Chapter 192
သူမ မတ်တပ်ရပ်လိုက်ရာ၊ အပြာရောင် ၀တ်စုံနှင့် လူတစ်ယောက် ဝင်လာ၍ သူမ ပြန်ထိုင်ဖြစ်သွား၏။
"ဧကရီရဲ့ စေ့စပ်ပွဲက အဆင်မပြေလို့ မဟုတ်ဘဲ သူမက အရမ်းတော်လွန်းတာကြောင့် ပျက်သွားတာ၊ အမျိုးသားတွေက ရှက်ပြီး သူမနဲ့ အတူမရှိကြတာလေ"
ရှဲ့ချီလင်း က ပန်းဟွာ အကြောင်း အတင်းအဖျင်းပြောသံကို အပြင်မှ ကြားခဲ့ရ၍ အထဲကိုဝင်လာခြင်းဖြစ်ပေသည်။
" ဧကရာဇ်နဲ့ ဧကရီက ကောင်းကင်ဘုံက ဖန်ဆင်းပေးထားတဲ့ ဇနီးမောင်နှံပဲ၊ တခြား ယောက်ျားတွေက ဧကရီအတွက် ဘာမှ မပြောပလောက်စရာတွေလေ"
လူတစ်စု၏ လှောင်ပြောင်ခြင်းကို ခံရသူမှာ စိတ်ဆိုးနေပြီဖြစ်သည်။ယခုလည်း အခုမှ ဝင်လာသူက သူ့အားရန်တွေ့နေသဖြင့်
"မင်းက ဘယ်သူလဲ၊ မင်းက ဧကရီနဲ့ စေ့စပ်ဖူးလို့လား၊မင်း ဘယ်လိုလုပ်သိလဲ"
"ကျွန်တော်က အရည်အချင်းမရှိဘူး၊ ဒါပေမယ့် ကျွန်တော်က ဧကရီရဲ့ အရင် ခင်ပွန်းလောင်းပါ၊ဧကရီက မသေမျိုးတွေလို အရမ်းလှတယ်၊ကျွန်တော့်ထက်သာတဲ့ အရည်အချင်းတွေရှိတယ်၊ဒါကြောင့် သူမနဲ့လက်ထပ်ဖို့ ကျွန်တော့်အတွက် အကျိုးမရှိမှာစိုးလို့ ကျွန်တော် စေ့စပ်ပွဲကို ဖျက်လိုက်တာပဲ၊ ခင်ဗျားတို့မှာ ဧကရီအကြောင်း ပြောပိုင်ခွင့်မရှိဘူး၊ ဒါပေမယ့် ဒီနေ့ ကျွန်တော်ရှင်းမပြရင် နောင်တစ်ချိန်မှာ ဧကရီအကြောင်း မကောင်းပြောမယ့် ခင်ဗျားလိုလူတွေ အများကြီး ရှိလာလိမ့်မယ်၊အစကအဆုံးအထိ ဧကရီကြောင့်မဟုတ်ဘဲ ကျွန်တော်အကျိုးအတွက်ကျွန်တော် လမ်းခွဲခဲ့တာ၊ နောက် ဒီကိစ္စကို ပြောနေစရာ မလိုဘူး၊ အဲဒါက ပြဿနာဖြစ်လာရင် ဒါဆို ခင်ဗျားအပြစ်ပဲ"
ပါဝင်ပတ်သက်သူက သူတို့နောက်ကွယ်မှာ အတင်းအဖျင်းပြောနေသည်ကို ကြားသွားလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။ ဧကရီသည် ရှဲ့မျိုးရိုးအမည် ကောင်လေးနှင့် စေ့စပ်ထားခဲ့ကြောင်း ကြားသိခဲ့ရသော်လည်း စေ့စပ်ပွဲ ပျက်သွားရခြင်းအကြောင်းရင်းကို မသိခဲ့ကြပေ။တချို့ကလည်း ရှဲ့ချီလင်း သည် ပန်းဟွာ က ဂုဏ်သိက္ခာအစစ်မရှိ၍ မချစ်နှစ်သက်သောကြောင့် အခြားတစ်ယောက်နှင့် ခိုးယူခြင်းဟု ပြောကြသည်။ အခြားသူများကမူ ပန်းမိသားစုသည် ရှဲ့မိသားစုအား အထင်မကြီးသလို၊ သဘောလည်းမတွေ့တာကြောင့် စေ့စပ်ပွဲဖျက်သည်ဟု ပြောကြသည်။
ယခုတော့ ဧကရီသည် တော်လွန်းသောကြောင့် စေ့စပ်ထားသူက ဂုဏ်ငယ်မည်စိုး၍ စေ့စပ်ပွဲကို ဖြတ်တောက်ဖို့ အကြောင်းပြချက်ရှာသည်တဲ့လေ။
လူတစ်ယောက် အောင်မြင်လာသည့်အခါ သူ့အတိတ်က အရာအားလုံး၊အဖြစ်အပျက်အားလုံး ရင်သပ်ရှုမောဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါလိမ့်မည်။ဤသည်မှာ ခွန်အားကြီးသူများအပေါ် လူအများ၏ ကြည်ညိုလေးစားမှုပင်ဖြစ်သည်။
ဧကရီ ဘယ်လောက်တောင် လှနေမလဲဆိုသည်ကို အားလုံး အလိုအလျောက် စိတ်ကူးယဉ်ကြသည်။ နောက်ဆုံးတွင် ဧကရီ၏ကံကြမ္မာကပင် ကောင်းလွန်းသည်ဟု ကောက်ချက်ချခဲ့ကြ၏။ သာမာန်ယောက်ျားများက သူမနှင့်မထိုက်တန်၊ ပညာရှိပြီး သနားကြင်နာတတ်သော ဘုရင်မင်းမြတ်သာလျှင် သူမနှင့်လိုက်ဖက်ပြီး တုနှိုင်းမရသော စုံတွဲတစ်တွဲ ဖြစ်လာနိုင်သည်။
ပန်းဟွာ အစကအဆုံးအထိ တစ်ခွန်းမှ ဝင်မပြောဘဲ နားထောင်နေခဲ့သည်။
ပန်းဟမ်က လှောင်ပြောင်လိုက်၏။
" ရှဲ့ချီလင်း နောက်ဆုံးတော့ မတ်တတ်ထရပ်ပြီး သူ့ကိစ္စကို ဝန်ခံခဲ့တာပဲ၊ သူ့ရဲ့ အသိစိတ်က ပုပ်သိုးသွားတယ်လို့ ကျွန်တော် အစက ထင်ထားတာ”
ကျိုးချမ်ရှောင် : "အားဟမ် ၊ ဟိုနားမှာ စားသောက်ဆိုင်အသစ်ဖွင့်တာ မကြာသေးဘူး၊ သွားကြည့်ရအောင်"
ဧကရီ၏ အတိတ်က နာကျည်းမှုများကို နားမထောင်ဝံ့ပေ။ စိတ်မလုံခြုံသလို သူခံစားရ၏။
ပန်းဟွာ က သူ့ကို ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "သွားရအောင်"
မတ်တပ်ရပ်လိုက်သောအခါ အပေါ်ထပ်ရှိ သီးသန့်ခန်းမှ အမျိုးသား၊အမျိုးသမီး အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဧည့်သည်များမဟုတ်၊ပန်းဟွာ၏ အစောင့်များဖြစ်သည်။
နေ့လည်စာစားပြီးနောက် ပန်းဟွာသည် နန်းတော်သို့ပြန်ရန် ပြင်ဆင်သည်။ ပန်းဟမ် သည် သူမကို ဂိတ်ဝအထိ လိုက်ပို့ပေးပြီး သူမလက်ထဲကို အထုပ်တစ်ခု ထည့်ပေးလိုက်၏။
"အစ်မ၊ ဒါကို အစ်မအတွက် ကျွန်တော် ပေးတာ၊ ဧကရာဇ် မတွေ့ပါစေနဲ့"
ပန်းဟွာက သူ၏ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာအမူအရာကို မြင်ပြီး ပြုံးကာ
"ဒီထဲမှာ တားမြစ်ထားတဲ့ ပစ္စည်းတွေ မရှိဘူး မဟုတ်လား"
"အစ်မကို ကျွန်တော်က မဟုတ်တာလုပ်ပါ့မလား၊အစ်မကလေ ရိုးရိုးလေးနေပြီး ရိုးရိုးလေးပဲတွေးတယ်၊အစ်မ ဘေးနားက အစေခံမိန်းကလေးတွေအားလုံးကို အမေက ဂရုတစိုက်နဲ့ ရွေးချယ်ခဲ့တာ၊အဲဒါတော်သေးတယ်...အစ်မ မိသားစုအတွက် အကျိုးအမြတ်ရဖို့ မကြိုးစားပါနဲ့၊ လက်ရှိအခြေအနေလေးက ကောင်းပါတယ်"
ပန်းဟွာက ပန်းဟမ်၏ နဖူးကို ပုတ်လိုက်ပြီး " မင်း တစ်နေ့လုံး အိမ်မှာ ဘာစာဖတ်နေတာလဲ၊ဒီဟာအတွက် စိတ်မပူနဲ့၊ ငါဘာလုပ်နေတယ်ဆိုတာ ငါသိတယ်"
"အစ်မကိုယ်အစ်မ ဘာတွေလုပ်နေတယ်ဆိုတာ တကယ်သိရင် ကျွန်တော် စိတ်သက်သာရာရပြီ၊ ကျွန်တော်တို့အတွက်စိတ်မပူပါနဲ့...ကိုယ့်ကိုကိုယ်ဒုက္ခမပေးနဲ့၊ ကျွန်တော်တို့မိသားစုကို ဒုက္ခရောက်အောင် လုပ်နိုင်တဲ့လူတွေ အများကြီးမရှိပါဘူး"
"ကောင်းပြီ ငါသိပါတယ်"
"ကောင်းပြီ အစ်မဝင်လို့ရပြီ ကျွန်တော်လည်း ပြန်မယ်"
ပုံပြင်စာအုပ်အသစ်လား....
နန်းတော်ထဲမှာ သူမအတွက် ပုံပြင်စာအုပ်များ ရေးပေးသော စာရေးစရာများ ရှိသည်။သူတို့ အားလုံးဟာ ပုံပြင်စာအုပ်များရေးသည့် ကျွမ်းကျင်သူများပင်။နန်းတော်အပြင်ဘက်မှ စာအုပ်ကို သူမ ဝယ်ဖတ်နေစရာ မလိုပေ။ သေတ္တာကိုဖွင့်လိုက်ပြီး စာအုပ်ထူထူတစ်အုပ်ကို ထုတ်ယူလိုက်၏။
" ချွင်းမင် ဧကရီ၏နေ့စဉ်ဘဝ "
"စီမာ မိသားစုမှ မိန်းမသားများ"
"လူကြီးလူကောင်း တစ်ယောက်၏ ရာထူး"
'နန်းတွင်စစ်ပွဲ' သည် နန်းတော်ရှိ အမျိုးသမီးများသည် ဧကရာဇ်အား ဖြားယောင်းသွေးဆောင်ကြပုံနှင့် ရက်စက်ကြမ်းကြုတ်၊ သနားကြင်နာမှုကင်းသော အမျိုးသမီးများသည် ဧကရာဇ်အား ဆန့်ကျင်ပုန်ကန်သည့်အကြံအစည်များအကြောင်းဖြစ်သည်။
စာအုပ်အားလုံးကိုလှန်ကြည့်ပြီးနောက် ပန်းဟွာ အဖုံးများကို ကိုင်ကာ ပြုံးမိသည်။
"ဧကရီ"
ချန်မာမားက တိုးတိုးလေးခေါ်သည်။
"ဒီမှာလည်း တချို့စာအုပ်တွေ ရှိကောင်းရှိနိုင်ပါတယ်၊ ပန်းဟမ် အရမ်းစိုးရိမ်နေပေမယ့် ဒီစာအုပ်တွေက လုံးဝ အသုံးမဝင်ပါဘူး"
ပန်းဟွာသည် စာအုပ်များကို သေတ္တာထဲသို့ ပြန်ထည့်ကာ ပြုံးကာ ခေါင်းခါလိုက်သည်။
ရှစ်ရှစ်၏ အဆုံးစီရင်မှုသည် မြို့တော်တွင် လှုပ်လှုပ်ရွရွ ကြီးကြီးမားမား မဖြစ်စေခဲ့ပေ။ သူမ၏ ကျောက်စိမ်းတံဆိပ်ပြားကို ဖြုတ်ချလိုက်သည်။ သူမကို သင်္ဂြိုဟ်သည့်တိုင် ရွာစား အဆင့်ဖြင့်သာ မြှုပ်နှံခဲ့သည်။ ဤသည်မှာ ပန်းဟွာ၏ စေတနာကြောင့် ဖြစ်ပေသည်။ မဟုတ်ရင် သူမကို သာမန်မိန်းမတစ်ယောက်၏အဆင့်အတန်းနှင့်သာ မြှုပ်နှံနိုင်သည်။
နန်းတော်တွင် မည်သူမျှ မကြေငြာသော်လည်း၊ ယခင်မင်းဆက်၏ အကြွင်းကျန် ရှစ်ရှစ်သည် ဧကရီအား လုပ်ကြံခံရမှုနှင့် ဟယ်ချင်မင်းသား ကလည်း ကွာရှင်းပြတ်စဲကာ နောက်ဆုံးတွင် သူ့ကိုယ်ကို သတ်သေသွားခြင်းဖြစ်သည်ဟု ဉာဏ်ရှိသူများက ခန့်မှန်းကြသည်။
ရှစ်ရှစ်ကို သင်္ဂြိုဟ်ပြီး သိပ်မကြာခင်မှာပင် ဟယ်ချင်မင်းသား သည် မိသားစုကို ခေါ်သွားပြီး အရင်ဧကရာဇ်များ၏ သင်္ချိုင်းဂူကို စောင့်ရှောက်ဖို့ သွားခဲ့သည်။
ယခင်မင်းဆက်သည် နောက်ဆုံးတွင် သန့်ရှင်းစွာ အဆုံးသတ်ခဲ့သည်။
မြို့တော်၏ ဘေးဘက် နန်းတော်တွင် မင်းသမီးအန်လဲ့သည် အစေခံ၏အစီရင်ခံစာကို နားထောင်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမြ ခါးသီးစွာပြုံးကာ "ရုံရှားက ငါတို့ကို အရင်မင်းဆက်ရဲ့ မျိုးဆက်သစ်ထဲက နှင်ထုတ်လိုက်ပြီ၊ ရှစ်ရှစ်ရဲ့ ကိစ္စကို မယ်တော့်ကို မပြောနဲ့၊ သူမ တစ်ခုခုဖြစ်သွားမှာကြောက်တယ်"
"ဘာဖြစ်တာလဲ"
ထိုအခိုက် မယ်တော်ဧကရီ ဝင်လာသည်။ မင်းသမီး အန်လဲ့၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရသဖြင့် သူမ စိတ်တည်ငြိမ်သွားမိသည်။
"ပြော၊ ငါ နားထောင်နိုင်တယ်"
" မယ်တော် " မင်းသမီးအန်လဲ့သည် မယ်တော်ဧကရီ ကြားသွားမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားကာ ဘာပြောရမှန်း မပြောတတ်တော့ပေ။
"နင့်မှာ ပြောစရာရှိရင် ပြောသာပြော၊ မင်းဆက်ပြောင်းတာတောင် ငါ သည်းခံနိုင်သေးတာပဲ"
မယ်တော်ဧကရီ သည် စားပွဲဆီသို့ လျှောက်လာကာ တည်ငြိမ်အေးဆေးစွာ ထိုင်နေလေသည်။
"မယ်တော်၊ ရှစ်ရှစ် ဆုံးပါးသွားပြီ"
မယ်တော် ဧကရီ၏ မျက်ခုံးများ လှုပ်ယမ်းသွားသည်။ "သူမက အာဏာကို အရမ်းတန်ဖိုးထားတယ်၊ ဒီအခက်အခဲကို မကျော်လွှားနိုင်ရင် အနှေးနဲ့အမြန်ကတော့ သေမှာပဲ၊ နင့်ရဲ့အစ်ကိုကြီးက ကျန်းဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူကို စောင့်ရှောက်ဖို့ဆိုပြီး သွားတယ်တဲ့၊ တကယ်တော့ ဒါကလည်း ကောင်းတယ်။ အနည်းဆုံးတော့ ဧကရာဇ်သစ် သံသယဝင်တာလည်းမခံရဘူး၊သူလည်း ချမ်းသာရာရတာပေါ့"
"အမေ၊ရုံရှားက...ဧကရာဇ်ရဲ့ သွေးရင်းလား"
ရုံရှားသည် ခမည်းတော်ဧကရာဇ်၏ တရားမ၀င်ကလေးမဟုတ်ကြောင်း ပန်းဟွာ တစ်ချိန်ကပြောခဲ့ဖူးသည်ကို မင်းသမီးအန်လဲ့ သတိရမိသည်။ သို့သော်လည်း ပန်းဟွာ က ရုံရှား ကို ကျားသုံးကောင် တံဆိပ်ကိုတောင် ပေးခဲ့သည်။ ပန်းဟွာကို သူမ ဘယ်လိုယုံကြည်ရမလဲ။
သူမနှင့် ပန်းဟွာသည် နှစ်ပေါင်းများစွာ ညီအစ်မ ဆက်ဆံရေးရှိခဲ့သည်။ နောက်ဆုံးတွင် ပန်းဟွာသည် ရုံရှား နှင့် ပုန်ကန်ခဲ့ပြီး ကျန်းမိသားစု၏ နှစ်ရာနှင့်ချီသော အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့သည်။ယခုဆို ပန်းဟွာကို မုန်းရမလား၊ ဆက်ချစ်ရမလား မသိတော့ပေ။
မယ်တော်ဧကရီ၏ မျက်နှာအမူအရာမှာ အလွန်ပြောင်းလဲသွားသည်။
" ဒီမဟုတ်တာတွေ ဘယ်ကကြားတာလဲ၊ အန်လဲ့၊ နင့်ရဲ့ခမည်းတော် ဧကရာဇ်နဲ့ ငါက နှစ်ပေါင်းများစွာ နင့်ကို အလိုလိုက်ထားတာနော်၊ ဘာလဲ နင့်ဦးနှောက်ကို ငါတို့ ဖျက်ဆီးခဲ့မိတာများလား"
မင်းသမီးအန်လဲ့သည် မယ်တော်ဧကရီ ဒေါသထွက်မည်ဟု မမျှော်လင့်ထားပေ။ သူမ နှုတ်ခမ်းကို ကိုက်ပြီး ဖြူဖျော့သော မျက်နှာဖြင့်
"မယ်တော်၊ကျွန်မကို ပြောပြပါ၊ အနည်းဆုံး ကျွန်မ နားလည်ပေးမှာပါ"
"နားလည်လည်၊နားမလည်လည် အခုမှတော့ ဘာဆက်လုပ်ရမလဲ"
မယ်တော်ဧကရီ သည် သူမ၏ ပါးစပ်ထောင့်များကို ကော့ညွတ်လိုက်သော်လည်း အပြုံးတစ်ခုမဟုတ်ပေ။ "ငါ့ကို လာမေးနေတယ်၊ ငါက ဘယ်သူ့ကို မေးရမှာလဲ"
"မယ်တော်တောင် မသိဘူးလား"
မင်းသားအန်လဲ့ သည် မယ်တော်ဧကရီကို သံသယဖြင့် ကြည့်နေသည်။ မယ်တော် မသိဘူးလား ဒါမှမဟုတ် သူမကို မပြောချင်ဘူးလား။
အိပ်ဆောင်သို့ ပြန်ရောက်သောအခါ မင်းသားအန်လဲ့ သည် အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။ သူမသည် နန်းတော်အစေခံတစ်ဦးကို ခေါ်ကာနန်းတော်သို့ စေလွှတ်၍ ဧကရာဇ်ကို တွေ့လိုသည်ဟု လျှောက်ခိုင်း၏။
"အရှင်မင်းကြီး…" နန်းတော်အစေခံက နားကြားမှားနေသည်ဟုထင်ပြီး “အရှင်မင်းကြီး ဟုတ်ပါသလား”
"ဟုတ်တယ်"
မင်းသမီးအန်လဲ့သည် ရှစ်ဆယ်ရာခိုင်နှုန်း အသစ်ရှိသေးသော မှန်တင်ခုံကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် တဖြည်းဖြည်း မှုန်ကုပ်လာတော့၏။
မဟာ ရွှေလမင်းနန်းတော်တွင်၊ ရုံရှား က နဂါးဝတ်ရုံအား ပြောင်းလဲဝတ်ဆင်ကာ တော်ဝင်ရထားပေါ်၌ ထိုင်နေသည်ကို ပန်းဟွာ ကြည့်နေ၏။
သူ ထွက်သွားသောအခါ သူမ အိပ်ရာပေါ်မှာ တစ်နာရီခန့်အိပ်ပြီးမှ မနက်စာစားသည်။စားပြီးသည်နှင့် သခင်မယန် က သူမနှင့်တွေ့ချင်သည်ဟု သခင်မကျောက် လာပြောဖူးတာကို ရုတ်တရက် သတိရသွားသည်။
"လွန်ခဲ့တဲ့ရက်က သခင်မယန် က ငါ့ကိုတွေ့ချင်တယ်လို့ ပြောတယ်မဟုတ်ဘူးလား၊ ဒီနေ့က ကောင်းတဲ့နေ့ပဲ၊ သူမကို နန်းတော်ထဲကို ခေါ်လိုက်ပါ"
"နောက်အိမ်ထောင်ပြုတဲ့ သခင်မယန် ပါလား" ရူရီ က အသံတိုးတိုးဖြင့် မေးလိုက်သည်။
"နောက်ထပ် ဘယ်သူဖြစ်နိုင်မှာလဲ၊သူ ငါ့ကိုဘာလို့ တွေ့ချင်သလဲဆိုတာ ငါ သိတယ်" ပန်းဟွာက ရယ်မောလိုက်သည်။
"ခင်မင်ရင်းနှီးမှုကို ပြသချင်တာ ဒါမှမဟုတ် အတိတ်ကို နားလည်ပေးဖို့ ဧကရာဇ်နဲ့ ဧကရီဆီ အသနားခံစာ ပေးတာဖြစ်မယ်၊ တခြားအကြောင်းပြချက်ရှိနိုင်ပါ့မလား"
ပန်းဟွာက ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ဒါပဲဖြစ်မှာ"
တရားခွင်အပြီး၊ ရုံရှားူည် အိပ်ခန်းသို့သွားရန် ပြင်ဆင်နေချိန်တွင် ဝမ်ကုန်းကုန်းက ပြောသည်။
"အရှင်မင်းကြီး၊ အရင်မင်းဆက်ရဲ့ မင်းသမီး အန်လဲ့က အရှင်မင်းကြီးကိုတွေ့ချင်ပါတယ်တဲ့"
"မင်းသမီး အန်လဲ့" ရုံရှား ခဏလောက် စဉ်းစားလိုက်ပြီး "ဟွာဟွာနဲ့ ခင်မင်ရင်းနှီးတဲ့ မင်းသမီးလား"
"ဟုတ်ကဲ့"
"ဟွာဟွာနဲ့ ခင်မင်ရင်းနှီးတာဆို ဘာလို့ ငါ့ကိုတွေ့ချင်တာလဲ"
"ကျွန်တော် မသိပါဘူး၊ မင်းသမီးအန်လဲ့က အရှင်မင်းကြီးကို သတင်းပို့စရာတစ်ခုရှိတယ်လို့ ပြောပါတယ်"
ရုံရှား ခဏလောက် စဉ်းစားလိုက်ပြီး "သူမကို ခေါ်လိုက်ပါ"
"ဒါ့အပြင် ဧကရီကို ခန်းဆီးနောက်မှာ ခဏလောက်ထိုင်ခိုင်းဖို့ ဖိတ်လိုက်ပါ၊ ငါကိုယ်တော်က ဟွာဟွာရဲ့အကျိုးအတွက် သူမကိုတွေ့တာ၊ သူမ တစ်ခုခုပြောချင်တာဆိုရင်လည်း ဟွာဟွာကိုပါ ပေးသိပြီးသာဖြစ်တယ်"
ဝမ်ကုန်းကုန်း၏ မျက်ခွံများ အနည်းငယ် လှုပ်သွားကာ ဦးညွှတ်လိုက်သည်။
"ဟုတ်ကဲ့၊ နားလည်ပါတယ်”
xxxxx