အပိုင်း ၁၇
Viewers 8k

The Moon Is Coming To Me

Chapter 17


ယန်သောလဲ့က အိပ်ရာအစွန်းတွင်ထိုင်၍ ဂိမ်းကစားနေသည်။ လင်ချင်းဟယ် ဝင်လာသည်ကိုမြင်လျှင် သူက ဖုန်းကို စောင်ပုံထဲ ထည့်ဝှက်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။


“ ချင်းဟယ်ကော…ဒီနေ့ ဘာလို့ နောက်ကျမှ ပြန်လာတာလဲ…”


လင်ချင်းဟယ်က သူ့ကို ပြန်မဖြေ။ ထို့အစား ကုတင်ဘေးတွင် စားပွဲကိုချလိုက်ပြီး ညစာပန်းကန်ကို တင်လိုက်သည်။


“ ထမင်းစားဦး…”


ယန်သောလဲ့က မျက်မှောင်ကြုတ်သည်။  “ ငါနေမကောင်းဖြစ်နေလို့ စားချင်စိတ်မရှိဘူး…”


သူ ပြန်မလာခင်ကလည်း လောင်ကျန်းယင်းက ထမင်းစားရန် အကြိမ်ပေါင်းများစွာ လာပြောခဲ့သည့်တိုင် မစားချင်ဟုသာ ဆိုနေသဖြင့် အဆုံး၌ လက်လျော့လိုက်သည်။


“ ဘာဖြစ်လို့ နေမကောင်းဖြစ်နေတာလဲ…” လင်ချင်းဟယ်က မေးလိုက်သည်။


ယန်သောလဲ့က ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလာ၏။ “ ငါ ယန်ကျန်းမင်ရဲ့ ရည်းစားအသစ်ကို ထပ်တွေ့ခဲ့တယ်၊ ငါ့ကို စိတ်ကျေနပ်အောင် လုပ်ဖို့နေမှာပေါ့ နေ့လယ်ခင်းတုန်းက ပစ္စည်းတစ်ခုပေးချင်လို့ဆိုပြီး ကျောင်းကိုရောက်ချလာတာ။ ချင်းဟယ်ကော၊  အဲ့ဒီမိန်းမက ငါ့အမေနဲ့ တော်တော် တူတယ်။ ငါ တကယ် အဖျားတက်ပြီး အန်ချင်သလိုပါ ခံစားလိုက်ရတယ်…”


လင်ချင်းဟယ်က သူ့ကို နှုတ်ဆိတ်လျက်သာ ကြည့်နေသည်။


လင်ချင်းဟယ်က ဖန်းဆွေ့အကြောင်းကို ဘယ်သောအခါမှ ပြောမည်မဟုတ်သည့်အပြင် ဖန်းဆွေ့ကို သဘောမကျမှန်းလည်း ယန်သောလဲ့ သိထားပေသည်။ သို့သည့်တိုင် သူ့စိတ်ထဲတွင် အဆင်မပြေဖြစ်နေဆဲမို့ စိတ်ထွက်ပေါက်ရှာချင်သည်။


“အခု အမေနဲ့ တူတဲ့လူတွေကို တွေ့နေရတော့ စိတ်ထဲသိပ်အဆင်မပြေလှဘူး။ မင်း သိလား…ငါ ထောင်ရှီးကို ပထမဆုံးစတွေ့တော့ အမေနဲ့ ဒီလောက်တူတဲ့ လူတစ်ယောက် ရှိနေပါလားလို့တောင် တွေးမိသွားတယ်။ အထူးသဖြင့် မျက်လုံးတွေက အရမ်းကိုတူတာပဲ။  ရုတ်တရက်ကြီး ဟိုအရင်တုန်းက ငါမက်ဖူးတဲ့ အိပ်မက်ကို သွားသတိရတယ်။ အိပ်မက်ထဲမှာ ငါကအမေ့ရဲ့ သားမဟုတ်ဘူးတဲ့.. ပြီးတော့ အားလုံးက ငါ့ကို ထားသွားကြတယ်…”


အဆုံးတွင် ယန်သောလဲ့၏ မျက်လုံးများက အနည်းငယ် နီမြန်းလာသည်။ အဘိုးအဘွားများနှင့် လော်မားမားက သူ့ရှေ့တွင် အမေ့အကြောင်း ပြောခဲသဖြင့် သူက ဖန်းဆွေ့နှင့်မတူသည့်အတွက် မည်မျှ စိတ်ပျက်နေကြမည်ကို သူမသိရပေ။ ဖန်းဆွေ့နှင့်မတူရုံသာမက ဖန်းဆွေ့ကဲ့သို့ ပန်းချီဆွဲခြင်းနှင့် စာရေးခြင်းတွင် ပါရမီ ပါမလာချေ။


သူလည်း ပန်းချီပညာကို တတ်မြောက်အောင် ကြိုးစားကြည့်ချင်သည်။ ကလေးဘဝက သူ့အိပ်မက်ကို ဆရာမက မေးသည့်အခါတိုင်း သူ့အမေကဲ့သို့ ပန်းချီဆရာမတစ်ယောက် ဖြစ်ချင်သည်ဟုသာ အမြဲတမ်း ဖြေခဲ့သည်။


သို့သော် သူ့ထံတွင် ပါရမီပါမလာသည့်အတွက် နောက်ပိုင်းတွင် ဒေါသတကြီးနှင့် ပန်းချီဆွဲခြင်းကို ရပ်တန့်လိုက်သည်။ မည်သူမှ သူ့ကို အပြစ်မတင်ခဲ့ကြဘဲ ချော့မော့ပေးခဲ့ကြသည်။


သို့တိုင် သူ့စိတ်ထဲအဆင်မပြေ ဖြစ်နေဆဲပင်။


ယန်သောလဲ့က လင်ချင်းဟယ်ကို မော့ကြည့်လိုက်ပြီး ပြော၏။


“ချင်းဟယ်ကော၊ မင်း ထောင်ရှီးနဲ့ စကားပြောနေတာကို မြင်တိုင်း အဲ့ဒီအိပ်မက်ကို ပြန်တွေးမိပြီး စိတ်ထဲအဆင်မပြေ ဖြစ်လာတယ်…”


လင်ချင်းဟယ်က သူ့ကို နှစ်သိမ့်ပေးရန် တစ်ခုခုပြောလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း လင်ချင်းဟယ်၏ တည်ငြိမ်စွာ ပြန်ဖြေလာသံကိုသာ ကြားလိုက်ရသည်။


“ မင်းကိုယ်မင်း စိတ်အဆင်မပြေ ဖြစ်အောင် မနေနဲ့…ပြီးတော့ အိပ်မက်လေး တစ်ခုကြောင့်နဲ့ မင်းကို ဘာမှ ထိခိုက်အောင် မလုပ်တဲ့လူတစ်ယောက်ကို ရန်ငြိုးမထားနဲ့…”


ယန်သောလဲ့ အံ့ဩသွားသည်။ သူ လွန်စွာဝမ်းနည်းသွားရသော်လည်း လင်ချင်းဟယ်က တုံဏှိဘာဝေ နေမြဲနေဆဲပင်။ သူက ဒေါသတကြီးဖြင့် စားပွဲပေါ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပန်းကန်ပြားပေါ်ရှိ တူများက လှိမ့်ကျသွားသည်။ ထို့နောက် ကျယ်လောင်စွာ အော်ပြောလိုက်၏။


“ထောင်ရှီးက ငါ့ကို အရင် ရန်လိုနေတယ်ဆိုတာ သိသာနေတာပဲလေ။ ချင်းဟယ်ကော၊ ငါတို့က  ငယ်ငယ်တည်းက အတူတူ ကြီးပြင်းလာခဲ့ကြတာပါ၊ မင်း သူနဲ့သိတာ ရက်ပိုင်းလောက်ပဲ ရှိသေးတာတောင် သူ့ဘက်က လိုက်ပြောပေးနေပြီ…”


ထောင်ရှီးကို အဘယ်ကြောင့် ဤမျှ သတိကြီးကြီးထားမိနေသလဲကို သူ မသိပေ။ ဤလူက သူ့ကို  အန္တရာယ်ပြုလာတော့မည့်ပမာ မိမိကိုယ်မိမိကာကွယ်သည့် အလိုအလျောက် တုံ့ပြန်မှုဖြစ်ပုံရသည်။


ထောင်ရှီးကို လင်ချင်းဟယ် ဆက်ဆံသည့်ပုံစံမှာ အခြားသူများနှင့် အနည်းငယ် ကွာခြားနေသည်။ ၎င်းက အဘယ်ကြောင့်ရယ်မသိ သူ့အား ပူပန်ကြောက်လန့်စေပြီး လင်ချင်းဟယ်ကို သူ့ထံမှ ဆွဲထုတ်သွားတော့မည်ပမာ ခံစားရ၏။


လင်ချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့လေသံမှာ ရုတ်တရက် ခက်ထန်လာသည်။


“ ယန်သောလဲ့ ”


ယန်သောလဲ့ တုန်လှုပ်သွားသည်။ လင်ချင်းဟယ်က သူ့နာမည်အပြည့်အစုံကို အမှန်တကယ် ဒေါသထွက်မှသာ ခေါ်တတ်သည်။


ဒေါသထွက်နေသည့် လင်ချင်းဟယ်ကို သူ ကြောက်သည်။


သို့နှင့် ယန်သောလဲ့မှာ ခေါင်းငုံ့ချလိုက်ကာ နေရခက်စွာဖြင့် ပါးစပ်ကိုပိတ်ထားလိုက်တော့သည်။


“ ထမင်းအရင်စားလိုက်။ မင်း ငယ်တော့တာမဟုတ်ဘူး… မင်း အမေကလည်း မင်းကို ဒီလိုမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး…”


လင်ချင်းဟယ်က ညစာပန်းကန်ထဲမှ တူကိုကောက်၍ ယန်သောလဲ့ကို လှမ်းပေးလိုက်သည်။ ယန်သောလဲ့၏ ဒေါသကို ကိုင်တွယ်ဖြေရှင်းရသည့်အခါတိုင်း သူ့အမေဖြစ်သူ ဖန်းဆွေ့၏ နာမည်ကို ပြောလိုက်သည်နှင့် ယန်သောလဲ့က ပိုနာခံမှုရှိလာတတ်သည်။


ယန်သောလဲ့က စကားတစ်ခွန်းမှမဆိုဘဲ လင်းချင်းဟယ်၏ လက်ထဲမှတူကို လှမ်းယူလိုက်ပြီး ခေါင်းငုံ့ကာ စားနေတော့သည်။


သူက ဇွတ်တရွတ်နိုင်သော်လည်း အသက်ပေးကာ သူ့ကို မွေးဖွားပေးခဲ့သည့် အမေကိုတော့ စိတ်ပျက်အောင်မလုပ်ချင်ပေ။


လင်ချင်းဟယ်က သူ တစ်လုတ်၊ နှစ်လုတ်စားနေသည်ကို ကြည့်ပြီးနောက် အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။  အပြင်ဘက်တွင် တိတ်တိတ်ကလေး ရပ်နားထောင်နေသည့် လော်ကျန်းယင်းမှာ ယန်သောလဲ့ ထမင်းစားနေသည်ကိုတွေ့ရမှ စိတ်သက်သာရာ ရသွားလေ၏။


သားအမိနှစ်ယောက် ယန်သောလဲ့၏ အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။ ဧည့်ခန်းထဲသို့ ရောက်သောအခါ လော်ကျန်းယင်းက မေး၏။


“ ထောင်ရှီးနဲ့ လဲ့လဲ့က ဘာဖြစ်ထားတာလဲ…လဲ့လဲ့က ဘာလို့ သူ့ကို အရမ်းမုန်းနေတာလဲ…”


သူမက နားစွန်နားဖျားသာကြားလိုက်ရပြီး အစောပိုင်းက ယန်သောလဲ့၏စကားများကို မကြားလိုက်ရပေ။


လော်ကျန်းယင်း ခိုးနားထောင်နေမှန်း လင်ချင်းဟယ်က သိနေသောကြောင့် ဝတ်ကျေတန်းကျေသာ ပြန်ဖြေလိုက်သည်။


“ဘာမှမဟုတ်ပါဘူး…”


ထို့နောက် သူက ခဏစကားရပ်လိုက်ပြီး ပိုမိုတည်ငြိမ်သောလေသံဖြင့်  “ဒီအရွယ်ကြီး ရောက်တဲ့အထိ သူ့ကို အလိုပဲလိုက်ထားတော့မှာလား…”


သူ့မျက်စိရှေ့မှလွဲ၍ ယန်သောလဲ့က ဆန္ဒရှိသမျှအားလုံးကို လုပ်ချင်သလိုလုပ်နေပြီး မိသားစုကလည်း သူ ဒေါသထွက်တိုင်း အပြန်ပြန်အလှန်လှန် ချော့မော့၍သာ နေသည်။


လော်ကျန်းယင်းမှာ အံ့အားသင့်သွားပြီး သက်ပြင်းချမိပြန်သည်။


“ သူက ကျန်းမာရေးမကောင်းဘူး… ငယ်ငယ်လေးတည်းက အမေကိုဆုံးရှုံးထားရတာ… အဖေဆိုတာလည်း သူ့မှာ မရှိရင် ပိုတောင် ကောင်းဦးမယ်… မားတို့တွေ သူ့ကို ပိုချစ်ပေးပြီး နည်းနည်းလေး ပိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်လေ…”


လင်ချင်းဟယ်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးနေသည့် ထိုစကားများကို နားမထောင်ချင်တော့သဖြင့် မျက်မှောင်သာကြုတ်လိုက်သည်။


……………….


ညအိပ်ရာမဝင်ခင်တွင် ထောင်ရှီးမှာ လင်ချင်းဟယ်ကို မည်သည့်အကူအညီမျိုးများ ပေးရမည်လဲဟု အတွေးများနေသော်လည်း စဉ်းစားကြည့်လေ အသုံးမဝင်သလိုပင် ခံစားလိုက်ရသည်။


လင်ချင်းဟယ်ထံ၌ အရာအားလုံး ပိုင်ဆိုင်ထားပြီး သူ့ထံတွင် အရာအားလုံး ချို့တဲ့နေသည်။


ဤအကြောင်းကို နားလည်သည့် လူတစ်ယောက်အား မေးကြည့်သင့်သည်ဟု သူ ထင်မိ၏။


နောက်တစ်နေ့တွင် အတန်းထဲ၌ ထိုင်ခုံတစ်လုံး လစ်လပ်နေခဲ့သည်။ ကျန်းရှင်းယွင်မှာ မဖော်ပြလိုသော ကိစ္စတစ်ချို့ကြောင့် ကျောင်းပြောင်းသွားပုံရပြီး ချန်ယာ့ချွင်နှင့် ကျန်းမုန့်ထုံတို့ကိုမူ ကျောင်းမှအကြီးအကဲများက ဆူငေါက်ပြီး အပြစ်ပေးလိုက်ကြောင်း အခြားလူများ ပြောသည့်အခါမှသာ ထောင်ရှီး သိလိုက်ရတော့သည်။


စင်စစ်တွင် ထိုသုံးယောက်မှာ ယမန်နေ့က တောင်းပန်ခဲ့သော်လည်း ထောင်ရှီးက လက်မခံခဲ့ချေ။


သူက အစွဲကြီးတတ်သူတစ်ယောက် မဟုတ်ပေ။


ထောင်ရှီးက စိတ်ထဲပင်မရှိဘဲ သူ့မျက်လုံးထဲတွင် စာလေ့လာရန်နှင့် လင်ချင်းဟယ်အကြောင်းသာ ရှိသည်။ ထိုနှစ်ခုအနက် လင်ချင်းဟယ်က စာလေ့လာခြင်းထက် ပိုအရေးကြီးသည်။


“ရေဖြည့်ပေးရဦးမလား…”


မနက်ပိုင်း ခေတ္တနားချိန်တွင် ထောင်ရှီးက လင်ချင်းဟယ်၏ ရေတစ်ဝက်သာကျန်တော့သည့် ရေဘူးကိုလှမ်းကြည့်လိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်သည်။


“ မလိုဘူး…”


“သြော့ …”


ထောင်ရှီးက လင်ချင်းဟယ်၏ ရေဘူးကို ကောက်ကိုင်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ သောက်ရေခန်းဆီသို့ ထွက်သွားလေသည်။


လင်ချင်းဟယ်က တစ်ခါတစ်ရံတွင် ဆန္ဒမရှိသောကြောင့် မဟုတ်ဘဲ ထုံးစံအတိုင်း အကျင့်ပါနေ၍ ငြင်းနေခြင်းသာဖြစ်ကြောင်း သူ သိခဲ့ရသည်။


ထောင်ရှီးက လင်ချင်းဟယ်၏ ရေဘူးကို ဖြည့်ပေးပြီးနောက် ထိုင်ခုံသို့ပြန်လာကာ ရေဘူးကို လင်ချင်းဟယ်၏ စားပွဲပေါ်တင်ပေးလိုက်ရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။


“ရပါတယ်…”


“….…”


လင်ချင်းဟယ်က ခေါင်းသာငုံ့နေပြီး နောက်စာမျက်နှာတစ်ရွက်ကို လှန်လိုက်သည်။


ထောင်ရှီးမှာ လင်ချင်းဟယ်ကို ကြည့်ရင်း အတွေးရေယာဉ်ထဲ နစ်မျောသွားပြန်သည်။


သူက ရေခပ်ပေးတဲ့လူတစ်ယောက်သာသာပဲလား…တခြားနေရာမှာရော အသုံးမဝင်တော့ဘူးလား…


သူ့အတွက် အတန်းထဲတွင် လင်ချင်းဟယ်နှင့် စကားပြောနိုင်ရန် မလွယ်ကူပေ။ အတန်းဆင်းသည့်အခါလည်း လင်ချင်းဟယ်နှင့် ခပ်ခွာခွာ နေရပြန်သည်။ ပြောစရာပင်မလိုအောင် စိတ်ကုန်စရာ ယန်သောလဲ့က လင်ချင်းဟယ်၏ဘေးတွင် တစ်ချိန်လုံးရှိနေသောကြောင့်ဖြစ်၏။


စာကူလုပ်ပေးဖို့လား…။ သူကိုယ်တိုင်ကိုတောင် လင်ချင်းဟယ်ရဲ့ သင်ပြပေးမှုကို လိုအပ်နေသေးတာ…


အသက်ရှင်ရေးလား….။ သူကိုယ်တိုင်တောင် ဆင်းရဲတွင်းက ရုန်းထွက်နိုင်အောင် ကြိုးစားနေရတာ…


ထောင်ရှီးက လက်မောင်းပေါ်ခေါင်းလေးတင်၍ လင်ချင်းဟယ်၏ဘေးတိုက်ပုံရိပ်လေးကို စောင်းငဲ့ကာ ကြည့်နေမိသည်။ အချိန်အတော်ကြာ စဉ်းစားပြီးသည်အထိ လင်ချင်းဟယ်အတွက် သူဘာလုပ်ပေးနိုင်တာရှိလဲကို တွေးမရသေးပါချေ။


တစ်ယောက်ယောက်ကို မေးကြည့်ရန်သာ သူ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့အကြည့်များကို ပြန်ရုတ်သိမ်းခါနီးတွင် လင်ချင်းဟယ်၏နားရွက်ဖျားများက အနည်းငယ် နီမြန်းနေကြောင်း ရုတ်တရက် သတိထားမိသွားသည်။


စက်တင်ဘာလ၏ ရာသီဥတုမှာ အမှန်တကယ် ပူပြင်းသော်လည်း စာသင်ခန်းထဲတွင် လေအေးပေးစက်ဖွင့်ထားပေသည်။


ထောင်ရှီးက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကိုယ်ချင်းစာစွာ အမေးစကားဆိုလိုက်သည်။


“ငါ လေအေးပေးစက်ကို နည်းနည်းလောက် လျှော့ပေးရဦးမလား… မင်းကို ကြည့်ရတာ ပူနေတဲ့ပုံပဲ…”


အကျိုးဆက်အနေနှင့် လင်ချင်းဟယ်က ဘာစကားမှပြန်မပြောလာဘဲ မတ်တပ်ထရပ်လိုက်ပြီး စာသင်ခန်းအပြင်ဘက်သို့ ထွက်သွားလေသည်။


ထောင်ရှီးမှာ ကြောင်တောင်တောင်ဖြစ်သွားပြီး လင်ချင်းဟယ် ဘာဖြစ်သွားသလဲဟု အံ့အားသင့်နေမိသည်။


အသိပညာ သိုမှီးစုဆောင်းရန် အလွန်တက်ကြွနေစဉ် ပထမဦးဆုံး သတိရမိသည့်လူက အရင်းနှီးဆုံးဖြစ်သည့် ပိချန်ဖေးကိုပင်။


“လူတစ်ယောက်အပေါ် ဘယ်လိုကောင်းပေးရမလဲ…။ ဒါက လွယ်တော့ မလွယ်ဘူး။ သူ့ကို အင်္ဂလိပ်စာ အိမ်စာတွေ ကူလုပ်ပေးရမယ်၊ နွေရာသီဆို သူ့ကို ရေခဲမု့န် ဝယ်ကျွေးရမယ်။ ဆောင်းရာသီဆို နို့လက်ဖက်ရည် ပူပူလေး တစ်ခွက်လောက် ဝယ်တိုက်ရမယ်။ သူပျော်အောင် ဘတ်စကတ်ဘော ကစားပြရမယ်။ ပြီးတော့ သူ နေမကောင်းတဲ့အခါ ရေနွေးလေးတစ်ခွက်လောက် တိုက်ပေးရမယ်…”


ပိချန်ဖေးက ကျင်းကျင်းကို ပိုးပန်းခဲ့စဉ်က အတွေ့အကြုံများကို ပြန်သင်ပေးနေသည်။ ထိုနည်းလမ်းများနှင့် လိုက်ခဲ့စဉ်က မအောင်မြင်ခဲ့သည်ကိုပင် မေ့နေပုံရသည်။


ပိချန်ဖေးကိုမှ သွားမေးရအောင်ထိ သူ့ဦးနှောက်က တစ်ခန်းလွတ်သွားတာပဲ ဖြစ်ရမည်ဟု ထောင်ရှီး တွေးလိုက်လေသည်။


တနင်္ဂနွေနေ့ ကလပ်လှုပ်ရှားမှုများအပြီးတွင် ထောင်ရှီးက ပန်းချီကိရိယာများထုတ်ပိုးပြီး အတန်းဆင်းရန် ပြင်နေစဉ် ချောင်ယီထန်က သူ့ကို လှမ်းတားလိုက်သည်။


“ရွှယ်တိ ၊ နေ့လယ်စာ တူတူ စားရအောင်လေ…”


ထောင်ရှီးမှာ ချောင်ယီထန်၏ ခပ်ပြုံးပြုံးမျက်နှာကို ကြည့်ရင်း သူ့စိတ်ထဲတွင် ထူးဆန်းသော အတွေးများ ထပ်မံပေါ်ပေါက်လာပြန်သည်။ ဆေးကျောင်းသားတစ်ယောက်က သုသေသနပြုလုပ်ရန်အတွက် ကြွက်ဖြူလေးတစ်ကောင်ကို ကြည့်နေသည့်ပမာ ချောင်ယီထန်က သူ့အား အမြဲကြည့်နေသည်ဟု သူ ခံစားရသည်။


လင်ချင်းဟယ်ကို ပေးခဲ့သည့် သုံးသပ်စာစောင်ကို ပြန်သတိရမိသည့်အခါ သူ ချက်ချင်းပင် ငြင်းလိုက်သည်။


“ ကျွန်တော်က နေ့လယ်စာကို ဖြစ်သလိုပဲ စားတာ။ ရွှယ်ကျဲနဲ့ အသားကျမယ်မထင်ဘူး…”


ချောင်ယီထန်က ဇွဲမလျော့ဘဲ တယဉ်တကျေးနှင့် ပြောလာသည်။


“အစ်မလည်း ဖြစ်သလိုပဲ စားဖြစ်တာ။  တကယ်လို့ မင်း ခေါက်ဆွဲစားချင်ရင် အစ်မလည်း လိုက်စားလို့ရတယ်လေ။ စိတ်မပူပါနဲ့… ဒါက အစ်မတို့ကလပ်ရဲ့ ဥက္ကဌနဲ့ အသင်းသားတွေအချင်းချင်း ရင်းရင်းနှီးနှီး စကားလက်ဆုံပြောကြတဲ့ အစဉ်အလာတစ်ခုပါပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ကလပ်ရဲ့ညစာစားပွဲကို မင်း မရောက်လာခဲ့ဘူးလေ…အဲ့ဒါကြောင့် အစ်မက မင်းအတွက် ပြန်စီစဉ်ပေးတာ…”


ထောင်ရှီးမှာ တုံ့ဆိုင်းနေဆဲ ဖြစ်သော်လည်း ချောင်ယီထန်၏ မိမိကိုယ်ကိုယ် ကြော်ငြာနေမှုများကို နားထောင်လိုက်သည့်အခါ -


“ မင်း နားမလည်တာ ဘာပဲရှိရှိ အစ်မကို မေးလို့ရတယ်။ စာအကြောင်း၊ ဘဝအကြောင်း၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေအကြောင်းပါ မေးလို့ရတယ်နော်။ အဲ့လိုမေးခွန်းတွေအားလုံးမေးရင် အစ်မက ကျေကျေနပ်နပ်ကြီးကို ဖြေပေးမှာ…”


ထောင်ရှီး စိတ်ဝင်စားသွားသည်။


သူ့တွင် အလွန်အရေးကြီးသည့် မေးခွန်းများ ရှိနေပြီး ချောင်ယီထန်က သူနှင့်အတန်းမတူသောကြောင့် စိတ်ချလက်ချလည်းရှိနိုင်သည်။


ဈေးသက်သာသည့် လမ်းဘေးခေါက်ဆွဲဆိုင်တစ်ဆိုင်၌ ၊ ချောင်ယီထန်က သူမအကြောင်း အနည်းငယ် မိတ်ဆက်ပေးပြီးနောက် တူနှစ်ချောင်းကို ချလိုက်ကာ လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ ထို့နောက် သူမက လက်ချောင်းများကို ရေတွက်ရင်း အေးအေးဆေးဆေးပင် ပြောလာလေသည်။


“ ဒီမေးခွန်းအတွက် မင်း လူမှန်ကို ရှာတွေ့လိုက်တာပဲ။ အစ်မက မူလတန်းကျောင်းကတည်းက ရည်းစားဆယ်ယောက်လောက် ထားဖူးတယ်။ အစ်မရဲ့ လက်ရှိကောင်လေးက ဝမ်းဟွာဆေးတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတာလေ…”


ထောင်ရှီးမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူက လူတစ်ယောက်ကို ဘယ်လိုကောင်းပေးရမလဲလို့ပဲ မေးလိုက်တာပါ။ ချောင်ယီထန်နဲ့ သူ့ရည်းစားက ဘာဆိုင်လို့ပါလာတာလဲ….


ထောင်ရှီး၏ ကြောင်တာင်တောင်ဖြစ်နေပုံကိုမြင်လျှင် ချောင်ယီထန်မှာ ဤကောင်လေးက တစ်ခါမှမချစ်ဖူးမှန်းသိလိုက်ပြီး ပြောလိုက်သည်။


“ မင်းမှာ ကြိုက်နေတဲ့လူ ရှိနေပြီပေါ့၊ မင်းသူ့ကို လိုက်ချင်လား…”


ထောင်ရှီးမှာ ထိတ်လန့်တကြီးဖြစ်သွားတော့၏။


မှန်သည်ပင်။ သူ လင်ချင်းဟယ်ကို ကြိုက်သောကြောင့် ချင်းရွှေခရိုင်မှ ဤနေရာထိ ရောက်နေရခြင်း ဖြစ်သည်။


“ ဟုတ်တယ်၊ ကျွန်တော် လူတစ်‌ယောက်ကို လိုချင်တယ်…”


ထောင်ရှီး၏ လေသံမှာ တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းများက ခိုင်ကြည်နေသည်။


ချောင်ယီထန်မှာ ကိုင်ထားသော တူနှစ်ချောင်းပင် ပန်းကန်ထဲသို့ လွှတ်ချမိသွား၏။ သူမ ထောင်ရှီးကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး နားကြားမှားသလားဟုပင် ထင်မိသွားသည်။


လူတစ်ယောက်ကို လိုချင်သည်။ ဤစကားကို မည်သို့ပင် နားထောင်ကြည့်ပါစေ…..အနည်းငယ်မျှ တစ်တစ်ခွခွနိုင်နေပြီး ညစ်ညမ်းသည်ဟုပင် ထင်ရနိုင်၏။ သို့တိုင် ထိုကဲ့သို့ စကားမျိုးပြေလာသူက “လူတစ်ယောက်ကို ဘယ်လိုကောင်းပေးရမလဲ” ဟူသော တုံးတုံးအအ မေးခွန်းမျိုးကို ဖြူစင်သည့်မျက်နှာလေးဖြင့် မေးနေသည်။


ချောင်ယီထန်က တွေးတွေးဆဆနှင့် ပြန်မေးလိုက်သည်။


“သူက ဘယ်လိုလူမျိုးလဲ…”


ထောင်ရှီးမှာ ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း မျက်လုံးများ ဝင်းလက်သွားသည်။


“သူက အရမ်းတော်တယ်။ အဆင့်တွေလည်း အရမ်းကောင်းတယ်။ လူတွေအပေါ်လည်း ကောင်းပေးတယ်၊ ကြင်နာတတ်တယ် ပြီးတော့ တရားမျှတမှုလည်း ရှိတယ်။ ဒီလောကကြီးထဲမှာ သူ့လောက်ကောင်းတဲ့လူ မရှိတော့ဘူး…”


ချောင်ယီထန်မှာ ထောင်ရှီး၏ မျက်လုံးတောက်တောက်များကို ငေးကြည့်နေမိသည်။ ဤကဲ့သို့သော ရူးရူးမူးမူးအချစ်က ချစ်ရသူကို နှလုံးသား၏ထိပ်ဆုံးတွင်ထားကာ အရာအားလုံးကို ပေးဆပ်လိုခြင်းဖြစ်၏။ သူမ၏ရည်းစားဟောင်း ဆယ်ယောက်လုံးထံမှ တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးသည့်အရာလည်း ဖြစ်သည်။ သူမ မနေနိုင်စွာ မကြည်မသာနှင့် ပြောလိုက်သည်။


“ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး…”


“ ဟင့်အင်း… သူက ပြီးပြည့်စုံတဲ့ လူတစ်ယောက်ပဲ…” ထောင်ရှီးက ပြန်လည်ချေပလိုက်သည်။


ချောင်ယီထန်က ခေါင်းတစ်ချက် ဟန့်လိုက်ပြီး ဆက်ဆိုသည်။


“ဒါဆို အဲ့လိုလူတစ်ယောက်ကို လိုက်ရတာ အရမ်းကို ခက်ခဲမှာပဲ။ သူက မင်းပြောသလိုကောင်းတဲ့လူဆိုရင် သူ့ကိုကြိုက်တဲ့လူတွေ အများကြီးရှိမှာပေါ့…”


ထောင်ရှီး၏ တောက်ပနေသည့် မျက်လုံးများက မှိန်ဖျော့သွားသည်။


“ ဟုတ်တယ်။ သူ့စရိုက်က အေးတိအေးစက်နဲ့ စကားပြောရတာလည်း မကြိုက်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် သူနဲ့ဘယ်လို ရင်းနှီးအောင် လုပ်ရမလဲ မသိတာ…”


ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ စကားခဏရပ်သွားပြီး အသံကမူ ပို၍ပင်တိုးဖျော့သွားလေသည်။


“ ပြီးတော့ သူ့မှာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိတယ်…”


ချောင်ယီထန်က အံ့ဩသွား၏။


“ မင်း သူ့ကို လိုက်မှာနဲ့ သူ့မှာ သူငယ်ချင်းကောင်းတစ်ယောက် ရှိတာနဲ့က ဘာဆိုင်လို့လဲ…”


ထောင်ရှီးမှာ ကြက်သေသေသွားသည် ။ ဤကိစ္စအား ချောင်ယီထန်ကို ရှင်းပြရန်မှာ သူ့အတွက် ခက်ခဲလှသဖြင့် အရှင်းဆုံးနည်းဖြင့်သာ ပြောပြလိုက်သည်။


“သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းလွန်းတော့ ကျွန်တော် အဲ့ဒီသူငယ်ချင်းကို မနာလို ဖြစ်မိတယ်…”


ချောင်ယီထန်မှာ ဒုတိယမ္ပိ ထပ်မံအံ့ဩရပြန်သည်။ ချစ်သူနှင့် အချစ်ဆုံးသူငယ်ချင်းကို အဘယ်ကြောင့် မနာလို ဖြစ်ရပါမည်နည်း။


သူမက ခဏကြာ စဉ်းစားနေပြီးမှ ပြောလိုက်သည်။


“ ဘာလို့ မနာလိုဖြစ်စရာ လိုမှာလဲ… လူတစ်ယောက်ကို သဘောကျရင် သူ့ကို ချစ်ချင်တယ်။ နမ်းချင်တယ်။ အချစ်ကိစ္စတွေလုပ်ချင်တယ်…နောက်ဆုံး သူနဲ့ လက်ထပ်ချင်မှာပဲ။ ဒါပေမဲ့ သူငယ်ချင်းကတော့ သူငယ်ချင်းပဲလေ။ မင်းတို့ တကယ် အတူတူရှိကြပြီဆိုရင် သူ့ကို မင်းတစ်ယောက်တည်းပဲ ပိုင်ဆိုင်လိမ့်မယ်။ ပြီးတော့ ဘယ်လောက်ပဲ သူငယ်ချင်းကောင်းဖြစ်ပါစေ မင်းတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးထဲကို ဝင်နိုင်မှာ မဟုတ်ဘူး…”


ထောင်ရှီးမှာ လုံးဝဥသုံ အံ့ဩတုန်လှုပ်သွားရတော့၏။


ချစ်ခြင်း၊ နမ်းခြင်း၊ အချစ်ကိစ္စပြုလုပ်ခြင်း၊ လက်ထပ်ခြင်း…


ယင်းတို့ကို သူ ဘယ်သောအခါမှ မတွေးခဲ့ဖူးပေ။ ဤကိစ္စများ၏ ဦးတည်ရာမှာ လင်ချင်းဟယ်ဖြစ်နေသောကြောင့် မတွေးရဲခဲ့ခြင်းပင်။


သူက လင်ချင်းဟယ်၏ကမ္ဘာကို ဝင်ရောက်လိုသည့်စိတ်၊ လင်ချင်းဟယ်၏ဘေးတွင် တန်းတူရပ်တည်လိုသည့်စိတ်ဖြင့်သာ လင်ချင်းဟယ်ထံ အပြေးလာခဲ့ခြင်းဖြစ်သည်။


သို့သည့်တိုင် လင်ချင်းဟယ်ကို ပိုင်ဆိုင်ခွင့်ရလိမ့်မည်ဟု အတွေးနှင့်ပင် မတွေးဖူးပေ။


လင်ချင်းဟယ်ကို သူတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရှိပါ့မလား…


ထိုအကြောင်းကို ခေတ္တခဏကြာ စဉ်းစားနေရင်း ထောင်ရှီးမှာ လူတစ်ကိုယ်လုံး လွင့်မျောပြီး ကမ္ဘာကြီးတစ်ခုလုံး လင်းလက်သွားသည်။


ရုတ်တရက် သူနှင့် လင်ချင်းဟယ်က ထိုကိစ္စများကို လုပ်ဆောင်နေသည်ဟု စိတ်ကူးယဉ်ကြည့်မိသည်။ တစ်ခဏကြာသော် ထို့ထက်ပို၍ ဆက်မတွေးရဲတော့ချေ။ သူ့မျက်နှာတစ်ခုလုံး နီရဲတောက်လာတော့သည်။


ချောင်ယီထန်က ကောင်လေး၏ နီမြန်းနေသော ပါးပြင်နှစ်ဖက်နှင့် စိုလဲ့လဲ့မျက်ဝန်းများကို ရွှင်မြူးစွာကြည့်ရင်း ဘယ်ကံကောင်းသည့်မိန်းကလေးက ဤကောင်ချောလေးကို ကြွေသွားအောင် လုပ်လိုက်သနည်းဟု သိချင်လာသည်။  သူမက လူငယ်ဘဝ၏ လောကဓံတရားကို ကိုယ်ချင်းစာမိသလို သက်ပြင်းတချချနှင့် ဆိုလာ၏။


“ မင်း နားလည်ပြီဆိုရင် အစ်မပြောတာ နားထောင်။ သူ့ကို ဘယ်လို လိုက်ရမလဲဆိုတာ အစ်မ သင်ပေးမယ်…”


ထိုနေ့တွင် ထောင်ရှီးမှာ ခေါက်ဆွဲဆိုင်လေးထဲ၌ အများအပြား သင်ယူလိုက်ရပြီး ရည်မှန်းချက်ကြီးတစ်ခု ချလိုက်သည်။


သူ လင်ချင်းဟယ် ပိုးပန်းချင်ပြီး လင်ချင်းဟယ်နှင့် ချစ်သူဖြစ်ချင်သည်။

ပထမဦးစွာ ချောင်ယီထန် ပြောသည့်အတိုင်းWeChat ကို ဒေါင်းလုပ်ဒ်ဆွဲရန်အတွက် ဖုန်းတစ်လုံး ဝယ်ရန် လိုအပ်သည်။


ချောင်ယီထန်မှာလည်း ယနေ့စကားဝိုင်းလေးကို အလွန်စိတ်ကျေနပ်မိသည်။ သူမက ဖုန်းထဲမှWeChat နှိပ်ဖွင့်လိုက်ပြီး စာတစ်ချို့ ရိုက်ထည့်လိုက်သည်။


“ နင့်ရဲ့ ထိုင်ခုံဖော်လေးမှာ ကြိုက်နေတဲ့သူ ရှိတယ်တဲ့။ အဆင့်ကောင်းပြီး အေးတိအေးစက်နဲ့ စကားနည်းတဲ့ပုံစံတဲ့။ နင်တို့အတန်းထဲမှာ အဲ့လိုမိန်းကလေးမျိုး ရှိလား…”


______________