💮Chapter 64
ဟွားကျစ်ချန်က ဝမ်ချီ့အသံကြောင့် နေရာတွင် အေးခဲသွားပုံပေါ်ပြီး ခန္ဓာကိုယ်က တောင့်တင်းလာကာ အချိန်အတန်ကြာအောင် မတုံ့ပြန်နိုင်ခဲ့ပေ။
ဝမ်ချီလည်း ထိုတုံ့ပြန်မှုအပေါ် နားမလည်နိုင် ဖြစ်သွားပြီး ဟွားကျစ်ချန်ရှေ့သို့ လျှောက်သွား၍ မေးလိုက်သည်။
"ဟွားသခင်လေး…”
ထိုမှသာ ဟွားကျစ်ချန်က အသိပြန်ဝင်လာပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူက မချိပြုံးပြုံးပြရင်း ကြိုးကြိုးစားစားဖြင့် ဝမ်ချီ့ကို ခွန်းတုံ့ပြန်သည်။
“ဝမ်သခင်လေး…”
ဟွားကျစ်ချန်၏ မျက်နှာက ဖြူဖျော့လာပြီး နဖူးတွင် ချွေးစက် အနည်းငယ် ရှိနေသည်ကို ဝမ်ချီက မြင်လိုက်ရသောကြောင့် စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"မျက်နှာ မကောင်းပါလား… နေမကောင်းလို့လား…”
ဟွားကျစ်ချန်က ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ပြန်ဖြေသည်။
“မဟုတ်ဘူး…မင်းရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးပါ ဝမ်သခင်လေး… ငါ အဆင်ပြေပါတယ်…”
ဟွားကျန်ချန်က အဆင်ပြေကြောင်း ပြောလာသောကြောင့် ဝမ်ချီလည်း မယုံနိုင်သော်ငြား ထပ်ပြီး မေးခွန်းမထုတ်တော့ချေ။
ထို့နောက် နှစ်ယောက်သား ဘေးချင်းကပ် ထိုင်လိုက်ကြသည်။
ဝမ်ချီက အခြားသူများနှင့်ယှဉ်ပါက ဟွားကျစ်ချန်နှင့် ပို၍ ရင်းနှီးသော်လည်း လက်တွေ့တွင်မူ သူတို့နှစ်ယောက်က အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးသောကြောင့် သူငယ်ချင်းအရင်းအခြားဟု သတ်မှတ်မရချေ။
ထို့ကြောင့် ထိုင်နေချိန်တွင် ဟွားကျစ်ချန်ဘက်က စကားစပြီး မပြောပါက ဝမ်ချီတွင်လည်း ပြောစရာ မရှိပေ။
ထို့ကြောင့် နှစ်ယောက်စလုံး တိတ်တိတ်ဆိတ်ဆိတ် နေလိုက်ကြသည်။
ဝမ်ချီက ယခင်တည်းက တစ်ယောက်တည်း နေလေ့ရှိသောကြောင့် စကားများများ ပြောတတ်သည့်သူ မဟုတ်ချေ။ ထို့ကြောင့် ဟွားကျစ်ချန်၏ တိတ်ဆိတ်မှုက ဝမ်ချီကို အနေရခက်ခြင်း မဖြစ်စေရုံသာမက စိတ်သက်သာရာလည်း ရစေသည်။
အခြားသူများကို စောင့်ဆိုင်းရသည့်အလုပ်က အလွန်ငြီးငွေ့ဖွယ် ကောင်းလှသည်။
ဝမ်ချီသာ အနုပညာကို ခံစားတတ်ပါက အခြားသူများကဲ့သို့ ခန်းမနံရံများပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားများကို လိုက်လံကြည့်ရှုနေမည် ဖြစ်သည်။ ကံမကောင်းစွာပင် သူ့ထံ၌ ထိုပါရမီ မရှိသောကြောင့် ထိုင်နေပြီး ငေးမောနေရုံသာ တတ်နိုင်သည်။
ယခင်က ပန်းချီကားများကို သဘောကျသည့် ဟွားကျစ်ချန်ပင် ဝမ်ချီ၏ လွှမ်းမိုးမှုကိုခံရပြီး သူ့ဘေးတွင် မလှုပ်မယှက် ထိုင်နေလေသည်။
သူ့ကို ဟွားကျစ်ချန်က ခဏခဏ စိုက်ကြည့်နေသည်ဟု ဝမ်ချီ တစ်ချိန်လုံး ခံစားနေရသည်။
ပထမတွင်မူ ဝမ်ချီက သူကိုယ်သူ အတွေးလွန်နေသည်ဟု ထင်ခဲ့ပြီး နောက်ပိုင်းတွင် စူးစမ်းချင်စိတ်ဖြင့် ဟွားကျစ်ချန်ဘက်သို့ ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ မထင်မှတ်စွာပင် ဝမ်ချီ လှည့်ကြည့်လိုက်သည်နှင့် ဟွားကျစ်ချန်၏ အကြည့်စူးစူးနှင့် ရင်ဆိုင်လိုက်ရသည်။
ရုတ်တရက်ဆန်သောကြောင့် ဟွားကျစ်ချန်က ဝမ်ချီကို ကြည့်နေသည့် အကြည့်အား ရုတ်သိမ်းချိန် မမီလိုက်ဘဲ ထိုနေရာတွင်ပင် အေးခဲသွားတော့သည်။
နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဆုံနေကြသည်။
ဝမ်ချီ၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေပြီး ဟွားကျစ်ချန်၏ မျက်လုံးများတွင်မူ သူ နားမလည်နိုင်သည့် ရှုပ်ထွေးသော စိတ်ခံစားချက်များ ပြည့်နှက်နေသည်။
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ချီက တိုးညှင်းစွာ ပြောသည်။
“ဟွားသခင်လေး ကျွန်တော့်ကို ပြောစရာရှိလို့လား…"
ထိုမေးခွန်းက ဟွားကျစ်ချန်ကို အတွေးကမ္ဘာမှ ရုန်းထွက်လိုက်စေသည်။
ဝမ်ချီက ဟွားကျစ်ချန် ရုတ်တရက် ဘာဖြစ်သွားသည်အား မသိပေ။ ဟွားကျစ်ချန်၏ မျက်နှာဖြူဖြူက ချက်ချင်းနီလာပြီး နားရွက်ထိပ်များပင် မှင်နီအိုးထဲ ကျထားသကဲ့သို့ နီတွတ်နေသည်။
ဟွားကျစ်ချန်က ထိတ်လန့်တကြားနှင့် ပြန်ဖြေသည်။
“မဟုတ်ဘူး…မဟုတ်ပါဘူး…”
ဝမ်ချီက နှုတ်ခမ်းကိုဖိ၍ ခဏစဉ်းစားပြီး ပြန်ပြောသည်။
“ အခုပြောဖို့ အဆင်မပြေသေးရင်လည်း အဆင်ပြေတဲ့အချိန်ကျမှ ပြောပြလို့ရပါတယ်…"
ဟွားကျစ်ချန် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ဝမ်ချီကို လှည့်ကြည့်လိုက်ရာ ဝမ်ချီက ရိုးရိုးသားသား အမူအရာနှင့် သူ့ကို ငြိမ်သက်စွာ ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်ချီ့မျက်လုံးများက အရိပ်ထဲတွင်ပင် လင်းလက်နေပြီး အညိုဖျော့ရောင် ဗာဒံစေ့သဏ္ဍာန်ရှိသော မျက်ဝန်းများတွင် အန္တရာယ် အငွေ့အသက် ကင်းမဲ့နေသည်။ ဟွားကျစ်ချန်က ထိုမျက်လုံးလှလှများဖြင့် စိုက်ကြည့်ခံလိုက်ရသော အချိန်တွင် သူ့ညီမလေးကို ရုတ်တရက် သတိရသွားသည်။
သူ့ညီမလေးက အသက်ကိုးနှစ်သာ ရှိသေးကာ ဝမ်ချီကဲ့သို့ လှပသည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး သူ့ကို ထိုမျက်ဝန်းလှလှများဖြင့် စိုက်ကြည့်ရသည်ကို သဘောကျသည်။
ဟွားကျစ်ချန်က ရှက်ရွံ့စွာဖြင့် ခပ်တိုးတိုး ဆိုသည်။
"တကယ်တော့ မင်း ငါ့ကို ပေးခဲ့တဲ့…"
သူ့စကား မဆုံးမီတွင် အဝေးမှ ခပ်စူးစူး အသံတစ်သံ ရုတ်တရက် ပေါ်လာသည်။
“ကျစ်ချန် မင်းအစောကြီး ရောက်နေတာပဲ…”
ဟွာကျစ်ချန်လည်း သူ မဝံ့မရဲ ပြောထားရသော ပြောလက်စ စကား အဖြတ်ခံလိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာနီရဲသွားပြီး ပါးစပ်ကို ပိတ်လိုက်သည်။
ဝမ်ချီက ဟွားကျစ်ချန် ပြောရန် တုံ့ဆိုင်းနေသည်ကို မြင်လိုက်သောကြောင့် ထိုကိစ္စကို စိတ်ထဲမထားတော့ဘဲ ဟွားကျစ်ချန်၏ အကြည့်လားရာကို လိုက်ကြည့်လိုက်ရာ ပုံမှန်အဝတ်အစား ပြောင်းဝတ်ထားသည့် စစ်သူကြီးလင်းက တက်တက်ကြွကြွ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
စစ်သူကြီးလင်း ရောက်ရှိလာမှုက ဟွားကျစ်ချန်အတွက် ကယ်တင်ရှင်တစ်ဦး ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရပြီး စစ်သူကြီးလင်းကို ပြောစရာရှိသည်ဟုဆိုကာ ချက်ချင်း လှမ်းဆွဲလိုက်သည်။ သူ့ မျက်နှာပေါ်ရှိ နီရဲနေမှုနှင့် နားရွက်ဖျားနီတွတ်နေမှုကမူ လျော့မသွားပေ။
အချိန်ကြာလာသည်နှင့်အမျှ ခန်းမထဲတွင် လူများ ပိုမိုများပြားလာသည်။
မြိုတော်ကလူငယ်အုပ်စု ရောက်လာသောအချိန်တွင် ခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် စစ်သူကြီးလင်း၏ ဘေးတွင် ထိုင်နေသောဝမ်ချီကို ချက်ချင်း သတိထားမိသွားသည်။ သူတို့၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားပြီး ဝမ်ချီနှင့် အဝေးဆုံးနေရာတွင် အမြီးများကုပ်၍ ငြိမ်ငြိမ်ထိုင်နေကြသည်။
စစ်သူကြီလင်းက သာမန်အချိန်တွင် တုံးအသော်လည်း တစ်ခါတစ်ရံတွင်မူ အမြင်စူးရှသည်။ သူက အဝေးတွင် ထိုင်နေသော ထိုလူငယ်အုပ်စုကို မော့ကြည့်ပြီး ဝမ်ချီ့ဘက်သို့ ခေါင်းကိုစောင်းကာ မေးသည်။
“မင်း သူတို့နဲ့ ရန်စရှိတာလား…”
ဝမ်ချီက စစ်သူကြီးလင်း သူ့ကို ပြသာနာကောင်ဟု ထင်မြင်မည်ကို စိုးရိမ်သောကြောင့် ဤမနက် တည်းခိုခန်းတွင် ဖြစ်ပျက်ခဲ့သမျှ အကျဉ်းချုပ်ကို အလျင်အမြန် ရှင်းပြပြီး အဆုံးသတ်တွင် လေးနက်စွာ အာမခံခဲ့သည်။
“ကျွန်တော်က သူတို့မေးတဲ့အတိုင်း တစ်ခွန်းချင်း အမှန်အတိုင်း ဖြေလိုက်တာပဲ ရှိတာပါ… ရန်ရှာချင်တဲ့ စိတ်ကူးမရှိပါဘူး…”
မထင်မှတ်စွာပင် စစ်သူကြီးလင်းက သူ့စကားကိုကြားပြီး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။
စစ်သူကြီးလင်း၏ ရယ်သံက ကျယ်လောင်လွန်းပြီး ခေါင်မိုးကို ရိုက်ခတ်သွားကာ ခန်းမထဲရှိ လူများ၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်လိုက်သည်။
သို့သော်လည်း စစ်သူကြီးလင်းက ဂရုမစိုက်ဘဲ အလွန်ပျော်ရွှင်စွာ ရယ်မောလျက်ရှိသည်။ စစ်သူကြီးလင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသော ဝမ်ချီနှင့် ဟွားကျစ်ချန်သာ အနေရခက်နေကြသည်။
ရယ်မောပြီးနောက် စစ်သူကြီးလင်းက ဝမ်ချီ့ပခုံးကို နှစ်ကြိမ်တိတိ ခပ်ပြင်းပြင်းပုတ်လိုက်ပြီး ပြောသည်။
“ပြောတာကောင်းတယ်… အဲ့ စာတတ်တဲ့ လူငယ်တွေက ပညာဂုဏ်မောက်ပြီး သူတို့ကိုယ်သူတို့ တအား တော်တတ်တယ်ထင်ပြီး ဘဝင်မြင့်နေကြတာ… အစက သူတို့ကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး ခေါင်းခဲနေတာ မင်း အခုလိုပြောလိုက်တော့လည်း ကောင်းတာပဲ…”
ဟွားကျစ်ချန်က သက်ပြင်းချရင်း ပြောသည်။
“အင်း… ကျွန်တော်တို့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကိုလည်း မမေ့ကြပါနဲ့…”
စစ်သူကြီးလင်းက အားပါးတရရယ်ပြီး ခေါင်းကုတ်လိုက်သည်။
ဝမ်ချီတို့က လက်ဖက်ရည်တစ်ခွက်သောက်စာ ၁၅မိနစ်နီးပါး စောင့်လိုက်ရပြီးနောက် ရှစ်ကျင်းနှင့် မြို့တော်ဝန်ကျိိုးတို့ ရောက်ရှိလာကြသည်။ သူတို့နှစ်ဦးက အပြင်မှ ပြန်လာပုံပေါ်ပြီး မျက်နှာများက မကြည်မလင် တင်းမာနေကြသည်။
ရှစ်ကျင်း ဝင်လာသည်ကို တွေ့လိုက်ရသော အချိန်တွင် အားလုံး စကားပြောရပ်လိုက်ကြသည်။
ရှစ်ကျင်းက အးလုံးကို စုဝေးခိုင်းလိုက်ပြီးလေးလေးနက်နက် ပြောသည်။
“ဒီမနက်ပဲ ပန်ဝမ်နဲ့ မြို့တော်ဝန်ကျိုးတို့ ပြည်သူတွေရဲ့ လယ်မြေတွေဆီ သွားကြည့်တယ်… အခြေအနေက တော်တော်ဆိုးတာမို့ အားလုံး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားရမယ်…”
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် ခန်းမထဲတွင် ရှိနေသောလူများ၏ အမူအရာများ လေးနက်လာကြသည်။
မကြာမီတွင် ရှစ်ကျင်းက ထပ်ပြောသည်။
“ပန်ဝမ်က ဒီဒေသကို အပိုင်း၇ပိုင်း ပိုင်းထားတယ်… သက်ဆိုင်ရာနေရာတွေမှာ ကိုယ်စီ ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ ငါတို့ အဖွဲ့တွေခွဲဖို့ လိုအပ်တယ်…”
၄င်းနောက် ရှစ်ကျင်းက ကျင်းကျိုးဒေသရှိ ပြည်သူများ ဆင်းရဲစွာ နေထိုင်ကြရကြောင်းနှင့် ခိုးဆိုးလုယက်သော ရာဇ၀တ်ကောင်များလည်း ရှိနေကြောင်းကို ခြုံငုံရှင်းပြပြီး လူတိုင်း အန္တရာယ်ကို ဂရုစိုက်ကြရန် ပြောသည်။
ရှစ်ကျင်း မိန့်ပြီးသည့်နှင့် မြို့တော်ဝန်ကျိုးကလည်း ထိုတူညီသော အကြောင်းအရာကိုပင် ထပ်မံပြောသည်။ အဓိကအားဖြင့် အန္တရာယ်ကင်းရှင်းရန် အရေးကြီးကြောင်းဖြည့်စွက်ပြောသည်။
ထိုနှစ်ဦး မိန့်ခွန်းပြောပြီးသည့်နှင့် အဖွဲ့စတင် ခွဲလိုက်ကြသည်။
စစ်သူကြီးလင်းနှင့်အတူ လိုက်သွားရမည်ဆိုသည်ကို သိသောကြောင့် ဝမ်ချီက စစ်သူကြီးလင်း ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။
ရုတ်တရက် စစ်သူကြီးလင်းက လက်တစ်ဖက်နှင့် ဝမ်ချီကို ဆုပ်ကိုင်ပြီး ကျန်လက်တစ်ဖက်နှင့် ဟွားကျစ်ချန်ကို ဆုပ်ကိုင်၍ တွေဝေခြင်းမရှိဘဲ လူအုပ်ဖြင့် ဝန်းရံထားခံရသော ရှစ်ကျင်းထံသို့ လျှောက်လှမ်းသွားသည်။
“မင်းသားရွှမ် ဘုရင်မင်းမြတ်က မင်းသားကို ကာကွယ်ဖို့ ကျွန်တော့်ကို အမိန့်ပေးထားတာမို့ မင်းသား သွားတဲ့နောက်ကို ကျွန်တော်မျိုး လိုက်မယ်…”
ထိုသို့ ပြောပြီး စစ်သူကြီးလင်းက သူ့တစ်ဖက်တစ်ချက်ရှိ ဝမ်ချီနှင့် ဟွားကျစ်ချန်ကို တစ်လှည့်စီ ကြည့်လိုက်ကာ ပြုံး၍ ပြောသည်။
“မဟုတ်ဘူး… မင်းသား သွားတဲ့နောက်ကို ကျွန်တော်မျိုးတို့ ၃ယောက် လိုက်ခဲ့မယ်…"
ရှစ်ကျင်း : ”..."
ရှစ်ကျင်းက မည်သို့မျှ မတုံ့ပြန်သော်လည်း ဝမ်ချီက ရှစ်ကျင်းမျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာကို မြင်လိုက်ရသည်။
ရှစ်ကျင်းဘေးတွင် စုရုံးပြီး ရှစ်ကျင်းနှင့် အတူလိုက်ပါခွင့် တောင်းနေကြသော လူအုပ်စုထဲမှ အများစုက စစ်သူကြီးလင်း ချဉ်းကပ်လာသည်ကိုမြင်ပြီး ချက်ချင်း ပျောက်ကွယ်သွားကြသည်။ လူအချို့ကမူ မဖြစ်နိုင်သော မျှော်လင့်ချက်လေးကို ဆွဲကိုင်ထားပြီး ဆက်လက်ရပ်နေကြသည်။
တိုက်ဆိုင်စွာပင် ထိုကျန်ရှိနေသော လူအချို့က ဝမ်ချီနှင့် ကတောက်ကဆ ဖြစ်ထားသော မြို့တော်မှ ပညာတတ် သခင်လေးအုပ်စုဖြစ်သည်။
ထိုအုပ်စုထဲမှတစ်ယောက်က အနည်းငယ် မကျေမနပ် ဖြစ်နေပုံရပြီး ရဲရင့်စွာ မတ်တပ်ရပ်ကာ မကျေမနပ် ပြောသည်။
"စစ်သူကြီးလင်း ဘယ်ကိစ္စမှာမဆို အရင်လာတဲ့သူကို ဦးစားပေးရမယ့် ကျင့်ဝတ်ဆိုတာ ရှိတယ်… ကျွန်တော်တို့က မင်းသားရွှမ်ဆီကို စစ်သူကြီးလင်းထက် စောပြီး အရင် ပြောထားတဲ့သူတွေပါ…"
ထိုသနားစရာလူသား စကားမဆုံးမီမှာပင် စစ်သူကြီးလင်းက လေသံမာမာဖြင့် ဖြတ်ပြောလိုက်သည်။
"မင်းသားရွှမ်ကို ကာကွယ်ပေးဖို့ မင်းကြီးက ငါ့ကို အမိန့်ပေးထားတာ… မင်းက မင်းကြီးရဲ့ အမိန့်ကို မနာခံချင်တာလား…”
ထိုလူက လက်မလျှော့ဘဲ ထပ်ပြောသည်။
“ဒါပေမယ့်…”
စစ်သူကြီးလင်းက အသံကို မြှင့်ပြီး ပြောသည်။
“မင်းက သတ္တိမနည်းဘဲ မင်းကြီးအမိန့်ကို ချိုးဖောက်ချင်မှတော့ ကြည့်ရတာ အသက်ဆက်ရှင်ဖို့ ငြီးငွေ့နေပုံရတယ်… ဒါဆို မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”
ထိုသို့ပြောပြီး စစ်သူကြီးလင်းက လက်မြှောက်လိုက်ကာ ခါးတွင်ချိတ်ထားသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
စူးရှသောဓားသွားက ထိန်လင်းသော အလင်းရောင်အောက်တွင် လင်းလက်နေပြီး ထိုလူ၏မျက်လုံးများကို ကန်းသွားစေနိုင်သည့်အထိ တောက်ပနေသည်။
ထိုလူက အလွန်ထိတ်လန့်သွားသောကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ အနောက်တွင် ရပ်နေသော လူနှင့် တိုက်မိသွားပြီး မျက်ဖြူလန်၍ မေ့လဲသွားတော့သည်။
ထိုအရာကိုမြင်သော ရှစ်ကျင်းက သူ့စိတ်ထဲမှ မသက်မသာဖြစ်မှုကို ထိန်းချုပ်လိုက်ပြီး အော်လိုက်သည်။
"စစ်သူကြီးလင်း မင်း အရမ်းလွန်နေပြီ…”
စစ်သူကြီးလင်းလည်း သူခြောက်လှန့်သည်က လွန်သွားပြီ ဖြစ်ကြောင်း သတိထားမိလိုက်ပြီး ဓားကို ဓားအိမ်ထဲ အလျင်အမြန် ပြန်သွင်းလိုက်သည်။ သူက လျှာထွက်၍ မေ့မျောနေသော ထိုလူကို အနီးကပ်ကြည့်လိုက်ပြီး လှုပ်နိုးလိုက်သည်။
“ဟေး ငါ့က နောက်နေတာ…”
ထိုလူ၏ သူငယ်ချင်းများလည်း စစ်သူကြီးလင်းနှင့် အတိုက်အခံလုပ်ရန် မဝံ့ရဲတော့ဘဲ အနီးနားရှိ အစေခံများကို ခေါ်၍ မေ့လဲနေသော ထိုလူကို သယ်ဆောင်သွားခိုင်းသည်။
ထို့နောက် ကျန်ရှိနေသော သူများလည်း ခန်းမထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
ထိုလူများ စစ်သူကြီးလင်း နံဘေးမှ ဖြတ်သွားသည့် အချိန်တွင် စစ်သူကြီးလင်းက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့က အလွန်ထိတ်လန့်သွားပြီး ဝိညာဉ်လွင့်သွားမတတ်ဖြစ်ကာ ခန်းမထဲမှ ပြေးထွက်သွားကြသည်။
ဝမ်ချီ : “…”
ဝမ်ချီက စစ်သူကြီးလင်းကို ဤကဲ့သို့ နောက်ပြောင်တတ်သော သူဟု ယခင်က မသိခဲ့ပေ။
ရှစ်ကျင်းလည်း စိတ်ပျက်သွားပြီး ကူကယ်ရာမဲ့ ဖြစ်ကာ အဆုံးသတ်တွင် မည်သည့်စကားမျှ မပြောနိုင်ခဲ့ချေ။ လှည်းပြင်ဆင်ပေးထားရန်သာ သူ့ဘေးနားက အစောင့်များကို အမိန့်ပေးလိုက်သည်။
စစ်သူကြီးလင်းက ရှစ်ကျင်းထံသို့ သွားပြီး လျှောက်တင်သည်။
“မင်းသားရွှမ် စိတ်မပူပါနဲ့…ကျွန်တော်တို့ ဒီတစ်ခေါက် လူတွေအများကြီး ခေါ်လာခဲ့တာဆိုတော့ အရာအားလုံး ပြေလည်သွားမှာပါ…"
ရှစ်ကျင်းက စစ်သူကြီးလင်း သူ့အနားသို့ ကပ်လာသည်ကို ခံစားလိုက်ရသောကြောင့် သားရဲကောင်တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ လက်ကိုမြှောက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။
“မလှုပ်နဲ့…အနားကို မလာနဲ့…”
စစ်သူကြီးလင်းလည်း နားမလည်နိုင် ဖြစ်သွားပြီး ခြေလှမ်းများကို ရပ်လိုက်၍ မေးလိုက်သည်။
“မင်းသားရွှမ်က ကျွန်တော် အနားကပ်လာမှာကို ကြောက်နေသလိုပဲ…”
ရှစ်ကျင်းက နဖူးကိုနှိပ်ပြီး ဆိုသည်။
“ဒီကိစ္စက ပြောရမယ်ဆို ရှည်လွန်းတာမို့ နောက်အခွင့်အရေးရမှ မင်းကို ရှင်းပြမယ်.. ဒီရက်ပိုင်းတော့ ငါနဲ့ ခပ်ခွာခွာနေပေးပါ... စစ်သူကြီးလင်းကို ဒုက္ခပေးမိပြီ…”
စစ်သူကြီးလင်းက မျက်မှောင်ကြုတ်ကာ ခံစားနေရသော အမူအရာဖြင့် ပြောသည်။
“မင်းသားရွှမ် ကျွန်တော့်ကို အကြောင်းပြချက် ပေးနိုင်မလား…”
ရှစ်ကျင်းက နဖူးကြောများကို ပွတ်သပ်ရင်း စိတ်မသက်သာဖြစ်နေသည်။ ရှစ်ကျင်း ပြန်မဖြေမီ ဝမ်ချီက စစ်သူကြီးလင်း၏ လက်ကိုလှမ်းဆွဲလိုက်ပြီး မေးသည်။
“စစ်သူကြီး ကျွန်တော်မေးပါရစေ… သိပ်မကြာခင်က ပစ္စည်းတစ်ခုခု ကောက်ရခဲ့သေးလား…”
စစ်သူကြီးလင်းက ဝမ်ချီ့ဘက်သို့ကြည့်ရန် ခေါင်းလှည့်လိုက်သည်။
ဝမ်ချီက အဖြေကို စောင့်ဆိုင်းနေသည်။
စစ်သူကြီးလင်းက အချိန်အတန်ကြာသည့်အထိ တွေးတောပြီး ရုတ်တရက် ခေါင်းညိတ်၍ ဖြေသည်။
“အင်း… ရောင်စုံကျောက်တုံး သေးသေးလေးတစ်တုံး ကောက်ရထားတယ်…"
စစ်သူကြီးလင်းက ထိုသို့ပြော၍ ဝမ်ချီကိုင်ထားသည့် လက်ကိုဖယ်လိုက်ပြီး လက်မြှောက်ကာ လည်ပင်းကို ထိလိုက်သည်။ ထို့နောက် လည်ပင်းပေါ်ရှိ အနီရောင်ကြိုးမျှင်ကို ဆွဲဖြုတ်လိုက်သည် ။ ထိုကြိုးနီပေါ်တွင် ရောင်စုံကျောက်တုံးလေး ချိတ်ဆွဲထားသည်။
💮💮💮