အပိုင်း ၃၁
Viewers 23k

"....အချိန်ရရင် အမေ့ဆီခေါ်လာခဲ့...."
မဒမ်ကျန်း၏အသံမှာ ရုတ်ချည်း ရပ်တန့်သွားသည်။
ကျန်းဟန်ရှု သူမကို ဘာပြောခဲ့လဲဆိုတာကို နားလည်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ ကျန်းဟန်ရှုက ဒီလိုပြောလိမ့်မည်ဟု သူမမှာ လုံးဝမယုံကြည်နိုင်ခဲ့။
"....ဟန်ရှုရေ စောစောက ပြောတာလေး ပြန်ပြောပါဦး အမေ ကောင်းကောင်း မကြားလိုက်မိလို့...."
"....ကျွန်တော်သဘောကျနေတဲ့သူက ယောက်ျားလေး...."
ကျန်းဟန်ရှု ထပ်ပြောလိုက်သည်။
"....ဟန်ရှု မင်း အမေ့ကိုနောက်နေတာမလား....."
ကျန်းဟန်ရှု ခေါင်းယမ်းပြလိုက်ပြီး ...
".လုံးဝမဟုတ္ဘူး...."
မဒမ်ကျန်း၏ မျက်ခုံးနှစ်ဖက်မှာ ထိစပ်လုနီးပါး။ သူမ ကျန်းဟန်ရှုကို အနည်းငယ် အပြစ်တင်သောအကြည့်ဖြင့် ကြည့်လိုက်‌သော်လည်း ထိုအပြစ်တင်မှုမှာ ချင်ခြင်းပျောက်ကွယ်သွားသည်။ သူမသည် ကျန်းဟန်ရှုကို မေတ္တာအပြည့်ဖြင့် ကြည့်လိုက်သည်။
"....မင်း ဘယ်လိုလုပ် ချက်ခြင်းကြီး ယောက်ျားတစ်ယောက်ကို ကြိုက်ရတာလဲ...."
ကျန်းဟန်ရှုသည် အနည်းငယ်တုန့်ဆိုင်းနေပြီးနောက် မဒမ်ကျန်းကို ပြောလိုက်သည်။
"...ချက်ချင်းကြီးမဟုတ်ဘူး ကျွန်တော်က အမြဲတမ်းယောကျာ်းတွေကိုပဲ သဘောကျခဲ့တာ...."
"....သူ ...အဲ့ဒီတော့ ....."
ကျန်းဟန်ရှုက အသံပြုလိုက်သည်။
"....မင်းတို့နှစ်ယောက်...."
မဒမ်ကျန်းသည် စကားပြောရန် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း သူမမှာ မေးစရာမရှိ။
ကျန်းဟန်ရှုက တိုက်ရိုက်ပြောလိုက်သည်။
"...ကျွန်တော်က သူ့ကို လိုက်ခဲ့တာ...."
မဒမ်ကျန်း ဆိုဖာပေါ်သို့ ပုံကျသွားပြီး မျက်မှောင်ကြုတ်ကာ သက်ပြင်းတိုးတိုးချလိုက်သည်။
".မင်းအဖေနဲ့အဖိုး သိသွားရင် ဘယ်လိုလုပ်မလဲ..."
ကျန်းဟန်ရှုသည် မဒမ်ကျန်း၏ဘေးတွင် ထိုင်ကာ သူ့လက်ကို သူမပုခုံးပေါ်တင်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"....အဆင်ပြေပါတယ် ကျွန်တော် သူတို့ကိုလည်း ပြောပြမှာပါ...."
မဒမ်ကျန်းတစ်ယောက် သက်ပြင်းအရှည်ကြီးချကာ ကျန်းဟန်ရှုကို လှည့်ပြောလိုက်သည်။
"...အခွင့်အရေးရမယ်ဆိုရင် အမေ သူ့ကို တွေ့ချင်တယ်...."
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
"....အနာဂတ်မှာ သူ့ကို အမေနဲ့တွေ့ဖို့ ခေါ်လာပေးပါ့မယ်...."
သူမ ကျန်းဟန်ရှု၏နောက်ကျောကို သာသာလေး ပုတ်ပေးလိုက်သည်။ သူမသည် ကျန်းဟန်ရှုက လိင်တူနှစ်သက်သူဖြစ်သည်ကို လက်မခံနိုင်သော်ငြား ဖြစ်ပြီးသားကိစ္စဖြစ်၍ တားလည်း အသုံးမဝင်တော့။
ကျန်းဟန်ရှုသည် ယခင်တည်းက လိင်တူကြိုက်သူဖြစ်၍ ဒီလူကို မကြိုက်လျှင်တောင် နောက်တစ်ယောက် ရှိနေဦးမည်ဖြစ်သည်။
မဒမ်ကျန်းသည် အယူသီးသူမဟုတ်။ ကိစ္စအများစုတွင် အမြင်ပွင့်သူဖြစ်သည်။
သူမသာ အမြင်ကျဉ်းလျင် ကျန်းဟန်ရှု နိုင်ငံခြားသို့ ကြေးစားစစ်သားအဖြစ် သွားသည်ကို လက်ခံလိမ့်မည်မဟုတ်။ သို့သော် သူမ၏ကလေးသည် အခြားယောက်ျား တစ်ယောက်ဖြင့် တစ်သက်လုံး အတူတူနေမည်ကို စဉ်းစားမိလျှင် မဒမ်ကျန်းသည် တစ်ချို့ကိစ္စများကို လက်သင့်မခံနိုင်ဟု ခံစားနေရသေးသည်။
".အခု သူနဲ့ အတူတူနေနေတာပေါ့...."
မဒမ်ကျန်းကမေးလိုက်သည်။
".ဟုတ်တယ်...."
ကျန်းဟန်ရှုက ခေါင်းညိတ်ပြလိုက်သည်။
မဒမ်ကျန်းတစ်ယောက် သူမကို အမြဲ ဂုဏ်တက်ရအောင် လုပ်ပေးခဲ့သော သားဖြစ်သူကို ကြည့်ကာ သက်ပြင်းဖွဖွ ချလိုက်သည်။ အဆုံးသတ်မှာတော့ သူမက အလျှော့ပေးရတာပါပဲ။
".ကိစ္စတွေလုပ်မယ်ဆို ပြင်ဆင်ဖို့ သတိရနော်...."
နောက်ဆုံးတွင်တော့ ကျန်းဟန်ရှု၏ ရေခဲရိုက်မျက်နှာမှာ ကျိုးပျက်သွားလေသည်။ သူ့မျက်နှာမှာ အနည်းငယ် နီမြန်း‌လာပြီး မဒမ်ကျန်းကို အသံ တည်တည်ငြိမ်ငြိမ်ဖြင့်ပြောရန် ကြိုးစားလိုက်သည်။
".သိပါပြီ...."
မဒမ်ကျန်းအနေဖြင့် သူ့သားရှက်သွားသည်ကို မတွေ့ဖူးသလောက်ပင်။ သူ့ကို ဒီလိုပုံစံဖြင့်တွေ့လိုက်ရ၍ မတတ်သာဘဲ ချောင်းဟန့်လိုက်သည်။ နောက်ဆုံးတွင်တော့ လက်ဖက်ရည်ခန်းထဲမှ လေထုက
တစ်ဖန် ပြန်အသက်ဝင်လာသည်။
"ဒီည ပြန်မှာလား...."
သူမ လက်ဖက်ရည်ခွက်ကိုကိုင်ရင်း မေးလိုက်သည်။
ကျန်းဟန်ရှုက ခေါင်းဆတ်ပြလိုက်သည်။
မဒမ်ကျန်း ထိုအကြောင်းကို အများကြီး ဆက်မပြောတော့ဘဲ ကျန်းဟန်ရှု၏ နောက်ထပ်အစီအစဉ် အကြောင်းကိုသာ ဆွေးနွေးလိုက်သည်။အပြင်ဘက်ကောင်းကင် တစ်ဖြေးဖြေးမှောင်လာသည်ကိုကြည့်ရင်း ကျန်းဟန်ရှု၏အမူအယာမှာ အနည်းငယ်ကြောင့်ကြလာသဖြင့် သူမ အားရပါးရပင် ရယ်လိုက်ရင်း ကျန်းဟန်ရှုကို ပြောလိုက်သည်။
"....ကောင်းပြီ ကောင်းပြီ နောက်ကျနေပြီဆိုတော့ ပြန်တော့လေ...."
သူမ ကျန်းဟန်ရှုကို ဗီလာအပြင်ဘက်သို့ လိုက်ပို့ရင်း ပြောလိုက်သည်။
"....အချိန်ရရင် အိမ်ကို မကြာမကြာပြန်လာဖို့ သတိရနော်...."
"....သိပါပြီ...."
မဒမ်ကျန်း သာသာလေးချောင်းဟန့်လိုက်သည်။
"...သဘောတူတာကောင်းတယ် ပြန်ရောက်ရင် အိမ် ပြန်ခေါ်လို့ရတော့မှာမဟုတ်ဘူး....."
ကျန်းဟန်ရှုသည် နှုတ်ခမ်းကိုသာ ဖိကိုက်လိုက်ပြီး ဘာမှ စကားမပြန်တော့။ သူရိန်နေမင်းမှာ တောင်ထိပ်ကို မေးတင်နေပြီး ကုန်းမြေတစ်ခွင်ကို လိမ္မော်ရောင် ဖြန်းပက်နေသည်။ မဒမ်ကျန်းသည် သူ့ပုခုံးကို အသာပုတ်လိုက်သည်။
"....ကောင်းပြီ ကောင်းပြီ အလျင်လိုနေတာမလား ပြန်တော့....."
အိမ်အကူလာပေးသော အလွှာတစ်ထောင်ကိတ်မုန့်ကို လှမ်းယူပြီးနောက် ကျန်းဟန်ရှုသည် မဒမ်ကျန်းကို ပွေ့ဖက်ကာ ကားထဲသို့ ဝင်လိုက်သည်။ ကားလေးမှာ တောင်တက်လမ်းတစ်လျှောက်အတိုင်း တစ်ဖြေးဖြေး ပျောက်ကွယ်သွားသည်။
အိမ်တော်ထိန်းက မဒမ်ကျန်း မျက်နှာမကောင်းသည်ကို သတိထားမိ၍ ငြင်သာစွာ မေးလိုက်သည်။
"....သခင်မ ကို ကြည့်ရတာ စိတ်မပျော်သလိုပဲ...."
မဒမ်ကျန်းက သက်ပြင်းရှိုက်လိုက်သည်။
"....ကလေးတွေအရွယ်ရောက်လာရင် သူ့ကိုယ်ပိုင်အိမ် လိုအပ်လာတာပဲနော်...."
"....သခင်လေးမှာ ကောင်မလေးရှိနေပြီလား...."
အိမ်တော်ထိန်းမှာ အပျော်လွန်နေ၍ သူ့မျက်ခုံးများပင် ပျံတက်တော့မယောင်။
" ဒါ ပျော်စရာပဲကို သခင်မက ဘာလို့ မပျော်တာလဲမသိဘူး သခင်လေးရဲ့ကောင်မလေးကို စိတ်တိုင်းမကျလို့များလား....."
မဒမ်ကျန်း သက်ပြင်းသာသာချကာ ခေါင်းကိုယမ်းလိုက်သည်။
"လူချင်းတွေ့ရင် သိလိမ့်မယ်...."
အိမ်တော်ထိန်းအနေဖြင့် သခင်မက သခင်လေး၏ ကောင်မလေးကို စိတ်တိုင်းမကျ၍ဟုသာ နားလည်လိုက်ပြီး မဒမ်ကျန်းကို နှစ်သိမ့်ပေး လိုက်သည်။
"....သားမြေးတွေလည်း တစ်ချိန်ချိန်မှာ သူတို့ကိုယ်ပိုင် သားမြေးတွေ ရှိလာမှာပဲလေ သခင်မ စိတ်ပူနေဖို့ မလိုပါဘူး ....."
မဒမ်ကျန်းက ခေါင်းဆတ်လိုက်သည်။
"....မျှော်လင့်ရတာပဲ..."
....
ကျန်းဟန်ရှု အငှားအိမ်သို့ ပြန်ရောက်လာပြီးနောက် ဖုကျန်းကို သူအိမ်မှ ယူလာသော စတော်ဘယ်ရီပိုင်မုန့်ကို ပေးလိုက်သည်။
ဖုကျန်းက အခုမှ စားပြီးကာစဖြစ်သည်။ သူ မျက်မှောင်မကြုတ်လိုက်ခင်မှာပင် ကျန်းဟန်ရှုက ပြောလိုက်သည်။
"....ကိုယ် ဝယ်လာတာမဟုတ်ဘူး အိမ်ကယူလာတာ...."
ဖုကျန်း မျက်ခုံးပင့်ကာ ရုတ်တရက် ပြုံးလိုက်ပုံလေးက အနည်းငယ် ချစ်ဖို့ကောင်းနေ၍ ကျန်းဟန်ရှု တစ်ယောက် မတတ်သာဘဲ လက်ကိုမြှောက်ကာ သူ့ခေါင်းကို ထိလိုက်သည်။
ကိတ်၏ စတော်ဘယ်ရီအားလုံးမှာ လတ်ဆက်ပြီး cream ကလည်း မအီပေ။ ဖုကျန်းမှာ ထိုကဲ့သို့ အရသာရှိသောကိတ်မျိုး မစားဖြစ်တော့သည်မှာ အချိန်ကြာလှပြီဖြစ်သည်။ ကျန်းဟန်ရှုက သူ့အတွက် ယူလာသောကြောင့်ဖြစ်မည်ထင်သည် ကိတ်မှာ ပုံမှန်ထက် ပိုအရသာရှိနေသည်။
ကျန်းဟန်ရှုသည် ဖုကျန်းကို ထိုင်ကြည့်နေသည်။ မီးရောင်မှာ သူ၏ ဆံနွယ်အနက်ရောင်ပေါ်သို့ ကျနေပြီး ဆံပင်အဖျားများမှာ အနည်းငယ် အညိုရောင်သမ်းနေသည်။ ကျန်းဟန်ရှုက မေးလိုက်သည်။
"....အရသာရှိလား....."
"....အင်း......"
ဖုကျန်းက လိမ္မာသော ဟမ်းစတားပေါက်စလေးကဲ့သို့ ခေါင်းညိတ်လိုက်သည်။
ကျန်းဟန်ရှု လက်ကိုမြှောက်ကာ ဖုကျန်း၏ နှုတ်ခမ်းထောင့်စွန်းရှိ အဖြူရောင် cream ကို လက်မဖြင့် သုတ်ပေးလိုက်သည်။
ဖုကျန်း ရပ်လိုက်ပြီး ထိုမြင်ကွင်းမှာ အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ နှစ်သစ်ကူးည သူငွေရှင်းပြီးချိန်တွင် ရေခဲမုန့်နှစ်ခုဝယ်စဉ်ကလည်း ကျန်းဟန်ရှုသည် ယခုကဲ့သို့ပင် သူ့နှုတ်ခမ်းထောင့်ကcreamကို သုတ်ပေးခဲ့သည်။
အာရုံပြန်ကပ်လာပြီးနောက် ဇွန်းဖြင့် ကိတ်ကိုသေးသေးလေးဖဲ့ကာ ကျန်းဟန်ရှု၏ ပါးစပ်နားသို့ ထိုးပေးလိုက်သည်။
ကျန်းဟန်ရှုက သာသာလေး ခေါင်းယမ်းလိုက်သည်။
ဖုကျန်း၏မျက်လုံးများမှာ သူ့(ကျန်း)ပုံရိပ်ကို ပြန်မြင်နိုင်လောက်အောင်ပင် လင်းလက်တောက်ပနေသည်။ ကျန်းဟန်ရှု၏ မျက်နှာအနီးသို့ နွေးထွေးချိုမြိန်သော စတော်ဘယ်ရီသီးအနံ့ကို ယူ‌လာရင်း မေးလိုက်သည်။
"....မစားဘူးလား...."
ကျန်းဟန်ရှု ခေါင်းခါပြလိုက်သည်။ ဖုကျန်းသည် ကိတ်ကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး နှုတ်ခမ်းထောင့်မှ creamကို လျက်ရန် ပန်းရောင်လျာသေးသေးလေးကို ထုတ်လိုက်သည်။
ကျန်းဟန်ရှု၏မျက်ဝန်းများမှာ ချက်ခြင်း မှောင်မိုက်သွားသည်။ ရှေ့တစ်လှမ်းတိုးကာ ဖုကျန်း၏မျက်နှာနားအထိ ကိုယ်ကိုကိုင်းလိုက်ပြီး ဖုကျန်းနှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်ရင်း ချိုမြိန်မှုကို စုပ်ယူရန် အနမ်းကို ပိုမိုနက်ရှိုင်းလိုက်သည်။
အချိန်အတော်ကြာမှ ဖုကျန်းကိုလွှတ်ကာ ပြောလိုက်သည်။
"....ကိုယ်စားပြီးသွားပြီ...."
စိတ်လှုပ်ရှားသည်လား ရှက်သည်လားတော့မသိ ဖုကျန်းမှာ တစ်မဟုတ်ချင်း နီမြန်းသွားလေသည်။ ပူနေသော ပါးပြင်ကို ပွတ်သပ်ကာ မကုန်သေးသောကိတ်ကို ဘူးထဲထည့်၍ မနက်ဖြန်မှစားရန် ပြတင်းပေါက်ဘောင်ပေါ်သို့ တင်လိုက်သည်။
ကျန်းဟန်ရှုက ထိုင်ချလိုက်ပြီး ဖုကျန်း၏ ကွန်ပျူတာကိုကြည့်ကာ မေးလိုက်သည်။
".ဒီနေ့ ပုံဆွဲဖို့ ဘယ်လောက်ကြာမှာလဲ...."
"....ပြီးတော့မှာ....."
"...စောစောအိပ် နောက်ကျတဲ့အထိ မနေနဲ့......"
ဖုကျန်း နာခံမှုရှိစွာ ခေါင်းငြိမ့်လိုက်သည်။
ကျန်းဟန်ရှုက လက်ကိုဆန့်ကာ သူ့နားရွက်ကို ထိုးပြရင်း‌ ပြောလိုက်သည်။
"....ကိုယ် ဟိုဘက်အခန်းကနေ ကြားရတယ်နော်...စောစောအိပ်တော့...."
"....သိပါပြီ...."
ဖုကျန်း လိမ်လိမ်မာမာဖြင့် ပြန်ဖြေလိုက်သည်။
ကျန်းဟန်ရှုထွက်သွားပြီးနောက်..
ဖုကျန်းက ပန်းချီကားတစ်ချပ်လုံး ပိုမိုဟန်ချက်ညီသွားစေရန် အရောင်အနည်းငယ် ဖြည့်စွက်လိုက်ပြီး စာရေးဆရာထံ ပို့လိုက်သည်။ စာရေးသူမှာ အွန်လိုင်းဖြစ်မနေ၍ ဖုကျန်းကိုစာမပြန်ခဲ့။ သို့သော် နောက်နေ့မနက် သူ‌နိုးချိန်တွင် ငွေလွှဲဝင်သံကို ကြားလိုက်ရပြီး စာရေးသူက သူ့ကို ဖုန်းခေါ်ထားသည်ကိုလည်း တွေ့လိုက်ရသည်။
...
ဒီနေ့က ဖုကျန်းအတွက် ရှားရှားပါးပါး အားလပ်ရက်ပဲ။ သူ ကျန်းဟန်ရှုနှင့် ရုပ်ရှင်ထွက်ကြည့်ကာ နေ့လည်စာစားပြီး အပန်းဖြေဥယျာဉ်သို့ အကြာကြီး လည်ပတ်ခဲ့သည်။
သူပြန်လာချိန်တွင် နွေဦးဟွာရှန်း၏ မိတ်ဆက်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဧည့်ခန်းထဲက တီဗီတွင် ပြသနေသည်။ ဖုကျန်းသည်လည်း ထိုရုပ်ရှင်မှာ အတိတ်က သူရိုက်ခဲ့တဲ့တစ်ခုလားသိချင်၍ ကျန်းဟန်ရှုနှင့်အတူ ဆိုဖာပေါ် ထိုင်ခဲ့သည်။
ပွဲ၏အစီအစဉ်တင်ဆက်သူမှာ အပြာရောင်ဝတ်စုံရှည် ဝတ်ဆင်ထားသော မိန်းမပျိုလေးဖြစ်သည်။ သူမက ဒါရိုက်တာကျောက်ကျင်ကို မေးလိုက်သည်။
"....ချွန်းဟွာရှန်းဆိုတဲ့နာမည်ကို ဘာလို့ရွေးခဲ့တာလဲ ထူးခြားတဲ့ အဓိပ္ပါယ်တစ်ခုခု ရှိလို့လား...."
"....ကျွန်တော်ငယ်ငယ်က အဖေက တောင်တက်ဖို့ ခေါ်သွားလေ့ရှိတယ် ကျွန်တော်တို့တက်ခဲ့တဲ့ တောင်နာမည်က ဟွာတောင်တဲ့ တောင်တက်ရင်း အဖေက လမ်းမှာ ဘဝနေနည်း‌တွေကို သင်ပြပေးခဲ့တာ အဖေက ကျွန်တော့်အတွက်တော့ ‌တောင်တန်းတစ်ခုလိုပဲ လေဒဏ်မိုးဒဏ်ကနေ ကာကွယ်ပေးပြီး အမြင့်ရောက်အောင် မြှင့်တင်ပေးတဲ့သူပါ...."
အစီအစဉ်တင်ဆက်သူက မေးလိုက်သည်။
"....ချွန်းဟွာတောင် ကျွန်မတော့ အဲဒီ့တောင် ဘယ်နားရှိမှန်း မသိဘူး..."
ဒါရိုက်တာက ခေါင်းယမ်းလိုက်သည်။
".ငယ်ငယ်က ဖြစ်ခဲ့တာဆိုတော့ ကောင်းကောင်း မမှတ်မိတော့ဘူး ချွန်းဟွာတောင်က နာမည်ပြောင်းသွားတာနေမှာပေါ့....."
အစီအစဉ်တင်ဆက်သူမှာ ချွန်းဟွာတောင်အကြောင်း မမေးတော့ဘဲ ဒါရိုက်တာကျောက်ကျင်နှင့် သူ့သားအကြောင်းသာ မေးတော့သည်။
"ဒါရိုက်တာကြီးပြောသွားတာ အရမ်းကောင်းတာပဲ ကျွန်မထင်တယ် ကျွန်မတို့ရဲ့ ကြည့်ရှုသူတွေထဲမှာလည်း ဆင်တူတဲ့အတွေ့အကြုံတွေရှိမယ်လို့ ထင်ပါတယ် ပြီးတော့ ရုပ်ရှင်က လွန်ခဲ့တဲ့ နှစ်နှစ်က ရိုက်ခဲ့တာလို့ကြားတယ် ဘာလို့ အခုမှ လွှင့်တာလဲ...."
ကျောက်ကျင်က သက်မ ချရင်း ဖြေလိုက်သည်။
"လွန်ခဲ့တဲ့၂နှစ်က ကျွန်တော်တို့မိသားစုထဲမှာ ကိစ္စတစ်ခု ဖြစ်သွားလို့ ရုပ်ရှင်ကို ယာယီရပ်ဆိုင်းထားလိုက်တာ...."
"....ပြီးတော့ ကျွန်မကြားတာက ဒီရုပ်ရှင်ရိုက်တုန်းက ရန်ပုံငွေမလုံလောက်လို့ တက်သစ်စလေးတွေနဲ့ ရိုက်ခဲ့ရတာဆို...."
ကျောက်ကျင်သည် ခေါင်းညိတ်ကာ အစီအစဉ်တင်ဆက်သူ၏စကားကို သံယောင်လိုက်ခဲ့သည်။
"....ဟုတ်တယ် အဲ့အချိန်တုန်းက ကျွန်တော်က နာမည်မရှိဘူးလေ ရင်းနှီးမြှုပ်နှံမယ့်သူက စာပေရုပ်ရှင်အနေနဲ့ပဲ တွေ့ခဲ့တာ သူတို့က ရင်းနှီးဖို့ အစီအစဉ်မရှိဘူး ဒါပေမယ့် ကျွန်တော် လက်မလျော့ခဲ့ဘူး ဒီရုပ်ရှင်က ဆုံးပါးသွားတဲ့ ကျွန်တော့အဖေအတွက် အမှတ်တရရိုက်ထားတာ ပြီးတော့ နှစ်တွေအများကြီး ပြင်ဆင်ခဲ့ရ‌လို့ ဒါကို ပိတ်ကားပေါ်မှာ မဖြစ်မနေကို ပြရမှဖြစ်မှာ ငွေကြေးအတွက် ကျွန်တော့်ဇာတိမြေက အိမ်နဲ့ ကားအသစ်ကိုတောင် ရောင်းခဲ့တယ်...."
"....တကယ်ကို ရင်ထဲထိစရာပဲ ရှင့်အဖေက ကောင်းကင်ဘုံကနေ ချွန်းဟွာရှန်းကိုကြည့်ရင်း ကျေနပ်နေမယ်လို့ ယုံကြည်ပါတယ်...."
............
‌တီဗီမှာ ပြနေတဲ့ ကျောက်ကျင်ရဲ့ သူတို့သားအဖကြားက ရင်းနှီးချစ်ခင်မှုတွေ ဒီရုပ်ရှင်ရိုက်ဖို့ ဘယ်လိုကြုံတွေ့ခဲ့ရတာတွေ အဖေကောင်းဖြစ်ဖို့ ဘယ်လိုလုပ်ခဲ့တာတွေ အဲဒါတွေကို နားထောင်ရတာ ....
ဖုကျန်းမှာ အမူအယာမဲ့နေပြီး ကျောက်ကျင်၏အဖေသည် ကောင်းကင်မှဆင်းလာကာ ကျောက်ကျင်ကို ပါးလာချလိမ့်မည်မလားဟုသာ တွေးနေသည်။
တကယ့် ချွန်းဟွာတောင်အစစ်မှာ ကျောက်တောင်သေးသေးလေးသာဖြစ်ပြီး ဖုအိမ်တော်၏ အနောက်ဘက်ပန်းခြံလေးထဲတွင်ရှိသည်။ သူစာစသင်ချိန်တွင် မြင်မြင်သမျှကို နာမည်ပေးရသည်အား နှစ်သက်ပြီး ထိုကျောက်တောင်သေးသေးလေးကို ချွန်းဟွာဟု အမည်ပေးခဲ့သည်။
ကြည့်ရတာ တစ်ဖက်လူက သူအပိတ်ခံထားရတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရုပ်ရှင်ကို ထုတ်လွှင့်ဖို့ ကြံနေသလိုပဲ ဒါပေမယ့် နောက်ကွယ်မှာ ဘယ်သူရှိနေလဲ မသိရဘူး
ကြည့်ရတာ ထန်ဝမ်ဝမ်လား ဖုကျန်းချန်လား ဒါမှမဟုတ် သူမြှုပ်ခဲ့တဲ့သေတ္တာကို ရှာတွေ့တဲ့တစ်ယောက်ယောက်ပဲလား ဘယ်သူပဲဖြစ်ဖြစ် သူ့လက်က မလွတ်စေရဘူး
ဖုကျန်း အခန်းပြန်ကာ သူ၏ အရင်က Baidu cloud account ကို log in ဝင်ရန် ကွန်ပျူတာကို ထုတ်ခဲ့သည်။ အဲဒီ့အထဲတွင် ချွန်းဟွာရှန်း၏ မူရင်းဗားရှင်းသာမက ရိုက်ကူးစဉ်က ဟာသဗီဒီယိုများရော သရုပ်ဆောင်များက ဖုကျန်းချန်ကို ဆုတောင်းနေသောဗီဒီယိုများပါ ရှိနေသည်။ ဒါတွေကိုထုတ်ပြလိုက်သည်နှင့် ကျောက်ကျင်က သေချာပေါက် ကျရှုံးသွားမှာပင်။
မေးခွန်းက ဒါတွေကို ဘယ်အချိန်မှာ ထုတ်ပြရမှာလဲ
တကယ်လို့ အတိတ်တွင်သာဆိုလျှင် ဖုကျန်းချန်အတွက် လက်ဆောင်ကို ညှိုးနွမ်းစေသူ မည်သူ့ကိုမျှ သူခွင့်လွှတ်မည်မဟုတ်ချေ။ ကျောက်ကျင်ကို ပထမဆုံး ထုတ်ဖော်မည်ဖြစ်သည်။ သို့သော် အတိတ်တွင်သာဆိုလျှင် ကျောက်ကျင်သည်လည်း ထိုရုပ်ရှင်ကို သူ့နာမည်အောက်သို့ ထားရဲမည်မထင်။ နာမည်မှာ ထုတ်လွှင့်ပြီးဖြစ်သည်။
ယခုတွင်တော့ တတ်နိုင်သလောက် အကျိုးရှိရန် သူဘယ်လိုလုပ်သင့်သလဲဆိုတာကိုသာ စဉ်းစားနေမိသည်။