အပိုင်း ၂၈
Viewers 23k

ကျန်းဟန်ရှု သူ့ပခုံးပေါ်မှ ဖုကျန်း၏လက်ကို မ, ကာ သူ့ဘက်သို့ ဆွဲချလိုက်သည်။
ဖုကျန်း ရှေ့သို့ ယိုင်သွားပြီး ကျန်းဟန်ရှုပေါင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကျန်းဟန်ရှု၏ လက်မောင်းများက ဖုကျန်း၏ခါးကို ရစ်ပတ်ထားကာ သူ့တစ်ကိုယ်လုံးကို သူ့လက်မောင်းဖြင့် ပိတ်ဆို့လိုက်သည်။
ချက်ချင်းပင် ဖုကျန်းတစ်ယောက် အပြုတ်ခံထားရသော ပုစွန်ကဲ့သို့ မျက်နှာမှ လည်ပင်းအထိ နီရဲကာ ရှက်သွေးဖြန်းသွားသည်။ သူ့ခန္ဓာကိုယ်ကို အနည်းငယ် ရင်ဖိုစွာဖြင့် ရွှေ့လိုက်သည်။
ကျန်းဟန်ရှုက တီးတိုးပြောလိုက်သည်။
"...ခဏလောက် ငြိမ်ငြိမ်လေးနေပေး....."
ဖုကျန်း ရုတ်တရပ် လှုပ်ရှားမှု ရပ်တန့်သွားသည်။ သူ့နောက်ကျောမှာ ကျန်းဟန်ရှု၏ ရင်ခွင်ထဲသို့ ဝင်လုနီးပါးဖြစ်နေပြီး ကျန်းဟန်ရှု၏ရင်အုပ်ထဲမှ နှလုံးခုန်သံကိုပင် ကြားနေရသည်။ ကျန်းဟန်ရှု၏ လက်ဖဝါးကြီးက ဖုကျန်း၏လက်ကို ဖုံးအုပ်ထားပြီး သူ့အသက်ရှုသံက ဖုကျန်း၏လည်ပင်းတစ်ဝိုက်တွင် ပျံ့နှံ့နေသည်။
နှစ်ယောက်သား တိတ်တိတ်လေး ငြိမ်နေလိုက်သည်။
ဖုကျန်း ပြင်းပြင်းထန်ထန် ရင်ခုန်နေပြီး စကားစရန် အကြိမ်များစွာကြိုးစားခဲ့သော်လည်း ထိုသို့ငြိမ်နေခြင်းက အလွန်ကောင်းသည်ဟု ခံစားမိသည်။
ဒီတိုင်းလေးပဲ ကျန်းဟန်ရှုနဲ့အတူတူ အိုမင်းသွားရရင် ကောင်းမှာပဲ။
မကြာခင်မှာပင် သူ့အနောက်ဘက်မှ ထူးခြားမှုတစ်ခုခုကို သတိပြုမိလိုက်သည်။ သူ့အပေါ်ပိုင်းကို လှည့်ကာရုန်းလိုက်သော်ငြား ပိုမိုနီးကပ်သွားသည်။ သူ့လက်နှစ်ဖက်မှာ ကျန်းဟန်ရှု၏လည်တိုင်ကို ဖက်တွယ်ထားဆဲဖြစ်သည်။ ကျန်းဟန်ရှု၏ရင်ခွင်ထဲခေါင်းအပ်ကာ မေးလိုက်သည်။
".မင်းကို ကူပေးစေချင်လား..."
"...ဟင့်အင်း..."
ကျန်းဟန်ရှု၏အသံမှာ ပုံမှန်ထက် ညှို့ဓာတ်ပြင်းနေပြီး ဖုကျန်း၏လက်နှစ်ဖက်မှာ ပိုပြီး တင်းကြပ်သွားသည်။
အသက်ရှူသံများမှာ ရောယှက်သွားသည်။ ထို့နောက် အိမ်ပြင်ဘက်မှ လေပြင်းတိုက်သံက လွှမ်းမိုးသွားသည်။
နှစ်ယောက်သား စိတ်ငြိမ်သွားရန် အချိန်မည်မျှယူခဲ့ရမှန်း မသိတော့ပေ။
ထိုအခိုက်အတန့်လေးတွင် ဖုကျန်း၏ဖုန်းက အသံမြည်လာခဲ့သည်။
ဖုကျန်း ကျန်းဟန်ရှုရင်ခွင်ထဲမှ ခေါင်းထောင်ကာကြည့်လိုက်သည်။ ဖုန်းမြည်နေသော်ငြား ကျန်းဟန်ရှု၏ပွေ့ဖက်မှုထဲမှ ရုန်းမထွက်လိုခဲ့။
"...လုပ်စရာရှိသေးလား..."
ကျန်းဟန်ရှုက ညင်ညင်သာသာလေး မေးလိုက်သည်။
"...ပုံဆက်ဆွဲရအုန်းမှာ...."
"....ကောင်းပြီ ...ကိုယ့်ကိုစောင့်ဦး...."
ဖုကျန်း ကျန်းဟန်ရှု၏ပေါင်ပေါ်မှ ထကာ သူ့ကို ငုံ့ကြည့်လိုက်သည်။
ကျန်းဟန်ရှု မတ်တပ်ရပ်ကာ ဖုကျန်း၏အခန်းထဲမှထွက်သွားပြီး မကြာခင် ပြန်ဝင်လာသည်။ နိုင်ငံခြားဘာသာစကားစာအုပ်ကတစ်ဖက်၊ ဖုကျန်း သူ့ကိုပြန်ပေးထားသော ကွန်ပျူတာကတစ်ဖက် ကိုကိုင်ကာ ပြန်ဝင်လာသည်။ ဖုကျန်း၏ကုတင်ပေါ်ထိုင်ကာ ကွန်ပျူတာကို ဖုကျန်းရှေ့သို့ ချပေးလိုက်သည်။
"ကိုယ့်ဟာကိုသုံးလိုက်...."
ဖုကျန်းက ပါးစပ်ဟရန် ပြင်နေစဉ်မှာပဲ ကျန်းဟန်ရှုက ပြောလိုက်သည်။
"...ကျေးဇူးလို့မပြောနဲ့..."
ဖုကျန်းသည် သူ့စကားလုံးများကို ပြန်မြိုချ၍ ကျန်းဟန်ရှု၏ကွန်ပျူတာနှင့် ပုံဆွဲသည့်သင်ပုန်းကို ချိတ်လိုက်ပြီးနောက် ခေါင်းအုံးအောက်မှ ပုံကြမ်းစာအုပ်နောက်တစ်အုပ်ကိုထုတ်ကာ ကုတင်ဘေးတွင် ပုံကြမ်းထိုင်ဆွဲနေလိုက်သည်။
ကျန်းဟန်ရှုမှာလည်း ကုတင်ဘေးတွင် ထိုင်နေပြီး အခန်းမှာ နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ အိမ်အပြင်ဘက်တွင် အိမ်ငှားများက ဝိုင်းဖွဲ့ကာ မာကျောက်ကစားနေကြသည်။ မာကျောက်ကစားသံများမှာ ကျန်းဟန်ရှု၏ စာရွက်လှန်နေသံနှင့် အတူထွက်ပေါ်လာသည့်အတွက် ဆူညံသည်ဟုပင် မခံစားရ။
သို့သော် ဖုကျန်းမှာ ဘယ်လိုမှ အာရုံစူးစိုက်၍မရတော့။သူ လက်ထဲက စုတ်တံကိုချကာ ကျန်းဟန်ရှုကိုသာ ငေးကြည့်နေလိုက်သည်။
ကျန်းဟန်ရှုက သူ၏အကြည့်များကို သတိထားမိ၍ထင်သည်။ ခေါင်းကိုမော့ကာ မေးလိုက်သည်။
"...ဟမ်..."
ဖုကျန်း ခဏမျှစဉ်းစားလိုက်ပြီးနောက် ကုတင်ပေါ်တက်ပြီး ကျန်းဟန်ရှုဘေးသို့ သွားလိုက်သည်။
ကျန်းဟန်ရှုက ခေါင်းကိုစောင်းကာ သူ့ကိုကြည့်လာလေသည်။ သူ့မျက်ဝန်းပြာများမှာ ပြုံးရိပ်ထင်လာသည်။
ဖုကျန်းသည် အဆိပ်ရှိသောမြွေ၏ ညှို့ယူခြင်းကိုခံရသော ဧဝသဖွယ်ပင်။ လည်တိုင်ကိုပင့်ကာ နှုတ်ခမ်းကို ယောင်ယောင်လေး ဖွင့်ဟထားသည်မှာ အနမ်းတစ်ပွင့်ကို တောင်းခံနေသည့်နှယ်။
ကျန်းဟန်ရှု လက်ထဲမှ စာအုပ်ကိုချကာ ဖွဖွလေး ရယ်လိုက်သည်။
ဖုကျန်း၏ နားရွက်ဖျားများ အနည်းငယ်ပူလာသည်ဟု ခံစားမိလိုက်သည်။
ကျန်းဟန်ရှု ခေါင်းကိုနှိမ့်ကာ သူ့နှုတ်ခမ်းနှင့်
ဖုကျန်း၏နှုတ်ခမ်းကို ဖိကပ်လိုက်ပြီးနောက် အနမ်းကို အနည်းငယ် နက်ရှိုင်းစေခဲ့သည်။
ခဏအကြာတွင်‌တော့ ဖုကျန်းတစ်ယောက် အသက်ရှူမဝဖြစ်လာသောကြောင့် ကျန်းဟန်ရှု သူ၏လက်ကိုလွှတ်လိုက်သည်။
ဖုကျန်း ခုတင်ပေါ် လှဲချလိုက်ကာ ကျန်းဟန်ရှုကို အမဲလိုက်ရာမှ ပြန်လာသော သား‌ရဲသဖွယ် စိုက်ကြည့်နေလိုက်သည်။ သူ့မျက်ဝန်းများမှာ စိုစွတ်နေပြီး မျက်တောင်မှာ တဖျပ်ဖျပ်ခတ်နေသည်။ နှုတ်ခမ်းမှာလည်း စိုစွတ်နီရဲနေလေသည်။
ကျန်းဟန်ရှု၏လက်များက ဖုကျန်းမျက်နှာတစ်လျှောက် ဖြတ်သန်းကာ နှုတ်ခမ်းထောင့်စွန်းနားတွင် ရပ်လိုက်သည်။ ရုတ်တရပ် တစ်စုံတစ်ခုကိုတွေးမိကာ မတ်တပ်ရပ်၍ ကုတင်နား နှစ်လှမ်းတိုးပြီး ဖုကျန်းခြေထောက်ကို ဆွဲလိုက်သည်။
"....မလုပ်နဲ့...."
ဖုကျန်းသည် ထိုမျှမြန်စွာ ဖြစ်ပျက်လာမည်ဟု မျှော်လင့်မထားသည့်အတွက် သူ့နှလုံးမှာ ရင်ဘက်ထဲမှ ထွက်ကျမတတ် ခုန်နေပြီး ကျန်းဟန်ရှု၏အပြုအမူကို တားမြစ်ရန် အလွန်သေးငယ်သော စကားသံများ ထုတ်ခဲ့သည်။ သို့သော် သူ မရွေ့လျားနိုင်ခဲ့။
"....ကိုယ့်ကို မင်းခြေထောက်တွေ ကြည့်ခွင့်ပြု..."
ကျန်းဟန်ရှု၏အသံမှာ မယုံကြည်နိုင်လောက်အောင် အက်ရှနေသည်။
သို့သော် လက်တွေ့တွင် ဖုကျန်း၏ဘောင်းဘီကို ခြေကျင်းဝတ်အထိ ဆွဲချပြီးနောက် ကျန်းဟန်ရှုသည် တကယ်ကို ဖုကျန်း၏ဘယ်ခြေထောက်ကိုသာ ကြည့်ခဲ့သည်။
ဖုကျန်း ဒဏ်ရာရခဲ့သည်မှာ ၂နှစ်ကျော်ကြာပြီဖြစ်သည်။ အခုလက်ရှိတွင်တော့ ရုပ်ဆိုးဆိုးအမာရွတ်မှတပါး မည်သည့်အရာကိုမျှ မမြင်နိုင်တော့။ သူ့ခြေထောက်နှစ်ဖက်မှာ ပုံမှန်ထက် ပိုပြီးဖြူဖျော့ကာ အားနည်းပုံပေါ်ပြီး အသားအရေမှာ စိမ်းပုတ်နေရုံသာဖြစ်သည်။ သွေးကြောများကို ရှင်းရှင်းလင်းလင်းပင် မြင်နိုင်သည်။
ဖုကျန်း သူ့ကိုယ်သူ နှိမ့်ချပြီးတွေးခဲ့သည်။ ကျန်းဟန်ရှုက အခု သူ့ကိုမမြင်နိုင်လျှင်တောင် ရှက်နေဆဲဖြစ်သည်။ သူ့ခြေထောက်များကို ပြန်ဆွဲယူချင်သော်ငြား သူ့မှာအားတစ်စက်မျှပင်မရှိသည်ကို တွေ့လိုက်ရသည်။
ကျန်းဟန်ရှုက ဖုကျန်းကို ဘောင်းဘီပြန်ဆွဲချပေးလိုက်သည်။
ထို့နောက် သူ အိပ်ရာမှထကာ ရှုပ်ပွနေသော အဝတ်အစားများကို ပြန်ပြင်လိုက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ဖုကျန်းကို ငုံ့ကြည့်လိုက်သည်။ (👀)
ဖုကျန်း၏အသက်ရှုသံမှာ အခုထိမတည်ငြိမ်သေး။ ရင်ဘက်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ မျက်လုံးမှာ ဝေဝါးနေပြီး ပါးပြင်မှာ နီရဲနေသည်။
"...စောစောအိပ်တော့...."
ကျန်းဟန်ရှု အကြည့်များကိုရုတ်သိမ်းကာ ကိုယ်ကိုငုံ့၍ ဖုကျန်း၏နဖူးကို နမ်းလိုက်သည်။
"...ကောင်းသောညပါ...."
"....ကောင်းသောညပါ....''
ကျန်းဟန်ရှုထွက်သွားပြီးနောက် ခဏအကြာတွင် ဖုကျန်း အိပ်ရာမှ ထထိုင်လိုက်သည်။ အစောကဖြစ်သွားသည်မှာ လက်တွေ့မဆန်သောအိပ်မက်ဟု ခံစားနေရသည်။ သူ့ဘောင်းဘီကိုကြည့်ပြီးနောက် နောက်တစ်ကြိမ် ရှက်သွေးဖြန်းသွားပြန်သည်။
အခု သူနဲ့ကျန်းဟန်ရှုက တကယ်ကို အတူတူရှိနေပြီပဲ။ ကျန်းဟန်ရှုသည် ထိုညကဖြစ်ပျက်ခဲ့သည်များကို တစ်ခုမှ မမှတ်မိသည့်အတွက် သူ့ခန္ဓာကိုယ်မှာ သာမန်သူများနှင့်မတူသည်ကို ကျန်းဟန်ရှုမသိလောက်။
ဖုကျန်း နှုတ်ခမ်းကိုကိုက်လိုက်မိသည်။ ကျန်းဟန်ရှုကို ရှင်းရှင်းလင်းလင်းပြောဖို့ အခွင့်အရေးတစ်ခုလောက် ရှာသင့်တယ်။ တကယ်လို့ ကျန်းဟန်ရှုက ဒီလိုမျိုး သူ့ကို လက်မခံနိုင်ရင်....
သူ ရလဒ်အကြောင်းကို မတွေးချင်တော့ပေ။ သက်ပြင်းချ၍ အိပ်ရာပေါ်ပြန်လှဲချကာ ဂွမ်းစောင်ကိုဆွဲယူပြီး မျက်နှာကိုအုပ်ထားလိုက်သည်။
သူ ထို ကို့ရို့ကားယားနိုင်သောညကို ပြန်တွေးရင်း အိပ်ပျော်သွားခဲ့သည်။
နောက်နေ့မနက်အစောပိုင်းတွင် သူ၏အမြန်‌ချောရောက်ရှိပြီဖြစ်ကြောင်း အကြောင်း ကြားစာတစ်စောင်ကို ရရှိခဲ့သည်။ ဖုကျန်းထွက်လာချိန်တွင် သူသည် ကျန်းဟန်ရှု၏တံခါးကို လှမ်းကြည့်လိုက်သည်။ အခန်းထဲတွင် သူရှိနေသလား မသိနိုင်လောက်အောင် တံခါးမှာ တင်းတင်းပိတ်ထားသည်။
သူ အပြင်မှပြန်ရောက်လာသောအခါ သူ အိတ်တစ်လုံးကိုသယ်ရင်း လှေကားပေါ်မှဆင်းလာသော ကျန်းဟန်ရှုကို တွေ့လိုက်သည်။
သူက ဖုကျန်းကိုတွေ့လိုက်သောအခါ အနားသို့လျှောက်လာပြီး လက်ကိုမြှောက်ကာ ဖုကျန်းခေါင်းကိုပုတ်ပြီး ပြောလိုက်သည်။
"...အပြင်သွားလိုက်ဦးမယ် နေ့ခင်းပြန်လာခဲ့မယ်..."
ဖုကျန်း ပြန်တုန့်ပြန်လိုက်ပြီး ကျန်းဟန်ရှု၏ပုံရိပ် တဖြေးဖြေးပျောက်ကွယ်သွားသည်ကို လှည့်ကြည့်နေခဲ့သည်။
နေ့လည်၂နာရီမတိုင်ခင် ကျန်းဟန်ရှုက အနက်ရောင်လက်ဆွဲအိတ်တစ်လုံးကိုကိုင်ကာ အပြင်မှ ပြန်လာခဲ့သည်။ အခန်းသို့ပြန်ရောက်လျှင် လက်ဆွဲအိတ်ကို အခန်းထောင့်သို့ ပစ်လိုက်သည်။ လက်ဆွဲအိတ်မှာ အရည်အသွေးမကောင်းသည့်အတွက် အက်ကွဲကာ အတွင်းမှ ငွေစက္ကူများ အထပ်လိုက်ထွက်လာသည်။ ကျန်းဟန်ရှုသည် သေတ္တာကို ကျော်ခွကာ ကုတင်အောက်သို့ ကန်ထည့်လိုက်သည်။
သူ ဖုကျန်းဆီသို့သွားချိန်တွင် ဖုကျန်းသည် ပန်းချီဆွဲနေဆဲဖြစ်သည်။
သူ ဖုကျန်းဘေးတွင် ထိုင်ကာ ပြောလိုက်သည်။
"...ပြီးအောင် အရင်ဆွဲလိုက်ပါ..."
ပုံကြမ်းမှာ ပြီးလုပြီးခင်ဖြစ်၍ ဖုကျန်း အသံတစ်ချက်ပြုကာ တုန့်ပြန်လိုက်သည်။ သူ့လက်ထဲမှ ဘောပင်မှာ ရပ်တန့်မသွား။
ကျန်းဟန်ရှုသည်လည်း ဘေးနားမှ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေသည်။ ဖုကျန်း၏ အလုပ်ကိုအာရုံစိုက်နေသော အသွင်အပြင်ကို သူတကယ်ကိုသဘောကျမိသည်။
တစ်နာရီခွဲခန့်ကြာပြီးနောက် ဖုကျန်းက ဘောပင်ကိုချကာ ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်သည်။ အိပ်ရာဘေးရှိ စားပွဲ၏ အံဆွဲထဲမှ သေတ္တာအနက်သေးသေးလေးတစ်လုံးကိုထုတ်ကာ ကျန်းဟန်ရှုကို ပေးလိုက်သည်။ သူ့မျက်လုံးများမှာ ဝင်းလက်နေပြီး ကျန်းဟန်ရှုကို ပြောလိုက်သည်။
"...ဒါက ခရစ္စမတ်မတိုင်ခင်တုန်းက ဝယ်ပေးချင်ခဲ့တဲ့လက်ဆောင်..."
ကျန်းဟန်ရှုက ဖုကျန်း သူ့အတွက် လက်ဆောင်ဝယ်ပေးလိမ့်မည်ဟု မျှော်လင့်မထားမိ။ သေတ္တာကိုယူကာ ဖုကျန်းရှေ့တွင်ပင် ဖွင့်ကြည့်လိုက်သည်။ အထဲမှာ ငွေမင်ရောင်အစင်းပါသော အဖြူရောင်လည်စည်းရှိနေသည်။ အလှဆင်ထားသည်မှာ အနုစိတ်ပင်။
ဖုကျန်းမှာ ဝင်ငွေမကောင်းသည့်အတွက် ထိုလည်စည်း၏ ‌ဈေးနှုန်းကပင် သူ့အတွက် ကြီးကြီးမားမား ကုန်ကျမည်ဖြစ်သည်။
ဖုကျန်းက ကျန်းဟန်ရှုမကြိုက်မည်ကို စိုးရိမ်နေခဲ့သည်။ ကျန်းဟန်ရှု၏နောက်ခံမှာ သူတွေးထားသည်ထက် အများကြီးပိုကောင်းသည်ကို သိထားသည်။ သူသည် ကျန်းဟန်ရှုကို ရှက်ရွံ့စွာ ပြောလိုက်သည်။
"...သားရေဖိနပ်တစ်ရံ ဝယ်ပေးချင်ပေမယ့် ဖိနပ်ဆိုဒ်ကိုမသိလို့ အဲဒါကြောင့် စဉ်းစားပြီးမှ ဒါကိုဝယ်လိုက်တာ...."
ကျန်းဟန်ရှုသည် လည်စည်းကို ဖုကျန်းလက်ထဲသို့ ထည့်လိုက်သည်။ ဖုကျန်း၏မျက်ဆံမှာ ကျဉ်းမြောင်းသွားပြီး ကျန်းဟန်ရှုက ဒီလိုလက်ဆောင်မျိုးကို မလိုချင်ဟု ထင်လိုက်သည့်အချိန်မှာပင် သူပြောလိုက်သံကို ကြားလိုက်သည်။
"...ကိုယ့်ကိုကူချည်‌ပေးဦး..."
ဖုကျန်း သူ့ကိုမော့ကြည့်လိုက်မိသည်။ ကျန်းဟန်ရှု၏ အမူအယာမှာ အတည်ပေါက်ဖြစ်နေ၍ မတတ်သာဘဲ သူအထက်တန်းတုန်းက ကျောင်းအုပ် ဆရာကြီးကို အမှတ်ရမိသည်။ သို့သော် ‌ဆရာကြီးမှာ ကျန်းဟန်ရှုလို ကြည့်မကောင်းသလို ဆံပင်လည်းမသန်ပေ။
ကျန်းဟန်ရှု ယနေ့ဝတ်ဆင်ထားသည့်ဝတ်စုံမှာ လည်စည်းနှင့် မလိုက်ဖက်သော်လည်း သူ ကျန်းဟန်ရှုကို မငြင်းဆန်ခဲ့။ လည်စည်းကို သေတ္တာဘူးလေးထဲမှထုတ်ကာ ကျန်းဟန်ရှု၏ လည်ပင်းတွင် စည်းပေးလိုက်သည်။
ဖုကျန်း လည်စည်းမစည်းဖြစ်သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သူနောက်ဆုံး လည်စည်းစည်းခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ်ကဖြစ်သောကြောင့် သူ့နည်းလမ်းများမှာ အနည်းငယ် မကျွမ်းမကျင်ဖြစ်နေသည်။
လည်စည်းကို ချည်နှောင်လိုက်သော်လည်း ၎င်းက ရွဲ့ပြီးရင်းရွဲ့စောင်းနေခဲ့သည်။
သူ ခြေတစ်လှမ်းဆုတ်ကာ ကျန်းဟန်ရှုကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြင်းပြင်းထန်ထန်စဉ်းစားလိုက်သည်။ လည်စည်းမှာ ကျန်းဟန်ရှု ဒီနေ့ဝတ်ထားသောဝတ်စုံနှင့် မကိုက်ညီလှသောကြောင့် သူ ပြောလိုက်သည်။
"...မစည်းနဲ့တော့..."
ဖုကျန်း လည်စည်းကိုဖြည်ရန် အားအနည်းငယ်သုံးခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းဟန်ရှုက ခေါင်းကိုငုံ့ကာ ဖုကျန်း ၏နှုတ်ခမ်းကို နမ်းလိုက်သောကြောင့်ပင်။
အချင်းချင်း တံတွေးဖလှယ်ကာ အချိန်တိုင်း သူတို့ခန္ဓာကိုယ်များကို ပူးကပ်ထားလိုကြသည်။ သူတို့ကိုယ်ချင်းခွါလိုက်ချိန်တွင် မူလက ကျန်းဟန်ရှုလည်ပင်းတွင်ရှိနေသော လည်စည်းသည် ဖုကျန်း၏ ပုခုံးပေါ်သို့ရောက်သွားလေပြီ ။ သူ မည်သို့သော နည်းလမ်းမျိုးကို အသုံးပြုလိုက်သည်တော့ မသိလိုက်။
ကျန်းဟန်ရှုက သူ၏လက်ဖျားဖြင့် ဖုကျန်း၏ နှုတ်ခမ်းကို ပွတ်သပ်လိုက်ပြီး ခေါင်းငဲ့စောင်းကာ အပြင်ဘက်ကောင်းကင်ကို ကြည့်လိုက်သည်။
"...ကိုယ်တို့အခုသွားသင့်ပြီ အဝတ်အစားသွားလဲရအောင်..."
ဖုကျန်း အသံတစ်ချက်ပြုကာ လျှာကိုထုတ်၍ သူ့လက်ချောင်းများကို လျက်လိုက်သည်။
ကျန်းဟန်ရှု၏မျက်လုံးများမှာ မှောင်မိုက်သွားသော်လည်း သူက နောက်ထပ်ဘာမှ မလုပ်တော့ပဲ ဖုကျန်း၏ မျက်နှာကို သာသာလေးကိုင်ကာ ပြောလိုက်သည်။
"...ကိုယ် အပြင်ကစောင့်မယ်...."
ကျန်းဟန်ရှု ဖုကျန်း၏တံခါးပေါက်ဝတွင် စောင့်နေခဲ့သည်။ အနားမှဖြတ်သွားသော အိမ်ငှားသည် သူ့ကိုမြင်လိုက်၍ အံ့ဩသွားသည်။ အနားရောက်လာကာ သူ့ကိုမေးလိုက်သည်။
"...မင်းနဲ့သူနဲ့ ဘယ်တုန်းက ဆက်ဆံရေး ဒီလောက်ကောင်းသွားတာလဲ...."
"...အရင်ထဲက ကောင်းပါတယ်..."
သိပ်မကြာခင် ဖုကျန်း တံခါးဖွင့်ကာ ထွက်လာခဲ့သည်။ သူက အဖြူရောင်ဟူဒီနှင့် လိုက်ဖက်သော အနက်ရောင် ဘောင်းဘီကို ဝတ်ထားခဲ့သည်။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖီးထားပြီး မျက်နှာမှာလည်း အနည်းငယ်အရောင်တင်ခဲ့ဟန်တူသည်။ သူ့မျက်နှာမှာ ပုံမှန်ထက် အနည်းငယ် နှင်းဆီရောင်သမ်းနေသည်။
ကြည့်ရတာ ဖုမိသားစုရဲ့သခင်လေး ပြန်ရောက်လာသလိုပဲ။
ကျန်းဟန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"...ထပ်ဝတ်အုံး...."
ဖုကျန်းက တုတ်တုတ်မလှုပ်ပေ။
ဒီနေ့ ကျန်းဟန်ရှု၏ သူငယ်ချင်းများနှင့်တွေ့ရမည်ဖြစ်သည်။ သူ၏ဆောင်းတွင်းဝတ်အများစုမှာ နွေးရန်သာ အဓိကထား ဝယ်ခဲ့ခြင်းဖြစ်ပြီး စတိုင်မကျပေ။ ကျန်းဟန်ရှု၏သူငယ်ချင်းများ ရှေ့တွင် အမြင်ကောင်းတစ်ခု ပေးလိုသည်။
ကျန်းဟန်ရှု၏အမူအယာမှာ ရှုံ့မဲ့နေပြီး ဖုကျန်းမှာတော့ မရှုံ့မဲ့နိုင်၊ မျက်လုံးရွဲကြီးများဖြင့်ကြည့်ကာ အသံတိတ်ဆန္ဒပြနေသည်။
သူ ဖုကျန်းကို အခန်းထဲသို့ ပြန်ခေါ်လာပြီး အဝတ်ဗီရိုကိုဖွင့်ကာ အနက်ရောင်သိုးမွေးကုတ်တစ်ထည်ကို ဖုကျန်းကိုပေးလိုက်သည်။
"...ထပ်ဝတ်လိုက်..."
ထိုကုတ်အင်္ကျီမှာ ဒီနေ့မှ ကျန်းဟန်ရှုဝယ်ခဲ့ခြင်းဖြစ်ပြီး တစ်ခါမှ မဝတ်ရသေး။ ကံကောင်းစွာဖြင့် ကျန်းဟန်ရှုနှင့် ဖုကျန်းမှာ ကိုယ်လုံးကိုယ်ထည်မကွာသည့်အတွက် အပြင်ဘက်တွင်ထပ်ဝတ်လိုက်သည့်အခါ ကြည့်ကောင်းလှသည်။