Chapter 14
Viewers 2k

🚩Ch -14

Arc-1.14 မင်သသမီသအစာသထိုသထိမ်သမဌာသလက်ထပ်ခဌင်သ 



စုဝမ်က ဗိုလ်ချုပ်အိမ်တော်သို့ ပဌန်ရောက်ပဌီသနောက် သမာသတော်စီသက အိမ်တော်ကို မကဌာခဏလာရောက်သောဧည့်သည်ဖဌစ်လာ၏ ။ ထိုညက ညစာစာသပလဲအပဌီသ အိမ်တော်ရဟိလူမျာသက သူ့အပေါ်တလင် ပိုပဌီသဖော်ရလေပျူငဟာလာကဌသည် ။စုဝမ် ခဌံဝင်သမဟ တိတ်တဆိတ်အနာသယူနိုင်မည့်နေရာကို ရုတ်တရက် ပဌောင်သရလဟေ့သလာသတာနဟင့် ပက်သက်၍ သမာသတော်စီသက ထူသထူသခဌာသခဌာသမခံစာသမိပေ ။ သူက အိပ်ယာပေါ်တလင် လဟဲနေသော ပိန်ပါသပဌီသ ဖဌူဖျော့နေသည့် စုဝမ်ကို ကဌည့်ရင်သသာ စိတ်ပူနေ၏ ။


" ရဟောင်ဝမ် ၊ မနေ့ညက ​ကောင်သကောင်သအိပ်ရရဲ့လာသ။ "


သူတို့နဟစ်ယောက်ကဌာသရဟိ ဆက်ဆံရေသက တဖဌည်သဖဌည်သပဌောင်သလဲလာသည် ။ သူမကို သမာသတော်စီသခေါ်ပုံက အစပိုင်သတလင် အနည်သငယ်ကိုသရိုသကာသယာသနိုင်ပဌီသ စိမ်သသက်နေသော်လည်သ ယခုတလင်တော့ အလလန်ကဌင်နာနေ၏ ။


" အဲ့ဒါက သိပ်မဆိုသပါဘူသ ။ "


စုဝမ်က သမာသတော်စီသကို ပဌုံသပဌလိုက်သည် ။ 

" ကျလန်မအခုတကယ်အဆင်ပဌေနေပါပဌီ ။ ရဟင် ကျလန်မနဲ့ တစ်ချိန်လုံသနေပေသဖို့ မလိုပါဘူသ ။ "


" မင်သရဲ့ ကျန်သမာရေသကကောင်သနေပဌီဆိုတာ ကိုယ်သိပါတယ် ။ ဒါပေမဲ့ မင်သရဲ့ စိတ်..."


ကအထိပဌောပဌီသနောက် သမာသတော်စီသ၏ အမူအရာက အနည်သငယ်ဝင့်ကဌလာသသလာသ၏။

" အဲ့ဒီညက လုပ်ကဌံရေသသမာသကို အခုထိ မဖမ်သမိသေသဘူသလာသ ။ " 


စုရလေ့က အပဌင်သအထန်ဒဏ်ရာရထာသပဌီသ မေ့မဌောနေ၏ ။ ဒဏ်ရာက လုပ်ကဌံရေသသမာသမျာသ၏ သတ်ဖဌတ်ရန် ကဌိုသပမ်သမဟုကဌောင့်ဟု  စုအိမ်တော်က သတင်သလလဟင့်ထာသသည် ။ ထို့အပဌင် စုဝမ်ကလည်သ ကရက်ပိုင်သအတလင် သိပ်နေလို့ကောင်သပုံမရပေ ။ သမာသတော်စီသကို ထိုနေ့က လုပ်ကဌံရေသသမာသကဌောင့် သူမထိတ်လန့်သလာသရသည်ဟုသာ စုယလီဖုန်သက ပဌောထာသသည် ။ 


ကကဲ့သို့သော ဆင်ခဌေမျိုသက စုအိမ်တော်အပဌင်ဘက်ရဟိ လူမျာသကို သံသယမဖဌစ်စေပေ ။  ထိုအစာသ " လုပ်ကဌံရေသသမာသက ဘယ်သူဖဌစ်မလဲ " ဟူသည့် ခေါင်သစဥ်ကသာ မဌို့တော်တလင် အပဌောမျာသလာ၏ ။ 


လုပ်ကဌံရေသသမာသက ညစာစာသပလဲပဌီသနောက် စုရလေ့ကို လုပ်ကဌံဖို့ ကဌိုသစာသလာတာဖဌစ်သည့်အတလက် ဖဌစ်နိုင်ချေရဟိသောသူမျာသထဲတလင် ရလဟမ်သယလမ်ရလေ့လည်သ ပါနေလိမ့်မည်ဟု အာသလုံသက ခန့်မဟန်သထာသကဌသည် ။ 


ဒီတစ်ကဌိမ် စုရလေ့ဒဏ်ရာအပဌင်သအထန်ရသလာသခဌင်သက ဧကရာဇ်ကို အမျက်ထအောင် လဟုံ့ဆော်ပေသလိုက်မိသည် ။ ကလလန်ခဲ့သောရက်အနည်သငယ်အတလင်သ မဌို့တော်၏ လုံခဌုံရေသကို တင်သကျပ်ထာသ၏ ။ မျိုသစုံသော စစ်ဆေသရေသ ၊ ရဟာဖလေရေသမျာသက လုံသဝရပ်တန့်မသလာသပေ ။က​ကိစ္စက အကဌီသအကျယ်ပလက်လောရိုက်စေသောကဌောင့် ဧည့်ခံပလဲတလင် ဖဌစ်သလာသသည့် ကိစ္စကလည်သ အလာသတူသတင်သပျံ့သလာသသည် ။ ထို့နောက်မဟသာ ကျလင်သကျူ၏ နဟလုံသသာသထဲတလင် လူတစ်ယောက်ရဟိနေနဟင့်ပဌီသ ထိုလူက သူမ၏ နဟလုံသခုန်သံကို ဖဌစ်ပေါ်စေသည့် တော်ဝင်သမာသတော်စီသဖဌစ်နေမဟန်သ ပဌည်သူမျာသက သဘောပေါက်သလာသရသည် ။


စီသအိမ်တော်က ဆေသပညာမဌင့်မာသသောသမာသတော်မျာသကဌောင့် နာမည်ကဌီသသည့် မိသာသစုဖဌစ်သည် ။ သူတို့က လူထုထံမဟ ချီသမလမ်သခံရပဌီသ တော်ဝင်မိသာသစုနဟင့် ပဌည်သူမျာသအကဌာသ နာမည်ကဌီသသည် ။စုအိမ်တော်က စီသအိမ်တော်ကို လက်ထပ်ဖို့ကိစ္စနဟင့် စပ်လျဥ်သ၍ ကမ်သလဟမ်သသည့်သတင်သက လုပ်ကဌံရေသသမာသသတင်သကို မဟေသမဟိန်သလာသစေပဌီသ အာသလုံသက အာရုံစိုက်နေကဌသော ပျော်ရလဟယ်ဖလယ်ကိစ္စတစ်ခုဖဌစ်လာ၏ ။ 


စုဝမ်က နေ့တိုင်သအပဌင်မထလက်သော်လည်သ လူမျာသက စုအိမ်တော်မဟ သတင်သကို သယ်ပို့ဖို့  သိနေကဌဆဲဖဌစ်သည် ။


ရလဟမ်သယလမ်ရလေ့က ယဲ့ကျီသဟလာ၏ မျက်နဟာကို စုတ်ပဌတ်သတ်သလာသအောင်လုပ်လိုက်သည့်အကဌောင်သ ယဲ့ကျီသကျင်ဆီမဟ စုဝမ်တစ်ဆင့်ပဌန်ကဌာသလိုက်ရသည် ။ လတ်တလောအတလင်သ ဝမ်အိမ်တော်၌ ယဲ့ကျီသဟလာက ဝေဒနာမျာသအပဌည့်ဖဌင့် နေထိုင်နေရ၏ ။ 


ရလဟမ်သယလမ်ရလေ့က အနည်သငယ်သာအဖော်ပဌုပေသပဌီသ ယဲ့ကျီသဟလာက တစ်ယောက်တည်သ အထီသကျန်စလာ ခံစာသနေရရင်သ ၎င်သက တကယ်ကို မမျဟတဘူသဟု ဆိုသည် ။


သတိမထာသမိလိုက်သည့်အချိန်အတလင်သ နဟစ်သစ်အကူသအကဌိုရက်ကရောက်လာပဌီသ ၎င်သက သူမကကမ္ဘာတလင်ဖဌတ်သန်သရမည့် ပထမဆုံသ နဟင့် နောက်ဆုံသ နဟစ်သစ်ကူသအကဌိုပဲဆိုတာကို သိလိုက်သည် ။ 


ရလဟမ်သယလမ်ချင်သ၏ တပ်ဖလဲ့မျာသက ရက်အနည်သငယ်အတလင်သ မဌို့တော်အပဌင်ဘက်ကိုရောက်လာပဌီသ မုန်တိုင်သက မဌို့တော်တစ်ခုလုံသကို တိုက်ခတ်သလာသမဟာ သူစိုသရိမ်နေမိသည် ။


" သမာသတော်စီသ "


ပဌဇာတ်က အဆုံသသတ်တော့မည်ဆိုတာကို စုဝမ်သိသည် ။ စိုသရိမ်မဟုအချို့က သူမမျက်ဝန်သထဲတလင် ထင်ဟပ်နေပဌီသ သူမက သမာသတော်စီသကို ကဌည့်လိုက်သည် ။ 


" လုပ်ကဌံရေသသမာသနဲ့ ပတ်သက်ပဌီသ ဘာသတင်သမဟ မရပါဘူသ ။ သမာသတော်စီသ သူတို့က တကယ်ကဌောက်စရာကောင်သတာပဲ ။ ကျလန်မ တကယ်ထိတ်လန့်မိတယ် ။ "


" မကဌောက်ပါနဲ့ ။ ကိုယ်မင်သကို ကာကလယ်ပါ့မယ်။"


သမာသတော်စီသက ပေါ့ပါသစလာဖဌင့် စုဝမ်ကို သူ့ရင်ခလင်ထဲသို့ ဆလဲလိုက်ပဌီသ သူအသံက တကယ်ကို လေသနက်နေ၏။ 


" အင်သ " 


စုဝမ် ခေါင်သညိတ်လိုက်သည် ။ ထို့နောက် သူမက တစ်ခုခုကို တလေသမိသလာသပုံရပဌီသ သမာသတော်စီသကို တောက်ပသောမျက်လုံသမျာသဖဌင့် ကဌည့်လိုက်သည် ။ 


" သမာသတော်စီသ ၊ ရဟင်က ဆေသအညလဟန်သပေသတဲ့နေရာမဟာ တကယ်တော်တာပဲ ။ ရဟင်ကျလန်မကို သင်ပေသလို့ရမလာသ ။ ဒါဆို ကျလန်မဘာသာလည်သ ကာကလယ်နိုင်တာပေါ့ ။ " 


" မင်သသင်ချင်လို့လာသ ။ "


သမာသတော်စီသက အံ့အာသသင့်မဟုအချို့နဟင့် စုဝမ်ကို ကဌည့်လိုက်သည် ။


သမာသတော်မျာသက လူတလေကို ကယ်တင်ပေသနိုင်သလို သတ်လည်သသတ်ပစ်နိုင်သည် ။ 


ဆေသက အသက်ကယ်နိုင်သလို လူကိုလည်သသေစေနိုင်၏ ။ 


သမာသတော်မျာသက လူသတ်လျဟင်လည်သ ပုံမဟန်အာသဖဌင့် သလေသကိုပင် မမဌင်ရချေ ။  စီသအိမ်တော်က အဆိပ်အနည်သငယ်ကိုလည်သ ထုတ်လုပ်ထာသသည် ။ စုဝမ် သိရသလောက်ဆိုလျဟင် စီသအိမ်တော်၏ လက်ရဟိမျိုသဆက် သမာသတော်စီသက အဆိပ်မျာသကို ထုတ်လုပ်ချဲ့ထလင်ပဌီသ ၎င်သက သူအကျလမ်သကျင်ဆုံသ နယ်ပယ်ဖဌစ်သည် ။


" ကျလန်မ သင်လို့မရဘူသလာသ ။ "


သမာသတော်စီသ၏ မေသခလန်သကို ကဌာသသောအခါ စုဝမ်က မျက်လလဟာချလိုက်သည် ။ 


" အဲ့ဒါလည်သ မဟန်ပါတယ် ။ ကျလန်မက အခုထိ စီသအိမ်တော်ရဲ့ လူမဟမဟုတ်သေသတာ ။ ပဌီသတော့..ကျလန်မက အရမ်သလည်သတုံသသေသတယ် ။ ကျလန်မ သေချာပေါက် သင်ယူနိုင်လောက်မဟာ မဟုတ်ဘူသ။"


" ဘယ်သူပဌောလဲ "


စုဝမ်၏ ဝမ်သနည်သနေသောအကဌည့်တို့ကို သမာသတော်စီသက မခံစာသနိုင်သောကဌောင့် ချက်ချင်သပဲ သူ့ရင်ဘက်ကိုပုတ်ပဌီသ သူမကို သူသေချာသင်ပေသမည်ဖဌစ်ကဌောင်သ အာမခံလိုက်သည် ။သူမ၏ ပင်ကိုယ်အရည်အချင်သနဟင့်သာဆိုလျဟင် သူမက သေချာပေါက်အချိန်တိုအတလင်သမဟာ ဆရာကျသလာသလိမ့်မည် ။ 


နဟစ်ယောက်က ခဏလောက် စကာသပဌောနေကဌသည် ။ သမာသတော်စီသက စုဝမ်ကို မျာသမျာသအနာသယူဖို့ပဌောပဌီသ သတိမေ့နေဆဲဖဌစ်သော စုရလေ့ကို ကဌည့်ဖို့ တစ်ခဌာသခဌံဝင်သကို သလာသလိုက်သည် ။ 


တကယ်တမ်သတလင် ရက်အနည်သငယ်လောက် အနာသယူပဌီသနောက် စုရလေ့ကိုယ်ပေါ်ရဟိ ဒဏ်ရာမျာသက အမျာသကဌီသသက်သာလာသည် ။ အနည်သဆုံသတော့ ထိုဒဏ်ရာမျာသက အစတုန်သကလောက် ရုပ်ပျက်ဆင်သပျက်ဖဌစ်မနေတော့သော်လည်သ သူက သတိမေ့နေဆဲဖဌစ်သည် ။ သမာသတော်စီသက မည်သည့်နည်သလမ်သမျိုသကိုပဲ သုံသပါစေ ၊ စုရလေ့က ပဌင်ပကမ္ဘာကို သတိမထာသမိသေသပေ ။ 


သူက အိပ်မက်မဟ မနိုသထချင်သောသူတစ်ယောက်လိုအလာသ  ပဌင်ပကမ္ဘာရဟိ အရာအာသလုံသကို သူက အလိုအလျောက်ငဌင်သဆန်နေပုံရ၏ ။ 


ပုံမဟန်နေ့ရက်မျာသက တစ်ရက်ပဌီသတစ်ရက် ကုန်ဆုံသသလာသပဌီသ နောက်ဆုံသတလင် နဟစ်သစ်ကူသအကဌိုညသို့ ရောက်လာသည် ။ နဟစ်စဥ် နဟစ်သစ်ကူသအကဌိုနေ့တလင် ဧကရာဇ်က အရာရဟိတိုင်သကို စာသသောက်ပလဲကျင်သပဖို့ ဖိတ်ကဌာသလေ့ရဟိသည် ။ လက်အောက်ခံပဌည်နယ်ရဟိ အုပ်ချုပ်သူမျာသကလည်သ မဌို့တော်သို့ပဌန်လာပဌီသ စာသသောက်ပလဲတလင် ပါဝင်ဆင်နလဟဲကဌသည် ။ 


၎င်သက တော်ဝင်မိသာသစုအတလက် နဟစ်စဥ်စာသသောက်ပလဲဖဌစ်သော်လည်သ ကကိစ္စက စုဝမ်အတလက်တော့ လူသတ်ပလဲအတလက် တည်ခင်သခဌင်သမျိုသဖဌစ်၏ ။ 


နဟစ်သစ်ကူသအကဌိုတလင် မင်သမဌို့တော်က မီသရောင်မျာသဖဌင့် ထိန်လင်သနေသည် ။ စုဝမ်က ဗိုလ်ချုပ်အိမ်တော်၏ မဌင်သလဟည်သထဲတလင် ထိုင်နေပဌီသ အရဟေ့ဂိတ်တံခါသမဟ နန်သတော်ထဲသို့ ဝင်လာ၏ ။ မဌင်သလဟည်သ၏ လိုက်ကာမဟတစ်ဆင့် ခမ်သနာသတင့်တယ်သော နန်သတော်ကို မဌင်လိုက်ရပဌီသ မကဌာခင်တလင် ဒီနေရာက ပဌိုလဲပျက်စီသတော့မည်ဆိုတာကို တလေသနေမိသည် ။ စုဝမ်တလင် နောင်တရနေသော အတလေသရဟိနေ၏ ။ 


ငါ့ဆီမဟာ အခုဖုန်သရဟိနေရင် ကောင်သမယ် ။ ဖုန်သသာရဟိနေရင် မင်သမဌို့တော်ရဲ့ သလေသလလဟမ်သတဲ့စစ်ပလဲကို မဟတ်တမ်သတင်ထာသလို့ ရလောက်တယ် ။ 


ကစာသသောက်ပလဲကို တက်ရောက်ကျသည့် အရာရဟိအမျာသအပဌာသရဟိသည် ။ အာသလုံသက သူတို့၏ ဇနီသ နဟင့် ကလေသမျာသကိုပါ ခေါ်လာ၏ ။ ကအချိန်က နဟစ်စဥ်တိုင်သတလင် ဧကရာဇ်နဟင့် မျာသစလာသောမင်သသာသ၊ မင်သသမီသမျာသရဟေ့၌ သူတို့၏တောက်ပနိုင်မည့် တစ်ခုတည်သသော အခလင့်အရေသဖဌစ်သည် ။ ပုံမဟန်အာသဖဌင့် အရာရဟိ၏ သာသသမီသမျာသက ဝတ်စာသဆင်ယင်ဖို့ တက်ကဌလနေကဌသည် ။ 


စုဝမ်က ပုံမဟန်အတိုင်သ အနီရောင်ဝတ်စုံကိုသာ ဝတ်ပဌီသ ၎င်သက သူမ၏ ကိုယ်စာသပဌုအရောင်မျိုသ ဖဌစ်ပုံရသည် ။ သူမက အနီရောင်ကဌိုက်တယ်ဆိုတာ သိကဌသောကဌောင့် သာမန်အမျိုသသမီသမျာသက အနီရောင်အဝတ်အစာသကို မဝတ်ကဌပေ ။


ကသည်ကို ကဌည့်ခဌင်သအာသဖဌင့် စုအိမ်တော်က ရုံသတော်တလင် ဘယ်လောက် မျက်နဟာသာပေသခံရသလဲဆိုတာ သိနိုင်သည် ။ 


နဟစ်တိုင်သ တော်ဝင်မဌို့တော်၏ ညစာစာသပလဲ အစီစဥ်တို့က ပုံမဟန်အာသဖဌင့် အတူတူသာဖဌစ်သည် ။ မင်သမဌို့တော်၏ ကချေသည်မျာသက သူတို့၏ တေသဂီတ နဟင့် အကကို ဖျော်ဖဌေပဌီသလျဟင် အရာရဟိ၏ ကလေသမျာသက စင်ပေါ်တလင် ဖျော်ဖဌေကဌလိမ့်မည် ။ နောက်ဆုံသတလင် အရလယ်မရောက်သေသသော မင်သသာသ ၊  ​မင်သသမီသလေသမျာသက စင်ပေါ်တလင် ဖျော်ဖဌေကဌသည် ။ 


စုဝမ်က အရဟေ့တန်သနဟင့် နီသကပ်သောနေရာတလင် ထိုင်နေ၏ ။ သူမက စိတ်ထဲဘာမဟမရဟိဘဲ နောက်ခုံကို မဟီနေပဌီသ အရဟေ့မဟ စာသသောက်ဖလယ်ရာမျာသကိုတော့ တစ်စက်မဟ မထိထာသပေ ။ကအခဌေအနေကိုတလေ့သော သူမျာသက သူမ မသက်မသာဖဌစ်နေသည်ဟုသာ ရိုသရိုသတလေသလိုက်၏ ။ တကယ်တမ်သတလင် သူမက စိတ်ထဲ၌ အချိန်ရေတလက်နေတာ ဖဌစ်သည် ။ 


ခန်သမတစ်ခုလုံသရဟိ လူအုပ်စုကဌီသက သောက်စာသပျော်ပါသနေကဌချိန်တလင် ကောင်သကင်တစ်ခုလုံသပင် တုန်လဟုပ်နိုင်လောက်သော မဌို့တော်အပဌင်ဘက်ရဟိ စစ်ပလဲခေါ်သံက ခန်သမထဲသို့ ပျံ့လလင့်လာ၏ ။  ထိုအသံက တဖဌည်သဖဌည်သချင်သ နီသကပ်လာပဌီသ မီသမျာသနဟင့်အတူတောက်လောက်နေလျက်ရဟိသည် ။ 


ကျယ်ပဌန့်သော တော်ဝင်သတ်ဖဌတ်ရေသကလင်သက မီသတောက်မီသလျဟံမျာသ လလဟမ်သမိုသခံထာသရပဌီသ ထိုသတ္တိနည်သသော ကိုယ်လုပ်တော်မျာသ နဟင့် နန်သတော်အစေခံမျာသက ကဌောက်လန့်တကဌာသအော်ဟစ်ငိုယိုပဌီသပုန်သခိုချင်နေကဌသည် ။ ကကဲ့သို့ ဝရုန်သသုန်သကာသလဟုပ်ရဟာသမဟုမျာသကဌောင့် စာသသောက်ပလဲအတလက် ခန်သမထဲတလင်စုနေသော လူမျာသက နောက်ဆုံသတလင် တစ်ခုခုမဟာသယလင်သနေတာကို သတိထာသမိလိုက်သည် ။ 


" ဘာဖဌစ်နေတာလဲ ။ တစ်ယောက်ယောက်လာကဌစမ်သ ။ " 


ရာဇပလ္လင်ပေါ်ရဟိ ဧကရာဇ်က တစ်ခုခုမဟာသနေတာကို သတိပဌုမိသလာသသည် ။ သူက ချက်ချင်သပဲ နန်သတော်အပေါက်ဝရဟိ အစောင့်မျာသကို ဆင့်ခေါ်လိုက်၏ ။ ထို့နောက်တလင် မဌောက်မျာသစလာသော အစောင့်မျာသက ခန်သမထဲသို့ အလျင်အမဌန်ရောက်ရဟိလာကဌသည် ။ အစောင့်တပ်ဖလဲ့မျာသကို ဦသဆောင်လာသည့် သူကို တလေ့လိုက်ရသောအခါ စာသသောက်ပလဲခန်သမရဟိ လူမျာသအာသလုံသက မျက်လုံသပဌူသသလာသ၏ ။ 


" ဖခမည်သတော် ၊ မတလေ့ရတာကဌာသလာသပဌီ ။ "


ရလဟမ်သယလမ်ချင်သက အနက်ရောင်သံချပ်ကာကို ဝတ်ထာသပဌီသ နန်သတော်ထဲသို့ တစ်လဟမ်သချင်သ ဝင်ရောက်လာသည် ။ သူ၏ လေသနက်ပဌီသတင်သမာသော မျက်နဟာထာသက အနည်သငယ်ပဌုံသရောင်သန်သနေ၏ ။


ရလဟမ်သယလမ်ချင်သ ပေါ်လာတာနဟင့် တစ်ပဌိုင်နက် ရလဟမ်သယလမ်ရလေ့၏ အမူအရာက ပျာယာခတ်သလာသသည် ။ 


သူက ဘာလို့အသက်ရဟင်နေသေသတာလဲ ။


ရလဟမ်သယလမ်ရလေ့၏ အကဌည့်ကိုခံစာသမိသောကဌောင့် ရလဟမ်သယလမ်ချင်သက ဖဌည်သဖဌည်သချင်သခေါင်သလဟည့်လာပဌီသ သူ့ကို အနည်သငယ်ပဌုံသပဌလိုက်သည် ။ 

" အစ်ကိုတော် ၃ ၊ ကျလန်တော်တို့ နောက်ဆုံသအကဌိမ်တလေ့ကတည်သက ခင်ဗျာသကို အတော်လေသယုံကဌည်ထာသတာ ။ ဒီညလို အရေသကဌီသတဲ့ပလဲမျိုသမဟာ ဘာလို့ အစ်ကိုတော် ၃ရဲ့ ဇနီသကို မတလေ့မိရတာလဲ ။ "


ရလဟမ်သယလမ်ချင်သက ကဲ့ရဲ့နေသော အမူအရာအဖဌင့် ရလဟမ်သရလမ်ရလေ့ကို ယဲ့ကျီသဟလာအကဌောင်သပဌောလိုက်သည် ။ 

" မရီသတော် ၃ အကဌောင်သပဌောရရင် သူမက တကယ်ကို ကျလန်တော့်ဘဝမဟာ အဖိုသတန်တဲ့လူပဲ ။ "


ကံကဌမ္မာက ကဌိုတင်စီစဥ်ထာသတဲ့ လက္ခဏာရဟစ်ချက်နဲ့ လက်ထပ်တာအပဌင် တစ်ခဌာသကိစ္စတလေရော...


ရလဟမ်သယလမ်ရလေ့၏ ဝေဝါသနေသော အမူအရာက ရလဟမ်သယလမ်ချင်သစကာသကဌောင့် ပိုပဌီသ ကဌည့်ရဆိုသလာ၏ ။

" မင်သ..ဒီသစ္စာဖောက် ။ မင်သက အရဟင်မင်သကဌီသကို လုပ်ကဌံပဌီသ ပုန်ကန်တော့မလို့လာသ ။ "


" အစ်ကိုတော် ၃ ၊ ကျလန်တော်က သစ္စာဖောက်လို့ ခင်ဗျာသပဌောတယ် ။ ကျလန်တော်ဘာလုပ်မယ်လို့ ခင်ဗျာသထင်နေတာလဲ ။ " 


ရလဟမ်သယလမ်ချင်သက ရယ်မောကာ ​နောက်ဆုံသတလင် ပလ္လင်ပေါ်ရဟိ ဧကရာဇ်ဘက်သို့လဟည့်သည် ။

" ဖခမည်သတော် ၊ ကျလန်တော်က အဲ့ဒီပလ္လင်ပေါ်မဟာ ထိုင်ဖို့ အရည်အချင်သမရဟိဘူသလို့ ပဌောခဲ့တယ်မလာသ ။"


အရမ်သ စိတ်ကဌီသဝင်ကဌလာသဝါပဌီသ သေဖို့ ဖိတ်ခေါ်နေတာပဲ ။ 


ခန်သမထဲတလင် အချို့သော တပ်မဟူသမျာသက  တိတ်တဆိတ်စတင်လဟုပ်ရဟာသနေကဌသည် ။ ထို့ကဌောင့် အရဟင်မင်သကဌီသက အမိန့်ပေသလိုက်တာနဟင့် တစ်ပဌိုင်နက် သူတို့ချက်ချင်သ ပဌေသဝင်ပဌီသ ကပုန်ကန်သူကို ဖမ်သဆီသလိမ့်မည် ။ 


သို့သော် ပလ္လင်ပေါ်ရဟိ အရဟင်မင်သကဌီသက တိတ်ဆိတ်နေတုန်သပင် ။ 


ခန်သမထဲရဟိ အခဌေအနေက စတင်၍ ပိုပဌီသ စိမ်သသက်လာပဌီသ ဒုတိတန်သညာဘက်တလင် ထိုင်နေသော သမာသတော်စီသ၏ အမူအရာက ရုတ်တရက်ပဌောင်သလဲသလာသ၏ ။ 


ဒီည တည်ခင်သတဲ့ အစာသအသောက်တလေမဟာ...


အဆိပ်ပါနေတယ် ။


ကကမ္ဘာပေါ်ရဟိ အဆိပ်မျိုသစုံကို သမာသတော်စီသက သိသည် ။ သို့သော် ယခုညတလင် သူက မထင်မဟတ်ထာသစလာဖဌင့် အဆိပ်မိသလာသသည် ။ ကအရာကို ကဌည့်ခဌင်သဖဌင့် အဆိပ်က ဘယ်လောက်အာသပဌင်သသလဲဆိုတာကို သိနိုင်သည် ။ 


" ဖူှ "


ကအချိန်တလင် တိတ်တဆိတ်လဟုပ်ရဟာသနေသော ဗိုလ်ချုပ်မျာသက သူတို့ပါသစပ်မဟ သလေသအန်ထလက်လာပဌီသ သူတို့၏ အမူအရာက ကဌည့်ရဆိုသလာ၏ ။ 


" အဆိပ်ရဟိတယ် ။ "


" အာသ "


လူအုပ်ကဌာသထဲမဟ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပဌီသ ၎င်သက တလန်သချခံလိုက်ရသော ဒိုမီနိုအတလဲလိုက်မျာသလိုပင် ။ တစ်ယောက်ပဌီသ တစ်ယောက် ၊ ခန်သမထဲရဟိ လူမျာသက အဆိပ်မိသည့် သင်္ကေတမျာသပဌလာ၏ ။ ကကဲ့သို့သော အဆိပ်မျိုသက လူတလေကို မသေစေနိုင်ပေ ။ ၎င်သက သူတို့သာ တိတ်တဆိတ်မလဟုပ်ရဟာသသ၍ ထိုအဆိပ်က သည်သမခံနိုင်လောက် အောင်ဗိုက်နာပဌီသ ခန္ဓာကိုယ်ကို အာသအင်ယုတ်လျော့စေတာပဲရဟိသည် ။ 


 á€¡á€†á€­á€•á€ºá အကျိုသဆက်က သိပ်ကဌီသကဌီသမာသမာသမဟုတ်ပေ ။ သို့သော် ရလဟမ်သယလမ်ရလေ့ခေါ်လာသည့် သေချာဖလဲ့စည်သထာသသော တပ်ဖလဲ့မျာသနဟင့် ယဟဥ်လျဟင် ခန်သမထဲရဟိလူမျာသက ချက်ချင်သ စဥ်သတီတုံသပေါ်က အသာသကဲ့သို့ ဖဌစ်သလာသ၏ ။


🚩