💮Chapter 80
“ငါမင်းကို ကျောက်စိမ်းချောင်း ပေးပါ့မယ် … ငါမင်းကို ကျောက်စိမ်းချောင်း ပေးပါ့မယ် …”
ပြန်ပေးဆွဲသမားခေါင်းဆောင်က လက်ကိုဆန့်ကာ ကျောက်စိမ်းချောင်းကို ပေးလိုက်သည်။
“ငါ့ကို လွှတ်ပေးပါ … ငါဘာမှ မလိုချင်တော့ပါဘူး … ငါမင်းကို ဒါပေးပါ့မယ် …”
ခေါင်းဆောင်က လက်ရှိနေရာသို့ လွယ်လွယ်ကူကူ ရောက်ရှိခဲ့ခြင်းမဟုတ်ပေ။ သူ့လက်တွင်း၌ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ သို့သော် တစ်နေ့နေ့တွင် လက်ချောင်းများဖြင့် လူ့အသက်ကို နှုတ်ယူနိုင်သည့် တစ်စုံတစ်ဦးအား တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ပြန်ပေးဆွဲသမားခေါင်းဆောင်၏ မျက်လုံးအိမ်များ၌ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူ့မျက်နှာပေါ်ရှိ အရည်များက ချွေးများလော၊ မျက်ရည်စများလော သူကိုယ်တိုင်ပင် မသိနိုင်တော့ပေ။
သူက ကျောက်စိမ်းချောင်းကို လက်များထုံလာသည်အထိ ကမ်းပေးနေမိသည်။ သို့သော် အနက်ရောင်ဝတ်လူက ထိုကျောက်စိမ်းချောင်းအား ယူရန် ရည်ရွယ်ချက်ရှိပုံမရချေ။
ခေါင်းဆောင်က စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီးတော့ …”
အနက်ရောင်ဝတ်လူက ခေါင်းငုံ့လိုက်၏။ သူ၏ အေးစက်စက် မျက်ဝန်းများ၏ အကြည့်က ပြန်ပေးဆွဲသမား ခေါင်းဆောင်၏ မျက်နှာထက်မှ ကျောက်စိမ်းချောင်းပေါ်သို့ ကျရောက်သွားသည်။
ပြန်ပေးဆွဲသမား ခေါင်းဆောင်က အနက်ရောင်ဝတ်လူအား ကြည့်လိုက်မိ၏။
သို့သော် အနက်ရောင်ဝတ်လူက ပြောလိုက်သည်။ “ညစ်ပတ်တယ် …”
ပြန်ပေးဆွဲသမားခေါင်းဆောင်က တစ်ဖက်လူ၏ ဆိုလိုရင်းကို ချက်ချင်း နားမလည်ခဲ့ပေ။ သူက ကျောက်စိမ်းချောင်းကို အမြန်သုတ်ပေးကာ အနက်ရောင်ဝတ်လူအား ကမ်းပေးလိုက်သည်။
“အခု သန့်ရှင်းသွားပါပြီ … ကျွန်တော် သုတ်လိုက်ပါ့မယ်…”
“ညစ်ပတ်တာက ညစ်ပတ်တာပဲ … မင်းရဲ့လက်ညစ်ပတ်တွေနဲ့ ကိုင်လိုက်ပြီဆိုမှတော့ ဘယ်တော့မှ ပြန်သန့်လာမှာ မဟုတ်တော့ဘူး …”
အနက်ရောင်ဝတ်လူက အေးစက်စက်ပြောရင်း လက်မြှောက်လိုက်၏။
လေပြင်းတစ်ချက် ဝေ့ဝဲလာသည်။
ပြန်ပေးဆွဲသမားခေါင်းဆောင်က ရှောင်ချိန်ပင်မရခဲ့ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ မြေပေါ်သို့ လဲကျသွားခဲ့၏။
အနီရောင်သွေးများက ပြန်ပေးဆွဲသမားခေါင်းဆောင်၏ လည်ပင်းမှ စီးကျလာပြီး မျက်တောင်တစ်ခတ်အတွင်း မြေပြင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ သူ့လက်တွင်းရှိ ကျောက်စိမ်းချောင်းသည်လည်း မြေပေါ်တွင် လိမ့်သွား၏။
နောက်တစ်စက္ကန့်၌ အနက်ရောင်ဝတ်လူက ထိုကျောက်စိမ်းချောင်းကို တက်နင်းလိုက်သည်။
ကလေးတစ်ဦး၏ လက်ကောက်ဝတ်တမျှ ထူထဲသည့် ကျောက်စိမ်းချောင်းက အနက်ရောင်ဝတ်လူ တက်နင်းလိုက်သည်နှင့် အပိုင်းပိုင်း ကွဲကြေသွားတော့၏။
ကျန်ရှိသောဓားစာခံများက ထိုမြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။ သူတို့မျက်လုံးထဲတွင် ထိတ်လန့်မှုများ ထင်ဟပ်နေပြီး နံရံထံသို့ အားလုံး ဆုတ်လိုက်ကြ၏။
သူတို့၏ ပါးစပ်များကမူ ပိတ်ဆို့ခံထားရသည့်အလျောက် အကူအညီမဲ့သော ဗလုံးဗထွေးသံများကိုသာ ပြုနိုင်ခဲ့သည်။
ဟွားကျစ်ချန် တစ်ဦးထဲသာ သူ့ထံချဉ်းကပ်လာသည့် အမျိုးသားအား နားမလည်သည့် အကြည့်ဖြင့် ကြည့်နေခဲ့၏။ သူက မြေပေါ်တွင် ထိုင်လျက်အနေအထားဖြင့် သူ့ထံလျှောက်လာသည့် အမျိုးသားအား မော့ကြည့်လိုက်မိသည်။
အနက်ရောင်ဝတ်လူက သူကိုင်ထားသည့် သေတ္တာကို ကြည့်လိုက်သည်။
“အဲဒါမင်းဟာလား …”
ဟွားကျစ်ချန်က အနက်ရောင်ဝတ်လူအား အနီးကပ်ကြည့်လိုက်သည်။ သူ့မျက်နှာက ဖြူရာမှစိမ်း၊ စိမ်းရာမှပြာကာ တဖြည်းဖြည်း အနီရောင်သို့ ပြောင်းလဲသွား၏။ သူက တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် အံကြိတ်ကာ ခေါင်းညှိတ်လိုက်သည်။
“ဟုတ်ပါတယ် …”
အနက်ရောင်ဝတ်လူက ရယ်မောလိုက်သည်။
“ငါ့ကိုပေးရင်ရော ဘယ်လိုလဲ …”
ဟွားကျစ်ချန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းသော အသံဖြင့် ဖြေလိုက်၏။
“ယူလိုက်ပါ …”
သေတ္တာအား ယူပြီးသည့်နောက် အနက်ရောင်ဝတ်လူက သေးငယ်၍ ထက်ရှသော ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ ကြိုးချည်ခံထားရသည့် ဟွားကျစ်ချန်အား ပစ်ပေးလိုက်သည်။ သူက ရှက်နေပုံပေါ်သည့် ဟွားကျစ်ချန်ကို ကြည့်ကာ ပြောလိုက်၏။
“ဒါက မင်းအတွက် ကျေးဇူးတင်တဲ့လက်ဆောင် …”
ဟွားကျစ်ချန်က အနက်ရောင်ဝတ်လူ ချပေးသွားသည့် အရာမှာ မည်သည့်အရာဖြစ်ကြောင်း ခန့်မှန်းလိုက်၏။ သူက လောလောလတ်လတ် ရှက်ရွံ့ဖွယ်အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရသည့်တိုင် ခံစားချက်အားလုံး ထိန်းချုပ်ကာ ရိုးသားစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် …”
သို့သော် အနက်ရောင်ဝတ်လူက ထိုကျေးဇူးစကားကို ဂရုမစိုက်ဘဲ လှောင်ပြောင်လိုက်၏။
“သိုင်းမတတ်တဲ့လူနည်းနည်းလေးကိုတောင် မကိုင်တွယ်နိုင်ဘူး … နာမည်ကြီး ဟွားမိသားစုမှာ ဒီလိုအရှုံးသမားမျိုးရှိနေတာလား …”
ဟွားကျစ်ချန်က ရှက်ရှက်နှင့် ပြန်ရှင်းပြလိုက်သည်။
“ပြောရမှာရှက်စရာကောင်းပေမယ့် ကျွန်တော်လည်း သိုင်းမတတ် …”
အနက်ရောင်ဝတ်လူက သူ့အား ဖြတ်ပြောလိုက်သည်။
“အသုံးမကျတာကို ဆင်ခြေပေးမနေစမ်းနဲ့ …”
ဟွားကျစ်ချန်က တံတွေးနင်သွားကာ ပြောလက်စ စကားမှာလည်း ရပ်သွားခဲ့ရသည်။
အနက်ရောင်ဝတ်လူက ဆက်နေမည့်ပုံမပေါ်သည့်တိုင် အလျင်စလို ထွက်မသွားခဲ့ပေ။ သူက ကျန်ဓားစာခံများ ရှိနေသည့် ညာဘက်သို့ ဦးတည်လိုက်၏။
ဓားစာခံများက ထောင့်တစ်ထောင့်၌ ကြောက်လန့်တကြား တုန်ရီနေကြသည်။ သူတို့က အနက်ရောင်ဝတ်လူအား ထိတ်လန့်စွာ ကြည့်နေကြ၏။
အနက်ရောင်ဝတ်လူ၏ လူသတ်ငွေ့များ လွှမ်းခြုံနေသော မျက်ဝန်းများက သူတို့အပေါ်သို့ ကျရောက်လာသည်။ ဓားစာခံအချို့က သေခြင်းတရားအား ခံစားမိလိုက်ကာ စိတ်မထိန်းနိုင်ဘဲ စတင်ငိုကြွေးကုန်ကြ၏။
ဟွားကျစ်ချန်က မနေနိုင်ပဲ ဝင်ပြောရန် ကြိုးစားလိုက်သည်။
“ဒါက …”
အနက်ရောင်ဝတ်လူက ဟွားကျစ်ချန်အား တစ်ချက်လှည့်ကြည့်လိုက်၏။
မျက်နှာဖုံးအောက်ရှိ အနက်ရောင်မျက်ဝန်းများမှာ ရေသေကဲ့သို့ တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှ ရှိမနေချေ။ ထိုမျက်ဝန်းတစ်စုံက ဟွားကျစ်ချန်အား ဖောက်ထွင်းမြင်နေရသကဲ့သို့ စိုက်ကြည့်နေ၏။
ဟွားကျစ်ချန်က အဆိုပါ အနက်ရောင်မျက်ဝန်းများကို ကြည့်ရင်း သူ့စိတ်တွင်း၌ ထိတ်လန့်မှုတစ်ခု အစပျိုးလာခဲ့သည်။
သူ မှန်းသည်မှာ မမှားချေ။ ထိုသူမှာ ရှစ်ယဲ့ဖြစ်သည်။
ရှစ်ယဲ့က မြို့တော်မှာ မဟုတ်ဘူးလား … ဘာလို့ သူက ကျင်းကျိုးကို ရုတ်တရက် ရောက်လာတာလဲ …
ပြီးတော့ …
ရှစ်ယဲ့ရဲ့ ခြေထောက်တွေ …
ဟွားကျစ်ချန်၏ အကြည့်က ရှစ်ယဲ့၏မျက်နှာမှ ရှစ်ယဲ့၏ ခြေထောက်များထံ ကျရောက်သွားသည်။ ထိုအခါမှသာ အဆိုပါ ခြေထောက်များမှာ မည်သည့်အားစိုက်ထုတ်မှုမှ မလိုအပ်ဘဲ သာမန်လူတစ်ဦးကဲ့သို့ ချောချောမွေ့မွေ့ လမ်းလျှောက်နေခြင်းဖြစ်ကြောင်း သူသတိပြုမိလိုက်၏။ ရှစ်ယဲ့၏ လူသတ်ငွေ့များမှာလည်း အလွန်သန်မာလှပြီး နှစ်ကာလရှည်ကြာစွာ မသန်စွမ်းဖြစ်နေသူနှင့် မတူချေ။
ဟွားကျစ်ချန်က ပြောစရာစကားမရှိအောင် ထိတ်လန့်သွား၏။
မဟုတ်သေးဘူး ...
ပြဿနာမှာ ရှစ်ယဲ့က ထိုဓားစာခံများကို သေချာပေါက် သတ်ပစ်ပေလိမ့်မည်။
ဟွားကျစ်ချန်က ရှစ်ယဲ့အား မကြာခဏ မတွေ့ဖူးခဲ့ချေ။ သို့သော် ဟွားမိသားစု၏ ဒဏ္ဏာရီလာပုံရိပ်အား သူကောင်းကောင်းသိ၏။ ရှစ်ယဲ့၏ အကျင့်နှင့် ပြဿနာဖြေရှင်းပုံအရ ရှစ်ယဲ့၏ စိတ်အခြေအနေအား မှန်းဆရန်မှာ သူ့အတွက်မခက်ခဲချေ။
ရှစ်ယဲ့၏ လျှို့ဝှက်ချက်မှာ အလွန်ကြီးမားသည့် အလျောက် ထိုသူက သူ၏ အစစ်အမှန်ပုံစံအား အခြားလူများကို သိစေချင်မည်မဟုတ်ပေ။
ဟွားကျစ်ချန်က ဟွားမိသားစု၏ မျက်နှာဖြင့် လွတ်ကောင်းလွတ်နိုင်သည်။ သို့သော် အခြားဓားစာခံများကမူ သူနှင့် အခြေအနေမတူညီနိုင်ချေ။
ဟွားကျစ်ချန်က သမားတော်တစ်ဦးဖြစ်၏။ သူက လူများအကြား နှစ်ပေါင်းများစွာ သွားလာခဲ့ပြီး လူအများအား ဒဏ်ရာကုသပေးရန်နှင့် အသက်ကယ်ရန် မွေးဖွားလာသူဖြစ်၏။ သူ့အရှေ့တွင် ရှိနေသူက အခြားလူသာဆိုပါက သူ့အသက်ကို လောင်းကြေးထပ်၍ပင် အသနားခံပေးနိုင်သည်။ သို့သော် သူ့အရှေ့ရှိလူက ရှစ်ယဲ့ဖြစ်၏။
ရှစ်ယဲ့၏ မျက်လုံးထဲတွင် သူက ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ သူပြောသမျှက တစ်ဖက်လူ၏ နားထဲတွင် လေတိုးသံတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
ဟွားကျစ်ချန်၏ မျက်နှာတစ်ခုလုံး ဖြူလျော်နေ၏။ အသနားခံမည့် စကားများက သူ၏ လျှာပေါ်တွင် ခေတ္တမျှ ဝေ့ဝဲနေခဲ့သည်။ သို့သော် သူက ထိုစကားများကို မြိုသိပ်လိုက်ရ၏။
ရှစ်ယဲ့ ဓားစာခံများထံ ချဉ်းကပ်သွားသည်ကို ကြည့်ရင်း ဟွားကျစ်ချန် မျက်လုံးမှိတ်လိုက်မိသည်။
သို့သော် သူ စိတ်ကူးထားသကဲ့သို့ သတ်ဖြတ်သံများ ထွက်မလာခဲ့ပေ။ ထိုအစား မနီးမဝေးမှ တစ်စုံတစ်ခု တိုးဝှေ့သံကို ကြားလိုက်ရသည်။
ဟွားကျစ်ချန်က ကြောင်အသွားကာ အသံလာရာသို့ ကြည့်လိုက်၏။ စကားတစ်ခွန်းမှ ဝင်မပြောခဲ့သော အနက်ရောင်ဝတ်အမျိုးသားက ပင်စည်တွင် မျက်နှာအပ်ကာ သူ၏ အမြင်အာရုံတစ်ခုလုံးကို ဖုံးကွယ်ထားလေသည်။
ထိုအသံက ရှစ်ယဲ့၏အာရုံကို ဆွဲဆောင်သွား၏။
ရှစ်ယဲ့က ချက်ချင်း ပြန်လှည့်ကာ ထိုအနက်ရောင်ဝတ် အမျိုးသားအား ကောက်ပွေ့လိုက်သည်။ ထို့နောက် မြူဝေသည့် ညအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
သူတို့ ပျောက်ကွယ်သွားသည်အထိ ဟွားကျစ်ချန်က ထိုနေရာအား ကြောင်အစွာ ငေးကြည့်နေမိတော့သည်။
သူသတိပြန်ဝင်လာချိန်၌ သူ့တစ်ကိုယ်လုံး ချွေးစေးများ ပြည့်နှက်နေသည်ကို သတိပြုမိလိုက်၏။
သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့နှလုံးသားအတွင်းရှိ အံ့အားသင့်မှုကိုမူ ခက်ခက်ခဲခဲ ဖုံးကွယ်နေရ၏။
ရှစ်ယဲ့က ဓားစာခံတွေကို အလွယ်လေး လွှတ်ပေးလိုက်တာလား …
….
ဝမ်ချီက လေထဲတွင် မည်သည့်သွေးနံ့ကိုမှ ထပ်မံမခံစားရတော့ပေ။
သွေးများဖုံးလွှမ်းနေသော ရှစ်ယဲ့အား တွေ့ခဲ့၍လားမသိ၊ ယခုအခါ သူက သွေးနံ့အား ယခင်ကထက်ပို၍ အနံ့ခံနိုင်ပြီဖြစ်သည်။ သို့သော် အန်ချင်စိတ်က သူ၏ နဖူးအထိ တိုးဝင်လာပြီး သူ့အား အချိန်အတော်ကြာသည်အထိ မသက်မသာ ခံစားရစေ၏။
သူက သူ့မျက်နှာအား ရှစ်ယဲ့၏ လည်တိုင်၌ ဝှက်ထားလိုက်သည်။ ရှစ်ယဲ့၏ ရနံ့ဖျော့ဖျော့အား အနံ့ခံလိုက်သည်နှင့် အဆိုပါ အန်ချင်စိတ်သည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။
ရှစ်ယဲ့က ကိုယ်ဖော့ပညာကို သုံးကာ ညအချိန်ကို အကာအကွယ်ယူလျက် ခေါင်မိုးများ တစ်ခုပြီးတစ်ခု ခုန်ကျော်လာခဲ့သည်။ မကြာမီမှာပင် သူက ဝမ်ချီအား ပွေ့ချီလျက် ထပ်ခိုးထံသို့ ပြန်ရောက်လာခဲ့၏။
သူက အိမ်တွင်းသို့ ဝင်လိုက်ကာ ဝမ်ချီအား အိပ်ရာပေါ် ချလိုက်သည်။
ဝမ်ချီက သူ့မျက်နှာထက်ရှိ မျက်နှာဖုံးကို ချွတ်ကာ သူ့မျက်နှာအား ခေါင်းအုံးပျော့ထဲသို့ နှစ်မြှုပ်ပစ်လိုက်၏။
မကြာမီမှာပင် သူက တစ်စုံတစ်ခုအား သတိရသွားကာ ရှစ်ယဲ့၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။
“အရှင့်သား … ဟွားသခင်လေးက ကျွန်တော်တို့ကို သတိထားမိသွားမှာပဲ …”
ရှစ်ယဲ့က မငြင်းဆန်ခဲ့ချေ။
ဝမ်ချီ မသိမသာ တောင့်တင်းသွား၏။
“အရှင့်သား သူကို သတ်မှာလားဟင် …”
ရှစ်ယဲ့က အချိန်အတန်ကြာသည်အထိ မည်သို့မှ ပြန်မဖြေခဲ့ချေ။ သူက အေးစက်စက်လက်ကို ဝမ်ချီ၏ ပါးပြင်ပေါ်သို့ တင်လိုက်ရင်း ညှင်သာစွာ ဆွဲညှစ်လိုက်၏။ သူ၏ စကားများက ရေခဲတမျှ အေးစက်လှသည်။
“မင်းမျက်လုံးတွေထဲမှာ ပန်ကုန်းက ဒီလောက်ထိ သွေးဆာတတ်တဲ့လူမျိုးလား …”
ဝမ်ချီက လူမိခံလိုက်ရသည့်အလျောက် နှလုံးသားတစ်ခုလုံး အားပြတ်သွားခဲ့၏။ သူက ရှစ်ယဲ့၏ မျက်ဝန်းများကို မကြည့်ရဲသည့်တိုင် ခပ်တိုးတိုး ငြင်းဆန်လိုက်မိသည်။
“အဲဒီလိုမဟုတ်ပါဘူး …”
ရှစ်ယဲ့က ဝမ်ချီအား အေးစက်စက် ကြည့်လိုက်၏။
“မင်းပြောချင်တာ ဒါပဲလေ …”
“မဟုတ်ပါဘူး …”
ဝမ်ချီက ခဏတွေးလိုက်ပြီးနောက် တံတွေးအသာမြိုချလိုက်ကာ အလေးအနက် ရှင်းပြလိုက်၏။
“ဟွားသခင်လေးအတွက် စိတ်မကောင်း ဖြစ်မိရုံပါ … ကျွန်တော်သာ နမော်နမဲ့မလုပ်ခဲ့ရင် အရှင့်သား ပေးခဲ့တဲ့ သေတ္တာကို မုန့်ဘူးနဲ့ မှားပေးမိမှာ မဟုတ်ဘူးလေ … သူလည်း ဒီလိုအရှက်ရစရာအဖြစ်မျိုး ကြုံရမှာမဟုတ်ဘူး … ကျွန်တော် သူ့ကို အကြွေးတင်သွားပြီ …”
ဝမ်ချီ၏အသံမှာ တဖြည်းဖြည်း တိုးတိမ်လာ၏။ ရှစ်ယဲ့က ဟွားကျစ်ချန်အား မနှစ်မြို့ကြောင်း သူသိလေသည်။ ထို့ကြောင့် သူက ထိုသူ၏ ကောင်းကြောင်းများကို များများစားစား မပြောဝံ့ချေ။
ဝမ်ချီက ရှစ်ယဲ့၏ အမူအရာအား အကဲခတ်ချင်သော်လည်း ရှစ်ယဲ့က မျက်နှာဖုံးဝတ်ဆင်ထားဆဲဖြစ်ရာ ထိုသို့ပြုလုပ်ရန် အခွင့်မသာခဲ့ပေ။
ဝမ်ချီက ခဏကြာ တွေဝေနေပြီးနောက် လက်ကိုဆန့်ကာ ရှစ်ယဲ့၏ မျက်နှာထက်ရှိ မျက်နှာဖုံးကို မဝံ့မရဲ ဖြုတ်လိုက်သည်။
သူထိုသို့လုပ်နေစဉ် တစ်လျှောက်လုံး ရှစ်ယဲ့က မလှုပ်မရှား ရှိနေ၏။
မကြာမီမှာပင် ဝမ်ချီက ရှစ်ယဲ့၏မျက်နှာဖုံးကို ချွတ်ယူနိုင်သွားခဲ့သည်။
ရှစ်ယဲ့က ဝတ်ရုံနက်ကို ဝတ်ဆင်ထားဆဲဖြစ်၏။ သူ၏ ဆံနွယ်များက ပခုံးပေါ်၌ ဝဲဖြာနေသည်။ သူ့မျက်နှာထက်တွင် ခံစားချက် ကင်းမဲ့နေသော်လည်း အလွယ်တကူ မချဉ်းကပ်နိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေဆဲပင်။
အခန်းတွင်းရှိ စားပွဲပေါ်တွင် ဖယောင်းတိုင် နှစ်တိုင် ထွန်းညှိထားပြီး အဝါဖျော့ဖျော့ မီးအလင်းရောင်က ရှစ်ယဲ့အပေါ်သို့ နွေးထွေးစွာ ဖြာကျလျက်ရှိ၏။ ၎င်းက သူ၏ အေးစက်မှုကို အနည်းငယ် လျော့နည်းသွားစေခဲ့သည်။
ဝမ်ချီက ရှစ်ယဲ့အား ကြည့်နေပြီး ရှစ်ယဲ့သည်လည်း ဝမ်ချီအား ကြည့်နေ၏။
တစ်ဦးနှင့်တစ်ဦး အတန်ကြာ စိုက်ကြည့်နေပြီးနောက် ရှစ်ယဲ့က ကြေငြာလိုက်သည်။
“ပန်ကုန်းသူ့ကို အခုလည်းမသတ်ဘူး … အနာဂတ်မှာလည်း သတ်မှာမဟုတ်ဘူး …”
ဝမ်ချီ၏ အမူအရာက သိသိသာသာ ပြေလျော့သွား၏။
ရှစ်ယဲ့က ထပ်ပြောလိုက်သည်။
“ပန်ကုန်း ကျန်တဲ့လူတွေကိုလည်း မသတ်ခဲ့ဘူးလေ …”
ဝမ်ချီက တွေဝေသွား၏။ သို့သော် ရှစ်ယဲ့က ပြောလာပြီဖြစ်ရာ သူ့အနေဖြင့် ချီးကျုးရတော့မည်ပင်။
“အရှင့်သားက ကြင်နာတတ်တဲ့လူပါ … သူတို့အားလုံးက အရှင့်သားကို သေချာပေါက် ကျေးဇူးတင်နေမှာပါ …”
“ပန်ကုန်းက သူတို့ကျေးဇူးတင်တာကို မလိုပါဘူး …”
ရှစ်ယဲ့က ဝမ်ချီ၏ လက်ကောက်ဝတ်မှတဆင့် သူနှင့် နီးကပ်စေလိုက်သည်။ ဝမ်ချီ သတိလက်လွတ် ဖြစ်သွားချိန်မှာပင် သူ့မျက်နှာထက်သို့ လေပူတစ်ချက် လာဟပ်လေသည်။
“အခု သူတို့ကို ထားလိုက်ပြီဆိုတော့ မင်းအလှည့်ပဲ …”
ဟမ် …
ငါ့အလှည့်လား … ဘာအတွက်လဲ ..
ဝမ်ချီက ရှစ်ယဲ့ မည်သည့်အရာကို ပြောနေကြောင်း မသိသည့်တိုင် ရှစ်ယဲ့ ပြောတော့မည့် အရာမှာ သူ့အတွက် ကောင်းမွန်သည့်အရာ မဟုတ်နိုင်ကြောင်း ခံစားမိလေသည်။ သူက တုံးအချင်ယောင် ဆောင်လိုက်၏။
“အရှင့်သား … အချိန်အတော်လင့်နေပြီပဲ … ကျွန်တော်တို့ မနက်မှ ပြောကြရင်ရော …”
ဝမ်ချီ၏ စိတ်တွင်းရှိ မကောင်းသောခံစားချက်မှာ ပို၍ပင် ကြီးမားလာသည်။ သူက အိပ်ရာထက်တွင် လှဲလျောင်းချင်ခဲ့သော်လည်း ရှစ်ယဲ့၏ ပြန်ဆွဲခြင်းခံလိုက်ရ၏။
ရှစ်ယဲ့က လက်ဖဝါးကို လှန်လိုက်သည်။ သူ့လက်ဖဝါးထဲတွင် သစ်သားသေတ္တာလေး ရှိနေ၏။
ဝမ်ချီက သေတ္တာအား စိုက်ကြည့်နေမိသည်။
“အမှိုက်ကောင်ရှစ်ကျင်းက အဲဒီပြဿနာကို နောက်ဆယ်ရက်ကြာရင်တောင် ရှင်းနိုင်မှာ မဟုတ်ဘူး … ပန်ကုန်း အခုအားနေတယ်… ဒီတော့ မင်းကို လှည့်ကွက်တစ်ခုနှစ်ခု သင်ပေးမယ်လေ … ဒီလိုဆို မင်း အနာဂတ်မှာ ပိုပြီး ရင်ဆိုင်နိုင်လာမှာပေါ့ …”
ရှစ်ယဲ့၏ အသံက ကလေးငယ်အား ချော့မြှူနေသည့် လူစိမ်းတစ်ဦးသဖွယ် တဖြည်းဖြည်း တိုးလျသွားခဲ့၏။
ဟင့်အင်း …
သိုင်းပညာသင်ချင်ရင် ကိုယ့်ဘာကိုယ်သင်လေ … ဒီသစ်သားသေတ္တာနဲ့ ဘာလုပ်မလို့လဲ …
ဝမ်ချီက စိတ်ထဲမှ ငြင်းဆန်နေမိသည်။ သေတ္တာကို ကြည့်လျက် သူ့ပါးပြင်များက ပို၍ နီရဲလာ၏။
“ဟင့်အင်း … ဟင့်အင်း …”
ဝမ်ချီ၏ စိတ်တွင်းရှိ ငြင်းဆန်မှုက စကားလုံးများအဖြစ် အပြင်သို့ ထွက်ကျလာသည်။ သူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။
“အရှင့်သား … ကျွန်တော်က သိုင်းပညာကို စိတ်မဝင်စားပါဘူး …”
ရှစ်ယဲ့၏ အမူအရာက မှောင်မဲလာသည်။
ဝမ်ချီက တစ်စက္ကန့်ကြာ တုံ့ဆိုင်းသွားခဲ့ပြီး လိပ်ကလေးသဖွယ် လည်ပင်းကျုံ့လိုက်၏။ သို့သော် သူက သူ၏လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေဆဲပင်။
“ကျွန်တော်က ဟွားသခင်လေးနဲ့အတူတူပါပဲ … တော်တာသိပ်မရှိပါဘူး …ဒီတော့ သိုင်းပညာသင်ဖို့လည်း မသင့်တော်လှပါဘူး …”
“ပန်ကုန်း မင်းကို အမိန့်ပေးနေတာ … မင်းအမြင်ကို မေးနေတာ မဟုတ်ဘူး…”
ရှစ်ယဲ့၏ မျက်ဝန်းများက ပို၍ မှောင်မိုက်လာကာ ငြင်းဆန်မရသော တွန်းအားတစ်ခု ပါဝင်နေ၏။
“မင်း သဘောတူချင်ရင်လည်း သဘောတူရမှာပဲ … သဘောမတူချင်ရင်လည်း သဘောတူရမှာပဲ …”
ဝမ်ချီ “…”
ကောင်းပြီလေ … သိုင်းပညာ လေ့ကျင့်ရုံပဲပေါ့ …
ဘာမို့လို့လဲ ….
ရှစ်ယဲ့၏ ခြိမ်းခြောက်မှုကြောင့် ဝမ်ချီ၏ ခုခံမှုက တဖြည်းဖြည်း အလံဖြူကို လွှင့်တင်လိုက်၏။
သို့သော် …
ဝမ်ချီ၏ အကြည့်က ရှစ်ယဲ့၏ လက်တွင်းရှိ သစ်သားသေတ္တာထက်သို့ ကျရောက်သွားသည်။
“အရှင့်သား … ဘာလို့ ဒါကိုယူလာတာလဲ…”
ရှစ်ယဲ့၏ အမြဲလိုလို အမူအရာကင်းမဲ့သော မျက်နှာထက်တွင် ယခုအခါ နှုတ်ခမ်းထောင့်လေးများ မြင့်တက်နေပြီး ဝံပုလွေတစ်ကောင်၏အပြုံးမျိုး ထင်ဟပ်နေ၏။ သူ၏ ဇာမဏီမျက်ဝန်းတစ်စုံနှင့် ပေါင်းစပ်လိုက်သည့်အခါ အသက်ရှူရပ်စရာ အလှလေးတစ်ဦးအဖြစ် တစ်မဟုတ်ချင်း အသွင်ပြောင်းသွားခဲ့သည်။ သူက ခပ်ဖွဖွရယ်လိုက်၏။
“ပန်ကုန်းက ဆုနဲ့အပြစ်ဒဏ်ကို သေချာကွဲတဲ့လူမျိုးပါ … မင်းသာ ပန်ကုန်းပြောတဲ့အတိုင်းလုပ်ရင် မင်းရဲ့ဆန္ဒအားလုံးကို ပန်ကုန်းဖြည့်ဆည်းပေးမယ် … ဒါပေမယ့် အဲဒီ့လိုမဟုတ်ရင်တော့ …”
အဓိပ္ပာယ်မှာ ထင်ရှားလှသည်။
ဝမ်ချီက ရှစ်ယဲ့ကို တစ်လှည့်၊ သေတ္တာကိုတစ်လှည့် အထိတ်တလန့် ကြည့်လိုက်သည်။
ရှစ်ယဲ့က ချက်ချင်းဆိုသလို စကားဆက်လိုက်သည်။
“ဒီကျောက်စိမ်းကို မင်းကိုယ်မင်း အပြစ်ပေးဖို့ အသုံးပြုနိုင်တယ် … တစ်ခုချင်းစီပေါ့ … ဘယ်လိုလဲ …”
ဝမ်ချီ “…”
💮💮💮