ဖုကျန်းမှာ ဘာလုပ်လို့လုပ်ရမည် မသိတော့သောကြောင့် ကျန်းဟန်ရှုကို အကူအညီတောင်းရန် လှည့်ကြည့်လိုက်သည်။
ကျန်းဟန်ရှုနှင့် စုန့်ယီဇဲတို့က ဆိုဖာပေါ်တွင် မလှုပ်မယှက်ထိုင်နေရင်း သူ့ကို ညင်ညင်သာသာ ကြည့်နေကြသည်။ နှုတ်ခမ်းထောင့်စွန်းတွင်လည်း အပြုံးများက တွဲလွဲခိုနေသည်။
ဝမ်ထုန်တစ်ယောက် အန်ချလုနီးပါးဖြစ်သည်အထိ ပျို့အန်နေသည်။ ဖုကျန်း သူတကယ်အန်ချလိုက်မည်ကို စိုးရိမ်သဖြင့် သန့်စင်ခန်းသို့ အမြန်တွဲခေါ်သွားသည်။
ဖုကျန်း အပြင်ထွက်သွားသည်ကို အခွင့်ကောင်းယူကာ စုန့်ယီဇဲသည် ကျန်းဟန်ရှုနား ချဉ်းကပ်လာပြီး မေးလိုက်သည်။
"...သူနဲ့ တကယ်ကို အတူရှိချင်တာလား...."
ကျန်းဟန်ရှု. စကားမပြောဘဲ အကြည့်တစ်ချက်သာ ပေးလိုက်သည်။
"...မင်းမိဘတွေက သဘောတူပါ့မလား...."
စုန့်ယီဇဲက ရပ်လိုက်ပြီးမှ ပါးစပ်ကိုဟကာ ကျန်းဟန်ရှုကို ဆက်ပြောလိုက်သည်။
"...ငါထင်တယ် မင်းယောကျာ်းတစ်ယောက်ကို အိမ်ခေါ်လာမယ်လို့ သူတို့တွေ တွေးထားမှာမဟုတ်ဘူး..."
ယောက်ျားနဲ့မိန်းမကြား ဘာကွာခြားလို့လဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် အပြန်အလှန် အထောက်အပံ့ပေးကြတယ်ဆိုရင် သူတို့က အကောင်းဆုံးလက်တွဲဖော်ပဲလေ။
မိဘတွေက ကလေးမွေးတယ်ဆိုတာ သူတို့ရဲ့ မျိုးဆက်တွေကို ဆက်ပြီး မွေးထုတ်ပေးဖို့အတွက်ပဲလား။ ကလေးတွေအပေါ် သူတို့ရဲ့အချစ်တွေကရော မျိုးရိုးဗီဇကို ဆက်ထိန်းနိုင် မထိန်းနိုင်ပေါ်မှာပဲ မူတည်နေတာလား။
"...မင်းကို မပြောခဲ့ဘူးလို့ပဲထားလိုက် မေ့လိုက်တော့..."
စုန့်ယီဇဲက သာသာလေး သက်ပြင်းချလိုက်သည်။
"...သူ့နောက်ခံ ရှင်းမရှင်းရော စုံစမ်းကြည့်ပြီးပြီလား..."
ကျန်းဟန်ရှုက ပြန်မဖြေခဲ့။ တစ်စုံတစ်ယောက်ကို ဖုကျန်း၏ နောက်ခံအားစစ်ဆေးရန် ခိုင်းထားပြီးဖြစ်သည်။ ဖုကျန်းသည် ဖုကျန်းချန်၏ အငယ်ဆုံးသားဖြစ်မှန်း သူသိပြီးဖြစ်သော်လည်း ဒါကို ဘယ်သူ့ကိုမှ သူမပြောပြခဲ့။ ဖုကျန်းကိုယ်တိုင် စိတ်ပါလက်ပါဖြင့် ဖွင့်ပြောလာမည့်နေ့ကို စောင့်နေခြင်းဖြစ်သည်။
စုန့်ယီဇဲက ကျန်းဟန်ရှု၏ ဆိုလိုရင်းကို နားလည်မှုလွဲသွားသည်။
"....သူ့မိသားစုက ဘာလုပ်မှန်းတောင်မသိဘဲနဲ့ သူနဲ့ တစ်သက်လုံး အတူကုန်ဆုံးသွားဖို့ တွေးနေတာလား..."
ကျန်းဟန်ရှု ရှင်းမပြဘဲ စကားလုံးလေးလုံးသာ ပြန်ပြောလိုက်သည်။
"...ငါသူ့ကိုကြိုက်တယ်..."
ငါ သူ့ကိုကြိုက်တယ် ၊ ဒါဆို လုံလောက်ပြီ။
စုန့်ယီဇဲ သူနှင့်ဖုကျန်းကြားက မသင့်လျော်မှုမျိုးစုံကို စိစစ်ပြရင်း အဆက်မပြတ် နားပူနားဆာ လုပ်နေသည်။ သို့သော် ကျန်းဟန်ရှု၏စိတ်မှာ အစောထဲက ပျံ့လွင့်နေပြီဖြစ်သည်။ မကြာမီ ဖုကျန်း သန့်စင်ခန်းထဲမှ ထော့နဲ့ထော့နဲ့ဖြင့် ထွက်လာသည်။ သူလမ်းလျှောက်လာချိန်တွင် ကျန်းဟန်ရှု၏ မျက်လုံးများက သူ့ဘယ်ဘက်ခြေထောက်ပေါ်တွင် ရှိနေသည်။ တစ်ရက်လောက် သူ့ကို ဆေးရုံခေါ်သွားပြီး ကုသရန်နည်းလမ်း ရှိမရှိ စုံစမ်းရမည်ဖြစ်သည်။
စုန့်ယီဇဲ နားမလည်နိုင်စွာ ကြည့်နေပြီးနောက် ဖုကျန်း ဝင်လာသည့်အတွက် သူ ဘာမှ ဆက်မပြောနိုင်တော့။
ညဉ့်နက်နေပြီဖြစ်၍ မြို့တော်သည် မီးထောင်ပေါင်းများစွာဖြင့် ထိန်လင်းနေသည်။
"...ဒီငမူးကို ငါပဲပြန်ပို့လိုက်မယ်...."
စုန့်ယီဇဲက ကုလားထိုင်ကိုဆွဲကာ ဝမ်ထုန် မတ်တပ်ရပ်ရန် ကူညီလိုက်သည်။
သီးသန့်ခန်းမှ ထွက်လာပြီးနောက် ဖုကျန်း ကော်ရစ်ဒါကိုဖြတ်သွားသော ပုံရိပ်တစ်ခုကို ဖျက်ခနဲ တွေ့လိုက်သည်။ မျက်တောင်ခတ်ကာ ရပ်ကြည့်လိုက်သည်။
ကျန်းဟန်ရှုက မေးလိုက်သည်။
သူ အသိပြန်ဝင်ကာ ခေါင်းယမ်းလိုက်သည်။
အခု သူ ဖုထင်ကို တွေ့ခဲ့သလိုပဲ။ ဒါပေမယ့် မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ လူက ပျောက်သွားတယ်။
ခေါင်းမူးနေတာကြောင့် ဖြစ်မယ်ထင်တယ်။ တိုက်ဆိုင်စရာအကြောင်းမှ မရှိတာ။
ဟိုတယ်မှထွက်လာပြီးနောက် အရှေ့ဘက်ရင်ပြင်ဆီသို့ တက္ကစီဖြင့် ထွက်လာခဲ့သည်။ လက်ချင်းတွဲကာ လမ်းလျှောက်နေရင်း အရှေ့ဘက်သို့ ဖြေးဖြေးချင်း လျှောက်သွားရန် တွေးနေခဲ့သည်။ ဆူညံသော အချက်ပေးသံမှာလည်း အံ့အားသင့်ဖွယ် ဂီတသံသို့ ပြောင်းလဲသွားသည်။
ကျန်းဟန်ရှုက မေးလိုက်သည်။
"....အနာဂတ်မှာ ဘာလုပ်ချင်လဲ..."
ဖုကျန်း ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"...ပိုက်ဆံစုပြီးတော့ အိမ်လေးတစ်လုံး ဝယ်ချင်တယ်...အနာဂတ်မှာ ပိုက်ဆံလုံလုံလောက်လောက် ရှိပြီဆိုရင် နောက်ထပ်ရုပ်ရှင်ရိုက်တာဖြစ်ဖြစ် တစ်ခုခု လုပ်ချင်တယ်....."
ထိုသို့ပြောပြီးနောက် ဖုကျန်းက ရယ်လိုက်သည်။ သူက လေးနက်တဲ့ ရုပ်ရှင်ကားကောင်းကိုတော့ မရိုက်နိုင်လောက်ပေမယ့် တစ်ကားနှစ်ကားလောက်ရိုက်ပြီး website မှာ တင်တာမျိုးလောက်တော့ ဖြစ်နိုင်ပါသေးတယ်။
သူ့တွင် ရုပ်ရှင်ရိုက်ရန်ဇာတ်လမ်း အများကြီးရှိသော်ငြား ထိုအဖြစ်အပျက်နောက်ပိုင်းတွင် အကောင်အထည်ဖော်ရန်နည်းလမ်း လုံးဝမရှိတော့။
ကျန်းဟန်ရှု ဖုကျန်းကို ဆွဲပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။
"...ဒါတွေအကုန်ဖြစ်လာမှာပါ...."
လရောင်က မြေပြင်ပေါ်သို့ ကျဲပြန့်နေပြီး သစ်ပင်ရိပ်များ ထွက်ပေါ်လာသည်။ ညနေခင်းလေကြောင့် သစ်ကိုင်းများ ယိမ်းထိုးနေပြီး လေပြေညှင်းမှာ မြေပြင်မှ ထွက်ပေါ်လာသည့်သဖွယ် အသံမြည်နေသည်။
လမ်းဖြတ်ကူးချိန်တွင် ဖုကျန်း နောက်တစ်ကြိမ် တွေဝေမိန်းမောနေပြန်သည်။ ကြည့်ရတာတော့ သူဖုထင်ကို နောက်ထပ် တွေ့လိုက်ရသလိုပဲ။
အရှေ့ဘက်ရင်ပြင်ဗဟိုတွင် ဂီတရေပန်းရှိပြီး ရေပန်းအနီးတွင် လူငယ်လေးများ ကခုန်နေကြသည်။ မီးရောင်စုံများအောက်တွင် မီးလုံးသေးသေးလေးများ ပျံဝဲနေသည်။
".....နှင်းကျနေတယ်လား...."
ဖုကျန်းသည် လက်ကိုဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းထိပ်တွင် အဖြူရောင်နှင်းပွင့်လေး တင်နေသည်။ ခေါင်းကိုစောင်းကာ ကျန်းဟန်ရှုကို ကြည့်လိုက်သည်။
"....မနက်ဖြန် ဆောက်လုပ်ရေးဆိုက်ထဲ သွားရမှာလား...."
"....မသွားရဘူး အလုပ်ထွက်လာလိုက်ပြီ...."
ဖုကျန်း ခေတ္တမျှ အသံတိတ်သွားပြီးမှ ကျန်းဟန်ရှုကို တိုးတိုးလေး မေးလိုက်သည်။
"...အိမ်ပြန်တော့မှာလား...."
"....ဒီရက်ပိုင်းထဲပဲ...."
သူ ခေါင်းကိုလှည့်ကာ သူ့ဘေးတွင် ရပ်နေသော ကျန်းဟန်ရှုကို ကြည့်လိုက်သည်။ ဒါက သူ ဖုမိသားစုကနေ ကန်ထုတ်ခံလိုက်ရပြီးနောက် ဘုရားပေးသော အကောင်းဆုံးလက်ဆောင်ပဲ။ သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"....ရှေ့နှစ်မှာ ဘာလုပ်ဖို့စီစဉ်ထားလဲ...."
ကျန်းဟန်ရှုက ပြုံးပြီးပြောလိုက်သည်။
"မင်းကို ပျိုးထောင်မယ်...."
လမ်းမီးရောင်အောက်တွင် သူ့တို့၏အရိပ်များမှာ တစ်ခုနှင့်တစ်ခု ပူးကပ်ကာ ထပ်သွားသည်။ သူတို့၏အနောက်တွင် ရေပန်းရှိပြီး ရေပန်းမှာ မြေကြီးမှ ကောင်းကင်ထိတိုင် မြင့်တက်နေသည်။ ကြည်လင်နေသော ရေစက်များသည် မီးရောင် အောက်တွင် ရောင်စုံချိုချဉ်များ တစ်ခုပြီးတစ်ခု ကျလာသလို အလင်းယိုင်နေသည်။ ကျန်းဟန်ရှုက ဖုကျန်း၏နဖူးပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။
ငွေမင်ရောင်ကားတစ်စီး သူတို့ဘေးတွင်ရပ်လိုက်ပြီး ကားမှန်ချကာ ဖုထင်၏မျက်နှာ ပေါ်လာသည်။
"...ဖုကျန်း ဒါက မင်း ဖုအိမ်ကနေထွက်သွားပြီးနောက်ပိုင်း နေတဲ့ပုံစံပေါ့ ယောက်ျားတစ်ယောက်နဲ့ ချိန်းတွေ့နေတယ်..."
ဖုထင်က အပြစ်တင်ပြောဆိုလိုက်သည်။ သူဘာကြောင့် စိတ်တိုနေလဲဆိုတာကိုတော့ သူကိုယ်တိုင်လည်းမသိ။
ဖုထင်ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟု သူ မထင်ထားမိ။ သူ. ကျန်းဟန်ရှု နာကျင်သွားမည်ကို အလွန်ကြောက်ရွံ့နေသည်။ နှုတ်ခမ်းများမှာ ထိန်းမရနိုင်အောင် တုန်ရီနေသော်လည်း သူ့စကားလုံးများမှာတော့ ရှင်းလင်းပြတ်သားနေသည်။
"မစ္စတာဖု ကျွန်တော်မှတ်မိသလောက်တော့ အနာဂတ်မှာ လမ်းမှာတွေ့ခဲ့ရင်တောင် သူစိမ်းလိုပဲ ဆက်ဆံမယ်လို့ သဘောတူထားတယ်လေ...."