Chapter 67
Viewers 11k

💮Chapter 67



ဝမ်ချီနေသောခြံဝင်းနှင့် ဟွားကျစ်ချန်၏ ခြံဝင်းကြားတွင် လမ်းကြားတစ်ခု ရှိသည်။ ထိုလမ်းပေါ်တွင် သွားလာသူ များများစားစားမရှိပေ။ နေ့ခင်းဘက်တွင် လူအနည်းငယ်သာ ဖြတ်သွားဖြတ်လာ လုပ်ကြပြီး ညဘက်တွင်မူ တစ်ဦးတစ်ယောက်မျှ မတွေ့ရတော့ချေ။


ဝမ်ချီအတွက် ထိုလမ်းကို ဖြတ်သွားဖြတ်လာ လုပ်ခြင်းက ပထမဆုံးအကြိမ် မဟုတ်သော်လည်း ပတ်ဝန်းကျင်တစ်ခွင်ရှိ တိတ်ဆိတ်မှုက အနည်းငယ် ကြောက်စရာကောင်းသည်ဟု ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သည်။ ယခင်က ဆူညံနေသော အင်းဆက်ပိုးမွှားများပင် ယခုည၌ မည်သည့်အသံမျှ ထွက်မလာချေ။


ဝမ်ချီက သူ့လက်မောင်းပေါ်ရှိ ကြက်သီးမွှေးညင်းများကို ထိလိုက်ပြီး ခြေလှမ်းကို အရှိန်တင်လိုက်သည်။


ကံကောင်းထောက်မစွာဖြင့် ခြံဝင်းနှစ်ခုကြားရှိ  အကွာအဝေးက မများလှပေ။ ဝမ်ချီက ၁၅မိနစ်နီးပါး လျှောက်ပြီးနောက် ဟွားကျစ်ချန် နေထိုင်ရာ အိမ်ဝင်းအပြင်ဘက်သို့ ရောက်ရှိလာသည်။


ခြံဝင်းနံရံက မြင့်မားလွန်းသဖြင့် ပိတ်ထားသော အရှေ့တံခါးမှလွဲပြီး အတွင်းကို မမြင်ရပေ။


ဝမ်ချီက အသက်ပြင်းပြင်းရှူပြီး လက်ကိုမြှောက်ကာ တံခါးခေါက်လိုက်သည်။ 


သူက ခဏအကြာတွင် ခြေသံတိုးတိုးလေး ကြားလိုက်ရပြီး အထဲမှာ လူတစ်ယောက်က လှမ်းမေးလာသည်။

“ဒီအချိန်ကြီး အပြင်မှာ ဘယ်သူရောက်နေတာလဲ…”


သူစိမ်းတစ်ယောက်၏ အသံကို ကြားလိုက်ရသောကြောင့် ဝမ်ချီက အံ့ဩသွားခဲ့သည်။


သူမှတ်မိသည်မှာ ဟွားကျစ်ချန်က အစေခံနှင့် အခြွေအရံများ မပါဘဲ ကျင်းကျိုးကို လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ရှစ်ကျင်းက ကြည့်မနေနိုင်တော့ဘဲ ဟွားကျစ်ချန်ဘေးတွင် ကာကွယ်စောင့်ရှောက်ရန် အစောင့်နှစ်ယောက်ကို စီစဉ်ပေးလိုက်သည်။


သို့သော်လည်း ယခင်က သူ ဟွားကျစ်ချန်ကို လာရှာသောအချိန်များတွင် ဟွားကျစ်ချန်က သူ့ကို မတွေ့ချင်လျှင်ပင် ထိုအစောင့်နှစ်ယောက်ကို သူ့အား နှင်လွှတ်ရန် မစေခိုင်းဘဲ တံခါးဝသို့ လူကိုယ်တိုင် ထွက်လာပြီး  နေ၍မကောင်းကြောင်း ပြောခဲ့သည်။


ဝမ်ချီ့ စိတ်ထဲတွင် မရေမရာ ဖြစ်နေသော်လည်း အထဲမှ မေးသံကို ပြန်၍အသံပေးလိုက်သည်။

“ကျွန်တော် လင်းယွမ်ပါ… ဟွားသခင်လေးကို အခုလို အချိန်မတော် အနှောင့်အယှက် လာပေးရလို့ အားနာပေမဲ့ ဟွားသခင်လေးကို တွေ့ပြီး အရေးကြီးကိစ္စ ပြောစရာရှိလို့ပါ…”


"အိုး လတ်စသတ်တော့ လင်းသခင်လေး(၄)ပဲ…”

အတွင်းမှ တံခါးပွင့်သွားပြီး ခြံဝင်းထဲမှ သာမန် အလယ်အလတ်တန်းစားပုံ ပေါ်သော လူတစ်ယောက်က  အသံပြုသည်။


ထိုလူက ဝမ်ချီကို တစ်ချက် အကဲခတ်လိုက်ပြီး လေးလေးစားစား ပြောသည်။

“ဟွားသခင်လေး အထဲမှာ ရှိပါတယ်… လင်းသခင်လေး(၄) ဝင်လာလိုက်ပါ…”


နောက်ဆုံးတော့ ဟွားကျစ်ချန်က ငါ့ကို တွေ့ခွင့်ပေးလိုက်ပြီပေါ့…


ဝမ်ချီက အလွန်ဝမ်းသာသွားပြီး ကျေးဇူးတင်ကြောင်း အမြန်ပြောကာ ဝင်လာလိုက်သည်။


ဟွားကျစ်ချန် နေထိုင်သည့် ခြံဝင်းက ကြီးကြီးမားမား မဟုတ်သော်လည်း ကျဉ်းလှသည်လည်း မဟုတ်ပေ။ ယခုက အချိန်လင့်နေပြီဖြစ်ပြီး ခြံရှေ့တွင် ပန်းများနှင့် အပင်များစွာ စိုက်ထားသောကြောင့် ဝမ်ချီအတွက် ဝင်္ကပါထဲတွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေသည်။


သို့သော်လည်း လမ်းပြပေးသောသူက ဤနေရာနှင့် အလွန်ရင်းနှီးပုံရပြီး သူက ထိုကွေ့ကောက်သော လမ်းကို လွယ်ကူစွာ လျှောက်သွားပြီး ဝမ်ချီကို ခေါ်ဆောင်သွားသည်။


ဝမ်ချီက တိတ်ဆိတ်သော အခြေအနေကို သည်းမခံနိုင်တော့သဖြင့် ပါးစပ်ကိုဟ၍ စကားစရှာလိုက်သည်။

“မင်းတို့ရဲ့ ဟွားသခင်လေး ညစာစားပြီးပြီလား…”


ထိုလူက ခေါင်းလှည့်မကြည့်ဘဲ ပြန်ဖြေသည်။

"ဟုတ်ကဲ့ သခင်လေးက စားပြီးပါပြီ… လင်းသခင်လေးသာ တံခါးရှေ့ကို ရုတ်တရက် ရောက်မလာရင် ဟွားသခင်လေးက အခုဆို အနားယူနေလောက်ပြီ…”


ဝမ်ချီ : “…”


ထိုလူက ထပ်မံပြောသည်။

“ဒါပေမဲ့ လင်းသခင်လေးက စစ်သူကြီးလင်းရဲ့ ညီတော်ဆိုတော့ ဟွားသခင်လေးက ဘယ်လိုလုပ်ပြီး လျစ်လျူရှုရဲမှာလဲ… အိပ်ပျော်နေရင်တောင်မှ လင်းသခင်လေး တံခါးရှေ့ရောက်လာမှတော့ ထတွေ့ရမှာပဲ…”


ဝမ်ချီက သူအတွေးလွန်နေခြင်းပင်လား မသေချာသော်လည်း ထိုလူက စစ်သူကြီးလင်း၏ ညီတော်ဟူသည့် ဂုဏ်ပုဒ်ကို အလွန် အလေးအနက် ထားနေပုံပေါ်ပြီး ထိုလူ၏ လေသံထဲတွင် သဘောကျသည့် အရိပ်ယောင်ကို မြင်ရသည်။


ဝမ်ချီက တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရပြီး ခြေလှမ်း အရှိန်ကိုလျှော့လိုက်ကာ မေးလိုက်သည်။

"စကားမစပ် မင်းက ဟွားသခင်လေး ခေါ်လာတဲ့ လူတွေထဲက တစ်ယောက်လား… ငါ မင်းကို အရင်က မတွေ့ဖူးသလိုပဲ…”


ထိုလူက ပြောသည်။

“ကျွန်ုပ်က မြို့တော်ဝန်ရဲ့ စံအိမ်တော်က အစေခံပါ… ဟွားသခင်လေးကို စောင့်ရှောက်ဖို့ မြို့တော်ဝန်က ဒီကို လွှတ်လိုက်တာ…”


ဝမ်ချီက စိတ်ဝင်တစား မေးသည်။

“ဒါဆို မင်းငါ့ကို ဘယ်လိုသိတာလဲ…"


ဝမ်ချီ့အမေးကို ကြားပြီး ထိုလူက ခေါင်းကိုလှည့်လိုက်သည်။


ထိုလူ့လက်ထဲတွင် ကိုင်ထားသော မီးအိမ်က အလင်းမှိန်ဖျော့သွားကာ သူ့မျက်နှာက ထိုအလင်းရောင် ဖျော့ဖျော့နှင့် အရိပ်ကြားတွင် ရှိနေသည်။ သူ့ ရိုးရိုးရှင်းရှင်းမျက်နှာက အေးစက် မာကြောနေသည်။


"ကျွန်ုပ်…ကျွန်တော်က မြို့တော်ဝန်ရဲ့ စံအိမ်တော်ကမို့ လင်းသခင်လေး စံအိမ်ကို စရောက်လာတည်းက သခင်လေးရဲ့ နာမည်ကို ကြားဖူးပါတယ်…လင်းသခင်လေးမှာ ဘာမေးစရာများ ကျန်သေးလဲ…”

ထိုလူက အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။


ထိုလူ၏ ပုံပန်းသဏ္ဍာန်က အလွန်ကြောက်စရာ ကောင်းသောကြောင့် ဝမ်ချီက အလွန်ထိတ်လန့်သွားပြီး စကားမပြောနိုင်ဖြစ်ကာ အလျင်အမြန် ခေါင်းယမ်းလိုက်သည်။


“လင်းသခင်လေးမှာ မေးစရာ တခြားမေးခွန်းတွေ မရှိတော့ဘူးဆ်ို ဟွားသခင်လေးကို တွေ့ဖို့ သွားကြတာပေါ့…”

ထိုလူက​ ပြောပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။


ဝမ်ချီက ကြက်လေးတစ်ကောင်လို တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါသွားပြီး ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးလာသည်။


ဝမ်ချီက ထိုလူနှင့် ခပ်လှမ်းလှမ်းမှ လိုက်ပြီးနောက် သူ၏ သတိမဲ့မှုကို အခွင့်ကောင်းယူကာ အနောက်သို့ လှည့်၍ ထွက်ပြေးလိုက်သည်။


ထိုလူ့သွင်ပြင်က ဝမ်ချီကို ထူးဆန်းသလို ခံစားရစေသည်။ အစေခံများနှင့် အခြွေအရံများစွာကို မြင်ဖူးခဲ့သော်လည်း ထိုကဲ့သို့ ရိုင်းစိုင်းပြီး အဆင့်အတန်းနိမ့်ကျသော စကားလုံးများကို မည်သည့် အစေခံကမျှ မသုံးရဲကြပေ။ ဝမ်ချီနှင့် တရင်းတနှီးနေသော ယောဖန်းနှင့် ယောထောင် ပင်လျှင် သူ့ရှေ့တွင် "ကျွန်ုပ်"ဟူသောနာမ်စားကို သုံး၍ မပြောခဲ့ဖူးချေ။


လူတစ်ဦး၏ ပုံပန်းသွင်ပြင် မည်သို့ပင်ပြောင်းလဲသွားပါစေ သူ၏ အတွင်းစိတ်က မည်သို့မျှ ပြောင်းလဲမည်မဟုတ်ပေ။


ထိုလူက စံအိမ်တော်က အစေခံတစ်ယောက်နှင့် မတူဘဲ မကြာသေးမီက သမီးအငယ်ဆုံးကို ရောင်းစားသောကြောင့် စစ်သူကြီးလင်း၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လူလတ်ပိုင်းအရွယ်နှင့် တူနေသည်။


မည်မျှပင် ဆင်ယင်ခြယ်သထားပါစေ ထိုအပြင်အဆင်များက အရိုးထဲစိမ့်ဝင်နေသည့်  ယုတ်မာရိုင်းစိုင်းသော အကျင့်ကို ဖုံးမထားနိုင်ပေ။


ဝမ်ချီ အရှိန်လျှော့လိုက်ပါက ထိုလူ ဖမ်းမိသွားမည်ကို ကြောက်လန့်နေပြီး အရူးကဲ့သို့ လျှောက်ပြေးနေသည်။ 


ဝမ်ချီက တံခါးဝသို့ ရောက်ခါနီးတွင် အနောက်လှည့်၍ ကြည့်လိုက်ရာ လက်ထဲတွင် အနီရောင်မီးအိမ် ကိုင်ဆောင်ထားသည့် ထိုလူကို ယခင်နေရာတွင် မလှုပ်မယှက် ရပ်နေဆဲကို တွေ့လိုက်ရသည်။


သူက ဝမ်ချီနောက်သို့ လိုက်ဖမ်းရန် စိတ်ကူးရှိပုံ မပေါ်ဘဲ ဝမ်ချီကို လေးလေးနက်နက် စိုက်ကြည့်နေသည်။


ဝမ်ချီ့စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။ 


ဒီလူက ငါ့ကို ခြံဝင်းထဲ လှည့်စားခေါ်လာပြီးမှ ငါ ထွက်ပြေးတာကို ဒီအတိုင်း ရပ်ကြည့်နေမှာတဲ့လား…


ဝမ်ချီ့အတွေး မဆုံးမီမှာပင် ဝင်းတံခါး ဘေးနှစ်ဖက်ရှိ မြက်ခင်းပြင်မှ အနက်ရောင်အရိပ်နှစ်ခု ရုတ်တရက် ပေါ်လာသည်။


ထိုအနက်ရောင် အရိပ်နှစ်ခုက အလွန်လျင်မြန်စွာ ရွေ့လျားလာပြီး ဝမ်ချီ တုံ့ပြန်ရန် အချိန်မရမီတွင် သူတို့က ဝမ်ချီထံသို့ အပြေးအလွှားပြေးဝင်ကာ သူ့ကို မြေကြီးပေါ်သို့ ဖိလိုက်ကြသည်။


ဝမ်ချီက ရုတ်တရက် ခန္ဓာကိုယ်ဖြင့် အဖိခံလိုက်ရသောကြောင့် သွေးအန်လုနီးပါးဖြစ်ပြီး ငယ်သံပါ အော်ဟစ်လိုက်သည်။

“ကယ်ကြပါဦး…ကယ်ကြပါ…"


ဝမ်ချီ့အော်သံ မဆုံးလိုက်မီ သူ့ကို ဖိထားသည့် နှစ်ယောက်ထဲမှ တစ်ယောက်က လက်မြှောက်ပြီး သူ့ဂုတ်ပိုးကို ရိုက်ချလိုက်သည်။


ဝမ်ချီက ဂုတ်ပိုးမှ ပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ချက်ချင်းပင် မျက်လုံးများ မှုန်ဝါးကာ သတိလစ်သွားခဲ့သည်။


ဝမ်ချီ့နားထဲတွင် တစ်စုံတစ်ယောက်၏ တီးတိုးပြောသံကို ကြားနေရသည်။

"ဝမ်သခင်လေး ထပါဦး… ဝမ်သခင်လေး…"


ဝမ်ချီ တဖြည်းဖြည်း အသိစိတ် ပြန်ရလာပြီး လည်ပင်းနောက်ဘက်ရှိ နာကျင်မှုကို ဦးစွာ ခံစားလိုက်ရသည်။ ပုရွက်ဆိတ်ထောင်ပေါင်းများစွာက သူ့အရေပြားကို ကိုက်နေသကဲ့သို့ ပူလောင်နေသည့် ဝေဒနာကို ခံစားနေရသည်။


ထိုတစ်ယောက်၏အသံ ထပ်မံထွက်ပေါ်လာသည်။

"ဝမ်သခင်လေး… မင်း အဆင်ပြေတယ်မလား…”


ဝမ်ချီကမူ အဆင်ပြေနေသည်ဟု မခံစားရပေ။  သို့သော်လည်း အလွန် နာကျင်နေသောကြောင့် ထိုလူ၏ မေးခွန်းများကို ပြန်ချေပရန် ခွန်အားမရှိချေ။


အချိန်အတန်ကြာပြီးမှသာ မျက်လုံးကို ခက်ခက်ခဲခဲ ဖွင့်ကြည့်လိုက်နိုင်သည်။


ဝမ်ချီ ပထမဆုံး မြင်လိုက်ရသည်က ရင်းနှီးသော မျက်နှာတစ်ခု ဖြစ်သည်။ ထိုလူက မျက်မှောင်ကြုတ်နေပြီး နှုတ်ခမ်းထောင့် အနည်းငယ်တွ့န်ကွေးနေကာ မျက်နှာတွင် စိုးရိမ်မှုအပြည့်နှင့် သူ့မျက်လုံးများက ဝမ်းနည်းနေပုံ ပေါ်သည်။ ဝမ်ချီနှင့် အလွန်နီးနီးကပ်ကပ် ရှိနေပြီး သူ အသက်ရှုထုတ်လိုက်သော လေပူများက ဝမ်ချီ့မျက်နှာတစ်ခုလုံးကို လာရောက်ထိခတ်နေသည်။


ဝမ်ချီက သူနှင့် အလွန်နီးကပ်နေသည့် ဟွားကျစ်ချန်၏ ကြီးမားသောမျက်နှာကြောင့် လန့်သွားပြီး အနောက်သို့ ဆုတ်လိုက်သည်။ သို့သော်လည်း သူ့အနောက်တွင် နံရံသာ ရှိသောကြောင့် မည်မျှပင် ကြိုးစားပါစေ သူနှင့် ဟွားကျစ်ချန်ကြားက အကွာအဝေးကို မဆွဲဆန့်နိုင်ခဲ့ပေ။ 


အဆုံးတွင် ဟွားကျစ်ချန်က ဝမ်ချီ၏ စိတ်အခြေအနေကို သတိပြုမိသွား၍ အနေရခက်စွာဖြင့် ပြုံးပြလိုက်ပြီး အနောက်ပြန်ဆုတ်ကာ ဝမ်ချီဘေးတွင် ထိုင်လိုက်သည်။


ဟွားကျစ်ချန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောသည်။

“မင်း သတိလစ်နေတာ နာရီဝက်လောက်ရှိပြီ… ဒီအတိုင်းသာ ဆက်မေ့မျောနေမယ်ဆိုရင် ငါ အိမ်ရှေ့စံကို ဘယ်လို လျှောက်တင်ရမလဲတောင် မသိတော့ဘူး…”


ဝမ်ချီက ခန္ဓာကိုယ်ပေါ်တွင် တုပ်ထားခြင်းခံရသော ကြိုးများကို တိတ်တဆိတ် ငုံ့ကြည့်လိုက်ပြီး သူ့လိုပင် ကြိုးချည်ခံထားရသည့် ဟွားကျစ်ချန်ကို ပြန်မော့ကြည့်လိုက်သည်။ ဝမ်ချီက ခဏငြိမ်သက်နေပြီးနောက် မေးလာသည်။

“ကျွန်တော်တို့ အိမ်ရှေ့စံဆီတောင် အသက်ရှင်လျက် ပြန်သွားနိုင်ပါ့မလား…” 


ဟွားကျစ်ချန်လည်း သေချာမသိသောကြောင့် ချီတုံချတုံဖြင့် ဖြေသည်။

“သူတို့သာ ပိုက်ဆံလိုချင်လို့ ဖမ်းထားတာဆိုရင်တော့ ငါတို့ကို မကြာခင် ပြန်လွှတ်ပေးမှာပါ…”


ဝမ်ချီက ထပ်မေးသည်။

“ကျွန်တော်တို့ကို ဖမ်းလာတဲ့သူတွေက ဘယ်သူတွေလဲ…”


ဟွားကျစ်ချန်လည်း ခေါင်းခါယမ်းလိုက်ပြီး သူမသိကြောင်း ပြောသည်။

“ဒီနေ့နေ့လည် ငါအိမ်ကို ပြန်ရောက်တော့ သူတို့က အိပ်ခန်းထဲက ဗီရိုထဲမှာ ပုန်းနေကြပြီး ငါသတိလွတ်သွားတဲ့အချိန်မှာ တိုက်ခိုက်ကြတာ… သူတို့မျက်နှာတွေက ငါ့အတွက် စိမ်းနေပေမဲ့ သူတို့ကတော့ ဒီအိမ်အကြောင်း ကျွမ်းကျွမ်းကျင်ကျင် သိပုံပေါ်တယ်…ဧကန္တ ကြိုစီစဉ်ထားတာ ကြာပြီနဲ့တူတယ်…”


ဝမ်ချီက ပြောသည်။

“သူတို့က ကြိုတင်စီစဉ်ထားမှတော့ ကျွန်တော်တို့ကို လွယ်လွယ်နဲ့ လွှတ်ပေးပါ့မလား…”


ဟွားကျစ်ချန်လည်း ပြောစရာစကား ပျောက်ဆုံးသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။

“စောစောကသာ ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် မင်းသားရွှမ် ငါ့အတွက် စီစဉ်ပေးထားတဲ့ အစောင့်နှစ်ယောက်ကို မောင်းထုတ်ခဲ့မှာ မဟုတ်ဘူး… မင်းသားရွှမ်ကို ငါ့အတွက် အလုပ်ပိုစေမှာဆိုးလို့ ငြင်းခဲ့ပြီးမှ အခုလိုမျိုး ကိုယ့်ကိုကိုယ် အန္တရာယ်တောထဲ တိုးဝင်လိုက်မိမယ်လို့ မထင်ထားခဲ့ဘူး…”


ဝမ်ချီလည်း စကား ဆက်မပြောတော့ချေ။


သူက အလွန်မသက်မသာ ဖြစ်နေပြီး ဂုတ်ပိုးမှ နာကျင်မှုက သည်းမခံနိုင်လောက်အောင် ဆိုးရွားနေကာ ခြေလက်များက အလွန်ထုံကျင်နေသည်။ လက်နှင့် ခြေထောက်များကို  လှုပ်ရန် ကြိုးစားသော်လည်း ကြိုးဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရသောကြောင့် လှုပ်ရှားရန် အလွန်ခက်ခဲနေသည်။


ဝမ်ချီက ကြိုးများဖြေရန် အချိန်အတော်ကြာ ရုန်းဆန်ခဲ့ပြီးနောက် နောက်ဆုံးတွင် အရှုံးပေးလိုက်ပြီး နံရံကိုမှီကာ အနားယူရင်း ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။


ဤနေရာက ထင်းထားသည့်အခန်း ဖြစ်မည်။ သူတို့နှင့် မျက်စောင်းထိုး ညာဘက်တွင် ထင်းများစုပုံနေပြီး မြေပြင်တွင်လည်း သစ်ကိုင်းခြောက်များဖြင့် ပြည့်နေသည်။ တစ်ခန်းလုံး ပြတင်းပေါက်များ မရှိသည့်အပြင် ခိုင်ခံ့မှုမရှိသော သစ်သားတံခါးနှင့်သာ အပေါက်ဝကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။


ထိုထင်းခန်းက ဝမ်ချီ့ခြံဝင်းထဲရှိ ထင်းတဲနှင့် ဆင်တူသယောင် ရှိသောကြောင့် သူတို့ ဟွားကျစ်ချန်၏ ခြံဝင်းထဲမှာပင် ရှိသေးပုံရသည်။ ဆိုလိုသည်က ကျိုးစံအိမ်တော်ထဲတွင် ရှိနေဆဲဖြစ်သည်။


ဝမ်ချီက ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။

“ဟွားသခင်လေး သိုင်းတတ်လား…”


ထိုမေးခွန်းကိုကြားပြီး ဟွားကျစ်ချန်က ပြန်ဖြေသည်။

“အားနာပါတယ်… ငါလည်း ကိုယ်ခံပညာ မလေ့ကျင့်ဖူးဘူး…”


ဝမ်ချီက ခေတ္တတုံ့ဆိုင်းသွားပြီး နောက်ထပ် အကြံတစ်ခုကို တွေးလိုက်သည်။

“အခုချိန် အော်ဟစ်ပြီး အကူအညီတောင်းလိုက်ရင် စစ်သူကြီးလင်း ကြားနိုင်မယ်ထင်လား…”


ဟွားကျစ်ချန် ထိုနည်းလမ်းကို တွေးဖူးသောကြောင့် သက်ပြင်းချရင်း ပြောလိုက်သည်။

“စစ်သူကြီးလင်း နေတဲ့နေရာက ငါတို့ခြံဝင်းနဲ့ သိပ်မဝေးဘူးဆိုပေမဲ့လည်း ငါတို့ အော်တာကို ကြားနိုင်တဲ့အထိတော့ မနီးဘူး… ကံမကောင်းတာက ဒီနေရာက ဝေးပြီးခေါင်တော့ အနီးနားမှာ နေတဲ့သူတွေလည်း မရှိဘူး… အနီးနားမှာ တစ်ယောက်ယောက် ရှိတယ်ဆိုရင်တောင်မှ သူတို့ ဒီကို ရောက်မလာနိုင်ခင်မှာပဲ ငါတို့ ဒုက္ခရောက်သွားနိုင်တယ်…”


ထိုသို့ပြောနေသော်လည်း သူတို့နှစ်ယောက် လွတ်မြောက်ရန် မည်သည်မျှ မကြိုးစားကြည့်ဘဲ ဤနေရာတွင် ထိုင်ပြီး သေခြင်းတရားကို မစောင့်နိုင်ချေ။


ကြိုးများကို အချင်းချင်း ဖြည်ရန် ကြိုးစားကြည့်သော်လည်း ကြိုးများက တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသောကြောင့် လက်ချောင်းထိပ်များသာ ပေါက်ပြဲသွားပြီး ကြိုးအထုံးကမူ မပြေသွားချေ။  


နောက်ဆုံးတွင် ဝမ်ချီက ဟွားကျစ်ချန်၏ အကူအညီဖြင့် မတ်တပ်ထရပ်ရန် ကြိုးစားခဲ့သော်လည်း သူ မတ်တပ်မရပ်နိုင်မီတွင် သစ်သားတံခါးဖွင့်သံကို ကြားလိုက်ရပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး အပြင်ဘက်မှ ဝင်လာခဲ့သည်။


ဟွားကျစ်ချန်နှင့် ဝမ်ချီလည်း တစ်ချ်ိန်တည်းတွင် မလှုပ်မယှက် အေးခဲသွားသည်။


သူက ထိုမြင်ကွင်းကိုမြင်ပြီး ရှေ့ကို တိုးလာကာ ဝမ်ချီကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။


ဝမ်ချီက မြေပြင်ပေါ်သို့ လဲကျသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဟွားကျစ်ချန်က အချိန်မီ သူ့ခန္ဓာကိုယ်ဖြင့် အောက်မှခံလိုက်သော ကြောင့် ဆိုးဆိုးရွားရွား မထိခိုက်သွားပေ။


"ဟွားသခင်လေးနဲ့ ဝမ်သခင်လေး မင်းတို့ အားလုံးက ပညာတတ်တွေပဲ ဦးနှောက်သုံးပြီး ဆင်ဆင်ခြင်ခြင်နေမှ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာပေါ့…”

ထိုလူက ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ပြီးနောက် မြေပြင်ပေါ်ရှိ ဟွားကျစ်ချန် ထွေးထုတ်ထားသော လက်ကိုင်ပုဝါကို ပြန်ကောက်ယူကာ စကားတစ်ခွန်းမှ မပြောဘဲ ဟွားကျစ်ချန်၏ ပါးစပ်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။


ဟွားကျစ်ချန်:  “…”


ဟွားကျစ်ချန်၏ မျက်နှာ ပြာနှမ်းသွားသည်ကို ဝမ်ချီ မြင်လိုက်ရသည်။ ဝမ်ချီကိုယ်တိုင်ပင် အန်ချင်သွားတော့သည်။



💮💮💮