Chapter 194
ရုံရှား ကျေနပ်စွာ ရယ်မောပြီး ပန်းဟွာကို လွှတ်လိုက်သည်။ ပြီးလျှင် သူမမျက်လုံးကို စိုက်ကြည့်ရင်း "ဟွာဟွာ၊ ကိုယ့်ကို မလိမ်ပါနဲ့၊ ဒီဘဝမှာ ကိုယ် ဂရုစိုက်တဲ့လူက အရမ်းနည်းတယ်၊ မင်းပဲ ရှိတာပါ၊ မင်း ကိုယ့်ကိုလိမ်ရင် ကိုယ် ခံစားနိုင်မှာမဟုတ်ဘူး"
ပန်းဟွာက လက်ကို ရင်ဘတ်ပေါ်တင်လိုက်ပြီး သူ့နှလုံးခုန်သံကို ခံစားလိုက်၏။
"ကျွန်မ ရှင့်ရင်ထဲမှာ ရှိနေတာ သေချာတယ်နော်၊ကျွန်မအတွက်လည်း ရှင်က တစ်ယောက်တည်းပါပဲ၊ ကျွန်မ ရှင့်ကို ဘယ်တော့မှမလိမ်ပါဘူး"
"ဧကရီ၊ သခင်မယန် ရောက်လာပါတယ်" ခန်းမအပြင်ဘက်မှ ရူရီက အော်ပြောသည်။
ပန်းဟွာက ရုံရှား၏ မေးစေ့ကို ဆွဲကိုင်လိုက်ပြီး ခြေဖျားထောက်ကာ နှုတ်ခမ်းပေါ် အသာအယာနမ်းလိုက်၏။
"သိပ်မစဉ်းစားနဲ့၊စိတ်ချ ကျွန်မ အရင်က တခြားယောက်ျားတွေနဲ့ မချစ်ဖူးဘူး"
ရုံရှားက သူမကိုအတင်းဖက်ပြီး နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။
"ကိုယ်မင်းကိုယုံတယ်"
ပန်းဟွာ ထွက်သွားပြီးနောက် ရုံရှား သည် စားပွဲရှေ့တွင် မလှုပ်မယှက် အကြာကြီးထိုင်နေခဲ့သည်။ ဟွာဟွာက သူမသည် ယခင်က အခြားယောက်ျားများကို မချစ်ခဲ့ဟု ဆိုသည်။ သူ သူမကို ယုံသည်။
အခု...သူမက သူ့ကို တကယ် ချစ်တာ ဟုတ်ရဲ့လား...
"ဒိုင်း!"
ဝမ်ကုန်းကုန်းသည် ဧကရာဇ်စားပွဲပေါ်မှ လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသည်ကို မြင်လိုက်ရသည်။ သူ အမြန်ပြေးလာကာ
“အရှင်မင်းကြီး၊ အဆင်ပြေရဲ့လား”
"အဆင်ပြေပါတယ်၊ တစ်ယောက်ယောက်ကို လာပြီး ရှင်းခိုင်းပါ"
"ဟုတ်ကဲ့"
သခင်မယန်သည် ရုံမိသားစု၏ ချွေးမဖြစ်စဥ်က၊ သူမသည် နန်းတော်အတွင်းသို့ မကြာခဏဝင်ရောက်ခွင့်ရခဲ့သည်။ သူမသည် မဟာရွှေလမင်းနန်းတော်ကိုပင်ရောက်ဖူးသည်။ သို့သော် ထိုအချိန်က မဟာ ရွှေလမင်းနန်းတော်သည် လှပနေသော်လည်း ယောက်ျားများ၏ အသုံးအဆောင် များနှင့်သာ ပြည့်နေသည်။ သို့သော် ယခုတစ်ကြိမ်တွင် မဟာ ရွှေလမင်းနန်းတော်သည် ယခင်ကကဲ့သို့ လှပနေသေးသော်လည်း အမျိုးသမီးများ နှစ်သက်သည့်အရာများစွာကို ထည့်သွင်းထားကြောင်း တွေ့ရသည်။ ဤနန်းတော်တွင် အမျိုးသမီးများ၏ အသုံးအဆောင်များ၊ အမျိုးသမီးများ ကြိုက်နှစ်သက်သောအရာများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
"ဧကရီ ရောက်လာပါပြီ"
သူမ ခေါင်းကို မမော့ဝံ့ဘဲ ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။ အမိုက်စား ဝတ်စုံရှည်တစ်ထည်က သူမဘေးမှ ဖြတ်သွားသည်။ သူမသည် ဝတ်စုံအဝေးကို ရောက်သွားမှ ဒူးထောက်သည့် အနေအထားကို ပြောင်းလဲလိုက်သည်။
"ထပါ"
ဧကရီ၏အသံသည် အလွန်သာယာပြီး ငယ်ရွယ်လန်းဆန်းနေသည်။ သူမသည် ရုံမိသားစုတွင်ရှိစဉ်က ရုံရှားသည် အလွန်အေးစက်သော ကလေးတစ်ဦးဖြစ်၏။ ဧကရီက သူ့ကို စွဲလန်းစေသည်အထိ ဖြစ်ရလောက်အောင် ဘယ်လိုမိန်းမမျိုးလဲ.. နောက်ဆုံးအကြိမ်က နန်းတက်ပွဲတက်ရန် သူမ နန်းတွင်းသို့ဝင်ခွင့်ရခဲ့သော်လည်း ဧကရီနှင့် အလွန်ဝေးကွာသည့် နေရာမှာ ထိုင်ခွင့်ရခဲ့၏။
သူမ မတ်တပ်ရပ်လိုက်ပြီး ဧကရီ၏ ရုပ်ရည်သွင်ပြင်ကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ ပါးစပ်အဟောင်းသားပင် ဖြစ်သွား၏။ တကယ့်ကို လှပပြီး ဆွဲဆောင်မှုရှိလှ၏။ သူမသည် ပုံပြင်ပြောသူများပြောသော ဝိညာဉ်စုတ်နတ်ဆိုးနှင့်တူသည်။ ယောက်ျားတစ်ယောက်သာ သူမ၏ ကျော့ကွင်းထဲကိုမိသွားပါက၊ပြေးစရာနေရာမရှိနိုင်ချေ။
ရုံရှား... ဒီလိုမိန်းမမျိုးကို တကယ်ကြိုက်ခဲ့တာလား။
သူမ ရုံမိသားစု၏ အကြီးဆုံးသားနှင့် လက်ထပ်ပြီးချိန်မှာ ယောက္ခမ သခင်မလင်း မကွယ်လွန်သေး။သခင်မလင်းသည် အလွန်ပြေပြစ်ပြီး ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူမ မှတ်မိနေသေးသည်။
ပန်းဟွာနှင့် သူမ၏ယောက္ခမ လင်းမျိုးနွယ် တွင် မည်သည့်အချက်မှ မတူညီချေ။ ထူးခြားသော ရုပ်ရည်အသွင်အပြင်ရှိသော ရုံရှား သည် လင်းမျိုးနွယ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော ဤမိန်းမမျိုးကို စွဲလန်းနေမည်ဟု စိတ်ကူးရခက်လှသည်။ ပန်းဟွာက သူမကို ထရန်ပြောပြီးနောက်တွင် သူမ ဦးညွှတ်ကာ နာခံမှုဖြင့် ရပ်လိုက်သည်။
"ကျွန်မကိုတွေ့ချင်တယ်လို့ သခင်မကျောက်ဆီက ကြားပါတယ်"
သခင်မယန်သည် အတော်လေး ကြောက်နေသည်ကို ပန်းဟွာ တွေ့ရ၏။ သူမသည် ခင်ပွန်းဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေရမည့်အချိန်မှာ ကလေးဖျက်ချပြီး အခြားတစ်ယောက်နှင့် လက်ထပ်သည်ဆိုသော သတင်းများနှင့်ဆန့်ကျင်ဘက်ပင်။
သခင်မယန် ဒူးထောက်လိုက်ပြန်သည်။
"ကျွန်မ ဧကရီရဲ့ ခွင့်လွှတ်မှုကို တောင်းဆိုဖို့ လာခဲ့တာပါ...ကျွန်မ အပြစ်ကကြီးမားလွန်းလို့ အရှင်မင်းကြီးနဲ့ ဧကရီဆီကနေ ခွင့်လွှတ်ဖို့တောင် မတောင်းပန်ရဲတော့ပါဘူး၊ကျွန်မအပြစ်အတွက် အသေခံဖို့ ဆန္ဒရှိပေမယ့် တခြား မိသားစုဝင်တွေကိုသာချမ်းသာပေးပါလို့ တောင်းဆိုချင်ပါတယ်"
"မတ်တပ်ရပ်ပြီး စကားပြောပါ၊ ကျွန်မက ဘာလို့ ရှင့် အသက်ကို လိုချင်ရမလဲ၊ ဘုရင်မင်းမြတ်က အတိတ်ကကိစ္စတွေကို စိတ်မဝင်စားဖို့ ဆုံးဖြတ်ထားပြီးသားပါ၊ကျွန်မ ရှင့်ကို ရန်ငြိုးထားတာမျိုး မရှိဘူး၊ ဒါကြောင့် ကျွန်မက ရှင့်ကိုဘာမှ ဒုက္ခပေးမှာ
မဟုတ်ဘူး"
သခင်မယန်က ပန်းဟွာကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ "ဧကရီ....ကျေးဇူးအများကြီးတင်ပါတယ် ဧကရီ!"
ဒီလို ရိုးသားပြီး နှိမ့်ချတတ်တဲ့သူက ဘယ်လိုလုပ်ပြီး ကလေးဖျက်ချနိုင်တာလဲ။
"ရှင်က ရိုးသားပြီး တာဝန်ကျေတဲ့သူတစ်ယောက်လို့ ကျွန်မ မြင်တယ်၊ဘာကြောင့် ကလေးဖျက်ချတာလဲ"
" ဧကရီ ဒီကလေးက ... ကျွန်မ ဖျက်ချတာ မဟုတ်ပါဘူး၊ ကျွန်မ သခင်လေးရုံ နဲ့ လက်ထပ်ပြီးတဲ့အထိ သူက ကျွန်မကို မချစ်ပါဘူး၊ ယောက္ခမကတောင်မှ ကျွန်မကိုမကြိုက်ပါဘူး၊ ယောက္ခမ ဆုံးပါးသွားပြီးတဲ့နောက် သခင်လေးရုံ က အရမ်းဝမ်းနည်းနေတာနဲ့ပဲ ကျွန်မကို ဘယ်လိုမှ ချစ်မလာပါဘူး၊ သခင်ကြီးရုံ ကွယ်လွန်ပြီး နှစ်နှစ်အကြာမှ ကိုယ်ဝန်ရခဲ့တာပါ"
သခင်မယန်သည် ကလေးဆုံးရှုံးသွားပုံနှင့် အခြားသူနှင့် လက်ထပ်ရန် အတင်းအကြပ် ခိုင်းစေခံရပုံကို ပြောပြသည်။ တခြား ယောက်ျားတစ်ယောက်အား လက်ထပ်ရသည်ဟု ပြောသည့်အခါ သူမ လေသံကငြိမ်သက်နေ၏။ဒေါသ သို့မဟုတ် ပျော်ရွှင်မှု သဲလွန်စပင် မရှိခဲ့ချေ။
ပန်းဟွာသည် သူမ မပြောသော အချို့အရာများကို အနည်းနှင့်အများ စိတ်ကူးယဉ်ကြည့်နိုင်သည်။ ဥပမာအားဖြင့်၊ လင်းမျိုးနွယ်သည် ချွေးမကို မကျေမနပ်ဖြစ်ပြီး သခင်လေးရုံ ကလည်း ဇနီးသည်ကို မကြိုက်ပေ။ သခင်လေးရုံ ကွယ်လွန်ပြီးနောက် သခင်မယန်သည် ကိုယ်ဝန်ပျက်ကျခဲ့သည်။ ထို့အပြင် သူမသည် ကမန်းကတန်း နောက်အိမ်ထောင်ပြုခဲ့သည်။အခြားသူများ၏အမြင်တွင် သူမက ကလေးကို ဖျက်ချခြင်းဖြစ်၏။
သခင်မယန်၏ စကားထဲမှ ယောက္ခမ သည် လင်းမျိုးနွယ် ဖြစ်သည်။အတော် လက်ပေါက်ကပ်သော အဖွားကြီးဖြစ်မည်။ ရုံရှား နန်းတက်၍ အချိန်အတော်ကြာပြီးနောက်၊လင်းမျိုးနွယ် အား အဆင့်တစ်အရာရှိကတော်ဘွဲ့ကို ပေးအပ်ခြင်းမှလွဲ၍ အခြားသော ဂုဏ်ထူးဆောင်ဘွဲ့များ မပေးခဲ့ပေ။သူတို့ သားအမိက သိပ်အဆင်ေပြပုံမရပေ။
လင်းမျိုးနွယ်ထက် သူ၏ ကွယ်လွန်သူဖခင်အား ရုံရှားက ရာထူးဘွဲ့ ပေးအပ်ခဲ့သည်။ဖခင်ဖြစ်သူအား ဘွဲ့ပေါင်းများစွာကို ပေးအပ်ခဲ့ရုံသာမက၊ အဆင့်တစ်မြို့စားမင်းဘွဲ့နှင့် အိမ်ရှေ့စံ၏ ပညာသင်ဆရာဘွဲ့ကိုလည်း ပေးအပ်ခဲ့သည်။ သက်ရှိထင်ရှားသာ ရှိနေလျှင် ဧကရာဇ်ရာထူးပင် ပေးနေမလားမသိပေ။
"လင်းမျိုးနွယ်..ဧကရီရဲ့ ယောက္ခမက အရှင်မင်းကြီးကို ကောင်းကောင်းဆက်ဆံခဲ့သလား၊ ရှင် အမှန်အတိုင်းပြောရမယ်၊လိမ်ညာခဲ့ရင် ရှင့်ကို အပြစ်ပေးရလိမ့်မယ်"
" သူမက ယောက္ခထီးနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်၊ဧကရာဇ်ရဲ့ နေ့စဉ်ဝေယျာဝစ္စကို ယောက္ခထီးက ကြည့်စီမံပေးပြီး ကျန်တာကို အစေခံမိန်းကလေးတွေ လုပ်ပါတယ်၊ သူမကတော့ အေးစက်စက်နိုင်သူဆိုတော့ ဒါတွေကို ဂရုမစိုက်ပါဘူး ဒါပေမယ့် ဧကရာဇ်နဲ့ ယောက္ခထီးတို့ကိုတော့ အရမ်းကို ကောင်းမွန်အောင် ပြောဆိုဆုံးမတတ်သူပါ"
သခင်မယန်သည် နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒုက္ခတွင်းမှ နှုတ်ထွက်ခဲ့သူဖြစ်သည်။ယောက္ခမဖြစ်သူ၏ အပြုအမူတို့သည် အနည်းငယ် ထူးဆန်းသည်ဟု သူမ ခံစားမိသော်လည်း ထုတ်မပြောဝံ့ပေ။ရုံရှားနှင့်လည်း သိပ်စကားမပြောဖြစ်ပေ။ပြောဖြစ်လျှင် ယောက္ခမက အပြစ်တင်မှာစိုးသည်။
နောက်ပိုင်းတွင် လင်းမျိုးနွယ်၏ ဖခင် ဖျားနာပြီး သေဆုံးသွားသောအခါ၊ သခင်မယန်သည် ဝမ်းနည်းရမည့်အစား ပျော်ရွှင်နေခဲ့၏။ထိုအတွေးမျိုး တွေးတာ မှားမှန်း သိသော်လည်း မတတ်နိုင်ပေ။
"နားလည်ပါပြီ၊ ရှင် ပြန်လို့ရပြီ"
"ကျေးဇူးအများကြီးတင်ပါတယ် ဧကရီ ၊ကျွန်မ သွားပါတော့မယ်"
ပုံပြင်ပြောသူ၊ အကသမားများနှင့် အခြားသူများက သူမ အပျင်းပြေရန် ရောက်လာကြသော်လည်း သူမ စိတ်မဝင်စားခဲ့ပေ။ သူတို့ကို လက်ယမ်းပြ၍ နောက်ဆုတ်စေလိုက်၏။
"လာ၊ စစ်သေနာပတိတုကို ခေါ်လိုက်ပါ"
တုကျိုးးည် ရုံရှား၏အနားတွင် အမြဲရှိနေခဲ့သည်။ ရုံရှား ငယ်ငယ်တုန်းက ဘယ်လိုဘဝမျိုးနေထိုင်ခဲ့သည်ဆိုသည်ကို ကောင်းကောင်းသိ၏။
ဧကရီက သူ့ကိုရှာနေသည်ဟုဆို၍ တုကျိုး ရောက်လာသည်။ခန်းမထဲသို့ရောက်သောအခါ ဧကရီ မျက်နှာထားက ပုံမှန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက ရှေ့သို့သွား၍ ဦးညွှတ်လျက်
"ဧကရီ နန်းတော်က ဘယ်သူကများ ဧကရီကို စိတ်မချမ်းသာအောင်လုပ်တာပါလဲ"
ပန်းဟွာက သူ့ကို ထိုင်ခုံပေးရင်း "ကျွန်မ ပျင်းနေလို့ ၊အပျင်းပြေအောင် ရှင့်သခင်ရဲ့ ငယ်ဘဝအကြောင်း ပြောပြပါ"
တုကျိုးက ရိုးရိုးသားသားပြောသည်။
"သခင်ရဲ့ကလေးဘဝအကြောင်းပြောပြရင် ဧကရီ ပိုပျင်းသွားမှာ၊ သခင်ရဲ့ကလေးဘဝက အရမ်းငြီးငွေ့စရာကောင်းပါတယ်၊ဧကရီလောက်တော့ အရောင်အသွေးမစုံလင်လှဘူး"
ပန်းမိသားစု၏ မိန်းကလေးကတော့ ရန်စရဲသည့် မိန်းကလေးတစ်ယောက်ပင်။ သူမသည် အမြင်ကျယ်ပြီး အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ငယ်စဉ်ကပင် စာကိုသာသင်ခဲ့ရသည့် သူ့သခင်နှင့် မတူပေ။ ငယ်ငယ်တုန်းကတည်းက မြင်းစီး၊ မြှားပစ် အတတ်များအစား လူကြီးလူကောင်းများလို နေထိုင်ခဲ့ရ၏။သူ မလိုက်နာဖူးဆိုလျှင် သူ့အမေက စိတ်ပျက်လက်ပျက်ဖြင်ပ ရင်ဘတ်သည်တီးကာ ဆူပူကြိမ်းမောင်း၍ ငိုပြတော့သည်။
"ဘယ်လောက်တောင် ငြီးငွေ့စရာကောင်းတာလဲဆိုတာ ငါ့ကိုပြောပြစမ်းပါ၊ မင်း သခင်နဲ့ ငါ အတူရှိရင်လည်း သူ့ငယ်ဘဝအကြောင်း မပြောဖူးဘူး၊ငါလည်း သိချင်စိတ်ဖြစ်မိတယ်"
"သခင့်အသက် သုံးနှစ်အရွယ်ကတည်းက မနက်ငါးနာရီကျော်လောက်မှာ အိပ်ရာကနိုးတယ်၊နှစ်နာရီကြာအောင် စာကျက်ပြီးရင် သခင်ကြီးဆီ သွားနှုတ်ဆက်တယ်"
"မနက် ငါးနာရီ ကျော် ဟုတ်လား"
ပန်းဟွာက တုကျိုးကို ထိတ်လန့်စွာ ကြည့်ပြီး "မနက် ငါးနာရီ အိပ်ရာက ထခိုင်းတာ၊ ဒါက ကလေးကို နှိပ်စက်နေတာ မဟုတ်ဘူးလား"
တုကျိုးက ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ "ဒါက သခင်မကြီးရဲ့ စည်းမျဉ်းပါပဲ"
"သူမက ကလေးကို မနက်ငါးနာရီ ကျော်မှာ အိပ်ရာက နိုးစေတယ်၊ ဒါပေမယ့် နှစ်နာရီအကြာမှာ ကလေးကို နှုတ်ဆက်ခိုင်းတယ်၊ ဒါက သူ့ကိုယ်သူကျ ညှာတာပြီး တခြားသူတွေကို တင်းကြပ်နေတာ မဟုတ်ဘူးလားး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနေထိုင်ရတာ မင်းရဲ့သခင်ကို သနားလိုက်တာ၊ ငါ သုံးနှစ်သားအရွယ်တုန်းက နေထွက်တဲ့အထိ အိပ်ယာကမထဘူး"
တုကျိုး ရယ်ချင်စိတ်ကို မနည်း ထိန်းထားရ၏။
တစ်ယောက်က သူ့သခင်၏အမေ၊ နောက်တစ်ယောက်က သူ့သခင်၏ အချစ်ဆုံးမိန်းမပင်။ သူ ဘာပဲပြောပြော၊ အပြစ်လုပ်မိလျှင် သေသည်အထိတောင် အပြစ်ခံရနိုင်၏။
"ဒါဆို ငါ့ကိုပြောစမ်း၊ မင်းရဲ့သခင် ငယ်ငယ်က ဘာစိတ်ဝင်စားစရာတွေ ဖြစ်ခဲ့သလဲ၊ သူ လုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့တာမျိုး"
တုကျိုး ခေါင်းခါလိုက်ပြီး "သခင်က ငယ်ငယ်လေးကတည်းက ကိုယ့်ကိုယ်ကို စည်းကမ်းအရမ်းကြီးတယ်၊ သူ့မှာ ထူးထူးခြားခြား ဝါသနာမရှိပါဘူး"
"စိတ်ဝင်စားစရာကောင်းတာ တစ်ခုရှိတယ်၊သခင် အသက်ဆယ့်နှစ်နှစ်ဆယ်နှစ်လောက်မှာ နန်းတော်ထဲမှာ မိန်းကလေးငယ်တစ်ဦးနဲ့တွေ့တယ်၊ ကောင်မလေးက သူ့ကိုရေခဲပေါ်မှာဆော့ကစားဖို့ ဆွဲခေါ်သွားတယ်..."
တုကျိုးက ခေတ္တရပ်လိုက်ပြီး "ဒါပေမယ့် သခင်မကြီးက ဒါကိုသိလိုက်တဲ့အခါ၊ သခင် အပြစ်ပေးခံရတယ်"
"သူ့ကို ဘယ်သူက အပြစ်ပေးတာလဲ"
"သခင်မ"
"ပြစ်ဒဏ်က ဘာလဲ"
"ကြာပွတ်နဲ့ အကြိမ်နှစ်ဆယ် အရိုက်ခံရတယ်၊ ပြီးတော့ မိသားစုစည်းမျဉ်းကို ဆယ်ကြိမ်ကူးရေးခိုင်းပါတယ်"
တုကျိုးသည် သူ့သခင်၏ နောက်ကျောမှ သွေးထွက်နေသည်ကို မှတ်မိနေသေးသည်။ထိုအဖြစ်အပျက်ပြီးနောက် တစ်နှစ်မပြည့်မီတွင် သခင်မသည် ရောဂါကြောင့် သေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ သခင်သည် ကလေးလိုမျိုး မပြုမူတော့ပေ။
ဆောင်းရာသီသည် အလွန်အေးသော်လည်း နယ်ချဲ့သမားတော်က သူ၏ဒဏ်ရာများကို ဆေးထည့်သောအခါမှာလည်း ငိုခြင်းမရှိပေ။
ထိုအကြောင်းကို ပန်းဟွာ ကြားလိုက်သည်နှင့်၊ သူမ၏ နှလုံးသားတစ်ခုလုံး ရှာလကာရည်ထဲမှာ စိမ်ထားပြီး ဆေးထိုးအပ်နှင့် ထိုးသလို ခံစားရသည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီး သူမက ပြတင်းပေါက်ကို လှမ်းကြည့်သည်။
"ဒီနှစ် တက္ကသိုလ်တက်ဖို့ အချိန်နီးနေပြီ"
တုကျိုးက ပန်းဟွာကို စိတ်ရှုပ်ထွေးစွာကြည့်ကာ ထုံပေပေနှင့် ခေါင်းညိတ်ပြသည်။
ထိုညက မြို့တော်မှာ နှင်းများကျလာသည်။
ပန်းဟွာသည် မြေခွေးမွေးကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး လှေကားထစ်များပေါ်တွင် ရပ်နေခဲ့သည်။ သူမသည် နှင်းများထူထပ်နေသောကမ္ဘာကိုကြည့်ကာ သူမ၏ အစောင့်တစ်ဦးထံ လှည့်ကာ
"ဧကရီက ရေခဲစကိတ်စီးချင်တယ်လို့ ရှစ်ကျစ်ကိုသွားပြောပါ၊ နေရာကောင်းတစ်ခုရှာဖို့ သူ့ကိုပြောထား၊ မနက်ဖြန် သွားကြမယ်"
"ဟုတ်ကဲ့"
ပန်းဟွာ ပြုံးပြီး ခန်းမဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ ပင်မခန်းမတွင်၊ ရုံရှားသည် မြို့တော်ရှိ အရည်အချင်းရှိသော လူငယ်များအကြောင်း ဆွေးနွေးနေသည့် အနီးကပ်အရာရှိအချို့၏ စကားကို နားထောင်နေသည်။
"ကျုံးဖျင်နယ်စားမင်းရဲ့ ဒုတိယတရားဝင်သားဖြစ်သူ ရှဲ့ချီလင်းကလည်း အရည်အချင်းတချို့ ရှိပါတယ်......"
"ငါကိုယ်တော်က အကျင့်စာရိတ္တဆိုးတဲ့လူတွေကို မလိုအပ်ပါဘူး"
ကျိုးပင်အမ် အနည်းငယ်အံ့သြသွားပြီး ပြန်ဖြေရ၏။
"အရှင်မင်းကြီး ပြောတာမှန်ပါတယ်"
xxxxxx