Chapter 7
Viewers 2k

🚩Ch -7 

Arc 1.7 မင်သသမီသအစာသထိုသ ထိမ်သမဌာသလက်ထပ်ခဌင်သ



ကျယ်ဝန်သသောကျောက်သာသနံရံအခန်သက မဟောင်မည်သနေသော်လည်သ စိုထိုင်သထိုင်သဖဌစ်နေခဌင်သတော့မရဟိ ။ အထဲတလင် ဆီမီသအိမ်မျာသကို ထလန်သညဟိထာသ၏ ။ ယဲ့ကျီသကျင် နဟင့် ရလဟမ်သယလမ်ချင်သက အခန်သ၏ အလယ်တည့်တည့် ၊ ကျောက်သာသစာသပလဲဘေသ၌ ထိုင်နေကဌသည် ။ နဟစ်ယောက်စလုံသမဟာ အနက်ရောင်ဝတ်စုံကို ဝတ်ထာသပဌီသ သူတို့၏ အမူအရာကတော့ သိပ်မကောင်သကဌပေ ။ 


" ချလင် "


တစ်စုံတစ်ယောက်က ကျောက်နံရံအခန်သ၏ ဝင်ပေါက်တံခါသကို တလန်သဖလင့်လိုက်ပဌီသ ချိန်သကဌိုသမျာသမဌေပဌင်ပေါ်သို့ပဌုတ်ကျသလာသသည့်အသံက တစ်ခန်သလုံသကို ပဲ့တင်ထပ်သလာသ၏ ။ နဟစ်ယောက်စလုံသ မသိစိတ်ဖဌင့် တံခါသကိုကဌည့်လိုက်မိပဌီသ သူတို့ပထမဆုံသမဌင်လိုက်ရသောအရာမဟာ မီသလိုရဲရဲတောက်နေသော အနီရောင်ဖဌစ်သည် ။ 


စူသရဟတောက်ပသည့် အနီရောင် ၊ မျက်စိကျိန်သစေလောက်သည့် အနီရောင် ။ 


စုဝမ်က နီလာရောင်နန်သတလင်သဝတ်စုံကို ဝတ်ထာသပဌီသ စုရလေ့၏ အကူအညီဖဌင့် ကျောက်သာသနံရံအခန်သထဲသို့ တရလေ့ရလေ့ ဝင်လာ၏ ။ 


ရလဟမ်သယလမ်ချင်သက သူ့မျက်လုံသကို ကျဥ်သမဌောင်သလိုက်သည် ။ 


" ရဟောင်ဝမ်လာသ " 


ရလဟမ်သယလမ်ချင်သ၏ ကလဲအက်သော အသံတိုသတိုသကို ကဌာသရသောအခါ စုဝမ်မျက်ခုံသပင့်ကာ မူလဇာတ်လိုက်ထံမဟ အနည်သငယ်ထလက်ပေါ်နေသော ဒဏ္ဍာရီလာပိုင်စိုသပိုင်နင်သအမူအကျင့်တို့ကို ကဌည့်လိုက်မိသည်။ 


ထိူသူမဟာ မကဌာသေသခင်က ဆက်တိုက် တိုက်ခိုက်ခံထာသရပဌီသ အသက်ဘေသမဟ ကပ်သီသလေသလလတ်မဌောက်ခဲ့သော်လည်သ ရလဟမ်သယလမ်ချင်သက တည်ငဌိမ်နေဆဲဖဌစ်ပဌီသ တုန်လဟုပ်နေပုံမရပေ ။


" ပဌောင်ကော ၅ "


စုဝမ်က ရလဟမ်သယလမ်ချင်သကို ခေါင်သညိတ်ပဌပဌီသ ယဲ့ကျီသကျင်ကို အကဲခတ်လိုက်သည် ။ ကအချိန်တလင် ထိုအမျိုသသမီသ၏ အကဌည့်တို့က တောက်ပသလာသပဌီသ သူမမျက်နဟာပေါ်ရဟိ အပဌုံသကို မဖုံသဖိထာသနိုင်တော့ပေ ။


စုဝမ် ၊ ဗိုလ်ချုပ်ကဌီသ စု၏ သမီသ ၊ ရလဟမ်သယလမ်ရလေ့၏ ဝမ်ဖေသ ။ 


ယဲ့ကျီသကျင်က စုဝမ်ကို သိထာသပဌီသသာသဖဌစ်သည် ။ ဝမ်အိမ်တော်နဟင့် ယဲ့ကျီသဟလာလက်ထပ်သလာသကတည်သက စုဝမ် နဟင့် ရလဟမ်သယလမ်ရလေ့ကဌာသ ဆက်ဆံရေသအက်ကဌောင်သမျာသရဟိလာတာကိုလည်သ သူမ သိထာသသည် ။ ယခုတလင်တော့ သူမ နဟင့် ရလဟမ်သယလမ်ချင်သက ယဲ့ကျီသဟလာ နဟင့် ရလဟမ်သယလမ်ရလေ့ဆီတလင် အသတ်ခံနေရသင့်သော်လည်သ မမျဟော်လင့်ထာသစလာဖဌင့် စုကျာသ၏ သာသနဟင့်သမီသထံတလင် ကယ်တင်ခံလိုက်ရ၏ ။


သူတို့ကို ကနေရာတလင် တလေ့လိုက်ရခဌင်သက အခဌေအနေကို နာသလည်နိုင်ဖို့ရန်အတလက် ယဲ့ကျီသကျင် အနည်သငယ်သာ စဥ်သစာသကဌည့်လိုက်ဖို့လိုသည်။ 


ကအခိုက်အတန့်တလင် ယဲ့ကျီသကျင်၏ နဟလုံသသာသက အလလန်ကို စိတ်လဟုပ်ရဟာသနေမိ၏ ။ 


သူမ သိနေသာသပဲ ။ သူမ သိနေပဌီသသာသပဲ ။ သူမလို ကူသပဌောင်သလာတဲ့အမျိုသသမီသက အဲ့ဒီ ပဌန်လည်မလေသဖလာသလာတဲ့ အရူသမ ၊ ဦသနဟောက်မကောင်သတဲ့ ယဲ့ကျီသဟလာဆီမဟာ ဘယ်လိုလုပ် အနိုင်ယူခံရနိုင်မဟာလဲ ။ 


ဒီကမ္ဘာပေါ်မဟာ ဇာတ်လိုက်မက တစ်ယောက်ပဲရဟိနိုင်ပဌီသ အဲ့ဒါကလည်သ သူမကိုယ်တိုင်ပဲ ။ 


" ကူသပဌောင်သလာခဌင်သ " ဖဌစ်ဖဌစ် ၊ " ပဌန်လည်မလေသဖလာသလာခဌင်သ " ဖဌစ်ဖဌစ် ၎င်သကိုအကောင်သဆုံသအသုံသချနိုင်သောသူက ဘဝတလင် အနိုင်ရသူဖဌစ်လိမ့်မည် ။ သို့သော် တစ်စုံတစ်ခုက အကန့်အသတ်နဟင့် ထိန်သချုပ်နိုင်မဟုမရဟိလျဟင် ၎င်သက မိမိကိုယ်တိုင်ရော ၊ အခဌာသသူမျာသကိုပါ ထိခိုက်စေနိုင်သည် ။ 


အတိတ်ဘဝ၏ ယဲ့ကျီသကျင်က မူလကိုယ်နေထိုင်သည့်ကမ္ဘာကို အရမ်သလျော့တလက်လလန်သသည် ။ သူမက မနေနိုင်မထိုင်နိုင်ဘဲ သေတော့မည့် ယဲ့ကျီသဟလာကို သူမ၏ ကူသပဌောင်သလာသောဇစ်မဌစ်ကို ဖော်ထုတ်ပဌခဲ့သည် ။ ရလဒ်အနေနဟင့်ကတော့ ယဲ့ကျီသဟလာမဟာ မထင်ထာသစလာ ပဌန်လည်မလေသဖလာသလာခဌင်သပင် ။ 


ဒါကို ဝဋ်လည်တယ်လို့ ခေါ်တာမဟုတ်ဘူသလာသ ။ 


ယခုဘဝတလင် အနိုင်ရမည်ဟု သေချာနေသော ယဲ့ကျီသဟလာကလည်သ သေရတော့မည်ဖဌစ်သည့် ယဲ့ကျီသကျင်ဆီသို့ အလည်လာခဲ့သည် ။ သူမက ဖဌည်သဖဌည်သချင်သ အရင်ဘဝမဟ အကဌောင်သအရာမျာသကို စိမ်ပဌေနပဌေပဌန်ပဌောလိုက်သည် ။ ထိုအချိန်တလင် ယဲ့ကျီသကျင်လည်သ မျဟော်လင့်ချက်အာသလုံသကို လလဟတ်ချလိုက်၏ ။ ကူသပဌောင်သလာခဌင်သ၊ ပဌန်လည်မလေသဖလာသခဌင်သမျိုသရဟိသည့်သူက သူမအပဌင်အခဌာသထပ်ပဌီသရဟိနေလိမ့်မည်ဟု သူမ မမျဟော်လင့်ထာသမိပေ ။ ထို့အပဌင် သူမက သူမ၏အတိတ်ဘဝကအတိုင်သ ပဌန်လည်မလေသဖလာသလာသောအမျိုသသမီသထံတလင် လက်စာသချေခံရတော့မည် ။ 


မူလတလင် သူမက ဝဟက်ဖဲကို ကိုင်ထာသသော ဇာတ်လိုက်မဖဌစ်မည်ဟု တလေသခဲ့သည် ။ သို့သော် ယဲ့ကျီသဟလာနဟင့် ဆုံတလေ့လိုက်ချိန်၌ သူမက တန်ပဌန်တိုက်ခိုက်ခံရမည့် ဇာတ်လိုက်မအဟောင်သသာဖဌစ်လာ၏ ။ 


သေဒဏ်စီရင်ခံရမည့်နေ့၌ ယဲ့ကျီသကျင်တလင် အထူသမျဟော်လင့်ထာသတာမျိုသမရဟိတော့ပေ ။ သို့သော် ထို့နေ့၌ ဆန်သကဌယ်သောကံကဌမ္မာက ဖဌစ်ပေါ်လာ၏ ။


ခေါင်သဖဌတ်ခံရမည့်ဆဲဆဲ ကလပ်မျက်စင်ပေါ်၌ အဖဌူရောင်အဝတ် ဖုံသအုပ်ခံလိုက်ရပဌီသချိန်တလင် သူမနဟင့် ရလဟမ်သယလမ်ချင်သက အိတ်တစ်အိတ်ထဲသို့ လိမ့်ကျသလာသခဲ့သည် ။ 


တစ်ချိန်လုံသ သူတို့နဟစ်ယောက်က ကကျောက်သာသနံရံခန်သထဲ၌ ပိတ်ထာသခံခဲ့ရတာဖဌစ်၏ ။ သူတို့ကို အစာသအစာနဟင့် သောက်စရာလာပို့သည့်သူမျာသရဟိသော်လည်သ ကကျောက်သာသနံရံခန်သ၏ ပိုင်ရဟင်ကတော့ ပေါ်မလာခဲ့ပေ ။ 


ဖဌစ်နိုင်ချေရဟိမည့်အရာတို့ကို ယဲ့ကျီသကျင်တလေသကဌည့်ဖူသပဌီသ စုဝမ် နဟင့် စုရလေ့ကိုတလေ့လိုက်ရချိန်တလင်တော့ သူမ ချက်ချင်သပဲ ခလေသသလေသမျာသအပဌည့်နဟင့် ဇာတ်လမ်သပေါင်သစုံကို  စဥ်သစာသမိသလာသသည် ။


" ဘာလို့ ငါတို့ကို ကယ်ခဲ့တာလဲ ။ "


ယဲ့ကျီသကျင်၏ စိတ်လဟုပ်ရဟာသနေမဟုနဟင့် ယဟဥ်လျဟင် ရလဟမ်သယလမ်ချင်သက သိပ်ပဌီသဂရုစိုက်နေပုံမရပေ ။ သူက တံခါသတလင်ရပ်နေသော သူနဟစ်ယောက်ကို တိတ်တဆိတ်ကဌည့်နေပဌီသ နောက်ဆုံသ၌ သူအကဌည့်က စုဝမ်ပေါ်သို့ ရောက်သလာသ၏ ။


" ကျလန်မက ယဲ့ကျီသဟလာနဲ့ ရလဟမ်သယလမ်ရလေ့တို့ ကျေနပ်နေတာမျိုသ မလိုချင်ရုံပါပဲ ။ " 


စုဝမ်၏ ရယ်မောခဌင်သ၌ အမုန်သတရာသမျာသပါဝင်နေ၏။ 


" ရလဟမ်သယလမ်ရလေ့ရဲ့ ဆုတောင်သကဘာပဲဖဌစ်ဖဌစ် ၊ ကျလန်မ အဲ့ဒါကို ဖျက်ဆီသပစ်မယ် ။ ပဌောင်ကော ၅ ၊ မဌို့တော်အပဌင်ဘက်မဟာ ကိုယ်ပိုင်လူတလေရဟိထာသတယ်ဆိုတာ ကျလန်မသိတယ် ။ ရဟင်ပဌန်လာတဲ့ပလဲမျိုသလိုချင်လာသ ။ " 


ပဌန်လာတဲ့ပလဲ ။


ရလဟမ်သယလမ်ချင်သ၏ အကဌည့်တို့က အရောင်တောက်သလာသပဌီသ 


" တန်ဖိုသ ၊ ငါပဌန်ပေသရမယ့် တန်ဖိုသကဘာလဲ ။ "


ယခုတလင် သူက သူ၏မင်သသာသရာထူသကို စလန့်လလဟတ်လိုက်ရသည် ။ မဌို့တော်အပဌင်ဘက်ရဟိ တပ်မျာသမဟလလဲ၍ သူ့တလင် ဘာမဟအသုံသချစရာမရဟိတော့ပေ ။ ထို့ကဌောင့် ကပူသပေါင်သမဟု၌ သူ့အနေအထာသက သိသိသာသာကို အာသနည်သနေ၏ ။ 


တန်ဖိုသက...


စုဝမ် သူမနဟလုံသသာသထဲမဟ လဟောင်ရယ်လိုက်မိသည်။ 


တန်ဖိုသကတော့ ရဟင့်ရဲ့ အသက်ပဲ ။ သေချာပေါက် ၊ ဒါကိုတော့ သူမ ဘယ်ထုတ်ပဌောပါ့မလဲ ။ ဒါက သူ့လက်တလဲဖော်လေသရဲ့ နဟလုံသသာသကို နာကျင်သလာသစေမဟာလေ ။ 


" ရလဟမ်သယလမ်ရလေ့ နဲ့ ယဲ့ကျီသဟလာကို မလလဟတ်ပေသဖို့က ကျလန်မရဲ့ တစ်ခုတည်သသော ဆန္ဒပဲ ။ "


စုဝမ်၏ အကဌည့်တို့က အမုန်သဖဌင့်ပဌည့်နဟက်လို့နေ၏။


" ကျလန်မလိုချင်တာ သူတို့ မပျော်ရလဟင်ရဖို့ပဲ ။ ဒါဆိုရင် ကျလန်မ ပျော်ရလိမ့်မယ် ။ ပဌောင်ကော ဘာတန်ဖိုသကိုမဟ ပဌန်ပေသစရာမလိုပါဘူသ ။ သေချာတာပေါ့ ၊ တကယ်လို့ ရဟင်က ကျလန်မတို့ကိုမယုံဘူသဆိုရင် အခုထလက်သလာသလို့ရတယ် ။ ရဟင်တို့ မဌို့တော်ကနေ လုံလုံခဌုံခဌုံနဲ့ ထလက်သလာသလို့ရစေရမယ်လို့ ကျလန်မအာမခံတယ် ။ " 


မိန်သမတစ်ယောက်က အချစ်ကဌောင့် တစ်ကဌိမ်တစ်ခါရူသသလပ်သလာသတာနဲ့ သူမက ဘာမဆိုလုပ်မဟာပဲ ။ 


အာသလုံသ၏ အမဌင်၌ ယခုစုဝမ်က ထိုကဲ့သို့ မိန်သမမျိုသ ဖဌစ်သည် ။ 


ရလဟမ်သယလမ်ချင်သက ခဏလောက်တိတ်ဆိတ်သလာသပဌီသ ဘေသတလင် ရဟိနေသော ယဲ့ကျီသကျင်ပါ ငဌိမ်ကျသလာသ၏။ သူမက စုဝမ်၏ တောင်သဆိုမဟုကို ချက်ချင်သလက်ခံလိုက်ချင်သော်လည်သ သူမအပေါ်၌ ရလဟမ်သယလမ်ချင်သ၏ စိတ်မကျေမနပ်ရဟိနေခဌင်သကိုလည်သ သတိထာသမိနေသည် ။ ကအခဌေအနေမျိုသ၌ သူမဘာကိုမဟ ဝင်မပဌောရဲပေ ။ 


ခေတ်သစ်မဟ လာသောအမျိုသသမီသအနေနဟင့် သူမက ဘယ်လောက်ပဲ အမဟီခိုကင်သပဌီသ သန်မာနေပါစေ ၊ သူမဖဌတ်ကျော်လာရသည့် ကမ္ဘာ၏ ပုံစံမျိုသကို တဖဌည်သဖဌည်သချင်သ သူမလည်သ ကျင့်သာသရသလာသလိမ့်မည် ။ ကခေတ်နဟင့် ကျင့်သာသရသလာသတာနဟင့် တစ်ပဌိုင်နက် သူမက တဖဌည်သဖဌည်သချင်သ သူမ၏ မူလဂုဏ်ပုဒ်နဟင့် မူလအတလေသတို့ကို ဆုံသရဟုံသရလိမ့်မည်။ 


" ပျော်ရလဟင်စရာ ပူသပေါင်သမဟုပါ ။ "


အတော်အတန်ကဌာပဌီသနောက်တလင် ရလမ်သယလမ်ရလေ့က ခေါင်သတစ်ဖန်ပဌန်မော့ကာ စုဝမ် နဟင့် စုရလေ့ကို ပဌုံသပဌလိုက်သည် ။ 


စုရလေ့က အစ မဟ အဆုံသထိ စုဝမ်နောက်တလင် ဘာတစ်ခလန်သမဟ မပဌောဘဲရပ်နေသော်လည်သ ရလဟမ်သယလမ်ချင်သကမူ အတော်ကဌာကတည်သက သူ့ကို ကဌည့်နေမိ၏။ 


စုမိသာသစုက အသလာသနဟစ်ဖက်ဓါသသလာသဖဌင့် ရန်သူမျာသကို မျက်စိတစ်မဟိတ်အတလင်သ သတ်ဖဌတ်ပစ်နိုင်ပဌီသ တစ်စုံတစ်ယောက်ကို သတ်ပစ်လျဟင် ထိုသူ၏ သလေသကို ​သုံသပေ​လောက်အထိ စင်သလာသစေနိုင်သည် ။ 


ထိုမိသာသစုတလင် စုဝမ်၏ စိတ်နေစိတ်ထာသက အသိမ်မလေ့ဆုံသဆိုတာ ရလဟမ်သယလမ်ချင်သသိသည် ။ သို့သော် ရလဟမ်သယလမ်ရလေ့က သူမ၏ အသည်သကိုခလဲလိုက်ခဌင်သကဌောင့် ယခုလို ပဌောင်သလဲသလာသ၏ ။ ထို့နောက် စုရလေ့...


စုရလေ့မဟာ အဓိက သတိထာသစောင့်ကဌည့်သင့်သည့်သူ ဖဌစ်သည် ။ 


ကအချိန်တလင်တော့ သူ့ကို အနာဂတ်၌ အန္တရာယ်ပေသနိုင်ဆုံသသောသူမဟာ စုဝမ် နဟင့် စုရလေ့ဖဌစ်နေလိမ့်မည်ဟု ရလဟမ်သယလမ်ချင်သမတလေသထာသမိပေ


🚩