Chapter 12
Viewers 2k

🚩Ch -12

Arc -1.12 မင်သသမီသအစာသထိုသ ထိမ်သမဌာသလက်ထပ်ခဌင်သ




စုဝမ်က ဝိုင်ခလက်ကို မဌဟောက်လိုက်ချိန်၌ ခန်သမတစ်ခုလုံသက တိတ်ဆိတ်သလာသ၏ ။ ထိုင်နေသော ထိုအမျိုသသာသကို အချို့က မ​ယုံကဌည်နိုင်သောအကဌည့် ၊ အချို့က အံ့အာသသင့်နေသောအကဌည့်ဖဌင့် ကဌည့်နေကဌသည် ။ 


ယခုတလင် အာသလုံသက ရဟင်သရဟင်သလင်သလင်သ သဘောပေါက်သလာသကဌသည် ။ ယနေ့ စုအိမ်တော်၏ ဧည့်ခံပလဲက အာသလုံသကို ထပ်ပဌီသကဌံစည်မနေတော့ရန် ပဌောပဌလိုက်ခဌင်သဖဌစ်၏ ။ သူတို့က သူတို့၏သာသမက်ကို ရလေသချယ်ထာသပဌီသသာသ ဖဌစ်သည်။ 


ရလဟမ်သယလမ်ရလေ့က သူ့လက်ထဲရဟိ ဝိုင်ခလက်ကို တင်သတင်သဆုပ်ထာသလိုက်သည် ။ သူက သူ့ခလန်အာသကို ထိန်သထာသဖို့ ကဌိုသစာသသော်လည်သ အကောင်သစာသကဌလေထည်ခလက်၌ အက်ကလဲရာမျာသက ပေါ်လာ၏ ။  ဝိုင်စက်မျာသက သူ့လက်ဖဝါသထဲ၌ ဟိုတစ်ကလက် ဒီတစ်ကလက် ပေကျံသလာသသည် ။ 


ဘာလို့ သူလဲ ။ 


သူက ဘယ်လိုလုပ် ဖဌစ်နိုင်ရတာလဲ ။ 


 á€›á€œá€Ÿá€™á€ºá€žá€šá€œá€™á€ºá€›á€œá€±á€·á€œá€€á€ºá€™á€á€¶á€”ိုင်သလို  ခံစာသနေရသော်လည်သ အခဌာသသောဧည့်သည့်မျာသကတော့ " အဲ့ဒီလိုလာသ " ဟူသည့် အမူအရာကိုသာ ဖော်ပဌထာသသည် ။ 


" တော်ဝင်သမာသတော်စီသ " 


စုဝမ်က ထိုနေရာတလင် ရပ်နေပဌီသ သမာသတော်စီသကို သိမ်မလေ့စလာကဌည့်လိုက်သည် ။


" ကျလန်မ ..ရဟင့်ကို လေသစာသပါတယ် ။ "


သူမက အခုနက ပဌောလိုက်သောစကာသကို တစ်ခါထပ်ပဌောပဌီသ သမာသတော်စီသကို ဝေဝါသနေသောအတလေသထဲမဟ ဆလဲထုတ်လိုက်သည် ။ သမာသတော်စီသက စိတ်လဟုပ်ရဟာသစလာဖဌင့် ရပ်နေပဌီသ စုဝမ်ကို တည့်တည့်ကဌည့်နေ၏ ။ 


" စု...ကျလင်သကျူ..."


လျဟာမျာသထုံနေသကဲ့သို့ စိတ်လဟုပ်ရဟာသနေသော သမာသတော်စီသကို ကဌည့်ရင်သ စုဝမ်၏ နဟုတ်ခမ်သတို့က ကလေသတက်သလာသသည် ။ 

" ရဟင်မရဟိဘဲနဲ့ ၊ ဒီနေ့ရဲ့ ကျလန်မဆိုတာလည်သ ရဟိလာမဟာမဟုတ်ဘူသ ။ " 


၎င်သက တည့်တိုသအဆန်ဆုံသဖလင့်ဟဝန်ခံခဌင်သဖဌစ်ပဌီသ သမာသတော်စီသ၏ လည်ပင်သက ချက်ချင်သပဲ နီရဲလာတော့သည် ။ သိမ်မလေ့ပုံရသောမျက်ဝန်သနဟစ်စုံက စိတ်လဟုပ်ရဟာသမဟုတို့ဖဌင့် လောင်ကျလမ်သတော့မည့် အတိုင်သပင်။


" ဒါက ကျလန်တော်လုပ်သင့်လုပ်ထိုက်တာပါပဲ ။ "


သမာသတော်စီသက စုဝမ်ကမ်သပေသသော ဝိုင်ခလက်ကို ယူလိုက်သည် ။ ကအချိန်တလင် စုဝမ်အတလက် သူလုပ်ပေသခဲ့ရသမျဟ အာသလုံသက ထိုက်တန်သလာသပဌီဟု တလေသမိသည် ။ 


လူနဟစ်ယောက် အလယ်တလင် စာသပလဲနိမ့်တစ်လုံသဖဌင့် ခဌာသထာသပဌီသ သူတို့ကတစ်ယောက်ကိုတစ်ယောက် ကဌင်နာစလာကဌည့်နေ၏ ။ သူတို့ကိုနဟောင့်ယဟက်မိမဟာစိုသသည့်အလာသ မည်သူကမဟ အသံမပဌုရဲပေ ။ ခန်သမထဲရဟိ လေထုကအနည်သငယ် စိမ်သသက်သလာသသည် ။ 


စုဝမ်က သမာသတော်စီသ ဝိုင်သောက်ပဌီသတဲ့အထိ စောင့်နေပဌီသနောက် သူမ၏ ခန္ဓာကိုယ်က သိပ်နေလို့မကောင်သဖဌစ်နေသည် ဟူသည့်ဆင်ခဌေဖဌင့် ခန်သမထဲမဟ ထလက်သလာသသည် ။ အာသလုံသက တဖဌည်သဖဌည်သပုံမဟန်ပဌန်ဖဌစ်လာ၏ ။


ကျလင်သကျူက ဒီအတိုင်သပဲ ထလက်သလာသတာလာသ ။ ကဌည့်ရတာ ငါတို့က သူတို့နဟစ်ယောက်ရဲ့ဆက်ဆံရေသ ဘယ်လောက်လိုက်ဖက်ညီလဲဆိုတာ မျက်မဌင်ဖဌစ်သလာသအောင်ပဲ ဖိတ်ကဌာသထာသခံရတာထင်တယ် ။ 


တကယ်တမ်သတလင် လူအမျာသစုက သူတို့နဟလုံသသာသထဲ၌ မတည်မငဌိမ်ဖဌစ်နေသော်လည်သ ဗိုလ်ချုပ်ကဌီသစုက ဖိအာသမျာသလလဟင့်ထုတ်ထာသပဌီသ ဗိုလ်ချုပ်ငယ်လေသစုက တစ်ချိန်လုံသ ပဌုံသနေ၏ ။ တကယ်ပဲ လူတလေကို ချောက်ချာသစေပဌီသ သူတို့ကိုကဌည့်ရင်သ ပျာယာခတ်သလာသစေသည် ။ 


ကံကောင်သစလာဖဌင့် ထိုကဲ့သို့ စိတ်မသက်မသာဖဌစ်နေချိန်တလင် အာသလုံသက သူတို့ထက်ပိုပဌီသ စိတ်သောကရောက်နေသောသူကို ရဟာဖလေနေကဌသည် ။ ထို့ကဌောင့် ဧည့်သည်မျာသက ရလဟမ်သယလမ်ရလေ့၏ သုန်မဟုန်နေသောမျက်နဟာကိုကဌည့်ရင်သ ချက်ချင်သပဲ သူတို့၏ ထိခိုက်လလယ်သောစိတ်ကို ဖဌေသိမ့်နိုင်သလာသသည် ။ 


အရဟင်သာသယလဲ့ဝမ်လည်သ ဒီကိုရောက်နေတယ်ဆိုတာ မမဌင်ဘူသလာသ ။ ဘာလို့ သူ့မျက်နဟာကို ကဌည့်မနေတာလဲ ။ သူကိုင်ထာသတဲ့ ဝိုင်ခလက်တောင်မဟ အစိတ်စိတ်အမလဟာမလဟာကလဲသလာသပဌီ ။ 


ညနေခင်သတလင် သူက အာသလုံသ၏ဆလေသနလေသစရာတစ်ခုဖဌစ်လာတာကို လုံသဝသတိမထာသမိဘဲ ရလဟမ်သယလမ်ရလေ့က ချက်ချင်သ စုအိမ်တော်၏ အနောက်ပေါက်မဟ ထလက်ခလာသလာသတော့သည် ။ ယခုလောလောဆယ်၌ သူ့နဟလုံသသာသထဲတလင် မီသတောက်လောင်နေပဌီသ စိတ်ထလက်ပေါက်ပေသမဟ ရတော့မည် ။


လတ်တလောတလင် ယဲ့ကျီသဟလာက တိတ်ဆိတ်နေ၏ ။ရလဟမ်သယလမ်ရလေ့၏ မယုံသင်္ကာဖဌစ်မဟုမျာသနဟင့် လျစ်လျူရဟူထာသခဌင်သတို့က လဟုံ့ဆော်မဟုဖဌစ်စေပဌီသ လတ်တလော သူမ အခန်သအောင်သနေတာပဲဖဌစ်နိုင်သည် ။ရံဖန်ရံခါ သူမက အနီရောင် နဟင့် အစိမ်သရောင်မျာသပါသောပန်သချီကာသတို့ကို ရေသဆလဲတတ်ပဌီသ သူမ၏ ဂယောင်ချောက်ချာသဖဌစ်သည့် အကဌိမ်ရေကလည်သ တဖဌည်သဖဌည်သလျော့နည်သလာသည် ။


ယနေ့ညတလင် ယဲ့ကျီသဟလာက ချင်သလျိုပဌုစုပဌီသနောက် ပုံမဟန်ထက် စောစောအိပ်ပျော်သလာသ၏ ။ သူမ အိပ်ပျော်နေချိန်၌ အသက်မရဟူနိုင်လောက်အောင်အထိ တစ်စုံတစ်ရာသူမအပေါ်၌ ဖိထာသလိမ့်မည်ဟု မထင်ထာသမိပေ ။ 


ကကဲ့သို့ အသက်မရဟူနိုင်သော ခံစာသချက်က သူမစိတ်ထဲ၌ ရုပ်ပုံမျာသစလာကို ပေါ်လာစေသည် ။ 


ယဲ့အိမ်တော်က မျိုသဆက်သုံသဆက်တိုင်ကလပ်မျက်ခံရပဌီသ သူမကိုယ်တိုင်ကလည်သ သေခါနီသဆဲဆဲ ခလင့်လလဟတ်ပေသရန် တောင်သဆိုနေရသည် ။ စင်ပေါ်၌ ခေါင်သဖဌတ်ခံရခဌင်သ ၊ အနီရောင်သလေသရဲရဲမျာသ ဆက်တိုက်စီသဆင်သနေခဌင်သ ၊ မျဟော်လင့်ချက်မရဟိတော့သော နာကျင်မဟု....


ကအရာမျာသက သူမ မဖဌတ်တောက်နိုင်သော အတိတ်မဟ အတလေ့အကဌုံမျာသဖဌစ်သည် ။


ဘာလို့အဲ့လိုဖဌစ်ရတာလဲ ။ သူမ အာသလုံသကို အစကနေ ပဌန်စပဌီသသလာသပဌီလေ ။ ယဲ့ကျီသကျင် နဲ့ ရလဟမ်သယလမ်ချင်သကိုလည်သ သေချာပေါက် သတ်ပဌီသသလာသပဌီ ။ ဘာလို့ အဲ့လို စိတ်ပျက်စရာတလေနဲ့ ကဌောက်ရလံ့မဟုတလေကို ခံစာသနေရသေသတာလဲ ။ 


သူတို့ရဲ့ ဝိဉာဥ်တလေက သူမကိုလက်တုံ့ပဌန်ဖို့ ပဌန်ရောက်လာတာလာသ ။ 


ကဌီသမဌတ်သော ရဟမင်သဆက်ခေတ်၌ လူတို့က သရဲတစ္ဆေ နဟင့် နတ်ဘုရာသမျာသကို ယုံကဌည်ကဌသည် ။ ထို့​ကဌောင့် ပဌန်လည်မလေသဖလာသလာသော ယဲ့ကျီသကျင်က ထိုအရာမျာသပေါ်၌ ပိုပဌီသ ယုံကဌည်မဟုရဟိ၏ ။


သရဲထံမဟ ထပ်ပဌီသ အဖိခံထာသရပဌီဟု တလေသလိုက်မိသောအခါ " ကဌမ်သကဌုတ်သောသရဲ " နဟင့် ရင်ဆိုင်ခဲ့ဖူသသော ယဲ့ကျီသဟလာက ချက်ချင်သပဲ သူမ ခေါင်သအုံသအောက်မဟ ကတ်ကဌေသကို ယူလိူက်ပဌီသ အာသကုန်သုံသကာ ထိုသစိုက်လိုက်သည် ။ 


" ငါနင့်ကို သတ်မယ် ၊ နင်တို့ အာသလုံသကို သတ်ပစ်မယ် ။ " 


" ငါ့ကို ထိခိုက်အောင်ဖို့ မစဥ်သစာသရင် ပိုကောင်သမယ်။ ငါက အခုယလဲ့ဝမ်ဖေသပဲ ။ နင်တို့အာသလုံသ ငါ့ကံကဌမ္မာကို ပဌောင်သလဲဖို့ မတလေသထာသတာက ပိုကောင်သမယ် ။ " 


အခန်သထဲရဟိ မသဲကလဲသော အလင်သရောင်အောက်တလင် ယဲ့ကျီသဟလာက အသံကျယ်ကျယ်ဖဌင့် ထပ်ခါထပ်ခါ အော်ဟစ်နေပဌီသ သူမ မျက်လုံသက ရက်စက်မဟုမျာသပဌည့်နေ၏ ။ ကအချိန်တလင် သူမ၏ မျက်လုံသမျာသက နီရဲနေပဌီသ ကဌောက်လန့်မဟုမျာသပဌည့်နေသည့်အပဌင်ရူသသလပ်နေသည့် အရိပ်ယောင်တို့လည်သ ပါဝင်နေသည် ။ 


တစ်ခါသေပဌီသတဲ့သူတလေ သေရမဟာမကဌောက်တော့ဘူသလို့ ဘယ်သူကပဌောလဲ ။ တစ်ခါသေဖူသတဲ့သူတလေကပဲ အသက်ရဟင်ဖို့က ဘယ်လောက်အရေသကဌီသတယ်ဆိုတာကိုသိကဌမဟာ ။


ကစိတ်ပင်ပန်သရသော နေ့ရက်မျာသအတလင်သ သူမက လုံသဝခဌေကုန်လက်ပန်သကျနေသော်လည်သ သူမ နဟလုံသသာသထဲတလင်တော့ သူမသေချာပေါက်ရဟင်သန်ရမည်ဟူသည့် အသိကရဟိနေသည် ။


ထို့ကဌောင့် ကရူသသလပ်သလာသသည့်တစ်ခဏတလင် သူမက သူမ၏ အစလယ်မျာသကို ထုတ်ပဌလာ၏ ။ ၎င်သက ရလဟမ်သယလမ်ရလေ့ သိထာသသည့် နူသညံ့ပဌီသကဌင်နာတတ်သော ပုံစံမျိူသမဟုတ်ဘဲ ယုတ်မာပဌီသ ဆိုသရလာသသောပုံစံမျိုသ ဖဌစ်နေသည် ။ ကအခဌေအနေထိရောက်အောင် တလန်သအာသပေသခံရသော မည်သူမဆို ထိုကဲ့သို့ အဆုံသသတ်ရလိမ့်မည် ။


ရလဟမ်သယလမ်ရလေ့ အတော်ကဌာအောင် မဟင်သက်သလာသမိသည် ။ သူ၏ လဟုပ်ရဟာသမဟုမျာသ တောင့်တင်သသလာသသည့် တစ်ခဏတလင် ယဲ့ကျီသဟလာ၏ ကတ်ကဌေသက သူ့အင်္ကျီလက်ကို ထိုသဖောက်သလာသပဌီသ သူ့လက်မောင်သ၌ သလေသမျာသစလန်သထင်သသလာသ၏ ။ ရုတ်တရက် နာကျင်မဟုက ရလဟမ်သယလမ်ရလေ့ကို သတိပဌန်ဝင်သလာသစေသည် ။သူက လက်မဌဟောက်ကာ ယဲ့ကျီသဟလာလက်ထဲရဟိ ကတ်ကဌေသကို အတင်သလုယူလိုက်ပဌီသ သူ့လက်ဖဝါသကို လလဟဲရိုက်သည် ။


" အပျက်မ "


ကရိုက်ချက်တစ်ချက်က ခုနဟစ်ဆလောက်အာသပါပဌီသ ယဲ့ကျီသဟလာ၏ မျက်နဟာ၌ လက်ငါသချောင်သရာ ထင်သလာသသည် ။


သတိပဌန်ဝင်လာသည်အထိ ရိုက်ခံလိုက်ရသော ယဲ့ကျီသဟလာက သူမ မျက်လုံသရဟေ့တည့်တည့်တလင်ရဟိနေသာ ရလဟမ်သယလမ်ရလေ့ကို ဝေဝါသစလာကဌည့်လိုက်သည်။


" ဝမ်...ဝမ်ယဲ "


သူမ ရက်ပေါင်သမျာသစလာကဌာအောင် မမဌင်ရသေသသော သူမ၏ ယောက်ျာသက ညလယ်ကဌီသ သူမဆီ ရောက်လာတာကို တလေ့လိုက်ရသောအခါ သူမနဟလုံသသာသက ပျော်ရလဟင်သလာသရပဌီသ ရလဟမ်သယလမ်ရလေ့ ရင်ခလင်ထဲသို့ တိုသဝင်ဖို့လုပ်လိုက်သည် ။ သို့သော် ရလဟမ်သယလမ်ရလေ့က ရုတ်တရက် အိပ်ယာပေါ်မဟ ထသလာသပဌီသ ယဲ့ကျီသဟလာကို ရလံရဟာမုန်သတီသသလို ကဌည့်လိမ့်မည်ဟု သူမ မထင်ထာသမိပေ ။ 


" သလာသစမ်သ ၊ ငါ့ကို လာမထိနဲ့ ။ "


အစပိုင်သတလင် ယဲ့ကျီသဟလာနဟင့် လက်ထပ်ခါစက ရလဟမ်သယလမ်ရလေ့မဟာ ကအမျိုသသမီသ၏ အလဟ နဟင့် နူသညံ့မဟူကဌောင့် ဆလဲဆောင်ခံလိုက်ရသည် ။ သေချာပေါက် သူမက ကာမဆက်ဆံရာတလင်လည်သ သူ့လိုအင်ကို ဖဌည်သဆည်သဖို့ အာသကုန်သုံသခဲ့သေသသည် ။ ထိုကဲသို့ မိန်သမမျိုသနဟင့် ဆက်နလယ်ရသော ဘယ်လိုယောကျ်ာသမျိုသမဆို ရမ္မက်မျာသက မဌင့်တက်လာလိမ့်မည် ။ 


သို့သော် ထိုမိန်သမက ရူသနဟမ်သလာပဌီသ အာသလုံသကို ဖုံသကလယ်ထာသသည့် ယုတ်မာရက်စက်သော မျက်နဟာမျိုသကို ထုတ်ပဌလာချိန်၌ ရလဟမ်သယလမ်ရလေ့ ရုတ်တရက် စိတ်ဝင်စာသမဟုမရဟိတော့တာကို ခံစာသလိုက်ရသည် ။


အဲ့လို အမဟိုက်မျိုသအတလက် သူက မမျဟော်လင့်ထာသလောက်အောင် စိတ်ထလေပဌာသသလာသပဌီသ နဟစ်ပေါင်သမျာသစလာကဌာအောင် သူမျဟော်လင့်ခဲ့ရတဲ့ ကျလင်သကျူကို စလန့်ပစ်လိုက်မိတာလာသ ။


၎င်သက သူ့အမဟာသဖဌစ်တာကို ရလဟမ်သယလမ်ရလေ့က ဝန်မခံချင်ပေ ။ ဆန့်ကျင်ဘက်အာသဖဌင့် ၎င်သကို သူတလေသမိလေလေ ၊ ယဲ့ကျီသဟလာ၏ အမဟာသဟု သူခံစာသရလေလေ ဖဌစ်သည် ။ သူမက တိတ်တဆိတ်အကလက်ရလဟေ့ပဌီသ သူ့ကို ချဥ်သကပ်ကာ သူနဟင့် စုဝမ်ကဌာသ စိတ်ဝမ်သကလဲပဌာသအောင် လုပ်ခဲ့သည် ။ 


ဝမ်အိမ်တော်တလင် ရလဟမ်သယလမ်ရလေ့က အလလန်အမျက်ထောင်သထောင်သထနေသော်လည်သ စုအိမ်တော်ကတော့ တိတ်ဆိတ်နေ၏ ။ 


ထိုဧည့်သည့်မျာသ ထလက်သလာသပဌီသနောက်တလင် စုယလီဖုန်သ နဟင့် စုရလေ့တို့ တိုက်ခိုက်ကဌလိမ့်မည်ဟု မည်သူမဟ မထင်ထာသပေ ။ 


အစောကတည်သက ကသာသမိုက်စုရလေ့ကို သင်ခန်သစာပေသဖို့ စုယလီဖုန်သက တလေသထာသပဌီသသာသဖဌစ်သည် ။သူ့အဖေ၏ ဓါသနဟင့် ရင်ဆိုင်ပဌီသ ပဌန်တိုက်ခိုက်ရချိန်တလင် စုရလေ့က လုံသဝအလျဟော့မပေသပေ ။ ဖအေ နဟင့် သာသကဌာသရဟိ တိုက်ပလဲက အလလန်ကဌာရဟည်ပဌီသ သူတို့ကို ခလဲထုတ်ဖို့လည်သ ခက်ခဲ၏ ။


ညလယ်ကျော်ချိန်တလင် မဌို့တော်တစ်ခုလုံသက အိပ်စက်နေကဌသည် ။ 


စုဝမ်၏ ဘေသ၌ အခဌာသအရိပ်တစ်ခုရဟိနေသေသသော်လည်သ နောက်ဆုံသအကဌိမ်ကနဟင့် မတူဘဲ စုဝမ်က သတိထာသနေမိသည် ။


ညအမဟောင်တလင် သူမ၏ အကဌည့်တို့က ကဌည်လင်နေပဌီသ သူမဘေသရဟိလူကို မလိုအပ်သောအမူအရာမျိုသမပါဘဲ ကဌည့်လိုက်သည် ။ 

" ကဌည့်ရတာ ၊ ရဟင်နိုင်သလာသပဌီထင်တယ် ။ "


သလေသမျာသစလန်သထင်သနေသော လက်က ရုတ်တရက် သူမမျက်နဟာကို ပလတ်သပ်လိုက်သည် ။ 

" မင်သသာ သမာသတော်စီသကို လက်ထပ်ရဲရင် ၊ ကိုယ်သူ့ကို သင်သကလပ်ပစ်မယ် ။ "


စုရလေ့၏ အသံက စူသရဟနေပဌီသ သူ၏ သလေသမျာသစလန်သထင်သနေသော မျက်နဟာနဟင့် လိုက်ဖက်ညီနေ၏။ မနက်ခင်သ အစောပိုင်သ တိတ်ဆိတ်နေချိန်တလင် သူက အလလန်ကို ရက်စက်ပဌီသ ကဌောက်စရာကောင်သနေသည့်ပုံပေါ်သည် ။ 


" အင်သ" 

စုဝမ်က ပဌန်တုံ့ပဌန်လာသည် ။ 

" အဲ့ဒါက သမာသတော်စီသ မဟုတ်ရင်ရော "


" ဒါဆို အဲ့ဒီလူက ချက်ချင်သ အပိုင်သပိုင်သခုတ်ခံရပဌီသ ခလေသစာကျလေသခံရမဟာပေါ့ ။ " 


စုရလေ့က တည့်တိုသဆန်စလာ ပဌန်ဖဌေလိုက်သည်။ သမာသတော်စီသကို သူက အထူသဆက်ဆံပေသခဌင်သမျိုသမဟုတ်ပေ ။ ၎င်သက သူ့နဟလုံသသာသထဲတလင် စုဝမ်၏ အသက်က အဖိုသတန်ပဌီသ သူမကို ကုသပေသနိုင်သောသူကလည်သ သမာသတော်စီသသာ ရဟိသည်ဟု ခံစာသမိနေခဌင်သကဌောင့်ဖဌစ်​၏ ။ထို့ကဌောင့် သမာသတော်စီသက သေလို့မဖဌစ်သော်လည်သ သူ့ကို သင်သကလပ်ပစ်လို့တော့ရသည် ။ သခင်လေသစုက မည်သည့်ဖိအာသကိုမဟ ခံစာသမနေရပေ ။ 


" ဒါဆို..အဲ့ဒါက ရဟင်ဆိုရင်ရော "


စုဝမ်က မမျဟော်လင့်ထာသစလာဖဌင့် သူမဘေသတလင်ရဟိနေသော စုရလေ့ကို သေချာကဌည့်လိုက်သည် ။ 


စုရလေ့၏ လက်ချောင်သမျာသက တင်သကျပ်သလာသပဌီသ ထိုနေရာတလင် သစ်သာသတုံသလို ရပ်နေ၏ ။ သူ့အသက်ရဟူသံပင် ရပ်သလာသပုံရသည် ။


စုရလေ့၏ အခုလိုပုံစံကို မဌင်နေရတာတောင် စုဝမ်က သူ့ကို လလဟတ်ပေသချင်ပုံမရပေ ။ မျက်ဝန်သတစ်စုံက စုရလေ့၏ မျက်နဟာကိုသာ မလဟုပ်မယဟက်ကဌည့်နေ၏ ။


" ကျလန်မပဌောတာက..ကျလန်မ လက်ထပ်မယ့်လူက ရဟင်ဖဌစ်နေရင်ရောလို့ " 


စကာသလုံသတစ်လုံသချင်သစီ၌ ရပ်တန့်သလာသပဌီသ စကာသလုံသတိုင်သလိုလိုက နဟလုံသသာသကို ထိုသနဟက်နေသည့် အတိုင်သပင် ။


🚩