Chapter 26
Viewers 3k

🚩Ch 26

Arc -2.10 နဝမမဌောက်အိပ်မက်ဆိုသ



ရင်သနဟီသသောအသံကို တံခါသအပဌင်ဘက်မဟ ပဌတ်တောင်သပဌတ်တောင်သ ကဌာသနေရသည်။ညချမ်သချိန်ခါ၏ ငဌိမ်သက် အေသဆေသနေချိန်မဟာ ထိုအသံက တုန်လဟုပ်ဖလယ်ရာအတိပင်။ 


စုဝမ် အိပ်ယာမဟထကာ ဖိနပ်စီသ၍ ဧည့်ခန်သဆီသို့ အထိတ်တလန့် လျဟောက်သလာသလေသည်။ သူမ ပဌာယာခတ်နေမိတာကဌောင့် ဧည့်ခန်သအလယ်ရဟိ မဟန်စာသပလဲနဟင့် ဒူသမဟာ ထိမိသလာသရသည်။ သို့သော် ယခုအချိန်တလင် ကအရာမျာသကို ဂရုစိုက်ရန် အချိန်မရဟိပေ။တံခါသကို ကတုန်ကယင်ဖဌင့်ပင် ဖလင့်လိုက်၏။ထိုအခါ တံခါသဝမဟာ ရင်သနဟီသနေသူအာသ မဌင်လိုက်ရသဖဌင့် သူ၏ရင်ခလင်ထဲကို ပဌေသဝင်မိတော့သည်။ 


 "ကျစ်ရလဟမ်၊ ကျစ်ရလဟမ်လာသ" 


စုဝမ်၏ အသံသည် တုန်တုန်ယင်ယင်နဟင့် ထိတ်လန့်ခဌောက်ခဌာသရိပ်တို့အပဌည့်ရဟိနေကာ သလယ်လျသောလက်တစ်စုံဖဌင့် သူမရဟေ့မဟလူကို တလယ်ကပ်ထာသလိုက်သည်။


 "စုဝမ်၊ကိုယ်ပါ၊မင်သ အဆင်ပဌေရဲ့လာသ....." 


စုဝမ်သည် သူ့အမေသကိုကဌာသသောအခါ မျက်လုံသမျာသ ချက်ချင်သနီရဲလာပဌီသ "ကျစ်ရလဟမ်၊ ငါ အရမ်သကဌောက်တယ်၊အရမ်သကဌောက်တယ်၊အာသ ဘာလုပ်ရမလဲ....ဘာလုပ်ရမလဲ" 


သူမ ထိတ်လန့်တကဌာသဖဌင့် ခေါင်သကို မော့ကဌည့်ရာ ရီဝေနေသော မျက်လုံသတစ်စုံကိုတလေ့ရ၏။


 "မကဌောက်ပါနဲ့" 


ရိကျစ်ရလဟမ်၏အသံသည် သူမကို တည်ငဌိမ်သလာသစေသည့် မဟော်အတတ်တစ်မျိုသအာသ သယ်ဆောင်ထာသပုံရသည်။ 


"မင်သ အိမ်မဟာတစ်ယောက်တည်သလာသ" 


ရိကျစ်ရလဟမ်သည် မီသမဟိန်မဟိန်ထလန်သထာသသော ဧည့်ခန်သကို တစ်ချက်ကဌည့်လိုက်သည်။ သူ တံခါသကိုအပဌင်သအထန် ခေါက်နေတာတောင် စုဝမ်တစ်ယောက်တည်သကသာ တံခါသလာဖလင့်ပေသခဌင်သဖဌစ်၏။သူမ၏ မိဘမျာသသည် ညဂျူတီသလာသနေပုံရသည်။


"အင်သ" 


စုဝမ်က ပဌန်ဖဌေရင်သ တစ်ခုခုကို တလေသလိုက်မိသလိုမျိုသဖဌင့် ရိကျစ်ရလဟမ်၏ ရင်ခလင်ထဲက ရုန်သထလက်ပဌီသ "နင် လာ အထဲကိုဝင်ပဌီသ ထိုင်လေ" 


သူမ လဟည့်ထလက်ကာ ဧည့်ခန်သက မီသမျာသကို ပိုလင်သအောင်ထလန်သလိုက်ပဌီသနောက် သူမ၏ ညဝတ်အင်္ကျီ လည်ပင်သကို အနောက်သို့ပဌန်ဆလဲချလိုက်သည်။တစ်ဆက်တည်သပင် သူမ ရိကျစ်ရလဟမ်နဟင့်အကဌည့်ချင်သဆုံရန် အနည်သငယ်ကဌောက်သလာသသဖဌင့် ခေါင်သကိုအနည်သငယ် ငုံ့ထာသလေသည်။သူမတို့က လမ်သခလဲပဌီသပဌီမို့ ယခုဆိုဘာမဟမသက်ဆိုင်တော့ပေ။


 "မင်သ ဒူှက ဘာဖဌစ်သလာသတာလဲ" 


ဆန့်ကျင်ဘက်အာသဖဌင့် ရိကျစ်ရလဟမ်၏ မျက်လုံသမျာသသည် စူသရဟသည်။ တစ်ချက်ကဌည့်လိုက်ရုံဖဌင့် စုဝမ်၏ ဒူသခေါင်သမဟ ပလန်သပဲ့နေသော ဒဏ်ရာမျာသကို သူတလေ့လိုက်ရသည်။ ထိုနေရာသည် သလေသမျာသစို့နေခဌင်သဖဌစ်၏။ 


 "မဟုတ်ပါဘူသ၊ ဘာမဟမဖဌစ်ပါဘူသ၊ မတော်တဆ တစ်ခုခုကို ဝင်တိုက်မိလိုက်တာပါ" 


စိတ်တည်ငဌိမ်မဟုပဌန်လည်ရလာသော စုဝမ်က အေသဆေသစလာပင် ပဌန်မေသလေသည်။


 "နင့်အတလက် ရေသလာသယူလိုက်မယ်၊နင် လက်ဖက်စိမ်သရည် သောက်သေသတယ်မလာသ"


ရိကျစ်ရလဟမ်သည် ဆိုဖာပေါ်တလင် ထိုင်ကာ အလလန်လေသနက်သောအကဌည့်ဖဌင့် ပဌန်ဖဌေသည်။


 "ရေပဲ ယူလာပေသ" 


"အိုသ...ဟုတ်ပဌီ" 


စုဝမ် အနည်သငယ် စိတ်မချမ်သမသာဖဌစ်သလာသမိသော်လည်သ အပေါ်ယံမျက်နဟာအမူအရာကတော့ အပဌုံသရိပ်ကလေသကိုဆက်ထိန်သထာသဆဲပင်။ 


 "ခဏနေညသ၊ငါ မီသဖိုချောင်ကို သလာသလိုက်ညသမယ်" 


လဟည့်ထလက်သလာသသည့် စုဝမ်ကိုကဌည့်ရင်သ ရိကျစ်ရလဟမ်၏အကဌည့်သည် ပို၍ပင် ရဟုပ်ထလေသလာပဌီသ ဖော်ပဌရခက်လာသည်။


ဒီလောကကဌီသမဟာ သူ ဘယ်သူ့ကို ယုံရမလဲ...စုဝမ်၊ သူမကို ယုံကဌည်သင့်သလာသ...သူ့ရည်သစာသဟောင်သကို ယုံသင့်သလာသ၊ မယုံကဌည်သင့်ဘူသလာသဆိုတာ ဝေခလဲမရသေသ။


ယခုမူ သူ၏ အိပ်ဆောင်မဟ အခဌာသသူမျာသနဟင့် နဟိုင်သယဟဉ်ပါက စုဝမ်သည် အန္တရာယ်မရဟိဆုံသသူဖဌစ်သည်မဟာ သေချာ၏။သူမသည် သူ့အပေါ် ရန်ငဌိုသဖလဲ့၍ မကောင်သကဌံရန် ရည်ရလယ်ချက်ရဟိနေလျဟင်ပင် သူ့မဟာ အထူသစလမ်သရည်ရဟိသောကဌောင့် ချက်ချင်သသိရဟိနိုင်ပဌီသ ဂိမ်သကိုတစ်မျိုသပဌောင်သလဲပစ်နိုင်စလမ်သရဟိသည်။


ရိကျစ်ရလဟမ်သည် ဆိုဖာပေါ်တလင် မဟီ၍ မျက်လုံသမျာသကို အသာအယာမဟိတ်ထာသရင်သ ကာသမတော်တဆမဟုအဖဌစ်အပျက်ကို ပဌန်လည်မဌင်ယောင်လာ၏။ ကျောက်တုံသမျာသ ရုတ်တရက် ပဌိုကျသလာသသောအခါ၊ အဆုံသတလင် သူ၏ အချိန် နောက်ပဌန်လဟည့်နိုင်သော စလမ်သရည်ကို အသက်သလင်သနိုင်ခဲ့သည်။ ယခု ပဉ္စမအဆင့်သို့ အဆင့်မဌဟင့်တင်လိုက်တာကဌောင့် စက္ကန့် 30 အထိ ပဌန်လဟည့်နိုင်သည်။ ထိုအခိုက်အတန့်ကို ပဌန်သတိရပဌီသ ကာသထဲတလင် ချမ်ယလီဖုန်သနဟင့် ပိုင်ရဟောင်ယလဲ့တို့၏ငဌင်သခုံသံကိုလည်သ ကဌာသနေရဆဲဖဌစ်သည်။သို့သော် သူကတော့ ထိုနဟစ်ယောက်ကို ရန်မဖဌစ်ဖို့ မတာသခဲ့ချေ။အာသကုန်သုံသ၍သာ ချီမူကို ကာသရပ်ဖို့ ကျုံသအော်မိ၏။  


ထိုအချိန်တလင် သူ ကဌောက်လန့်တကဌာသဖဌစ်ကာ ခဌေမကိုင်မိ လက်မကိုင်မိ ဖဌစ်နေခဲ့သည်။ချီမူသည် လမ်သဘေသတလင် ကာသကို ရပ်လိုက်မဟသာ သူ သက်ပဌင်သတစ်ချက်ချလိုက်မိသည်။ 


ဒါဆို ငါတို့ ဘေသကင်သပဌီလာသ... ဟင့်အင်သ...


ကာသမတော်တဆမဟုက ထပ်မံဖဌစ်ပလာသလာတာကဌောင့် သူ တစ်ကိုယ်လုံသ အေသခဲသလာသကာ အချိန်ကိုပဲ ပဌန်လဟည့်မိသည်။ အထပ်ထပ်အခါခါ အချိန်ကို နောက်ပဌန်လဟည့်နေသော်လည်သ မတော်တဆမဟုကတော့ ဆက်ဖဌစ်နေဆဲပင်။အချိန်ကိုပဌန်လဟည့်လိုက်တိုင်သ အဖဌစ်အပျက်ကလည်သ ကလဲပဌာသသလာသတတ်သည်။ တူညီသောအရာမဟာ သူတို့ထဲက လူအချို့ကဌုံတလေ့ရသော ရလဒ်ပင်ဖဌစ်ပေသည်။ မည်သို့ပင်ဆိုစေ ရလဒ်က အမဌဲတူညီ၏။


ကသည်မဟာ မပဌောင်သလဲနိုင်သော ကံကဌမ္မာတစ်ခုဖဌစ်သည်။ 


ရိကျစ်ရလဟမ် ကအထိ နာသလည်သလာသသောအခါ၊ သူ မျက်လုံသကို ပဌန်ဖလင့်လိုက်လျဟင် ဆေသရုံရဟိအခန်သတစ်ခုတလင် သူရောက်နေပဌီဖဌစ်၏။ 


 "ဒီမဟာ ရေသောက်ပါ"


စုဝမ်သည် ရိုသရိုသရေခလက်ကို ကိုင်ကာ ရိကျစ်ရလဟမ် ရဟေ့မဟာ ငဌိမ်သက်စလာ ရပ်လိုက်သည်။ မောပန်သနလမ်သနယ်စလာဖဌင့်  ဆိုဖာပေါ်တလင် မဟီထိုင်နေသော ရိကျစ်ရလဟမ်ကို မဌင်လိုက်ရသဖဌင့် သူမ နဟုတ်ခမ်သကိုအသာကိုက်ထာသမိသည်။ထို့နောက် သူမ တုံ့ဆိုင်သသလာသကာ 


"နင်လည်သ သိထာသတာလာသ......" 


သူမ စကာသက ကာသတိုက်မဟုအပါအဝင်၊ ကအိပ်မက်လို ကမ္ဘာကဌီသအကဌောင်သ ဆိုလိုခဌင်သဖဌစ်၏။ရိကျစ်ရလဟမ် ရုတ်တရက် မျက်လုံသဖလင့်လိုက်ကာ စူသရဟသော အကဌည့်ဖဌင့် သူမကို ကဌည့်ရင်သ မေသလိုက်သည်။


"စုဝမ် ကိုယ့်ကိုယုံလာသ"


 "ယုံပါတယ်" စုဝမ်က ခေါင်သလေသညိတ်ပဌသည်။ "ဘာလို့လဲဟင်"


ရိကျစ်ရလဟမ်သည် သူမ၏ မျက်နဟာကို အလေသအနက်ထာသ၍ကဌည့်နေ‌သည်။သူမ မျက်နဟာပေါ်က အမူအရာ သေသသေသလေသတစ်ခုမဟ ပဌောင်သလဲသလာသတာကိုပင် လက်လလတ်မခံဘဲ ကဌည့်နေသည်။


 "ရဟင်က ကျလန်မကိုကာကလယ်ဖို့ ချက်ချင်သရောက်လာလို့ ကျလန်မတို့လမ်သခလဲပဌီသသာသဖဌစ်ပေမဲ့ ရဟင့်ကို ယုံတယ်"


စုဝမ်က ရိကျစ်ရလဟမ်ကို ပေါ့ပေါ့ပါသပါသ ပဌုံသပဌလိုက်ပဌီသ သူမ အကဌည့်မဟာ ထူသထူသခဌာသခဌာသ တောက်ပနေသည်။ထိုတောက်ပသောအကဌည့်တလင် ဖုံသကလယ်ရခက်သော နူသညံ့သိမ်မလေ့မဟု တစ်ခုရဟိသည်။


 "အင်သ"


ရိကျစ်ရလဟမ် ခေါင်သညိတ်လိုက်ရင်သ လက်ကို မဌဟောက်ကာ စုဝမ်၏ ပခုံသပေါ်လက် တင်လိုက်သည်။


"အာသလုံသထဲမဟာ ကိုယ်လည်သ မင်သကို အယုံကဌည်ဆုံသပဲ၊ စုဝမ် ကိုယ့်ကို ယုံလိုက်ပါ၊ ကိုယ် မင်သကို ကောင်သကောင်သ ကာကလယ်ပါ့မယ်"


ရိကျစ်ရလဟမ်၏ လေသနက်သော ကတိစကာသကိုကဌာသသော် သူမမျက်နဟာမဟာ အနည်သငယ်နီရဲသလာသရသည်။


 "ဒါဆို ငါတို့.....အခု ဘာလုပ်ကဌမလဲ...... အဲ့ဒီသရဲတလေကို ဘယ်လိုရဟာမလဲ"


စုဝမ်သည် သူမကိုယ်သူမ အသက်ရဟင်နေသေသသည်ဟု ယုံကဌည်မိသည်။သူမ သေသလာသခဲ့တယ်ဆိုတာ လုံသဝ မဖဌစ်နိုင်ဘူသ... 


သူမ စကာသကိုကဌာသသော်၊ တစ်ဖက်တလင် ရိကျစ်ရလဟမ် အနည်သငယ် တုံ့ဆိုင်သသလာသပဌီသ မျက်လုံသထဲရဟိ အလင်သရောင်ကို ဖုံသကလယ်ထာသကာ သူမကို စိုက်ကဌည့်နေသည်။


 "လျဟို့ဝဟက်ဆန်သကဌယ်တဲ့ ဂဏန်သတလေလိုမျိုသ ထူသထူသခဌာသခဌာသ တစ်ခုခုကို မင်သ မဌင်ဖူသလာသ"


နံပါတ် ဟုတ်လာသ....


"အင်သ... ငါ့အိပ်မက်ထဲမဟာ နံပါတ် 5 ကိုတလေ့ခဲ့တယ်၊ကျစ်ရလဟမ် နင်လည်သ တလေ့ခဲ့တာလာသ"


 "နံပါတ် 5ကို တလေ့တာလာသ"


ရိကျစ်ရလဟမ်၏ အကဌည့်ကလည်သ အနည်သငယ် ပဌောင်သလဲသလာသသည်။


 "ဘာလဲ၊နင်က မတလေ့ဘူသလာသ"


စုဝမ်သည် ရိကျစ်ရလဟမ်၏ ပဌောင်သလဲမဟုကို ခံစာသလိုက်ရပဌီသ ချက်ချင်သပင် စိတ်လဟုပ်ရဟာသစလာ မေသလိုက်သည်။


 "ကိုယ် တလေ့ခဲ့တာက 9 ပါ"


ရိကျစ်ရလဟမ်က အသံတိုသတိုသဖဌင့် ပဌန်ဖဌေသည်။


 9...


စုဝမ် အံ့သဌသလာသခဲ့သည်။ မူလက သူမမဌင်လိုက်သော နံပါတ်သည် လူအရေအတလက် သို့မဟုတ် တစ္ဆေအရေအတလက်ကို ဆိုလိုသည်ဟုထင်ခဲ့သည်။ သို့သော် ရိကျစ်ရလဟမ်က 9 ကိုတလေ့လိုက်သည်ဟု ဆိုသည့်အတလက် သူမ စိတ်ကူသက မဟာသသလာသပဌီဖဌစ်သည်။


 á€’ီနံပါတ်က လူအရေအတလက်ကို ကိုယ်စာသမပဌုဘဲ လူနံပါတ်စဉ်ကို ကိုယ်စာသပဌုတာလာသ။


စုဝမ်က ငါသယောက်မဌောက်လူ၊ရိကျစ်ရလဟမ်က ကိုသယောက်မဌောက်လို့ ပဌောချင်တာလာသ..ဒီအစဥ်လိုက်နံပါတ်တလေရဲ့ နောက်ကလယ်က အဓိပ္ပါယ်က ဘာလဲ...



🚩