲပါချေ။


ထောင်ရှီး ခေါင်းတကုတ်ကုတ်ဖြင့် ဒုက္ခရောက်နေသည်။ ယခင်က မြင်ခဲ့ဖူးသမျှ အစီရင်ခံစာများ၊ သုံးသပ်စာများကို သူ အသည်းအသန် ပြန်စဉ်းစားကြည့်လိုက်သည်။


…………….

The Moon Is Coming To Me

Chapter 15.2


ထိုအချိန်တွင် အတန်းထဲ၌ ကျောင်းသားများအားလုံးက တိတ်တိတ်ဆိတ်ဆိတ်နှင့် စာလုပ်နေကြသည်။ သို့တိုင် ပိချန်ဖေးကဲ့သို့ တစ်စက်မှအငြိမ်မနေဘဲ အတန်းပြီးမည့်အချိန်ကို စောင့်ဆိုင်းနေသည့် သန်းတစ်ကောင်လည်း ရှိနေသေးသည်။


သူ့ခမျာ ပျင်းရိလွန်းသဖြင့် တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက်လုပ်နေသည်။ သူက အရှေ့တည့်တည့်မှ စာအုပ်ကို အကြည့်ရောက်နေစဉ် ရုတ်တရက် အနောက်ခုံမှ ရယ်သံတစ်ခုကို ကြားလိုက်ရသည်။


ရယ်သံက အလွန်တိုးသိမ်ကာ တိုတောင်းလှသော်လည်း ပိချန်ဖေး၏နားရွက်များက ကြားဖြစ်အောင်ကြားလိုက်သည်။ သူ အနောက်ခုံကို တစ္ဆေသရဲတစ်ကောင်အလား လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတန်းတွင် စာရွက်တစ်ချို့ကိုင်ကာ ဖတ်နေသော လင်ချင်းဟယ်တစ်ယောက်သာ ရှိနေ၏။


" ??? "


ပိချန်ဖေးမှာ အမှန်တကယ်ကို တစ္ဆေတစ်ကောင်မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ထောင်ရှီးက ယခုရှိမနေပေ။ ထိုသို့ဆိုလျှင် ရယ်လိုက်သည့်လူက လင်ချင်းဟယ်လွဲပြီး မရှိနိုင်။ သို့ပေမယ့် လင်ချင်းဟယ်က ဘယ်တုန်းက အသံထွက်ရယ်ဖူးလို့လဲ…


သူ မျက်လုံးများ မှေးကျဉ်းကာ လင်ချင်းဟယ်၏မျက်နှာကို အသေအချာစိုက်ကြည့်လိုက်သည်။ သူနားကြားမှားခြင်းမဟုတ်ကြောင်း အတည်ပြုရန်အတွက် ထိုပြီးပြည့်စုံသော မျက်နှာမှ ပြုံးရိပ်အနည်းငယ်ကို ကြိုးစားရှာဖွေလိုက်သည်။ သို့သော်ငြားလည်း လင်ချင်းဟယ်က နဂိုအတိုင်း အေးတိအေးစက်ဖြင့် စာရွက်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။


ပိချန်ဖေးမှာ မနေနိုင်စွာ လည်ပင်းများဆန့်၍ ခန္ဓာကိုယ်ယို့ကာ လေသံတိုးတိုးဖြင့် စပ်စုဟန် မေးလိုက်သည်။


“ နတ်ဘုရားလင်၊ ဘာတွေအဲ့လောက်ရယ်စရာကောင်းနေတာလဲ…။ ငါ့ကိုလဲ ပြပါလား…”


အကျိုးဆက်အနေနှင့် လင်ချင်းဟယ်က စာရွက်ကို စားပွဲပေါ်မှောက်လိုက်ပြီး အေးစက်စက်နှင့် စကားတစ်ခွန်းသာ ပြောလာလေသည်။


“ လစ်စမ်း...”


ပိချန်ဖေးမှာ လည်ပြန်ရုတ်လိုက်ပြီး မကျေမနပ်နှင့် အရှေ့ပြန်လှည့်သွားသည်။


သူ သူ့အဖေ၏အာရုံကြောဌာနတင်မကဘဲ နား၊ နှာခေါင်း၊ လည်ချောင်းဌာနကိုပါ သွားစစ်တော့မည့်ပုံရှိသည်။


လင်ချင်းဟယ်က ဘယ်လိုလုပ် အသံထွက်ရယ်မှာတဲ့လဲ…


ဟာသစာအုပ်တွေဖတ်ရင်တောင် အဲ့ဒီလူက ရယ်တတ်မယ့်ပုံ မပေါက်တာကို။

သူ နားကြားမှားသွားတာပဲ ဖြစ်ပါလိမ့်မယ်။


သို့သော် ပိချန်ဖေး၏အတွေးထဲတွင် မြင်ကွင်းတစ်ခုက ရုတ်ခြည်းပေါ်လာခဲ့သည်။ အထက်တန်းပထမနှစ်တုန်းက သူက တန်းခွဲ(၁) ကိုပို့သည့် ပေးစာစောင်များကို အစောင့်များထံမှ သွားယူပေးရသည့် တာဝန်ကျသည်။ အများစုက ချင်းရွှေခရိုင်မှ လင်ချင်းဟယ်ထံပို့လိုက်သော စာစောင်များဖြစ်ပြီး လက်‌ရေးအရ မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မည်။


စာစောင်တိုင်းလိုလိုက ထိုမိန်းကလေးတစ်ဦးတည်းထံမှ စာများဖြစ်သည်။ ပိချန်ဖေးမှာ ထိုထူးခြားသည့်လက်ရေးကို တမ်းတမ်းစွဲမှတ်မိနေ၏။ အဘယ်ကြောင့်ဆိုသော် သူစာသွားထုတ်တိုင်း ထိုမိန်းကလေးထံမှ စာတစ်စောင်က အမြဲတမ်းပါသည်။ လစဉ်လတိုင်း ခြောက်ကြိမ်၊ ခုနစ်ကြိမ်မျှမက အားလပ်ရက်များဆိုလျှင် အပိုတစ်စောင်ပါ ထပ်ပို့တတ်သည်။


ဤမျှ ဇွဲကောင်းမှုကြောင့် သူ လေးစားသွားရသည်။ သို့သော်လည်း ထိုမိန်းကလေးက အမြင်သိပ်ရှိပုံမပေါ်ပါချေ။ သူမ၏လက်ရေးက ခေတ်နောက်ကျနေသော မာတင်အရေးအသားနှင့် မထူးမခြားနားပေ။


[မာတင်အရေးအသား = တရုတ်၊ ဂျပန်၊ ကိုရီးယားစတဲ့ ဘာသာစကားတွေ ရောရေးထားတဲ့ အရေးအသား]


ထုံးစံအတိုင်း ပိချန်ဖေးက စာစောင်များကို စုပြီး လင်ချင်းဟယ်၏စာရေးခုံပေါ် တင်ပေးခဲ့သည်။ ထိုအချိန်က လင်ချင်းဟယ်မှာ ဟယ့်ဝမ်ကျောင်းပို့ထားသည့် အမှတ်ပြည့်စာစီကုံးကို ဖတ်နေခဲ့ခြင်းဖြစ်သည်။


ပိချန်ဖေးက ခပ်နောက်နောက်ပြောလိုက်၏။


“ နတ်ဘုရားလင်၊ ငါ့အန်တီလေးရဲ့ အင်္ဂလိပ်အတန်းချိန်တိုင်း မင်းတမင်နောက်ကျပြီးမှ လာတယ်လို့ ငါ သံသယဝင်မိနေပြီနော်။ ချင်းရွှေ အ.ထ.က(၁)က ကောင်မလေးကို စခရင်ပေါ်မှာ မင်းအင်္ဂလိပ်စာဖတ်ပြတာ မြင်ရအောင်လုပ်ပြီး သူ့ဆီက အချစ်စာစောင်တွေရချင်လို့မလား၊ ဟုတ်တယ်မလား…”


သူက ပေါက်ကရစနောက် လိုက်ခြင်းသာဖြစ်၏။ လင်ချင်းဟယ်၏ လျစ်လျူရှုတတ်သည့် ဗီဇအရဆိုလျှင် သူ့ထံပို့သော စာစောင်များအားလုံး လွှင့်ပစ်ခံရဖို့သာရှိသည်။ လူကြီးလူကောင်းဆန်စွာ အမှိုက်ပုံးထဲတော့ လွှင့်ပစ်မည်မဟုတ်ချေ။ ကီလိုမီတာထောင်ချီဝေးသော အရပ်မှ လူတစ်ယောက်အတွက် မိမိကိုယ်မိမိ အရှက်အရခံပြီး အတန်းနောက်ကျမှလာဖို့ ဖြစ်နိုင်ပါ့မည်လား…


လင်ချင်းဟယ်က အေးတိအေးစက်ဖြင့် “သွားစမ်း” ဟုပြောလာခြင်း သို့မဟုတ် သူ့ကို လျစ်လျူရှုလိုက်မည်ဟု ပိချန်ဖေးက ထင်ထားခဲ့သည်။


ရလဒ်မှာမူ လင်ချင်းဟယ်က ဘာမှပြောမလာဘဲ ခပ်ဖွဖွပြုံးကာ စာအိတ်များအားလုံးကို သူ့ကျောင်းလွတ်အိတ်ထဲသို့ သိမ်းကျုံးထည့်လိုက်ခြင်းသာ ဖြစ်လေသည်။


အပြုံးက ခဏတစ်ဖြုတ်သာ ကြာလိုက်သဖြင့် ပိချန်ဖေးမှာ သူ့ကိုယ်သူ အမြင်များမှားသွားသလားဟုတောင် ထင်မိသွားသည်။


ထိုနေ့က သူ လီရှောင်ယွမ်နှင့်ပင် ထိုအကြောင်းကို ပြောဖြစ်ခဲ့သေးသည်။ စီအိုင်အေ ဂရုတည်ထောင်သူအနေနှင့် ထောက်လှမ်းရေးတွင် သူ အနည်းငယ်မျှ ပေါ့ဆသွားခဲ့သည်။


ယခုတွင်မူ နောက်ဆုံးတန်းမှ လင်ချင်းဟယ်က သုံးသပ်စာရွက်ကို ပြန်လှန်လိုက်ပြီး လက်ရေးလှလှများ၏ နောက်ဆုံးစာပိုဒ်ကို ဖတ်လိုက်သည်။


ကျွန်တော်သည် လေးနက်စွာ ပြန်လည်ဆန်းစစ်ပြီး လင်ချင်းဟယ်၏အတွေးအမြင်များကို တလေးတစားလိုက်နာပါမည်။ “လင်ချင်းဟယ်ကို စွဲစွဲမြဲမြဲ ယုံကြည်မည်” ၊ “လင်ချင်းဟယ်ကို စွဲစွဲမြဲမြဲ နာခံမည်”၊ “လင်ချင်းဟယ်ထံမှ စွဲစွဲမြဲမြဲ သင်ယူမည်” ဟူသော စည်းကမ်းချက်သုံးရပ်ကိုလည်း လိုက်နာပါမည်။ ပြီးနောက် လင်ချင်းဟယ်၏ တန်ဖိုးရှိသော အတွေးအခေါ်များကိုလည်း အမှီလိုက်နိုင်အောင်ကြိုးစားပါမည်။ ကျွန်တော်သည် လင်ချင်းဟယ်၏ စကားများအတိုင်း ကြပ်ကြပ်မတ်မတ်နာခံပြီး ကျင့်ဝတ်ကောင်းများ မွေးမြူပါမည်။ ထို့အပြင် “ငြင်းတတ်အောင် ကြိုးစားရန်” ၊ “အနည်းငယ်မျှ ကောင်းပြလျှင် ပြန်မတုံ့ပြန်ရန်” ၊ “အကျိုးမရှိသည့်အရာများနှင့် အချိန်မဖြုန်းရန်” ၊ စိတ်ပါဝင်စားစွာ စာလေ့လာရန်၊ နှစ်ဝက်စာမေးပွဲတွင် ထိပ်ဆုံးအယောက်ငါးဆယ်စာရင်းဝင်အောင် ရေကုန်ရေခမ်းကြိုးစားရန် နှင့် လင်ချင်းဟယ်၏ ထိုင်ခုံဖော်၏ဟူသော ကြီးကျယ်မြင့်မြတ်သည့် ဂုဏ်ပုဒ်နှင့် ကိုက်ညီအောင် နေထို်ငသွားပါမည်။


သုံးသပ်သူ ထောင်ရှီး


______________