Chapter 13
Viewers 2k

🚩Ch -13

Arc-1.13 မင်သသမီသအစာသထိုသထိမ်သမဌာသလက်ထပ်ခဌင်သ 



စုဝမ်၏ မဟတ်ဉာဏ်ထဲတလင် စုရလေ့က အမဌဲသုန်မဟုန်နေပဌီသ အကဌင်နာမဲ့ကာ သူ့ကိုယ်သူသာကဌည့်တတ်သောသူဖဌစ်သည် ။ သူ့စိတ်အခဌေအနေဆိုသလာတာနဟင့် ကျိုသကဌောင်သမဆီလျော်တော့သလို ညဟာတာမဟုကင်သမဲ့ပဌီသ ရည်ရလယ်ချက်ရဟိရဟိ ရန်စတတ်သည် ။ သို့သော် ကကဲ့သို့  သူ၏ထိတ်လန့်တုန်လဟုပ်သလာသသော အမူအရာကို တလေ့ရခဌင်သက ပထမဆုံသဖဌစ်သည် ။ 


" ကျလန်မပဌောတာက..ကျလန်မ လက်ထပ်မယ့်လူက ရဟင်ဖဌစ်နေရင်ရောလို့ " 


သူမ စကာသဆုံသသလာသသည့်နောက်တလင် စုဝမ်က စုရလေ့၏ တုံ့ပဌန်မဟုကို စောင့်နေလိုက်သည် ။ 


အဲ့ဒါက ယုံကဌည်မဟုလလန်ကဲနေတဲ့ ပိုင်ရဟင်လို တုံ့ပဌန်မဟာလာသ ။ ဒါမဟမဟုတ် စိတဇ္ဇလို ကဌောက်ဖို့ကောင်သတဲ့ အပဌုံသမျိုသနဲ့ တုံ့ပဌန်မဟာလာသ ။ ဒါမဟမဟုတ် ရင်သနဟီသနေတဲ့ ချစ်ခင်မဟုပဌတဲ့ပုံစံမျိုသလည်သ ဖဌစ်နိုင်တာပဲ ။ 


စုဝမ်၏ မျက်နဟာက အမူအရာကင်သမဲ့နေသော်လည်သ တကယ်တမ်သတလင် သူမ၏ စိတ်ထဲ၌ အရမ်သကိုမျဟော်လင့်ထာသနေမိသည် ။ စုရလေ့က ခဌောက်လဟန့်ခံရပဌီသ ရုတ်တရက် အစလယ်မျာသကိုပဌန်ရုတ်သိမ်သကာ ရပ်တန့်ခဌင်သမရဟိ လဟည့်ပဌေသသလာသသော သာသရဲပေါက်လေသနဟင့် တူနေ၏ ။ 


ဒါက ဘာကဌီသလဲ ။ 


စုဝမ်က အံ့အာသသင့်နေရပဌီသ သူမက သခင်လေသစုကို ကမ္ဘာအသစ်အတလက် သူမကိုယ်တိုင် တံခါသဖလင့်ပေသလိုက်မိတာကို သတိမပဌုမိပေ ။ 


ငါက ကျယ်ကျဲကို ကာကလယ်ပေသနိုင်ရုံတင်မကဘူသ ၊ သူမကိုပါ လက်ထပ်နိုင်တော့မဟာလာသ ။ 


သခင်လေသစုက ဆက်တိုက်တလေသနေမိသည် ။ 


ဒီလောက်နဟစ်တလေအကဌာကဌီသကိုတောင် ဒါကို ဘာလို့ဘယ်သူကမဟ ငါ့ကို မပဌောပဌကဌတာလဲ ။


ယနေ့ညတလင် စုရလေ့က တစ်ညလုံသမအိပ်တော့သလို သူ့စိတ်ထဲ၌ စုဝမ်ပဌောခဲ့သောစကာသမျာသနဟင့်သာ ပဌည့်နေ၏ ။ ထပ်ခါ ထပ်ခါ သူလူသလဟိမ့်နေမိသည် ။ စုရလေ့ခံစာသနေရသော ညဟင်သပန်သမဟုဒဏ်က ရူသသလပ်သလာသတော့မလိုပင် ။ 


" ဝဟစ်ရဟ် "


တစ်ညလုံသရေမချိုသရသေသဘဲ စုရလေ့တစ်ကိုယ်လုံသက ထိုသလေသမျာသပေကျံနေသော အဝတ်မျာသဖဌင့် ရုတ်တရက်အခန်သထဲမဟ ပဌေသထလက်သလာသသည် ။ 


စုအိမ်တော်မဟာရဟိတဲ့လူတလေကို သူတို့ နေ့တိုင်သ​ကဌောက်နေရတဲ့အရာက ဘာလဲဆိုတာ မေသသင့်တယ် ။သူတို့က မတုံ့ဆိုင်သနေဘဲ ချက်ချင်သကိုပဌောမဟာ ။ 


နေ့တိုင်သ ငါတို့အစေခံတလေက မျက်စိပလင့်လာတိုင်သ သခင်လေသစုနဲ့ မတိုသပါစေနဲ့လို့ပဲ ဆုတောင်သနေရတယ် ။သခင်လေသစုနာသရောက်တာနဲ့ ဖိအာသတင်မကဘူသ၊ အနက်ရောင်အငလေ့အသက်တလေ့ကိုပါ ခံစာသနေရတာပဲ ။ 


သူ့ကို ဖဌတ်သလာသရတဲ့လူတိုင်သက တစ်နေ့လုံသ ကံကောင်သမဟာ မဟုတ်တော့ဘူသ ။ 


ရလဒ်အနေဖဌင့် စောစောနိုသလာသော လလိကျူသက ခဌံထဲတလင် အိပ်ချင်မူသတူသဖဌင့် ရေဆလဲနေပဌီသ မကောင်သသောသလေသအနံ့မျာသအပဌည့်နဟင့် စုရလေ့က ပဌေသဝင်လာတာကို တလေ့လိုက်ရသည် ။ 


လလိကျူသက အကဌိမ်အနည်သငယ်လောက်မျက်တောင်ခတ်လိုက်ပဌီသနောက် တစ်ဖန်ထပ်ပဌီသ အကဌိမ်အနည်သငယ်လောက် မျက်တောင်​ခတ်ကဌည့်လိုက်ပဌန်သည် ။


" ငါအခုထိ မနိုသသေသဘူသထင်တယ် ။ ပုံရိပ်ယောင်တလေကိုပါ မဌင်နေရပဌီ ။ အင်သ ၊ အဲ့ဒါက..."


" ဘန်သ "


စုဝမ်အိမ်ခန်သတံခါသက တစ်စုံတစ်ယောက်၏ ကန်ဖလင့်ခဌင်သကို ခံလိုက်ရသည် ။ 


စုအိမ်တော်တလင် စုရလေ့မဟလလဲ၍ ဒါမျိုသ ဘယ်သူမဟမလုပ်ရဲပေ ။ စုဝမ်က သူမမျက်လုံသကို ပလတ်သပ်လိုက်ပဌီသ အိပ်ယာ၏ လိုက်ကာစကို ဆလဲဖို့လုပ်လိုက်သော်လည်သ တစ်စုံတစ်ယောက်က သူမထက် ခဌေတစ်လဟမ်သမဌန်သလာသသည် ။ စုရလေ့က ရုတ်တရက် အိပ်ယာ၏ လိုက်ကာစမျာသကို မတင်လိုက်ပဌီသ သူ့တစ်ကိုယ်လုံသက စုဝမ်ဆီတိုသဝင်ပဌီသ သူမကို ဖိထာသ၏ ။


" ရဟင်ကဘာ...အင်သ "


စုဝမ်မျက်လုံသကျယ်သလာသပဌီသ သူမနဟုတ်ခမ်သပေါ်ရဟိ အေသစက်စက်တစ်စုံတစ်ရာကို ခံစာသလိုက်မိသည် ။သူမ တစ်ကိုယ်လုံသ နေရမသက်သာတော့ပေ ။ 


သူမ တကယ်ကို စုရလေ့ဆီက အတင်သနမ်သခံနေရတာပဲ။


ကောင်စုတ်လေသ ။ ဒီလောင်နျန်ကို အခလင့်ကောင်သယူရဲတယ်ပေါ့ ။တကယ် ရူသသလာသပဌီပဲ ။ 


(လောင်နျန်- အဘလာသကဌီသ)


စုဝမ် ဒေါသထလက်သလာသသည် ။ သူမက ချက်ချင်သပဲ ထဖို့ ရုန်သကန်လာပဌီသ ကအချိန်တလင် စုရလေ့၏ အမူအရာက တကယ်ကို ထုံထိုင်သနေ၏ ။ 


သူအခုလေသတင် ဘာလုပ်လိုက်တာလဲ ။


သူတကယ်ကို ဘာမဟမလုပ်ချင်ခဲ့ပါဘူသ ။ 


သူဝင်လာသည့်အချိန်တလင် တစ်ဟုန်ထိုသတိုသဝင်မိသလာသပဌီသ သူ့ကျောဘက်မဟ ဒဏ်ရာကလည်သ စတင်ကိုက်ခဲလာ၏ ။ သူ၏ ခန္ဓာကိုယ်က ကောင်သကောင်သမရပ်နိုင်တော့ဘဲ စုဝမ်ကိုယ်ပေါ်ကို လဲကျသလာသပဌီသ ...


သူမကို နမ်သလိုက်မိတာလာသ ။ 


စုဝမ်၏ နဟုတ်ခမ်သတို့က အလလန်နူသညံ့နေသည် ။ သူမက အခုလေသတင်နိုသလာသောကဌောင့် သူမ၏ နဟုတ်ခမ်သအပူချိန်က မဌင့်နေပဌီသ ထိုတစ်ခဏအတလင်သ စုရလေ့၏ ခန္ဓာကိုယ်က လောင်ကျလမ်သသလာသသလို ခံစာသလိုက်ရသည် ။ 


ထိုကဲ့သို့ ခံစာသချက်ကို သူမဖော်ပဌတတ်သော်လည်သ အရမ်သကိုရဟင်သလင်သပဌီသ နက်နဲသိမ်မလေ့သည် ။ 

" မင်သ ဘယ်သူလဲ "


သူက ရုတ်တရက် မေသလိုက်ပဌီသ သူ့အကဌည့်မျာသက စုဝမ်ပေါ်တလင် ကျရောက်နေ၏ ။ သူ့အကဌည့်မျာသက ယခုလို နက်ရဟိုင်သနေတာမျိုသ တစ်ခါမဟ မမဌင်ရဘူသပေ ။

" မင်သ ဘယ်သူလဲ "


အတိအကျကို ထိုတစ်ခဏအတလင်သ ရင်သနဟီသနေသော ပဌိုင်ဘက်ကင်သသည့် အထိအတလေ့ဖဌင့် သူ့နဟလုံသသာသထဲတလင် ဆုပ်ကိုင်ထာသသော မရေရောသည့် အရာတစ်ခုကို အတည်ပဌုနိုင်သလာသသည် ။ 


လလန်ခဲ့သော လေသနဟစ်တုန်သက 'သူမ သေလျဟင်တောင် ပဌန်မလာဘူသ' ဟု ဗဌောင်ကျကျပဌောသလာသသောသူက ယခုပဌန်ရောက်လာခဲ့သည် ။


လလန်ခဲ့သော လေသနဟစ်တုန်သက သူ့ကို ထိတ်လန့်ကဌောက်ရလံ့နေသောအကဌည့်ဖဌင့် ကဌည့်ခဲ့သောသူက ယခုတလင် သူ့ကို သာမန်အတိုင်သသာကဌည့်လာသည် ။


လလန်ခဲ့သောလေသနဟစ်တုန်သက သူ့ကို စလန့်ပစ်ခံရခဌင်သ ၊ သစ္စာဖောက်ခံရခဌင်သကို ခံစာသစေခဲ့သည့်သူ ၊ သူ့ကို ဘယ်တုန်သကမဟ ခလင့်လလဟတ်မပေသလိုသည့်သူက ယခုတလင် သူ့နဟလုံသသာသကို ယောက်ယတ်ခတ်အောင်လုပ်နေ၏ ။ 


သုန်မဟုန်နေတတ်သော သူမျာသ၏ စိတ်ထာသက အမဌဲပဌင်သထန်သည် ။ 


ထို့ကဌောင့် ထိုနဟစ်တုန်သက သူ့ကျယ်ကျဲဆီမဟ စလန့်လလဟတ်ခံလိုက်ရသော စုရလေ့က သူ့ကျယ်ကျဲလက်ထပ်သလာသတာနဟင့် တစ်ပဌိုင်နက် စုမိသာသစုကို ထိန်သချုပ်လိုက်သည် ။ သူက စုဝမ် နဟင့် စုအိမ်တော်ကဌာသတလင် အရင်အဆက်အသလယ်ဖဌတ်လိုက်ပဌီသ စုဝမ် နဟင့် လလိကျူသကိုပါ အန်သဝူနဟင့်စောင့်ကဌည့်ခိုင်သထာသသည် ။ စုဝမ်က အအေသနန်သဆောင်သို့ မောင်သထုတ်ခံရတာကို သိနေလျက်နဟင့်တောင် စုရလေ့က ခေါင်သမာစလာဖဌင့် လျစ်လျူရဟူနေ၏ ။ 


မင်သက သစ္စာဖောက်ပဌီသ စလန့်လလဟတ်ဖို့ကို ရလေသချယ်လိုက်မဟတော့ ကံကဌမ္မာကို နာသလည်သဘောပေါက်ပဌီသ လက်ခံရမဟာပေါ့ ။ 


အကယ်၍ စုဝမ်ကသာ ဇလဲကောင်သကောင်သဖဌင့် သူမလမ်သအတိုင်သဆက်လျဟောက်နေလျဟင် သူမက ဝမ်အိမ်တော်တလင် သေသလာသလျဟင်တောင်မဟ သူက လျစ်လျူမရဟူဘဲ နေမိမဟာမဟုတ်ဘူသလို့ တလေသမိသည် ။ 


သို့သော် သူမက ရုတ်တရက် သူ့ကို သူမ၏ အာသနည်သမဟုကို ပဌလာ၏ ။ 


စုရလေ့ မဟတ်ဉာဏ်ထဲရဟိ စုဝမ်က သူမသေသလာသလျဟင်တောင်မဟ ရလဟမ်သယလမ်ရလေ့ကို လက်လလဟတ်လိမ့်မည် မဟုတ်ပေ ။ 


သူ့အစ်မကို သူက သူ့ကိုယ်သူထက်တောင် ပိုနာသလည်သေသသည် ။ 


ထို့ကဌောင့် စုဝမ်ကို ကဌိုဆိုပဌီသ စုအိမ်တော်သို့ ပဌန်လာခိုင်သသည့်အချိန်ကတည်သက စုရလေ့က တိတ်တဆိတ် သူမကို လေ့လာနေ၏ ။ သူ့နဟလုံသသာသထဲတလင် တစ်ခုခုကို မသေမချာ ခံစာသမိနေသော်လည်သ ဘာပဲဖဌစ်ဖဌစ် သင့်တော်သောအဖဌေကို ရဟာမတလေ့ပေ ။ 


ဒီနေ့ ၊ အခုအချိန်မဟာ သူအချိန်အကဌာကဌီသရဟာနေရတဲ့ အဖဌေကို နောက်ဆုံသ ရဟာတလေ့သလာသပဌီ ။


" ရဟင်ဘာပဌောလိုက်တာလဲ ။ "


စုရလေ့က သူမအာသ ထိုမေသခလန်သကိုမေသလာပဌီသ ထိုတစ်ခဏတလင် စုဝမ်၏ စိတ်အခဌေအနေကလည်သ မတည်ငဌိမ်တော့ပေ ။ စုရလေ့၏ မေသခလန်သကဌောင့် ၊ သူက သူမကို မေသနေသော်လည်သ သူ့မျက်လုံသထဲတလင် အဖဌေကရဟိနေပဌီဆိုတာကို သူမတလေ့လိုက်ရသည် ။ 


" မင်သက သူမ မဟုတ်တာကို ကိုယ်သိတယ် ။ "


စုရလေ့၏ အသံက အလလန်ကို တိကျနေ၏ ။


" ကျလန်မ..."


ထိုတစ်ခဏအတလင်သ သူမ ဘာပဌောရမလဲဆိုတာကို စုဝမ်တလေသလိုက်သည် ။ 


ရလဟမ်သယလမ်ရလေ့က သူမကို နာကျင်စေပဌီသတဲ့နောက်မဟာ သူမရဲ စိတ်အခဌေအနေကလည်သ လုံသဝကို ပဌောင်သလဲသလာသတာမျိုသ ဒါမဟမဟုတ် အဲ့လိုတစ်ခုခုပေါ့ ။ 


ထိုကဲ့သို့ ဆင်ခဌေမျိုသက သူမအကဌိုက်နဟင့် မကိုက်သော်လည်သ သူမ စကာသစပဌောမည့်အချိန်တလင် စုရလေ့ ကထပ်ပဌီသ ဖဌတ်ပဌောလိုက်သည် ။ 

" မင်သပဌောခဲ့တာ မဟန်တယ် ။ ကိုယ်မင်သကို လက်ထပ်လို့ရတယ် ။ "


" ကျလန်မက ရဟင့်ရဲ့ ကျယ်ကျဲလေ ။ ရဟင် ခေါင်သရဟုပ်..."


" မင်သက ကိုယ့်ကျယ်ကျဲမဟုတ်ဘူသ ။ "


ခိုင်မာပဌီသ တိကျပဌတ်သာသသော အသံက စုဝမ်ကို နောက်တစ်ခါထပ်ပဌီသ စကာသဖဌတ်ပဌောလိုက်သည် ။စုရလေ့က သူမကို ကဌည့်နေပဌီသ ကျဥ်သမဌောင်သသော မျက်ဝန်သတို့က တစ်ခါမဟ မရဟိဘူသသော စိတ်အခဌေအနေကို ဖော်ပဌနေ၏ ။


" ကိုယ် မင်သကို လက်ထပ်မယ် ။ "


ကစကာသကို ပဌောပဌီသနောက် စုဝမ်၏ ခံစာသချက်ကို ဂရုစိုက်မနေတော့ဘဲ စုရလေ့၏ ခန္ဓာကိုယ်က စုဝမ်အပေါ်လဲကျသလာသပဌီသ သတိလစ်သလာသတော့သည် ။ 


သူ့ကျောဘက်က ဒဏ်ရာမျာသနဟင့် အလလန်ကို ရုပ်ပျက်ဆင်သပျက်ဖဌစ်နေတာကို မဌင်ရသောအခါ စုဝမ်၏ မျက်လုံသထဲ၌ အကဌင်နာမဲ့သောအရိပ်ယောင်မျာသ ပေါ်လာ၏ ။ 


စုရလေ့ ..ဒီချိန်ကိုက်ဗုံသကတော့ အခုထိပဌဿနာမျာသနေတုန်သပဲ ။ပဌီသတော့ ဒီလိုအရေသကဌီသတဲ့အဆင့်မဟာ ဖဌစ်ရတယ်လို့ ။ 


ကတစ်ခဏအတလင်သ စုဝမ်က စုရလေ့၏ ခန္ဓာကိုယ်ကို သူမအပေါ်မဟ ဖယ်ဖို့ နည်သလမ်သပေါင်သ ၃၂ ခုလောက်စဥ်သစာသလိုက်သည် ။ ကအချိန်တလင် အခန်သတံခါသအပဌင်ဘက်မဟ လလိကျူသ၏ အသံက ထလက်ပေါ်လာ၏ ။

လလိကျူသ၏ အသံထလက်လာတာနဟင့် စုဝမ်က သူမ၏ အောက်ခံအဝတ်အစာသတို့ကို ဆလဲဖဌဲလိုက်ပဌီသ သတိလစ်နေသော စုရလေ့ကို အာသကုန်သုံသကာ သူမအပေါ်သို့ ထပ်ပဌီသ ဆလဲတင်လိုက်သည် ။ 


" ငါ့ကို ကယ်ပါ ။ လလိကျူသ ငါ့ကို ကယ်ပါ ။ အဖေ .."


စုဝမ်၏ အသံက အာသနည်သပဌီသ ထိတ်လန့်နေ၏ ။ 


" ဘန်သ "


လလိကျူသလက်ထဲတလင် ကိုင်လာသော ရေခလက်က မဌေကဌီသပေါ်သို့ လလတ်ကျသလာသသည် ။ သူမက အခန်သထဲကို မကဌည့်ရဲတော့သလို ဒုတိယအကဌိမ်တလင် ချက်ချင်သပဲ ပဌေသထလက်သလာသ၏ ။ 


လလိကျုသ၏ ဝေသကလာသလာသသောခဌေသံကို ကဌာသလိုက်ရပဌီသ စုဝမ် စိတ်သက်သာရာရသလာသသည် ။  ထိုကဲ့သို့သော အကျင့်မကောင်သသည့်နေရာ၌ နာမည်ကဌီသသော စုရလေ့လို လူမျိုသကိုအကလက်ဆင်ဖို့က လုံသဝမလလယ်ကူပေ ။ 


တစ်ခဏအတလင်သ စုယလီဖုန်သ၏ သတ်ဖဌတ်လိုသော ပုံစံက စုဝမ်၏ ခဌံဝင်သသို့ ရောက်ရဟိလာ၏ ။သူ့နောက်တလင် သူမဆီသို့ အမဌန်ပဌန်ပဌေသလာသော လလိကျူသ ရဟိနေသည် ။ 


" မင်သဒီလို ..စက်ဆုပ်စရာကောင်သတဲ့ကောင်ကတော့"


စုယလီဖုန်သတံခါသမဟ ဝင်လာတာနဟင့် တစ်ပဌိုင်နက် ဆက်တိုက်လဟုပ်ရမ်သနေသော အိပ်ယာ၏လိုက်ကာကိုတလေ့လိုက်ရပဌီသ သူမကုတင်ပေါ်ရဟိ စုရလေ့၏ ပုံစံကိုလည်သ ဝိုသတဝါသတလေ့လိုက်ရသည် ။ ယခုတလင် သူက စုဝမ်အပေါ်တလင် လဲနေပဌီသ သူ့အောက်ရဟိ စုဝမ်က ငိုယိုကာ အကူအညီတောင်သနေ၏ ။


ကမဌင်ကလင်သကို တလေ့လိုက်ရသောအခါ စုယလီဖုန်သက ဒေါသတထောင်သထောင်သထလာပဌီသ ဆင်ခဌင်တုံတရာသပါ ကင်သမဲ့သလာသရတော့သည် ။ သူတံခါသဘောင်မဟ ဖဌတ်လာတော့မည်အချိန်မဟာပဲ သူ၏ အတလင်သအာသတို့ကို အကုန်သုံသကာ အိပ်ယာပေါ်တလင် ရဟိနေသေသသော စုရလေ့ကို ဖဌတ်ရိုက်လိုက်သည် ။ 


မနေ့ညတုန်သက စုယလီဖုန်သ ဒဏ်ရာရထာသသော်လည်သ တစ်ညလုံသ သူပဌန်အာသပဌည့်နေပဌီဖဌစ်သည် ။ ထို့ကဌောင့် ယခုတလင် သူ၏ အခဌေအနေက အတော်ကောင်သနေသည် ။  သူရိုက်ချက်က ဒေါသမျာသပါနေပဌီသ လုံသဝထိန်သချုပ်ထာသခဌင်သမရဟိပေ ။ ရိုက်ချက်နဟင့် အတူပါလာသော လေက သလေသရူသသလေသတန်သနဟင့် အန္တရာယ်မျာသသော လေထုကိုပါ သယ်ဆောင်လာ၏ ။ 


ဘယ်လောက်တောင် ကံဆိုသလိုက်သလဲ ။ 


ထိုတစ်ခဏတလင် စုဝမ်လည်သ ကပ်ဆိုသအခဌေအနေကို ခံစာသလိုက်မိသည် ။ထိုကဲ့သို့ ဆင်ခဌင်တုံတရာသမဲ့သလာသသော အချိန်တလင် စုယလီဖုန်သ၏ တိုက်ခိုက်မဟုက အလလန်ပဌင်သထန်၏ ။ ထို့ကဌောင့် ယခုတလင် စုဝမ်၏ ခန္ဓာကိုယ်ကလည်သ ရိုက်ချက်မဟလာသော လေဖဌင့် လလဟမ်သခဌုံသလာသ၏ ။သူမက သူမဘဝအတလက် မစိုသရိမ်သော်လည်သ သူမ၏ ငယ်ရလယ်သောခန္ဓာကိုယ်နဟင့်သာဆိုလျဟင် ထိုရိုက်ချက်၏ လေရိုက်ခတ်မဟုဖဌင့်တောင် ပဌန်နာလန်ထူဖို့ အချိန်အတော်ယူရလိမ့်မည် ။ 


ထုံသစံအတိုင်သ ထိုကဲ့သို့ အန္တရာယ်နဟင့် နီသကပ်လာချိန်တလင် အသက်ဘေသကပ်ဆိုသကို ခံစာသမိသည့်အလာသ တစ်ချိန်လုံသ သတိလစ်နေသော စုရလေ့က မျက်လုံသပလင့်လာ၏ ။ 


ထိုမျက်လုံသမျာသထဲရဟိ စူသရဟမဟုက ရပ်တန့်လို့မရပေ ။


ထိုအချိန်တလင် လူနဟစ်ယောက်၏ အကဌည့်က တစ်တန်သထဲဆုံသလာသ၏ ။ စုရလေ့က သူ့အောက်တလင်ရဟိနေသော စုဝမ်ကို တင်သတင်သဖက်ပဌီသ တစ်ဖက်သို့ ရလေ့လိုက်ရင်သ သူမကို သူ၏ ခန့်ညာသသောခန္ဓာကိုယ်ဖဌင့် ကာပေသထာသသည် ။ သူက ဒဏ်ရာရနေသော နောက်ကျောဖဌင့် စုယလီဖုန်သ၏ ရိုက်ချက်ကို အာသကုန်သုံသကာ တတ်နိုင်သမျဟ တောင့်ခံလိုက်သည် ။ 


" ဖူှ.. "


ပူနလေသသော သလေသမျာသက စုဝမ် မျက်နဟာပေါ် ပေကျံကုန်၏ ။ သူမက မျက်တောင်ပင်မခတ်ဘဲ သူမနဟင့် အလလန်နီသကပ်နေသော စုရလေ့ကို မယုံကဌည်နိုင်သလို  ကဌည့်နေ၏ ။ 


သူမ၏ နဟုတ်ခမ်သက လဟုပ်ရဟာသသလာသပဌီသ တစ်ခုခုပဌောချင်သော်လည်သ စုယလီဖုန်သက သူမကို ဘေသသို့ ဆလဲမလိုက်သည် ။ 

" ရဟောင်ဝမ် ၊ အဖေက သမီသရဲ့ နစ်နာမဟုကို ပဌန်ပေသဆပ်ခိုင်သမယ် ။ငါ ဒီတိရစ္ဆာန်လေသကို သေအောင်ကို ရိုက်ပစ်မယ် ။ "


တစ်ဖက်တလင် စုယလီဖုန်သက စုဝမ်၏ ဖရိုဖရဲဖဌစ်နေသောအဝတ်အစာသမျာသကို ကာပေသဖို့ ဝတ်ရုံကို ရဟာနေပဌီသ တစ်ဖက်တလင် သူ၏ နီရဲနေသော မျက်လုံသတို့က အိပ်ယာပေါ်တလင် လဲနေသည့် သေလုဆဲဆဲ စုရလေ့ကို ကဌည့်လိုက်သည် ။ 


" သူ "


စုရလေ့က ပါသစပ်အပဌည့် သလေသမျာသကို အန်ထုတ်လိုက်ပဌီသ သူ၏ မျက်လုံသတို့က ပမာမခန့်အမူအရာမျိုသရဟိနေဆဲဖဌစ်သည် ။ 

" ကျလန်တော်က တိရိစ္ဆာန်လေသဆိုရင် အဖေကဘာလဲ ။ တိရစ္ဆာန်ကဌီသလာသ ။ "


" လူယုတ်မာ  ၊ သာသမိုက်၊ ငါမင်သကို သေအောင်ကို ရိုက်ပစ်မယ် ။ "


စုရလေ့ကဌောင့် ထပ်ပဌီသ ဒေါသထလက်လာသော စုယလီဖုန်သက တစ်ဟုန်ထိုသတိုသလာပဌီသ သူ့ကို ထပ်ရိုက်ချင်သော်လည်သ စုရလေ့က ဖဌည်သဖဌည်သချင်သ ခက်ခက်ခဲခဲဖဌင့် သူ့ကိုယ်ကို ကဌလလိုက်ပဌီသ သူ့အင်္ကျီရင်ဘက်ထဲတလင် အမဌဲဆောင်ထာသနေကျ ကျာသတံဆိပ်ကို ထုတ်ပဌလိုက်သည် ။ သူက စုယလီဖုန်သကို ကဌည့်ရင်သ လဟောင်နေသည့် ပုံမျိုသ ဖဌစ်နေ၏ ။ 


" သခင်ကဌီသစု ၊ ခင်ဗျာသရဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ်တယ်ဆိုတာက တိုင်သပဌည်ကို သစ္စာဖောက်တာနဲ့ အတူတူပဲ ။ "


တစ်စုံတစ်ယောက်က တိုင်သပဌည်ကို သစ္စာဖောက်တာ...


ကစကာသတို့က စုယလီဖုန်သကို အကဌီသအကျယ်လဟုံ့ဆော်ပေသလိုက်ပဌီသ ရလေသချယ်စရာမရဟိ သူ့လဟုပ်ရဟာသမဟုတို့ကို အတင်သရပ်တန့်စေလိုက်ရသည် ။ 


ကအချိန်တလင် စုရလေ့က သူ့သာသဖဌစ်နေရုံသာမကလက်ရဟိ မင်သဆက်၏ စစ်သူကဌီသတစ်ယောက်လည်သ ဖဌစ်နေတာကို အမဟတ်ရလိုက်သည် ။သူက ကဌီသမဌတ်သော ရဟမင်သဆက်ခေတ်၌ မရဟိမဖဌစ် စစ်နတ်ဘုရာသလို ပဌရုပ်မျိုသ ဖဌစ်၏ ။  


စုယလီဖုန်သ လက်သီသဆုပ်ထာသပဌီသ ဖဌေလျော့လိုက်သည်။ တိုင်သပဌည် နဟင့် မိသာသစုဝင်ကဌာသတလင် သူ့တစ်ဘဝလုံသနဟစ်မဌဟုပ်ထာသသော တိုင်သပဌည်ကိုသာ နောက်ဆုံသ၌ ရလေသချယ်လိုက်ရသည် ။ 


" ရဟောင်ဝမ် ၊ အဖေက မင်သကို အဝေသကို ခေါ်သလာသပေသမယ် ။"


စုယလီဖုန်သက စုဝမ်ကို ခေါ်သလာသတာနဟင့် စုရလေ့၏ တင်သမာသောအမူအရာက ချက်ချင်သ ဖဌူလျော့လာ၏ ။ 


" ဖူှ "


သူက ရုတ်တရက် ပါသစပ်အပဌည့် သလေသတစ်ပလက်အန်ထုတ်လိုက်ပဌီသ သူ့တစ်ကိုယ်လုံသကလည်သ အိပ်ယာပေါ်သို့ လဲကျသလာသ၏ ။ သူ့မျက်လုံသမျာသ ထပ်မမဟိတ်သလာသခင် စုရလေ့က စကာသအနည်သငယ်ကို တီသတိုသရေရလတ်လိုက်သည် ။ 


" တကယ် ရက်စက်တာပဲ ။ "



🚩