အပိုင်း ၁၆
Viewers 9k

The Moon Is Coming To Me


Chapter- 16


ကျိုးချန်က မပြီးနိုင် မစီးနိုင် ဆက်လက် စကားများနေဆဲပင်။ ထောင်ရှီးမှာ စိတ်မပါလက်မပါနှင့် နားထောင်နေရင်း လက်ပတ်နာရီမှ အချိန်ကို တိတ်တဆိတ် ကြည့်လိုက်ကာ ထွက်ပြေးချင်စိတ်များ ပေါက်နေ၏။


ညစာကျက်တန်းမှာ မိနစ်အနည်းငယ်အတွင်း ပြီးဆုံးတော့မည်ဖြစ်သဖြင့် သူ့သုံးသပ်စာစောင်က အဆင်ပြေသလားဆိုသည်ကို မပြန်ခင်လေး လင်ချင်းဟယ်ထံ အပြေးသွားမေးရဦးမည်။


ထိုအချိန်တွင် ကျိုးချန်က ဖုန်းထုတ်၍ အချိန်ကြည့်လိုက်ပြီးနောက် တစ်ပိုင်းတစ်စ ခေါင်းမွှေးပြောင်နေသော သူ့ခေါင်းကိုသပ်ကာ ပြောလိုက်သည်။


“ အိုက်ယား… ဘာလို့ ဒီလောက် နောက်ကျသွားရတာလဲ… ဟုတ်ပြီ။ ထောင်ရှီး မင်း အရင် သွားလို့ရပြီ။ ညဘက် အဆောင်ကို ပြန်ရောက်တဲ့အခါလည်း အရမ်းနောက်ကျတဲ့အထိ စာမလုပ်ဘဲ အနားယူဦးနော်…”


သူ့စကားမဆုံးသေးသော်လည်း ထောင်ရှီးက နေရာတွင် မရှိတော့ပေ။


“အင်း… အခုထိ နိုးနိုးကြားကြားနဲ့ တက်ကြွနေတုန်းပဲ…စိတ်ပိုင်းဆိုင်ရာ မထိခိုက်ဘူးလို့တော့ ထင်ရတာပဲ…”


ကျိုးချန်က ပြုံးကာ စိတ်သက်သာရာ ရသွားလေသည်။


ထောင်ရှီးမှာ ပြေးရင်းနှင့် ဤမျှဝေးသည့်နေရာကို ခေါ်လာသည့် ကျိုးချန်ကို မကျေမနပ် ဘုထောလိုက်သည်။ စာသင်ဆောင်သို့ ရောက်သောအခါ အတန်းဆင်းခေါင်းလောင်းပင် တီးသွားလေပြီ။ လှေကားမှ ပြေးဆင်းလာသည့် ကျောင်းသားများကြားတွင် အပြေးအလွှားတွန်းထိုးရင်း သူ တတိယထပ်သို့ အမောတကော တက်လာခဲ့သည်။ စာသင်ခန်းထဲသို့ ပြေးဝင်သွားချိန်၌ အတန်းဖော် အများစုပင် ပြန်သွားကြလေပြီ။


ယန်သောလဲ့က ညစာကျက်တန်းမှ ထွက်သွားခဲ့ပြီ =ဖြစ်၏။ အတန်းပြီးသွားလျှင် လင်ချင်းဟယ်က တန်းပြန်သွားလိမ့်မည်ဟုသာ ထောင်ရှီး ထင်ခဲ့သည်။ ထိုနေရာတွင် ဆက်ရှိနေလိမ့်မည်ဟု မျှော်လင့်မထားပေ။ သို့သော် သူက ပြန်တော့မည့်ဟန် လွယ်အိတ်ကိုတော့ လွယ်ထားသည်။


ထောင်ရှီးက လက်နှစ်ဖက်ကို ကပျာကယာဆန့်ထုတ်ကာ လင်ချင်းဟယ်ကို တားလိုက်ပြီး ဟောဟဲလိုက်နေသည့် အသံဖြင့် မေးလိုက်၏။


“ ငါ့ရဲ့ သုံးသပ်စာစောင်က အဆင်ပြေရဲ့လား…”


ဟောဟဲလိုက်နေသဖြင့် သူ၏နီစွေးစွေးနှုတ်ခမ်းမှာ ခပ်ဟဟ ဖြစ်နေပြီး ဖြူဖွေးသော မျက်နှာလေးက ချွေးများရွှဲနစ်၍ ပန်းရောင်သန်းနေသည့်အပြင် မျက်တောင်ဖျားတွင် ချွေးစက်ကလေးများလည်း တွဲလွဲခိုနေသည်။ သူက လင်ချင်းဟယ်ကို စိုးရိမ်ပူပန်စွာ ကြည့်နေ၏။


လင်ချင်းဟယ်မှာ ထောင်ရှီး၏ မျက်နှာကို ငုံ့ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်ကာ သူ့စားပွဲပေါ်မှ တစ်ရှူးတစ်ချို့ယူ၍ ထောင်ရှီးအား လှမ်းပေးလိုက်သည်။


ထောင်ရှီး အံ့ဩသွား၏။ သူက လင်ချင်းဟယ်ထံမှ တစ်သျှူးကို ယူလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။ တစ်သျှူးဖြင့် သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်နေစဉ် လင်ချင်းဟယ်၏အေးတိအေးစက်အသံကို ကြားလိုက်ရသည်။


“သုံးသပ်စာက သိပ်တော့ မလေးနက်သေးဘူး…”


ထောင်ရှီးမှာ စကားလုံးများဖြင့် ကိုင်ပေါက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ တစ်ရှူးစကို လက်ထဲသို့ လုံးချေလိုက်ပြီး မျက်လုံးအပြူးသားဖြင့် လင်ချင်းဟယ်ကို ကြည့်ကာ သူ့ဆံပင်များကို ဖူးခနဲ မှုတ်ထုတ်လိုက်သည်။


“ သိပ်တော့ မလေးနက်သေးဘူး ဟုတ်လား…”


သုံးသပ်စာ‌ကို သူယခင်က မြင်တွေ့ခဲ့ဖူးသည့် ပါတီဝင်များ၏ အခြေမူကြမ်းသုံးရပ်အတိုင်း ကူးရေးထားခြင်းဖြစ်၏။ ပါတီဝင်များ ရေးထားတာမှ မလေးနက်လျှင် မည်သည့်အရာက လေးနက်တော့မည်နည်…။


ထောင်ရှီးမှာ နောက်တစ်စောင်လည်း ထပ်မရေးချင်တော့ပေ။ သူက လင်ချင်းဟယ်အနားသို့ တိုးကပ်သွားပြီး မျက်တောင်များပင့်ကာ စိုက်ကြည့်ရင်း လေသံဖျော့ဖျော့လေးဖြင့် ရိုးတိုးရိပ်တိပ်ပြောလိုက်သည်။


“ငါ့မှာ အိမ်စာတွေ အများကြီး လုပ်စရာကျန်သေးတယ်။ ပြီးတော့ တစ်လုံးမှ မရေးရသေးတာတွေတောင် ရှိသေးတယ်...”


လင်ချင်းဟယ်က သူ့ကို ယုံကြည်ပုံ မရဘဲ မျက်နှာထားတင်းတင်းကို လုံးဝ မလျှော့ပေ။


ထောင်ရှီးက ခဏကြာ တွေဝေသွားပြီးနောက် ခေါင်းလေးကိုမော့၍ လင်ချင်းဟယ်၏ မျက်နှာထားကို ဂရုတစိုက်လိုက်ကြည့်လိုက်ကာ ပို၍နူးညံ့ပျော့ပြောင်းသော အသံဖြင့်ပြောလိုက်သည်။


“ငါ့ရဲ့ အကြားစွမ်းရည်စာအုပ်က အရမ်းဟောင်းနေပြီလို့ မင်းပြောခဲ့တယ်မလား… ငါ မင်းစကားကို နားထောင်ပြီး အသစ်တစ်အုပ် ထပ်ဝယ်ခဲ့တယ်။ ဒီနေ့ညနေတော့  ငါ အကြားစွမ်းရည် လေ့ကျင့်ရဦးမယ်။ သုံးသပ်စာစောင်ကို ပြန်ရေးဖို့က အချိန်တကယ်မရှိလို့ပါ…”


လင်ချင်းဟယ်ကို ဘာပဲဖြစ်ဖြစ် ရေးခိုင်းနိုင်သည်ဟု ကတိပေးမိခဲ့သည့်အတွက် သူ နောင်တရချင်လာသည်။


လင်ချင်းဟယ်က အမေးစကားဆို၏။


“ငါ မင်းကို ပြန်ရေးခိုင်းနေလို့လား…”


ထောင်ရှီးမှာ အံ့အားသင့်သွားပြီး လင်ချင်းဟယ်ကို ငေးကြောင်ကြောင် ကြည့်လိုက်ရာ လင်ချင်းဟယ်၏ မျက်လုံးများတွင် ပြုံးယောင်သန်းနေသည်ကို တွေ့လိုက်ရသည်။


ထိုအပြုံးမှာ အစစ်အမှန် ဟုတ်မဟုတ် အတည်ပြုကြည့်ရန် ကြိုးပမ်းချင်သော်လည်း လင်ချင်းဟယ်၏စကားထပ်ဆိုလာသံကို ကြားလိုက်ရသည်။


“ငါ့ကို အကြားစွမ်းရည်စာအုပ် ပြပါဦး…”


ထောင်ရှီးမှာ သူ စာအုပ်မှားပြီး ဝယ်မိပြီလားဟုပင် သံသယဝင်သွားရသည်။သူက ထိုင်ခုံဆီသို့ လျှောက်သွားပြီး မြို့ထဲမှ ဝယ်လာသည့် အကြားစွမ်းရည်စာအုပ်ကို အံဆွဲထဲမှ ထုတ်ကာ စာအုပ်နောက်ကျောတွင်ပါသည့် တိတ်ခွေနှင့်အတူ လင်ချင်းဟယ်ကို ပေးလိုက်သည်။


ဤအချိန်တွင် အခန်းထဲ၌ အခြားကျောင်းသားများ မရှိကြတော့ပေ။ ရှေ့တန်းမှ ကျောင်းသားများက အတန်းထဲမှထွက်သွားသည်နှင့် ရှေ့မီးများကို ပိတ်သွားကြသည်။ ထို့ကြောင့် နောက်ဆုံးတန်းမှ မီးလုံးများကသာ စာသင်ခန်း၏နောက်ဆုံးခုံနှင့် ယခုအချိန်ထိ မထွက်သွားသေးသည့် လူနှစ်ယောက်အပေါ် ထွန်းလင်းနေသည်။


လင်ချင်းဟယ်က စာအုပ်ကိုလှမ်းယူလိုက်ပြီး စာမျက်နှာအချို့ကို ခပ်သွက်သွက်လှန်ကြည့်လိုက်ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ မှတ်ချက်ချလိုက်သည်။


“ဒီစာအုပ်ကလည်း မကောင်းဘူး။ ခေါင်းစဉ်တွေက အရမ်းကို ရိုးရှင်းလွန်းနေတယ်။ တိုးတက်မှုမရှိနိုင်ဘူး…”


ထောင်ရှီးမှာ “အာ” ဟု ရေရွတ်လိုက်ပြီး သူ့လက်ချောင်းလေးများကို လိမ်ရစ်ရင်း အားကိုးရာမဲ့စွာ ပြေလိုက်သည်။


“ ဒါပေမဲ့ ဒီထက်ပိုကောင်းတာလည်း ငါ မရှာတတ်တော့ဘူး…”


လင်ချင်းဟယ်က သူ့အား ဖျတ်ခနဲကြည့်ကာ တစ်ဖက်လှည့်သွားပြီ အံဆွဲထဲမှ စာအုပ်အထူကြီး တစ်အုပ်နှင့် သေတ္တာအကြည် တစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် သူ့လက်ထဲသို့ ထည့်ပေးရင်း အနည်းငယ် အမိန့်သံပါသော လေသံဖြင့် ပြောသည်။


“ ဒီအကြားစွမ်းရည်စာအုပ်ကို ယူသွားပြီး တစ်နေ့ကို မေးခွန်းတစ်စုံစီလေ့ကျင့်ကြည့်…”


ထောင်ရှီးက ကြောင်အမ်းအမ်းဖြင့် စာအုပ်နှင့်တိပ်ခွေကို လှမ်းယူလိုက်သည်။ စာအုပ်၏ ရှေ့ဆုံးစာမျက်နှာကို ဖွင့်လိုက်သည့်အခါ ထိုစာမျက်နှာပေါ်တွင် ဖောင်တိန်ဖြင့် “လင်ချင်းဟယ်” ဆိုသည့် ခပ်ကျဲကျဲနှင့် လှပသော စာလုံးသုံးလုံးကို တွေ့လိုက်ရသည်။


စာအုပ်က အသစ်မှန်း သိသာလှသည်။ မေးခွန်းအစုံများကို မဖြေရသေးသည့်အပြင် တိပ်ခွေမှာလည်း တိပ်ခွေအလွတ်ကဲ့သို့ အသစ်စက်စက် ဖြစ်နေ၏။


သူက လက်ထဲမှ ပစ္စည်းများကို ကြောင်အမ်းအမ်း ငေးကြည့်နေရင်း ခံစားချက်များ ရှုပ်ထွေးလာရ၏။ အချိန်အတော်ကြာသည်အထိ အတွေးထဲမျောမိသွားပုံပေါ်သည်။


“မင်း မလုပ်ချင်ဘူးလား…” လင်ချင်းဟယ်က သူ့ကို အသံတိုးတိုးဖြင့် မေးသည်။


ထောင်ရှီးမှာ အသိစိတ် ပြန်ဝင်လာပြီး ခေါင်းကို ခပ်သွက်သွက်ခါယမ်းလိုက်ကာ လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။


“ဒါပေမဲ့ ငါ မင်းရဲ့စာအုပ်နဲ့ လေ့ကျင့်လိုက်ရင် မင်းက ဘာနဲ့ လေ့ကျင့်တော့မှာလဲ…”


ဤစာအုပ်က မသုံးရသေးသည့် အသစ်စက်စက် စာအုပ်ဖြစ်မှန်း သိသာသည်ပင်။


လင်ချင်းဟယ်က တုံးတိပြန်ဖြေလိုက်၏။


“ငါက လေ့ကျင့်စရာ မလိုဘူး…”


“……”


ဒါဖြင့်ဘာဖြစ်လို့ ဝယ်ထားသေးလဲ….။ ဒါကသူဋ္ဌေးသားတွေရဲ့ ပြောရဆိုရခက်တဲ့ အကျင့်တစ်ခုပဲလား…


ထောင်ရှီးက လင်ချင်းဟယ်၏အတွးများကို နားမလည်နိုင်သော်လည်း  သူ့ပစ္စည်းများကို အလကားမယူချင်သောကြောင့် ပြောလိုက်သည်။


“ ဒီစာအုပ်က ဘယ်လောက် ပေးရလဲ… မနက်ဖြန်ကျ ငါပိုက်ဆံပြန်ပေးမယ်လေ…”


ဤစာအုပ်၏ ဈေးနှုန်းမှာ အလွန်ဈေးကြီးမည့်ပုံပေါပြီး ယွမ်တစ်ရာခန့်ပင် ရှိလောက်မည်။ ထောင်ရှီးမှာ အနည်းငယ်ပင် နာကျင်သွားရ၏။


လင်ချင်းဟယ်က မျက်မှောင်ကြုတ်ကာ ပြောသည်။


“ မလိုဘူး…”


ထောင်ရှီးမှာ ခွန်းတုံ့ပြန်ရန်ပင် အချိန်မမီလိုက်ခင် လင်ချင်းဟယ်က သူစာအုပ်ဆိုင်မှ ဝယ်လာခဲ့သည့် တန်ဖိုးနည်း အကြားစွမ်းရည်စာအုပ်နှင့် တိပ်ခွေကို ကျောင်းလွယ်အိတ်ထဲသို့ ပစ်ထည့်ကာ ပြောလာသည်။


“ ဒါဆို အလဲအလှယ်အနေနဲ့ ဒီစာအုပ်ကို ငါ ယူသွားမယ်…”


ထောင်ရှီးမှာ အံ့အားသင့်သွားရပြီး ဝေခွဲရခက်စွာ မေးလိုက်သည်။


“ ဒါပေမဲ့ ဒီစာအုပ်က အရမ်းရိုးလွန်းပြီး အသုံးမဝင်ဘူးလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား…”


၎င်းက မျှတသော လဲလှယ်ခြင်းမျိုး လုံးဝ မဟုတ်ပေ။


လင်ချင်းဟယ်က သူ့ကျောင်းလွယ်အိတ်ကို ကောက်လွယ်လိုက်ပြီး ပေါ့ပေါ့ပါးပါးသာ ပြောလာသည်။


“ဟုတ်တယ်လေ။ ငါ ဒီစာအုပ်ကို မူလတန်းတက်နေတဲ့ ငါ့ဝမ်းကွဲညီလေးကိုပေးဖို့ ယူသွားမလို့…”


“!”


ထောင်ရှီးမှာ အစော်ကားခံရသလို ခံစားလိုက်ရသဖြင့် လင်ချင်းဟယ်ကို စူးခနဲ စိုက်ကြည့်လိုက်သည်။


သူ မကျေမနပ်ချက်များကို ထုတ်ပြောတော့လုဆဲဆဲတွင် နောက်တစ်စက္ကန့်မျှ အကြာ၌ လင်ချင်းဟယ်က သူ့မျက်လုံးများထံဦးတည်လျက် လက်တစ်ဖက်ကို ဆန့်ထုတ်လာလေသည်။


ထောင်ရှီးမှာ မျက်လုံးများကို အလိုလို မှိတ်မိလိုက်သည်။ ထို့နောက်တွင် သူ့ညာဘက်မျက်လုံးထောင့်မှ နွေးထွေးသော အထိအတွေ့လေးကို ခံစားလိုက်ရသည်။ သူ အသက်ပင်အောင့်ထားမိလိုက်ပြီး မျက်တောင်များလည်း တသိမ့်သိမ့်တုန်ယင်လာသည်။ သူ့မျက်လုံးထောင့်မှ အရေပြားလေးကို လက်ချောင်းလေးဖြင့် ပွတ်ဆွဲသွားသည့် အထိအတွေ့ကို အသေအချာကို ခံစားမိလိုက်၏။


ထိုလက်ချောင်းများ ဖယ်ခွာသွားသည့်အခါမှ မျက်လုံးဖွင့်ကြည့်လိုက်ရာ လင်ချင်းဟယ်၏ လက်ထဲတွင် တစ်ရှူးစလေးတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။ သူ ချွေးသုတ်စဉ်က ကျန်နေခဲ့ခြင်း ဖြစ်မည်။


ဘာကြောင့်ရယ်မသိ သူ့နှလုံးခုန်သံများ မြန်ဆန်လာသည်။ လင်ချင်းဟယ်က လက်ချောင်းပေါ်မှ တစ်ရှူးစလေးအား လွှင့်ပစ်လိုက်ပုံကိုကြည့်ရင်း သူ့မျက်ဝန်းထောင့်သို့ ခပ်နွေးနွေးအထိအတွေ့လေး ပြန်ရောက်ရှိလာသလိုပင်။ ထို့နောက် သူ၏နှလုံးအိမ်ထဲဝယ် ယားကျိကျိလေးခံစားလိုက်ရ၏။


ထောင်ရှီးမှာ မနေနိုင်စွာ သူ့မျက်လုံးထောင့်လေးကို လက်ဖြင့်ထိလိုက်မိပြီး မျက်တောင်များပုတ်ခတ်ရင်း အပြစ်တင်ဟန်ဆောင်လိုက်သည်။


“မင်း ငါ့ကို  ဘာလို့ စောစောက မပြောတာလဲ…”


သူ့မျက်လုံးထောင့်တွင် တစ်ရှူးစလေးကပ်နေသည်ကို မြင်သည့်တိုင် လင်ချင်းဟယ်က သူ့ကို တစ်ခွန်းမှ မပြောခဲ့ပေ။


“မင်း မမြင်ရဘူးဆိုတာ ငါမှမသိဘဲ…”


လင်ချင်းဟယ်က ခပ်ဟဟပြုံးလိုက်ပြီး လွယ်အိတ်လွယ်ကာ တံခါးဝသို့ ထွက်သွားသည်။


ထောင်ရှီးမှာ အံ့ဩသွား၏။ လင်ချင်းဟယ် ပြုံးလိုက်သည်ကို သူမြင်လိုက်ရသည်မှာ သေချာသည်။


သို့သော်လည်း စိတ်ဆိုးမာန်ဆိုး တွေးလိုက်မိ၏။ သူက ပုစဉ်းမှမဟုတ်တာ မျက်လုံးဘေးမှာ ရှိနေတဲ့ဟာကို ဘယ်လိုလုပ် မြင်ရမှာလဲလို့…


……….........


ထောင်ရှီးက စာသင်ခန်းအတွင်းမှ မီးများကို ပိတ်လိုက်ပြီး အခန်းတံခါးကို သော့ခတ်လိုက်သည်။ တံခါး အမှန်တကယ်ပိတ်မပိတ် သေချာစစ်ဆေးပြီးမှ လင်ချင်းဟယ် ပေးထားသည့် အကြားစွမ်းရည်စာအုပ်နှင့် တိပ်ခွေကို လက်နှစ်ဖက်ဖြင့် ပိုက်ကာ အိပ်ဆောင်ဆီသို့ ထွက်လာခဲ့သည်။


စက်တင်ဘာလနှောင်းပိုင်းဖြစ်၍ ညနေခင်း၏ အေးမြမှုနှင့် မွှေးပျံ့သော ပင်လုံးကြိုင်ပန်းရနံ့က မှောင်စစ ကျောင်းဝင်းအတွင်း ပျံ့လွင့်နေသည်။ ထောင်ရှီး အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး ဤရနံ့ကို လင်ချင်းဟယ်သာ ရှူရှိုက်ရပါက သေချာပေါက် ကြိုက်လိမ့်မည်မဟုတ်ဟု တွေးနေမိသည်။


သို့ရာတွင် ယခုမူ သူက မွှေးပျံ့လှသော ပင်လုံးကြိုင်ပန်းရနံ့ကို ရှူရှိုက်ရင်း ပျော်လွန်း၍ လေပေါ်ပျံမတတ်ပင် ဖြစ်နေသည်။


လင်ချင်းဟယ်က သူ့ကို မုန်းနေသည့်ပုံစံ မပေါ်ပေ။


လင်ချင်းဟယ် ပြောဖူးသည့် သူ့အပေါ် အမှန်တကယ် ကောင်းသူများကိုသာ ကောင်းကောင်းမွန်မွန် တုံ့ပြန်သည်ဟူသော စကားကို သတိရမိသည်။


ယခုအချိန်မှစ၍ သူ လင်ချင်းဟယ်ကို ကောင်းကောင်းမွန်မွန် ပြန်တုံ့ပြန်ရန် ကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။


သို့သော်လည်း သူက လင်ချင်းဟယ်အတွက် မည်သည့် အကျိုးကျေးဇူးမျိုးကိုမှ ဆောင်ကျဉ်းပေးနိုင်မည့်ပုံစံ မပေါ်ပေ။


ထောင်ရှီးမှာ အိပ်ဆောင်သို့ ပြန်လာခဲ့သည့် လမ်းတလျှောက်လုံး အတွေးများနေမိသည်။ ရွှီကျီးချီက နားကြပ်တပ်ထားပြီး အင်္ဂလိပ်စာ အကြားစွမ်းရည်ကို လေ့ကျင့်နေပုံရသည်။ ဖန်းယန့်ကမူ သက်ပြင်းချ၏။


“ ရှီးသာ့ ၊ မင်း ပြန်လာပြီပဲ။ ငါ့ကို လာကူပေးပါဦး။ ငါ ဘယ်လိုဆွဲရမလဲ မသိတော့ဘူး…”


ဖန်းယန့်မှာ ထောင်ရှီး အခန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်နှင့် ကြက်ပေါက်လေးတစ်ကောင်ကို မြင်လိုက်ရသည့် အသားစားဖျံ တစ်ကောင်အလား သွားများဖြဲ၊ လက်သည်းများထုတ်ကာ သူ့ထံ ရုတ်ခြည်းပြေးလာသည်။


ထောင်ရှီးက ဖန်းယန့်ကို အသာလေးရှောင်လိုက်ပြီး လက်ထဲမှ အကြားစွမ်းရည်စာအုပ်ကို ကာကွယ်ရင်း အညှာအတာ မဲ့စွာ ငြင်းဆိုလိုက်သည်။


“ မရဘူး။ ငါ ဒီည အကြားစွမ်းရည် လေ့ကျင့်ရဦးမယ်…”

ဖန်းယန့်က ငိုမဲ့မဲ့ဖြင့် စောဒက တက်လိုက်သည်။


“ မင်းရဲ့ အခန်းဖော်ကို ဒုက္ခပင်လယ်ကြီးထဲမှာ ဒီတိုင်း ထားရက်တယ်လား…”

ထောင်ရှီးကို စည်းရုံးနိုင်မည်မဟုတ်တော့ကြောင်း သူသိသွားတော့၏။


“ထားရက်တယ်…”


ထောင်ရှီးက အေးစက်စွာ ပြောလိုက်သည်။


ယခုနေ ငလျင်ကြီးလှုပ်မည်ဆိုလျှင်တောင်မှ သူ့အနေဖြင့် အကြားစွမ်းရည်မေးခွန်းများကို အရင်ဆုံး ဖြေရမှဖြစ်မည်။


ထောင်ရှီးက အရင်ဆုံး ရေချိုးခန်းထဲသို့ဝင်ပြီး လက်များကို ဂရုတစိုက် ဆေးကြောလိုက်သည်။ ထို့နောက် ကတ်ဆက်လေးကိုထုတ်၍ တိပ်ခွေကို ဖွင့်လိုက်သည်။ ထိုအခါမှသာ တိပ်ခွေများတွင် နံပါတ် ၁ ၂ ၃ စသည်ဖြင့် တပ်ထားသည်မှလွဲ၍ မည်သည့် ကုန်အမှတ်တံဆိပ်မှ မပါကြောင်း တွေ့ရတော့၏။


မမျှော်လင့်ထားစွာ ဤကဲ့သို့ လှပသော စာအုပ်လေးအတွက် တိပ်ခွေထုပ်ပိုးထားသည့် ပုံစံမှာ အလွန် ရိုးရှင်းနေသည်။


သူက တိပ်ခွေကို ကတ်ဆက်ထဲထည့်၍ နားကြပ်ပေါက်ကို ထိုးလိုက်သည်။ မေးခွန်းတစ်စုံကို ဂရုတစိုက် ဖြေဆိုပြီးသည့်အခါမှ ထိုမေးခွန်းများမှာ လွန်စွာခက်ခဲပြီး အမှားလည်း အလွန်များသည်ကို သိလိုက်ရတော့သည်။


သူ ဝယ်လာခဲ့သည့် စာအုပ်က အလွန်ရိုးရှင်းလွန်းသည်ဟု လင်ချင်းဟယ် ပြောသည်မှာ အံ့ဩစရာ မရှိတော့ပေ။ မှားသည့်မေးခွန်းများကို အထပ်ထပ်အခါခါ ပြန်ဖြေပြီးနောက်တွင် သူ စာအုပ်ကိုပိတ်လိုက်ကာ ရေမိုးချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။


ရေချိုးပြီး၍ ပြန်ထွက်လာသောအခါ ရွှီကျီးချီက သူ့စားပွဲရှေ့တွင် မတ်တပ်ရပ်၍ အကြားစွမ်းရည်စာအုပ်ကို လှန်ကြည့်နေသည်အား ထောင်ရှီး မြင်လိုက်ရလေသည်။


သူ ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားကာ ရွှီကျီးချီ၏ လက်ကိုအားပါပါရိုက်ချလိုက်သည်။ သူ အကြားစွမ်းရည် စာအုပ်ကို ကောက်ကိုင်ကာ သူ့လက်ထဲ ပိုက်လိုက်ရင်း မှုန်ကုပ်ကုပ် မျက်နှာထားနှင့် ရွှီကျီးချီကို ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။


“ ငါ့ရဲ့ပစ္စည်းတွေကိုကိုင်ဖို့ ဘယ်သူက မင်းကို ခွင့်ပြုထားလို့လဲ…”


သူက “ငါ့ရဲ့” ဆိုသည့် စကားလုံးကို အသံဖိ၍ ပြောလိုက်သည်။


ရွှီကျီးချီမှာ ကြက်သေသေသွားပြီး အရိုက်ခံလိုက်ရ၍ နာကျင်သွားသည့် သူ့လက်ကောက်ဝတ်ကို  ပွတ်နေသည်။ ထောင်ရှီး၏ အမူအရာမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူ အမှန်တကယ် လန့်သွားသော်လည်း မကြာမီပင် ထိုကြောက်လန့်မှုက ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။


“ငါစာမျက်နှာလေး တစ်မျက်နှာလောက် လှန်လိုက်ရုံနဲ့ မင်းစာအုပ်က မပျက်စီးသွားပါဘူး… မင်း ဘာလို့ ဒီလောက် ကပ်စေးနှဲရတာလဲ…”


ရွှီကျီးချီက အနည်းငယ် နီရဲပြီး ရောင်လာသည့် သူ့လက်ကောက်ဝတ်ကို ကြည့်ရင်း ထောင်ရှီးကို ဒေါသတကြီး စိုက်ကြည့်ကာ ထူးဆန်းသည့် အမူအရာဖြင့် ပြောလေသည်။


“ပြီးတော့ ဒီစာအုပ်ပေါ်မှာ လင်ချင်းဟယ်ရဲ့ နာမည်ကို ရှင်းနေအောင် ရေးထားတယ်လေ။ မင်း ခိုးလာတာလားတောင် ဘယ်သူသိနိုင်မှာလဲ…”


ထိုအကြားစွမ်းရည်စာအုပ်ကို သူ ယခင်က မြင်ဖူးသည်။ ဤစာအုပ်ကို နာမည်ကြီး အင်္ဂလိပ်စာ ပါမောက္ခတစ်ယောက်က သူ့သားသမီးများနှင့် သူ့မိတ်ဆွေများ၏ သားသမီးများအတွက် အကြားစွမ်းရည် လေ့ကျင့်ရန် ပြုစုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြင်ပဆိုင်များတွင် တစ်ခါမှ တင်မရောင်းခဲ့ဖူးပေ။ ဤစာအုပ်က လင်ချင်းဟယ်ထံတွင် ရှိနေခြင်းက မထူးဆန်းသော်လည်း အဘယ်ကြောင့် ထောင်ရှီးထံတွင် ရောက်နေရပါသနည်း။


သူက တန်းခွဲ(၁)တွင် နှစ်လခန့် နေခဲ့ပြီး လင်ချင်းဟယ် သဘောကျလာအောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လင်ချင်းဟယ်က မရင်းနှီးသူများကို မျက်နှာသာ လုံးဝမပေးသောကြောင့် ဖြစ်သည်။


“ခိုးသည်” ဆိုသော စကားလုံးက ထောင်ရှီးကို ထောင်းခနဲ ဒေါသထွက်သွားစေပြီး မနက်ခင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကိုပါ ပြန်မြင်ယောင်လာကာ အလွန်အမင်း စိတ်မသက်မသာဖြစ်လာစေသည်။


သူ ဤကျောင်းတွင် မြေးသားလေးတစ်ယောက်ကဲ့သို့ အချိန်ကြာမြင့်စွာ ဟန်ဆောင်နေခဲ့ပြီးပြီ။ သူက လင်ချင်းဟယ်နှင့် နေချင်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်ကသာ လင်ချင်းဟယ် ပေးထားသည့်အရာကို ထိပါးလာပါက …


ထောင်ရှီးက ရွှီကျီးချီကို ကြည့်လိုက်၏။ သူ လှောင်ရယ်လျက် ရွှီကျီးချီ၏ ထိုင်ခုံကို ဒုန်းခနဲ ဆောင့်ကန်လိုက်သည်။ ကျယ်လောင်သည့်အတူ ကုလားထိုင်က အိပ်ခန်းတံခါးဘက်ကို လွင့်ထွက်သွားပြီးနောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။


ရွှီကျီးချီမှာ ပြင်းထန်သောအသံကြောင့် ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်မိသွားသည်။ သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး ထောင်ရှီးကို အရူးတစ်ယောက်အလား  စိုက်ကြည့်လိုက်သည်။


ထောင်ရှီး၏ မျက်လုံးများက သုန်မှုန်ကာ အလွန်စူးရဲနေသည်။ ကျေးလက်ဒေသမှ ပြောင်းလာသည့် ဤကျောင်းသားလေးက အားနည်းပြီး ရှက်ရွံ့တတ်သူဖြစ်မည်ဟု သူ အမြဲတမ်း ထင်ထားခဲ့သည်။ ဤမျှ ကြောက်စရာကောင်းသည့် သူ့ပုံစံကို မမြင်ဖူးခဲ့ပါချေ။


ထောင်ရှီးက လက်ထဲရှိ အကြားစွမ်းရည်စာအုပ်ကို စားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်ပြီး ရွှီကျီးချီဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။


ရွှီကျီးချီမှာ သူ တကယ်အရိုက်ခံရတော့မည်ဟု ကြိုမြင်လာသဖြင့် တံခါးဘေးတွင် လဲကျနေသည့် ကုလားထိုင်နား ရောက်သည်အထိ ခြေလှမ်းများကို တရွေ့ရွေ့ဆုတ်သွားသည်။ သူက ထောင်ရှီးကို လက်ညှိုးထိုးကာ ပြောသည်။


“ မင်း…ဘာလုပ်နေတာလဲ… လူတွေကို ရိုက်ရင် မင်း အပြစ်ပေးခံရမှာနော်…”


ထောင်ရှီးက ရယ်သည်။ သို့သော် သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော စွမ်းအင်တစ်ခု ကိန်းအောင်းနေပြီး ရွှီကျီးချီကို ငေါ့တော့တော့ စိုက်ကြည့်နေသည်။


“ မင်းက အားနည်းတဲ့ ကြက်တစ်ကောင်သာသာပဲ။ မင်းကိုယ်မင်း ဒီလောင်ကျစ်ရဲ့ ရိုက်တာခံရဖို့ ထိုက်တန်တယ်များ ထင်နေတာလား…”


ချင်းရွှေခရိုင်မှာ သူ ရိုက်နှက်ခဲ့ဖူးသမျှထဲ ရွှီကျီးချီထက် အရပ်မရှည်တဲ့ကောင် ဘယ်ကောင်ရှိလဲ…သူ့ကို အရှုံးမပေး၊ အရိုအသေမပေးခဲ့တဲ့ကောင်ရော ဘယ်ကောင်ရှိလဲ…


“မင်း ဘာပြောလိုက်တာလဲ…”


ရွှီကျီးချီတစ်ယောက် မယုံကြည်နိုင်ဖြစ်သွားသည်။ ထောင်ရှီးက သိသိသာသာပင် သူ့လောက် အရပ်မရှည်သည့်အပြင် သူ့ထက်လည်း ပိုပိန်သည်။ သို့တိုင်အောင် သူက ရွှီကျီးချီကို အားနည်းသည်ဟု ကြိမ်းနေသည်။ သူ လက်သီးဆုပ်၍ ထောင်ရှီးကို ဒေါသထွက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ဆဲဆိုပစ်လိုက်ချင်သော်လည်း သူ့တွင် သတ္တိမရှိလှ။


ထို့နောက် ထောင်ရှီးက သူနှင့် ခြေလှမ်းသုံးလှမ်းခန့်အကွာတွင် လာရပ်ပြီး တစ်လုံးချင်း ရင့်ရင့်သီးသီး ပြောသည်။


“ ရွှီကျီးချီ ၊ ငါ မင်းကို သည်းခံနေရတာ ကြာပြီ။ ငါပြောတာ သေချာနားထောင်… ဒီစာအုပ်က လင်ချင်းဟယ် ငါ့ကို ပေးထားတာ…ဒီတော့ ငါ့စာအုပ်ပဲ။ မင်း ငါ့ပစ္စည်းတွေကိုထပ်ထိရင် နောက်တစ်ခါ  ငါကန်မှာက ကုလားထိုင် မဟုတ်တော့ဘူးနော်…”


ထောင်ရှီးက ထိုသို့ ပြောပြီးသည်နှင့် သူ့ထိုင်ခုံဆီသို့ ပြန်လှည့်သွားပြီး မေးခွန်းများကို ဆက်ဖြေနေလေသည်။


ရွှီကျီးချီမှာ နေရာတွင် တောင့်တောင့်ကြီး ရပ်နေမိပြီး ရင်ဘတ်က အရှိန်ပြင်းစွာ နိမ့်ချည်မြင့်ချည် ခုန်လှုပ်လို့နေသည်။ အကယ်၍ သူသာ ထောင်ရှီး၏ ပစ္စည်းများကို ထပ်ထိပါက ထောင်ရှီးက ပြောသည့်အတိုင်း တကယ်ကြီး လုပ်မည့်ပုံရှိသည်။


ဒါပေမဲ့ ဘာကြောင့်လဲ…


လင်ချင်းဟယ်က ဘာကြောင့် ထောင်ရှီးကို ဒီလိုအဖိုးတန်စာအုပ် ပေးရတာလဲ…ဒါ့အပြင် ထောင်ရှီးလို ဘာနောက်ခံအသိုင်းအဝိုင်းမှ မရှိတဲ့ ဆင်းရဲသား ကျောင်းသားတစ်ယောက်က ဘာကြောင့် သူ့ကို လာခြိမ်းခြောက်နေတာလဲ…


ရွှီကျီးချီ၏ မျက်နှာမှာ ပြာတစ်လှည့်၊ နီတစ်လှည့်နှင့်။ ခဏအကြာမှ သူက ကုလားထိုင်ကို ခြေထောက်ဖြင့် မ၍ကောက်လိုက်ပြီး သူ့နေရာသူ ပြန်ထားလိုက်သည်။


ကုလားထိုင်ကို ပြန်ထားချိန်၌ သူက အသံကို တမင်ပိုကျယ်အောင်ချလိုက်သည်။ ထောင်ရှီးက သူ့ကို အေးစက်စွာ လှည့်ကြည့်လိုက်သောအခါ ရွှီကျီးချီမှာ နောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်မိသွားပြန်သည်။ သူရဲဘောကြောင်လွန်းသည်ဟု ခံစားလိုက်ရသဖြင့် သူ၏မောက်မာသည့် ဂုဏ်သိက္ခာလေးကို ပြန်ဆည်ရန် ထောင်ရှီးအား စူးရဲစွာပြန်စိုက်ကြည့်လိုက်သည်။


ထောင်ရှီးက နှုတ်ခမ်းထောင့်စွန်းများ ပင့်ကာ ခပ်ဟဟရယ်သည်။ မထီမဲ့မြင်ပြုခြင်းများက သူ့မျက်လုံးထဲတွင် အထင်းသား။


ရွှီကျီးချီ ဒေါသထွက်လာသည်။ သူ ချုပ်တီးမထားနိုင်သည့်အဆုံး ခါးသီးသော စကားလုံးများ ပွင့်အံထွက်လာသည်။


“ မင်း အရင်အပတ်က စာမေးပွဲရလဒ်နဲ့ လင်ချင်းဟယ်ကို ဖားယားနေတယ်ဆိုရင်တောင် နှစ်ဝက်စာမေးပွဲကျရင် တန်းခွဲ(၃) ကို ကန်ထုတ်ခံရမှာလေ…”


ဤလူက သူ့အပတ်စဉ် စာမေးပွဲရမှတ်များကို စုံစမ်းမေးမြန်းပြီး သူ့အဆင့်ကို တွက်ချက်နေလိမ့်မည်ဟု ထောင်ရှီး ထင်မှတ်မထားပေ။ သူက ခေါင်းပြန်ငုံ့ကာ မေးခွန်းများကို ဆက်ပြီးဖြေနေရင်း သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။


“ ဟုတ်လား… ဒါဆိုလဲ စောင့်ကြည့်နေလေ…”


ရွှီကျီးချီတစ်ယောက် သူပါးသူပြန်ရိုက်ချင်သွားသည်။ ဘာလို့ ပစ်မှတ်ထားခံရအောင် လုပ်လိုက်မိတာလဲ…။


သို့သော် ထောင်ရှီးသာ ဉာဏ်ကြီးရှင်တစ်ယောက် မဟုတ်ပါက နှစ်လအတွင်း ထိပ်ဆုံးအဆင့် ၅၀ အတွင်း ဝင်ရန်မဖြစ်နိုင်ဟု သူ ထင်သည်။ ဤအရိုင်းအစိုင်းကို အရှက်တကွဲဖြစ်ရအောင် သူ့အဆင့်များကို သုံးပြမည်။


အပြင်ခဏထွက်သွားသည် ဖန်းယန့်မှာ အိပ်ယာဝင်ရန် တံခါးဖွင့်၍ ဝင်လာသောအခါ အိပ်ဆောင်ထဲတွင် တစ်ခုခု ပြောင်းလဲနေကြောင်း သတိပြုမိလိုက်သည်။


ထောင်ရှီးက ထုံးစံအတိုင်း မေးခွန်းများကို ဖြေနေသော်လည်း ရွှီကျီးချီကမူ အိပ်ရာပေါ် စောစော တက်အိပ်နေပြီး လိုက်ကာများကို တင်းနေအောင် ဆွဲပိတ်ထားသည်။


ဖန်းယန့်က ပါးစပ်ကိုမထိန်းနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်သည်။


“ ရှီးသာ့ ၊ ငါတို့အိပ်ဆောင်ရဲ့ အနေအထားက နည်းနည်းလေး လေးလံနေတယ်လို့ မထင်ဘူးလား… ကြည့်ရတာ ဝမ်းနည်းပူဆွေးနေတဲ့ ဇနီးလေး တစ်ယောက် ရှိနေတဲ့ပုံပဲ…”


သူက ရွှီကျီးချီ တစ်ခုခု ပြန်ပြောလာမလားဟု စောင့်မျှော်နေသော်လည်း ထိုသူက မောင်နှံနှစ်ဖော်၏ မင်္ဂလာဦးည အိပ်ခန်းထဲမှ တုံးတုံးအအ သတို့သမီးအလား နှုတ်ဆိတ်၍သာ နေနေလေသည်။


ကျွတ်စ်… ပျင်းစရာ ကောင်းလိုက်တာ။ ဖန်းယန့်မှာ ခေါင်းသာခါမိတော့သည်။


……………


“ ချင်းဟယ် ၊ ဘာဖြစ်လို့ နောက်ကျနေတာလဲ…”


လော်ကျန်းယင်းက အခန်းထဲ ဝင်လာသည့် လင်ချင်းဟယ်ကို ကြည့်၍ ပြောလိုက်သည်။ မေးသာမေးလိုက်သော်လည်း လင်ချင်းဟယ်က တိကျသော အဖြေတစ်ခု ပေးလာလိမ့်မည်ဟု သူမ မထင်မိပေ။


“ ကျောင်းမှာ ကိစ္စတစ်ခု ရှိနေလို့…”


ထင်သည့်အတိုင်းပင် လင်ချင်းဟယ်က တိတိကျကျ အဖြေမပေးပါချေ။


လော်ကျန်းယင်း၏ စိတ်ထဲတွင် အခြားသော စိုးရိမ်စရာကိစ္စများ ရှိနေသောကြောင့် စိတ်သက်သာရာ ရမသွား။ သူမက ဝမ်းနည်းသည့်အမူအရာဖြင့် ပြောသည်။


“ လဲ့လဲ့က ကျောင်းကပြန်လာပြီးကတည်းက နေလို့မကောင်းဘူး။ ညစာလည်း မစားဘူး…”


ယန်သောလဲ့မှာ ငယ်စဉ်ကတည်းက နှလုံးမကောင်းသည့်အပြင် ပန်းနာရင်ကျပ်ရောဂါလည်း ရှိသည်။ တစ်နှစ်ပြီးတစ်နှစ် လော်ကျန်းယင်း၊ ဦးလေးဖုန်းနှင့် အဒေါ်ဖုန်းတို့က ယန်သောလဲ့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့ကြရသည်။ သူ လိုချင်သမျှ အရာအားလုံးကို ပေးနိုင်ရန်လည်း အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယန်သောလဲ့၏ ရောဂါနှင့်ပတ်သက်၍ ရှောင်ရှားရန် အလိုအပ်ဆုံးမှာ စိတ်ခံစားမှု လွန်ကဲခြင်းဖြစ်ကြောင်း ဆရာဝန်က ပြောထားသောကြောင့်ပင်။


“ကျွန်တော် သူ့ကို သွားကြည့်လိုက်မယ်…”


လင်ချင်းဟယ်က ကျောင်းလွယ်အိတ်ကို ဆိုဖာပေါ်တွင်ချရင်း ပြောလိုက်သည်။


ထိုအခါမှ လော်ကျန်းယင်းမှာ စိတ်သက်သာရာ ရသွားလေသည်။ ယန်သောလဲ့ကို လူတိုင်းက အလိုလိုက်ထားကြသော်လည်း လင်ချင်းဟယ် တစ်ယောက်တည်းကသာ သူ့ကို အလိုလိုက်လေ့ မရှိပေ။ ထို့ကြောင့် ယန်သောလဲ့က လင်ချင်းဟယ်ကိုသာ ကြောက်သည်။


“ စကားမစပ် ချင်းဟယ်… မင်း အခုထိ စာလေ့လာရင် အသံသွင်းတိတ်ခွေတွေသုံးနေတုန်းလား…မသုံးတော့ရင် ပစ်လိုက်ရတော့မလားလို့ အိမ်တော်ထိန်းက မေးနေလို့…”


လော်ကျန်းယင်းက လင်ချင်းဟယ်ကို မေးလာသည်။


မကြာသေးမီက လင်ချင်းဟယ်မှာ စတိုခန်းထဲမှ အသံသွင်းတိပ်ခွေအဟောင်းတစ်ခုကို ထုတ်ခဲ့ပြီး ညစာကြည့်တိုင်း ဖွင့်ထားလေ့ရှိခဲ့သည်။ တိပ်ခွေတစ်ခုကို အသံသွင်းနေခြင်းဖြစ်မည်။ သူက နေ့တိုင်း  နည်းနည်းချင်းသာ အသံသွင်းသောကြောင့် အသံသွင်းရန် အချိန်အတော်ကြာခဲ့သည်။ သူမမှာ ထိုအကြောင်း သိချင်နေသော်လည်း ထပ်မမေးဖြစ်ပေ။ လင်ချင်းဟယ်က ဤခေတ်ဟောင်းပစ္စည်းများကို ကြံကြံဖန်ဖန် စိတ်ဝင်စားနေပြန်ပြီဟုသာ သူမ တွေးလိုက်သည်။


“ လောလောဆယ်တော့ မပစ်သေးဘူး…”


လင်ချင်းဟယ်က အိမ်ထိန်း၏ တတိယအကြိမ်မြောက် ပြင်ပေးထားသည့် စားပွဲပေါ်မှ ညစာပန်းကန်ကို ကောက်မသွားပြီး ဒုတိယထပ်သို့ တက်သွားလေသည်။


______________