Chapter 193
ပန်းဟွာကို ဝမ်ကုန်းကုန်းက အိမ်ရှေ့ခန်းသို့ ဖိတ်ကြားခဲ့သည်။ နန်းတော်ရှေ့ခန်းတွင် ရပ်နေသော နန်းတွင်းအစေခံများစွာကို သူမ တွေ့လိုက်ရပြီး အံ့ဩသွားရသည်။အများအားဖြင့် ရုံရှားက နန်းတော်အိမ်ဖော်များအား သူမကို အိမ်ရှေ့ခန်းတွင် အမှုမထမ်းဆောင်စေပေ။
ဒီနေ့ နန်းတော်မှာ အိမ်အကူတွေ ဘာကြောင့် ဒီလောက်များနေတာလဲ။
"ဧကရီ၊ ဒီမှာထိုင်ပါ"
ဝမ်ကုန်းကုန်းက သူမကို ခန်းဆီးနောက်မှာ ထိုင်ခိုင်းလိုက်၏။
"ဧကရာဇ်က ကျွန်မကို ထပ်ပြီး ခိုးနားထောင်စေချင်တာလား"
ပန်းဟွာသည် ဝတ်ရုံကို ရုတ်သိမ်းလိုက်ပြီး လှေကားထစ်များကို လှမ်းတက်ကာ ခန်းဆီးနောက်တွင် ထိုင်လိုက်၏။
"ပြောပါ၊ အရှင်မင်းကြီးကို သတင်းပေးချင်တဲ့သူရှိသလား"
ဝမ်ကုန်းကုန်း ပြုံးပြီး "ဧကရီက တကယ်ကို အမြော်အမြင်ရှိပါတယ်၊ အရှင်မင်းကြီးကို တွေ့ချင်နေတဲ့သူတစ်ယောက်ရှိပါတယ်၊သူက ဧကရီနဲ့လည်း ခင်မင်နေတော့ အရှင်မင်းကြီးက ဒီလိုနားထောင်စေတာပါ၊ ဒါကိုစဉ်းစားပြီး တစ်ဖက်ကိုလည်း လူကို မငြင်းချင်တော့ ကျွန်တော့်ကိုညဧကရီကို ခေါ်ခိုင်းတာပါ"
“အသိအကျွမ်းဟောင်းတစ်ယောက်လို ထင်ရတယ်”
ပန်းဟွာက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
ဝမ်ကုန်းကုန်းသည် ဧကရီ၏ မျက်နှာအမူအရာကို ကြည့်ကာ သူမမျက်နှာတွင် ခံစားချက်များစွာမရှိသည်ကို တွေ့လိုက်ရသည်။ အသိအကျွမ်းဟောင်းဆိုသူက သူမကို ဘယ်လိုမဖြစ်ပုံပင်။ သူ ခေါင်းငုံ့ပြီး တစ်ဖက်သို့ ဆုတ်သွားသည်။ ဧကရီ၏ အတွေးများသည် တစ်ခါတစ်ရံ နားလည်ရန် ခက်ခဲသည်။
သူတွေးနေရင်း အပြင်က ခြေသံများကြားရသည်။သူက ပန်းဟွာကို ဦးညွှတ်ကာ ခန်းဆီး၏ တစ်ဖက်သို့ ထွက်သွားခဲ့သည်။
ဝမ်ကုန်းကုန်း ထွက်သွားပြီးနောက် ပန်းဟွာ၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။သူမ ခပ်တည်တည်ပင် ကုလားထိုင်ပေါ်တွင် ပို၍ သက်တောင့်သက်သာ အနေအထားသို့ ပြင်ထိုင်လိုက်သည်။
"အရှင်မင်းကြီး" ဝမ်ကုန်းကုန်းသည် ရှေ့သို့သွားကာ မင်းသမီးအန်လဲ့ကို ဦးညွှတ်လိုက်၏။ "ကျေးဇူးပြုပြီး ထိုင်ပါ၊ အရှင်မင်းကြီး မကြာခင် လာပါလိမ့်မယ်"
မင်းသမီး အန်လဲ့ အေးစက်စွာ ရယ်မောလိုက်သည်။
"ဟားဟား၊ ရှင်က ခွေးကောင်းပဲ"
ဝမ်ကုန်းကုန်း ပြုံးပြီး ဦးညွှတ်လိုက်သည်။ သူ့ကျင့်ဝတ်မှာ အမှားအယွင်းမရှိခဲ့ပေ။မင်းသမီး အန်လဲ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ဤသည်မှာ ရုံရှား၏ နယ်မြေဖြစ်၍ သူမ စကားအလွန်အကျွံ မပြောဝံ့ပေ။သို့သော် ယခင်မင်းဆက်၏ မင်းသမီးတစ်ဦးအနေဖြင့် ဝမ်ကုန်းကုန်းကို မုန်းတီးသည်။ သူသည် ခမည်းတော်၏ နံဘေးက မိန်းမစိုး အကြီးအကဲ ဖြစ်ခဲ့သော်လည်း ယခုအခါ ဧကရာဇ်သစ် ရှေ့မှောက်တွင် အမြီးနံ့ပြနေလေသည်။ သခင်နှင့်ကျွန်ကြားတွင် ထားရသော သစ္စာစောင့်သိမှုကို သူဂရုမစိုက်ပေ။
သူမ သူ့တစ်ကိုယ်လုံးကို တစ်ချက်ကြည့်လိုက်ရာ ဝမ်ကုန်းကုန်း၏ လက်သုံးချောင်းပျောက်နေသည်ကို မြင်လိုက်ရကာ၊ သူမ၏နှလုံးသားထဲတွင် ဒေါသများစွာ လျော့ကျသွားသည်။ ခမည်းတော်ကို ကာကွယ်နေချိန်တွင် သူမ၏ ဒုတိယ မောင်ဖြစ်သူက ဝမ်ကုန်းကုန်း အဆိုပါ လက်သုံးချောင်းအား ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ သူ့လက်သုံးချောင်း၏တရားခံ သူမ၏ မောင်ဆိုသည်ကို တွေးရင်း သူမ မျက်နှာပေါ်က ဒေါသများ ပျောက်ရှသွားသည်။
"တကယ်တော့ ရှင့်ကို အပြစ်မတင်သင့်ပါဘူး"
ဝမ်ကုန်းကုန်း ၏ မျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲသွားပေ။
"ကျေးဇူးတင်ပါတယ်၊မင်းသမီး"
"ဝမ်ကုန်းကုန်းက သိပ်သဘောကောင်းတာပဲ၊ ကဲ ငါ…"
သူမသည် ယခင်မင်းဆက်၏ မင်းသမီးတစ်ဦးသာဖြစ်ပြီး ဝမ်ကုန်းကုန်းမှာ ဧကရာဇ်နန်းတော်၏ အကြီးအကဲဖြစ်သည်။ဝမ်ကုန်းကုန်း ဘာပဲလုပ်ပါစေ၊ သူမ လက်ခံနိုင်ရပေမည်။ မင်းသမီးဘွဲ့သည် ခမ်းနားပုံပေါက်သော်လည်း လက်တွေ့တွင် အပေါ်ယံတစ်ခုမျှသာဖြစ်သည်။
ဝမ်ကုန်းကုန်းသည် အန်လဲ့ဆီသို့ ဦးညွတ်လိုက်ပြီး "မင်းသမီးက ဧကရီနဲ့ ဆက်ဆံရေးကောင်းပါတယ်၊ ဧကရီ ဒီမှာရှိနေသရွေ့ မင်းသမီးကို ဘယ်သူက စော်ကားဝံ့မှာလဲ"
ဝမ်ကုန်းကုန်းသည် မင်းသမီးကို ဘယ်သူက ဧကရီအစစ်၊ ဘယ်သူက နိုင်ငံ၏ အုပ်စိုးသူအစစ်ဆိုသည်ကို ပြောလိုက်ခြင်းဖြစ်သည်။မင်းသမီးအန်လဲ့သာ နားမလည်လျှင် မတတ်နိုင်ပေ။မင်းသမီး အန်လဲ့ သည် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရ၏။သူမသွားမည့လမ်းကို တစ်ခါမှ မတားဆီးခံရချေ။သူမကို ခက်ခဲစေသည့် တစ်ဦးတည်းသော သူမ၏ ခင်ပွန်း ကြင်ယာတော်မင်းသားပင်။ နောက်ပိုင်း သူမသည် အထီးကျန်ဆန်ပြီး ဇိမ်ကျကျဖြင့်သာ ဘဝကိုနေထိုင်ခဲ့သည်။ အချိန်အတော်ကြာအောင် သာယာလှပသည့် ဘဝမှာ နေထိုင်လာသူဖြစ်၍ တစ်ခါတစ်ရံမှာ အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ဧကရီနှင့် ခင်မင်ရင်းနှီးသည့် မင်းသမီးလေးသည် အမှားထပ်မလုပ်မိဖို့သာ သူ မျှော်လင့်သည်။
မင်းသမီး အန်လဲ့ ခါးသီးစွာပြုံးလိုက်ပြီး တစ်ခုခုပြောခါနီးတွင် တံခါးနားရှိ နန်းတော်မှ အစေခံများအားလုံး ဒူးထောက်ထိုင်လိုက်ကြသည်။ ရုံရှား ရောက်လာတာလား။
သူမ ထိုင်ခုံပေါ်မှ မသက်မသာ မတ်တပ်ရပ်လိုက်ပြီး တံခါးကို လှမ်းကြည့်လိုက်သည်။အချိန်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်၊ ရုံရှား နောက်ဆုံးတွင် ဝင်လာခဲ့သည်။သူသည် တိမ်တိုက်များ ခြယ်သထားသော အနက်ရောင် ဘရိုကိတ်အင်္ကျီကို ၀တ်ဆင်ထားသည်။ သူကြည့်ရသည်မှာ အဆင့်အတန်းမြင့်ပြီး မြင့်မြတ်သည်။
သို့သော်လည်း ဤလူသည် တစ်ရက်တည်းတွင် လူရာပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ ထိုလူများ အားလုံးသည် သူမ၏ ဒုတိယမောင်လေး၏လူများ ဖြစ်သည်။ ထိုလူများ၏လက်များကလည်း သာမန်ပြည်သူတို့၏ သွေးများဖြင့် စွန်းထင်းနေခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများကတော့ ထက်မြက် ပြတ်သားပြီး ဉာဏ်ပညာရှိသော အုပ်စိုးရှင်တစ်ဦးအဖြစ် ရုံရှားက ရာဇ၀တ်မှုကျူးလွန်ခဲ့သည်ဟု ဆိုကြသည်။ ပညာရှိများကလည်း သူက စေတနာကောင်းပြီး အရည်အချင်းရှိသူများအား ကောင်းကောင်း ဆက်ဆံတတ်သည်ဟုကြ၏။
မူလက သူသည် ရုံမိသားစုက နယ်စားမင်းတစ်ဦး မျှသာဖြစ်သည်ကို လူတိုင်းမေ့သွားသလိုပင်။ ကျန်းမိသားစုတွင် အိမ်ရှေ့မင်းသားတစ်ဦးရှိနေသေးသည့်တိုင် သူက နဂါးဝတ်ရုံကို ၀တ်ဆင်ကာ မင်းဆက်သစ်ကို ထူထောင်ခဲ့သည်။ ဤမင်းဆက်ကို အောင်ပွဲဆိုသည့် နိမိတ်ရအောင် ယင်မင်းဆက်ဟုပင် အမည်ပေးခဲ့သည်။
သူသည် ရည်မှန်းချက်ရှိသူဖြစ်ကြောင်း ထင်ရှားသည်။ ဒီလူတွေက သူ့ကို အရူးတစ်ယောက်လို ချီးမွမ်းကြတာ ဘာကြောင့်လဲ။
မင်းသမီးအန်လဲ့ စိတ်ထဲက ငြူစူမိသော်လည်း၊ သူမ၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်ကိုမျှ မပြဝံ့ပေ။ “အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်”
"မင်းသမီးကလည်း အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး၊ ကျေးဇူးပြုပြီး ထိုင်ပါ" ရုံရှားသည် ရှေ့သို့လျှောက်ကာ နေရာတွင်ထိုင်လိုက်၏။
"ဒီနေ့ ဘာအတွက်လာတာပါလဲ"
မင်းသမီး အန်လဲ့က တုံ့ဆိုင်းဆိုင်းနှင့်ပြောသည်။
"ကျွန်မ အရှင်မင်းကြီးကို မေးခွန်းအနည်းငယ်မေးချင်တယ်၊ အရှင်မင်းကြီး ရိုးရိုးသားသား ဖြေရင် ကျွန်မကလည်း ဧကရီရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြဖို့ ဆန္ဒရှိနေပါတယ်"
ရုံရှားက ဘာမှန်းမသိသော အပြုံးဖြင့် "မင်းသမီး၊ ကျေးဇူးပြုပြီး မေးပါ"
"ဒုတိယမင်းသား...အဲ... အကြမ်းဖက်ဘုရင်က ခမည်းတော်ကို တကယ် အဆိပ်ခတ်ခဲ့တာလား"
"ဟုတ်တယ်၊ သူက တကယ်ပဲ ဧကရာဇ် ယွင်ချင် ကို အဆိပ်ခတ်ခဲ့တာပါ"
မင်းသမီး အန်လဲ့၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သူမက မျက်ရည်တို့အားလက်ဖဝါးဖြင့် သုတ်ကာ
"ကျေးဇူးပါပဲ အရှင်မင်းကြီး"
"မင်းသမီး ဘာထပ်မေးချင်သေးလဲ"
ရုံရှားသည် သူ့နောက်က ခန်းဆီးပေါ်ရှိ ပျိုနီပန်းနှင့်ဆော့နေသော ကြောင်ရုပ်လေးအား ပြုံး၍ ကြည့်လိုက်၏။
"အရှင်မင်းကြီးက ကျန်းမိသားစုရဲ့ သွေးသားလား"
"မင်းသမီး မေ့သွားပြီလား၊ ငါကိုယ်တော့် အဖွားက ဧကရာဇ်မိသားစုကနေ နှင်ထုတ်ခံရပေမဲ့ ကျန်းမိသားစုရဲ့သွေးကတော့ာရှိနေတာပဲလေ၊ ဒီတော့ ငါကိုယ်တော်ဟာ ကျန်းမင်းဆက်သွေးသားပါ"
ရုံရှား မျက်ခုံးပင့်ပြီး မင်းသမီးအန်လဲ့ကို ကြည့်လိုက်၏။
"ဘာလို့ ဒီလိုမေးခွန်းမျိုးမေးတာလဲ"
"ကျွန်မ မေးချင်တာက…" သူမက ရုံရှား ကို စိုက်ကြည့်ပြီး "အရှင်မင်းကြီးမှာ ခမည်းတော်ရဲ့ သွေးရှိနေသလားဆိုတာပါ"
ခန်းမထဲတွင် ပကတိ တိတ်ဆိတ်နေသည်။ ရုံရှား က လှောင်ပြောင်ပြီး
"မင်းသမီး၊ အဲဒီ မသိနားမလည်သူတွေရဲ့ ကောလဟာလတွေကို အလေးအနက်မထားသင့်ပါဘူး၊ ငါကိုယ်တော်က ကျန်းမိသားစုရဲ့ သွေးတစ်ချို့ရှိနေပေမယ့်၊ ရုံမိသားစုရဲ့ မျိုးဆက်ပါ၊ မင်းသမီး ဒီလိုစကားမျိုးနောက် မပြောသင့်ပါဘူး"
မင်းသမီး အန်လဲ့၏ မျက်နှာမှ နောက်ဆုံး သွေးများ မရှိတော့ဘဲ စိတ်ဓာတ်ကျသွားလေသည်။ အချိန်အတော်ကြာမှ
"ကျွန်မ နားလည်ပါတယ်"
ထို့ကြောင့် ရုံရှားသည် ကျန်းမိသားစု၏သွေး အမှန်တကယ်မရှိခဲ့ပေ။ အမှန်တကယ်ပင် သူမတို့၏ ကျန်းမိသားစုက ပြီးဆုံးသွားပေပြီ။ သူမက မျက်လုံးထောင့်ကို လက်ကိုင်ပုဝါနှင့် သုတ်လိုက်ပြီး မျက်ရည်များအား သွေ့ခြောက်စေလိုက်၏။
"အရှင်မင်းကြီး မေးစရာရှိရင် မေးပါ"
"မေးစရာမရှိပါဘူး၊ဧကရီက ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး စာအုပ်တစ်အုပ်ပါ၊ ငါကိုယ်တော် အချိန်တိုင်းဖတ်နေရရင်တောင် ဘယ်တော့မှ မငြီးငွေ့မယ့် စာအုပ်မျိုးလေ"
"လွန်ခဲ့တဲ့နှစ်အနည်းငယ်က၊ သူမက ပြောဖူးတယ်၊ မြို့တော်တစ်ခုလုံးမှာ ထက်သာလွန်တဲ့လူမရှိလို့ မင်းနဲ့လက်ထပ်နိုင်လောက်အောင် ချောမောတဲ့ယောက်ျားတွေကို အရမ်းချစ်တယ်လို့ ပြောပြီး သူ့ကိုနောက်ပြောင်ခဲ့တယ်"
မင်းသမီး အန်လဲ့၏ မျက်လုံးတို့က မှုန်ရီမှိုင်းညှို့နေ၏။ ပန်းဟွာနှင့် သူငယ်ချင်းဖြစ်ခဲ့စဉ်က နေ့ရက်များကို ပြန်အမှတ်ရနေတာလား၊ သို့မဟုတ် အားလုံး၏အရေးပေးခြင်းခံရသောဘဝကို သတိရနေခြင်းလားမသိပေ။
"အဲဒီတုန်းက အရှင်မင်းကြီး ကြိုက်တဲ့ မိန်းကလေးက ကောင်းကင်ဘုံက နတ်သမီးလေးလိုလှတဲ့သူပဲ ဖြစ်ရမယ်လို့ ဟွာဟွာက ပြောခဲ့ဖူးတယ်"
အဲဒီတုန်းက သူမရဲ့ နောက်ပြောင်တဲ့ စကားတွေ တကယ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ မြို့တော်ရှိ အချောဆုံးယောက်ျားသည် အခြားမည်သူ့ကိုမျှ မကြိုက်သော်လည်း နာမည်သိပ်မကောင်းသည့် ပန်းဟွာနှင့် လက်ထပ်ရန် ရွေးချယ်ခဲ့သည်။
ရုံရှား၏ အပြုံးသည် နက်ရှိုင်းလာကာ " ဒါက ကံကြမ္မာပဲ၊ ကောင်းကင်က ကိုယ့်ကို ဟွာဟွာကို လက်ထပ်ဖို့ ရည်မှန်းထားတယ်၊ကိုယ် အရမ်းကျေးဇူးတင်တယ်" ပြီးလျှင် သူက လက်ကို မြှောက်ပြီး "ဝမ်ကုန်းကုန်း၊ မင်းသမီး အန်လဲ့ကို ပြန်ပို့ပေးပါ"
"ဟုတ်ကဲ့"
ဝမ်ကုန်းကုန်း အသက်ရှုသံထွက်လာသည်။ ကံကောင်းထောက်မစွာ၊မင်းသမီးက မပြောသင့်သည့်အရာကို မပြောခဲ့ပေ။မဟုတ်လျှင် ခန်းဆီးနောက်ကွယ်က ဧကရီကြားသွားပြီး တစ်ခုခုဖြစ်သွားမှာစိုးသည်။
"အရှင်မင်းကြီးက သူမကို အရမ်းချစ်တယ်နော်"
မင်းသမီး အန်လဲ့ က မတ်တပ်ထရပ်လိုက်ပြီး မထီမဲ့မြင်ပြုသော လေသံဖြင့်ပြောသည်။
"တချိန်က သူ့နှလုံးသားထဲမှာ တခြားယောက်ျားတစ်ယောက်ရှိနေတာကို အရှင်မင်းကြီး သည်းခံနိုင်သလား"
ရုံရှား ၏ မျက်ခွံများ အနည်းငယ် တုန်ခါသွားသည်။
"မင်းသမီး၊ ငါကိုယ်တော် နဲ့ ဧကရီတို့ဟာ လေးလေးနက်နက် ချစ်ကြတယ်၊ မင်းသမီး စကားရဲ့ အဓိပ္ပါယ်က ဘာလဲ"
"နက်နက်ရှိုင်းရှိုင်း ချစ်တယ်ဟုတ်လား......"
မင်းသမီး အန်လဲ့၏ လေသံက လှောင်ပြောင်သလိုဖြစ်နေ၏။
"ဒါက အရှင်မင်းကြီးရဲ့ စိတ်ကူးသက်သက်ပါ၊ သူမရဲ့ တတိယမြောက်ခင်ပွန်းလောင်းကို တွေ့ဖူးလား"
ရုံရှားကို မင်းသမီးအန်လဲ့ မုန်းတီးမိဆဲပင်။သူမသည် ပျော်ရွှင်သောဘဝအား ပိုင်ဆိုင်ချင်ရုံကလွဲ၍ ဘာမှမလိုချင်ပေ။သို့မှသာ သူမနှလုံးသားထဲမှ အမုန်းတရားများကို ချေမှုန်းနိုင်မည်ဖြစ်သည်။
"ဟွာဟွာက အရှင်မင်းကြီးကို လုံးဝမချစ်ဘူး၊ အဲဒီတုန်းက ရှဲ့ချီလင်းနဲ့ သူမက စေ့စပ်ချင်ခဲ့တာ၊မဟုတ်ရင် ရှဲ့မိသားစုရဲ့ အဆင့်အတန်းနဲ့ ပန်းမိသားစုရဲ့ သမီးက ဘယ်လိုလုပ် စေ့စပ်နိုင်မှာလဲ၊ အရှင်မင်းကြီးက မြို့တော်ရဲ့ အချောဆုံး ယောက်ျား၊ အံ့မခန်း အရည်အချင်းတွေ ရှိတယ်ဆိုရင်တောင် ဟွာဟွာရဲ့ နှလုံးသားကို လှုပ်ခတ် သွားစေတဲ့သူက အရှင်မင်းကြီး မဟုတ်ဘူး!"
"ပေါက်ကရတွေပါ" ဝမ်ကုန်းကုန်းက မင်းသမီး အန်လဲ့ကို ဝင်ပြောသည်။
"ဧကရီနဲ့ အရှင်မင်းကြီးရဲ့ အချစ်ဟာ မင်းသမီး ပြောလို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ မြန်မြန် ပြန်ထွက်သွားပါ၊ မင်းသမီး"
မင်းသမီး အန်လဲ့က ဂရုမစိုက်ဘဲ မေးစေ့ကို မြှောက်ပြီး
"အဲဒီတုန်းက ရှဲ့ချီလင်းက ကဗျာကို ကြိုက်မှန်း သိတာနဲ့ ဟွာဟွာက နာမည်ကြီးကဗျာစာအုပ်ရဲ့ ကော်ပီကိုတောင်ရှာပြီး ရှဲ့ချီလင်း ကို ပေးခဲ့တယ်၊ အဲဒီတုန်းက ကျွန်မက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းပါ၊သူမအကြောင်း သိပ်သိတာပေါ့"
"ရုံရှား၊ ကျွန်မတို့ ကျန်းမိသားစုရဲ့ကမ္ဘာကိုရခဲ့တာ ဘာဖြစ်လဲ၊ အရှင်မင်းကြီးနဲ့ပတ်သက်ပြီး ဟွာဟွာ သဘောကျတဲ့အရာက အရှင်မင်းကြီးရဲ့မျက်နှာပဲ၊ အသက်ကြီးလာရင် သူမလည်း တခြားယောက်ျားတွေဆီ ရောက်သွားမှာနော်၊ ဒီတစ်သက်မှာ အရှင်မင်းကြီး သူမရဲ့ နှလုံးသားအစစ်ကို ဘယ်တော့မှ မရနိုင်ပါဘူး"
ရုံရှား က မင်းသမီးအန်လဲ့ကို အေးအေးဆေးဆေး ကြည့်ပြီး "မင်းသမီး ပြောတာကို ငါကိုယ်တော် ယုံမယ်ထင်လား၊မင်းသမီးသာ ဟွာဟွာရဲ့ သူငယ်ချင်းကောင်း ဖြစ်ခဲ့ရင် ငါကိုယ်တော်ရှေ့မှာ ဘာလို့ ဒီစကားတွေ ပြောရတာလဲ၊ ဒီစကားတွေက ဟွာဟွာအတွက် ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲလို့ တွေးဖူးလား"
"မင်းသမီးလိုလူတစ်ယောက်က ဟွာဟွာရဲ့သူငယ်ချင်းမဖြစ်ထိုက်ဘူး၊ သူ့နာမည်ကို နှုတ်က ခေါ်ဖို့လည်းမထိုက်တန်ဘူး" ရုံရှား က ထရပ်လိုက်ပြီး အသံအေးစက်စွာဖြင့် " နောင်တစ်ချိန်မှာ မင်းသမီး ဧကရီရဲ့နာမည်ကို ထပ်ခေါ်တာကြားရင် မင်းသမီးကို သေချာပေါက် အပြစ်ပေးမယ်၊ တော်ဝင်မိသားစုကို မထီမဲ့မြင်မပြုနဲ့"
မင်းသမီး အန်လဲ့ သည် ရုံရှား ၏ အကြည့်ကို ကြောက်သွားမိ၏။ သူမ နန်းတော်မှ ထွက်သွားသောအခါ လက်ဖဝါးနှင့် နောက်ကျောတို့မှာ အေးခဲနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ကုန်းကုန်း က နန်းတော်အပြင်ထိ လိုက်ပို့သည်။
"မင်းသမီး၊ ကျေးဇူးပြုပြီး ဂရုစိုက်ပြန်ပါ"
မင်းသမီး အန်လဲ့ က သူ့ကိုကြည့်ကာ "ဧကရီကို သွားတွေ့လို့ရမလား"
"ဧကရီကို တွေ့ချင်တာလား"
"ဟုတ်ကဲ့"
"မင်းသမီး၊ နည်းနည်းတော့ ကံဆိုးတာပဲ၊ ဒီနေ့ ဧကရီက သခင်မယန် နဲ့ တွေ့မှာပါ၊ မင်းသမီးနဲ့တွေ့ဖို့ အချိန်မရှိလောက်ပါဘူး၊ နောက်တစ်ကြိမ် ထပ်လာခဲ့ပါ"
"သခင်မယန်"
မင်းသမီး အန်လဲ့သည် အဝေးမှ လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် ရှက်ရွံ့ဟန်ရှိပြီးအောက်ကိုငုံ့ထား၏။
"သူမလား..."
"ဟုတ်ကဲ့"
"ဟုတ်ပြီလေ"
မင်းသမီး အန်လဲ့ က တခြားဘာမှ မပြောဘဲ မဟာရွှေလမင်း နန်းတော်ထဲက ထွက်လာခဲ့သည်။ဝမ်ကုန်းကုန်းက သူမ အဝေးအထိ ရောက်သွားမှ နောက်ပြန်လှည့်ပြီး ပြန်သွားခဲ့သည်။
ခန်းမထဲတွင် အလွန်တိတ်ဆိတ်နေသည်။ ရုံရှားသည် မလှုပ်မယှက်ဘဲ ဧကရာဇ်စားပွဲရှေ့တွင် ထိုင်နေကာ ပန်းဟွာက ခန်းဆီးနောက်ကနေ ထွက်လာသည်။
“ကျွန်မကို မေးချင်တာ ရှိသေးလား”
ရုံရှား သည် လက်ထဲက စာစောင်ကို ချလိုက်ပြီး ပန်းဟွာအား မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာထားက အလွန်တည်ငြိမ်နေသည်။ဒေါသလည်းမထွက်သလို အံ့ဩနေပုံလည်းမရပေ။သူငယ်ချင်း၏ သစ္စာဖောက်ခြင်းကို ခံရပြီးဖြစ်သော်လည်း ဝမ်းနည်းနေပုံလည်းမရပေ။ဘာကိုမှ ဂရုမစိုက်သော ဟွာဟွာ ဖြစ်သည်။သူ မတ်တပ်ထရပ်ပြီး သူမ၏ လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်သည်။
"မင်းက တကယ် ကိုယ့်ရုပ်ရည်ကိုပဲ ကြိုက်တာလား"
"ဘာလို့အဲ့ဒီလိုထင်ရတာလဲ" ပန်းဟွာ က နှစ်သိမ့်လိုက်သည်။
"ကျွန်မ ရှင့်ကို အရမ်းချစ်တယ်၊ မဟုတ်ရင် ရှင့်ကို ဘာလို့ လက်ထပ်ရမှာလဲ"
"တကယ်လား"
"ဟုတ်တယ်၊ ကျွန်မ မလိမ်ပါဘူး" ပန်းဟွာက ခေါင်းကို သူ့ရင်ဘတ်ပေါ်မှီထားပြီး မျက်တောင်မှိတ်လိုက်သည်။
xxxxx