Chapter 122
Viewers 32k

🌍Chapter 122




သင်္ဘောကျင်းဘေးရှိ သစ်သားခန်းငယ်အတွင်း၌…


အနက်ရောင်မျှော်စင်၏စကားသံအဆုံးသတ်ပြီးနောက် အခန်းတွင်းရှိ လူလေးယောက် တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာ စိုက်ကြည့်လိုက်ကြသည်။ လူလေးယောက်က ယခုပင် အပြင်ထွက်ကြတော့မည်ဖြစ်၏။


မိုးလင်းနေပြီဖြစ်၍ လင်းရီက ဆပ်ကပ်အဖွဲ့၀န်းကျင်တွင် ပုန်းကွယ်ကာ အတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။ ကျန်လေးယောက်က အဖွဲ့များခွဲကာ မနေ့က မစ္စတာBပျောက်ကွယ်သွားသည့်တည်နေရာပတ်၀န်းကျင်ကို ရှာဖွေကြမည်ဖြစ်သည်။


သူတို့မထွက်ခွာရသေးမီ အနက်ရောင်မျှော်စင်၏သတင်းစကားကို ကြားလိုက်ရလေသည်။


မျက်မှန်နှင့်လူက အဖွဲ့၀င်များကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


“အခု အနက်ရောင်မျှော်စင်ရဲ့ကြေညာချက်ကို ကြားလိုက်ကြတယ်မလား…”


ကျန်သုံးယောက် ခေါင်းငြိမ့်လိုက်ကြသည်။


မျက်မှန်နှင့်လူ ပြောလိုက်၏။


“ဒီနေ့က ဒုတိယမြောက်နေ့ပဲ…ဆန်းကြယ်တဲ့ ဆပ်ကပ်အဖွဲ့အံ့ဩဖွယ်ညက နောက်ခြောက်ရက်ကြာရင် ကျင်းပတော့မယ်…အနက်ရောင်မျှော်စင်က ‘စုံ‌ထောက်ရဲ့အထင်သေးမှု'သက်ရောက်မှုကို စတင်လိုက်ပြီပြောတယ်…သုံးရက်ကြာတိုင်း မွန်းစတားရဲ့တည်နေရာကို ကြေညာပေးမယ်တဲ့…ဆိုလိုတာက ခြောက်ရက်အတွင်း တည်နေရာနှစ်ကြိမ်ကြေညာပေးလိမ့်မယ်…”


လောင်လီ ရုတ်တရက် မေးလိုက်သည်။


“ခေါင်းဆောင် ဒါဆို ငါတို့ အခု မွန်းစတားရဲ့တည်နေရာကို ရှာဖို့မလိုဘူးလို့ ပြောချင်တာလား…”


မျက်မှန်နှင့်လူ အချိန်အတော်ကြာတွေးပြီးနောက် ပြန်ဖြေလိုက်သည်။


“မဟုတ်ဘူး…အနက်ရောင်မျှော်စင်က ငါတို့ကို သဲလွန်စသုံးခုပေးသွားတယ်…ပထမသဲလွန်စက ကစားသမားတွေက ‌ အနက်ရောင်မျှော်စင်ဘော့စ်နှစ်ယောက်ကို မယှဉ်နိုင်တာကြောင့် ဒီသက်ရောက်မှုကို စတင်လိုက်တာပဲ…ဂိမ်းကို တရားမျှတစေဖို့ အနက်ရောင်မျှော်စင်က ကစားသမားတွေကိုဦးစားပေးခဲ့တာပဲ…ဒုတိယသဲလွန်စက အနက်ရောင်မျှော်စင်က မွန်းစတားရဲ့တည်နေရာကို ကြေညာလိမ့်မယ်…ဆိုလိုတာက…”


မျက်မှန်နှင့်လူ အခန်းအလယ်ရှိ သဲစားပွဲရှိရာသို့ လျှောက်သွားလိုက်သည်။ ကျန်အဖွဲ့၀င် သုံးယောက်က ခေါင်းဆောင်နောက် လိုက်သွားကြလေသည်။ 


မျက်မှန်နှင့်လူက မနေ့က သူ့ကိုယ်တိုင်ဆွဲထားသည့် စက်ဝိုင်းကို ညွှန်ပြလိုက်သည်။ မနေ့က သူတို့ငါးယောက် တန်ပြန်အစီအစဉ်ဆွေးနွေးနေချိန်၌ သူ မစ္စတာBပျောက်ကွယ်သွားသည့်နေရာတွင် စက်ဝိုင်းနှစ်ဝိုင်းဆွဲခဲ့သည်။ ပထမစက်ဝိုင်းသေးငယ်သော်လည်း သူက မစ္စတာB၏ထူးခြားသည့်စွမ်းရည်များကို ထည့်တွက်ပြီး ပိုကြီးမားသည့် ဒုတိယစက်ဝိုင်းကို ဆွဲခဲ့သည်။


ယနေ့ သူတို့လေးယောက် ထိုစက်ဝိုင်းအတိုင်းအတာထဲတွင် မစ္စတာAနှင့်မစ္စတာBကို လိုက်ရှာရန် စီစဉ်ထားကြခြင်းဖြစ်သည်။


မျက်မှန်နှင့်လူ ထင်ကြေးပေးလိုက်သည်။


“ အနက်ရောင်မျှော်စင်က ငါတို့ကို မွန်းစတားရဲ့တည်နေရာပြောပြမယ်….ဒါက ငါတို့ ကိုယ့်ဖာသာ မွန်းစတားကို ရှာမတွေ့နိုင်ချေ၈၀%ရှိတယ်လို့ ဆိုလိုတယ်…”


သူ ဆွဲထားသည့်စက်ဝိုင်းကို ဖျက်လိုက်သည်။


“မွန်းစတားက ဒီနေရာမှာ မရှိနိုင်ဘူး…မစ္စတာBရဲ့ခွန်အားက ငါ ထင်ထားထက် ပိုသာလွန်လိမ့်မယ်…သူ မွန်းစတားကို  မဖွက်ထားဘူး…ဒါပေမဲ့ အဲ့နေရာကို ငါတို့မသိနိုင်ဘူး…”


အဖွဲ့၀င်များ ကြောင်သွားကြလေသည်။


“ခေါင်းဆောင် ဒါ ဘာကိုဆိုလိုတာလဲ…”


မျက်မှန်နှင့်လူ ရှင်းပြလိုက်သည်။


“လောင်လီ မနေ့က ခင်ဗျားနဲ့ရှောင်ရီ မစ္စတာBနောက် နောက်ယောင်ခံလိုက်သွားကြတယ်မလား…သင်္ဘောကျင်းမှာ ငါတို့အားလုံး မွန်းစတားရဲ့ရထားလုံး အရမ်းလေးတာတွေ့နိုင်တယ်…မစ္စတာBရဲ့ခြေရာက နက်ပြီး ရထားလုံးရာကလည်း နက်တယ်…ဒါမျိုးကို ချက်ချင်းရှာတွေ့နိုင်တယ်…ဟုတ်တယ်မလား…”


လောင်လီ ခေါင်းငြိမ့်လိုက်သည်။


“ဟုတ်တယ်…မွန်းစတားက ကြီးပြီး‌ လေးလောက်တယ်…အဲ့ဒါကို စောင့်ကြည့်နေသူတိုင်းမြင်တယ်…”


မျက်မှန်နှင့်လူက သဲပုံကြီးကို ညွှန်ပြလိုက်သည်။


“မစ္စတာBက ရထားလုံးကြီးကို ဆွဲသွားတာမလား…လေးလွန်းလို့ ခြေရာတွင် ကျန်ခဲ့တယ်…သူ ဘယ်လောက်ပဲမြန်မြန်ပြေးပြေး ခြေရာတွေကတော့ ကျန်ခဲ့မှာပဲ…ဒီနေရာကနေ ဒီနေရာ…”


သူ သဲပေါ်တွင် လမ်းကြောင်းဆွဲလိုက်သည်။


“သူ ပြေးသွားတာမဟုတ်ဘူး…သူ မြေအောက်နိုင်ငံရဲ့ကျောက်လမ်းပေါ် ပျောက်သွားတာ…ခြေရာတွေ ကျန်ခဲ့နိုင်တဲ့လမ်း မဟုတ်ဘူး…”


လောင်လီ ဤတစ်ကြိမ်တွင် ချက်ချင်းတုံ့ပြန်လိုက်သည်။ 


“သူ ရုတ်တရက် ပျောက်သွားတာက ခြေရာ‌‌တွေ မချန်ထားချင်လို့ပေါ့…”


သူတို့ ထိုအကြောင်းကို ယခင်က စဉ်းစားမိခဲ့သင့်လေသည်။ သူတို့က မစ္စတာBအနီးတစ်နေရာတွင်သာ ပုန်းနေသည်ဟု ယူဆခဲ့ကြသောကြောင့် ဤသော့ချက်ကို လျစ်လျူရှုခဲ့မိခြင်းဖြစ်သည်။


“ငါ မစ္စတာBရဲ့ခွန်အားကို လျှော့တွက်ခဲ့မိတယ်...”


မျက်မှန်နှင့်လူ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။


“ငါ ထင်တာသာမှန်ရင် သူ ရထားလုံးကို မြေအောက်နိုင်ငံမြို့‌တော်ရဲ့ဘယ်နေရာမဆို‌‌ ရွှေ့သွားလို့ရတာပဲ…အဲ့ဒါကြောင့် အနက်ရောင်မျှော်စင်က ငါတို့သုံးရက်အတွင်း မရှာနိုင်ဘူးလို့ယူဆလို့ ဒီအကျိုးကျေးဇူးကို ပေးခဲ့တာ…တကယ်တော့ ဒီအချက်က တကယ်အကျိုးရှိတယ်…မစ္စတာBက ကျောက်လမ်းအနားတစ်နေရာမှာ ပုန်းနေတာဖြစ်နိုင်တယ်…သူ ခြေရာမချန်ခဲ့ချင်လို့ မြေလမ်းတွေပေါ် သွားမှာမဟုတ်ဘူး…လောင်လီ၊ ရှောင်ချန်း၊ အစ်ကိုဟောင် ဒီသုံးရက်အတွင်း မြို့တော်မှာရှိတဲ့ကျောက်လမ်းတွေအတိုင်း သွားကြမယ်…မစ္စတာA၊ မစ္စတာBနဲ့မွန်းစတားကောင်ကို ရှာတွေ့မှဖြစ်မယ်…”


“အိုကေ…”


နောက်သုံးရက်အထိ တာ၀န်ကို ရှင်းပြပြီးနောက် ရှောင်ချန်း စူးစမ်းစွာ မေးလိုက်သည်။


“ခေါင်းဆောင် ‘စုံထောက်ရဲ့အထင်သေးမှု'က သဲလွန်စသုံးခုကို ပြောပြတယ်လို့ပြောတယ်…ခေါင်းဆောင် နှစ်ခုပြောပြီးသွားပြီ…အနက်ရောင်မျှော်စင်က ကစားသမားတွေမှာ အားနည်းချက်ရှိတယ်လို့ယုံကြည်တယ်…မစ္စတာBက မွန်းစတားကို ကျောက်လမ်း‌တွေနား ဖွက်ထားနိုင်တယ်…တတိယသဲလွန်စကရော…”


ခေါင်းဆောင်က မျက်မှန်ကို တွန်းတင်ကာ ပြောလိုက်သည်။


“အနက်ရောင်မျှော်စင်က ပြောသွားတာ မကြားဘူးလား…မစ္စတာAနဲ့မစ္စတာBကကစားသမား၂၁ယောက်နဲ့ ကစားနေတယ်တဲ့…”


ကျန်သုံးယောက် အံ့ဩသွားကြသည်။


မျက်မှန်နှင့်လူ သက်ပြင်းချလိုက်သည်။


“ကစားသမား၂၃ယောက်ကနေ ညတွင်းချင်း၂၁ယောက်ဖြစ်သွားတယ်…ကစားသမားနှစ်ယောက်လျော့သွားတယ်…ဒါက ဘာကိုဆိုလိုတာလဲ…မနေ့က သင်္ဘောကျင်းမှာ တွေ့ခဲ့တဲ့ယောကျာ်းနဲ့သူ့အဖော်ကို မစ္စတာAနဲ့မစ္စတာB သတ်ပစ်လိုက်ပြီလို့ဆိုလိုတာ…”

(အမှန်ဆို ၁၉ ဖြစ်ရမှာ ပထမ ပြောထားတုန်းက သူတို့နှစ်ယောက်ပါ အပါ ၂၃ယောက်ဆိုတော့လေ ဒါမဲ့သူ့တိုင်းပြန်လိုက်တယ်နော်🥲)


***


စွန့်ပစ်အဆောက်အအုံ ဒုတိယထပ်၌…


၀မ်ရင်းကွေ့ နိုးလာပြီး အမှောင်ထဲတွင် မျက်လုံးများ ဖွင့်လိုက်လေသည်။ သူ အလွန် ထိတ်လန့်တကြီးဖြင့် မတ်တပ်ရပ်ကာ ထွက်ပြေးချင်သော်လည်း လက်က ကြမ်းပြင်ပေါ်တွင် စည်းနှောင်ခံထားရပြီး မတ်တပ်ရပ်လိုက်သောအခါ တစ်စုံတစ်ခုကို တိုက်မိသွားပြီး နောက်ပြန်လဲကျသွားလေသည်။ သူ


မကြာမီပင် သူ သတိမလစ်သွားမီ အဖြစ်အပျက်ကို ပြန်သတိရလာ၏။


သူ မစ္စတာAဖမ်းတာ ခံလိုက်ရတယ်…


မနေ့က သင်္ဘောကျင်းတွင် မစ္စတာB သူ့ကို ရုတ်တရက်ရှာတွေ့သွားလေသည်။ ဝမ်ရင်းကွေ့ ‌ကြောက်လန့်တကြီး ထွက်ပြေးခဲ့ပြီး သူ့အဖော်ကို မရှာမီ ငါးမိနစ်ခန့် လမ်းပတ်လျှောက်ခဲ့သည်။ သူ မစ္စတာBမေ့လောက်သွားပြီဟု တွေးခဲ့သော်လည်း မစ္စတာA ပေါ်လာပြီး သူနှင့်သူ့အဖော်ကို ဖမ်းသွားလေသည်။


၀မ်ရင်းကွေ့ နားမလည်နိုင်ပေ။ သူ့‌အထောက်အထားကို မစ္စတာAနှင့်မစ္စတာB တစ်ချက်တည်းနှင့် ရှာတွေ့လောက်အောင် ထူးထူးခြားခြား မလုပ်မိခဲ့ပေ။ ‌သူ့ခေါင်းပေါ်တွင် မစ္စတာAနှင့်Bကဲ့သို့ စာတန်းလည်းမရှိပေ။


၀မ်ရင်းကွေး ပဟေဋိဖြစ်သွားသည်။ မစ္စတာA သူနှင့်သူ့အ‌ဖော်ကို ရှာတွေ့ပြီးနောက် သူတို့ ပြန်မတိုက်ခိုက်ရသေးမီ တစ်မိနစ်ထက် နည်းသည့် အချိန်တိုလေးတွင် မစ္စတာA သူတို့ကို အနိုင်ရသွားလေသည်။


“မဟုတ်သေးပါဘူး…လူအိုကြီးနျောင်နဲ့ငါ သူတို့ခေါင်းပေါ်က စာတန်းကို မမြင်ချင်ယောင်ဆောင်တာပဲ…သူတို့ ငါတို့က ကစားသမားဆိုတာ၊ သူခိုးတွေဆိုတာ ဘယ်လိုလုပ် သေချာသိနေတာလဲ…”


အချိန်အတော်ကြာပြီးနောက် ၀မ်ရင်းကွေ့ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။


“ခဏနေဦး…ဒီနေရာက ဘယ်နေရာလဲ…ငါ သေသွားပြီလား…မဟုတ်ဘူး…ငါ မသေသေးဘူး…အသက်ရှင်နေသေးတယ်…”


၀မ်ရင်းကွေ့ အမှောင်ထုထဲတွင် လက်ဆန့်ကာ ပတ်၀န်းကျင်ကို စူးစမ်းလိုက်သည်။ မကြာမီပင် သူ အစွန်းကို စမ်းလိုက်မိလေသည်။ ဤနေရာက သေးငယ်သည့်လှောင်အိမ်ဖြစ်သည်။ အလွန်သေးငယ်သည့်အတွက် မတ်တပ်ရပ်လိုက်သည့်အခါ ခေါင်းကို သွားရိုက်မိခြင်းဖြစ်လေသည်။ သူ အကျဉ်းချခံထားရလျှင် အခြားဘာမှလုပ်နိုင်မည် မဟုတ်ပေ။ သူ တုံ့ဆိုင်းနေပြီးနောက် တိုးတိုးအော်ခေါ်လိုက်သည်။


“လူအိုကြီးနျောင်…”


တိတ်ဆိတ်မှုက သူ့ကို အဖြေပြန်ပေးလေသည်။


၀မ်ရင်းကွေ့ ထပ်ခေါ်လိုက်သည်။


“လူအိုကြီးနျောင်…လူအိုကြီးနျောင် ခင်ဗျား ဒီမှာလား…လူအိုကြီးနျောင်…”


အချိန်အတော်ကြာပြီးနောက် သူ့ဘေးမှ အသံတစ်သံကို ကြားလိုက်ရသည်။ ၀မ်ရင်းကွေ့ ထိုနေရာသို့ သွားချင်သော်လည်း လှောင်အိမ်က တားဆီးနေပေသည်။ သူ အကြိမ်များစွာ ထပ်ခေါ်လိုက်ပြီးမှ သူ့အဖော်ကို နှိုးနိုင်ခဲ့ပေသည်။ ၀မ်ရင်းကွေ့ သူ့အဖော်ကို လက်ရှိ အခြေအနေကို ပြောပြလိုက်သည်။ 


လူအိုကြီးနျောင် ပတ်ပတ်လည်ကို စူးစမ်းပြီးနောက် ပြောလိုက်သည်။


“ငါရောပဲ လှောင်အိမ်ထဲ ရောက်‌နေတယ်…မတ်တပ်မရပ်နိုင်ဘူး…”


၀မ်ရင်းကွေ့ ပြန်ဖြေလိုက်သည်။


“မင်း‌ပဲပြောကြည့်…ငါတို့ ဘယ်နေရာရောက်နေတာလဲ…မစ္စတာAနဲ့မစ္စတာBက ဘာလို့ ငါတို့ကို မသတ်တာလဲ…”


“သူ ငါတို့ကို မသတ်သေးတာက ငါတို့ကို အသုံးချစရာရှိသေးလို့ ဖြစ်နိုင်တယ်…”


လူအိုကြီးနျောင် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ 


“ဟုတ်တယ်…မြေအောက်နိုင်ငံသားတွေက ကစားသမားတွေကို မွန်းစတားတွေလို စားကြမှာမဟုတ်ဘူး…သူတို့ ငါတို့ကို ပိုက်ဆံနဲ့ရောင်းစားလောက်တယ်…အရင်လက ငှက်ပျောသီးအရက်ဆိုင်ရဲ့စုဝေးပွဲဖြစ်စဉ်ကို ကြည့်ပါလား…ဘနားနားဝိုင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ရောချက်ထားတာ…သူတို့ ငါတို့ကို အဲ့မှာ ရောင်းလောက်တယ်…ဒါ တော်‌တော်ဆိုးဆိုးပဲ…လောင်ရင်း…”


၀မ်ရင်းကွေ့က သေခြင်းတရားကို စိုးရိမ်ပူပန်နေသည့် အဖော်ကို နှစ်သိမ့်ပေးမည်ပြုစဉ် ထူးဆန်းသောအသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံက ကြမ်းပြင်မှ သူတို့ဆီသို့ ရွေ့လျားလာလေသည်။ 


အသံကို နားထောင်ကြည့်ရသလောက် အသံပိုင်ရှင်မှာ ကျိန်းသေပေါက် မွန်းစတားဖြစ်လောက်သည်။ သူ့ခြေလှမ်းများက ကြမ်းပြင်ကို ‌ရိုက်နေသောကြောင့် သူတို့ရှိသည့်လှောင်အိမ်များပင် အနည်းငယ် လှုပ်ခါသွားပေသည်။


လူအိုကြီးနျောင် တံတွေးမျိုချ မေးလိုက်သည်။


“မင်း အသံကို ကြားလား…”


“ကြားတယ်…ဘာသံကြီးလဲ…”


လူအိုကြီးနျောင် ပြန်ဖြေလိုက်သည်။


“ငါလည်း မသိဘူး…ဒါက…”


“ကျစ်ကျစ်…”


အသံတစ်သံ ယောကျာ်းနှစ်ယောက်ရှေ့တွင် ထွက်ပေါ်လာလေသည်။ အသံက နီးကပ်လွန်းသည့်အတွက် မွန်းစတားကြီး သူတို့ရှေ့တွင် ရပ်နေခြင်းဖြစ်နိုင်သည်။ ၀မ်ရင်းကွေ့နှင့် သူ့အဖော်က အမှောင်ထဲတွင်ရှိပြီး သူတို့အမြင်အာရုံကလည်း အလင်းရင်းမြစ်မရှိဘဲ မမြင်နိုင်ပေ။ နှစ်ယောက်သား ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့အသံကြောင့် သူတို့ ပိုမိုကြောက်ရွံ့လာကြလေသည်။ မွန်းစတားကြီးက သူတို့ကို အရုပ်သဖွယ် ဆော့ကစားခြင်း မပြုမီ သူတို့ကို လှောင်အိမ်ထဲ ပစ်ထည့်ထားလေသည်။


မွန်းစတားလှောင်အိမ်ထဲမှ ‌၀မ်ရင်းကွေ့နှင့်လူအိုကြီးနျောင်၏အသံ အဆက်မပြတ် ထွက်ပေါ်လာသည်။


လှောင်အိမ်အပြင်ရှိ ထန်မော့၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူအရာ ဖြစ်ပေါ်နေပေသည်။ သူ လူအိုကြီးနျောင်၏စကားကို ကြားလိုက်ရသည်။


“မစ္စတာAနဲ့Bက ငါတို့ကို မသတ်တာ ပိုက်ဆံနဲ့ရောင်းချင်လို့ဖြစ်မယ်…”


သူ ကူရာမဲ့စွာ ခေါင်းခါလိုက်ပြီး မကြာမီပင် ထိုလူနှစ်ယောက်၏အော်သံကို ကြားလိုက်ရပေသည်။


“ကမ္ဘာကြီး အွန်လိုင်းပေါ် တက်သွားတာတောင် တုံးအနေသေးတယ်…သူတို့က အနက်ရောင်မျှော်စင်ပထမထပ်ကို ရှင်းလင်းနိုင်လောက်အောင် စွမ်းရည်မရှိဘူး…ဒါပေမဲ့ ရှင်းနိုင်ခဲ့တယ်ဆိုတော့ သူတို့ကံက တကယ်ကောင်းရမယ်…”


ဤကစားသမားနှစ်ယောက်၏ကံကြမ္မာက အလွန်ကောင်းပေသည်။  


ဖူ၀မ်သော်က ထိုလူနှစ်ယောက်သည် တိုက်ခိုက်ရေးအဖွဲ့အစည်း၏ပျမ်းမျှအဆင့်လောက်ပင် မသန်မာဟု သုံးသပ်သံကို ကြားဖူးသည်။ တိုက်ခိုက်ရေးအဖွဲ့၀င်များတွင် ချန်ရှန်းရှန်းတစ်ယောက်သာ အနက်ရောင်မျှော်စင်ပထမထပ်ကို ရှင်းလင်းပြီးခြင်းဖြစ်လေသည်။ ကျန်ကစားသမားများ(ဂျက်နှင့်ထန်ရှောင်းအပါအ၀င်)ကို မတော်တဆမှုများမှ ကာကွယ်ရန် လော့ဖုန်းချန်းက နှစ်လအတွင်း အနက်ရောင် မျှော်စင်စမ်းသပ်ပွဲများတွင်သာ ပါ၀င်ရန် တင်းတင်းကြပ်ကြပ် အမိန့်ထုတ်ထားသည်။


ကစားသမားနှစ်ယောက်၏ခွန်အားက မမြင့်မားသလို သူတို့စကားဝိုင်းကို နားထောင်ကြည့်ရသလောက် ဉာဏ်လည်း မကောင်းကြပေ။ သူတို့ အနက်ရောင်မျှော်စင်ကို ကံတရားကြောင့် ဖြတ်ကျော်သွားနိုင်ခဲ့ပုံပေါ်သည်။ ဥပမာအားဖြင့် ဂိမ်းထဲတွင် အဖွဲ့၀င်ကောင်းတစ်ယောက်နှင့် ကြုံတွေ့ရခြင်းဖြစ်နိုင်သည်။ သူတို့ မသေသရွေ့ ထိုအဖွဲ့၀င်‌နောက်လိုက်ကာ အထပ်ကို ရှင်းလင်းနိုင်ပေသည်။


ထို့အပြင် ယခုဂိမ်းတွင် ပိုမိုကံကောင်းကြ‌လေသည်။ သူတို့ရင်ဆိုင်ရမည့် မစ္စတာAနှင့်မစ္စတာBမှာ ထန်မော့နှင့်ဖူ၀မ်သော်ဖြစ်သည်။‌ ဘော့စ်မှာ တကယ့်မြေအောက်နိုင်ငံသားများဖြစ်ခဲ့လျှင် သူတို့ကို ဖမ်းချုပ်ထားမည့်အစား တိုက်ရိုက်သတ်ပစ်နိုင်လေသည်။


အမှန်တွင် ထိုလူနှစ်ယောက်ကို သတ်ပစ်လိုက်ခြင်းက အကောင်း‌ဆုံးရွေးချယ်မှုဖြစ်သည်။ သူတို့ကို သတ်လိုက်လျှင် ရန်သူနှစ်ယောက်လျော့သွားပြီး စိုးရိမ်မှုများလည်း လျော့နည်းသွားမည်ဖြစ်သည်။ သို့သော် ထန်မော့နှင့်ဖူ၀မ်သော်က ထိုနည်းလမ်းကို မရွေးချယ်ခဲ့ပေ။ ထိုအစား သတိလစ်နေသည့်ကစားသမားနှစ်ယောက်ကို လှောင်အိမ်ထဲ ဖမ်းချုပ်ထားပြီး သူတို့ကို စောင့်ကြည့်ရန် စွမ်းအင်များကိုဖြုန်းတီးနေရပေသည်။


လှောင်အိမ်ထဲမှကစားသမားနှစ်ယောက်က သနားစရာကောင်းစွာ အော်ဟစ်နေဆဲဖြစ်သည်။ 


တိုင်ကိုမှီထားသည့်ထန်မော့က “ငါတို့ သူတို့ကိုသတ်ပစ်လိုက်ရင် ပါးစပ်ပိတ်သွားမှာပဲ…”ဟု ပြောလိုက်သော်လည်း လက်တွေ့တွင်မူ ဆက်လက်ရပ်နေဆဲပင်။


နေ့လည်မွန်းတည့်ချိန်တွင် ဖူ၀မ်သော် အပြင်ဘက်မှ ပြန်လာလေသည်။ ထန်မော့ ဖူ၀မ်သော်နောက် ချက်ချင်းလိုက်သွားလိုက်သည်။


“ဘယ်လိုလဲ…”


သံခမောက်အောက်မှ အသံထွက်လာလေသည်။ 


“ပတ်၀န်းကျင်မှာ လူသုံးယောက်လောက်ရှိတယ်…နှစ်ယောက်က ကောင်းကောင်းပုန်းနေနိုင်တယ်…သူတို့ရဲ့အထောက်အထားနဲ့အထူးနံပါတ်ကို ငါ မမြင်နိုင်ဘူး…တစ်ယောက်က သက်လတ်ပိုင်းလူကြီး…”


သူ ကျောက်တုံးတစ်တုံးကို အောက်ယူလိုက်ပြီး နံရံပေါ် မြေပုံဆွဲလိုက်သည်။ မြေပုံက ရိုးရှင်းသော်လည်း တည်နေရာတစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ရေးဆွဲထားလေသည်။


ဤကား ဆန်းကြယ်သည့်ဆပ်ကပ်အဖွဲ့ ပတ်၀န်းကျင်မြေပုံဖြစ်ပေသည်။


“ဒီနေရာ…ဒီနေရာတွေမှာ လူနှစ်ယောက်ပုန်းနေတယ်…”


ဖူ၀မ်သော်  ဆပ်ကပ်အဖွဲ့၏နောက်တွင် ကျောက်တုံးကို သုံး၍ သုံးထပ်အဆောက်အအုံအမှတ်အသား ရေးဆွဲလိုက်သည်။ 


“ဒီအဆောက်အအုံ တတိယထပ်မှာ သက်လတ်ပိုင်းလူကြီး ပုန်းနေတယ်…”


ထန်မော့ မေးလိုက်သည်။


“သူတို့ ခင်ဗျားကို မြင်သွားလား…”


“ဒီနေရာမှာ ပုန်းနေတဲ့သူက ငါ့ကို မြင်သွားတာ ဖြစ်နိုင်တယ်…”


သူ ဘေးဘက်ရှိ ရင်ပြင်ကို ညွှန်ပြလိုက်သည်။


“ငါ ဆပ်ကပ်အဖွဲ့က ထွက်လာတော့ သူ(မ) ငါ့နောက် လိုက်ချင်ပေမဲ့ ငါ ခြေရာဖျောက်ခဲ့တယ်…”


မူလက ထန်မော့နှင့်ဖူ၀မ်သော်တို့ ခုနစ်ရက်မြောက်နေ့မတိုင်မီအထိ အစီအစဉ်‌ဆွဲပြီးသားဖြစ်သည်။ သို့သော် မိုးကောင်းကင်က သူတို့ကို မျက်နှာသာမပေးပေ။ အနက်ရောင်မျှော်စင်က 'စုံ‌‌ထောက်ရဲ့အထင်သေးမှု'သက်ရောက်မှုကိုစတင်ခဲ့လေသည်။ ထိုကြားဖြတ်‌ကြေညာချက်က ထန်မော့၏ အစီအစဉ်ကို ဖျက်ဆီးလိုက်သည်။ ထို့ကြောင့် ထန်မော့ အစီအစဉ် ပြောင်းလဲခဲ့ရပြီး ဖူ၀မ်သော်ကို ဆပ်ကပ်အဖွဲ့ပတ်ပတ်လည် စောင့်ကြည့်ခိုင်းခဲ့၏။ ဆပ်ကပ်အဖွဲ့ပတ်လည်တွင် ပုန်းအောင်းစောင့်ကြည့်နေသည့် ကစားသမားများ ရှိပေသည်။


“လူသုံးယောက်ပဲ ရှိတယ်…လှောင်အိမ်ထဲက ကစားသမားနှစ်ယောက်ကို ဖယ်လိုက်ရင်ကစားသမား၁၉ယောက် ကျန်တယ်…”


ထန်မော့ လှောင်အိမ်ထဲမှ ၀မ်ရင်းကွေ့နှင့်လူအိုကြီးနျောင် မကြားအောင် တိုးတိုးပြောလိုက်သည်။ 


“ဒီလူသုံးယောက်ရဲ့အဖွဲ့မှာ ပျမ်းမျှအဖွဲ့၀င်သုံးလေးယောက်ရှိမယ်လို့ ယူဆရင် သူတို့က ဆယ်ယောက်၀န်းကျင်လောက်ပဲရှိမယ်…ဆပ်ကပ်အဖွဲ့ကို စောင့်ကြည့်မနေတဲ့ ကစားသမား ကိုးယောက်ကျန်သေးတယ်…သူတို့ ဘာတွေတွေးနေကြတာလဲ…”


ဖူ၀မ်သော် ပြန်ဖြေလိုက်သည်။


“လူလေးယောက်ထက် ပိုတဲ့အဖွဲ့ရှိတာ ဖြစ်နိုင်တယ်…သူတို့ အဖွဲ့၀င် ငါးယောက်ခြောက်ယောက်လောက်ထိ ရှိနိုင်တယ်…”


“လူငါးယောက်အဖွဲ့က ဖြစ်နိုင်ပေမဲ့ လူခြောက်ယောက်အဖွဲ့ကတော့ နည်းနည်းခက်လောက်တယ်…ဒီဖြစ်စဉ်ကို ၀င်ရောက်လာတဲ့ ကစားသမားတွေက အနက်ရောင်မျှော်စင်ပထမထပ်ကို ရှင်းလင်းပြီးတဲ့ကစားသမားတွေပဲ…ပထမထပ်ကို ရှင်းလင်းပြီးတဲ့ကစားသမားခြောက်ယောက်အဖွဲ့ဖွဲ့ဖို့ ဖြစ်နိုင်ချေနည်းတယ်…”


ထန်မော့ ပြောလိုက်သည်။


“ငါးယောက်အဖွဲ့ရှိတာ ဖြစ်နိုင်သလို နှစ်ဖွဲ့က ဆပ်ကပ်အဖွဲ့ကို စောင့်မကြည့်ကြတာလည်းဖြစ်နိုင်တယ်…”


ထန်မော့ ကျောက်တုံးကို ကောက်ယူကာ နံရံပေါ်တွင် ရေးလိုက်သည်။


“ဒီလူသုံးယောက်ကို ကစားသမား၁၁ယောက်အဖြစ် ရေတွက်လိုက်ရင် ကစားသမား ၈ယောက်ကျန်သေးတယ်…ဆပ်ကပ်အဖွဲ့ကို စောင့်ကြည့်မနေတဲ့ အဖွဲ့နှစ်ဖွဲ့သုံးဖွဲ့ရှိနိုင်တယ်…”


ထန်မော့ နံရံပေါ်မှာ ကိန်းဂဏန်းများကို ကြည့်ကာ နက်ရှိုင်းစွာ တွေးလိုက်သည်။ 


ထို့နောက် သူ ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်သည်။



🪩