💮Chapter 66
ထိုကိစ္စကိုကြားပြီး ဝမ်ချီ့ မျက်ခုံးများ တွန့်ကွေးသွားကာ တစ်ဖက်နှင့် တစ်ဖက်ထိစပ်လုနီးပါး မျက်မှောင်ကြုတ်လိုက်သည်။
“ဒီလိုကိစ္စမျိုး ကျင်းကျိုးမှာ တကယ်ဖြစ်ခဲ့တာလား…”
ဝမ်ချီက စကားဆုံးသွားသည်နှင့် မြို့တော်ဝန်ကျိုးကို မှုန်ကုပ်ကုပ် ကြည့်လိုက်သည်။
မြို့တော်ဝန်ကျိုးက သူ့ခြေထောက်များ တုန်ယင်သွားသည်ကို ခံစားလိုက်ရပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်နေရင်း ဖြေသည်။
“ကျွန်တော်မျိုးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပါ… ကျွန်တော်မျိုးကို အပြစ်ပေးပါ မင်းသားရွှမ်…”
ထို့နောက် မြို့တော်ဝန်ကျိုးက ထိုရာဇဝတ်သားကို ဖမ်းဆီးရန် အစောင့်များကို အမြန်ခေါ်လိုက်သည်။ ထိုလူက ခွင့်လွှတ်ပေးရန် ငိုကြွေးပြီး တောင်းပန်နေသော်လည်း အစောင့်များ၏ ကြိမ်ဖန်များစွာ ရိုက်ပုတ်ခြင်းခံရပြီး သားသတ်ခံရမည့် ဝက်တစ်ကောင်ကဲ့သို့ ဆွဲခေါ်သွားခံလိုက်ရသည်။
ထို့နောက် ဤဇာတ်လမ်းတိုတစ်ဖြတ်က တိတ်တဆိတ် ပြီးဆုံးသွားခဲ့၏။
လူတိုင်း၏ စိတ်အခြေအနေက ပိုမိုလေးလံထိုင်းမှိုင်းလာပြီး အပြန် လှည်းပေါ်တွင် မည်သူမျှ စကားမပြောကြပေ။
မြို့တော်ဝန်ကျိုး၏ နေအိမ်သို့ ပြန်ရောက်သောအချိန်တွင် ရှစ်ကျင်းက သူတို့အား အနားယူရန် ဦးစွာပြန်လွှတ်လိုက်ပြီး ရှစ်ကျင်း၏ ယအစေခံများက ညနေစာ စားသောက်ရန် လာရောက် အကြောင်းကြားသည့် အချိန်မှသာ ထပ်မံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြောသည်။
သို့သော် ညနေပြန်ဆုံသည့် အချိန်တွင် ဝမ်ချီက ရှစ်ကျင်း၊ စစ်သူကြီးလင်းနှင့် ဟွားကျစ်ချန်ကိုသာ တွေ့ရပြီး နေ့ခင်းက သူတို့နှင့် ယအတူတူ လိုက်လံကြည့်ရှုခဲ့သော မြို့တော်ဝန်ကျိုးကို မတွေ့ရပေ။
ညနေစာသုံးဆောင်နေစဉ်အတွင်း ရှစ်ကျင်းကကျိုင်းကောင်ကပ်ဘေးအကြောင်း ထပ်မံပြောဆိုသည်။
“ဒီဒေသရဲ့ အခြေအနေက အရမ်းဆိုးနေတာမို့ ခမည်းတော်ကို အကူအညီ စေလွှတ်ပေးဖို့ တောင်းဆိုရမယ်…မြို့တော်ရဲ့ ပံ့ပိုးမှုသာ မရရင် မကြာခင်အချိန်အတွင်း ကျင်းကျိုးမှာ ဒေသတွင်းပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်… ဆာလောင်မွတ်သိပ်နေတဲ့သူတွေ ဘာတွေလုပ်လာမလဲဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်ဘူး…”
ရှစ်ကျင်း၏ ဆုံးဖြတ်ချက်မှာ သဘာဝကျသောကြောင့် အခြားသူများက လက်ခံပြီး ထောက်ခံလိုက်ကြ၏။
ညနေစာသုံးဆောင်ပြီးသည်နှင့် အုပ်စုများဖွဲ့၍ စတင်လှုပ်ရှားကြရတော့မည်။
ရှစ်ကျင်းက အားလုံးကို မမေ့မလျော့ မှာခဲ့သည်။
“အခုချိန် ကျင်းကျိုးဒေသရဲ့ အခြေအနေက အရင်အချိန်တွေကထက် အများကြီး အခြေအနေဆိုးတယ်လို့ မြို့တော်ဝန်ကျိုးက ပြောတယ်… ပြည်သူတချို့က ပူးပေါင်းကြံစည်ပြီး လယ်ယာမြေတွေကို စိုးမိုးခြယ်လှယ်နေကြပြီးတော့ နန်းတော်က ဒေသခံတွေအတွက် အညီအမျှပေးဝေတဲ့ ရိက္ခာတွေကိုလည်း လုယက်ကြတယ်… သူတို့ရဲ့ မျက်လုံးထဲမှာ မြို့တော်ကလာတဲ့ ငါတို့က ဒီရာဇဝတ်မှုတွေကို တားနိုင်တဲ့ အစွမ်းမရှိတဲ့သူတွေ ဖြစ်နေပြီး အသေလာခံတဲ့ သိုးတွေလို့ သတ်မှတ်ထားကြတာမို့ ဘယ်အရာမဆို သတိထားပြီး ဆောက်ရွက်ကြပါ… တစ်ယောက်တည်း လှုပ်ရှားမှု မလုပ်ပါနဲ့…”
ရှစ်ကျင်းက ထိုသို့ပြောပြီးသည်နှင့် ဝမ်ချီကို တည့်တည့်ကြည့်ကာ ထပ်မှာသည်။
"အထူးသဖြင့် ဝမ်သခင်လေး… မင်း ဘယ်နေရာပဲ ရောက်နေပါစေ အစောင့်တွေကို မင်းဘေးနားမှာ အမြဲရှိစေရမယ်… တစ်ခုခုဖြစ်ရင် ငါ အစ်ကိုတော်ကို မဖြေရှင်းပေးတတ်ဘူး…”
ရုတ်တရက် တိုက်ရိုက် အပြောခံလိုက်ရသော ဝမ်ချီက ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။
ထိုသို့ ခေါင်းညိတ်ပြပြီးသည့် အချိန်တွင် ဝမ်ချီက ထူးဆန်းသော အကြည့်တစ်ချက်ကို သတိထားမိလိုက်၏။
ဝမ်ချီက အကြည့်လားရာထံသို့ ခေါင်းလှည့်၍ ကြည့်လိုက်သောအချိန်တွင် သူ့ကို ငေးကြည့်နေရာမှ အကြည့်လွှဲရန် အချိန်မမီလိုက်သော ဟွားကျစ်ချန်ကို မြင်လိုက်ရသည်။
ဟွားကျစ်ချန်၏ အမူအရာတွင် သိသာထင်ရှားသော ထိတ်လန့်မှုကို မြင်နေရသည်။ သူ့ပုံစံက အတန်းထဲ စိတ်လွတ်နေချိန်တွင် အတန်းပိုင်ဆရာ၏ သတိထားခြင်းကို ခံလိုက်ရသော မူလတန်းကျောင်းသားနှင့် အလွန်တူနေပြီး မျက်စိလွှဲလိုက်ချင်သော်လည်း ထိုသို့လွှဲလိုက်ခြင်းက ပို၍ စိတ်မလုံစေသောကြောင့် မလှုပ်ရဲဖြစ်နေသညိ။
တဖြည်းဖြည်းနှင့် ဖြူဖွေးသော သူ့မျက်နှာက သိသိသာသာ နီရဲလာသည်။
ဝမ်ချီက စိတ်ရှုပ်ထွေးစွာဖြင့် နှာခေါင်းကို ပွတ်သပ်နေသည်။
“ဟွားသခင်လေး…”
မထင်မှတ်ဘဲ သူ့အသံက ဟွားကျစ်ချန်၏ ခန္ဓာကိုယ်ရှိ အကြောများကို နှိပ်လိုက်မိသကဲ့သို့ ဟွားကျစ်ချန်က ရုတ်တရက် မတ်တပ်ထရပ်ပြီး အဝေးသို့ လျှောက်လှမ်းသွားသည်။
ဝမ်ချီ : “…”
ဝမ်ချီက စစ်သူကြီးလင်းဘက်သို့ လှည့်ကြည့်လိုက်သော အချိန်တွင် စစ်သူကြီးလင်းလည်း စိတ်ရှုပ်ထွေးနေပုံရပြီး သူ့ကို နားမလည်ကြောင်း ပခုံးတွန့်ပြသည်။
သို့သော် ဟွားကျစ်ချန်က စံအိမ်မှ တစ်ယောက်တည်း မထွက်ခွာသွားဘဲ အပြင်ဘက်ရှိ ကွက်လပ်တွင်ရပ်ကာ သူတို့ကို စောင့်နေသည်။
ယခုချိန်က နွေရာသီ ဖြစ်သောကြောင့် ညနေခင်းတွင် တိုက်ခတ်နေသော လေများက ပူပြီးခြောက်သွေ့နေသည်။
ဟွားကျစ်ချန်က အသက်ဝိညာဉ်မဲ့နေသော ရုပ်သေးရုပ်နှင့် တူနေပြီး အရိပ်အမိုး မရှိသော နေရာတွင်ရပ်ကာ ကောင်းကင်ပေါ်ရှိ တောက်ပနေသောလကို စိုက်ကြည့်နေသည်။
ဝမ်ချီနှင့် စစ်သူကြီးလင်းတို့က အထဲမှ ထွက်လာသော အချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရပြီး နှစ်ယောက်သား ဆွံ့အသွားတော့သည်။
စစ်သူကြီးလင်းက အလွန်လျင်မြန်စွာ လျှောက်လှမ်းနေသော ရှစ်ကျင်းကိုလည်း တစ်ချက် ကြည့်လိုက်သည်။ သူ၏ ထူထဲသော မျက်ခုံးမွှေးများဖြင့် ဝန်းရံထားသော မျက်လုံးဝိုင်းကြီးများထဲတွင် သံသယများနှင့် ပြည့်နှက်နေသည်။
“ဝမ်သခင်လေး သူတို့နှစ်ယောက်လုံး ဒီနေ့ အရမ်းထူးဆန်းနေတယ်လို့ မထင်ဘူးလား…"
ဝမ်ချီက ပြောသည်။
“ကျွန်တော်လည်း သတိထားမိတယ်…”
စစ်သူကြီးလင်းက ထပ်မေးသည်။
“အကြောင်းရင်းကို ခန့်မှန်းနိုင်လား…”
ဝမ်ချီက ခေါင်းခါလိုက်သည်။
ငါသာ အဲ့လို ထက်မြက်မှတော့ ခွေးမင်းသားရဲ့ အတွေးတွေကို ဟိုးအရင်တည်းက ခန့်မှန်းလို့ရနေပြီး အခုလို အဝေးလာပြီး ပုန်းနေစရာအကြောင်းတောင် မရှိဘူး…
ဟွားကျစ်ချန် ထူးဆန်းနေသည်မှာ သိသာသော်လည်း နားမလည်နိုင်စွာ ဆန်းကြယ်နေသော ရှစ်ကျင်း၏ အခြေအနေနှင့် ယှဉ်ပါက ဟွားကျစ်ချန်၏ ထူးဆန်းနေမှုက လက်ခံ၍ရသေးသည်။
ဝမ်ချီ ဟွားကျစ်ချန်ကို လှမ်းခေါ်လိုက်သည့် အချိန်တွင် ဟွားကျစ်ချန်က ပြန်ထူးပြီး ဝမ်ချီ၊ စစ်သူကြီးလင်းတို့နှင့်တကွ ပြန်လာခဲ့ကြသည်။
ဝမ်ချီနေထိုင်သော အိမ်ဝင်းက စစ်သူကြီးလင်း နေထိုင်ရာ ဝင်းနှင့်နီးပြီး ဟွားကျစ်ချန်ကမူ သူတို့နှင့် မနီးမဝေးတွင် နေသည်။ သူတို့သုံးယောက်က အိမ်ပြန်သည့်လမ်းတူသောကြောင့် အတူတကွ ပြန်လာခြင်း ဖြစ်သည်။
လမ်းတွင် စစ်သူကြီးလင်းက ဝမ်ချီပေးခဲ့သော သရေစာမုန့်များအကြောင်းပြောပြီး ချီးမွမ်းသည်။
"မင်းရဲ့ အစေခံမလေးက တကယ်ကျွမ်းကျင်တာပဲ… ငါ့အစေခံတွေဆို ဒီလိုအရသာရှိတဲ့ မုန့်မျိုး မလုပ်တတ်ကြဘူး… ဆိုးတာက ဘူးသေးသေးလေး ဖြစ်နေတာပဲ… ငါက အစားကြီးတော့ နည်းနည်းကိုက်တာနဲ့ ကုန်သွားရော သွားကြားတောင် မညပ်လိုက်ဘူး…"
စစ်သူကြီးလင်း၏ အဓိပ္ပါယ်ပါပါ ချီးကျူးမှုကို ကြားပြီး ဝမ်ချီက ပြုံးကာပြောသည်။
“ကျွန်တော့်မှာ အဲ့လို မုန့်တွေ အများကြီး ကျန်နေသေးတယ်… တစ်ယောက်တည်း စားလို့မကုန်နိုင်တာနဲ့ အတော်ပဲ…ခဏနေရင် စစ်သူကြီးလင်းဆီ ထပ်ပို့ပေးလိုက်မယ်…”
စစ်သူကြီးလင်းက ဝမ်းသာအားရ ရယ်မောပြီး ပြောသည်။
“ဒါဆို ငါလည်း လက်ခံပေးရမှာပေါ့…”
ဝမ်ချီက ပြုံးလိုက်ပြီးနောက် စစ်သူကြီးလင်း၏ ဘေးတစ်ဖက်တွင် တစ်ချိန်လုံးနှုတ်ဆိတ်ပြီး လိုက်ပါလာသော ဟွားကျစ်ချန်ကို ကြည့်ကာ မေးလိုက်သည်။
"ဟွားသခင်လေးရော ကျွန်တော်ပေးခဲ့တဲ့ မုန့်တွေရဲ့ အရသာကို ဘယ်လိုထင်လဲ…”
ဟွားကျစ်ချန် : “…”
အလင်းရောင် ခပ်မှိန်မှိန်သာ ရှိသော မြင်ကွင်းတွင် ဝမ်ချီက ဟွားကျန်ချန်၏ ရှက်ရွံ့ပြီးနီရဲနေသော အမူအရာကို မြင်လိုက်ရသည်။
ဝမ်ချီက သူအမြင်မှားသည်ဟု ထင်လိုက်ပြီး မျက်တောင်ခတ်ကာ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ သူ့အမြင် မမှားချေ။ ဟွားကျစ်ချန်က သူ့ဘက်လှည့်ပြီး ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေသည်။
ဝမ်ချီက သူ့မျက်နှာကိုသူ ကိုင်ကြည့်ပြီး မေးသည်။
"ဘာဖြစ်လို့လဲ…"
ဟွားကျစ်ချန်က ဝမ်ချီ၏ နားမလည်ဖြစ်နေသည့် အမူအရာကို မြင်ပြီး ဝမ်ချီ ဟန်ဆောင်နေခြင်းပင်လား ဒါမှမဟုတ် သူပဲ အတွေးများနေခြင်းလားဟု မခွဲခြားနိုင်တော့ပေ။ ပထမဆုံးအကြိမ်ဖြင့် သူ့မျက်နှာက လောင်ကျွမ်းလုနီးပါး နီမြန်းနေသည်ကို ခံစားလိုက်ရသည်။ ပြန်ဖြေရန်အတွကိ အသံထွက်ရန်ကိုပင် အလွန် အားထုတ်လိုက်ရသည်။
“ဝမ်သခင်လေးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပေမဲ့ ကျွန်တော် အဆာပြေမုန့် စားချင်စိတ် မရှိသေးလို့ စစ်သူကြီးလင်းက ပိုကြိုက်တာဆိုတော့ စစ်သူကြီးလင်းကိုပဲ ပေးလိုက်ပါ…”
စစ်သူကြီးလင်းက ခေါင်းညိတ်ပြီး ဝမ်းသာအားရ ပြောသည်။
“ဟုတ်တယ်. ဟုတ်တယ်…သူ မစားချင်ရင် သူ့အစား ငါစားပေးမယ်… သူ့ဝေစုကိုပါ ငါ့ကိုပေးလိုက်…”
ဟွားကျစ်ချန်: “…”
ဝမ်ချီက အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ကျန်ရှိသော သရေစာမုန့်ဘူးများကို ယောဖန်းအား ထုပ်ပိုးခိုင်းလိုက်ပြီး စစ်သူကြီးလင်းထံသို့ ပို့ဆောင်ပေးရန် အစောင့်များကို အမိန့်ပေးလိုက်သည်။
ယောဖန်းက ထုပ်ပိုးထားသော ဘူးများကို အစောင့်ထံ ပေးလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်လိုက်သော အချိန်တွင် ထိုင်ခုံပေါ်တွင် အနားယူနေသော ဝမ်ချီကို မြင်လိုက်ရသည်။
ယောဖန်းက အိမ်ထဲတွင် နေ့တစ်ဝက်နီးပါး ရှာဖွေခဲ့သော်လည်း အိမ်ရှေ့စံထည့်ပေးလိုက်သော သေတ္တာဘူးလေးကို ရှာမတွေ့သဖြင့် မည်သည့်နေရာတွင် ထားထားကြောင်း ဝမ်ချီကို မေးသည်။
“ဒါနဲ့ အိမ်ရှေ့စံပေးလိုက်တဲ့ သစ်သားသေတ္တာဘူးလေးကို ဘယ်နားမှာ ထားလိုက်တာလဲ သခင်လေး….”
ဝမ်ချီက မျက်လုံးမှိတ်ပြီး ကျိုင်းကောင်ကပ်ဘေး အကြောင်း တွေးတောနေရာမှ ဤစကားကို ကြားလိုက်သောအချိန်တွင် မျက်လုံးဖွင့်၍ မေးသည်။
“ဘယ် သစ်သားသေတ္တာဘူးကို ပြောတာလဲ…”
ယောဖန်းက ထိုသေတ္တာဘူးကို ယခုထိ ရှာမတွေ့သေးသောကြောင့် စိုးရိမ်ပူပန်နေ လေသံဖြင့် ပြောသည်။
“ အိမ်ရှေ့စံက သခင်လေးကို ပေးခဲ့တဲ့ သစ်သားသေတ္တာလေးလေ… ပိုးထည်ပုဝါနဲ့ ထုတ်ပိုးထားတဲ့ ဘူးလေး…အဲ့ဘူးကို ကျွန်တော်မျိုးမ မြင်းလှည်းပေါ်အထိ သယ်လာပါတယ်… အခုကျမှ ဘာလို့ ပျောက်နေတာလဲ…”
ယောဖန်းပြောပြီးနောက် ဝမ်ချီက သတိရသွားသည်။ သူ ထိုနေ့က မင်းကြီးထံသို့ အခစားဝင်ပြီး အိမ်ပြန်ရောက်သော အချိန်တွင် အရှင့်သားက ရှောင်ရွှမ်ကျီကိုစေလွှတ်ကာ သစ်သားသေတ္တာလေး တစ်ဘူးကို ပို့ပေးထားကြောင်း ယောဖန်းက သူ့ကို ပြောသည်။
ထိုအချိန်တွင် သူက ကျင်းကျိုးကို လာမည့်ကိစ္စနှင့် စိတ်ရှုပ်ထွေးနေသောကြောင့် ထိုဘူးကို ယောဖန်းအား သိမ်းဆည်းထားခိုင်းလိုက်သည်။
ကျင်းကျိုးသို့ ထွက်ခွာမည့်နေ့တွင် ယောဖန်းက ထိုသေတ္တာဘူးကို ထပ်မံ ပြန်ထုတ်ယူလာသောကြောင့် သူက ၄င်းကို လှည်းပေါ်သို့သယ်လာရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
ယောဖန်းက ထိုသစ်သားသေတ္တာဘူးကို အလွန် ဂရုစိုက်ပြီး တည်းခိုခန်း၌ အနားယူသောနေ့တွင် သူမက ၄င်းဘူးကို ဝမ်ချီ၏ အခန်းထဲသို့ သယ်လာသည်။ သို့သော် ဝမ်ချီက ထိုဘူးကို လက်ဆောင်အဖြစ် ဟွားကျစ်ချန်ကို ပေးလိုက်မိသည်။
အခုချိန်တွင် အရာအားလုံး ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
ဟွားကျစ်ချန် ဒီနေ့ ထူးထူးခြားခြား ပြုမူခဲ့တာ အံ့သြစရာ ဘယ်ဟုတ်မလဲ…ငါ့ကို နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာလည်း မဆန်းဘူး…ဒါကြောင့် ငါနဲ့ စကားပြောဖို့ကို ချီတုံချတုံဖြစ်နေတာကိုး…
ဝမ်ချီက ဟွားကျစ်ချန်ကို အခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားစေသည့် ထိုသစ်သားသေတ္တာထဲတွင် မည်သို့သော ပစ္စည်းများ ရှိနေသည်ကို ရုတ်တရက် သိချင်လာသည်။
ဝမ်ချီက ထိုအကြောင်း ယောဖန်းကို ပြောပြလိုက်သည်။
ယောဖန်းက နားထောင်နေစဉ် ပိုမိုစိုးရိမ်လာပြီး လက်ဖဝါးများကို တင်းတင်းဆုပ်ကာ စိုးရိမ်တကြီးဖြင့် ပြောသည်။
“သခင်လေး အဲ့ဘူးက အိမ်ရှေ့စံ သခင်လေးကို ပေးထားတဲ့ ပစ္စည်းမို့ ကျွန်တော်မျိုးမတို့ သေချာ မထိန်းသိမ်းနိုင်ရင် အိမ်ရှေ့စံက အပြစ်မြင်လိမ့်မယ်…”
ဝမ်ချီလည်း ထိုကဲ့သို့ တွေးမိသောကြောင့် ယောဖန်းထက်ပင် ရှစ်ယဲ့အပြစ်မြင်မည်ကို ပိုစိုးရိမ်နေသည်။
"ဒီသေတ္တာဘူးကို ငါ ပြန်တောင်းလိုက်ရင် ကောင်းမယ်… ဟွားကျစ်ချန်က ငါ့ကို ပြန်ပေးမှာပါ…”
ယောဖန်းက မေးသည်။
“သခင်လေး အခု သွားတောင်းမှာလား…"
ဝမ်ချီက အပြင်ဘက်ကောင်းကင်ကို မော့ကြည့်လိုက်ကာ ခေတ္တစဉ်းစားပြီးနောက် ပြောသည်။
"မနက်ဖြန်ကျ ဟွားကျစ်ချန်နဲ့ အတူတူ အပြင်ထွက်ရဦးမှာဆိုတော့ မနက်ဖြန်အထိ စောင့်လိုက်တာပေါ့… ဒါဆို သူ့ကို မှားပေးမိတဲ့အကြောင်း ပြောပြဖို့ အခွင့်အရေးလည်းရမယ်…”
ယောဖန်းက ခေါင်းညိတ်ပြီး ထောက်ခံသည်။
“သခင်လေး မနက်ဖြန်ကျ ဒီကိစ္စကို ပြောဖို့ သတိရနော်…"
မူလတွင် ဝမ်ချီက နောက်တစ်နေ့တွင် ဟွားကျစ်ချန်ထံသို့ သွားကာ သစ်သားသေတ္တာပြန်တောင်းရန် ကြံစည်ခဲ့သော်လည်း ပြောင်းလဲမှုတစ်ခုကြောင့် ထိုအစီအစဉ် ဖြစ်မလာနိုင်ကြောင်းကို မသိခဲ့ပေ။
နောက်တစ်နေ့ နံနက်စောစောတွင် ရှစ်ကျင်းက ၎င်းတို့လေးဦးအား အုပ်စုနှစ်စုခွဲရန် ရုတ်တရက်ဆုံးဖြတ်လိုက်သည်။ ရှစ်ကျင်းနှင့် ဟွားကျစ်ချန်က တစ်ဖွဲ့၊ ဝမ်ချီနှင့် စစ်သူကြီးလင်းက တစ်ဖွဲ့ဟု ခွဲချလိုက်သည်။
စစ်သူကြီးလင်းက ချက်ချင်းကန့်ကွက်သည်။
“မဖြစ်သင့်ဘူး…”
ဝမ်ချီလည်း တုံ့ဆိုင်းသွားပြီး ပြောသည်။
“ဒါက သိပ်မကောင်းသလိုပဲ…”
ရှစ်ကျင်းနှင့် ဟွားကျစ်ချန်တို့က တစ်ယောက်နှင့် တစ်ယောက် မခွဲခွာနိုင်သော ညီအစ်ကိုကဲ့သို့ ဘေးချင်းကပ် ရပ်နေကြပြီး ရှစ်ကျင်းက ပြောသည်။
“ငါ ဆုံးဖြတ်ပြီးသားမို့ မင်းတို့ ငါ့ကို ထပ်ဖျောင်းဖျဖို့ မလိုတော့ဘူး…”
ဟွားကျစ်ချန်ကလည်း ပြောသည်။
“မင်းသားရွှမ်ရဲ့ အစီစဉ်ကို ကျွန်တော် သဘောတူပါတယ်… လေးယောက် အတူတူသွားရင် လူအများရဲ့ အာရုံစူးစိုက်တာ ခံရလိမ့်မယ်… အခုလို အုပ်စုခွဲပြီး သွားကြတာ ပိုကောင်းတယ်… ပြီးတော့ ဝမ်သခင်လေးက စစ်သူကြီးလင်းရဲ့ ညီတော်လို့ နာမည်ခံထားတာဆိုတော့ စစ်သူကြီးလင်းနဲ့ အတူသွားတာ ပိုသဘာဝကျတယ်…”
စစ်သူကြီးလင်းက ရှစ်ကျင်းကို ပြောသည်။
“မင်းသားကို ကာကွယ်ဖို့ မင်းကြီးက ကျွန်တော့်ကို အမိန့်ပေးလိုက်တယ်…”
ရှစ်ကျင်းက စစ်သူကြီးလင်း၏စကားကို ဆုံးသည့်အထိ နားမထောင်ဘဲ ဖြတ်ပြောသည်။
"စိတ်မပူပါနဲ့၊ ငါ့ဘေးမှာ လူတွေ အများကြီး ရှိတာမို့ သူတို့တွေ ငါ့ကိုကာကွယ်ပေးလိမ့်မယ်… ပြီးတော့ ငါ့မှာလည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိတယ်…”
စစ်သူကြီးလင်းက စောဒက တက်ချင်သော်လည်း ရှစ်ကျင်းက လက်ကိုပြတ်ပြတ်သားသား ဝှေ့ယမ်းကာ တစ်ဖက်သို့ လှည့်သွားပြီး ဟွားကျစ်ချန်နှင့် အစောင့်အချို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ဝမ်ချီနှင့် စစ်သူကြီးလင်းတို့သာ ကြာမြင့်စွာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး ဆွံ့အကာ နေရာတွင်ကျန်နေခဲ့သည်။
စစ်သူကြီးလင်းက ခေါင်းကုတ်လိုက်ပြီး ပြောသည်။
“သူတို့ ငါတို့နှစ်ယောက်ကို ရှောင်နေပုံရတယ်…”
ဝမ်ချီလည်း လျင်မြန်စွာ ထွက်သွားသော ရှစ်ကျင်းနှင့် ဟွားကျစ်ချန်တို့၏ နောက်ကျောများကို ကြည့်ပြီး စစ်သူကြီးလင်းကို ပြောသည်။
“နေပုံရတယ်ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်ပါ…”
စစ်သူကြီးလင်း : “…”
သူတို့လေးယောက် အုပ်စု၂ဖွဲ့ခွဲ၍ သွားသောအချိန်တွင် ယခင်ကကဲ့သို့ အလွန် မထင်ပေါ်နေတော့ဘဲ သွားလမ်းကို ဝိုင်းအုံပိတ်ဆို့ခံရသည့် ဖြစ်ရပ်များလည်း မရှိတော့သည်ကို ဝန်ခံရမည်။
သို့သော် ဤခွဲခွာမှုက ငါးရက်သာ ကြာမြင့်ခဲ့သည်။
ထိုငါးရက်တာကာလအတွင်း ဝမ်ချီက ဟွားကျစ်ချန်နှင့် တစ်နေ့လုံး မတွေ့ခဲ့ရရုံသာမက ဟွားကျစ်ချန်၏ အိမ်ဝင်းအထိ သွားရှာသော အချိန်တွင်လည်း တံခါးဝတွင်ပင် တွေ့ရန် ငြင်းဆန်ခံခဲ့ရသည်။
သူပေးလိုက်မိသော သစ်သားသေတ္တာကြောင့် ဟွားကျစ်ချန်က သူ့ကို တမင်ရှောင်နေသည်ကို ဝမ်ချီ သတိထားမိသည်။
ဝမ်ချီက ထိုသစ်သားသေတ္တာထဲတွင် မည်သည့် ပစ္စည်းများ ထည့်ထားကြောင်း မသိသော်လည်း၊ သူ့စိတ်ထဲတွင် ခံစားနေရသည့် ထူးဆန်းသော နိမိတ်ခံစားချက်က ပိုပို၍ အားကောင်းလာသည်။
ထိုညတွင် ဝမ်ချီက ညစာစားပြီးနောက် ဟွားကျစ်ချန် နေထိုင်သည့် ခြံဝင်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုသေတ္တာဘူးကို ပြန်ယူမှဖြစ်မည်။
💮💮💮