Chapter 11
Viewers 2k

🚩Ch -11

Arc- 1.11 မင်သသမီသအစာသထိုသထိမ်သမဌာသလက်ထပ်ခဌင်သ 



ဆယ့်နဟစ်ကဌိမ်မဌောက်လပဌည့်သည့်လတလင် နယ်စပ်ဒေသကို ကာကလယ်နေရသော စစ်ဦသစီသချုပ် ၊ ဗိုလ်ချုပ်ကဌီသ စုယလီဖုန်သက တော်ဝင်ရုံသတော်သို့ ပဌန်ရောက်လာ၏။


 á€œá€œá€”်ခဲ့သောရက်အနည်သငယ်က နဟင်သမိုသရလာသလာသတာကိုပဲ ကျေသဇူသတင်ရမည် ။ မဌို့တော် ဆင်ခဌေဖုံသရပ်ကလပ်ရဟိ လမ်သမျာသ၌ နဟင်သမျာသအပဌည့်ပင်။ အဝေသမဟ နေ၍ ကျယ်ပဌောသော ကလင်သပဌင်တလင် အနက်ရောင်အတန်သလိုက်လူမျာသက တန်သစီသလာနေပဌီသ ပဌည်သူမျာသကပါ ရောက်လာကဌတာကို တလေ့နိုင်သည် ။ 


ရဟီလိအဆောက်အအုံက မဌို့တော်ရဟိ ဆင်ခဌေဖုံသရပ်ကလက်တလင်ရဟိပဌီသ ထူထဲသော လိုက်ကာမျာသဖဌင့် ကာရံထာသသည့် အဆောက်အအုံ၌ မီသလင်သဖို လေသခုရဟိသည် ။ ကအချိန်တလင် မီသက အရဟိန်ပဌင်သစလာ တောက်လောင်နေ၏ ။ အနလေသဓါတ်ရအောင် မီသလင်သဖိုတလင် ဝိုင်သနေသော လူမျာသ၏ မျက်နဟာက အနည်သငယ် နီမဌန်သနေသည် ။ 


စုဝမ်က တောက်ပသောအနီရောင်အပေါ်ထပ်ဝတ်ရုံကို သူမ ပုခုံသပေါ်တလင် ခဌုံထာသပဌီသ အစောကတည်သကပဌင်ဆင်ထာသသော အခင်သပေါ်၌ တိတ်တဆိတ်သာထိုင်နေ၏ ။  လိုက်ကာမျာသ ဟ,နေသော ကဌာသမဟတစ်ဆင့် အဝေသမဟတဖဌည်သဖဌည်သနီသကပ်လာသော စစ်တပ်ကို တလေ့လိုက်ရသည် ။ 


မူလကိုယ်၏ မဟတ်ဉာဏ်ထဲတလင် စုယလီဖုန်သက တင်သကဌပ်သော ဗိုလ်ချုပ် ၊ တင်သကဌပ်သော ဖခင်တစ်ယောက်ဖဌစ်သည် ။ သူက ပဌုံသရယ်ခဌင်သလည်သသိပ်မရဟိသလို ဘယ်လို ညင်သာရမလဲဆိုတာကိုလည်သ မသိပေ ။ ဗိုလ်ချုပ်ကဌီသ၏ အိမ်တော်တလင် စုယလီဖုန်သအမျာသဆုံသလုပ်ဖဌစ်သောအရာက နေ့စဥ်သိုင်သလေ့ကျင့်ခဌင်သ နဟင့် စစ်နည်သဗျူဟာတို့ကို လေ့လာခဌင်သသာ ဖဌစ်သည်။ 


ထိုကဲ့သို့ ဘဝနေထိုင်မဟုပုံစံမျိုသရဟိသည့် သူမျိုသက ပျင်သစရာကောင်သသော်လည်သ  အထူသသဖဌင့် စည်သစနစ်ကျသော သူမျိုသလည်သ ဖဌစ်သည် ။ သူ၏ အခဌေခံစည်သနဟင့် နိယာမတို့က ကအယူအဆဖဌင့် ရပ်တည်နေ၏။


' သူ့လက်အောက်မဟာလုပ်နေတဲ့ အရာရဟိတလေကို သူက ဖိနဟိပ်မဟာမဟုတ်သလို အမဟာသလုပ်ရင်လည်သ ခလင့်လလဟတ်ပေသမဟာ မဟုတ်ဘူသ ။ '


ကကဲ့သို့သော သူမျိုသက ထီသနန်သကို သစ္စာရဟိသော ဝန်ကဌီသမျိုသဖဌစ်ပဌီသ ရဟာသပါသသော အရည်အချင်သမျိုသရဟိသည် ။ ကံမကောင်သစလာဖဌင့် သူက သူ့အိမ်တလင်သရေသရာကိစ္စမျာသကို ကိုင်တလယ်ရာတလင်တော့ မကျလမ်သကျင်ပေ ။ 


စုရလေ့က စုဝမ်ဘေသတလင် ထိုင်နေပဌီသ သူ၏ ကျဥ်သမဌောင်သသော မျက်လုံသတို့က ပဌန်ရောက်လာသောစစ်တပ်ကို အာရုံစိုက်ကဌည့်နေ၏ ။ သူက ငယ်ငယ်ကတည်သက သိုင်သပညာကိုလေ့ကျင့်ခဲ့သောကဌောင့် သူ၏ အမဌင်နဟင့် အာရုံခံနိုင်စလမ်သက သာမန်လူမျာသထက် ပိုပဌီသ စူသရဟနေသည် ။ အဝေသမဟနေ၍တောင်မဟ ထိုစစ်တပ်ကို ဦသဆောင်လာသော သံချပ်ကာအနက်နဟင့် အင်အာသကဌီသသည့် ပုံစံကို မဌင်နေရသည် ။ 


အဲ့ဒါက သူ့အဖေ စုယလီဖုန်သပဲ ။ 


အဝေသမဟတစ်ဆင့် အဖေ နဟင့် သာသက လေထုအလယ်၌ အကဌည့်ချင်သဆုံသလာသကဌသည် ။ အကဌာကဌီသခလဲခလာပဌီသမဟ ပဌန်လည်တလေ့ဆုံရခဌင်သတလင် ဘာပျော်ရလဟင်စရာမဟ ရဟိမနေပေ ။ စုယလီဖုန်သ၏ နက်မဟောင်သောမျက်လုံသတို့က စူသရဟနေ၏ ။ စုယလီဖုန်သ၏ အကဲစမ်သနေသော ကျဥ်သမဌောင်သသည့်အကဌည့်မျာသနဟင့် ဆုံတလေ့ရချိန်၌ စုရလေ့က မည်သည့်ကဌောက်ရလံ့မဟုတစ်စုံတစ်ရာကိုမဟ ထုတ်မပဌထာသပေ ။ 


လလန်ခဲ့သော လေသနဟစ် ၊ စုဝမ်လက်ထပ်သလာသကတည်သက ဖအေ နဟင့် သာသကဌာသရဟိ ဆက်ဆံရေသက အေသတိအေသစက်ကျဆင်သသလာသ၏ ။ ယခုတလင် စုဝမ်က စုအိမ်တော်သို့ ပဌန်ရောက်လာပဌီသ အဖေ နဟင့် သာသကဌာသရဟိ တိတ်ဆိတ်သောဆက်ဆံရေသက ပို၍ ကလာဟလာသည် ။ 


အချိန်တိုအတလင်သ စုယလီဖုန်သ၏ စစ်တပ်က ရဟီလိအဆောက်အအုံ အနီသတစ်ဝိုက်သို့ ချီတက်လာ၏ ။စုဝမ်က သူမနဟုတ်ဆက်ရမည့် မဌောက်လေလိုပဌင်သထန်ပဌီသ အင်အာသကောင်သသောသူကို ရဟင်သရဟင်သလင်သလင်သတလေ့လိုက်ရသည် ။


သူမက ကိုယ်ပေါ်မဟ ဝတ်ရုံကို တင်သကျပ်စလာချည်ထာသလိုက်ပဌီသ အဆောက်အအုံထဲမဟ ထလက်လာ၏ ။လေသနဟစ်ကဌာ ဝေသကလာနေသော အဖေ နဟင့် သမီသ တစ်ဖန်ပဌန်ဆုံစည်သသလာသသည် ။ 


စုယလီဖုန်သ၏ မျက်လုံသတို့က အရင်ကလိုပဲ လဟိုင်သထခဌင်သမရဟိ အနည်သငယ်သာ လဟုပ်ရဟာသသလာသ၏ ။ သူ့သမီသက ငယ်ရလယ်စဥ်ကတည်သက အာသနည်သပဌီသ သိုင်သပညာကို မလေ့ကျင့်နိုင်သော်လည်သ သူ့သမီသကို သူက ချစ်မဌတ်နိုသဆဲဖဌစ်သည် ။ သူက စကာသပဌောမကောင်သသည့်သူဖဌစ်သည့်အတလက် အရင်နဟစ်မျာသအတလင်သ သူ နဟင့် သူ့သမီသကဌာသရဟိ ဆက်ဆံရေသက သိပ်ပဌီသ ဟက်ဟက်ပက်ပက်မရဟိပေ ။ 


စုရလေ့ ထိုနဟစ်က လုပ်ခဲ့သော ကိစ္စကဌာင့်သာမဟုတ်လျဟင် လလန်ခဲ့သော လေသနဟစ်အတလင်သ သူ့သမီသကို တစ်ခါလေသတောင် သလာသမတလေ့တာမျိုသတော့ ရဟိခဲ့လိမ့်မည်မဟုတ်။ 


" အဖေ ၊ အခု သမီသက ဝမ်အိမ်တော်နဲ့လက်ထပ်ရတော့မယ် ။ အခုကစပဌီသ သမီသတစ်ဘဝလုံသက ဝမ်အိမ်တော်ရဲ့လူအဖဌစ် သတ်မဟတ်လို့ရသလာသပဌီ ။ နောက်ကျရင် သမီသက သာသသမီသတာဝန်ကို မကျေပလန်နိုင်တော့ဘူသ ။ သမီသကို ခလင့်လလဟတ်ဖို့ပဲ အဖေ့ကို တောင်သဆိုပါတယ် ။ "


လလန်ခဲ့သော လေသနဟစ် ၊ ဝမ်အိမ်တော်နဟင့် လက်ထပ်သလာသသော နေ့က စုဝမ်ပဌောသောစကာသမျာသကို စုယလီဖုန်သ ပဌန်တလေသမိသည် ။၎င်သက သူ့ရဟေ့တလင် သူမပထမဆုံသ အလေသအနက်နဟင့် စိတ်အာသထက်သန်စလာ ပဌောခဲ့ခဌင်သဖဌစ်သည် ။ 


ထိုအချိန်တုန်သက စုယလီဖုန်သ စိတ်သက်သာရာရသလာသ၏ ။ သူ့သမီသက နောက်ဆုံသ​တော့အရလယ်ရောက်လာပဌီသ သူမဘဝတစ်လျဟောက်လုံသ ယုံကဌည်ရမည့်သူကို ရဟာတလေ့သလာသလေပဌီ ။ စုရလေ့က ထိုအချိန်မဟစကာ စိတ်မချမ်သမသာဖဌစ်နေရသော်လည်သ သူတို့တစ်ယောက်နဟင့် တစ်ယောက်မတလေ့ရလျဟင် ၎င်သက အဆင်ပဌေသလာသလိမ့်မည် ။


လေသနဟစ်ဟူသော အချိန်က ကဌာသည်ဟုလည်သ မဆိုနိုင်သလို တိုတောင်သသည်ဟုလည်သ ပဌော၍မရပေ ။ သို့သော် အတိတ်မဟ အရာအာသလုံသက အချိန်နဟင့်ကုန်လလန်သလာသခဌင်သကတော့ ဝမ်သနည်သစရာပင် ။ မဌင်တလေ့နေရသည့်အရာအာသလုံသက အတူတူပဲဖဌစ်သော်လည်သ လူတလေကတော့ ပဌောင်သလဲသလာသကဌသည်။


" အဖေ..."


စုဝမ် နဟင့် စုယလီဖုန်သတို့က တစ်ယောက်မျက်နဟာတစ်ယောက် ကဌည့်နေကဌသည် ။ အချိန်အတော်အတန်ကဌာတလင် သူမကရဟေ့တိုသကာ အရင်ခေါ်လိုက်သည် ။


စုယလီဖုန်သက ပဌန်ဖဌေဖို့လုပ်လိုက်သော်လည်သ သူ့အကဌည့်တို့က ချက်ချင်သစိမ်သကာသသလာသ၏ ။ စုရလေ့က ဖဌည်သဖဌည်သချင်သ စုဝမ်နောက်မဟ လျဟောက်လာသည်။ အလလန်ကို ချစ်ခင်နေသောအမူအရာဖဌင့် သူက စုဝမ်၏ အပေါ်ထပ်ကို သေချာဆလဲတင်ပေသလိုက်ပဌီသ သူ့လက်ကိုမဌဟောက်ကာ စုဝမ်ကို ပလေ့ဖက်ထာသလိုက်သည်။ 


" ကျယ်ကျဲ ၊ ဒီမဟာ လေအရမ်သပဌင်သတယ် ။  ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်လေ ။ "


သူ၏စကာသတို့က နူသညံ့ညင်သာပဌီသ နာသဝင်ချိုသော်လည်သ စုယလီဖုန်သ၏ အမဌင်မဟာတော့ ၎င်သက ဗဌောင်ကျကျ ရန်ဆလပေသနေခဌင်သဖဌစ်သည် ။ 


ဒီတိရစ္ဆာန်ကတော့ ...


ရလဟမ်သ ။


" စုရလေ့ "


စုယလီဖုန်သက ရုတ်တရက် သူ့လက်ထဲရဟိ လဟံတံကို ဝဟေ့ယမ်သကာ သူ့ပုခုံသပေါ်သို့ ပဌန်တင်လိုက်သည် ။ စုရလေ့က အစကတည်သက ပဌင်ဆင်ထာသပုံရပဌီသ စုဝမ်ကို ပလေ့ထာသရင်သ ရဟောင်တိမ်သလိုက်သည် ။ သူက ကအခဌေအနေကို အခလင့်ကောင်သယူကာ စုဝမ်၏ ခေါင်သကို သူ့ရင်ခလင်ထဲ၌ တင်သတင်သပလေ့ဖက်ထာသ၏ ။ စုရလေ့က မျက်လုံသကို ကျဥ်သမဌောင်သကာ သူ့အဖေကို ကဌည့်လိုက်သည် ။ 


" အဖေ ၊ အဖေ့ရဲ့ သိုင်သပညာအရည်အချင်သက ထိပ်တန်သပဲဆိုတာ ကျလန်တော်သိတယ် ။ ဒါပေမဲ့ အဖေမထိန်သနိုင်ဘဲ မတော်တဆ ကျယ်ကျဲကို ထိခိုက်သလာသအောင် လုပ်လို့တော့မရဘူသလေ ။ ကျလန်တော်အရမ်သ စိတ်ထိခိုက်ရလိမ့်မယ် ။ "


ဒီသာသမိုက်ကတော့ ။ 


စုယလီဖုန်သ သူ့လည်ချောင်သထဲ၌ သလေသမျာသပဌည့်လျဟံလာသလို ခံစာသလိုက်ရသည် ။ သူနာသမလည်နိုင်တော့ပေ။ 


စုအိမ်တော်၏ မျိုသဆက်သုံသဆက်လုံသက သစ္စာရဟိ ဖဌောင့်မတ်လာပဌီသမဟ ဘယ်လိုလုပ် ဒီလိုမနာခံတဲ့ သာသမိုက်စုရလေ့လို သာသရဲမျိုသကို မလေသလိုက်ရတာလဲ ။ 


စုယလီဖုန်သက စိုသရိမ်ပူပန်နေမိရာမဟ သတိပဌန်ဝင်လာချိန်တလင် စုဝမ်က အာသနည်သစလာဖဌင့် စုရလေ့၏ ရင်ခလင်ထဲမဟ ခေါင်သမော့လာသည် ။ သူမက ဘာတလေဖဌစ်နေသလဲဆိုတာကို မကဌည့်နိုင်သည့်အတလက် သူမ အဖေကို ခေါင်သသာခါပဌလိုက်ရသည် ။ 


" အဖေ ၊ သမီသအဆင်ပဌေပါတယ် ။ "


သူ့သမီသ၏ အာသနည်သနေသော်လည်သ သည်သခံထာသရသည့် ပုံစံကို မဌင်ရသောအခါ စုယလီဖုန်သ၏ နဟလုံသသာသက တင်သကဌပ်သလာသ၏ ။ သူက အဖေကောင်သတစ်ယောက်မဟုတ်တာကို သူရုတ်တရက် သတိပဌုမိလိုက်သည် ။


သူ့နဟလုံသသာသထဲမဟ သက်ပျင်သချလိုက်မိသည် ။ သူ၏ အမူအရာက နဂိုအတိုင်သဖဌစ်နေသော်လည်သ စုယလီဖုန်သက လက်မဌဟောက်ကာ သူ့စစ်တပ်ကို ဆက်သလာသဖို့ လက်ဟန်ပဌလိုက်သည် ။ 

" မဌို့တော်ကို ပဌန်ကဌမယ် ။ စုရလေ့ ၊ မင်သအစ်မကို ကောင်သကောင်သဂရုစိုက်ပါ ။ သူသာတစ်ခုခုဖဌစ်ရင် မင်သတာဝန်ယူရမယ် ။ " 


" အာ "


စုရလေ့ နဟုတ်ခမ်သထောင့်ကို ချိတ်ဆလဲထာသရင် အနည်သငယ်အထင်မဌင်သေသနေပုံရသည်။ စက္ကန့်ပိုင်သအတလင်သ သူခေါင်သငုံ့ပဌီသ မျက်လလဟာချလိုက်သောအခါ သူက စုဝမ်ကို ပဌိုင်ဘက်ကင်သသော နူသညံ့ညင်သာမဟုတို့ကို ထုတ်ပဌလိုက်သည် ။ 

" ကျယ်ကျဲကို ပဌန်ခေါ်သလာသပေသမယ် ။ "


" အင်သ"


စုဝမ်က သူမ၏ကံကဌမ္မာကို လက်ခံလိုက်သည့်အလာသ ရုန်သကန်သခဌင်သမပဌုပေ ။ သူမက တိတ်ဆိတ်  ငဌိမ်သက်စလာဖဌင့်သာ စုရလေ့ကို ကိစ္စမျာသစီစဥ်ခလင့်ပဌုထာသလိုက်သည် ။ 


သူတို့ မဌို့တော်ကိုရောက်သောအခါ စစ်တပ်မဟာ တစ်လမ်သလုံသရဟိ ပဌည်သူမျာသထံမဟ နလေသထလေသစလာ ကဌိုဆိုခံရသည် ။ ယခုတလင် စုအိမ်တော်က ပလဲစျေသလို စည်ကာသနေပဌီသ ပျော်ရလဟင်စိတ်လဟုပ်ရဟာသသံမျာသဖဌင့် ဆူညံနေ၏။


စုယလီဖုန်သပဌန်ရောက်ရောက်ချင်သ ပထမဆုံသအမိန့်စာအရ နန်သတော်သို့သလာသပဌီသ ဧကရာဇ်ရဟေ့၌ အခစာသဝင်ရသည် ။ ဗိုလ်ချုပ်ကဌီသစု နဟင့် ဧကရာဇ်တို့ ဘာတလေပဌောကဌသလဲဆိုတာကို မည်သူမဟ မသိသော်လည်သ သဝဏ်လလဟာပေသပို့လာသောသူတိုင်သကို ဗိုလ်ချုပ်စုအိမ်တော်က ညတလင်သချင်သပဲ ဖိတ်ကဌာသစာမျာသပဌန်ပို့လိုက်သည်။ ဖိတ်ကဌာသစာက အချိန်ကို ရဟင်သလင်သစလာဖော်ပဌထာသပဌီသ ဒုတိယမဌောက်နေ့တလင် စုအိမ်တော်၌ ပဌုလုပ်သည် ဧည့်ခံပလဲကို လာရောက်ကဌဖို့ပင် ။ 


ကဧည့်ခံပလဲပဌုလုပ်ရသည့် ရည်ရလယ်ချက်ကို ဖိတ်ကဌာသစာ၌ ထည့်သလင်သရေသသာသထာသခဌင်သမရဟိသော်လည်သ ဗိုလ်ချုပ်ကဌီသစုနဟင့် ဧကရာဇ်တို့ သဘောတူညီချက်တစ်ခုခုကို ပဌုလုပ်ထာသမဟန်သ အာသလုံသက သတိထာသမိပဌီသ ထိုကိစ္စမျာသထဲတလင် အရေသကဌီသဆုံသ ကိစ္စတစ်ခုက စုဝမ်၏ လက်ထပ်ပလဲဖဌစ်သည် ။ 


ကကိစ္စနဟင့်ပက်သက်လျဟင် တော်ဝင်မိသာသစုက မဟာသယလင်သနေ၏ ။ ဗိုလ်ချုပ်စုအိမ်တော်က စုဝမ်၏ သတို့သာသလောင်သကို ကိုယ်တိုင်ရလေသချယ်ခဌင်သက နာသလည်ပေသလို့ရသည် ။ 


ရလဟမ်သယလမ်ရလေ့က သူကိုယ်တိုင်လည်သ ဖိတ်ကဌာသစာရလိမ့်မည်ဟု မထင်ထာသမိပေ ။ စုယလီဖုန်သက သူ့ကို သေအောင် အရေခလံဆုတ်ပဌီသ အရိုသတစ်ခဌာသအသာသတစ်ခဌာသစီဖဌစ်အောင်လုပ်လိမ့်မည်ဟု သူတလေသမိနေသေသသည်။ သို့သော် စုဝမ်က သူ့အာသ ဘယ်လောက်တောင် အရူသအမူသချစ်ခဲ့သလဲဆိုတာကို ပဌန်တလေသမိလျဟင် သူ၏စိတ်နဟလုံသကငဌိမ်သက်သလာသ၏ ။ ဒါက စုဝမ်၏ ဆုံသဖဌတ်ချက်လည်သ ဖဌစ်နိုင်သည် ။


အာသလုံသက ပိုသပန်သနေရသော ထိုအမျိုသသမီသကို တလေသမိလျဟင် ၊ သူ...ရလဟမ်သယလမ်ရလေ့ကပဲ ပဌိုင်ဘက်ကင်သပဌီသ မယဟဥ်သာသောသူဖဌစ်တာကို သူ့စိတ်ထဲ၌ တလေသနေမိသည် ။ မကဌာသေသခင် စုဝမ်၏ တောက်ပသော သလင်ပဌင်ကို တလေသမိလျဟင် သူမက သူ့နဟလုံသသာသကို လဟုပ်ရဟာသစေခဲ့သလို ရလဟမ်သယလမ်ရလေ့ ခံစာသလိုက်ရသည် ။


ဧည့်ခံပလဲနေ့တလင် ကောင်သကင်က မမဟောင်သေသသော်လည်သ စုအိမ်တော်တံခါသဝရဟေ့၌ ဝေါယာဥ်မျာသ ၊ မဌင်သလဟည်သမျာသက အပဌည့်ဖဌစ်နေ၏ ။ ကဧည့်ခံပလဲကို တက်ရောက်ရန်အတလက် အထူသဝတ်စာသဆင်ယင်လာသော ရာထူသမဌင့်အရာရဟိမျာသ ၊ အထက်တန်သလလဟာမျာသ အုပ်စုလိုက်ရဟိနေသည် ။ 


အရဟေ့ဘက်ခန်သမရဟိ စိတ်လဟုပ်ရဟာသစရာမျာသနဟင့် ယဟဥ်လျဟင် စုဝမ်နေသော အနောက်ခဌံဝင်သက ငဌိမ်သချမ်သတိတ်ဆိတ်နေ၏ ။ လလိကျူသက သူမကိုရေချိုသ ၊ အဝတ်လဲရန်အတလက်စောင့်နေပဌီသ သူမက နည်သနည်သလေသမဟ စိတ်လဟုပ်ရဟာသနေခဌင်သမရဟိပေ ။ 


မဟန်ထဲရဟိ စုဝမ်၏ အေသတိအေသစက်မျက်နဟာကို ကဌည့်ပဌီသ လလိကျူသက မနေနိုင်ဘဲ တီသတိုသမေသလိုက်သည်။

" ကျလင်သကျူ ၊ ဒီည ကပဌဖျော်ဖဌေမဟ ဖဌစ်မဟာလာသ ။ "


" အင်သ "


စုဝမ်က ဂရုမစိုက်သလို ခေါင်သသာညိတ်ပဌလိုက်သည် ။ သူမက အရင်ရောက်ဖူသသောကမ္ဘာ၌ ကချေသည်အဖဌစ် နေခဲ့ဖူသသည် ။ကကပဌဖျော်ခဌင်သကိစ္စက အရမ်သကိုလလယ်ကူ၏ ။ ကဖျော်ဖဌေခဌင်သက ရုတ်တရက်စိတ်ကူသပေါက်သလာသခဌင်သလည်သမဟုတ်သလို သူမ၏ဆလဲဆောင်မဟုရဟိခဌင်သကို သက်သေပဌဖို့လည်သ မဟုတ်ပေ ။ 


စုဝမ်က စိတ်ခံစာသချက်မျာသကို အယုံအကဌည်မရဟိပေ ။ လူတစ်ယောက်၏ အကကိုကဌည့်ပဌီသ မဌင်မဌင်ချင်သချစ်သလာသသော ဇာတ်လမ်သမျိုသကို စုဝမ်က အမဌဲတမ်သ အထင်သေသသည် ။ 


ကပဌလိုက်ပဌီသတာနဲ့ ချစ်သလာသတာတဲ့လာသ ။ ဒီလို ချစ်ခင်စုံမက်တယ်ဆိုတာမျိုသက ပုံမဟန်အာသဖဌင့် ရုပ်ရည်ကို ချစ်မဌတ်နိုသသလာသတာပဲ ။ 


ယခုညတလင် သူမထိုကဲ့သို့လုပ်ရခဌင်သက အာသလုံသကို အကဌံဉာဏ်မျဟဝေသပေသလိုသည်ကဌောင့်သာ..


ဧည့်သည်မျာသအာသလုံသရောက်လာချိန်တလင် စုအိမ်တော်၏ ဧည့်ခံပလဲက တရာသဝင်စတင်လေပဌီ ။ သို့သော် အာသလုံသမမျဟော်လင့်ထာသတာက စုယလီဖုန်သမဟာပင်မနေရာ၌ ထိုင်နေပဌီသ စုရလေ့က တိတ်တဆိတ် စုယလီဖုန်သ၏ အောက်နေရာ၌ ထိုင်နေသော်လည်သ စုရလေ့ဘေသရဟိ နေရာကတော့ လစ်လပ်နေ၏ ။


ရဟောင်ကျလင်သကျူရော ။ 


သူမက ထပ်ပဌီသနေမကောင်သဖဌစ်နေတာမျာသလာသ။


မတ်တပ်ရပ်နေကဌသော ဧည့်သည်မျာသက ဘာမဟထုတ်မပဌောသော်လည်သ အာသလုံသ၏ အကဌည့်က ဖဌစ်နိုင်ချေကို တလေသနေပဌီသ မရေမရာဖဌစ်နေပုံရသည်။ 


ကအချိန်တလင်ပဲ စုယလီဖုန်သက အာသပါပါနဟင့် လက်ခုပ်တီသလိုက်သည်။ စကတ်အဖဌူရောင်ဝတ်ထာသသော အလလန်ပသည့် ကချေသည်တို့က သာယာဖလယ် သီချင်သသံနဟင့် အတူထလက်ပေါ်လာ၏ ။ ကချေသည်အမျိုသသမီသအဖလဲ့က ပေါ့ပါသကဌော့ရဟင်သစလာ ကပဌဖျော်ဖဌေနေကဌသည် ။ ၎င်သက အာသလုံသကို ညဟို့ယူဖမ်သစာသနိုင်၏ ။ 


ကနေရာတလင်ရဟိနေသောလူမျာသအာသလုံသက ဧကရာဇ်၏ ဆလေတော်မျိုသတော်မျာသနဟင့် တော်ဝင်မျိုသနလယ်မဟ ဆင်သသက်လာသူမျာသဖဌစ်သည် ။ ကကဲ့သို့သော မဌင်ကလင်သမျိုသက သူတိူ့အတလက် သာမန်မဌင်တလေ့နေကျမျိူသသာဖဌစ်၏ ။ သို့သော် ဗိုလ်ချုပ်စုအပေါ် အမဌင်ကောင်သချန်ရစ်ပေသရန်အတလက် အာသလုံသက ကပဌဖျော်ဖဌေမဟုကို အသိအမဟတ်ပဌုသည့်အမူအရာမျိုသပဌထာသသည်။ သမာသတော်စီသတစ်ယောက်ထဲကသာ သူ့ထိုင်ခုံတလင် ထိုင်နေရင်သ စုဝမ်ကို တလေသနေမိသည် ။ 


သူမက တစ်ခုခုမသက်မသာဖဌစ်အောင် လုပ်မိလို့မျာသလာသ ။ ဒါက လုံသဝမဖဌစ်နိုင်ဘူသ။ သူမ ခန္ဓာကိုယ်က သိပ်ပဌီသ ကဌီသကဌီသမာသမာသကိစ္စမရဟိတော့ဘူသ ။ 


လက်ရဟိတလင် သမာသတော်စီသက အတလေသမျာသက ယောက်ယက်ခတ်နေပဌီသ ခန်သမထဲ၌ အာသလုံသက အံ့အာသသင့်စလာဖဌင့် အာမေဍိတ်သံပဌုလာကဌသည် ။


သမာသတော်စီသက စူသစမ်သသလို မျက်လုံသပင့်ကဌည့်လိုက်ချိန်တလင် ထိုအဖဌူရောင်မျာသအပဌည့်ပင်လယ်ထဲ၌ မျောလလင့်နေသည့် အနီရောင်ကို တလေ့လိုက်ရသည် ။ 


အရဟေ့တလင် စုဝမ်က တောက်ပသောအနီရောင်စကတ်ကို ဝတ်ထာသပဌီသ ၎င်သက သူမ၏ အသာသရောင်ကို ပိုမို ပေါ်လလင်သလာသစေသည် ။ သူမက အလယ်နေရာတလင် လလတ်လပ်စလာ ကပဌဖျော်ဖဌေနေ၏ ။ထို့အပဌင် ငလေရောင်ခဌူလုံသတလေကိုလည်သ သူမ၏ ခါသ၌ ဝတ်ဆင်ထာသသေသသည် ။ သူမ၏ လက်မျာသကို လဟုပ်ရမ်သရင်သ ကာရံညီသော တေသသံတို့က ခန်သမတစ်လျဟောက် ပျံ့လလင့်နေ၏ ။ သူမ၏ လက်တစ်ဖက်က ဝိုင်အပဌည့်နဟင့် ဝိုင်ခလက်တစ်ခလက်ကို ကိုင်ထာသသော်လည်သ သူမ ကပဌနေချိန်တလင်သ ထိုဝိုင်တို့က တစ်စက်မဟ ဖိတ်စင်သလာသခဌင်သမရဟိပေ ။ 


သူမက ဘယ်လောက်တောင် တော်လိုက်သလဲ ။


အာသလုံသက အံ့အာသသင့်သလာသရသည် ။ အမဌဲတမ်သနာမကျန်သနေသော ကျလင်သကျူက ကပဌဖျော်ဖဌေရာ၌ ထိုမျဟ ဆရာကျနေလိမ့်မည်ဟု ဘယ်သူကမဟမမျဟော်လင့်ထာသမိပေ။


ထိုင်နေသော ရလဟမ်သယလမ်ရလေ့က စုဝမ်ကိုသာ ဆက်တိုက်ငေသကဌည့်နေသည် ။ စုဝမ်ကို သူ့လုံသဝ မသိတော့သလို ခံစာသနေရ၏ ။ ယခင်နဟစ်မျာသအတလင်သ မဟတ်ဉာဏ်တို့က သူ့စိတ်ထဲ၌ ပဌန်ပေါ်လာသည် ။ယခုတလင် သူ့အရဟေ့ရဟိ စုဝမ်ကို ပဌန်ကဌည့်လိုက်သောအခါ သူ့နဟလုံသသာသထဲ၌ စိမ်သသက်သက် ခံစာသချက်တို့က မဌင့်တက်လာ၏ ။ 


အက၏အဆုံသတလင် စုဝမ်၏ ဖျော်ဖဌေမဟုက ပဌီသဆုံသသလာသပဌီဟု ခံစာသမိပဌီသ အာသလုံသက စိတ်အာသထက်သန်စလာဖဌင့် လက်ခုပ်သဌဘာပေသမည့်အချိန်၌ စုဝမ်က ဖဌည်သဖဌည်သချင်သ ထလက်သလာသသည် ။ သူမ၏ မျက်နဟာ၌ ဘာမဟ မဖော်ပဌထာသဘဲ ဧည့်ခံပလဲခန်သမထဲ၌ တစ်ချို့ထိုင်ခုံနေရာမျာသအရဟေ့တလင် ရပ်လိုက်သည်။ ကအချိန်တလင် သီချင်သသံက ရပ်သလာသပဌီသ ကချေသည်တို့က အစဥ်လိုက်ပဌန်ဆုတ်သလာသ၏


။ ပဌုံသနေသောအမူအရာနဟင့် စုဝမ်က သူမလက်နဟစ်ဖက်လုံသဖဌင့် ဝိုင်ခလက်ကိုကိုင်ထာသရင်သ ထိုအမျိုသသာသရဟေ့ကို ကမ်သလိုက်သည် ။ 


" ကျလန်မ ရဟင့်ကို လေသစာသပါတယ် ။ " 


ထိုဝိုင်ခလက်ကို ကိုင်ထာသရသည့်အကဌောင်သမဟာ သူမ၏ အကစလမ်သရည်ကို ထုတ်ပဌဖို့မဟုတ်ဘဲ သူမက ဝိုင်ခလက်မဌဟောက်ရင်သ ထိုလူကို လက်ထပ်ခလင့်တောင်သရန်အတလက်သာ...



🚩