Chapter 65
Viewers 11k

💮Chapter 65



ဝမ်ချီက ထိုကျောက်တုံးကို သေသေချာချာ ကြည့်ပြီး ရုတ်တရက် အေးခဲသွားတော့သည်။


ဒီဟာ ငါ အရင်က မြင်ဖူးခဲ့တဲ့ ဝမ်လျန့်လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်တုံး မဟုတ်ဘူးလား… စစ်သူကြီးလင်းရဲ့ လက်ထဲကို တကယ်ရောက်သွားတာပဲ…ဒါကြောင့် စစ်သူကြီးလင်းက မက်မွန်ပွင့်ပွဲတော်မှာ ထူးထူးခြားခြားတွေ ပြုမူပြီး ဝမ်လျန် လုပ်ရမဲ့ကိစ္စတွေကို သူချည်းလုပ်သွားတာ… ဒီကျောက်တုံးကြောင့်  ဇာတ်လမ်း အလှည့်အပြောင်းတွေ ဖြစ်နေတာနေမယ်…


ဝမ်ချီက စိတ်ရှုပ်ထွေးသွားပြီး မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ချေ။ ဝမ်ချီက စစ်သူကြီးလင်းကို လှမ်းကြည့်လိုက်သောအချိန်တွင် စစ်သူကြီးလင်း၏ ဂရုမစိုက်သော အမူအရာကို တွေ့လိုက်ရသည်။ သူက ထိုကျောက်တုံးကို အတော်လေး သဘောကျပုံပေါ်သည်။ ဝမ်ချီလည်း ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးနောက် မေးမြန်းလိုက်သည်။

“စစ်သူကြီးလင်းက ကျောက်တုံးပိုင်ရှင်ကို ရှာကြည့်သေးလား မသိဘူး…”


စစ်သူကြီးလင်းက ခေါင်းကုတ်၍ ဖြေသည်။

"ဒါပေါ့ ငါ ပိုင်ရှင်ကို ရှာကြည့်သေးတယ်… အစောင့်တွေကို အမိန့်ပေးပြီး မက်မွန်ပွင့်ပွဲတော်ကို လာတဲ့လူတွေကို မေးခိုင်းပေမဲ့ ပိုင်ရှင် ရှာမတွေ့လို့ နောက်တော့ မယ်မယ့်(တော်ဝင်မင်းသမီးကြီး)ကို ထိန်းသိမ်းပေးဖို့ဆိုပြီး ပေးလိုက်သေးတယ်… မယ်မယ်က ဒီဟာက တန်ဖိုးမရှိဘူးလို့ ပြောပြီး ပိုင်ရှင်က တစ်နေ့မှာ လာရှာခဲ့ရင်ဆိုပြီး ငါ့ကို သိမ်းထားပေးဖို့ ပြောတယ်…”


ဝမ်ချီ : “…”


ဝမ်ချီ ထိုနေ့က ဝမ်လျန်ကို အိမ်ရှေ့စံ၏ ရဲမက်များ ဆွဲထုတ်သွားသည်ကို သတိရလိုက်သည်။ စစ်သူကြီးလင်း ကျောက်တုံးပိုင်ရှင်ကို ရှာမတွေ့ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ 


စစ်သူကြီးလင်းက ထိုကျောက်တုံး ချိတ်ဆွဲထားသည့် အနီရောင်ကြိုးကို လည်ပင်းပေါ်တွင် ပြန်လည်ဝတ်ဆင်လိုက်ပြီး ကျောက်တုံးကို အင်္ကျီကော်လံအောက်သို့ ထည့်လိုက်ကာ အယူသီးစွာဖြင့် ပြောသည်။

“အခုလို ပြောရတာတော့ ထူးဆန်းပြီး မယုံချင်စရာ ကောင်းပေမဲ့ ငါ ဒီကျောက်တုံးကို ကောက်ရပြီးတည်းက ငါ့ကံကြမ္မာက ပြောင်းလဲသွားတာ… ဒီကျောက်တုံးနဲ့ ကံပါနေတာမျိုး ဖြစ်နိုင်တယ်… ငါ့ကို ကံကောင်းစေတဲ့ ကျောက်တုံးလေး…”


”တကယ်တော့ ဒီကျောက်တုံးက သာမန်မှ မဟုတ်တာ စနစ်နဲ့ ချိတ်ထားတဲ့ ကျောက်တုံးမို့လေ…” 

ဝမ်ချီက တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။


၄င်းကျောက်တုံးက ဝမ်လျန့်ကိုယ်ပေါ်တွင် ရှိမှသာ စနစ်က အသက်ဝင်မည့်ပုံ ပေါ်သည်။


ထိုကျောက်တုံး၏ ပိုင်ရှင်က ဝမ်လျန်ဖြစ်ကြောင်းကို စစ်သူကြီးလင်းအား ပြောပြရန် ဝမ်ချီက အစတည်းက အနည်းငယ် ချီတုံချတုံဖြစ်နေခဲ့ပြီး စစ်သူကြီးလင်းက ဤကျောက်တုံးကို အလွန်သဘောကျနေသည်ကို သူ မြင်လိုက်ရသောကြောင့် အဖြစ်မှန်ကို ထုတ်မပြောဝံ့တော့ပေ။


အရေးကြီးဆုံးက ဝမ်လျန်သာ ထိုကျောက်တုံးကို ပြန်ရသွားပါက အရာအားလုံးက မူလဝတ္ထုထဲက ဇာတ်လမ်းအတိုင်း ပြန်ဖြစ်သွားနိုင်ပြီး ဝမ်လျန်တွင် သူ့ကိုသတ်ရန် ဆီလျော်သည့်အကြောင်းပြချက် ရသွားနိုင်သည်။


ထိုအကြောင်းအရာကို တွေးမိပြီး ဝမ်ချီက အဖြစ်မှန်ကို ထုတ်မပြောလိုက်မိသည့်အတွက် ကိုယ့်ကိုကိုယ် ကျေးဇူးတင်လိုက်သည်။


ငါက တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးဖို့ လုပ်နေတာပဲ…


ဝတ္ထုထဲတွင် အကြီးမားဆုံးသားကောင်ဖြစ်သော သူ့အနေဖြင့် တိတ်တိတ်ဆိတ်ဆိတ် နေသင့်ပြီး အဓိက ဇာတ်ကောင်များ၏ အရေးကိစ္စကို ဝင်မနှောင့်ယှက်သင့်ပေ။


ထို့ကြောင့် စစ်သူကြီးလင်းက ကျောက်တုံးအကြောင်း ထပ်မံပြောဆိုရန် အစပြုခဲ့သော်လည်း ဝမ်ချီက ပါးစပ်ပိတ်လိုက်ပြီး မသိကျိုးကျွန်ပြုကာ တိတ်တဆိတ် ခေါင်းငုံ့၍ နေသည်။ 


သူတို့အုပ်စု စံအိမ်အပြင်ဘက်သို့ ရောက်သောအချိန်တွင် အစောင့်များက သူတို့အတွက် မြင်းလှည်း ကြိုတင်ပြင်ဆင် ပေးထားပြီး ဖြစ်သည်။ 


မြင်းလှည်းပေါ်သို့ ရောက်သည့်အချိန်တွင် ဝမ်ချီက  ရှစ်ကျင်း၏မျက်နှာ အလွန်ဖြူဖျော့နေသည်ကို တွေ့လိုက်ရပြီး စစ်သူကြီးလင်းအား ရှောင်ဖယ်နေသည်ကို သတိထားမိလိုက်သည်။ စစ်သူကြီးလင်း သူ့နား တိုးကပ်လာသည်နှင့် သူက အဝေးတစ်ဖက်သို့ ချက်ချင်း တိုးထိုင်လိုက်သည်။


ဝမ်ချီက စစ်သူကြီးလင်း၏ လည်ပင်းတွင် ချိတ်ဆွဲထားသော ကျောက်တုံးကိုတွေးမိပြီး မရေရာသော မှန်းဆချက် အချို့ကို တွေးတောနေသည်။


“မင်းသားရွှမ်…”


ရှစ်ကျင်းက မျက်လုံးများကို မှိတ်ပြီး အနားယူနေစဥ် တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသောကြောင့် မောပန်းနွမ်းနယ်နေသော မျက်လုံးများကို ဖွင့်ကာ ဝမ်ချီကို ကြည့်လိုက်သည်။


ဝမ်ချီက ပြောသည်။

"မင်းသား ပုံစံကြည့်ရတာ နေထိုင်မကောင်းပုံပဲ… ကျိုးအိမ်တော်ကို ပြန်ပြီး အနားယူလိုက်ပါလား… ကျွန်တော်ပဲ သူတို့နဲ့ လိုက်သွားလိုက်မယ်လေ…”


မင်းသားရွှမ်က ခေါင်းခါလိုက်ပြီး ငြင်းဆိုသည်။ 

“မဖြစ်ဘူး ငါ ကိုယ်တိုင် သွားကြည့်မှ ရမယ်…”


ဝမ်ချီက ခေတ္တစဉ်းစားလိုက်ပြီး ပြောသည်။ 

“ဒါဆို မင်းသား သမားတော်နဲ့ ပြကြည့်ပြီးပြီလား…"


"ပန်းပွဲတော်နေ့ပြီးတော့ ငါ သမားတော်တချို့နဲ့ ပြကြည့်သေးတယ် ကံမကောင်းစွာပဲ သူတို့ကလည်း အခုလိုဖြစ်ရတဲ့ အကြောင်းအရင်းကို မရှာနိုင်ခဲ့ကြဘူး…”


ရှစ်ကျင်းက ထိုခေါင်းကိုက်စရာကောင်းသည့် ရောဂါအကြောင်း သက်ပြင်းချလိုက်ပြီး ပြောသည်။

"အလုပ်အရမ်းများသွားလို့ စိတ်ဖိစီးတာလည်း ဖြစ်နိုင်တယ်… ဒီကိစ္စတွေ ပြီးဆုံးသွားမှပဲ ခမည်းတော်ဆီမှာ အနားယူဖို့ တောင်းဆိုလိုက်တော့မယ်…”


ဝမ်ချီက ပြောသည်။

“ဒါလည်း အဆင်ပြေပါတယ်…”


ဘေးတွင်နားထောင်နေသော စစ်သူကြီးလင်းက ဝင်ပြောသည်။

“မင်းသားရွှမ် ကျွန်တော်က တိုက်ပွဲတွေမှာ စစ်သည်ရဲမက်တွေကို ဦးဆောင်လာတာ နှစ်အတော်ကြာပြီမို့ ရှေ့တန်းမှာ ထူးဆန်းတဲ့ ရောဂါတွေ အများကြီး တွေ့ခဲ့ဖူးတယ်…မင်းသားရဲ့ ရောဂါအကြောင်း ကျွန်တော့်ကို ပြောပြပါလား… ကျွန်တော် ကုနည်းကို သိကောင်းသိနိုင်မယ်…”


ထိုသို့ပြောပြီးနောက် စစ်သူကြီးလင်းက ရှစ်ကျင်းကို တည့်တည့် စိုက်ကြည့်ပြီး ရှစ်ကျင်း၏ အဖြေကို စောင့်ဆိုင်းနေသည်။


မထင်မှတ်စွာပင် ရှစ်ကျင်းက ခေါင်းကိုလှည့်လိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ မျက်စိကိုမှိတ်ထားကာ နောက်သို့လှည့်လိုက်သည်။


စစ်သူကြီးလင်း : “…”


သူက ရှစ်ကျင်း၏ ပစ်မှတ်ထားခြင်း ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။


မြင်းလှည်းက ဦးတည်ရာသို့ ရောက်ရှိရန် တစ်နာရီကျော်ကြာ ခရီးနှင်လိုက်ရသည်။ 


ရှစ်ကျင်းက မစောင့်ဆိုင်းဘဲ လှည်းပေါ်မှ ဦးစွာဆင်းလိုက်ပြီး ဝမ်ချီတို့က သူ့အနောက်မှ လိုက်ဆင်းသည်။ 


သူတို့က မြို့တွင်းထက်ပို၍ ယိုယွင်းပျက်စီးနေသော မြို့စွန်သို့ ရောက်ရှိနေသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပါက ဖြစ်သလို တည်ဆောက်ထားသော တဲများဖြင့် ပြည့်နေပြီး လယ်မြေများ ဟိုနေရာတစ်ကွက် သည်နေရာတစ်ကွက် ဖြစ်နေသည်။ 


တဲအတွင်းမှ လူများက အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသောကြောင့် ကြည့်ရှုရန် စိတ်လှုပ်ရှားစွာ ပြေးထွက်လာကြသည်။


ထိုလူများက ညစ်ပေသော ဝတ်အစားများကို ၀တ်ဆင်ထားပြီး ရေချိုး၊ခေါင်းလျှော်ခြင်း မပြုလုပ်သည်က ကြာနေပုံ ပေါ်သည်။ သူတို့၏ မျက်နှာပေါ်တွင် အညစ်အကြေး၊ ဖုန့်မှုန့်များ ပေနေပြီး မူလသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။


ဝမ်ချီက ဤနေရာကို မလာမီ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဤမြင်ကွင်းကို သူ့မျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသော အချိန်တွင် အလွန် စိတ်မသက်မသာ ခံစားနေသေးသည်။


ဝမ်ချီ့ အရှေ့က လျှောက်နေသော ရှစ်ကျင်းနှင့် အခြားလူများလည်း သူ့ကဲ့သို့ပင် တူညီစွာ ခံစားနေရပုံပေါ်သည်။ သူတို့အုပ်စုကြားတွင် တိတ်ဆိတ်မှု လွှမ်းခြုံသွားပြီး ယခင်က စကား အလွန်များသူ စစ်သူကြီးလင်းပင် နှုတ်ဆိတ်နေသည်။ 


အခြားလှည်းပေါ်မှ ဆင်းလာသော မြို့တော်ဝန်ကျိုး တစ်ယောက်သာ ထိုမြင်ကွင်းနှင့် အသားကျနေပုံပေါ်ပြီး ဝိုင်းအုံလာသောလူများကို လူစုခွဲပစ်ရန် အစောင့်များအား အမိန့်ပေးနေသည်။ ထို့နောက် မြို့တော်ဝန်ကျိုးက သူတို့ကို ခပ်တိုးတိုးမှာသည်။

"တစ်ယောက်ယောက်က ငွေတောင်းလာခဲ့ရင် သူတို့ကို သနားလို့ဆိုပြီး အသပြာ မစွန့်ကြဲလိုက်ပါနဲ့… အကုန်လုံးက ငတ်ပြတ်မွဲတေနေကြတာမို့ တစ်ယောက်ယောက်ကိုများ ပိုက်ဆံပေးလိုက်မိရင် တခြားသူတွေကပါ ဝိုင်းအုံလာလိမ့်မယ်…”


ရှစ်ကျင်းက ခေါင်းညိတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်သော အသံဖြင့် မေးသည်။

"ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ…”


မြို့တော်ဝန်က သက်ပြင်းချပြီး ပြန်ဖြေသည်။ “ကျိုင်းကောင်တွေ ဒီနေရာကို ဖျက်ဆီးပြီးကတည်းက ဒေသခံတွေရဲ့ ဘဝက တနေ့တခြား ယိုယွင်းလာပြီး အခုဆို အစာရေစာ မရှိတော့လို့ လူအများစုက ဝဝလင်လင် မစားနိုင်တော့တဲ့ အနေအထားကို ရောက်နေပါပြီ… ကျွန်တော်မျိုးတို့ ကယ်ဆယ်ရေး တစ်ခုတည်းကိုပဲ အားကိုးလို့ မရဘူး…”


ကျင်းကျိုးဒေသရှိ လူအများစုက မျိုးရိုးစဉ်ဆက် လယ်သမားများ ဖြစ်ကြပြီး မြေဆီလွှာကို အမှီပြုကာ သီးနှံစိုက်ပျိုး၍ အသက်မွေးကြသည်။


ယခုတွင် လယ်မြေများမှာ ကျိုင်းကောင်များ ဖျက်ဆီးခြင်း ခံရသောကြောင့် အမျိုးသားများအပြင် အမျိုးသမီးများနှင့် ကလေးသူငယ်များပါ အိမ်ထဲတွင် အစာရေစာ ပြတ်လတ်ပြီး ငတ်မွတ်နေကြသည်။ သူတို့ကို ကျွေးမွေးရန်အတွက် ဒေသဝင်ငွေ အလုံအလောက် မရှိသောကြောင့် တိုင်းပြည်၏ဘဏ္ဍာငွေများ နစ်နာရုံသာမက လုပ်အားကိုပါ ဆုံးရှုံးစေသည်။


မြို့တော်ဝန်ကျိုးက လမ်းလျှောက်ရင်း ရှင်းပြသည်။

“ဒီကပ်ဘေးကို မဖြေရှင်းနိုင်ရင် သိပ်မကြာခင်မှာ ငတ်မွတ်ခေါင်းပါးနေတဲ့ ပြည်သူတွေ ပုန်ကန်မှု လုပ်လာနိုင်တယ်…အခြေအနေက အချိန်ကြာလာတာနဲ့ ပိုပြင်းထန်လာနိုင်ပြီး အကြီးစား မငြိမ်မသက်မှုတွေ ဖြစ်လာမှာကို ကျွန်တော်မျိုး စိုးရိမ်တယ်…”


နောက်ဆုံးတွင် ကျယ်ပြန့်သော လယ်မြေဧရိယာသို့ ရောက်လာကြသည်။


ဤလယ်မြေက ယခင်က စပါးနှံများဖြင့် ပြည့်နှက်နေသော်လည်း ကံမကောင်းစွာဖြင့် ကျိုင်းကောင်ကပ်ဘေး ဖြစ်ပွားပြီးနောက်တွင် ထိုစိုက်ပျိုးထားသော စပါးများ မကျန်တော့သည့်အထိ ခုတ်ထစ်ခံခဲ့ရသည်။


မြို့တော်ဝန်ကျိုးလည်း ၎င်းနှင့်ပတ်သက်ပြီး မည်သို့မျှ လုပ်ဆောင်ရန် အစွမ်းအစမရှိခဲ့ပေ။ ထို့ကြောင့် သူက ဤမြေ၏ အခြေအနေ အသေးစိတ်ကို ရှစ်ကျင်းကို ရှင်းပြပြီး ရှစ်ကျင်းနှင့် အခြားသူများထံ လွှဲပြောင်းပေးကာ ဘေးရှောင်နေရန် ကြံရွယ်ထားသည်။


ရှစ်ကျင်းက မြေပြင်ပေါ်တွင် ထိုင်ချလိုက်၍ အနည်းငယ် စစ်ဆေးပြီးနောက် ပြန်ထရပ်လိုက်ပြီး ဝမ်ချီကို ကြည့်ကာ ပြောသည်။ 

“မင်း ကြည့်ကြည့်…”


ဝမ်ချီက မြေဆီလွှာအချို့ကို ကောက်ယူပြီး လက်ချောင်းထိပ်များဖြင့် ပွတ်ကြည့်ပြီး ပြောသည်။

“ကျိုင်းကောင်တွေက ဒီလိုမျိုး စိုစွတ်တဲ့မြေပေါ်မှာ  ဥဥလေ့ရှိတယ်…”


ရှစ်ကျင်းက ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး ပြောသည်။

“ဒါကြောင့် နှစ်တိုင်း ကျင်းကျိုးမှာ ကျိုင်းကောင်ကပ်ဘေး ဖြစ်နေတာ…”


ဝမ်ချီက မြို့တော်တွင်ရှိစဉ်က ရှစ်ကျင်းထံကို အုပ်ချုပ်ရေး အဖွဲ့များဖွဲ့ပြီး ရေထိန်းသိမ်းမည့် ဆည်အသစ်များ  တည်ဆောက်ရန်နှင့် သစ်ပင်များစိုက်ပျိုးရန် စာရေးပြီး အကြံပေးဖူးသည်။ ၄င်းလုပ်ငန်းစဉ်က အချိန်ကြာမြင့်မည် ဖြစ်သော်လည်း အကျိုးသက်ရောက်မှု ရှိစေမည်။


သို့သော် ဝမ်ချီ ယခု ကျင်းကျိုးကို ရောက်မှသာ ထိုနည်းလမ်းများကို သူ ပြောခဲ့သောအချိန်က မည်မျှ နုံအခဲ့ကြောင်း သဘောပေါက်သွားတော့သည်။


သူ့နည်းလမ်းများက ရလဒ်မြင်ရရန် ဆယ်စုနှစ်မက ကြာနိုင်သည်။ ထို့အပြင် ဒေသခံလူများ၏ နေထိုင်မှု အခြေအနေများကို ကြည့်လိုက်ရုံဖြင့် စားစရာပင် လောက်လောက်ငင မရှိသော သူတို့အတွက် ထိုပြုပြင်ထိန်းသိမ်းမှုများကို နှစ်ရှည်လများ ပြုလုပ်ရန် မဖြစ်နိုင်ပေ။


ကျိုင်းကောင်ကပ်ဘေးကို ပပျောက်အောင် မစွမ်းဆောင်နိုင်မီတွင် ဒေသခံလူများ တယောက်ပြီး တစ်ယောက် ငတ်သေသွားမည်ကို ဝမ်ချီက စိုးရိမ်နေသည်။


တိုင်းပြည်က စားနပ်ရိက္ခာ ဖြန့်ဝေပေးလျှင်ပင် ထိုဆယ်စုနှစ် အတွင်း လူအများအပြားကို ကျွေးမွေးထားရန်မှာ မဖြစ်နိုင်ပေ။


ကျိုင်းကောင်များကို ထိရောက်စွာ ထိန်းချုပ်နိုင်မည့် နည်းလမ်းကို အချ်ိန်တိုအတွင်း အကောင်အထည်ဖော်ရန် လိုအပ်သည်။ ထိုမှသာ ပြည်သူများ အစားအသောက်နှင့် အဝတ်အစားများ လောက်ငနိုင်မည် ဖြစ်သည်။


ဝမ်ချီနှင့် ရှစ်ကျင်းတို့က မြို့တော်ဝန်ခံကျိုး နှင့်အတူ လယ်မြေအများအပြားကို ကြည့်ရှုခဲ့ကြပြီး ဆွေးနွေးနေစဉ် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။


မျက်စိတစ်မှိတ် အတွင်းမှာပင် ညနေစောင်းသွားသည်။


အနောက်ဘက်တွင် နေဝင်နေပြီး တောက်ပနေသော တိမ်တိုက်များက ကောင်းကင်တစ်ဝက်ကို ပန်းခင်းများသဖွယ် လှပစွာ ဖုံးလွှမ်းနေသည်။


မြို့တော်ဝန်ကျိုးက ရှစ်ကျင်းကို လျှောက်တင်သည်။

 "မင်းသားရွှမ် ဒီနေ့တော့ ဒီလောက်နဲ့ ပြန်ပြီး မနက်ဖြန်မှ စောစော လာကြည့်သင့်ကြောင်းပါ…ဒီနေရာက မြို့တော်နဲ့ မတူဘဲ ညဘက်တွေမှာဆို မလုံခြုံဘူး…”


ရှစ်ကျင်းက လမ်းတစ်လျှောက်တွင် မြင်ခဲ့ရသည့် မြင်ကွင်းများကို သတိရလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်၍ ပြောသည်။

“ကောင်းပါပြီ…”


ပြန်ခါနီးတွင် ဝမ်ချီက သူတို့နှင့် အတူလိုက်ပါလာသော ဟွားကျစ်ချန် ရုတ်တရက် ပျောက်နေသည်ကို သတိထားမိသွားသည်။


သူက မြို့တော်ဝန်ကျိုးကို အလျင်စလို မေးလိုက်ရာ ဟွားကျစ်ချန်က တဲတစ်လုံးထဲတွင် ကလေးမလေးတစ်ယောက်၏အဖျားကို ကြည့်ရှု့ကုသပေးနေကြောင်း မြို့တော်ဝန်၏ အစေခံမှ တစ်ဆင့် သိလိုက်ရသည်။


ဟွားကျစ်ချန်က နယ်ဝေးဒေသများသို့ နှစ်ပေါင်းများစွာ လှည့်လည်သွားဖူးသောကြောင့် ဆေးပညာကို ကျွမ်းကျင်ရုံသာမက ပြည်သူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် အမျိုးမျိုးသော ကူးစက်ရောဂါများအကြောင်းကိုလည်း သေချာနားလည်သည်။ 


ထို့ကြောင့် စစ်သူကြီးလင်းက ဟွားကျစ်ချန်ကို ကျိုင်းကောင်ကပ်ဘေး ပပျောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ကူညီရန်သာမက ဒေသခံပြည်သူများ ခံစားနေရသည့် ရောဂါများကို ကာကွယ် ထိန်းချုပ်ရန် ကျင်းကျိုးသို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။


သူတို့အဖွဲ့ ခြံဝင်းထဲသို့ မရောက်မီ အဝေးကပင် ဆူညံသံများ ကြားလိုက်ရ၍ ပဋိပက္ခ ဖြစ်နေပုံ ရသည်ဟု တွေးလိုက်မိကြသည်။


စစ်သူကြီးလင်းနှင့် ရှစ်ကျင်းက တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ ရှစ်ကျင်းက ခေါင်းညိတ်ပြလိုက်သော အချိန်တွင် စစ်သူကြီးလင်းက နားလည်စွာဖြင့် သူ့အနောက်မှ အစောင့်များကို လှမ်းခေါ်ပြီး ဓားအိမ်ပေါ် အရံသင့် လက်တင်ထားလိုက်ကာ ခြံဝင်းထဲသို့ ဦးဆောင်ဝင်သွားသည်။


ဝမ်ချီနှင့် ရှစ်ကျင်းတို့က အနောက်မှလိုက်သွားသည်။


သူတို့နှစ်ယောက် ရောက်သွားချိန်တွင် စစ်သူကြီးလင်းနှင့် ရဲမက်များက ထိုဆူညံနေသော လူအုပ်စုကို ခွဲပြီးသား ဖြစ်နေသည်။ စစ်သူကြီးလင်းတို့ အလယ်တွင် ဟွားကျစ်ချန်က မျက်နှာပျက်ယွင်းစွာဖြင့် ရပ်နေပြီး သူ့နောက်ကျောတွင် မိန်းမလှလေးတစ်ဦးက  ငိုနေသော ကလေးမလေးကို ချီပိုးထားပြီး ထိုကလေးနှင့်အတူ ငိုကြွေးနေသည်။


ဟွားကျစ်ချန်က လက်ကိုင်ပုဝါကို ထုတ်ပြီး ကလေးမလေး၏ မျက်ရည်များကို သုတ်ပေးကာ နူးနူးညံ့ညံ့ နှစ်သိမ့်ပေးနေသည်။


ဟွားကျစ်ချန်၏ အရှေ့တွင် ရှိသော စစ်သူကြီးလင်းက  စူးရဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ့ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ လူလတ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက်၏ ပခုံးကို ပြင်းပြင်းထန်ထန် ဖိနင်း၍ ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။

"မင်း နောက်တစ်ကြိမ် ထပ်လုပ်ရဲရင် လုပ်ကြည့်လိုက်စမ်း... အဲ့အခါကျ ငါ ဒီဓားကို သုံးမိရင် အပြစ်မတင်နဲ့…”


ထို လူလတ်ပိုင်းအရွယ် အမျိုးသားက  ကြောက်လန့်တကြား တုန်လှုပ်နေကာ စစ်သူကြီးလင်းကို ထပ်ခါတလဲလဲ တောင်းပန်သည်။

“ ကျွန်တော် မှားသွားတာပါ… နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး… သခင်ကြီး ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ…”


ရှစ်ကျင်းက မျက်မှောင်ကြုတ်ပြီး အရှေ့သို့လျှောက်သွား၍ မေးလိုက်သည်။

"စစ်သူကြီးလင်း… ဘာဖြစ်နေတာလဲ…”


စစ်သူကြီးလင်းက ရှက်ရွံ့ ကြောက်လန့်နေသော ထိုအမျိုးသားကို ငုံ့ကြည့်ကာ မကျေမနပ် ပြောသည်။

“ဒီလူက သူ့သမီး အငယ်ဆုံးလေးကို အသက်ခြောက်ဆယ်ကျော် အဘိုးကြီးဆီ ကိုယ်လုပ်တော်အဖြစ် ရောင်းစားဖို့ ကြံစည်နေတာ… အရင်ကလည်း သမီးသုံးယောက်ကို ရောင်းစားပြီးပြီ အခုအငယ်ဆုံးလေးဆို အသက်ရှစ်နှစ်ပဲ ရှိသေးတယ်…”



💮💮💮